အခန်း ၁၁၇
Vol. 11 Ch. 117
အပိုင်း (၁၁၇) ရာစုနှစ်အတွင်း ပေါ်ထွက်လာသည့် ပြိုင်ဘက်ကင်း ပါရမီရှင်လား။
"ဘာလို့ အဲဒီလို လုပ်ရမှာလဲ။" ချန်ယန်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
ဤအချိန်တွင် သူသည် ဆင်ခြင်တုံတရား ပြန်လည်ရရှိနေပြီ ဖြစ်သည်။ ဟုန်ရှောင်ပေါင်၏ စိတ်ဆန္ဒက ဟင်းချက်ပြုတ်ရေးစံအိမ်တွင် ရှိနေကြောင်းကို သိသာထင်ရှားစွာ ပြသနေခဲ့ပြီ ဖြစ်၏။ ဤအခြေအနေအထိ ဆက်သွားပါက မည်သူ့အတွက်မှ အကျိုးရှိမည် မဟုတ်ချေ။ ထို့ကြောင့် စိတ်ထဲတွင် ရေခဲတမျှ အေးစက်သွားသော်လည်း အားတင်းပြုံး၍ ပြောလိုက်သည်။ "ညီလေးဟုန်... ညီလေးရဲ့ စေတနာကို နားလည်ပါတယ်။ ညီလေး ဒီလို လုပ်စရာ မလိုပါဘူး။ ညီလေးက ငါတို့ ဟင်းချက်ပြုတ်ရေးစံအိမ် နဲ့ ရေစက်မပါတာ သူတစ်ပါးကိုလည်း အပြစ်တင်လို့ မရပါဘူး... ညီလေးက သားရဲယဉ်ပါးရေးစံအိမ်မှာပဲ ကောင်းကောင်းမွန်မွန် နေလိုက်ပါ။ ညီလေးရဲ့ စွမ်းရည်တွေကို အပြည့်အဝ ပြသနိုင်မဲ့ နေ့တစ်နေ့ကို မျှော်လင့်နေပါမယ်။"
ထိုသို့ပြောဆိုရင်း မျက်နှာမှာ ဖြူရော်သွားကာ အနောက်သို့ လှည့်လိုက်၏။ အနောက်သို့ လှည့်လိုက်သည့် အချိန်တွင် သူ၏ လက်များပင် အနည်းငယ် တုန်ယင်နေခဲ့၏။
"ဟားဟား ... ကျုပ်ကို စောင့်ပါအုံး ... အတူတူ သွားရအောင်" ဟုန်ရှောင်ပေါင်က ရယ်မောလျက် ချန်ယန်၏ နောက်သို့ လိုက်သွားခဲ့သည်။
ဟုန်ရှောင်ပေါင်က သားရဲယဉ်ပါးရေးစံအိမ်တွင် လုံးဝ မနေတော့ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။
ချန်ယန်သည် အနည်းငယ် ကြက်သေသေ ဖြစ်သွားပြီး စိတ်ထဲတွင် နွေးထွေးသွားသည်။ သို့နှင့် ကပျာကယာ ပြောလိုက်သည်။ "ညီလေးဟုန်... ဒီလို လုပ်စရာ မလိုပါဘူး။ တကယ် ပြောတာပါ... ဒီလို လုပ်စရာ မလိုပါဘူး။ ညီလေး မြန်မြန် ပြန်သွားလိုက်ပါ။"
"ဘာမှ မဖြစ်ပါဘူး။ အမှန်အတိုင်း ပြောရရင် ကျုပ်က ပါရမီရှင် တစ်ယောက်လေ။ ဟင်းချက်တာ ၊ သားရဲယဉ်ပါးရေး ကို မပြောနဲ့အုံး။ ဆေးဖော်တာ ၊ လက်နက်သွန်းလုပ်တာ အားလုံးကိုလည်း တတ်ကျွမ်းတယ်။ လေယင်မြို့တော်မှာ နေလို့ မရရင် အခြား နေရာတစ်ခုခုကို ပြောင်းသွားရုံပဲပေါ့။ သွားမယ်... သွားမယ်... " ဟုန်ရှောင်ပေါင်က ရယ်မောလျက် ချန်ယန်ကို တွန်းကာ ထွက်သွားရန် ပြင်လိုက်၏။
လွီဆုချင်းက တည်ငြိမ်စွာ ပြောလာခဲ့သည်။ "ဝိညာဉ်မှတ်ပုံတင်တာကို ဖျက်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အရင်ကလည်း ဒီလို အစဉ်အလာ မရှိခဲ့ဖူးဘူး... "
"ဟွန့်... " ဟုန်ရှောင်ပေါင်က စိတ်ထဲတွင် မထီလေးစား ပြုလိုက်ပြီး ချန်ယန်ကို တွန်းကာ အပြင်သို့ ဆက်ထွက်သွားခဲ့၏။
လွီဆုချင်းက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ လူတစ်ယောက်တည်းက စံအိမ် အတော်များများမှာ တစ်ပြိုင်နက်တည်း ဝိညာဉ်မှတ်ပုံတင်တာကိုတော့ ခွင့်မပြုဘူးလို့ မရှိပါဘူး။"
"အို... " ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြက်သေ,သေသွားပြီး ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့၏။
"ဒီလို ကောင်းကျိုးမျိုးလည်း ရှိတာလား။"
ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြက်သေသေ ဖြစ်သွားပြီး စိတ်ထဲတွင် အလွန် ဝမ်းသာသွားခဲ့၏။ "ဒါဆိုရင် ကျုပ် သွန်းလုပ်ရေးစံအိမ်တို့ ၊ ဆေးဖော်စပ်ရေးစံအိမ်တို့လို ကြီးမားတဲ့စံအိမ်တွေမှာပါ သွားပြီး လေ့လာလို့ ရတာပေါ့။"
ဟုန်ရှောင်ပေါင်နှင့် မတူဘဲ လွီဆုချင်း၏ ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားကြ၏။ မကြာမီမှာပင် လူအများစု၏ မျက်နှာပေါ်တွင် မရေမရာ ဖြစ်နေသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။
ယွမ်လဲ့ရွှေက အနည်းငယ် မယုံကြည်နိုင်စွာ ပြောလိုက်၏။ "ဒါ... သူက အသက် ဘယ်လောက်ရှိသေးလို့လဲ။ နောက်ထပ် စံအိမ်တစ်ခုကို ထပ်ပြီး လေ့လာအုံးမယ်လား။"
လေယင်နန်းဆောင်သည် လူတစ်ယောက်လျှင် စံအိမ်တစ်ခုသာ ရွေးချယ်ရမည်ဟု အသေအချာ ကန့်သတ်ထားခြင်း မရှိချေ။ အထွေထွေအားဖြင့်ဆိုလျှင် စံအိမ်တစ်ခုမှ ကျင့်ကြံသူ တစ်ယောက်သည် ထိုစံအိမ်တွင် ကိုယ့်တတ်ကျွမ်းမှုက အမြင့်ဆုံးသို့ ရောက်ရှိနေပြီး အချိန်ကြာမြင့်စွာ အဆင့်မတက်နိုင်တော့သည့် အချိန်မျိုးတွင် အခြားစံအိမ်တစ်ခုကို ထပ်မံ ရွေးချယ်၍ လေ့လာတတ်ကြသည်။
သို့ပေမည့် အထွေထွေအားဖြင့် ထိုသို့သော ကျင့်ကြံသူများသည် အနည်းဆုံး အသက် လေးငါးဆယ် အရွယ် လူလတ်ပိုင်း ကျင့်ကြံသူများ ဖြစ်ကြသည်။ ဂိုဏ်းသို့ အသစ်ဝင်ရောက်ခါစ လူငယ် ကျင့်ကြံသူ တစ်ယောက်က ဤကဲ့သို့ လုပ်ဆောင်သည်ကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြချေ။
လူတိုင်းက အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြ၏။ ချန်ယန်သည် အနည်းငယ် အံ့အားသင့် သွားသော်လည်း အလွန် ဝမ်းသာသွားခဲ့သည်။ "ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။ ညီလေးဟုန်။ ညီလေးဟုန်က ဒီလို အခြေအနေ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်။ ညီလေးရဲ့ စွမ်းရည်နဲ့ဆိုရင် သားရဲယဉ်ပါးရေး စံအိမ် နဲ့ ဟင်းချက်ပြုတ်ရေး စံအိမ် မှာ တစ်ပြိုင်နက်တည်း အတန်းတက်လို့ ရတယ်။"
"ဒါပေမဲ့ အဲဒီလောက် မလွယ်ကူဘူးနော်"
လွီဆုချင်းက ခေါင်းယမ်းလိုက်၏။ "နောက်ထပ် စံအိမ်တစ်ခုကို ရွေးချယ်ချင်ရင် အခြေအနေ သတ်မှတ်ချက် တစ်ခုနဲ့ ကိုက်ညီဖို့ လိုအပ်တယ်။ အဲဒါကတော့ ရှင်က ဒီစံအိမ်မှာ ဆယ်နှစ်တိုင်တိုင် တိုးတက်မှု မရှိခဲ့ဘူး ဆိုတာပဲ။ ဒီလိုဆိုရင် ရှင်က ဒီစံအိမ်မှာ ပါရမီ မရှိဘူး ဆိုတာကို သက်သေပြနေတာ ဖြစ်တဲ့အတွက် အခြား စံအိမ်တစ်ခုကို ပြောင်းလဲ ရွေးချယ်လို့ ရတယ်။"
"ဆယ်နှစ်"
ဟုန်ရှောင်ပေါင်သည် မျက်လုံးများ ပြူးကျယ်သွားသည်။ "ဒီအဓိပ္ပာယ်က ကျုပ်က သားရဲယဉ်ပါးရေးစံအိမ် မှာ ဆယ်နှစ်တိုင်တိုင် နေရမယ်။ ပြီးတော့ တိုးတက်မှု နည်းနည်းလေးမှ မရှိရဘူး ဆိုတဲ့ အဓိပ္ပာယ်လား။"
"ဒီလိုဆိုရင်မှ တပည့်တချို့က လောဘကြီးပြီး အရာအားလုံးကို တတ်ကျွမ်းအောင် မလုပ်နိုင်ဘဲ ဖြစ်သွားမှာကို ကာကွယ်နိုင်မှာလေ။"
လွီဆုချင်းက ဟုန်ရှောင်ပေါင်၏ မျက်နှာအမူအရာကို ကြည့်ပြီး ပြုံးလိုက်၏။ "မောင်လေးဟုန် က ဒီနည်းလမ်းကို ရွေးချယ်မှာ မဟုတ်လောက်ဘူး ထင်တယ်။"
"သေချာပေါက် မရွေးဘူးပေါ့။"
ဟုန်ရှောင်ပေါင်က ချက်ချင်း ပြောလိုက်၏။ "ကျုပ်ရဲ့ ပါရမီနဲ့ဆိုရင် အိပ်နေရင်တောင် အလိုအလျောက် တိုးတက်နေမှာ။"
"......."
"…….."
လူတိုင်းသည် အနည်းငယ် ဆွံ့အသွားကြသည်။ လွီဆုချင်း၏ မျက်နှာပေါ်တွင်လည်း မည်းမှောင်နေသော မျဉ်းကြောင်းများဖြင့် ပြည့်နှက်သွားကာ အတန်ကြာမှ ပြောလိုက်၏။ "ဒါပေမဲ့ အခြား နည်းလမ်းတစ်ခုလည်း ရှိသေးတယ်။ ရှင်က သားရဲယဉ်ပါးရေးစံအိမ် မှာ တတိယအဆင့် စာမေးပွဲကို အောင်မြင်ပြီးသွားရင် နောက်ထပ် စံအိမ်တစ်ခုကို ထပ်ရွေးချယ်လို့ ရပြီ။"
"မှန်တယ်။ တတိယအဆင့် စာမေးပွဲကို အောင်မြင်ပြီးတာနဲ့ တစ်နည်းအားဖြင့် ကျောင်းဆင်းသွားပြီလို့ သတ်မှတ်လို့ ရတယ်။ အဲဒီအခါကျရင် နောက်ထပ် စံအိမ်တစ်ခုကို ထပ်ရွေးချယ်လို့ ရပြီ။" ချန်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဟင်းချက်ပြုတ်ရေးစံအိမ်မှလွဲ၍ ကျန်သည့် စံအိမ်တိုင်းတွင် နှစ်ငါးနှစ် ခွဲခြားထားသည်။ တတိယအဆင့်ကို ကျော်ဖြတ်ပြီးပါက ကျောင်းဆင်းပြီဟု သတ်မှတ်နိုင်ပြီး စတုတ္ထအဆင့်ကို ကျော်ဖြတ်ပါက သင်ကြားပြသခွင့် အရည်အချင်း ရရှိမည် ဖြစ်ကာ ပဉ္စမအဆင့်ဆိုလျှင်မူ ဆရာကြီး အဆင့်အတန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ ချန်ယန်က ရှင်းပြနေစဉ် သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားခဲ့သည်။ သူ အနည်းငယ် စိုးရိမ်လာခဲ့၏။
သားရဲယဉ်ပါးရေးစံအိမ်ကဲ့သို့သော ကြီးမားသည့် စံအိမ်ကြီး၏ တတိယအဆင့် စာမေးပွဲကို မဆိုထားနှင့်။ ဟင်းချက်ပြုတ်ရေး စံအိမ်၏ တတိယအဆင့် စာမေးပွဲပင်လျှင် အလွန်တရာ ခက်ခဲလှသည်။ ယခုအချိန်တွင် ဟင်းချက်ပြုတ်ရေး စံအိမ် တစ်ခုလုံးရှိ တပည့်များအနက် သေချာပေါက် အောင်မြင်နိုင်မည့်သူမှာ အစ်ကိုကြီးဖန့် တစ်ယောက်တည်းသာ ရှိလောက်ပေသည်။
ချန်ယန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ဟုန်ရှောင်ပေါင်က သဘာဝအတိုင်း မြင်တွေ့လိုက်ရပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။ "ဘာလဲ။ အရမ်း ခက်လို့လား။"
"အရမ်း ခက်လို့လား။"
ယွမ်လဲ့ရွှေကမူ အေးစက်စွာ ရယ်မောလိုက်၏။ "အထွေထွေအားဖြင့်ဆိုရင် အဆင့်တစ်ဆင့် တက်ဖို့ သုံးလေးနှစ် အချိန်လိုတယ်။ တတိယအဆင့်ကို အောင်မြင်ဖို့ ဆိုရင်တော့... ဟားဟား ... ညီလေးဟုန် က ပါရမီရှင်တွေထဲက ပါရမီရှင် ဖြစ်နေလို့လားတော့ မသိဘူး။ ငါ့အတွက်ကတော့ ခုနစ်နှစ် ၊ ရှစ်နှစ် အချိန်ယူပြီး တတိယအဆင့် စာမေးပွဲကို အောင်မြင်နိုင်ရင် ကံကောင်းတယ်လို့ သတ်မှတ်ရမှာပဲ။"
"အင်းအင်း"
ဟုန်ရှောင်ပေါင်က ယွမ်လဲ့ရွှေ၏ စကားထဲတွင် သွယ်ဝိုက် ပါဝင်နေသော လှောင်ပြောင်သည့် အဓိပ္ပာယ်ကို လုံးဝ ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ဒါဆို မြန်မြန် လုပ်ကြစို့။ သွားမယ်... သွားမယ်... သွားမယ်... သွားမယ်။ ဒီ တတိယအဆင့် စာမေးပွဲ ကို သွားဖြေကြမယ်။"
"..."
လွီဆုချင်းသည် ထပ်မံ၍ အတန်ကြာ ဆွံ့အသွားပြီး ပြောလိုက်၏။ "စာမေးပွဲဖြေဖို့က ကန့်သတ်ချက် ရှိတယ်နော်။ လူတစ်ယောက်ကို တစ်နှစ်မှာ တစ်ခေါက်ပဲ အခွင့်အရေး ရှိတယ်။ ရှင် တကယ်ပဲ ကြိုတင် ပြင်ဆင်မှု မလုပ်တော့ဘူးလား။"
"ဘာကို ပြင်ဆင်ရမှာလဲ။ အချိန်ဆိုတာ ရွှေပဲလေ အစ်မကြီး"
ဟုန်ရှောင်ပေါင်က ပြုံးလိုက်၏။ "သွားမယ်... သွားမယ်။ မြန်မြန် သွားကြည့်ကြရအောင်။"
ယွမ်လဲ့ရွှေသည် တစ်ချိန်လုံး တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ပြီး ဤအချိန်တွင် မည်သို့မှ မနေနိုင်တော့ဘဲ အေးစက်စွာ ရယ်မောလိုက်သည်။ "ငါတို့တွေက တတိယအဆင့်ကို တိုက်ရိုက် ကျော်ဖြေဖို့ မပြောနဲ့... ပထမအဆင့် စာမေးပွဲကို ဖြေဖို့တောင် သတိထားပြီး လနဲ့ချီ ကြိုတင် ပြင်ဆင်ရတာ။ ညီလေးဟုန်က တကယ်ကို အစွမ်းထက်တာပဲ။ ကြည့်ရတာ ဒီ တတိယအဆင့် စာမေးပွဲကို ညီလေးဟုန်... အာ မဟုတ်ဘူး... အစ်ကိုကြီးဟုန်။ အစ်ကိုကြီးဟုန် က ဆယ်ပုံကိုးပုံလောက် သေချာနေပြီ ထင်တယ်။"
"မဖြစ်နိုင်ပါဘူး... မဖြစ်နိုင်ပါဘူး။ ဘယ်လိုလုပ်ပြီး သေးငယ်တဲ့ ကိစ္စလေး ဖြစ်နိုင်မှာလဲ"
ဟုန်ရှောင်ပေါင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။ "ခန့်မှန်းခြေ သုံးဆယ် လေးဆယ် ရာခိုင်နှုန်းလောက်ပဲ သေချာမယ် ထင်တယ်။"
"ဟားဟား။ ဟားဟားဟားဟား။ သုံးဆယ် လေးဆယ် ရာခိုင်နှုန်း။"
ယွမ်လဲ့ရွှေက ပို၍ ဒေါသထွက်သွားသည်။ "သားရဲယဉ်ပါးရေးစံအိမ်မှာ ဆယ်နှစ်တိုင်တိုင် ကြိုးစားပမ်းစား လေ့လာခဲ့တဲ့ အစ်ကိုကြီးတွေတောင်မှ သုံးဆယ် ၊ လေးဆယ် ရာခိုင်နှုန်း သေချာတယ်လို့ မပြောရဲကြဘူး။ မင်းက ဒုတိယအဆင့် ရွှေဝါရောင် ဝက်ဝံပေါက်လေး ကို ယဉ်ပါးအောင် မွေးမြူဖူးတာနဲ့ပဲ သုံးဆယ် ၊ လေးဆယ် ရာခိုင်နှုန်း သေချာတယ်လို့ ပြောရဲတယ်လား။"
"အာ... "
ဟုန်ရှောင်ပေါင်က ဤအကြောင်းများကို ဘယ်လိုလုပ် သိမည်နည်း။ သူက သုံးဆယ် လေးဆယ် ရာခိုင်နှုန်း ဟု ပြောလိုက်ခြင်းမှာ အနည်းငယ် နှိမ့်ချသင့်သည် ဟု ထင်မြင်၍သာ ဖြစ်သည်။ ဖူယု၏ လေယူလေသိမ်းအရ ဤစာမေးပွဲက အလွန် ခက်ခဲသည်လား။ ထို့ကြောင့် မျက်လုံး ကစားလိုက်ပြီး အလွန် နိမ့်ကျသည်ဟု ထင်မြင်ရသော အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းတစ်ခုကို စမ်းသပ် ပြောဆိုလိုက်၏။ "ဒါဆို... ဆယ်ရာခိုင်နှုန်း ၊ နှစ်ဆယ်ရာခိုင်နှုန်း လောက်များလား။"
လူတိုင်းက အေးစက်စွာ ရယ်မောလိုက်ကြ၏။
ဤသည်မှာလည်း လူ့သဘာဝပင် ဖြစ်သည်။ အကယ်၍ နှစ်အတော်ကြာအောင် ဖြေဆိုခဲ့ပြီး အမြဲတမ်း သတိထား ဖြေဆိုခဲ့ရသော စာမေးပွဲတစ်ခုကို အခြား တစ်ယောက်က ဤမျှလောက် အထင်သေးနေပါက သဘာဝအတိုင်း လူတိုင်း၏ စိတ်ထဲတွင် ဒေါသထွက်ကြမည်သာ ဖြစ်၏။ ထို့ကြောင့် ဟုန်ရှောင်ပေါင်ကို ကြည့်သည့် အကြည့်များမှာ အနည်းငယ် မကြည်ဖြူ ဖြစ်လာကြသည်။
"ငါ သားရဲယဉ်ပါးရေးစံအိမ် ကို ဝင်လာတာ သုံးနှစ်နီးပါး ရှိနေပြီ။ ပထမအဆင့် စာမေးပွဲဆိုရင်တော့ ခုနစ်ဆယ် ၊ ရှစ်ဆယ် ရာခိုင်နှုန်း သေချာတယ်လို့ ထင်တယ်။ ဒါပေမဲ့ တတိယအဆင့် စာမေးပွဲ ဆိုရင်တော့ ငါးရာခိုင်နှုန်းတောင် မသေချာဘူး" ယွမ်လဲ့ရွှေက အေးစက်စွာ ရယ်မောလိုက်၏။
ဟုန်ရှောင်ပေါင်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လိုသည့် စိတ်ကူးများ လုံးဝ မရှိတော့ချေ။ သူ၏ အမြင်အရဆိုလျှင် ဟုန်ရှောင်ပေါင်သည် ယခုအခါ ဘာမှ မတတ်ကျွမ်းဘဲ မိမိကိုယ်ကို အလွန်အမင်း အထင်ကြီးနေသော လူသစ် တစ်ယောက်သာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ချက်ချင်းပင် အေးစက်စွာ ရယ်မောလိုက်၏။ "ကြည့်ရတာ ညီလေးဟုန်က ဒဏ္ဍာရီထဲက ရာစုနှစ်အတွင်း ပေါ်ထွက်လာတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လောက်တယ်... "