← Chapters

အခန်း ၁၂၂

Vol. 11 Ch. 122

အခန်း ၁၂၂

Vol. 11 Ch. 122

အပိုင်း (၁၂၂) ခွန်အားကြီး သိုင်းပညာ။

ယွမ်လဲ့ရွှေသည် ချက်ချင်း ဆွံ့အသွားပြီး မျက်နှာ နီရဲသွားတော့၏။

ဟုတ်တယ်။ သားရဲယဉ်ပါးရေးစံအိမ်က ကြီးမားသော စံအိမ်ကိုးခုထဲမှာ မိစ္ဆာသားရဲရဲ့ စွမ်းရည်ကို အလေးအနက် အထားဆုံး မဟုတ်ဘူးလား။ ငါက ဘယ်လိုလုပ်ပြီး ရူးကြောင်ကြောင် ဖြစ်သွားရတာလဲ။

"သိပ်ချစ်စရာ ကောင်းတာပဲ... သိပ်ချစ်စရာ ကောင်းတာပဲ" ကျိရှောင်လု တစ်ယောက်တည်းကသာ ခုန်ဆွခုန်ဆွ ဖြစ်နေ၏။ သူမ၏ အမြင်အရဆိုလျှင် ဤရွှေဝါရောင် ဝက်ဝံပေါက်လေးက ပိုပြီးတော့တောင် ချစ်စရာ ကောင်းလာသည် မဟုတ်ပါလား။

ချန်ယန်က အလွန် ဝမ်းသာနေ၏။ သူ၏ အမြင်အရဆိုလျှင် ရွှေဝါရောင် ဝက်ဝံပေါက်လေးက သေးငယ်သော်လည်း ဤအတိုင်း ဆက်သွားပါက ခဏအကြာတွင် ခေါင်းဖြူ ခွေးတူဝက်တူကြီး ဒူးထောက် အရှုံးပေးရမည့် အခြေအနေ ဖြစ်နေသည် မဟုတ်ပါလား။

လိုဏ်ဂူထဲတွင်မူ ပင်းထိုကောသည် ကုတ်ခြစ်ခံရလွန်း၍ ကြောက်လန့်သွားခဲ့ပြီ ဖြစ်ပြီး လိုဏ်ဂူ ထောင့်တစ်နေရာတွင် ဝင်ခွေနေ၏။ လက်နှစ်ဖက်ဖြင့် ခေါင်းကို ပိုက်လျက် ဟုန်ရှောင်ပေါင်... အတိအကျ ပြောရလျှင် ဟုန်ရှောင်ပေါင်၏ ပုခုံးပေါ်ရှိ ရွှေဝါရောင် ဝက်ဝံပေါက်လေးကို အလွန်အမင်း ထိတ်လန့်တကြား ကြည့်ရှုနေသည်။

"သွား"

ဟုန်ရှောင်ပေါင်က ရတနာဝက်ဝံကို ဆွဲချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "ငါက သူနဲ့ တစ်ယောက်ချင်း တိုက်မလို့။ မင်းက ဘာဝင်ရှုပ်တာလဲ။ ဘေးမှာ သွားနေ။"

ထိုသို့ပြောဆိုရင်း ခေါင်းဖြူ ခွေးတူဝက်တူကြီးဆီသို့ မားမားမတ်မတ်ဖြင့် ခုန်ဝင်သွားခဲ့သည်။

"အု... " ရတနာဝက်ဝံသည် အလွန်အမင်း စိတ်မကောင်းဖြစ်သွားပြီး အသံကို နားထောင်ရုံဖြင့် ငိုတော့မည့်ပုံပင်။

"အာယိုး။ မောင်လေးဟုန် က ရည်မှန်းချက် ကြီးတာပဲ... ရည်မှန်းချက် ကြီးတာပဲ။" ကျိရှောင်လုက လက်ခုပ်တီး အားပေးလိုက်သည်။

"ဒါ... ရူးနေပြီလား။" လွီဆုချင်းနှင့် ချန်ယန်တို့က ပြိုင်တူ မျက်မှောင်ကြုတ်လိုက်ကြ၏။

"ဒီကောင်လေးဆီမှာ ဒီလို စိတ်ဓာတ်မျိုး ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။"

ဦးလေးချင် က ခေါင်းအနည်းငယ် ယမ်းလိုက်၏။ "ဒါပေမဲ့ ခွန်အားချင်း ယှဉ်ပြိုင်ရင် သူက ခေါင်းဖြူ ခွေးတူဝက်တူကြီး ထက် အများကြီး အားနည်းနေတာ သိသာတယ်။ ဒီလို လုပ်တာက နည်းနည်းတော့ တုံးအရာ ကျတယ်... "

"ဟားဟားဟားဟား။ တုံးအတာ... တုံးအလွန်းလို့ အဆုံးစွန်ပဲ"

ယွမ်လဲ့ရွှေက ယခုလေးတင်က ချန်းရှူ၏ ငေါက်ငန်း

မှုကြောင့် မျက်နှာ အလွန် ပျက်ခဲ့ရသော်လည်း ယခုအခါတွင် ချက်ချင်း ပြန်လည် တက်ကြွလာခဲ့ပြန်၏။ "အကယ်၍ ရွှေဝါရောင် ဝက်ဝံပေါက်လေး ရဲ့ အကူအညီ ပါရင်တောင်မှ အခွင့်အရေး နည်းနည်းလေးပဲ ရှိနိုင်မှာကို။ အခုတော့ မင်း ဒီလို ဖိနှိပ်ခံရတာကိုပဲ ငါ ကြည့်နေတော့မယ်။"

လူတိုင်း၏ စိတ်ကူးများက အမျိုးမျိုး ကွဲပြားနေကြသော်လည်း အကယ်၍ သူတို့က ဟုန်ရှောင်ပေါင်၏ ယခုအချိန်ရှိ တွေးတောပုံကို သိရှိသွားပါက သေချာပေါက် ဒေါသထွက်ပြီး ရယ်မောမိကြပေလိမ့်မည်။

ဟုန်ရှောင်ပေါင်က ရတနာဝက်ဝံကို ဝင်မရှုပ်ခိုင်းရခြင်း၏ အကြောင်းရင်းမှာ အလွန် ရိုးရှင်း၏။ သူ၏ အမြင်အရဆိုလျှင် ဤသည်မှာ ပြင်ပအင်အား ဖြစ်သည်။ စာမေးပွဲခန်းထဲကို ဂဏန်းတွက်စက် ယူသွားသည်နှင့် အတူတူပင်။ ထို့ကြောင့် ရတနာဝက်ဝံကို ချက်ချင်း အော်ဟစ် မောင်းထုတ်လိုက်ရခြင်းမှာ စာမေးပွဲခန်းထဲမှ ဆွဲထုတ်ခံရမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။

"ထ။ အချီသုံးရာ လောက် ထပ်တိုက်ကြအုံးမယ်။" ဟုန်ရှောင်ပေါင်က ခါးထောက်လျက် ထောင့်တစ်နေရာတွင် ဝင်ခွေနေသော ခေါင်းဖြူ ခွေးတူဝက်တူကြီးကို ဒေါသတကြီး လက်ညှိုးထိုးလိုက်၏။

အထွေထွေအားဖြင့် ခန္ဓာကိုယ် ကြီးမားသော မိစ္ဆာသားရဲများသည် အထူး စွမ်းရည် တစ်စုံတစ်ရာ မရှိပါက ခြင်ကောင် ၊ ပိုးကောင် စသည့် သေးငယ်သော အကောင်လေးများကို ကြောက်ရွံ့တတ်ကြသည်။ ခေါင်းဖြူ ခွေးတူဝက်တူကြီးကမူ မူလက ကြောက်ရွံ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ပျားရည်စား ပျား ဟု ခေါ်သော အပုပ်စား နဂျီဖျဉ်တစ်မျိုးက ခေါင်းဖြူ ခွေးတူဝက်တူကြီးနှင့် အတူတကွ ရှင်သန် နေထိုင်ကြသောကြောင့် ဖြစ်သည်။

ခေါင်းဖြူ ခွေးတူဝက်တူကြီးက အသားစားလျှင် သူတို့က အကြွင်းအကျန်များကို စားသုံးကြပြီး သာမန်အချိန်များတွင် လာရောက်သော ခြင်ကောင် ၊ ပိုးကောင် စသည်တို့သည် ပျားရည်စား ပျားများ၏ အစားအစာ ဖြစ်လာကြ၏။

သို့သော်ငြား ခေါင်းဖြူ ခွေးတူဝက်တူကြီးက ဤနေရာသို့ အဖမ်းခံလာရသောကြောင့် ပျားရည်စားပျားများလည်း သဘာဝအတိုင်း မရှိတော့ချေ။ ထို့ကြောင့် အလွန် သွက်လက် လှုပ်ရှားတတ်သော ရွှေဝါရောင် ဝက်ဝံပေါက်လေး ကို ရင်ဆိုင်ရချိန်တွင် သူ တကယ်ကို ဘာလုပ်ရမှန်း မသိဖြစ်သွားခဲ့ရသည်။

ထို့ကြောင့် ယခုအခါ "သေသည်ရှင်သည်ကို ဂရုမစိုက် မကျေနပ်ရင် တိုက်ခိုက်" ဆိုသည့် သူက ဟုန်ရှောင်ပေါင်၏ စိန်ခေါ်မှုကို ခံရသော်လည်း လက်နှစ်ဖက်ဖြင့် ခေါင်းကို ပိုက်လျက် ထွက်မတိုက်ရဲချေ။ လက်နှစ်ဖက်ကြားမှနေ၍ ရတနာဝက်ဝံကိုသာ ခိုးကြည့်နေ၏။

"လာလေ။ ယောက်ျား တစ်ယောက်လို ထွက်ခဲ့"

ဟုန်ရှောင်ပေါင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ "ယောက်ျား အချင်းချင်း တိုက်ခိုက်ကြမယ်။"

ခေါင်းဖြူ ခွေးတူဝက်တူကြီး တုံ့ပြန်မှု မရှိသေးမီမှာပင် အပြင်ဘက်ရှိ ချန်းရှူ က ရယ်မောလိုက်၏။ ဦးလေးချင် ၏ မျက်နှာပေါ်တွင်လည်း အပြုံးများဖြင့် ပြည့်နှက်နေသည်။

လူတစ်ယောက်နဲ့ သားရဲတစ်ကောင် ကြားမှာ ယောက်ျား အချင်းချင်း တိုက်ခိုက်ကြမယ် လား။ ဒါက ဘယ်လို စကားမျိုးလဲ။

ဟုန်ရှောင်ပေါင်ကမူ အပြင်ဘက်မှ အသံများကို လုံးဝ ဂရုမစိုက်ချေ။ သူက ကိစ္စတစ်ခုခုကို အလေးအနက် လုပ်ဆောင်သည့် အကြိမ်တိုင်းတွင် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ထားသော အခြေအနေသို့ ရောက်ရှိသွားလေ့ ရှိသည်။ ယခုလည်း ထိုနည်းတူပင် ဖြစ်၏။ သူ၏မျက်စိထဲတွင် ခေါင်းဖြူ ခွေးတူဝက်တူကြီးသာ ရှိတော့ပြီး အဆက်မပြတ် စိန်ခေါ်နေဆဲပင်။

"ဝေါင်း။ ဝေါင်းဝေါင်း... "

ခေါင်းဖြူ ခွေးတူဝက်တူကြီးက ရတနာဝက်ဝံဝင်မတိုက်တော့ဘူး ဆိုသည့် အဓိပ္ပာယ်ကို ရိပ်မိသွားပုံရသော်လည်း သေချာ မသိသေးချေ။ ဟိန်းဟောက်သံများက တဖြည်းဖြည်း ဒေါသသံ ပါလာခဲ့၏။

"ငတုံး"

ယင်းကျိုယို က ရုတ်တရက် မျက်စိရှေ့တွင် ပေါ်လာခဲ့၏။ "မင်းက ဒီကောင်နဲ့ ဒီအတိုင်း ဆက်ပြီး အချိန်ဖြုန်းနေချင်တာလား။ တိရစ္ဆာန် နှစ်ကောင် သေတဲ့အထိ ဝင်ကိုက်နေသလိုမျိုး လား။"

"အဘိုး။" ဟုန်ရှောင်ပေါင် ဝမ်းသာသွား၏။

သူက အလွန် အာရုံစိုက်နေခဲ့သောကြောင့် အဘိုး ဆိုသည့် ကြီးမားသော BUG ကြီးကိုပင် မေ့လျော့နေခဲ့သည်။ ထို့ကြောင့် ချက်ချင်း ပြောလိုက်သည်။ "လာလာလာလာ... မြန်မြန်။ မြန်မြန် ပြောပြပါအုံး .. ဘာလျှို့ဝှက်ချက် ရှိလဲ။"

"ဘာလျှို့ဝှက်ချက်မှ မရှိဘူး။"

ယင်းကျိုယို ကမူ ခေါင်းယမ်းလိုက်၏။ "မိစ္ဆာသားရဲ တွေထဲမှာ ဘယ်လိုမှ စည်းရုံးလို့ မရတဲ့ ကောင်တွေ အများကြီး ရှိတယ်။ ဒီ ခေါင်းဖြူ ခွေးတူဝက်တူကြီး က အဲဒီထဲက တစ်ကောင်ပဲ။ မင်းက ခွန်အားနဲ့ပဲ သူ့ကို အနိုင်ယူလို့ ရမယ်။"

"..." ဟုန်ရှောင်ပေါင်သည် ချက်ချင်း ဆွံ့အသွားခဲ့သည်။

ခွန်အားနဲ့ အနိုင်ယူရမှာ ဆိုရင် အဘိုးက ကိုယ်ထင်ပြပြီး ဘာလာပြောနေတာလဲ။

"ငတုံး"

ယင်းကျိုယို ကမူ သူ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး ပြောလိုက်၏။ "လယ်သမား တစ်ယောက်မှာ ပေါင် နှစ်ရာ ခွန်အား ရှိပြီး သိုင်းသမား တစ်ယောက်မှာ ပေါင် တစ်ရာ ခွန်အား ရှိတယ် ထားပါတော့။ သူတို့ နှစ်ယောက် တိုက်ခိုက်ရင် ဘယ်သူ နိုင်မလဲ။"

"သေချာပေါက် သိုင်းသမား ပေါ့။"

ဟုန်ရှောင်ပေါင်က ချက်ချင်း ပြောလိုက်ပြီး စကား ထွက်သွားသည်နှင့် အဘိုး ဘာပြောချင်သည်ကို ချက်ချင်း နားလည်သွား၏။ "အာဟား။ ကျုပ် နားလည်ပြီ။ အဘိုး... လာလာလာလာ။ ခွန်အား ထုတ်သုံးတဲ့ လျှို့ဝှက်ချက်ကို မြန်မြန် ပြောပြပါအုံး။"

"မဆိုးပါဘူး။ သိပ်မတုံးသေးပါဘူး"

ယင်းကျိုယို က ခေါင်းညိတ်လိုက်သည်။ "ခွန်အားကို သင့်လျော်စွာ အသုံးပြုတတ်ရင် ပေါင် တစ်ထောင် ခွန်အားကို အောင်စ အနည်းငယ်နဲ့ တွန်းလှန်နိုင်တဲ့ အကျိုးသက်ရောက်မှုမျိုး ရနိုင်တယ်။ အခု ငါက မင်းကို ခွန်အား အသုံးပြုတဲ့ အမြင့်ဆုံး သိုင်းပညာရပ် တစ်ခုကို သင်ပေးမယ်... "

"အို... ဟို... ဟို... ဟို... ဟို... ဟို... "

ဟုန်ရှောင်ပေါင်၏ မျက်လုံးများ ချက်ချင်း ကာတွန်း ရုပ်ပုံများကဲ့သို့ ပြူးကျယ်သွားခဲ့ပြီး မျက်လုံးထဲတွင် ကြယ်လေးများ ချက်ချင်း ပြည့်နှက်သွားခဲ့၏။ အဘိုး၏ လက်ရာဖြင့်ဆိုလျှင် အမြင့်ဆုံး သိုင်းပညာရပ် ဆိုသည်မှာ ကြယ်စုပ်ယူခြင်း သိုင်း ၊ နဂါးနိုင် လက်ဝါးဆယ့်ရှစ်ကွက် ၊ ကျိုးယင်သိုင်း

စသည့် နာမည် ကြားရုံနှင့်တင် အံ့မခန်း ဖြစ်သော သိုင်းပညာရပ်များ သေချာပေါက် ဖြစ်ရမည် မဟုတ်ပါလား။ တစ်ခဏချင်းမှာပင် အလျင်အမြန် တောင်းဆိုလိုက်၏။ "ဘာလဲ ဘာလဲ ဘာလဲ။ မြန်မြန် ပြောပြပါအုံး။"

"ခွန်အားကြီး သိုင်းပညာရပ်။"

"..." ဟုန်ရှောင်ပေါင်သည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့၏။ ဒီနာမည်ကို ကြားရတာ အရမ်း အားနည်းလွန်းနေတယ်။ စစ်တပ် လက်ဝှေ့သိုင်း လောက်တောင် အားမကောင်းလောက်ဘူး။

ဟုန်ရှောင်ပေါင်က အဋ္ဌမအကြိမ်မြောက် တစ်နိုင်ငံလုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကတောင် ဤသိုင်းပညာရပ်ထက် အများကြီး ပိုကောင်းသေးတယ် ဟု ထင်မြင်မိ၏။

"ဒါဆိုရင် ဂိုဏ်းငယ်လေး တစ်ခုဆီက ရခဲ့တဲ့ စိမ်းလန်းသော ကောင်းကင်ဘုံ နဂါးကိုးကောင် ချီလည်ပတ်ခြင်း သိုင်းပညာရပ် တစ်ခုလည်း ငါ့ဆီမှာ ရှိသေးတယ်။ အာနိသင်ကတော့ မင်းတို့ရဲ့ လေယင်နန်းဆောင် ရဲ့ အခြေခံ သိုင်းပညာရပ် ထက် နည်းနည်းလေး ညံ့တယ်။ မင်း သင်ချင်လား။" ယင်းကျိုယို က အထင်မြင်သေးသလို ပြောလိုက်သည်။

"နောက်နေတာလား။"

ဟုန်ရှောင်ပေါင်က အတည်ပေါက် ပြောလိုက်၏။ "ကျုပ် က သမားရိုးကျ သိုင်းမျိုးတွေကို နှစ်သက်တဲ့ လူမျိုးလား။"

"ဟုတ်တယ်။"

"ဒါတွေ အရင် မပြောနဲအုံး။ လာ... သင်ပေးတော့။" ဟုန်ရှောင်ပေါင်က စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်သည်။

ဝေါင်း။

ရတနာဝက်ဝံဝင်မတိုက်တော့ဘူး ဆိုသည်ကို တစ်ချိန်လုံး သတိထား စောင့်ကြည့်နေခဲ့သော ခေါင်းဖြူ ခွေးတူဝက်တူကြီးသည် ယခုအချိန်တွင် အဆုံးသတ်၌ သေချာသွားခဲ့ပြီ ဖြစ်ပြီး ရူးသွပ်စွာ ဟိန်းဟောက်လျက် ခုန်အုပ်လာခဲ့ပြီ ဖြစ်၏။

‘မင်း နည်းနည်းလောက် ထပ်စောင့်ပါအုံးလား။ ငါ သိုင်းပညာ သင်နေတာဟ’ ဟုန်ရှောင်ပေါင်က စိတ်ထဲမှ အသံကျယ်ကြီးဖြင့် ဆဲဆိုလိုက်သော်လည်း မျက်နှာမူလျက် ခုန်အုပ်သွားရုံသာ ရှိတော့သည်။

All Chapters