အခန်း ၁၂၃
Vol. 11 Ch. 123
အပိုင်း (၁၂၃) ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
"ကိစ္စမရှိဘူး။ တိုက်ရင်း သင်လို့ ရတယ်။"
ယင်းကျိုယို ကမူ အတော်လေး တည်ငြိမ်နေပြီး ရှင်းလင်း ပြတ်သားစွာ ပြောလိုက်၏။ "ခွန်အားမှာ အသုံးပြုနည်း အနည်းငယ် ရှိတယ်။ လျှို့ဝှက်ချက်က ခွန်အားကို ဖျက်ထုတ်ခြင်းနဲ့ ခွန်အားကို ထုတ်ဖော်ခြင်း အပေါ်မှာ မူတည်တယ်။ အရင်ဆုံး ခွန်အားကို ဖျက်ထုတ်တာကို သင်ပေးမယ်... "
ဘုန်း...
ဟုန်ရှောင်ပေါင်နှင့် ခေါင်းဖြူ ခွေးတူဝက်တူကြီးတို့ ပြင်းထန်စွာ ဝင်တိုက်မိသွားကြပြီး တစ်ချက် ဝင်တိုက်မိသည်နှင့် ဟုန်ရှောင်ပေါင်က ခြေလှမ်း ခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်ဆုတ်သွားရသည်။
"မြန်မြန် လုပ်ပါ အဘိုး။"
ဟုန်ရှောင်ပေါင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ " မြန်မြန် မသင်ပေးရင် ကျုပ် သွေးအန်တော့မယ်။"
"ခွန်အားကြီး သိုင်းပညာရပ် ရဲ့ အနှစ်သာရက 'ပုံသဏ္ဌာန်ကြီးမားပြီး နေရာကျော်လွန်ခြင်း' ဆိုတဲ့ စာလုံးလေးလုံးပဲ။"
အဘိုးက ဟုန်ရှောင်ပေါင် ဒုက္ခရောက်နေသည်ကို သတိပြုမိပုံ မရချေ။ သူ၏ အသံကို နားထောင်ရသည်မှာ တမင်သတ်သတ် အနည်းငယ် နှေးကွေးနေပုံရပြီး ဖြည်းဖြည်းချင်း ပြောနေသည်။ "ဒီစာလုံးလေးလုံးရဲ့ အဓိပ္ပာယ်က ခြေလှမ်းက လူကို ကျော်လွန်ရမယ်။ ခန္ဓာကိုယ်က လူကို ကျော်လွန်ရမယ်။ လက်က လူကို ကျော်လွန်ရမယ်။ လူက လူကို ကျော်လွန်ရမယ်... "
ဘုန်း...
ဟုန်ရှောင်ပေါင်နှင့် ခေါင်းဖြူ ခွေးတူဝက်တူကြီးတို့ နောက်တစ်ကြိမ် ဝင်တိုက်မိသွားကြပြန်ပြီး ခန္ဓာကိုယ်က မီတာ ဆယ်နှင့်ချီ အနောက်သို့ တွန်းပို့ခံလိုက်ရ၏။
"ခြေလှမ်းက လူကို ကျော်လွန်ရမယ် ဆိုတာက အရှေ့ခြေထောက်က ရန်သူရဲ့ အနောက်ခြေထောက်ကို ကျော်လွန်ရမယ်။ မင်းရဲ့ ခြေလှမ်းက ရန်သူကို လန်ကျသွားအောင် တွန်းထုတ်ပစ်နိုင်အောင် လုပ်ရမယ်။ ခန္ဓာကိုယ်က လူကို ကျော်လွန်ရမယ် ဆိုတာက ကိုယ့်ရဲ့ ဆွဲငင်အား ဗဟိုချက်ကို ရန်သူရဲ့ ဆွဲငင်အား ဗဟိုချက်အပေါ် ဖိချရမယ်။ ရန်သူကို လဲကျသွားအောင် လွင့်ပျံသွားအောင် လုပ်ရမယ်။ လက်က လူကို ကျော်လွန်ရမယ် ဆိုတာက ရန်သူကို ဖောက်ထွင်းသွားအောင် တိုက်ခိုက်ရမယ်။ တိုက်ခိုက်ရမှာက မျက်နှာ ရင်ဘတ် မဟုတ်ဘဲ နောက်စေ့ နောက်ကျော ကို ဖြစ်တယ်...
လူ ဆိုတာ အပြင်းထန်ဆုံး ခန္ဓာကိုယ်ပဲ။ ကျောက်ဆောင်လို သံမဏိတုံးလို ဖြစ်တယ်။ ဒါပေမဲ့ လူ က အနူးညံ့ဆုံး ခန္ဓာကိုယ်လည်း ဖြစ်ပြန်တယ်။ လေလို ၊ ရေလို ၊ မြက်လို ဖြစ်တယ်။ မင်း အလွန်အမင်း နူးညံ့မှုနဲ့ အလွန်အမင်း ပြင်းထန်မှု ကြားမှာ လွတ်လပ်စွာ ကူးပြောင်းတတ်ရမယ်... "
ဘုန်း...
ဘုန်း...
ဘုန်း...
အဘိုးက ဖြည်းဖြည်းချင်း ရှင်းပြနေပြီး ဟုန်ရှောင်ပေါင်မှာမူ မူးမေ့လဲကျလုနီးပါး အတိုက်ခံနေရပြီ ဖြစ်၏။ သူက အဆင့်တက်သည့် အကြိမ်နှစ်ကြိမ်စလုံးတွင် အကန့်အသတ်မဲ့နယ်ပယ် ဖြစ်ခဲ့၍သာ မဟုတ်ပါက စတုတ္ထအဆင့် ကျင့်ကြံသူပင်လျှင် ဤကဲ့သို့ ခွန်အားချင်း ယှဉ်ပြိုင် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
"ဒါ... ဒါက သူ့ကို အရှင်လတ်လတ် တိုက်သတ်လိုက်တော့မှာလား။" လွီဆုချင်းနှင့် ချန်ယန်တို့က စိုးရိမ်တကြီး ကြည့်ရှုနေကြ၏။
ဤအခြေအနေကို ကြည့်ရသည်မှာ ဟုန်ရှောင်ပေါင်က တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို အရှက်ကွဲနေရသည်။
ယွမ်လဲ့ရွှေ တစ်ယောက်တည်းကသာ အရာအားလုံးကို ပျော်ရွှင်စွာ ကြည့်ရှုနေ၏။
ချန်းရှူ ၏ မျက်လုံးများက တဖြည်းဖြည်း မှေးကျဉ်းသွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ငါးလှမ်း။"
အစပိုင်းတွင် ဝင်တိုက်မိသည်နှင့် ဟုန်ရှောင်ပေါင်က ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်ဆုတ်သွားခဲ့ရ၏။ တဖြည်းဖြည်းနှင့် ငါးလှမ်း၊ ခြောက်လှမ်းခန့်သာ ဖြစ်လာခဲ့သည်။ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ တိုက်မိပြီးသည့်နောက် ယခုချိန်မှာတော့ ဟုန်ရှောင်ပေါင်သည် ငါးလှမ်းသာ နောက်ဆုတ်ရတော့၏။
ဘုန်း …။
နှစ်ဖက်စလုံးက တစ်ဖန် ပြန်လည်ဝင်တိုက်မိကြပြန်သည်။ ချန်းရှိုသည် ဟုန်ရှောင်ပေါင်၏ ခြေထောက်များကို အစဉ်တစိုက် စိုက်ကြည့်နေခဲ့၏။ သူ၏မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသည်။
"လေးလှမ်းပဲ ရှိတော့တယ်။"
ကျောက်တုံးကြီးတစ်ခုအပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည့် ရတနာဝက်ဝံလေးမှာမူ အလွန်အမင်း စိုးရိမ်တကြီး ဖြစ်နေရှာ၏။ တုန်ရီနေသည့်အရှိန်မှာ အတော်လေး လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမည့် အနည်းငယ် ထိတ်လန့် တွန့်ဆုတ်နေဆဲပင် ဖြစ်၏။ တစ်ကြိမ်တိုက်မိတိုင်း တစ်ဆထပ်၍ စိုးရိမ်လာရသည်။ ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ ဟုန်ရှောင်ပေါင်အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေပုံ ရ၏။
"မဆိုးဘူး။ ဖယ်ရှားခြင်း ဆိုတဲ့ စာလုံးကို မှတ်မိတာ အတော်လေး ပုံပေါ်လာပြီ။ ဒါပေမဲ့ ပုံသဏ္ဌာန်နဲ့ ခွန်အားကို ချောမွေ့အောင် လုပ်ရမယ်။ ပုံသဏ္ဌာန်ကို တောင့်တင်းမနေစေနဲ့။ ဖြေလျှော့ထားပေမဲ့ ဖရိုဖရဲ မဖြစ်စေဘဲ သဘာဝကျကျ နေရာကျစေရမယ်။ ခြေနှစ်ဖက်ကို မြေကြီးပေါ်မှာ မြဲမြံအောင် နင်းထားရမယ်။ ခါးနဲ့ တင်ပါးကို ဖြေလျှော့ပြီး အောက်ကို နှိမ့်ထား။ ရင်ကို ကော့မထားဘဲ ကျောကို ဖြောင့်စင်းထားရမယ်။ ဦးခေါင်းထိပ်ကို သဘာဝကျကျ မတ်မတ်ထားပြီး လက်မောင်းတွေကို သဘာဝကျကျ မြှင့်တင်ထားရမယ်။"
အဘိုးအိုသည် အဓိက သော့ချက်များကို မရပ်မနား ပြောဆိုနေ၏။ "လက်ကောက်ဝတ်ကို ကွေးထားလို့ မရဘူး။ တံတောင်ဆစ်က အားကို ဖြတ်တောက်ပြီး ပုခုံးပိုင်းကို ချိန်ညှိ။ စွမ်းအားကို အလိုက်သင့် စီးဆင်းစေရမယ်။ ပုံသဏ္ဌာန်နဲ့ ခွန်အား ချောမွေ့သွားပြီ ဆိုရင်တော့ ခါးနဲ့ တင်ပါးကို အဓိကထားပြီး လုပ်ဆောင်ရမယ်။ ခါးနဲ့ တင်ပါးကို ဖြေလျှော့ပြီး စွမ်းအင်တွေကို ဒန်ထျန်ဆီ နစ်မြုပ်စေရမယ်။ ထိုးဖောက်နိုင်စွမ်းရှိဖို့ကို အဓိက ရည်ရွယ်ချက် ထားရမယ်။"
ဟုန်ရှောင်ပေါင်သည် တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားပုံ ရသည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ မရပ်မနား ပြင်းထန်စွာ ဝင်တိုက်မှုအောက်တွင် သူ၏ ကိုယ်နေဟန်ထားကို အဆက်မပြတ် ချိန်ညှိနေခဲ့သည်။
ထိုသားရဲ တစ်ဖန် ပြန်လည်ခုန်ဝင်လာသည်ကို မြင်ချိန်မှာတော့ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းငဲ့လိုက်သည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီး ဝင်တိုက်မိသည့် ထိုခဏ၌ သားရဲ၏ အားအဟုန်အတိုင်း လိုက်ပါလိုက်၏။ ခါးနှင့် ခန္ဓာကိုယ်ကို တစ်သားတည်း ပေါင်းစည်းလိုက်သည်။ လေးညှို့ကို အစွမ်းကုန် ဆွဲတင်ပြီး ပစ်လွှတ်လိုက်သည့်အလား ပြင်းထန်သော အားအင်ကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။
ဘုန်း
ဒေါက်... ဒေါက်... ဒေါက်...
ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်က တုတ်တုတ်မျှ မလှုပ်ရှားခဲ့ချေ။ ဆန့်ကျင်ဘက်အားဖြင့် ထိပ်ဖြူ ခွေးတူဝက်တူကြီး ကသာ ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားခဲ့ရသည်။
ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြက်သေ သေသွားခဲ့၏။ "အာယို... ဒီလောက်တောင် စွမ်းတာလား။"
“…….”
လိုဏ်ဂူအပြင်ဘက်တွင် အစဉ်တစိုက် ဝိုင်းဝန်းကြည့်ရှုနေကြသော လူအုပ်ကြီးသည်လည်း မင်သက်သွားကြ၏။ ရပ်နေရာမှ တုတ်တုတ်မျှ မလှုပ်ရှားသည့် ဟုန်ရှောင်ပေါင်နှင့် ခြေလှမ်းအတော်များများ နောက်ဆုတ်သွားရသော ထိပ်ဖြူ ခွေးတူဝက်တူကြီးကို စိုက်ကြည့်နေကြသည်။
"ဒါ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
"ငါ မြင်တာများ မှားနေတာလား။ ထိပ်ဖြူ ခွေးတူဝက်တူကြီးက သူ့ရဲ့ တွန်းတိုက်မှုကြောင့် နောက်ဆုတ်သွားခဲ့တာလား။"
"ဒါက တိုက်ဆိုင်မှု ဖြစ်ရမယ် မဟုတ်လား။" ယွမ်လဲ့ရွှေက သိပ်မသေချာသည့်ဟန်ဖြင့် ဆို၏။ သို့သော်ငြား ဟုန်ရှောင်ပေါင်ကို ကြည့်နေသည့် သူ၏ မျက်နှာပြင်မှာ အနည်းငယ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
"တော်လိုက်တာ။" ချန်ယုနှင့် ကျိရှောင်လုတို့မှာမူ ဝမ်းသာလွန်းသောကြောင့် ခုန်ပေါက်နေကြ၏။
လွီဆုချင်းမှာမူ ဟုန်ရှောင်ပေါင်၏ ကျောပြင်ကို ကြည့်ရင်း အတော်လေး မှင်တက်နေခဲ့ပြီ ဖြစ်သည်။
"မဆိုးဘူး။ ဖယ်ရှားခြင်း ဆိုတဲ့ စာလုံးကို မှတ်မိတာ အခြေခံ ဝင်သွားပြီ။"
ယင်းကျိုယိုက ခေါင်းညိတ်၍ ပြောလိုက်၏။ "နောက်တစ်ဆင့်ကတော့ အားထုတ်ဖော်ခြင်းပဲ။ အားထုတ်ဖော်ခြင်းရဲ့ သော့ချက်ကတော့ မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်လာမှုပဲ ဖြစ်တယ်။ အရေးပေါ် အခြေအနေမှာ တစ်ကိုယ်လုံးက သံမဏိလို ချက်ချင်း တောင့်တင်းသွားရမယ်။ ကျားတစ်ကောင်က သိုးကို ခုန်အုပ်သလို၊ အာဖရိကခြင်္သေ့ဘုရင်က တောခွေးကို ခုန်အုပ်ပြီး လည်ပင်းရိုးကို ကျိုးကြေသွားစေသလိုမျိုး တစ်ခဏချင်းမှာ မြေကြီးပေါ် ဖိချနိုင်ရမယ်။
ဒါမှမဟုတ် တစ်ဖက်လူရဲ့ ဟန်ချက်ကို ပျက်ပြားစေပြီး သူတို့ ကိုယ်နေဟန်ထား မခိုင်မြဲချိန်မှာ တိုက်ကွက်တွေကို လျင်လျင်မြန်မြန် ဖော်ဆောင်ရမယ်။ ဦးခေါင်း၊ ရင်ဘတ်၊ တစ်ကိုယ်လုံးက အရေးကြီးတဲ့ သွေးကြောဆုံမှတ်တွေ စတဲ့ တစ်ဖက်လူရဲ့ အားနည်းတဲ့ နေရာတွေဆီကို လက်ဝါးနဲ့ တည့်တည့် ထိုးဖောက်ရမယ်။ လက်အားအင်က ထိတွေ့မိတဲ့ နေရာတိုင်းကို စိုက်ဝင်သွားစေရမယ်။"
ဟိန်း... ဟိန်း
ထိပ်ဖြူ ခွေးတူဝက်တူကြီးက ပို၍ ဒေါသထွက်လာ၏။ သူ့အတွက်တော့ ဤသည်မှာ တစ်သက်တာလုံး အရှက်ရဆုံး ကိစ္စပင် ဖြစ်သည်။ အထူးသဖြင့် စောစောလေးကတင် တစ်ဖက်လူကို တစ်ချိန်လုံး အသာစီး ရထားခဲ့ပြီးမှ ယခုကဲ့သို့ တွန်းတိုက်မှုကြောင့် နောက်ဆုတ်သွားရခြင်းက သူ့ကို ပို၍ ဒေါသထွက်စေခဲ့၏။ ရင်ဘတ်ကို ထုရိုက်ကာ ထပ်မံ၍ ရူးသွပ်စွာ ခုန်အုပ်လာခဲ့ပြန်သည်။
ဟုန်ရှောင်ပေါင်သည် စောစောကပင် လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်ထားခဲ့ပြီ ဖြစ်သည်။ ယခုအခိုက်အတန့်တွင် အနည်းငယ်မျှ ထိတ်လန့်နေခြင်း မရှိချေ။ နှစ်ဦးသား ထိတွေ့မိသည့် စက္ကန့်ပိုင်းအတွင်း ခန္ဓာကိုယ်ကို အနည်းငယ် စောင်းငဲ့လိုက်၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီး သူ့ကို ဝင်တိုက်မိသည့် ထိုခဏ၌ သားရဲ၏ အားအဟုန်အတိုင်း လိုက်ပါလျက် နောက်တစ်ကြိမ် အားအင်ကို ထုတ်ဖော်လိုက်၏။
ဘုန်း
ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခန္ဓာကိုယ်က နောက်သို့ ဆက်တိုက် လွင့်စင်သွားခဲ့၏။ ဟုန်ရှောင်ပေါင်က ကိုယ်ကို လှည့်၍ လိုက်ပါသွားကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ရင်ဘတ်ပေါ်သို့ တည့်တည့် ဖိချလိုက်၏။ ပြင်းထန်သော အားအင်များက စီးဆင်းထွက်ပေါ်လာသည်။ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရသော ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ ထိုစွမ်းအားကို မခံနိုင်တော့ချေ။ ခန္ဓာကိုယ်ကြီးက ချက်ချင်းပင် လေထဲသို့ လွင့်တက်သွားခဲ့သည်။
ဘုန်း
ကျယ်လောင်သော အသံကြီးနှင့်အတူ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခန္ဓာကိုယ်သည် လိုဏ်ဂူနံရံကြီးပေါ်သို့ ပြင်းထန်စွာ ဝင်ရောက် ထိမှန်သွားခဲ့၏။
"ဟားဟားဟားဟား... ပြိုင်ဘက်ကင်းသွားပြီ။ ကျုပ်က ပြိုင်ဘက်ကင်းသွားပြီ။"
ဟုန်ရှောင်ပေါင်သည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွား၏။ လက်ဝှေ့သမား ခြေလှမ်းများကို ချက်ချင်း ခုန်ပေါက် ကခုန်လိုက်သည်။ "ထစမ်း... ထစမ်း... မင်းနဲ့ နောက်ထပ် အချီ သုံးရာလောက် ထပ်တိုက်အုံးမယ်။"