အခန်း ၁၁၅
Vol. 11 Ch. 115
အပိုင်း (၁၁၅) - စံအိမ်က လူ မလွှတ်ပေးဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။
ကျောက်တုံးပေါ်တွင် အလင်းရောင်များ လှည့်ပတ် စီးဆင်းနေပြီး ၎င်းအပေါ်တွင် ခပ်စောင်းစောင်း မျက်နှာပြင်တစ်ခု ရှိကာ ထိုမျက်နှာပြင်ပေါ်တွင် လက်ဝါး ပုံသဏ္ဌာန် အရာတစ်ခု ရှိ၏။
ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ သို့သော်လည်း အများကြီး မတွေးတောတော့ဘဲ လက်ဗွေရာကို တိုက်ရိုက် နှိပ်ချလိုက်သည်။
ဟုန်ရှောင်ပေါင်က လက်ဗွေရာကို နှိပ်ချလိုက်သည့်အချိန်မှာပင် ချန်ယန်နှင့် လွီဆုချင်းတို့သည် ဧည့်ခန်းမကြီး ပြင်ပတွင် မထင်မှတ်ဘဲ ဆုံတွေ့ကြ၏။
"ရှင်က ဟင်းချက်ပြုတ်ရေးစံအိမ် က မဟုတ်လား။ ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ် ကို လာပြီး ဘာလုပ်တာလဲ" လွီဆုချင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဟုန်ရှောင်ပေါင်ကို လုယူသည့်ကိစ္စတွင် သူမက အရှုံးကြီးနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ချန်ယန်အပေါ်တွင် သဘာဝအတိုင်း ကောင်းမွန်သော စိတ်နေစိတ်ထားမျိုး မရှိချေ။
ချန်ယန်ကလည်း မျက်မှောင်ကြုတ်လိုက်၏။ အကယ်၍ ရွှီကျင်းကိုယ်တိုင်က သူသည် ဟုန်ရှောင်ပေါင်ကို ဤနေရာဆီသို့ လမ်းညွှန်လိုက်ကြောင်း ပြောဆိုခဲ့ခြင်း မဟုတ်ပါက တစ်ဖက်က မရိုးမဖြောင့်သော နည်းလမ်းကို အသုံးပြု၍ လူလုယူသည်ဟု သူက လက်ညှိုးထိုးကာ စွပ်စွဲမိလောက်ပေသည်။
သို့သော်ငြား သူ့ဘက်မှ ဝက်နှင့်တူသော အဖော် လုပ်ဆောင်ခဲ့သည့် ကိစ္စ ဖြစ်နေသောကြောင့် ကျိုးသွားသော သွားကို သွေးနှင့်အတူ မြိုချရုံသာ ရှိတော့၏။ ထို့အပြင်ယခု အရေးကြီးဆုံးမှာ ဟုန်ရှောင်ပေါင်ကို ပြန်ရှာရန် ဖြစ်၏။
အကယ်၍ အခြားသူသာဆိုပါက စိုးရိမ်စရာ မလိုသော်လည်း ဟုန်ရှောင်ပေါင်က ဘယ်သူနည်း။ သူက ဟင်းချက်ပြုတ်ရေး လမ်းစဉ်၏ ပါရမီရှင် ဖြစ်သည်သာမက သားရဲယဉ်ပါးရေး လမ်းစဉ်၏ ပါရမီရှင်လည်း ဖြစ်သည် မဟုတ်ပါလား။ ရမ်းကားပြီး သားရဲယဉ်ပါးရေးစံအိမ် ထဲကို တကယ်ကြီး ဝင်သွားရင် ဘယ်လိုလုပ်မည်နည်း။
ထို့ကြောင့် လွီဆုချင်းကို လစ်လျူရှုလိုက်ပြီး ဧည့်ခန်းမကြီးအတွင်းရှိ ဝိညာဉ်မှတ်ပုံတင်စင်ဆီသို့ တည့်တည့် လျှောက်သွားတော့၏။
"ရဲတင်းလိုက်တာ။ အစ်မကြီးက ရှင်ကို စကားပြောနေတယ်လေ။" ကျိရှောင်လုက အော်ဟစ်လိုက်ပြီး ဒေါသတကြီးဖြင့် ခြေလှမ်းအနည်းငယ်ဖြင့် အမီလိုက်သွားသည်။
"ဒီလူက အခုချိန်မှာ ဘာလို့ သားရဲယဉ်ပါးရေးစံအိမ် ကို ရောက်လာတာလဲ။"
လွီဆုချင်းက စိတ်ထဲတွင် ထူးဆန်းနေပြီး ဧည့်ခန်းမကြီး အတွင်းသို့ ခြေလှမ်းအနည်းငယ်ဖြင့် လိုက်ဝင်သွား၏။
အတွင်းရှိ အခြေအနေကို ရှင်းလင်းစွာ မမြင်ရသေးမီမှာပင် ချန်ယန်၏ အလန့်တကြား အော်သံကို ကြားလိုက်ရသည်။ "ညီလေးဟုန်... မင်း တကယ်ပဲ ဒီနေရာမှာ ရှိနေတာကိုး။"
ဝိညာဉ်မှတ်ပုံတင်စင်ရှေ့တွင်မူ ချင် ဟု ခေါ်သော လူလတ်ပိုင်းအရွယ် ယောက်ျားကြီးက ဟုန်ရှောင်ပေါင် လက်ဗွေရာ နှိပ်ချလိုက်သည်ကို ကြည့်ပြီး ပြုံးလိုက်၏။ "ဒီက မိတ်ဆွေလေး... ငါတို့ သားရဲယဉ်ပါးရေးစံအိမ် ရဲ့ တရားဝင် တပည့်တစ်ယောက် ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။"
"ဟီးဟီး... အားလုံး ကောင်းပါတယ်... "
ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်ပြီး ရုတ်တရက် ကြက်သေ,သေသွား၏။ "ဟမ် … ခင်ဗျား ပြောတာက... သားရဲယဉ်ပါးရေးစံအိမ် လား။"
ဟုန်ရှောင်ပေါင်က ဖြစ်ကြောင်းကုန်စင်ကို စဉ်းစားရန် အချိန်မရသေးမီမှာပင် အခြား တစ်ဖက်မှ ချန်ယန်သည် အလောတကြီး ခြေလှမ်းအနည်းငယ်ဖြင့် ဝင်ရောက်လာခဲ့၏။ "ညီလေးဟုန်... မင်း တကယ်ပဲ ဒီနေရာမှာ ရှိနေတာကိုး။"
လွီဆုချင်းနှင့် ကျိရှောင်လုတို့သည်လည်း နောက်ကနေ ဝင်ရောက်လာကြသည်။ လွီဆုချင်းသည် ဟုန်ရှောင်ပေါင်ကို ဤနေရာတွင် တွေ့ရှိလိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူက ဝိညာဉ်မှတ်ပုံတင်စင် ရှေ့တွင် ရပ်နေသည်ကို မြင်လျှင် ပို၍ပင် အံ့အားသင့်သွားသည်။
ကျိရှောင်လု "ဟေး... ရွှံ့နွံကောင်လေး။ ရှင် ဘယ်လိုလုပ်ပြီး တို့ သားရဲယဉ်ပါးရေးစံအိမ်ဆီ ပြန်လှည့်လာတာလဲ။ သြော်... ရှင် စဉ်းစားမိသွားပြီလား။"
ချန်ယန်က စိတ်လောနေသည်။ "ညီလေးဟုန်... မင်း ဝိညာဉ်မှတ်ပုံမတင်ရသေးဘူး မဟုတ်လား။"
လွီဆုချင်း "မောင်လေးဟုန်... ရှင် ဝိညာဉ်မှတ်ပုံတင်ပြီးပြီလား။"
ဟုန်ရှောင်ပေါင်သည် ကြောင်တောင်တောင် ဖြစ်သွား၏။ "ဒါတွေက ဘာအခြေအနေတွေလဲ။"
"ဟားဟားဟားဟားဟားဟား... "
ယင်းကျိုယိုမှာမူ အသံကျယ်ကြီးဖြင့် ရယ်မောနေခဲ့ပြီ ဖြစ်၏။ ရှေ့နောက် ယိမ်းထိုးသည်အထိ ရယ်မောနေပြီး သူက ဟုန်ရှောင်ပေါင်နှင့် ရောနှော နေထိုင်လာသည့် အချိန်မှစ၍ ယခုအထိ ဤမျှလောက် ပျော်ရွှင်စွာ မရယ်မောခဲ့ဖူးချေ။ "ဟားဟားဟားဟားဟားဟား... တုံးအတဲ့ကောင်။ မင်း အခုချိန်ထိ နားမလည်သေးဘူးလား။ ဟားဟားဟားဟားဟားဟားဟားဟား။"
ဟုန်ရှောင်ပေါင်က မတုံးအချေ။ သူ သံသယမဝင်ခဲ့ခြင်းမှာ ဤသို့သော ဖြစ်ရပ်မျိုး ရှိလာလိမ့်မည်ဟု မတွေးတောမိခဲ့သောကြောင့် ဖြစ်၏။ ရွှီကျင်းကိုမူ သူက သူတစ်ပါး၏ ကောင်းမွန်သော ကိစ္စကို ဖျက်ဆီးမိခဲ့သောကြောင့် သံသယဝင်ရန် စိတ်မကူးမိခဲ့ချေ။
သို့သော်ငြား ယခုအခါ လူတိုင်း၏ တုံ့ပြန်မှုကို ကြည့်ပြီးနောက် ချက်ချင်း သဘောပေါက်သွားခဲ့ကာ မျက်မှောင်များ ကြုတ်သွားတော့သည်။ "အမလေးဗျာ... ဒါကတော့ ရှင်းရှင်းလင်းလင်း လုပ်ဖို့ ခက်သွားပြီ။"
"ညီလေးဟုန်... မင်း... မင်း ဝိညာဉ်မှတ်ပုံတင်ပြီးသွားပြီလား" ချန်ယန်သည် အံကြိတ်လျက် မေးလိုက်၏။
"ဟုတ်တယ်လေ... "
ဟုန်ရှောင်ပေါင်က အခက်တွေ့စွာ ပြောလိုက်ပြီး ရွှီကျင်းကို လက်ညှိုးထိုးပြလိုက်သည်။ "ခုနက သူ လမ်းညွှန်လိုက်တာလေ။ ဟင်းချက်ပြုတ်ရေးစံအိမ် ရဲ့ စာရင်းသွင်းတဲ့ နေရာက ဒီမှာလို့ ပြောတာနဲ့ ကျုပ်လည်း အများကြီး မတွေးဘဲ လာခဲ့တာ... "
"ငါ... " ရွှီကျင်း၏ မျက်နှာအမူအရာ ကြီးမားစွာ ပြောင်းလဲသွား၏။ သူ ပြဿနာ ရှာမိပြီ ဖြစ်ကြောင်း သူ ချက်ချင်း နားလည်သွားသည်။ သို့သော်ငြား ဤသားရဲယဉ်ပါးရေးစံအိမ် က ရူးနေသည်လား။ စာရင်းသွင်းမည် ဆိုသည်မှင့် ချက်ချင်း လက်ခံလိုက်သည်လား။
မင်းတို့က စားဖိုမှူး တစ်ယောက်ကို လက်ခံပြီး ဘာလုပ်မလို့လဲ။
ဒေါသ ထွက်လုနီးပါး ဖြစ်နေပြီ ဖြစ်သော ချန်ယန်ကို ကြည့်ရင်း သူသည်လည်း အနည်းငယ် ထိတ်လန့် စိုးရိမ်လာခဲ့၏။ အမှန်တရားကို ပြောရလျှင် စံအိမ်ထဲတွင် အမြဲတမ်း လူကြီးလူကောင်းပုံစံ ဖြစ်နေတတ်သော ချန်ယန်၏ ဤသို့သော မျက်နှာပေးမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ"
ချန်ယန်သည် အံကြိတ်လျက် ရွှီကျင်းကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် ကိုယ်ကို ချက်ချင်းလှည့်ကာ တစ်လှမ်းချင်း တိုးကပ်လာသော လွီဆုချင်းဆီသို့ အားတင်း ပြုံးပြလိုက်၏။ "အစ်မကြီး... တကယ်ကို အားနာပါတယ်။ အထင်လွဲမှု... အထင်လွဲမှု အနည်းငယ် ဖြစ်သွားတာပါ။ ကူညီတဲ့အနေနဲ့ ဝိညာဉ်မှတ်ပုံတင်တာကို ဖျက်သိမ်းပေးဖို့ စဉ်းစားပေးပါအုံး။"
လွီဆုချင်းမှာ မရေမရာဖြစ်နေဆဲ ဖြစ်သော်လည်း ဟုန်ရှောင်ပေါင်က သားရဲယဉ်ပါးရေးစံအိမ်တွင် ဝိညာဉ် မှတ်ပုံတင်ပြီးသွားပြီ ဆိုသည့် ကိစ္စကိုမူ သူမက ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ပြုံး၍ ပြောလိုက်သည်။ "ဝိညာဉ်မှတ်ပုံတင်စင် ရှေ့မှာ နောက်ပြောင်တဲ့စကား မရှိဘူး။ ဟုန်ရှောင်ပေါင် က သားရဲယဉ်ပါးရေးစံအိမ် ရဲ့ လူ ဖြစ်သွားပြီ။"
"မဟုတ်ဘူး... မဟုတ်ဘူး"
ဟုန်ရှောင်ပေါင်က ထွက်လာခဲ့ပြီး ဦးခေါင်းကို ကုတ်လိုက်သည်။ "အစ်မကြီးလွီ... တကယ်ကို အားနာပါတယ်။ လမ်းမှားသွားတာပါ... လမ်းမှားသွားတာပါ။ ကျုပ်က ဟင်းချက်ပြုတ်ရေးစံအိမ် ကို သွားမလို့ပါ။ လမ်းပျောက်ပြီး ဒီနေရာကို ရောက်လာတာ... အထင်လွဲမှုပါ... အားနာပါတယ်။ အားလုံးက အထင်လွဲမှုတွေပါ... "
လွီဆုချင်းက မျက်မှောင်ကြုတ်လိုက်၏။
ဟုန်ရှောင်ပေါင်ကို ခေါ်ဆောင်လာသော ယွမ်လဲ့ရွှေသည် မျက်မှောက်ရှိ အရာအားလုံးကို တိတ်တဆိတ် အကဲခတ် ကြည့်ရှုနေခဲ့သည်။ ဟုန်ရှောင်ပေါင်က အဘယ့်ကြောင့် ဤနေရာသို့ မထင်မှတ်ဘဲ ရောက်ရှိလာသနည်း ဆိုသည်ကို သူ သေချာ နားမလည်သေးသော်လည်း စံအိမ်နှစ်ခုက လူလုနေကြသည့် ကိစ္စကိုမူ သူ နားလည်သွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။ ဟုန်ရှောင်ပေါင်သည် အလွန် အံ့မခန်း ဖြစ်သော သားရဲယဉ်ပါးရေး ပါရမီ ရှိနေသည့် တစ်ချိန်တည်းမှာပင် ဟင်းချက်ပြုတ်ရေး လမ်းစဉ်မှာပါ ကျွမ်းကျင် နေသေးသည်လား။ သေချာ မသေချာသေးသော်လည်း လွီဆုချင်းက ဟုန်ရှောင်ပေါင်ကို ချန်ထားချင်နေသည် ဆိုသည့် အချက်ကိုမူ သူ နားလည်ပေသည်။ ထို့ကြောင့် တစ်လှမ်း တက်၍ ပြုံးကာ ပြောလိုက်သည်။
"ညီလေးဟုန်... ဝိညာဉ်မှတ်ပုံတင်စင်ရှေ့မှာ အထင်လွဲမှု ဆိုတာ မရှိဘူး။ မင်းက ဝိညာဉ်မှတ်ပုံတင်ပြီးသွားပြီ ဆိုမှတော့ ငါတို့ သားရဲယဉ်ပါးရေးစံအိမ်ရဲ့ လူ ဖြစ်သွားပြီ။ ဟင်းချက်ပြုတ်ရေးစံအိမ်ကို ထပ်သွားလို့ မရတော့ဘူး။ မဟုတ်ရင်... "
"မဟုတ်ရင် ဘာဖြစ်လဲ" ဟုန်ရှောင်ပေါင်က အံ့အားသင့်သွား၏။
"ဟီးဟီး... ငါတို့ သားရဲယဉ်ပါးရေးစံအိမ်က စကားတစ်ခွန်း ပြောလိုက်တာနဲ့ ညီလေးက အခြား ဘယ်စံအိမ်ကိုမှ ဝင်လို့ မရတော့ဘူး။ ပြီးတော့ လေယင်မြို့တော် ထဲကနေလည်း မောင်းထုတ်ခံရလိမ့်မယ်"
ယွမ်လဲ့ရွှေက ပြုံး၍ ပြောလိုက်သည်။ "ဒါကြောင့် ညီလေးက မမိုက်မဲပါနဲ့။ သားရဲယဉ်ပါးရေးစံအိမ်က အင်အား တောင့်တင်းတယ်။ မင်းရဲ့ စွမ်းရည်တွေကို အပြည့်အဝ ပြသနိုင်မဲ့ နေရာကောင်း တစ်ခုပဲ။"
"မရဘူး"
ချန်ယန်က စိတ်လောသွားပြီး တစ်လှမ်း တက်လာခဲ့၏။ "ညီလေးဟုန် က ကျုပ်တို့ ဟင်းချက်ပြုတ်ရေးစံအိမ် ကို ဝင်ဖို့ စောစောစီးစီးတည်းက ဆုံးဖြတ်ပြီးသားပဲ။ တစ်စုံတစ်ယောက်ရဲ့ လမ်းညွှန်မှု မှားယွင်းတာကြောင့် သားရဲယဉ်ပါးရေး စံအိမ် ကို ရောက်လာတာ... ဒါက မူလတည်းက အထင်လွဲမှု တစ်ခုပဲ။"
"အထင်လွဲမှု ဟုတ်လား"
ယွမ်လဲ့ရွှေက အေးစက်စွာ ရယ်မောလိုက်သည်။ "ခင်ဗျား ဝိညာဉ်မှတ်ပုံတင်စင်ကို သွားပြီး ပြောကြည့်ပါလား။"
ဟုန်ရှောင်ပေါင်နှင့် ဆိုလျှင်တော့ အနည်းငယ် ယဉ်ကျေးမှု ရှိသေးသည် ဟု ဆိုနိုင်သော်လည်း ချန်ယန်က မည်သူနည်း။ ဟင်းချက်ပြုတ်ရေးစံအိမ်က ဖြစ်၏။ သူ၏ အမြင်အရဆိုလျှင် ဟင်းချက်ပြုတ်ရေးစံအိမ်သည် အသုံးမကျသူများဖြင့် ပြည့်နှက်နေပြီး မိမိကိုယ်ကို အထင်ကြီးသော သူက သဘာဝအတိုင်း ကောင်းမွန်သော စကားတစ်ခွန်းမှ မပြောဆိုခဲ့ချေ။ တစ်လှမ်း တက်၍ ပြောလိုက်သည်။ "ဒီက ညီလေး... သွားကြစို့။ သားရဲယဉ်ပါးရေး အသုံးအဆောင်တွေ သွားယူကြမယ်။"
ဟုန်ရှောင်ပေါင်က မည်သည့်စရိုက်မျိုးနည်း။ အနုနည်းကိုသာ လက်ခံပြီး အကြမ်းနည်းကို လက်မခံသော သူမျိုး ဖြစ်၏။ ယွမ်လဲ့ရွှေ၏ အနိုင်ကျင့် လွှမ်းမိုးလိုသော သဘောထားကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"ညီလေးဟုန် ကို လုချင်ရင် ငါ သေမှပဲ ရမယ်။"
ဟင်းချက်ပြုတ်ရေးစံအိမ်က နေ့စဉ်နှင့်အမျှ အင်အား ကျဆင်းလာနေပြီး တာဝန်ကြီး ထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်တစ်ယောက်ကို အလွန်အမင်း လိုအပ်နေသည်။ ချန်ယန်၏ အမြင်အရဆိုလျှင် ဟုန်ရှောင်ပေါင်သည် ထိုပုဂ္ဂိုလ်ပင် ဖြစ်၏။ ထို့ကြောင့် ယိစို့၏ ရှေ့တွင် တည့်တည့် ပိတ်ရပ်လိုက်သည်။
"ခင်ဗျားက ဟင်းချက်ပြုတ်ရေးစံအိမ် ရဲ့ ပထမနှစ် တာဝန်ခံ လောက်ပဲ မဟုတ်လား။ သွေးသားခန္ဓာ ဒုတိယအဆင့်လေးနဲ့ တာဝန်ခံ ဖြစ်နေတာလား... ဟားဟား... ခင်ဗျား ကျုပ်ကို တားရဲတယ်လား"
ယွမ်လဲ့ရွှေက အေးစက်စွာ ရယ်မောလိုက်၏။ "ဖယ်စမ်း။"
"ကျုပ် သေမှပဲ ရမယ်" ချန်ယန်သည် အံကြိတ်လျက် ယိစို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"ကောင်းကောင်းမွန်မွန် ပြောလို့ မရရင် အကြမ်းနည်း သုံးရတော့မှာပေါ့" ယွမ်လဲ့ရွှေက အေးစက်စွာ ရယ်မောလိုက်ပြီး ရုတ်တရက် လက်ဝါး တစ်ချက် ရိုက်ချလိုက်သည်။