အခန်း ၁၁၈
Vol. 11 Ch. 118
အပိုင်း (၁၁၈) ဟန်နီဘက်ဂျာလား။
ကျိရှောင်လုကလည်း အေးစက်စွာ ရယ်မောလိုက်၏။ "တတိယအဆင့် စာမေးပွဲ ရဲ့ အကြောင်းအရာတွေကို ရှင် သိရဲ့လား။"
"အာ... သိပ်မသိဘူး။" ဟုန်ရှောင်ပေါင်က ရိုးသားစွာ ပြောလိုက်သည်။
"..."
လူတိုင်း ထပ်မံ၍ ဆွံ့အသွားကြပြန်၏။
"စာမေးပွဲ အကြောင်းအရာကိုတောင် မသိဘဲနဲ့ သုံးဆယ် ၊ လေးဆယ် ရာခိုင်နှုန်း သေချာတယ် ဆိုတဲ့ စကားကြီး စကားကျယ်ကို မင်းက ပြောရဲတယ်လား"
ယွမ်လဲ့ရွှေက ဒေါသထွက်စွာ ရယ်မောလိုက်သည်။ "ကောင်းပြီ... ကောင်းပြီ...။ ဘာမှ ဆက်မပြောတော့ဘူး။ ဒီနေ့တော့ တကယ်ကို မျက်စိ ဖွင့်ပေးရလိမ့်မယ်။"
"ရှင် တကယ်ပဲ အခု သွားဖြေဖို့ သေချာရဲ့လား"
လွီဆုချင်းကလည်း မျက်မှောင်ကြုတ်လိုက်၏။ "သားရဲယဉ်ပါးရေးစံအိမ် ရဲ့ တတိယအဆင့် အကြောင်းကို ရှင် ဘယ်လောက်အထိ နားလည်ထားလဲ။"
"နည်းနည်းပါးပါးလေး နားလည်ရုံပါ... "
ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်၏။ အကယ်၍ မသိဘူး ဟု ထပ်ပြောလိုက်ပါက လွီဆုချင်းက သူ့ကို စာမေးပွဲ ဖြေခွင့် ပေးတော့မည် မဟုတ်ကြောင်း စိုးရိမ်၍သာ ဖြစ်သည်။
"ရှင့်ရဲ့ ရွေးချယ်မှုကို ကျွန်မ သဘောမတူဘူး။ ဒါပေမဲ့ ရှင့်ရဲ့ ရွေးချယ်ပိုင်ခွင့်ကိုတော့ လေးစားပါတယ်။"
လွီဆုချင်းက သက်ပြင်းချလိုက်၏။ "ကျွန်မ နောက်ကို လိုက်ခဲ့။"
ဤနေရာက သားရဲယဉ်ပါးရေးစံအိမ် ဖြစ်သောကြောင့် ဟင်းချက်ပြုတ်ရေးစံအိမ်မှ လူများက သဘာဝအတိုင်း ပါဝင် ပတ်သက်ခွင့် မရှိချေ။ ထို့ကြောင့် ဟုန်ရှောင်ပေါင်က အနောက်သို့ လှည့်၍ ချန်ယန်ကို ကြည့်ကာ ပြုံးလိုက်၏။ "အစ်ကိုချန်... ဒါဆို အစ်ကို အရင် ပြန်သွားနှင့်ပါ။ ကျုပ် စာမေးပွဲ အောင်တာနဲ့ ချက်ချင်း လာခဲ့မယ်။"
စာမေးပွဲ အောင်တာနဲ့ ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် သားရဲယဉ်ပါးရေးစံအိမ်မှ လူများ အားလုံး ထပ်မံ၍ အတန်ကြာ ဆွံ့အသွားကြပြန်သည်။
ချန်ယန်သည်ပင်လျှင် ဟုန်ရှောင်ပေါင်က အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသည် ဟု ထင်မြင်မိပြီး အကြံပေး စကား အနည်းငယ် ပြောချင်သော်လည်း ဘာပြောရမှန်း မသိဖြစ်နေသည်။ ဤအချိန်တွင် သူ နှုတ်ဆက် ထွက်ခွာသင့်ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သားရဲယဉ်ပါးရေးစံအိမ်၏ ကိစ္စ ဖြစ်သောကြောင့်ပင်။
သို့သော်ငြား သူ၏ စိတ်ထဲတွင် ဤကိစ္စကို တကယ်ကို စိုးရိမ်ပူပန်နေမိသည်။ ထို့ကြောင့် မျက်နှာပြောင်တိုက်၍ ဤနေရာတွင် ဆက်လက် နေထိုင်နေပြီး ရွှီကျင်းကိုသာ ဒေါသတကြီး စိုက်ကြည့်လိုက်၏။ "မင်း ပြန်သွားတော့။ မင်း ဒီနေ့ လုပ်ခဲ့တဲ့ကိစ္စတွေကို ကြည့်အုံး။"
ရွှီကျင်းသည် ချန်ယန်ကို မကြည့်ရဲသော်လည်း မျက်နှာပေါ်တွင်မူ အနည်းငယ် ဒေါသထွက်နေပုံရ၏။ သူ၏ အမြင်အရဆိုလျှင် ဟုန်ရှောင်ပေါင်ကြောင့်သာ သူက ချန်ယန်၏ ဤမျှလောက် အပြစ်တင်ခြင်းကို ခံနေရခြင်း ဖြစ်သည်။
လွီဆုချင်းက ဟုန်ရှောင်ပေါင်ကို ခေါ်ဆောင်၍ အပေါ်ထပ်သို့ တစ်လှမ်းချင်း တက်သွားခဲ့၏။ ကျိရှောင်လု ၊ ယွမ်လဲ့ရွှေ ၊ ယိစို့ ၊ ဖူယုတို့ အနည်းငယ်သည်လည်း နောက်ကနေ လိုက်ပါသွားကြသည်။ အံ့အားသင့်စရာ ကောင်းသည်မှာ စာရင်းသွင်းရေး တာဝန်ခံ ဖြစ်သော ဦးလေးချင်သည်လည်း နောက်ကနေ လိုက်ပါလာခြင်းပင်။ လူတိုင်းက အနည်းငယ် သံသယဖြစ်စွာဖြင့် သူ့ကို ကြည့်လိုက်ကြရာ သူက ပြုံးလိုက်သည်။ "လူသစ် တစ်ယောက်ရဲ့ တတိယအဆင့် စာမေးပွဲ ဖြေဆိုတာကို မကြည့်ရတာ အတော်ကြာပြီ။ သွားကြည့်ရအောင်။"
သားရဲယဉ်ပါးရေးစံအိမ်၏ စာမေးပွဲ ဆိုသည်မှာ သဘာဝအတိုင်း မိစ္ဆာသားရဲများ ဖြစ်ရမည်။ သို့သော်ငြား သူတို့က အပေါ်ထပ်ဆီသို့ တက်သွားနေကြသည် ဆိုမှတော့ ထိုစာမေးပွဲ ဖြေဆိုရမည့် မိစ္ဆာသားရဲက သိပ်ကြီးမားမည် မဟုတ်လောက်ချေ။ ဟုန်ရှောင်ပေါင်က ရှုပ်ထွေးစွာ တွေးတောနေစဉ်မှာပင် လူတိုင်းသည် အပေါ်ထပ်သို့ ရောက်ရှိသွားကြပြီး တတိယထပ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားကြ၏။
လွီဆုချင်းက ဟုန်ရှောင်ပေါင်ကို အချက်ပြလိုက်ပြီး ဟုန်ရှောင်ပေါင်ကို ခေါ်ဆောင်၍ စင်္ကြံလမ်း တစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်။
အတွင်းပိုင်းသည် သာမန် အဆောက်အအုံများနှင့် ခြားနားမှု မရှိချေ။ မီတာ အနည်းငယ်တိုင်းတွင် တံခါးတစ်ပေါက်စီ ရှိပြီး အများစုမှာ ပိတ်ထားကြ၏။
လူအနည်းငယ်က လျှောက်လာခဲ့ကြပြီး တံခါးတစ်ပေါက် ရှေ့သို့ ရောက်ရှိလာကြသည်။ တံခါးပေါ်တွင် စာလုံး အနည်းငယ် ရေးသားထား၏။ "တတိယအဆင့် စာမေးပွဲခန်း" ဟူ၍ ဖြစ်သည်။
"ဒီနေရာပဲလား" ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် လှုပ်ရှားသွား၏။
လွီဆုချင်းက တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ ခဏအကြာတွင် တံခါးပေါ်ရှိ လေးထောင့်ပေါက်လေး တစ်ခု ပွင့်သွားပြီး အတွင်းမှ မျက်လုံးတစ်စုံက လူတိုင်းကို အကဲခတ် ကြည့်ရှုနေသည်။
"ဆရာကြီးချန်း... ကျွန်မတို့ဆီက တစ်ယောက်က တတိယအဆင့် စာမေးပွဲ ကို ဖြေဆိုချင်လို့ပါ။" လွီဆုချင်းက ပြောလိုက်၏။
"အပိုစကားတွေ။ ဒီနေရာကို လာတာ စာမေးပွဲ ဖြေဖို့ မဟုတ်ရင် ဈေးလာဝယ်ဖို့များလား"
ထိုလူက မျက်လုံးကို ကစားလိုက်သည်။ "ဘယ်သူလဲ။"
လွီဆုချင်းက ဟုန်ရှောင်ပေါင်ကို လက်ညှိုးထိုးပြလိုက်၏။
"သူ လား"
ထိုလူက မျက်မှောင်ကြုတ်လိုက်၏။ "မျက်နှာစိမ်းနေပါလား။ ရောက်လာတာ ဘယ်လောက်ကြာပြီလဲ။"
"ဆရာကြီးချန်း... သူက ဒီနေ့မှ သားရဲယဉ်ပါးရေးစံအိမ် ကို ဝင်လာတာ။" လွီဆုချင်းက ထပ်ပြောလိုက်သည်။
"အို... ရောက်လာတာ... "
ဆရာကြီးချန်းသည် ပြောနေရင်းမှ ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။ "မင်း ဘာပြောလိုက်တာလဲ။ ဒီနေ့ လား။ ဒီနေ့မှ စံအိမ်ကို ဝင်လာတာနဲ့ တတိယအဆင့် စာမေးပွဲ ကို လာဖြေတယ်လား။"
"ဟုတ်ပါတယ်။" လွီဆုချင်းက ခေါင်းညိတ်လိုက်သည်။
"ကိုယ်အလေးချိန် ကိုယ်မသိတဲ့ကောင်တွေ။ ငါ့အချိန်ကို လာဖြုန်းနေတာပဲ" ဆရာကြီးချန်း က ဆဲဆိုလိုက်ပြီး ထိုလေးထောင့်ပေါက်လေးကို ခပ်ပြင်းပြင်း ပိတ်လိုက်၏။
"ဆရာချန်းရှူ။ တတိယအဆင့် စာမေးပွဲ ကို တာဝန်ယူတဲ့ ဆရာကြီး လေ။" လွီဆုချင်းက တိုးညှင်းစွာ မိတ်ဆက်ပေးလိုက်သည်။
"ဆရာကြီးချန်း... " ဟုန်ရှောင်ပေါင်၏ မျက်နှာပေါ်တွင် မည်းမှောင်နေသော မျဉ်းကြောင်းများဖြင့် ပြည့်နှက်သွားပြီး ထပ်မံ၍ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း တံခါးက ဂျိန်းခနဲ ပွင့်သွား၏။
အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော လူလတ်ပိုင်းအရွယ် ယောက်ျားကြီး တစ်ယောက်က ဟုန်ရှောင်ပေါင်ကို အထက်အောက် အကဲခတ် ကြည့်ရှုလိုက်သည်။
နောက်တစ်စက္ကန့်တွင်မူ မျက်မှောင် အနည်းငယ် ပင့်တင်လိုက်ပြီး လက်ချောင်းဖြင့် လေထဲမှနေ၍ ဖြစ်သလို တစ်ချက် ကလော်လိုက်ရာ ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲမှ ရတနာဝက်ဝံထွက်ပေါ်လာခဲ့၏။
ချန်းရှူ သည် အနည်းငယ် အံ့အားသင့်သွားသည်။ "ယိုး... မင်းက ရွှေဝါရောင် ဝက်ဝံပေါက်လေး ကို ယဉ်ပါးအောင် မွေးမြူထားနိုင်ခဲ့တာကိုး။ နည်းနည်းတော့ အရည်အချင်း ရှိသားပဲ။ ဒါပေမဲ့ တတိယအဆင့် စာမေးပွဲ ကို အောင်မြင်ချင်ရင်တော့... လေ့ကျင့်ဖို့ လိုသေးတယ်။"
ထိုသို့ပြောဆိုရင်း ထပ်ပြောလိုက်၏။ "မင်း သိထားသင့်တာက တစ်နှစ်ကို စာမေးပွဲ ဖြေခွင့် တစ်ခေါက်ပဲ ရှိတာနော်။ ဒီတစ်ခေါက် ကျရှုံးသွားရင် နောက်နှစ်အထိ စောင့်ရလိမ့်မယ်။ မင်း တကယ်ပဲ စာမေးပွဲ ဖြေဖို့ သေချာရဲ့လား။"
"သေချာတယ်။" ဟုန်ရှောင်ပေါင်က ပြတ်သားစွာ ပြောလိုက်ပြီး စိတ်ထဲတွင်လည်း အနည်းငယ် ဆွံ့အသွားခဲ့သည်။
ဘာဖြစ်လို့ ဒီလူတွေ အားလုံးက ငါ စာမေးပွဲ ကျလိမ့်မယ်လို့ ထင်နေကြတာလဲ။
"ဟားဟား။" ချန်းရှူ သည် ထင်မြင်ချက် မပေးဘဲ ပြုံးလိုက်ပြီး လူတိုင်းကို ခေါ်ဆောင်၍ တံခါး အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
ထိုအခါမှ ဟုန်ရှောင်ပေါင်သည် ထူးခြားမှုကို သတိပြုမိသွားသည်။ ဤအခန်းက အပြင်ဘက်မှ ကြည့်လျှင် သာမန်အတိုင်း ထင်ရသော်လည်း အတွင်းပိုင်းကမူ အလွန် ကြီးမားလှ၏။ ကလေးငယ် လက်သီးဆုပ် အရွယ်အစားခန့်သာ ရှိသော သံမဏိချောင်းများဖြင့် ပြုလုပ်ထားသည့် တံခါးဖြင့် အနည်းငယ်ဖြင့် ခြားထားသည်။ သားရဲယဉ်ပါးရေးစံအိမ်သည် အလွန် သတိထားပုံရသည်။
ဤတံခါး အနည်းငယ်ကြားတွင် တစ်ခါဖွင့်လျှင် တံခါးတစ်ပေါက်သာ ဖွင့်သည်။ ဤတံခါးသို့ ဝင်ရောက်ပြီးပါက အနောက်ဘက်ရှိ တံခါးကို ပိတ်လိုက်ပြီးမှ အရှေ့ဘက်ရှိ တံခါးတစ်ပေါက်ကို ထပ်မံ ဖွင့်ပေးသည်။ ဤသို့ဖြင့် တံခါးငါးပေါက်ကို ဖြတ်ကျော်ပြီးသည့်နောက်တွင်မှ လိုဏ်ဂူတစ်ခုကဲ့သို့ ဖန်တီးထားသော အခန်းတစ်ခန်း အတွင်းသို့ ရောက်ရှိသွားကြ၏။
ဟုန်ရှောင်ပေါင် ကြည့်ရှုလိုက်ရာ ကြွက်သားများ အဖုအထစ် ထွက်နေပြီး ခန္ဓာကိုယ် ထွားကျိုင်းသော ယောက်ျားကြီး တစ်ယောက်စာလောက် ကြီးမားသည့် ခြေလေးချောင်း တိရစ္ဆာန် တစ်ကောင်က ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ဝပ်နေပြီး လူတိုင်းကို အထက်အောက် အကဲခတ် ကြည့်ရှုနေသည်ကို တွေ့မြင်လိုက်ရသည်။
"ဒါက တတိယအဆင့် စာမေးပွဲ ရဲ့ ပစ်မှတ်ပဲ။ တတိယအဆင့် မိစ္ဆာသားရဲ ခေါင်းဖြူ ခွေးတူဝက်တူကြီး။"
"ချီး"
လူတိုင်းက ဤသားရဲကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် အားလုံးက လေအေး တစ်ချက် ရှူရှိုက်လိုက်ကြ၏။
"ဘယ်လိုလုပ်... ဒီသားရဲ ဖြစ်နေရတာလဲ။" လွီဆုချင်းသည်လည်း အလန့်တကြား အော်ဟစ်လိုက်သည်။
"ပင်းထိုကော (ခေါင်းပြောင် အစ်ကိုကြီး) လား။" ဟုန်ရှောင်ပေါင်သည်လည်း အလန့်တကြား အော်ဟစ်လိုက်၏။
"ဘယ်လိုလုပ်... ဒီသားရဲ ဖြစ်နေရတာလဲ။" လွီဆုချင်းသည်လည်း အလန့်တကြား အော်ဟစ်လိုက်သည်။
"ပင်းထိုကော လား။" ဟုန်ရှောင်ပေါင်သည်လည်း အလန့်တကြား အော်ဟစ်လိုက်၏။
လူတိုင်းက အနည်းငယ် အသက်ရှူရ ကြပ်သွားကြပြီး ပင်းထိုကော က ဘာအဓိပ္ပာယ်မှန်း နားမလည်ကြသဖြင့် ဟုန်ရှောင်ပေါင်ကို အားလုံး ဝိုင်းကြည့်လိုက်ကြသည်။
"အာ... ဘာမှ မဟုတ်ပါဘူး... ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားတို့ အရင် ပြောကြ... " ဟုန်ရှောင်ပေါင်က ဦးခေါင်းကို ကုတ်လိုက်၏။ သူ အလန့်တကြား အော်ဟစ်လိုက်ရခြင်း အကြောင်းရင်းမှာ ကျောက်တုံးကြီးပေါ်တွင် ဝပ်နေသော ထိုအကောင်က ကမ္ဘာမြေပေါ်တွင် နာမည်ကြီးသော "သေသည်ရှင်သည်ကို ဂရုမစိုက် မကျေနပ်ရင် တိုက်ခိုက်" ဆိုသည့် ပင်းထိုကော ခေါ် ဟန်နီဘက်ဂျာ နှင့် လုံးဝ တူညီနေသောကြောင့် ဖြစ်၏။