← Chapters

အခန်း ၁၁၃

Vol. 11 Ch. 113

အခန်း ၁၁၃

Vol. 11 Ch. 113

အပိုင်း (၁၁၃) အသစ်ရောက်လာတဲ့ ညီလေးလား။

နောက်ထပ် ကျောက်တုံးအိမ် တစ်လုံး ရှေ့သို့ ရောက်ရှိလာခဲ့၏။ ဤကျောက်တုံးအိမ်၏ ပြတင်းပေါက်ပေါ်ရှိ သံချောင်းများ၏ သိပ်သည်းမှုက အများကြီး နိမ့်ကျနေသည်။ သံချောင်း နှစ်ချောင်းကြား အကွာအဝေးမှာ လက်သုံးချောင်းစာလောက်သာ ရှိ၏။

ဟုန်ရှောင်ပေါင်က ခေါင်းပြူ၍ ထပ်မံ ကြည့်ရှုလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သတိထားပြီး ဖြည်းဖြည်းချင်း တိုးကပ်သွားခဲ့ရာ သွေးရောင် လွှမ်းသော သေးငယ်သည့် သားရဲလေး တစ်အုပ်ကို တွေ့မြင်လိုက်ရ၏။ ကလေးငယ် တစ်ယောက်လောက် အရွယ်အစား ရှိကြပြီး ခန္ဓာကိုယ်ပုံစံက မျောက်နှင့်လည်း တူသကဲ့သို့ ဖားနှင့်လည်း တူကာ တစ်ကိုယ်လုံး အမွှေးအမျှင်မရှိဘဲ အလွန် ချောမွတ်နေသည်။ သူတို့ကလည်း ဟုန်ရှောင်ပေါင် ကို မြင်တွေ့သွားကြပြီး ခေါင်းစောင်း၍ ဟုန်ရှောင်ပေါင်ကို အကဲခတ် ကြည့်ရှုနေကြသည်။

"အာယိုး... ဒီကောင်တွေက အသိဉာဏ် မနိမ့်ပုံရတယ်။ ဟင်းချက်ပြုတ်ရေးစံအိမ် က အစားအသောက် ကုန်ကြမ်းအဖြစ် အသုံးပြုတာလား။ တကယ်ကို ဇိမ်ကျလွန်းတာပဲ"

ဟုန်ရှောင်ပေါင်သည် အံ့အားသင့်စွာ တတ်ခေါက်လိုက်၏။ "အဘိုး... ဒီသားရဲတွေက ဘာကောင်တွေလဲ။ ဘာဟင်း ချက်ရင် သင့်တော်မလဲ။"

"မင်းက တကယ်ပဲ ဒီသားရဲတွေကို သုံးပြီး ဟင်းချက်မလို့လား" ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို ကြည့်သည့် အကြည့်မှာ အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

"မဟုတ်ရင်ရော။ ဂိုဏ်းဝင်ခွင့် စာမေးပွဲ လေ"

ဟုန်ရှောင်ပေါင်က အဘိုး မဖြေသည်ကို မြင်လျှင် တစ်ယောက်တည်း ရေရွတ်လိုက်၏။ "ထားလိုက်ပါတော့။ အနောက်မှာ ဝက်တို့ ၊ ကြက်တို့လို ကောင်မျိုးတွေ ရှိ ၊ မရှိ ထပ်ကြည့်ရအောင်။ အဲဒီကောင်တွေကို သတ်ရတာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး နည်းနည်း ပိုသက်သာတယ်... "

ယင်းကျိုယို "... "

ထိုအချိန်တွင် မဝေးလှသော နေရာ၌ လူသုံးယောက်က ကျောက်တုံးအိမ်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေကြ၏။

ထိုအထဲမှ တစ်ယောက်မှာ အရပ်အမောင်း မြင့်မားပြီး ဂုဏ်ကျက်သရေ ရှိသော ပုံပန်းသွင်ပြင် ရှိကာ သူ့ဘေးတွင် လူနှစ်ယောက် ဝန်းရံနေသည်။ တစ်ယောက်က ခန္ဓာကိုယ်ပေါ်တွင် ကြိုးကွင်း အနည်းငယ် ရစ်ပတ်ထားပြီး တစ်ယောက်က လယ်သမား ဝတ်စုံကို ဝတ်ဆင်ထားသည်။

"အစ်ကိုယွမ်... ဒီနေ့ သားရဲယဉ်ပါးရေးစံအိမ်ရဲ့ ပြိုင်ပွဲကြီး စတင်တော့မယ်။ အစ်ကို ယဉ်ပါးအောင် မွေးမြူမဲ့ ပစ်မှတ်ကို စဉ်းစားပြီးပြီလား။"

"မူလ ပစ်မှတ်ကတော့ တောင်ငိုသားရဲ ပဲ။ ဒါပေမဲ့ တောင်ငိုသားရဲ ကို သိပ်ပြီး ယုံကြည်မှု မရှိဘူး။ အကယ်၍ တောင်ပံယုန် သာဆိုရင်တော့ တစ်ရာခိုင်နှုန်း အပြည့် ယုံကြည်မှု ရှိတယ်။ ဒါပေမဲ့ တောင်ပံယုန် သာဆိုရင်တော့ အနိုင်ရဖို့ မပြောနဲ့... ထိပ်ဆုံး ဆယ်ယောက်စာရင်း ဝင်ဖို့တောင် ခက်ခဲလိမ့်မယ်... "

အရပ်အမောင်း မြင့်မားသော ယောက်ျားလေးက သက်ပြင်းချလိုက်၏။ "ဒုက္ခပါပဲ။"

"သားရဲယဉ်ပါးရေးစံအိမ် တစ်ခုလုံးမှာလည်း အစ်ကိုယွမ်တို့လို လူနည်းစုလောက်ပဲ တောင်ပံယုန်ကို ယဉ်ပါးအောင် မွေးမြူနိုင်ဖို့ တစ်ရာခိုင်နှုန်း အပြည့် ယုံကြည်မှုရှိတယ်ဆိုတဲ့ စကားကို ပြောရဲကြတာပါ... "

ခန္ဓာကိုယ်ပေါ်တွင် ကြိုးကွင်း အနည်းငယ် ရစ်ပတ်ထားသော ယောက်ျားလေးက သက်ပြင်းချလိုက်၏။ "အစ်မကြီးကလွဲရင် သားရဲယဉ်ပါးရေးစံအိမ်ရဲ့ ပထမနှစ် တပည့်တွေထဲမှာ အစ်ကိုယွမ်က ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လောက်တယ်။"

မဝေးလှသော နေရာရှိ ဟုန်ရှောင်ပေါင်မှာမူ နောက်ထပ် ကျောက်တုံးအိမ် တစ်လုံး ရှေ့သို့ ရောက်ရှိ၍ ကြည့်ရှုနေခဲ့ပြီ ဖြစ်၏။ ဤနေရာတွင် ယုန်နှင့် တူသော အကောင်မျိုးကို လှောင်ပိတ်ထားသည်။ ခန္ဓာကိုယ်ပေါ်တွင် အမွှေးအမျှင်များ ထူထပ်စွာ ရှိနေပြီး ခန္ဓာကိုယ်ထက်ပင် ပိုမို ကြီးမားသော တောင်ပံကြီး နှစ်ဖက်လည်း ပေါက်ရောက်နေ၏။ သူတို့ ပျံသန်းနိုင် ၊ မပျံသန်းနိုင် ဟုန်ရှောင်ပေါင် တွေးတောနေစဉ်မှာပင် အကောင် နှစ်ကောင်က အချင်းချင်း ရိုက်ခတ် ကစားရင်း လေထဲသို့ ပျံသန်းသွားကြသည်။

"ဟား... အစွမ်းထက်တာ... အစွမ်းထက်တာ။"

ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်၏။ "အဘိုး... ဒီယုန်က ဘာကောင်လဲ။ ကြည့်ရတာ အရမ်း အစွမ်းထက်မဲ့ ပုံပဲ။"

"ဒီပစ္စည်းက အစားအသောက် ကုန်ကြမ်းအဖြစ် အသုံးပြုဖို့တောင် အဆင့်နိမ့်လွန်းသေးတယ်။ အစွမ်းထက်တယ် ဟုတ်လား"

ယင်းကျိုယိုက နှာခေါင်းရှုံ့လိုက်၏။ "သူ့ရဲ့ တောင်ပံအပ်လေးတွေက နည်းနည်းပါးပါး အသုံးဝင်တာလောက်ပဲ ရှိတာ။ အခြားအရာတွေက ပြောပြလောက်တဲ့အထိ မတန်ဘူး။"

"သြော်"

ဟုန်ရှောင်ပေါင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကြည့်လို့ပဲ ကောင်းပြီး အသုံးမကျတဲ့ ကောင်တွေ ဖြစ်နေတာကိုး။"

ဟုန်ရှောင်ပေါင်က အရှေ့သို့ ဆက်လျှောက်ရန် ပြင်လိုက်သော်လည်း အနည်းငယ် ကြက်သေ,သေ သွားခဲ့သည်။ လူသုံးယောက်က မြင်ကွင်းထဲ၌ ပေါ်လာ၏။

ထိုလူသုံးယောက်သည်လည်း အနည်းငယ် အံ့အားသင့်သွားကြသည်။ ဤနေရာတွင် လူတစ်ယောက်ယောက် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ကြပုံရသည်။

ခေါင်းဆောင် ဖြစ်သူက ဟုန်ရှောင်ပေါင်ကို အထက်အောက် တစ်ချက် အကဲခတ် ကြည့်ရှုလိုက်သည်။ အကယ်၍ လေယင်မြို့တော် ပြင်ပမှာသာ ဆိုပါက သူသည် သူခိုးလား ၊ ဘာလား ဟု သံသယဝင်မိလောက်ပေ၏။ သို့သော်ငြား ဤနေရာက လေယင်နန်းဆောင် ဖြစ်သောကြောင့် သူက ထိုဘက်သို့ မတွေးတောမိခဲ့ချေ။ တိုက်ရိုက်ပင် မျက်မှောင်ကြုတ်၍ မေးလိုက်၏။ "မင်းက ဘယ်သူလဲ။"

"ကျုပ်က လာပြီး စာရင်းသွင်းတာပါ။ ဘယ်နေရာမှာ စာရင်းသွင်းရမလဲ မသိဘူး။"

"စာရင်းသွင်းတာ လား။ မင်းက အသစ်ရောက်လာတဲ့ ညီလေးလား။" လူသုံးယောက်စလုံး အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။

စာရင်းသွင်းမဲ့သူက ဘယ်လိုလုပ်ပြီး ဤနေရာကို ရောက်လာရသနည်း။ သို့သော်လည်း အများကြီး ဂရုမစိုက်ကြချေ။

ခေါင်းဆောင် ယောက်ျားလေးက ချက်ချင်း ပြုံးလိုက်၏။ "အသစ်ရောက်လာတဲ့ ညီလေး ဖြစ်နေတာကိုး။ ငါက ယွမ်လဲ့ရွှေ ပါ။ ငါ့ကို အစ်ကိုယွမ် လို့ ခေါ်လို့ ရတယ်။"

"အို... အို... အို... "

ဟုန်ရှောင်ပေါင်က ချက်ချင်း လက်သီးဆုပ် အရိုအသေပေးလိုက်၏။ "မင်္ဂလာပါ အစ်ကိုယွမ်။ ကျုပ်က ဟုန်ရှောင်ပေါင် ပါ။"

ခန္ဓာကိုယ်ပေါ်တွင် ကြိုးကွင်း အနည်းငယ် ရစ်ပတ်ထားသော သူက လက်သီးဆုပ် အရိုအသေပေးလိုက်သည်။ "ငါက ယိစို့ ပါ။"

"မင်္ဂလာပါ အစ်ကိုယိ... "

"ဖူယု။" လယ်သမား ဝတ်စုံ ဝတ်ဆင်ထားသူက အနည်းငယ် အေးစက်စက် နိုင်၏။

"မင်္ဂလာပါ အစ်ကိုဖူ... " ဟုန်ရှောင်ပေါင်က လူသုံးယောက်စလုံးကို တစ်ယောက်ချင်း နှုတ်ဆက်လိုက်သည်။

ယွမ်လဲ့ရွှေက ပြုံး၍ မေးလိုက်၏။ "ညီလေးဟုန်... ညီလေးက ဘာမိစ္ဆာသားရဲကို ယဉ်ပါးအောင် မွေးမြူဖူးလဲ မသိဘူး။"

"မိစ္ဆာသားရဲ လား။"

ဟုန်ရှောင်ပေါင်သည် ချက်ချင်း ထူးဆန်းသွားခဲ့၏။ ဟင်းချက်ပြုတ်ရေးစံအိမ်ကို ဝင်ရောက်ဖို့ အဘယ့်ကြောင့်ု့ မိစ္ဆာသားရဲကို ယဉ်ပါးအောင် မွေးမြူဖို့ လိုအပ်ရသနည်း။ အစားအသောက် ကုန်ကြမ်းတွေနှင့် ပိုပြီး ကောင်းမွန်စွာ ဆက်သွယ် ပြောဆိုနိုင်ဖို့အတွက်လား။

စိတ်ထဲတွင် ထူးဆန်းနေသော်လည်း ရင်ခွင်ကို ပုတ်လိုက်သည်။ "ထွက်ခဲ့။"

ရတနာဝက်ဝံ၏ ဦးခေါင်းလေး ချက်ချင်း ထွက်ပေါ်လာခဲ့၏။

လူသုံးယောက်စလုံး အနည်းငယ် ကြက်သေသေ ဖြစ်သွားကြပြီး မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြသည်။ "ဒုတိယအဆင့် မိစ္ဆာသားရဲ။"

"ရွှေ... ရွှေဝါရောင် ဝက်ဝံပေါက်လေး။"

"ရွှေဝါရောင် ဝက်ဝံပေါက်လေး။ ဒုတိယအဆင့် မိစ္ဆာသားရဲ ရွှေဝါရောင် ဝက်ဝံပေါက်လေး လား"

ယွမ်လဲ့ရွှေက ရတနာဝက်ဝံကို စူးစိုက်ကြည့်ရှုလျက် မယုံကြည်နိုင်စွာ ပြောလိုက်၏။ "ရွှေဝါရောင် ဝက်ဝံပေါက်လေး ဖြစ်နေတယ်လား။"

"ရွှေဝါရောင် ဝက်ဝံပေါက်လေး။ ကောင်းကင်ဘုံ ... တကယ်ကြီး ရွှေဝါရောင် ဝက်ဝံပေါက်လေး ပဲ။" ယိစို့မှာ ရူးတော့မတတ် ဖြစ်သွားခဲ့၏။ ဤသို့သော မိစ္ဆာသားရဲမျိုးက ဂိုဏ်းဝင်ခါစ တပည့်အသစ်လေး တစ်ယောက်၏ လက်ထဲတွင် ပေါ်လာလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့မိချေ။

"ရွှေဝါရောင် ဝက်ဝံပေါက်လေး ဖြစ်နေတယ်လား။"

အဘိုးကြီး ပုံစံ ဝတ်ဆင်ထားသော ဖူယုသည်လည်း မျက်လုံးကြီးများ ပြူးကျယ်သွားခဲ့ပြီး ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲမှ ရွှေဝါရောင် ဝက်ဝံပေါက်လေးကို စူးစိုက်ကြည့်ရှုနေ၏။

မူလက ယွမ်လဲ့ရွှေသည် ဟုန်ရှောင်ပေါင်ကို ဘာမိစ္ဆာသားရဲ ယဉ်ပါးအောင် မွေးမြူဖူးလဲ ဟု မေးမြန်းခဲ့ခြင်းမှာ ဖြစ်သလို နှုတ်ဆက် မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။ သားရဲယဉ်ပါးရေးစံအိမ်၏ အဖွဲ့ဝင် နီးပါး အားလုံးသည် စံအိမ်သို့ ဝင်ရောက်ပြီးနောက် သားရဲယဉ်ပါးရေး နည်းလမ်းများကို သင်ယူပြီးမှသာ မိစ္ဆာသားရဲများကို ယဉ်ပါးအောင် မွေးမြူနိုင်ကြခြင်း ဖြစ်၏။ စံအိမ်သို့ မဝင်ရောက်မီကတည်းက သားရဲယဉ်ပါးရေး အတွေ့အကြုံ ရှိသူဆိုသည်မှာ အလွန်တရာ ရှားပါးလွန်းလှသည်။

ဟုန်ရှောင်ပေါင်တွင် သားရဲယဉ်ပါးရေး အတွေ့အကြုံ ရှိနေသည်သာမက ယဉ်ပါးအောင် မွေးမြူထားသည့် မိစ္ဆာသားရဲမှာလည်း ဒုတိယအဆင့် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိချေ။

ထို့အပြင်ဒုတိယအဆင့် မိစ္ဆာသားရဲများအနက် အဆန်းကြယ်ဆုံး ဖြစ်သော ရွှေဝါရောင် ဝက်ဝံပေါက်လေး ဖြစ်နေသည်။

"ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယွမ်လဲ့ရွှေသည် ဟုန်ရှောင်ပေါင်ကို အနည်းငယ် ကြောင်တောင်တောင်ဖြင့် ကြည့်ရှုလိုက်၏။ "ဒုတိယအဆင့် မိစ္ဆာသားရဲ ဖြစ်နေတယ်လား။"

"ဟီးဟီး... နည်းနည်းပါးပါးလေး နားလည်ရုံပါ... "

ဟုန်ရှောင်ပေါင်က ပြုံးလိုက်သည်။ "ဒါဆို အစ်ကိုတို့ သုံးယောက်... ကျုပ် အခုပဲ သွားပြီး စာရင်းသွင်းလိုက်တော့မယ်။"

"အင်း... "

ယွမ်လဲ့ရွှေသည် ယခုထက်တိုင် အနည်းငယ် စိတ်လွင့်နေဆဲ ဖြစ်သော်လည်း ရုတ်တရက် သတိပြန်ဝင်လာ၏။ "မင်း သွားပြီး စာရင်းသွင်းမလို့လား။ လာလာလာ... ငါ မင်းကို ခေါ်သွားပေးမယ်။"

All Chapters