အခန်း ၁၂၄
Vol. 11 Ch. 124
အပိုင်း (၁၂၄) သိုင်းကွက် သုံးရာလောက် ထပ်ချမယ်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။"
"ဒါက..."
လိုဏ်ဂူအပြင်ဘက်တွင် ဟုန်ရှောင်ပေါင်ကို တစ်ချိန်လုံး စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာ အနည်းငယ် ရူးသွပ်မတတ် ဖြစ်သွားကြ၏။ အားလုံးက လိုဏ်ဂူတွင်းရှိ လှုပ်ရှားမှုများကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။
"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာ အလွန်ကောင်းတယ်။"
ချန်းရှိုသည် ဟုန်ရှောင်ပေါင်ကို မျက်လုံးမှေး၍ ကြည့်နေ၏။ "မယုံကြည်နိုင်စရာပဲ။"
"ဒီကလေးက တကယ်ပဲ ဒုတိယအဆင့်ပဲ ရှိသေးတာလား။"
ဆရာဦးလေးချင်က သေသေချာချာ မြင်တွေ့နေရသည် ဆိုသော်ငြား မသိစိတ်၏ စေ့ဆော်မှုကြောင့် မေးခွန်း ထုတ်လိုက်မိသည်။ "ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်က ထိပ်ဖြူ ခွေးတူဝက်တူကြီးကို အားနဲ့ တည့်တည့် ယှဉ်တိုက်နိုင်တာလား။"
လွီဆုချင်းမှာလည်း အလွန်အမင်း တုန်လှုပ်အံ့အားသင့်နေသည့် ပုံစံပင်။ သို့သော်ငြား ဟုန်ရှောင်ပေါင်မှာ ယနေ့မှသာ အဆင့်သစ်သို့ တက်ရောက်ထားသူ ဖြစ်ကြောင်း သတိရမိချိန်မှာတော့ ပို၍ပင် ထိတ်လန့် တုန်လှုပ်သွားခဲ့ရ၏။ တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ဆရာဦးလေး... မောင်လေးဟုန်က ဒီနေ့မှ ဒုတိယအဆင့်ကို တက်ရောက်ထားတာပါ။"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
ယွမ်လဲ့ရွှေက အံ့ဩတုန်လှုပ်စွာ မေးလိုက်၏။ "အစ်မကြီး... ခင်ဗျား... ခင်ဗျား နောက်နေတာ မဟုတ်လား။"
"ငါက မင့်ကို လိမ်ပြောစရာ လိုလို့လား။" လွီဆုချင်းက အေးစက်စက် ဆို၏။ တစ်ချက် စောင်းငဲ့ ကြည့်လိုက်ပြီးသည့်နောက် ထပ်မံ၍ မကြည့်တော့ချေ။
"ဘာပြောတယ်။"
ချန်းရှိုသည် ဟုန်ရှောင်ပေါင်ကို မျက်လုံးမှေး၍ တစ်ချိန်လုံး ကြည့်နေခဲ့ခြင်း ဖြစ်၏။ ယခုအခိုက်အတန့်တွင် လွီဆုချင်း၏ စကားကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ခါသွားခဲ့ရသည်။ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သည့် အမူအရာ ပြည့်နှက်နေသည်။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည့်အလား ဟုန်ရှောင်ပေါင်ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်၏။ "ဒါမှမဟုတ်... ဒါမှမဟုတ်..."
သူ၏နှုတ်ခမ်းထောင့်တွင် မယုံကြည်နိုင်စရာ အမူအရာတစ်ခု ချိတ်ဆွဲထား၏။ ဒဏ္ဍာရီထဲတွင်သာ တည်ရှိလေ့ရှိသော နယ်ပယ်တစ်ခုကို သူ ရုတ်တရက် သတိရသွားခဲ့ခြင်း ဖြစ်သည်။
ဝူး … ဝူး …။
ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် ရူးသွပ်တော့မည့်အလား ဖြစ်နေချေပြီ။ လူးလဲထလာကာ နောက်တစ်ကြိမ် ရူးသွပ်စွာ ခုန်အုပ်လာခဲ့ပြန်၏။
ဟုန်ရှောင်ပေါင်သည် ယခုချိန်မှာတော့ အတော်လေး တည်ငြိမ်နေခဲ့ပြီ ဖြစ်၏။ ခြေနှစ်ဖက်ကို အနည်းငယ် ကား၍ ခန္ဓာကိုယ်ကို မြဲမြံစွာ ရပ်တည်ထားလိုက်သည်။
နောက်တစ်ခဏ၌ ထိပ်ဖြူ ခွေးတူဝက်တူကြီးက ထပ်မံ ခုန်အုပ်လာ၏။
ဟုန်ရှောင်ပေါင်က ခန္ဓာကိုယ်ကို အနည်းငယ် စောင်းငဲ့လိုက်ပြီး တစ်ဖန် ပြန်လည် အားထုတ်ဖော်လိုက်ပြန်သည်။
ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် ဧရာမ အရာဝတ္ထုတစ်ခုဖြင့် ပြင်းထန်စွာ ဝင်တိုက်ခံလိုက်ရသည့်အလား အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားခဲ့၏။
ဟုန်ရှောင်ပေါင်မှာ စောစောကပင် ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် တဟားဟား ရယ်မောလိုက်သည်။ အရှိန်ဖြင့် လိုက်ပါသွားကာ ထိပ်ဖြူ ခွေးတူဝက်တူကြီးဆီသို့ ချက်ချင်း ရောက်ရှိသွား၏။ လေထဲတွင် လွင့်ပျံနေသော ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ဖမ်းဆွဲလိုက်ပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ လွှဲပစ်ချလိုက်တော့သည်။
ဘုန်း
မြေပြင်ကြီးက အနည်းငယ် တုန်ခါသွားပြီး ဖုန်မှုန့်များ လွင့်စင်ထွက်ပေါ်လာ၏။
ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ ရုန်းကန် ကြိုးစားကြည့်သော်ငြား လူးလဲ မထနိုင်ခဲ့ချေ။ ဒုံး ဆိုသည့် အသံနှင့်အတူ မြေကြီးပေါ်သို့ ပြန်လည် လဲကျသွားခဲ့ပြန်သည်။
"ဟားဟားဟားဟား..."
ဟုန်ရှောင်ပေါင်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ ဤအခွင့်အရေးကို အသုံးချ၍ ခြေဖြင့် ထပ်မံ ကန်ကျောက်ခြင်းမျိုး မပြုလုပ်ခဲ့ချေ။ ခါးထောက်လျက် ရယ်မော၍ ပြောလိုက်၏။ "လာစမ်း... မင်းရဲ့ အဘိုးနဲ့ နောက်ထပ် အချီ သုံးရာလောက် ထပ်တိုက်အုံးမယ်။"
"ကောင်းကင်ဘုံ ... သူက... သူက တကယ်ကြီး ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ဖိနှိပ်ထားနိုင်ခဲ့တာလား။"
ယိစို၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်စရာ အမူအရာများ ပြည့်နှက်နေ၏။ "သူက... သူက ဒုတိယအဆင့်ပဲ ရှိသေးတာလေ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။" လွီဆုချင်းသည်ပင်လျှင် အတော်လေး မှင်တက် တွေဝေနေခဲ့ပြီ ဖြစ်သည်။
"ဒါကတော့..." ဆရာဦးလေးချင်သည်ပင် အတော်လေး ဆွံ့အသွားခဲ့ရ၏။
ထိပ်ဖြူ ခွေးတူဝက်တူကြီးထက် အဆင့်များစွာ မြင့်မားသော ကျင့်ကြံသူများမှလွဲ၍ ဤသားရဲကို ယဉ်ပါးအောင် ပြုလုပ်နိုင်သည့် နည်းလမ်းမှာ အားအင်များ ကုန်ခမ်းသွားသည့်တိုင်အောင် စောင့်ဆိုင်းပြီးမှ သဘောတူညီချက် စာချုပ်ကို ဖြည်းဖြည်းချင်း ချုပ်ဆိုသည့် နည်းလမ်းတစ်ခုသာ ရှိသည်။
ယနေ့ သူ ဘာကို မြင်တွေ့ခဲ့ရသနည်း။ တပည့်တစ်ယောက်က သာမန် ခွန်အားကို အသုံးပြုပြီး ဤသားရဲကို မြေကြီးပေါ် ရောက်သည့်တိုင်အောင် တွန်းလှန် ဖြိုလှဲနိုင်ခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ဤတပည့်သည် ဒုတိယအဆင့် သာ ရှိသေး၏။
ဤသည်မှာ မည်သို့သော အဓိပ္ပာယ်နည်း။
ယွမ်လဲ့ရွှေ တစ်ယောက်သာ မျက်နှာကြီး နီရဲနေခဲ့၏။ စောစောလေးကတင် သူက ဟုန်ရှောင်ပေါင်၌ အောင်မြင်နိုင်ခြေ သုံး၊ လေးဆယ်ရာခိုင်နှုန်းသာ ရှိသည်ဟု သရော်တော်တည့် ပြောဆိုခဲ့ခြင်း မဟုတ်ပါလား။
ခဏလေးအတွင်းမှာပင် ဟုန်ရှောင်ပေါင်က အမှန်တရားဖြင့် သူ၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။ တကယ်ကို ခံရခက်ခဲစေသည်။ သူသည် ယခုချိန်မှာတော့ အရှက်လည်းရ၊ ဒေါသလည်း ထွက်နေမိ၏။ သူ အရှက်ရခြင်းမှာ ကိုယ်တိုင် ကိုယ့်ပါးကိုယ် ရိုက်မိခဲ့သောကြောင့်ဖြစ်ပြီး၊ ဒေါသထွက်ခြင်းမှာ တတိယအဆင့် သားရဲများအနက် အခက်ခဲဆုံး ဖြစ်သည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးက ယနေ့တွင် အဘယ်ကြောင့် ဤမျှလောက် အလွယ်တကူ ရှုံးနိမ့်သွားရသနည်း ဆိုသည့် အချက်ကြောင့်ပင် ဖြစ်သည်။
"တကယ်ကို ဗဟုသုတ တိုးသွားတာပဲ... ဟားဟား" ချန်းရှိုသည်လည်း ရယ်ရမလို ငိုရမလို ဖြစ်နေခဲ့၏။ သူသည် တတိယအဆင့် စာမေးပွဲဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ကျခဲ့သည် ဆိုသော်ငြား သာမန် ခွန်အားဖြင့့်် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို အနိုင်ယူ ယဉ်ပါးစေသူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဤသည်မှာ ကြမ်းတမ်း မိုက်မဲလွန်းသည် ဆိုသော်ငြား အလွန်အမင်း အာဏာစက် ကြီးမားလှပေ၏။
"ဝူး .. ဝူး…” ထိပ်ဖြူ ခွေးတူဝက်တူကြီးက ဦးခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။ အနည်းငယ် သတိပြန်ဝင်လာပုံ ရချေ၏။ နောက်တစ်ကြိမ် လူးလဲထလာကာ တိုးညင်းစွာ အော်မြည်လျက် သွားများကို အဆက်မပြတ် ထုတ်ဖော် ပြသနေသည်။ ရုတ်တရက် ကြည့်လိုက်လျှင် တောခွေးတစ်ကောင်နှင့်ပင် တူနေချေသည်။
"ဟားဟားဟားဟား... မင်းရဲ့ ပုံစံလေးကိုလည်း ကြည့်ပါအုံး။"
ဟုန်ရှောင်ပေါင်သည် ၎င်း၏ ခြိမ်းခြောက်မှုကို လုံးဝ ကြောက်ရွံ့သွားခြင်း မရှိချေ။ အားရပါးရ ရယ်မောလိုက်၏။ "တကယ်ကြီး ဒေါသထွက်သွားတာလား။ လာလာလာ... နောက်ထပ် အချီ သုံးရာလောက် ထပ်တိုက်ကြတာပေါ့။"
"ဖယ်ရှားတာနဲ့ တစ်ဖက်လူရဲ့ အားကို ယူပြီး ပြန်တိုက်ခိုက်တာကို မင်း အခြေခံ ဝင်သွားပြီ။ အခု အဘိုးအိုက မင်းကို အားထုတ်ဖော်ပုံ ထပ်သင်ပေးမယ်။"
ယင်းကျိုယိုက ပြောလိုက်၏။ "သားရဲတွေရဲ့ မွေးရာပါ ပါရမီက လူတွေထက် အများကြီး သာလွန်တယ်။ ဒါ့အပြင် ဒီသားရဲက ခွန်အားကိုပဲ ယှဉ်မယ် ဆိုရင် တတိယအဆင့် သားရဲတွေထဲမှာ ထိပ်ဆုံး အဆင့်အတန်း ရှိတယ်။ မင်းက သူ့ထက် အရာတွေ အများကြီး ကွာခြားနေတယ်။ ဒါပေမဲ့ အားထုတ်ဖော်တာသာ မှန်ကန်မယ် ဆိုရင် အချိန် တစ်ရာလောက်ရှိတဲ့ ခွန်အားနဲ့လည်း အချိန် ထောင်ပေါင်းများစွာရှိတဲ့ ဧရာမ ခွန်အားကြီးကို အနိုင်ယူနိုင်တယ်။"
"စွမ်းလိုက်တာ... စွမ်းလိုက်တာ။" ဟုန်ရှောင်ပေါင်က ချီးကျူးလိုက်၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်ကို ကြည့်ရင်း တစ်ဖက်မှ သတိထား ကာကွယ်ကာ၊ တစ်ဖက်မှလည်း နားစွင့်၍ အဘိုးအို၏ စကားများကို နားထောင်နေခဲ့သည်။
ဝူး …။
ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် သက်သာရာ ရသွားခဲ့ပြီ ဖြစ်၏။ ခန္ဓာကိုယ်ကို ခုန်ပျံလိုက်ပြီး ပြင်းထန်စွာ ခုန်အုပ်လာခဲ့၏။
"ကောင်းတယ်... လာစမ်း။" ဟုန်ရှောင်ပေါင်က တိုးညင်းစွာ ကြွေးကြော်လိုက်၏။ သူသည်လည်း အရှိန်ဖြင့် ပြေးဝင်သွားသည်။ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုဧရာမ အားအဟုန်အတိုင်း ဘေးဘက်သို့ အနည်းငယ် ဆွဲငင်လိုက်၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဧရာမခွန်အားကြီးသည် တစ်ဖက်ဆီသို့ ဝုန်းခနဲ ပြုတ်ကျသွားခဲ့သည်။ ထိုအားအဟုန်အတိုင်း လိုက်ပါလျက် အားကို ပြင်းထန်စွာ ထုတ်ဖော်လိုက်ပြန်သည်။
ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခန္ဓာကိုယ်ကြီးက နောက်တစ်ကြိမ် လေထဲသို့ လွင့်တက်သွားခဲ့ပြန်၏။ ဟုန်ရှောင်ပေါင် က လက်ဝါးနှစ်ဖက်ကို အပေါ်သို့ လှန်တင်၍ ဖြည်းညင်းစွာ တွန်းပို့လိုက်ရာ ဆယ်ပေကျော် အကွာဆီသို့ လွင့်စင် သွားခဲ့၏။
ဘုန်း
မြေပြင်ကြီးက အနည်းငယ် တုန်ခါသွားပြီး ဖုန်မှုန့်များ နောက်တစ်ကြိမ် လွင့်စင်ထွက်ပေါ်လာ၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် မြေကြီးပေါ်သို့ နောက်တစ်ကြိမ် ပြင်းထန်စွာ လဲကျသွားခဲ့ပြန်သည်။
လူအုပ်ကြီး၏ မျက်လုံးများမှာ မှင်တက် တွေဝေသွားကြချေပြီ။ အခြေအနေက အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်လာရသည်ကို သူတို့ မသိချေ။ တတိယအဆင့် သားရဲများအနက် အခက်ခဲဆုံး ဖြစ်သည့် ထိပ်ဖြူ ခွေးတူဝက်တူကြီး က ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်ဖဝါးပေါ်တွင် ဤသို့ ကစားခြင်းကို ခံနေရသည်တဲ့လား။
"ဒီလောကကြီးများ ရူးသွားတာလား။"
"တော်လိုက်တာ ညီလေးဟုန်။" ချန်ယုနှင့် ကျိရှောင်လုတို့ကမူ လက်ခုပ်တီး၍ တစ်ပြိုင်နက် ချီးကျူးလိုက်ကြ၏။
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
ယွမ်လဲ့ရွှေက တိုးညင်းစွာ ရေရွတ်နေမိသည်။ ယုတ္တိတန်တန် စဉ်းစားရလျှင် တစ်ကြိမ်ပြီးတစ်ကြိမ် ကောက်ကိုင်ပြီး မြေကြီးပေါ် ပစ်ပေါက်ခံနေရသူမှာ ဟုန်ရှောင်ပေါင် ဖြစ်သင့်သည် မဟုတ်ပါလား။