အခန်း ၁၁၆
Vol. 11 Ch. 116
အပိုင်း (၁၁၆) မလွှတ်ပေးဘူး။
"အာယိုး... ဒီ ဒေါသပြင်းတဲ့ ပုံစံကြီးနဲ့" ဟုန်ရှောင်ပေါင်က ရယ်မောလိုက်သည်။ ချန်ယန်သည် ဒုတိယအဆင့်သာ ရှိပြီး ဤယွမ်လဲ့ရွှေကမူ သားရဲယဉ်ပါးရေးစံအိမ်၏ ပထမနှစ် တပည့်များအနက် ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပုံရ၏။
ထိခိုက်မှု တစ်စုံတစ်ရာ ရှိမည် စိုးရိမ်သောကြောင့် သူသည်လည်း လက်ဝါး တစ်ချက်ဖြင့် တုံ့ပြန် ရင်ဆိုင်လိုက်သည်။
ဘုန်း...
တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူတို့နှစ်ယောက်၏ လက်ဝါးများ ပြင်းထန်စွာ ရိုက်ခတ်မိသွားကြ၏။
ယွမ်လဲ့ရွှေက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီး ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်ကမူ အနည်းငယ် နောက်လန်သွားသော်လည်း ချက်ချင်း ပြန်လည် မတ်တပ်ရပ်နိုင်ခဲ့သည်။
မည်သူ နိုင်ပြီး မည်သူ ရှုံးသနည်း ဆိုသည်မှာ အလွန် ရှင်းလင်းနေ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လွီဆုချင်းသည် အံ့အားသင့်သွားခဲ့သည်။
ယွမ်လဲ့ရွှေ၏ ကျင့်ကြံခြင်းအဆင့်သည် သားရဲယဉ်ပါးရေးစံအိမ်၏ ပထမနှစ် တပည့်များအနက် အထက်တန်း အဆင့်အတန်းတွင် ရှိနေပြီး တတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။ ဟုန်ရှောင်ပေါင်မှာမူ ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ပြီး ထို့အပြင် ယနေ့မှသာ အဆင့်တက်ခဲ့ခြင်း ဖြစ်သည်။
အထွေထွေအားဖြင့်ဆိုလျှင် ဤသို့သော အချိန်မျိုးတွင် အဆင့်ကို ခိုင်မာအောင် လုပ်ဆောင်နေသင့်သည် မဟုတ်ပါလား။ သို့သော်ငြား ယခုအခါ... မကြာသေးမီကမှ ဒုတိယအဆင့်သို့ တက်ရောက်ထားသော ကျင့်ကြံသူ တစ်ယောက်က တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အစွမ်းကုန် ရင်ဆိုင်လိုက်သည်လား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"ဟားဟား .. ဒေါသ ဒီလောက် မကြီးပါနဲ့ဗျာ"
ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်၏။ "ကျုပ်က ဟင်းချက်ပြုတ်ရေးစံအိမ် နဲ့ တကယ် စကားပြောထားပြီးသားပါ။ ဒီနေရာကို ရောက်လာတာ အထင်လွဲမှုသတ်သတ်ပါ။ မနှစ်သက်တဲ့ အရာကို အတင်းအကျပ် လုပ်ခိုင်းလို့ မရပါဘူးဗျာ။ အစ်ကိုတို့ ၊ အစ်မတို့ ကျုပ်ကို သွားခွင့်ပြုလိုက်ပါတော့။ နောင်ကျရင် အခွင့်အရေးရရင် အစ်ကိုတို့၊ အစ်မတို့ စားဖို့ ဆေးဘက်ဝင် အစားအစာ အနည်းငယ် ချက်ပြုတ်ပေးမယ်လေ... ဘယ်လိုလဲ။"
"ဆေးဘက်ဝင် အစားအစာ လား။" လူတိုင်း၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားကြ၏။ ဤပစ္စည်းသည် သာမန် မဟုတ်ချေ။ ဆေးဘက်ဝင် အစားအစာ တစ်ပွဲကို တန်ဖိုးမဖြတ်နိုင်သော ရတနာဟု ဆိုလျှင် အနည်းငယ် ချဲ့ကားရာ ရောက်သော်လည်း ပိုက်ဆံရှိလျှင်တောင် ဝယ်မရနိုင်ဘူး ဆိုသည်မှာ အမှန်ပင် ဖြစ်သည်။
ဟုန်ရှောင်ပေါင်က ဆေးဘက်ဝင် အစားအစာ လည်း ချက်ပြုတ်တတ်သေးတယ်လား။
"ငါက ပဉ္စမအဆင့် ဆေးလုံးတွေကိုတောင် ဖော်စပ်တတ်သေးတယ်"
ယွမ်လဲ့ရွှေကမူ အေးစက်စွာ ရယ်မောလိုက်၏။ "ပါးစပ်ကနေ ပြောတာကို ဘယ်သူ မပြောတတ်မှာလဲ။"
"မဟုတ်ဘူး... မဟုတ်ဘူး။ ဒါကိုတော့ ကျုပ် တကယ် နားလည်တယ်။ မယုံရင် အစ်မကြီးလွီကို မေးကြည့်" ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်သည်။ စကားအနည်းငယ်ဖြင့်ပင် မြင်ကွင်းရှိ အငွေ့အသက်ကို ပြောင်းလဲသွားစေခဲ့သည်။
"ဟုန်ရှောင်ပေါင် က တကယ်ပဲ ဆေးဘက်ဝင် အစားအစာ ချက်ပြုတ်တတ်တယ်။"
လွီဆုချင်းက ခေါင်းညိတ်လိုက်၏။ "မဟုတ်ရင် ဟင်းချက်ပြုတ်ရေးစံအိမ် က သူ့ကို ဒီလောက်တောင် အလေးထားမှာ မဟုတ်ဘူး။"
"ဘာ" ယွမ်လဲ့ရွှေသည် ကြက်သေ, သေသွားပြီး အနည်းငယ် အနေရခက်သွားသည်။
"နည်းနည်းပါးပါးလေး နားလည်ရုံပါ... အားလုံးက နည်းနည်းပါးပါးလေး နားလည်ရုံပါ... "
သာမန် နေ့ရက်များသာ ဆိုပါက ဤသို့သော အချိန်မျိုးတွင် ဟုန်ရှောင်ပေါင်က ယွမ်လဲ့ရွှေကို စကားအနည်းငယ်ဖြင့် ထပ်မံ ထိုးနှက်မိဦးမည် ဖြစ်သော်လည်း ယနေ့တွင် သူ့ကို လွှတ်၊မလွှတ် ဆိုသည်မှာ တစ်ဖက်၏ စိတ်ဆန္ဒအပေါ်တွင်သာ မူတည်နေသည်။ ထို့ကြောင့် သူက သိမ်မွေ့ အေးချမ်းစွာ ပြုမူပြီး လူ-တိရစ္ဆာန် မရွေး အန္တရာယ် မပြုတတ်သော ပုံစံမျိုးကို အစွမ်းကုန် ပြသနေ၏။
လူတိုင်းက ရုတ်တရက် တိတ်ဆိတ်သွားကြပြီး ဟုန်ရှောင်ပေါင်ကို ကြည့်သည့် မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားကြသည်။ ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားခြင်းက အလွန် ရှားပါးသော ပါရမီရှင် ဖြစ်ပြီး ဤမျှလောက်နှင့်ပင် အလွန် အံ့မခန်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ယခုလေးတင်က သူတို့သည် ဟုန်ရှောင်ပေါင်က ဒုတိယအဆင့် ကျင့်ကြံခြင်းဖြင့် တတိယအဆင့် ကျင့်ကြံသူကို ရင်ဆိုင် တွန်းလှန်နိုင်ခဲ့သည်ကို ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ခဲ့ကြရပြန်သည်။ ဤအဓိပ္ပာယ်မှာ တတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သည် ဆိုသည်လောက် ရိုးရှင်းမှု မရှိချေ။ မည်သည့် စာသင်ကျောင်း မည်သည့် ဂိုဏ်းတွင်မဆို ဟုန်ရှောင်ပေါင်ကဲ့သို့သော ဒုတိယအဆင့် တစ်ယောက်သည် တတိယအဆင့် ဆယ်နှင့်ချီ ရာနှင့်ချီထက် ပိုမို တန်ဖိုးရှိကြ၏။
ထို့ကြောင့် အကယ်၍ ဟုန်ရှောင်ပေါင်ကို သားရဲယဉ်ပါးရေးစံအိမ်တွင် ချန်ထားနိုင်ပါက ကြီးမားသော ဂုဏ်ပြုခံရမည့် ကိစ္စတစ်ခု ဖြစ်၏။ သို့သော်ငြား ဟုန်ရှောင်ပေါင် ပြောသကဲ့သို့ပင် မနှစ်သက်သော အရာကို အတင်းအကျပ် လုပ်ခိုင်း၍ မရချေ။ အကယ်၍ ဝိညာဉ်မှတ်ပုံတင်ထားသည့် ကိစ္စကို အမှန်တကယ် အသုံးပြု၍ ဟုန်ရှောင်ပေါင်ကို လေယင်နန်းဆောင်မှ ထွက်သွားအောင် အတင်းအကျပ် တွန်းပို့မိပါက တစ်ယောက်နှင့် တစ်ယောက် ရန်ငြိုး ဖွဲ့မိသွားပေလိမ့်မည်။ သို့ပေမည့် သူ့ကို လွှတ်ပေးလိုက်ရန်လည်း မကျေနပ်နိုင်ကြချေ...။
တကယ်ကို ဒုက္ခပဲ။
လူတိုင်းက မျက်မှောင်အနည်းငယ် ကြုတ်သွားကြပြီး လွီဆုချင်းကို အလိုအလျောက် ကြည့်လိုက်ကြ၏။
ဒါက လက်ပူတိုက်ရမဲ့ အာလူးပူကြီး တစ်လုံးပါလား။
လွီဆုချင်းလည်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သားရဲယဉ်ပါးရေးစံအိမ်က လူ မလွှတ်ပေးသရွေ့ အခြား မည်သည့်စံအိမ်ကမှ ဟုန်ရှောင်ပေါင်ကို လက်ခံနိုင်မည် မဟုတ်ချေ။ ဤသည်မှာ အလွန် အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။
အထွေထွေအားဖြင့်ဆိုလျှင် ဤသို့သော အခြေအနေမျိုးအောက်တွင် အရှုံးပေး လက်ခံသွားတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမှ ကိုယ့် အနာဂတ် အလားအလာကို နောက်ပြောင် ဆော့ကစားမည် မဟုတ်သောကြောင့်ပင်။ သို့သော်ငြား ဤသည်မှာ သာမန် အခြေအနေမျိုးအောက်တွင်သာ ဖြစ်သည်။ အကယ်၍ ဟုန်ရှောင်ပေါင်က အလွန်အမင်း ခေါင်းမာပြီး တကယ်ပဲ ဤသို့ စွန့်စားကာ သားရဲယဉ်ပါးရေးစံအိမ်မှ ထွက်ခွာသွားပါက...
ထိုသည်မှာ အကြောင်းမဲ့သတ်သတ် ကြီးမားသော ရန်သူတစ်ယောက်ကို ဖန်တီးလိုက်ခြင်းပင် ဖြစ်၏။
လွီဆုချင်းက မျက်မှောင်အနည်းငယ် ကြုတ်လျက် ဟုန်ရှောင်ပေါင်ကို တစ်ချိန်လုံး စိုက်ကြည့်နေပြီးနောက် အဆုံးသတ်တွင် ပြောလိုက်သည်။ "မောင်လေးဟုန်... ရှင်က ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ် မှာ ဝိညာဉ်မှတ်ပုံတင်ပြီးသွားပြီ။ ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ်က စကားတစ်ခွန်း ပြောလိုက်တာနဲ့ လေယင်နန်းဆောင် တစ်ခုလုံးမှာ ရှင် ရပ်တည်စရာ နေရာ ရှိတော့မှာ မဟုတ်ဘူး ဆိုတာကို ရှင် သိရဲ့လား။"
"အရင်က မသိဘူး။ အခုတော့ သိသွားပြီ" ဟုန်ရှောင်ပေါင်က အလွန် ရိုးသားစွာ ပြောလိုက်၏။
"အကယ်၍ ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ် က မလွှတ်ပေးဘူး ဆိုရင် ရှင် ဘာလုပ်မလဲ" လွီဆုချင်းက ထပ်မေးလိုက်သည်။
"ဘာလုပ်ရအုံးမှာလဲ။ ကျုပ်က ခင်ဗျားတို့ သားရဲယဉ်ပါးရေးစံအိမ် ကို မယှဉ်နိုင်ဘူးလေ... "
ဟုန်ရှောင်ပေါင်က ပုခုံးတွန့်လိုက်၏။ "အဲဒီအချိန်ကျရင် ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြီး အိမ်ပြန် လယ်ယာ စိုက်ပျိုးရုံလောက်ပဲ ရှိတော့တာပေါ့။"
ဟုန်ရှောင်ပေါင်၏ အနည်းငယ် နောက်ပြောင်သကဲ့သို့ ပြောဆိုလိုက်သော စကားတစ်ခွန်းကို ကြားရပြီးနောက် လူတိုင်း မျက်မှောင်ကြုတ်သွားကြ၏။ ဤသည်မှာ သားရဲယဉ်ပါးရေးစံအိမ်တွင် သေသေရှင်ရှင် လုံးဝ မနေထိုင်တော့ရန် ဆုံးဖြတ်ထားခြင်းပင် ဖြစ်သည်။
"သားရဲယဉ်ပါးရေးစံအိမ် က ဟင်းချက်ပြုတ်ရေးစံအိမ် ထက် ညံ့နေလို့လား"
လွီဆုချင်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ "ပြီးတော့ ရှင်က တစ်ခဏတာ ဒေါသကြောင့် ရှင့်ရဲ့ တစ်သက်တာ အနာဂတ်ကို တကယ်ပဲ စွန့်လွှတ်တော့မလို့လား။"
"ဟင်းချက်ပြုတ်ရေးစံအိမ် က သားရဲယဉ်ပါးရေးစံအိမ်ထက် သေချာပေါက် မကောင်းဘူးပေါ့။ ကျုပ်လည်း ဒေါသ မထွက်ချင်ပါဘူး။ ဘယ်သူက အလုပ်မရှိ အလုပ်ရှာပြီး ဒီလိုလုပ်ချင်မှာလဲ"
ဟုန်ရှောင်ပေါင်က အလွန်အမင်း အခက်တွေ့စွာ ပြောလိုက်သည်။ "ဒါပေမဲ့ တကယ်ပဲ ချန်ယန် နဲ့ အရင် စကားပြောထားပြီးသားလေ... ဘာမှ မတတ်နိုင်တော့ဘူး... "
လွီဆုချင်းက ဟုန်ရှောင်ပေါင်ကို နက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် အဆုံးသတ်တွင် တည်ငြိမ်စွာ ပြောလိုက်၏။ "ဒါဆို မောင်လေးဟုန်... ကျွန်မ ရှင့်ကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်... စံအိမ်က လူ မလွှတ်ပေးဘူး။"
ဟုန်ရှောင်ပေါင်သည် မျက်မှောင်များ နက်ရှိုင်းစွာ ကြုတ်သွားခဲ့၏။ လွီဆုချင်းနှင့် သူတို့ကြားတွင် ဆွေးနွေး တိုင်ပင်ရန် အနည်းငယ် ကျန်ရှိနေသေးသည် ဟု သူ တွေးတောနေခဲ့သော်လည်း ဤမိန်းမက ဤမျှလောက် ပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။