အခန်း ၁၁၄
Vol. 11 Ch. 114
အပိုင်း (၁၁၄) "ဒါတွေက ဘာအခြေအနေတွေလဲ။"
ဖူယုနှင့် ယိစို့တို့သည်လည်း ချက်ချင်း သတိပြန်ဝင်လာကြသည်။
ဤသူက သားရဲယဉ်ပါးရေးစံအိမ်သို့ အသစ်ဝင်ရောက်ခါစတွင်ပင် ရွှေဝါရောင် ဝက်ဝံပေါက်လေးကို ယဉ်ပါးအောင် မွေးမြူနိုင်သည့် စွမ်းရည်ရှိနေသည် ဆိုမှတော့ ပထမနှစ် တပည့်များအနက်တွင် အစ်မကြီး လွီဆုချင်းနှင့် တစ်တန်းတည်း ဖြစ်သော တည်ရှိမှု တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဤသို့သော ပုဂ္ဂိုလ်မျိုးနှင့် မိတ်ဆွေဖွဲ့ထားမှ ဖြစ်မည်။ ထို့ကြောင့် ချက်ချင်းပင် ပြုံး၍ ပြောလိုက်ကြ၏။ "ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။ ညီလေး... ငါတို့ အနည်းငယ်က ဒီနေရာမှာ နေလာတာ နှစ်အတော်ကြာနေပြီ။ အရမ်းကို ရင်းနှီးတယ်။ လာ... ငါတို့ မင်းကို ခေါ်သွားပေးမယ်။"
"ဟီးဟီး... ဒါဆို အစ်ကိုတို့ကို ဒုက္ခပေးရတော့မယ်။" လမ်းပြပေးမည့်သူ ရှိသည်ကို ဟုန်ရှောင်ပေါင်က သဘာဝအတိုင်း အလွန် ပျော်ရွှင်နေသည်။
သူတို့ လေးယောက်က အကွေ့အနည်းငယ်ကို ချိုးလိုက်ကြသည်။ လမ်းတစ်လျှောက်လုံးတွင် ဟုန်ရှောင်ပေါင်က ဟိုဟိုဒီဒီ လျှောက်ကြည့်နေပြီး စိတ်ထဲတွင် ပို၍ပင် စိတ်လှုပ်ရှားနေ၏။ ‘ဟင်းချက်ပြုတ်ရေးစံအိမ် တစ်ခုတည်းကတင် ဒီလောက် ကြီးမားနေပြီဆိုတော့ ပြင်ပဂိုဏ်း တစ်ခုလုံးက ဘယ်လောက်တောင် ကြီးမားမလဲ ဆိုတာ မသိတော့ဘူး။’
ခဏမျှ လျှောက်လာရုံဖြင့် သူတို့ လေးယောက်သည် တံခါးဝတွင် ကြီးမားသော တောင်ပံပါ ကျားကြီး ရုပ်တု တစ်ခု ထုလုပ်ထားသည့် အဆောက်အအုံတစ်ခု ရှေ့သို့ ရောက်ရှိလာကြသည်။
ဤအဆောက်အအုံက စာသင်ဆောင်တစ်ခုနှင့် အလွန် တူသည်။ လူများ တစ်ခါတစ်ရံ ဖြတ်သန်း သွားလာနေကြ၏။
လှေကားထစ် ဆယ်ထစ်ခန့် တက်သွားပြီးနောက် ဧည့်ခန်းမကြီးတစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်။
ထိုအထဲတွင် ကျောက်ပြား ကောင်တာတစ်ခု ရှိ၏။ ကောင်တာ အနောက်တွင် လူလတ်ပိုင်း အရွယ် ယောက်ျားကြီး တစ်ယောက်က ကြီးမားသော ပက်လက်ကုလားထိုင်ကြီး ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းလျက် အေးဆေးစွာ စာဖတ်နေသည်။ ဟုန်ရှောင်ပေါင်တို့ လေးယောက် ရောက်ရှိလာသည်ကို သတိပြုမိပုံရပြီး နောက်သို့ လှည့်၍ တစ်ချက် ကြည့်ရှုလိုက်၏။
"မင်္ဂလာပါ အကြီးအကဲ။ ကျုပ် လာပြီး စာရင်းသွင်းတာပါ။" ဟုန်ရှောင်ပေါင်က ရိုသေစွာ ပြောလိုက်သည်။
... ...
ဟင်းချက်ပြုတ်ရေးစံအိမ် အတွင်းရှိ အဆောက်အအုံကြီး ရှေ့တွင်မူ ချန်ယန်သည် စောင့်ဆိုင်းနေခဲ့ပြီး စောင့်ဆိုင်းရလွန်း၍ အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့၏။
ဟုန်ရှောင်ပေါင် ရောက်မလာသေးဘူး။
ယုတ္တိဗေဒအရဆိုလျှင် ဤအချိန်တွင် ရောက်ရှိနေသင့်ပြီ ဖြစ်သော်လည်း သူ အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ အဘယ့်ကြောင့် ရောက်မလာရသေးသနည်း။
အချိန်ဆိုသည်မှာ ဆန်းကြယ်သော အရာတစ်ခု ဖြစ်၏။ ကိုယ်က ဂရုစိုက်လေလေ အတွင်းရှိ စက္ကန့်တိုင်း မိနစ်တိုင်းက အဆုံးမရှိ ရှည်လျားလာလေလေ ဖြစ်သည်။
ထို့ကြောင့် အချိန် အနည်းငယ်မျှသာ ရှိသေးသော်လည်း တကယ်တော့ ရောက်နေသင့်ပြီဆိုသည့် အချက်ကို သတိပြုမိသွားပြီးသည့်နောက် ချန်ယန်သည် အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့၏။
ဤအချိန်တွင် ထိုတောရိုင်းစုံတွဲသည်လည်း ရယ်မော စနောက်ရင်း ဟင်းချက်ပြုတ်ရေးစံအိမ်ဆီသို့ ပြန်လျှောက်လာနေကြသည်။ သူတို့ နှစ်ယောက်စလုံးသည် ဟင်းချက်ပြုတ်ရေးစံအိမ်၏ တရားဝင် တပည့်များ ဖြစ်ကြပြီး ယောက်ျားလေး၏ နာမည်က ရွှီကျင်း ဖြစ်ကာ မိန်းကလေး၏ နာမည်က ဝူကော်အာ ဖြစ်သည်။
"အစ်ကို... အစ်ကိုက ခုနက သူ့ကို သားရဲယဉ်ပါးရေးစံအိမ် ဘက် လမ်းညွှန်လိုက်တာ ပြဿနာရှိမလဲ မသိဘူး" ဝူကော်အာက အတော်လေး စိုးရိမ်တကြီး ပြောလိုက်သည်။
"ဟွန့်... ကြည့်ရတာ ကျင့်ကြံရေး လမ်းစဉ်မှာ ဆက်မလျှောက်နိုင်တော့လို့ ဘေးလမ်းကနေ ဟင်းချက်ပြုတ်ရေးစံအိမ် ကို ဝင်ချင်တဲ့ကောင် နောက်တစ်ကောင် ဖြစ်လောက်တယ်။ သူ့အတွက် ဘာလို့ စိုးရိမ်နေတာလဲ။"
ရွှီကျင်းက အေးစက်စွာ ရယ်မောလိုက်၏။ "ဘယ်သူက သူ့ကို ငါတို့ရဲ့ ကောင်းမွန်တဲ့ ကိစ္စကို ဖျက်ဆီးခိုင်းလို့လဲ။"
‘ငါတို့ရဲ့ ကောင်းမွန်တဲ့ ကိစ္စ’ ဆိုသည့် စာလုံး အနည်းငယ်ကို ကြားလိုက်ရချိန်တွင် ဝူကော်အာ၏ ပါးပြင်လေးများက တစ်ခဏချင်းမှာပင် ရှက်သွေးဖြာကာ နီရဲသွားခဲ့သည်။ သူမက ဤမျှလောက် ရဲတင်းသော ကိစ္စမျိုးကို လုပ်ဆောင်နိုင်လိမ့်မည်ဟု အဘယ်သို့ တွေးတောမိခဲ့ပါမည်နည်း။ ထို့အပြင် ပထမဆုံးအကြိမ် လုပ်ဆောင်သည့် ဤမျှ ရဲတင်းသော ကိစ္စမျိုးမှာပင် သူတစ်ပါး၏ တိုက်ဆိုင်စွာ မြင်တွေ့ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဝူကော်အာက ထပ်မံ ပြောလိုက်၏။ "အကယ်၍ သူက စံအိမ်ကို အသစ်ဝင်လာတဲ့ မောင်လေး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။"
"ဖြစ်တော့ရော ဘာဖြစ်လဲ"
ရွှီကျင်းက အေးစက်စွာ ရယ်မောလိုက်သည်။ "သူက သားရဲယဉ်ပါးရေးစံအိမ်ကို သွားလည်း နည်းနည်း အရှက်ကွဲရုံလောက်ပါပဲ။ အလွန်ဆုံး အခြားသူတွေရဲ့ လှောင်ပြောင်တာကို ခံရုံလောက်ပဲ ရှိတာ။ သူက သားရဲယဉ်ပါးရေးစံအိမ် ကို လာပြီး စာရင်းသွင်းတာလို့ ပြောလိုက်တာနဲ့ပဲ သားရဲယဉ်ပါးရေးစံအိမ် က သူ့ကို တကယ်ကြီး လက်ခံလိုက်မှာ မို့လို့လား။"
"သြော်... " ဝူကော်အာက တစ်ချက် ပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စိတ်မချ ဖြစ်နေဆဲပင်။
"ဟေး... ရွှီကျင်း .. ဝူကော်အာ။"
စောင့်ဆိုင်းရလွန်း၍ စိတ်မရှည် ဖြစ်နေသော ချန်ယန်သည် သူတို့ နှစ်ယောက်ကို မြင်တွေ့လိုက်ရပြီး အနည်းငယ် စိတ်လောစွာ မေးလိုက်၏။ "မင်းတို့ ဟုန်ရှောင်ပေါင် ကို မြင်မိသေးလား။ အာ... ငါတို့ ဟင်းချက်ပြုတ်ရေးစံအိမ် ကို ဝင်ဖို့ ငါ အသစ် ဖိတ်ခေါ်ထားတဲ့ ညီလေးလေ။"
"မမြင်မိဘူး။"
ရွှီကျင်းက ခေါင်းယမ်းလိုက်ပြီး ရုတ်တရက် ကြက်သေ, သေသွားပြီး ငြင်းဆန်လိုက်သည်။ သို့သော်လည်း စိတ်ထဲမှ တိတ်တဆိတ် တွေးတောရင်း တုံ့ဆိုင်းစွာ မေးလိုက်သည်။ "သူ... ဘယ်လို ပုံစံမျိုးလဲ။"
ချန်ယန်က ဟုန်ရှောင်ပေါင်၏ ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာ ပြောပြလိုက်ပြီးသည့်နောက် ဝူကော်အာနှင့် ရွှီကျင်းတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြ၏။
ဒါ... သူတို့ သားရဲယဉ်ပါးရေးစံအိမ်ဘက်ကို လမ်းညွှန်လိုက်တဲ့ကောင်ပဲ မဟုတ်လား။
ရွှီကျင်းသည် မူလက ဤကိစ္စကို ဖုံးကွယ်ထားချင်သော်လည်း ဤကိစ္စကို သေချာပေါက် ဖုံးကွယ်၍ မရနိုင်ကြောင်း သိပေသည်။ ချန်ယန်၏ စိတ်လောနေသောပုံစံကို ကြည့်ပြီး တကယ့် အရေးကြီးသော ကိစ္စတစ်ခုခုကို နှောင့်နှေးစေမိမည် စိုးရိမ်သောကြောင့် အတင်းအကျပ် သတ္တိမွေး၍ ပြောလိုက်၏။ "ဒီ... ဒီလူကို ကျုပ် သိတယ်... "
ထိုသို့ပြောဆိုရင်း ဟုန်ရှောင်ပေါင်ကို သားရဲယဉ်ပါးရေးစံအိမ်ဆီသို့ သူ လမ်းညွှန်လိုက်သည့် ကိစ္စကို ပြောပြလိုက်သည်။
"မင်း... "
ချန်ယန်က ကြားပြီးနောက် အလွန်အမင်း ဒေါသထွက်သွား၏။ ရွှီကျင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "တုံးအတဲ့ကောင်... "
ရွှီကျင်းသည် အလွန်အမင်း ထိတ်လန့်သွားခဲ့၏။ သာမန် နေ့ရက်များတွင် ချန်ယန်က စံအိမ်ထဲ၌ လူကြီးလူကောင်း တစ်ယောက် ပုံစံ ဖြစ်ပြီး သူ ဒေါသထွက်သည်ကို မြင်ဖူးသူ မရှိချေ။ ယခု ဘယ်လိုဖြစ်ပြီး ဤမျှလောက် ဒေါသထွက်နေရသနည်း။ တစ်ချိန်တည်းမှာပင် စိတ်ထဲတွင်လည်း အနည်းငယ် မကျေမနပ် ဖြစ်မိ၏။
ဟို ဟုန်ရှောင်ပေါင် ဆိုတဲ့ကောင်ကို လမ်း နည်းနည်း ပိုလျှောက်ခိုင်းမိရုံလေးပဲ။ ငါ့ကို ဒီလောက်တောင် ဆဲဆိုနေစရာ လိုလို့လား။
ချန်ယန် တစ်ယောက်တည်းကသာ စိတ်ထဲတွင် အလွန် စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ မကြာသေးမီကမှ သားရဲယဉ်ပါးရေးစံအိမ်၏ လက်ထဲမှ ဟုန်ရှောင်ပေါင်ကို လုယူလာခဲ့ခြင်း ဖြစ်သည်။ ဤတုံးအသည့်ကောင်က ဟုန်ရှောင်ပေါင်ကို တစ်ဖက်၏ လက်ထဲသို့ တွန်းပို့လိုက်ပြန်သည်။ ဤသည်မှာ အသားဖက်နှင့် ခွေးကို ပစ်ပေါက်လိုက်ခြင်း မဟုတ်ပါလား။
ချက်ချင်းပင် ကပျာကယာဖြင့် သားရဲယဉ်ပါးရေးစံအိမ်ဆီသို့ ပြေးသွားတော့၏။ အနောက်သို့ လှည့်၍လည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ယီးလိုကြည့်နေတာလား… လာခဲ့။"
ရွှီကျင်းနှင့် ဝူကော်အာတို့သည် ကိစ္စရပ်များ အနည်းငယ် မကောင်းတော့ကြောင်း ခံစားမိသွားကြပြီး စိတ်ထဲတွင် တထိတ်ထိတ်နှင့် ချန်ယန်၏ ခြေလှမ်းများနောက်သို့ လိုက်ပါသွားကြသည်။
... ...
"ဒီ စာရင်းသွင်းစာရင်းထဲမှာ မင်း နာမည် မပါဘူးပဲ"
သားရဲယဉ်ပါးရေးစံအိမ်၏ စာရင်းသွင်းရာ နေရာတွင်မူ တပည့် လက်ခံရေး တာဝန်ခံ ဖြစ်သော လူလတ်ပိုင်း အရွယ် ယောက်ျားကြီးသည် ဟုန်ရှောင်ပေါင်ကို အထက်အောက် အကဲခတ် ကြည့်ရှုနေခဲ့၏။
"မဟုတ်ဘူး... မဟုတ်ဘူး။ ဦးလေးချင်... တစ်နေရာရာမှာ သေချာပေါက် မှားယွင်းနေတာ ဖြစ်လောက်တယ်။ ညီလေးဟုန်ရဲ့ စွမ်းရည်က လုံးဝ ပြဿနာ မရှိဘူး။ ပထမနှစ် တပည့်တွေထဲမှာ ထိပ်တန်း အဆင့်အတန်းအထိ ရောက်နေပြီ"
ဟုန်ရှောင်ပေါင် စကားမပြောရသေးမီမှာပင် ယွမ်လဲ့ရွှေက စိတ်လောနေခဲ့ပြီ ဖြစ်၏။ "ဦးလေးချင်... တစ်ယောက်ယောက်ကို မှတ်တမ်းတင်ဖို့ ကျန်ခဲ့တာများလား။"
"မှားယွင်းတာ လား။ ကျန်ခဲ့တာ လား။"
ချင် ဟု ခေါ်သော လူလတ်ပိုင်း အရွယ် ယောက်ျားကြီးက ယွမ်လဲ့ရွှေကို အရူးတစ်ယောက်ကဲ့သို့ တစ်ချက် ကြည့်လိုက်၏။ "လဲ့ရွှေ... ဒီငါးရက်တာကာလအတွင်းမှာ စာရင်းသွင်းတဲ့ လူသစ် တစ်ယောက်မှ မရှိခဲ့ဘူး ဆိုတာကို မင်း သိရဲ့လား။ ငါ့ရဲ့ မှတ်ဉာဏ်က ဒီလို အဆင့်အတန်းအထိ ဆိုးရွားသွားပြီလို့ ထင်နေတာလား။"
"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး"
ယွမ်လဲ့ရွှေက ချက်ချင်း ပြောလိုက်သည်။ "ဒါပေမဲ့ ညီလေးဟုန် က ရွှေဝါရောင် ဝက်ဝံပေါက်လေး ကိုတောင် ယဉ်ပါးအောင် မွေးမြူနိုင်နေပြီလေ။ အခြေအနေ သတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး ရွေးချယ်ခံရတာကလည်း ဖြစ်သင့်တာပဲ။"
"ဘာ"
ချင် ဟု ခေါ်သော လူလတ်ပိုင်း အရွယ် ယောက်ျားကြီးက အနည်းငယ် အံ့အားသင့်သွားပြီး ဟုန်ရှောင်ပေါင်ကို ကြည့်လိုက်၏။ "မင်းက ရွှေဝါရောင် ဝက်ဝံပေါက်လေး ကို ယဉ်ပါးအောင် မွေးမြူဖူးတာလား။"
"ဟုတ်တယ်လေ" ဟုန်ရှောင်ပေါင်သည် တစ်နေရာရာတွင် မမှန်မကန် ဖြစ်နေသကဲ့သို့ ခံစားရသော်လည်း ရင်ခွင်ကို ပုတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ရွှေဝါရောင် ဝက်ဝံပေါက်လေးက ဦးခေါင်းလေး ထွက်ပေါ်လာ၏။
"တကယ်ကြီး ရွှေဝါရောင် ဝက်ဝံပေါက်လေး ပဲ။" ချင် ဟု ခေါ်သော လူလတ်ပိုင်း အရွယ် ယောက်ျားကြီးသည် ချက်ချင်း ကြက်သေ,သေသွား၏။ ရွှေဝါရောင် ဝက်ဝံပေါက်လေးကို ဖမ်းဆီးရန် ခက်ခဲကြောင်းကို သူက အသိဆုံးပင် ဖြစ်သည်။ ချက်ချင်းပင် စိတ်ထဲ၌ အလျင်အမြန် တွက်ဆလိုက်၏။
ဤသို့သော လူသစ်မျိုးမှာ စာရင်းထဲတွင် မပါရှိသော်လည်း လက်ခံလိုက်ပါက ကြီးမားစွာ ဂုဏ်ပြုခံရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်ပင် ပြောလိုက်သည်။ "ကောင်းပြီ။ ဒါဆို မင်း ဒီနေရာမှာ ဝိညာဉ်မှတ်ပုံတင် လိုက်တော့။" ထိုသို့ပြောဆိုရင်း ကျောက်စိမ်းတုံး တစ်တုံးကို လက်ညှိုးထိုးပြလိုက်သည်။