အခန်း ၁၇၂
Vol. 18 Ch. 172
အခန်း (၁၇၂) နောက်ထပ်ဖြောင့်ချက်
နောက်ထပ် ညနေစောင်းအချိန်သို့ ရောက်ရှိလာပြန်ပြီဖြစ်ရာ နေရောင်ခြည်မှာ နေ့ခင်းနှယ် ပြင်းပြင်းထန်ထန် မပူတော့သော်လည်း အိုက်စပ်စပ်ဖြင့် ပူလောင်လှဆဲ ဖြစ်သည်။
အလုပ်ဆင်းချိန်ဖြစ်သဖြင့် လူအများ သွားလာလှုပ်ရှားလျက် စည်ကားနေပြီး အနီးနားရှိ လမ်းကြားများနှင့် ဝင်းများမှ နေထိုင်သူများမှာလည်း အိမ်သို့ ပြန်နေကြပြီ ဖြစ်၏။ တစ်နေ့တာလုံး အလုပ်လုပ်ခဲ့ရသဖြင့် လူတိုင်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
မာကျန့်ယီနှင့် ရွှီကောင်းမင်ကဲ့သို့သော အမျိုးသားများမှာ အတူတူ လျှောက်လှမ်းရင်း အချင်းချင်း တိုးတိုးတိတ်တိတ် တီးတိုးပြောဆိုနေကြ၏။ ထိုအမျိုးသားများ အတင်းအဖျင်း ပြောကြသည့်အခါ အမျိုးသမီးများနည်းတူ စကားများကြလေသည်။ သူတို့အားလုံး ထိုနေ့နံနက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း ကြားသိထားကြပြီး ဖြစ်၏။
ယွမ်ဟောက်မင်ကို ကြည့်ရင်း "သူ့မိန်းမရဲ့ ဖောက်ပြန်တာခံရတာ တကယ့်ကို အံ့ဩစရာပဲ" ဟု စိတ်ထဲမှ ထင်မြင်မိကြသည်။
ဘာပဲဖြစ်ဖြစ် ဒါက ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလေ…။
ဝမ်တာ့ချွေမှာ အလွန်အမင်း စိတ်ရှုပ်ထွေးနေပြီး ရေရွတ်နေမိရှာ၏။
"မမကျောက်က ဘယ်လိုဖြစ်လို့ ဒီလိုလုပ်နိုင်ရတာလဲ။ ယုံရခက်လိုက်တာ"
ဝမ်တာ့ချွေနှင့် ကျောက်ရုံတို့မှာ ယခင်၌ ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့ကြသော်လည်း လွန်ခဲ့သော ငါးနှစ်ခန့် ကျောက်ရုံဖောက်ပြန်စဉ် မိသွားချိန်၌ ဝမ်တာ့ချွေမှာ သူမ၏ စရိုက်ကို အကဲခတ်မိသွားပြီး ထိုအချိန်မှစကာ ဆက်ဆံရေး မပြေလည်တော့ခြင်း ဖြစ်သည်။
‘ဟာသပဲ… သူ ဝမ်တာ့ချွေက ကျန်းကျန်းမာမာ ရှိတဲ့ လူငယ်လေးတစ်ယောက်ပဲ၊ ပြီးတော့ ကျောက်ရုံကလည်း နာမည်ပျက်နေတာ… သူက ဘာလို့ ဒီစည်းကို ကျော်ရဲမှာလဲ… သူလည်း နောင်ရေးအတွက် အဖော်ရှာချင်သေးတာပေါ့..’
နှစ်အနည်းငယ်အတွင်း ထိုမိသားစုနှစ်စုမှာ ပိုမိုဝေးကွာသွားခဲ့သော်လည်း ဝမ်တာ့ချွေသည် ကျောက်ရုံကို ထိုကဲ့သို့သော လူစားမျိုးဟု မည်သည့်အခါမျှ မထင်ခဲ့ပေ။ ယခုမူ သူ တကယ့်ကို အံ့အားသင့်သွားရ၏။
"တစ်ခါဆိုရင်တော့ နားလည်မှုလွဲတာလို့ ပြောလို့ရပေမဲ့ နှစ်ခါဆိုရင်တော့ နားလည်မှုလွဲတာ ဖြစ်နိုင်ဦးမလား။ ဒါ့အပြင် ရဲတွေက သူတို့ကို လက်ပူးလက်ကျပ် မိတာလို့ ပြောတယ်"
ဝမ်တာ့ချွေ နှုတ်ခမ်းကို မဲ့လိုက်
သည်။ ကျောက်ရုံတစ်ယောက် တကယ်ပင် ရူးသွပ်နေပြီဟု သူတွေးမိကာ "သူမ ဘာလို့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ" ဟု တွေးတောနေမိ၏။
ထို့အပြင် ချန်ရိကျွင်းသည်လည်း လူကောင်း မဟုတ်ပေ။
‘သူမ တကယ်ပဲ အငတ်လွန်နေတာ ဖြစ်ရမယ်…’
ဝမ်တာ့ချွေ နားမလည်နိုင်သလို ရွှီကောင်းမင်လည်း နားမလည်နိုင် ဖြစ်နေသည်။ အမှန်အတိုင်း ပြောရလျှင် ထိုဝင်းထဲရှိ မိသားစု အများစုမှာ ယွမ်မိသားစုလောက် ချမ်းသာကြွယ်ဝခြင်း မရှိကြပေ။ ယွမ်မိသားစုသည် ထိုဝင်းထဲတွင် အဆင်အပြေဆုံးဟု သတ်မှတ်နိုင်ပြီး သူတို့၏ သားသမီးများမှာလည်း အားလုံး အခြေအနေ ကောင်းမွန်ကြ၏။ ထိုဝင်းအတွင်း သားသမီးများအတွက် စိတ်မပူရသည့် တစ်ခုတည်းသော မိသားစုမှာ ယွမ်မိသားစုသာ ဖြစ်သည်။ အနည်းဆုံးမူ အိမ်ထောင်ဖက် ရှာမရမည်ကို စိုးရိမ်စရာ မလိုပေ။
သို့သော် ဘဝမှာ အဆင်ပြေနေပါလျက်နှင့် အဘယ်ကြောင့် ကိစ္စရပ်များ လွဲချော်ကုန်ရသနည်း။
ကျောက်ရုံသည် အဘယ်ကြောင့် အေးအေးချမ်းချမ်း မနေနိုင်ရသနည်းဟူ၍ ရွှီကောင်းမင် နားမလည်နိုင် ဖြစ်နေသည်။
‘သူမမိသားစုက ဒီလောက် အဆင်ပြေနေတာကို…’
"သူမ လုပ်ခဲ့တဲ့ အလုပ်နဲ့ဆိုရင် ဒီတစ်ခါတော့ သေချာပေါက် ထောင်ဒဏ် အပြစ်ပေးခံရတော့မှာပဲ"
ပြီးခဲ့သည့်အကြိမ်၌မူ တစ်မျိုးတစ်ဖုံ နားလည်ပေး၍ ရနိုင်သေးသော်ငြား…
ဘာလို့ နောက်တစ်ခါ ထပ်လုပ်ရတာလဲ… ငါတော့ နားကို မလည်နိုင်တော့ဘူး…
"နေဦး၊ နေဦး၊ ကျောက်ရုံက အဲဒီ ချန်ဆိုတဲ့လူနဲ့ ဘယ်လိုပတ်သက်သွားတာလဲ။ ချန်ချင်းယွီရဲ့ အဖေက ငါတို့ဝင်းထဲကို တစ်ခါမှတောင် မလာဖူးဘူးလေ"
"ဘယ်သူသိမှာလဲ။ အဲဒီအဘိုးကြီးကလည်း ထူးဆန်းတယ်၊ သတ္တိကလည်း ကောင်းလိုက်တာ။ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတာကို ငါးထပ်တိုက် အမိုးပေါ်မှာ ခုန်ပေါက်ပြေးလွှားနေတာ၊ တကယ့်ကို သေမင်းကို ခေါ်နေတာပဲ။ အခုတော့ သူ ထောင်ကျမှာ မဟုတ်တော့ပေမဲ့ သေသွားပြီလေ"
"သူ သရဲမြင်လို့လို့ ကြားတယ်"
"လျှောက်မပြောပါနဲ့ဗျာ"
"ဘယ်လိုလို့ လျှောက်ပြောတာ ဖြစ်ရမှာလဲ။ အဘိုးကြီးဝမ်ရဲ့ ခုနစ်ခုမြောက်ဦးလေးရဲ့ ဒုတိယဦးလေးရဲ့ အဒေါ်က အဲဒီတိုက်မှာ နေတာ၊ သူမက အတိုင်းသား ကြားလိုက်ရတယ်လို့ ပြောတယ်။ သူ မသေခင်မှာ 'ငါမှားသွားပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ..' လို့ အော်သွားတာတဲ့။ ပြီးတော့ သူ သရဲမြင်တာက ဒါပထမဆုံးအကြိမ်လည်း မဟုတ်ဘူးလေ။ ဘာဆန်းလို့လဲ..."
လူတိုင်း သိနေကြခြင်းမျိုး မဟုတ်သော်လည်း သတင်းမှာ အလွန် လျင်မြန်စွာ ပြန့်နှံ့သွား၏။
မနေ့ည၌ ချန်ရိကျွင်း တိုက်ပေါ်မှပြုတ်ကျသွားသည့် ကိစ္စမှာ တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီး သရဲတစ္ဆေ ပုံပြင်တစ်ခုနှင့်ပင် ပတ်သက်နေခဲ့သည်။
အတင်းအဖျင်း သတင်းဟူသည် မြန်မြန်ဆန်ဆန် ပြန့်နှံ့တတ်စမြဲ ဖြစ်ပြီး၊ အထူးသဖြင့် အရှုပ်တော်ပုံ ဇာတ်လမ်းများ ပါဝင်လာပါက ပို၍ပင် မြန်ဆန်လှ၏။
ယခုအချိန်လောက်ဆိုလျှင် ပေကျင်း တစ်မြို့လုံးပင် သိနေလောက်ပြီဟု ခန့်မှန်းရသည်။
လူတိုင်း အချင်းချင်း စကားစမြည် ပြောဆိုရင်း ဝင်းထဲသို့ ပြန်လာခဲ့ကြ၏။ ဝင်းထဲသို့ မဝင်ရသေးမီမှာပင် နားကွဲလုမတတ် ငိုကြွေးသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
"အီးဟီး... ဟီး..."
ရင်ကွဲမတတ် ငိုရှိုက်သံများမှာ ကောင်းကင်ယံတစ်ခုလုံး ပဲ့တင်ထပ်သွား၏။
မာကျန့်ယီမှာ ချော်လဲကျလုနီးပါး ဖြစ်သွားပြီး စိုးရိမ်တကြီးဖြင့် အထဲသို့ အပြေးအလွှား ဝင်သွားကာ
"ဘာဖြစ်တာလဲ။ ဘာတွေ ထပ်ဖြစ်ပြန်ပြီလဲ"
အဒေါ်ကြီးမေ့ : "ခုနတင်ပဲ ရဲတွေ ရောက်လာတယ်"
"ဟင်..."
အဒေါ်ကြီးမေ့ သက်ပြင်းချရင်း
"ချန်ချင်းယွီရဲ့ အမေနဲ့ ဦးလေးတို့ အသတ်ခံလိုက်ရတယ်လို့ ကြားတယ်။ ရဲတွေ ပြန်သွားတာနဲ့ သူမက အိမ်ထဲမှာတင် ငိုနေတော့တာ အခုထိ အပြင်မထွက်သေးဘူး။ ငါတို့လည်း သွားပြီး မနှစ်သိမ့်ရဲကြဘူး..."
“ဘာဖြစ်တာ…”
မာကျန့်ယီ အလန့်တကြား အော်ဟစ်လိုက်သည်။
ငိုသံမှာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သဖြင့် လမ်းသွားလမ်းလာများဘာဖြစ်သည်ကို ချောင်းမြောင်း ကြည့်ရှုနေကြ၏။
မာကျန့်ယီ မောင်းထုတ်လိုက်ကာ
"သွားကြ၊ သွားကြ၊ ကြည့်စရာ ဘာမှမရှိဘူး"
ထိုအချိန်တွင် ပိုင်ဖုန်းရှန်း ရောက်လာပြီး သက်ပြင်းချကာ
"သူမခမျာလည်း ဒုက္ခရောက်ရှာပါတယ်။ သူမအဖေက တကယ့် လူယူတ်မာ… လူတွေကို တစ်ယောက်ပြီးတစ်ယောက် ဒုက္ခပေးနေတာ။ ဒါက ဝဋ်လည်တာပဲ၊ သရဲက သူတို့ကို လိုက်ခြောက်တာ မဆန်းပါဘူး၊ ဝဋ်လည်တာကလွဲလို့ အခြား ဘာဖြစ်နိုင်ဦးမှာလဲ"
မာကျန့်ယီ : "မင်းလည်း သိနေတာလား"
ပိုင်ဖုန်းရှန်း : "ရဲတွေ လာတုန်းက ကျွန်မတို့အားလုံး ပြတင်းပေါက်အပြင်ဘက်မှာ ဆောင့်ကြောင့်ထိုင်ပြီး ချောင်းနားထောင်နေကြတာလေ..."
မာကျန့်ယီ၏ နှုတ်ခမ်းများ တွန့်လိမ်သွားရသည်။
သူ လက်ယမ်းပြလျက်
"လူတိုင်းမှာ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြတာပဲ၊ အားလုံး လူစုခွဲလိုက်ကြပါ၊ အပြင်မှာ လူအုပ်ကြီးလုပ်ပြီး ဝိုင်းမကြည့်ကြနဲ့၊ စိတ်မချမ်းမြေ့စရာကြီး။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ သွားကြ၊ သွားကြ။ အဘွားကြီးကျောက် အပြင်ထွက်လာပြီး ပြဿနာရှာတာကို မခံချင်ကြဘူးမလား"
အားလုံးလည်း ထိုစကားမှာ မှန်ကန်သည်ဟု တွေးမိကြ၏။
သို့သော် အိမ်သို့ ပြန်ရောက်သွားသည့်တိုင်အောင် အိမ်တိုင်းစေ့တွင် ထိုအတင်းအဖျင်း စကားများမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
သူတို့မှာ နေ့စဉ်ဘဝတွင် အနည်းငယ် တွက်ချက် တတ်ကြသော်လည်း ပတ်ဝန်းကျင်တွင် လူ့အသက်ကို ယခုကဲ့သို့ သတ်ဖြတ်သည့်အကြောင်းမျိုး တစ်ခါမျှ မကြားဖူးသဖြင့် အမှန်တကယ် ထိတ်လန့်စရာ ကောင်းလှ၏။
အိမ်တိုင်းစေ့ ထိုအကြောင်းကို ပြောဆိုနေကြပြီး ချန်ချင်းယွီမှာမူ မိမိ၏ ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ပြင်းပြင်းထန်ထန် ငိုကြွေးနေမိသည်။ အခြေအနေများ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ချန်ရိကျွင်းသည် လူကောင်းတစ်ယောက် မဟုတ်သည်ကို သူမ ကြိုတင်သိထားပြီး ဖြစ်၏။ သို့သော် မိမိထင်သည်ထက် များစွာပိုဆိုးနေမည်ဟု မတွေးထားခဲ့မိပေ။
သူသည် ဇနီးကို ဆေးရုံသို့ ပို့ရန် နှောင့်နှေးအောင် ပြုလုပ်ခဲ့ရုံသာမက သူမ၏ ဆေးဝါးများကိုပါ လဲလှယ်၍ ကုသမှုကို ဟန့်တားခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာမှ သူမဦးလေး၏ သူရဲကောင်းဆန်ဆန် သေဆုံးမှုကို ဖျက်ဆီးရာတွင်လည်း သူ ပါဝင်ပတ်သက်ခဲ့ကြောင်း ပေါ်ပေါက်လာခဲ့၏။
ထို့ပြင် သူမ၏ အဘိုးအဘွားများနှင့် သူမကိုယ်တိုင်ပင် ပါဝင်နေခဲ့ပြန်သည်။ အကယ်၍ သူမ၌ လင်းကျန့်ဝမ်နှင့် လျင်မြန်စွာ လက်ထပ်နိုင်ခဲ့သည့် ကံကောင်းမှုမျိုး မရှိခဲ့ပါက သူမသည်လည်း ချန်ရိကျွင်း၏ အကွက်ချ စီစဉ်မှုများအောက်တွင် သားကောင် ဖြစ်သွားလောက်ပြီ ဖြစ်၏။ ချန်ချင်းယွီ ချန်ရိကျွင်းကို အလွန်ကို မုန်းတီးမိသည်။ မိမိကိုယ်မိမိလည်း မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့သည့်အတွက် အပြစ်တင်မိကာ "ငါသာ မှတ်ဉာဏ်မပျောက်ခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး" ဟု အပြစ်တင် တွေးနေမိ၏။
ချန်ချင်းယွီ တွေးမိလေ ပို၍ ဝမ်းနည်းလေဖြစ်ကာ ပို၍ပင် ပြင်းထန်စွာ ငိုကြွေးလေသည်။
သူမသည် ချန်ချင်းယွီ အစစ်အမှန် ဖြစ်နေသည့်အတွက် မည်ကဲ့သို့ ရင်မကွဲဘဲ ရှိနိုင်မည်နည်း။
အဘိုးအဘွား၊ မိခင်၊ ဦးလေးနှင့် သူမကိုယ်တိုင်ပါ ချန်ရိကျွင်း၏ ကြံစည်မှုကို ခံခဲ့ရသည် မဟုတ်လော့…။
ခန်းထဲမှ ငိုကြွေးသံကို ကြားရသဖြင့် အဘွားကြီးကျောက်က သက်ပြင်းချလိုက်၏။ အမှန်အတိုင်း ပြောရလျှင် ချန်ရိကျွင်း လုပ်ခဲ့သော ကိစ္စများအကြောင်း ကြားလိုက်ရသောအခါ အလွန်ကြောက်စရာကောင်းလွန်း၍ သူမ ကြက်သီးမွေးညင်းထလျက် ဆံပင်များပင် ထောင်သွားရသည်။ အလွန်ကို ထိတ်လန့်စရာ ကောင်းလှ၏။
သူမသည် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လူစားမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ လုံးဝ မမြင်ဖူးခဲ့ချေ။
သူမသည် ယခင်၌ ချန်ရိကျွင်းကို အပေါ်ယံ သိရုံသာသိခဲ့ပြီး "သူက ဟန်ဆောင်ကောင်းရုံပဲ၊ တကယ်တမ်းကျ ဘာမှမဟုတ်ပါဘူး" ဟု အမြဲ တွေးခဲ့ဖူးသည်၊ တကယ့် လက်တွေ့ ထိပ်တိုက်တွေ့ချိန်တွင် သူသည် သူမကိုပင် ယှဉ်နိုင်သူ မဟုတ်ပေ။
ယခုမူ သူမ တကယ့်ကို အံ့အားသင့်သွားရသည်။
သူက တကယ်ပဲ လူသတ်ရဲတာပဲ…
"အဘွား၊ မေမေက သိပ်ငိုနေတာပဲ၊ သမီး သွားပြီး နှစ်သိမ့်ပေးလို့ မရ
ဘူးလား"
ရှောင်ယွမ် စိုးရိမ်တကြီး ပြောလိုက်သည်။
အဘွားကြီးကျောက်က ခေါင်းခါပြလျက်
"မသွားပါနဲ့ဦး။ မင်းမေမေကို အခန်းထဲမှာ ခဏလောက် ငိုပါစေဦး၊ စိတ်ထဲရှိတာတွေ အားရပါးရ ထုတ်ပစ်ပါစေ။ လိမ္မာတယ်"
ရှောင်ကျားနှင့် ရှောင်ယွမ် နှစ်ဦးစလုံးမှာ စိုးရိမ်ပူပန်သော မျက်နှာထားများ ဖြစ်နေကြ၏။
အဘွားကြီးကျောက် : "လိမ္မာကြတယ် ငြိမ်ငြိမ်နေကြ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်ကြသည်။
"မင်းတို့က ငယ်သေးတော့ နားမလည်သေးပါဘူး။ တစ်ခါတလေကျရင် ငိုချလိုက်တာ၊ စိတ်ထဲက မကျေနပ်ချက်တွေကို ထုတ်ပစ်လိုက်တာက ပိုကောင်းတဲ့အရာပဲ"
အဘွားကြီးကျောက် : "မင်းတို့အဘိုးကတော့ တကယ့် လူယုတ်မာပဲ"
သေဆုံးခြင်းသည် အကြွေးအားလုံး ကုန်ဆုံးခြင်း ဖြစ်ပြီး ဥပဒေအရလည်း ဆက်လက် အရေးယူ၍ မရတော့သော်လည်း အဘွားကြီးကျောက်သည် ထိုလူ့အကြောင်းကို ပြောမိသည့်အခါ တံတွေးထွေးမိခြင်းကို မထိန်းနိုင် ဖြစ်နေ၏။
"ဒီလိုကောင်နဲ့ ယှဉ်ရင် ငါက သူတော်စင်မကြီး ဖြစ်နေဦးမယ်။ ဒါက အမှိုက်သက်သက်ပဲ.."
"ဒီအကောင်စုတ်က မကောင်းတာမှန်သမျှ အကုန်လုပ်ခဲ့ပြီး အခုတော့ သေသွားပြီဆိုတော့ အားလုံး ပြီးသွားတာပေါ့။ သူက တကယ် ကံကောင်းတာ၊ မဟုတ်ရင် ဒီလိုလူစားမျိုးက ထောင်ထဲမှာပဲ ဆွေးမြည့်သွားရမှာ"
"အဘွား~"
အဘွားကြီးကျောက် : "ဒီကောင်က လူမဟုတ်ဘူး။ ငါက ဆဲဆိုနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီအကောင်က တကယ်ကို လူမဟုတ်တာ"
ရှောင်ကျား ခေါင်းညိတ်ပြလျက်
"ကျွန်တော်တို့ နားလည်ပါတယ်"
သူတို့သည် ကလေးငယ်များ မဟုတ်ကြတော့သဖြင့် ဖြစ်ပျက်ခဲ့သမျှ ကိစ္စအဝဝကို အများအားဖြင့် သိရှိနားလည်နေကြပြီ ဖြစ်သည်။
လူအနည်းငယ် စကားစမြည် ပြောဆိုနေကြစဉ် ရုတ်တရက် တံခါးဖွင့်သံ ကြားလိုက်ရပြီး ချန်ချင်းယွီ အခန်းထဲမှ အံ့ဩစရာသင့်ဖွယ် ထွက်လာခဲ့၏။ သူမ၏ မျက်လုံးများမှာ သစ်ကြားသီးကဲ့သို့ ဖူးဖူးယောင်နေပြီး ငိုလွန်းသဖြင့် တစ်ကိုယ်လုံး နွမ်းလျညှိုးနွမ်းနေပြီ ဖြစ်သည်။
"ကျွန်မ... ကျွန်မက..."
ချန်ချင်းယွီ နှာခေါင်းကို ရှုံ့လိုက်ရင်း
"ကျွန်မ ဆင်ခြေဖုံးက သင်္ချိုင်းကို သွားပြီး အုတ်ဂူကန်တော့မလို့"
"ဟင်"
အဘွားကြီးကျောက် : "ခဏနေရင် မိုးချုပ်တော့မှာကို၊ ဒါက..."
ချန်ချင်းယွီ : "ရပါတယ်၊ ကျွန်မဆင်ခြေဖုံးက သင်္ချိုင်းကို သွားရမယ်၊ အဘိုး၊ အဘွား၊ အမေနဲ့ ဦးလေးတို့ကို ချန်ရိကျွင်း သေသွားပြီဆိုတဲ့အကြောင်း သွားပြောရမယ်။ တကယ်လို့ သူတို့ မြေအောက်ကနေ သိနေတယ်ဆိုရင်တော့ သူ့ကို ကောင်းကောင်းကြီး ဧည့်ခံပေးကြဖို့ ပြောမလို့"
အဘွားကြီးကျောက် : "ဒါဆို ငါ နင်နဲ့အတူ လိုက်ခဲ့ပေးမယ်လေ"
ချန်ချင်းယွီ ခေါင်းခါပြလျက် ငြင်းပယ်လိုက်သည်။
"မလိုပါဘူး၊ ကျွန်မ တစ်ယောက်တည်း သွားရင် ရပါတယ်၊ အမေ အိမ်မှာပဲ နေခဲ့ပါ။ မဟုတ်ရင် ကလေးတွေ အိမ်မှာရှိနေတာ ကျွန်မ စိတ်မချဘူး"
အဘွားကြီးကျောက် : "ဒါဆို နင် တစ်ယောက်တည်း အဆင်ပြေပါ့မလား"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"အဆင်ပြေပါတယ်၊ အဘိုး၊ အဘွားတို့နဲ့ ကျွန်မ တိုးတိုးတိတ်တိတ် စကားပြောချင်လို့၊ အုတ်ဂူဘေးမှာ နည်းနည်းကြာကြာ ထိုင်နေမိလိမ့်
မယ်။ အမေ ကျွန်မကို စောင့်မနေပါနဲ့"
အဘွားကြီးကျောက် သဘောတူလိုက်၏။
"ကောင်းပါပြီ"
သူမသည် မိမိ၏ ချွေးမအပေါ် အင်မတန်ကို စိတ်ချလက်ချ ရှိလှသည်၊ သူမ၏ ကိုယ်ခံပညာ အစွမ်းအစဖြင့်ဆိုလျှင် ဘာပြဿနာမှ ရှိလာနိုင်မည်မဟုတ်ဟု တွေးမိ၏။ ထို့ပြင် ယခုအချိန်တွင် သူမ၏ရင်ထဲ၌ ဒေါသမာန်များ ပြည့်နေသဖြင့် မည်သူမဆို လာရောက်ပြီး ရန်စရဲပါက ဒုက္ခရောက်မည့်သူမှာ သေချာပေါက် ချန်ချင်းယွီ ဖြစ်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုသို့ စိတ်ချရသည့်တိုင်အောင် သူမ မှာကြားလိုက်ပြီး
"လက်ထဲမှာ ပုဆိန်တစ်လက် ယူသွားပါဦး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေါ့"
ချန်ချင်းယွီ အသာအယာ ခေါင်းညိတ်ပြလျက်
"ဟုတ်ကဲ့ပါ"
ချန်ချင်းယွီ မကြာမီမှာပင် အိမ်မှ ထွက်လာခဲ့ရာ ရေခပ်ရန် ထွက်လာသော ရှီကျန့်ရှန်း သူမကို မြင်လိုက်
ရသဖြင့် ကြောင်အသွားပြီး
"ညည်း ဘယ်လိုဖြစ်လို့ ထွက်လာတာလဲ။ ဒါ ဘယ်သွားမလို့လဲ"
ချန်ချင်းယွီ၏ အသံမှာ အေးစက်လှပြီး ပူပြင်းလှသော နွေရာသီကာလ ဖြစ်သော်လည်း လူကို ချမ်းစိမ့်သွားစေ၏။
"အုတ်ဂူသွားကန်တော့မလို့"
ရှီကျန့်ရှန်း လည်ပင်းကို ကျုံ့လိုက်မိပြီး ဘာမှ ထပ်မပြောရဲတော့ပေ။
ချန်ချင်းယွီလည်း အခြားသူများ ဘာပြောပြော ဂရုမစိုက်ဘဲ စက်ဘီးကို တိုက်ရိုက် စီးနင်းကာ ထွက်ခွာသွားခဲ့သည်။
ရှီကျန့်ရှန်းသည် အိမ်ထဲသို့ အပြေးအလွှား ဝင်သွားပြီး
"ရှင် ရေ၊ ရှင် ရေ... သိလား။ ချန်ချင်းယွီ အုတ်ဂူသွားကန်တော့တာတဲ့"
"ဟင်... မိုးတောင် ချုပ်တော့မှာကို..."
"ဟုတ်ပ၊ အမလေး... ကြောက်စရာကြီးနော်"
"အင်းလေ"
ချန်ချင်းယွီ တစ်ယောက် ညဦးပိုင်းအချိန်တွင် အုတ်ဂူသွားကန်တော့သည်ဟူသော ကိစ္စမှာ ကြားရုံမျှဖြင့်ပင် ကြက်သီးထဖွယ် ကောင်းလှ၏။
သူမကိုယ်တိုင်မူ ထိုအခြင်းအရာကို ဂရုမထားဘဲ လမ်းတစ်လျှောက်လုံး စက်ဘီးစီးကာ ဆင်ခြေဖုံးအရပ်သို့ နှင်လာခဲ့သည်။
တောင်ထိပ်သို့ ရောက်ရှိချိန်တွင် လုံးဝ မိုးချုပ်သွားခဲ့ပြီဖြစ်ရာ တောင်ပေါ်တစ်ခုလုံးမှာ မှောင်အတိကျလျက် အလွန် ထိတ်လန့်ဖွယ် ကောင်းနေ၏။
သို့သော်လည်း ချန်ချင်းယွီ မကြောက်ရွံ့ဘဲ စက်ဘီးကို ပခုံးထမ်း၊ လက်နှိပ်ဓာတ်မီးကို ကိုင်ကာ ခြေလှမ်းတစ်လှမ်းချင်း ခက်ခက်ခဲခဲ လှမ်းလျှောက်ရင်း နောက်ဆုံးတွင် အုတ်ဂူဘေးသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာကို သန့်ရှင်းရေး လုပ်ထားသဖြင့် အခြားနေရာများကဲ့သို့ ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေခြင်းမျိုး မရှိပေ။
ချန်ချင်းယွီ မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်ပြီး မျက်ရည်များ ထပ်မံ စီးကျလာပြန်၏။
သူမ မျက်ရည်များကို သုတ်ရင်း
"သမီးက ဘာလို့ ဒီလောက် အသုံးမကျရတာလဲ၊ အရမ်း ပျော့ညံ့တာပဲ၊ ငိုပဲ ငိုနေတတ်တာ၊ အဘိုးတို့ သမီးကို ရယ်နေကြပြီမလား"
ဤကဲ့သို့သော နေရာမျိုးတွင် မည်သည့် တုံ့ပြန်သံမျှ ထွက်ပေါ်လာမည်မဟုတ်ရာ ချန်ချင်းယွီ ဆက်လက်၍
"ဘဝနှစ်ခုစလုံးမှာ၊ ဘဝနှစ်ခုစလုံးမှာ သမီးရဲ့ မိဘကံက တကယ့်ကို နည်းခဲ့ပါတယ်။ အရင်ဘဝကလည်း ဒီလိုပဲ၊ ဒီဘဝမှာလည်း ဒီလိုပါပဲ။ သူ သမီးအပေါ် ဘယ်လောက်ကောင်းရမယ်လို့ မတောင်းဆိုခဲ့ပါဘူး၊ ဒါပေမဲ့ သူက ဒီလောက်အထိ ယုတ်မာညစ်ပတ်တဲ့ လူစားမျိုး ဖြစ်လိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး။ ဒီလောကမှာ ဘယ်လိုဖြစ်လို့ ဒီလောက် ရွံစရာကောင်းတဲ့ လူယုတ်မာ ရှိနိုင်ရတာလဲ။ သူက သမီးရဲ့ အဖေဖြစ်နေသေးတယ်လို့ တွေးမိတိုင်း သမီး တကယ်ကို အော့အန်ချင်လာတယ်"
လေပြေတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားရာ ချန်ချင်းယွီ မျက်ရည်များကို ထပ်မံ သုတ်လိုက်ပြန်သည်။
"သမီး သိပါတယ်၊ အဘိုးတို့ ကောင်းကင်ဘုံကနေ သမီးကို စောင့်ရှောက်ပေးနေတယ်ဆိုတာ သိပါတယ်၊ မဟုတ်ရင် ကိစ္စတွေက ဒီလောက်အထိ အဆင်ပြေချင်မှ ပြေမှာ။ သမီးကတော့ အစက ယောကျာ်း၊ မိန်းမ ရှုပ်ပွတဲ့ကိစ္စနဲ့ သူ ထောင်ကျသွားရင်ပဲ သင်ခန်းစာရပြီလို့ တွေးထားတာ။ ဒါပေမဲ့ ကိစ္စတွေက သမီး ထင်မှတ်မထားတဲ့အတိုင်း ဖြစ်သွားပြီး သူ တကယ်ပဲ သေသွားလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ သမီး နည်းနည်းမှ စိတ်မကောင်းမဖြစ်ဘူး၊ သူ့ကိုလည်း မသနားဘူး၊ ဒါတွေက သူ ကိုယ်တိုင်လုပ်ခဲ့တဲ့ ကံတွေရဲ့ အကျိုးပေးပဲ။ သူ လူပေါင်းများစွာကို ဒုက္ခပေးခဲ့တာ၊ ဝဋ်လည်တာ မဆန်းပါဘူး။ ဝဋ်လည်တာတောင် နောက်ကျလွန်းတယ်လို့ သမီးထင်နေတာ။ အဘိုးတို့အားလုံး ထွက်သွားကြပြီးမှ သူ ဝဋ်လည်တာ၊ တကယ်ကို နောက်ကျလွန်းပါတယ်"
ချန်ချင်းယွီ မိမိ၏ ရင်ထဲရှိ စကားစစ်စစ်များကို အတားအဆီးမရှိ ဖွင့်ဟပြောဆိုနေမိ၏။ သူမအနေဖြင့် ယခုကဲ့သို့ တောနက်တောင်နက်ထဲတွင်သာ အမှန်တရားကို ရဲရဲဝံဝံ ပြောရဲခြင်း ဖြစ်သည်။
ဤကဲ့သို့သော နေရာမျိုးတွင် ငှက်တစ်ကောင် ပျံသန်းလာလျှင်ပင် အသံမြည်တတ်သဖြင့် အလုံခြုံဆုံး နေရာတစ်ခု ဖြစ်၏။
"သမီးကတော့ သူ့ကို တစ်သက်လုံး ထောင်ထဲမှာပဲ ဆွေးမြည့်သွားစေချင်တာ။ အသက်ရှင်လျက်နဲ့ ဒုက္ခခံစားရမှာ၊ အခုတော့ ဒီလိုမျိုး လွယ်လွယ်ကူကူ သေသွားတာက သူ့အတွက် တကယ့်ကို အမြတ်ထွက်သွားတာပဲ။ ဒါပေမဲ့လည်း သူ သေသွားလို့ပဲ ဝေရှု့ဖန်းက ဒီလောက်အထိ ကြောက်လန့်တကြားနဲ့ အပြစ်တွေကို ပဲစေ့တွေသွန်သလို အကုန် ဝန်ခံလိုက်တာ ဖြစ်နိုင်တယ်။ မဟုတ်ရင် သူတို့လုပ်ခဲ့တဲ့ မကောင်းမှုတွေက ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်ဘူး..."
ချန်ချင်းယွီ ပြောရင်း အုတ်ဂူဘေးတွင် ထိုင်ကာ တစ်ယောက်တည်း စကားများမပြတ် ပြောဆိုနေခဲ့သည်။
"ချန်ရိကျွင်းက တစ်သက်လုံး ကောင်းတဲ့အလုပ်ဆိုလို့ တစ်ခုမှ မလုပ်ခဲ့ဘူး၊ ဒီလို အမှိုက်ကောင်က..."
ထိုအချိန်တွင် ရဲစခန်း၌မူ မီးများ လင်းထိန်နေဆဲ ဖြစ်၏။
ဤကိစ္စမှာ တော်တော်လေး ကြီးမားကျယ်ပြန့်သဖြင့် အထက်သို့ တင်ပြထားပြီး ဖြစ်သည်။
ချန်ရိကျွင်းမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး တရားလိုများလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဝေရှု့ဖန်းမှာ အခြားသော ကိစ္စအတော်များများကိုပါ ထပ်မံဝန်ခံထားရာ ထိုအရာများမှာ သေးငယ်သော ကိစ္စရပ်များ မဟုတ်ကြပေ။ သို့သော်လည်း ကျောက်ရုံနှင့် ပတ်သက်၍မူ သူမ တကယ်ပင် မသိရှိချေ။ ဝေရှု့ဖန်း မသိသော်လည်း ကျောက်ရုံကိုယ်တိုင်မူသိနေ၏။
ကျောက်ရုံသည် အစပိုင်း၌ ပြီးခဲ့သည့်အကြိမ်ကဲ့သို့ပင် စကားမဆိုဘဲ တောင့်ခံထားကာ ကိစ္စအားလုံးကို အမျိုးသားဘက်သို့ လွှဲချရန် ကြံစည်ထားခဲ့သည်။ ချန်ရိကျွင်း သူမထံ လာရောက်ရှာဖွေခြင်းဖြစ်ပြီး ဘာမှမဖြစ်သေးမီမှာပင် ရဲများ ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောရန် ကြံထား၏။
‘ဟုတ်တယ်၊ ဒီလိုဆိုရင် ရတာပဲ’
သူမသည် မိမိကိုယ်မိမိ လှည့်စား၍ ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုအကြံမှာ လုံးဝ အလုပ်မဖြစ်တော့ပေ။
သူမ အဖမ်းခံရစဉ်၌ အဝတ်အစားပင် ဝတ်ဆင်ထားခြင်း မရှိသည့်အပြင် ဘေးခန်းရှိ ဧည့်သည်များပါ သက်သေထွက်ဆိုထားကြသဖြင့် မိမိကိုယ်မိမိ မပြစ်မရှိကြောင်းနှင့် ဘာမှမလုပ်ခဲ့ကြောင်း ငြင်းဆိုရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။ မနေ့ည အဖမ်းခံရသည်မှ ယခုအချိန်အထိ တိတိကျကျဆိုရလျှင် (၂၄) နာရီကြာမြင့်သွားပြီဖြစ်ရာ ကျောက်ရုံ နောက်ဆုံး၌ တောင့်မခံနိုင်တော့ကာ ဖွင့်ဟဝန်ခံလိုက်ရသည်။
"ကျွန်မ တကယ်တော့ ချန်ရိကျွင်းနဲ့ တရားဝင် တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါ၊ စကားပြောဖူးတာလည်း ပထမဆုံးအကြိမ်ပါပဲ"
ကျောက်ရုံ ထိုသို့ ပြောလိုက်ရာ ရဲမေအချို့မှာ ဆွံ့အမှင်သက်သွားကြရ၏။
‘ရှင်က တော်တော်ဟုတ်နေတာပဲ၊ ပထမဆုံးအကြိမ် တွေ့တာကို အတူတူ အိပ်နိုင်တယ်ပေါ့။ တကယ့်ကို ပွင့်လင်းလွန်းတဲ့ လူစားပဲ…’
"မင်းတို့ ဘာအပေးအယူတွေ လုပ်ခဲ့ကြလဲ"
ရဲအိုကြီးမှာ ကိစ္စရပ်များကို ထိုးထွင်းသိမြင်စွာဖြင့် မေးမြန်းလိုက်သည်။
ကျောက်ရုံ ရှက်ကိုးရှက်ကန်းဖြင့် နှုတ်ခမ်းကို စေ့ထားကာ တုံ့ဆိုင်းနေပြီး မျက်လုံးများလည်း ဟိုဟိုဒီဒီ ဝေ့ဝဲနေရာ ဉာဏ်ဆင်နေကြောင်း အထင်အရှား သိသာလှ၏။ သို့သော် သူမ လိမ်လည်လှည့်ပတ်ရန် စကားမဖန်တီးရသေးမီမှာပင် ပြင်းထန်သော ငေါက်ငမ်းသံ ထွက်ပေါ်လာခဲ့သည်။
"နင် မပြောသေးဘူးလား၊ ဒီတစ်ခါက နင် ဖုံးကွယ်ချင်တိုင်း ဖုံးကွယ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ အမှန်အတိုင်း ဝန်ခံရင် သက်ညှာမယ်၊ ငြင်းဆန်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်ဆိုတဲ့ အမှန်တရားကို နင် သိသင့်တယ်။ နင်သာ ဒီလို ဆက်လုပ်နေမယ်ဆိုရင် ဒုက္ခရောက်မှာက နင်ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်။ လျှောက်ပြောရုံနဲ့ ဒီကနေ ထွက်သွားနိုင်မယ်လို့ မထင်နဲ့၊ ငါတို့က လက်ပူးလက်ကျပ် မိထားတာ၊ သက်သေတွေလည်း ရှိတယ်၊ နင် ပြောချင်တာ ပြောလို့ရတဲ့ အခြေအနေ မဟုတ်ဘူး။ ဘယ်အရာက ပေါ့ပါးပြီး ဘယ်အရာက လေးနက်တယ်ဆိုတာ နင်ကိုယ်တိုင် စဉ်းစားပါ။ နင်သာ လျှောက်လိမ်နေမယ်ဆိုရင် ကိစ္စရဲ့ ကြီးလေးမှုကို သိစေရမယ်။ ငါတို့သာ စုံစမ်းစစ်ဆေးချင်ရင် စုံစမ်းလို့မရတဲ့ ကိစ္စမရှိဘူးဆိုတာ နင်လည်း သိမှာပါ။ နင် ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး"
ကျောက်ရုံ၏ မျက်နှာမှာ ဖြူလျော်သွားပြီး (၂၄) နာရီကျော်ကြာ အချုပ်ခံထားရသဖြင့် ဤကိစ္စမှာ အလွယ်တကူ ပြီးသွားမည်မဟုတ်ကြောင်း သူမ သိရှိသွားသည်။
ကျောက်ရုံ နှုတ်ခမ်းကို ကိုက်လျက်
"ကျွန်မက... သူ… ချန်ချင်းယွီကို အဝေးတစ်နေရာကို ပြန်ပြီး အိမ်ထောင်ချပေးဖို့ အကူအညီတောင်းချင်လို့ပါ"
ရဲအရာရှိအချို့မှာ ကြောင်အသွားကြရသည်။
‘သောက်ခွေး…နေဦး... မင်းတို့က ဘာမှ ပတ်သက်မှု မရှိကြဘဲနဲ့’
"ဘာဖြစ်လို့လဲ။ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ၊ ချန်ချင်းယွီကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖို့အတွက်နဲ့ ပထမဆုံးအကြိမ် တွေ့တဲ့ ချန်ရိကျွင်းနဲ့ အတူအိပ်ပြီး ဒီလောက်အထိ အဆုံးရှုံးခံရတာ၊ မင်း ဘာကို လိုချင်လို့လဲ"
ကျောက်ရုံ စိတ်လှုပ်ရှားစွာဖြင့်
"ချန်ချင်းယွီက မိန်းမယုတ်လေး၊ သူက မြေခွေးမလေးပဲ၊ သူက ကျွန်မသမီးရဲ့ ရည်းစားကို လုသွားတာ၊ အဲဒါကြောင့် ကျွန်မက သူ့ကို နှိပ်ကွပ်ချင်တာ။ သူသာ တခြားနေရာကို အိမ်ထောင်ကျသွားရင် ဒီနောက်ဆက်တွဲ ကိစ္စတွေ ရှိလာမှာ မဟုတ်ဘူး၊ အဲဒါကြောင့် သူ့ကို ကြံစည်ဖို့ စဉ်းစားခဲ့တာ"
"ရည်းစားကို လုတယ် ဟုတ်လား"
ကျောက်ရုံ ခေါင်းညိတ်ပြလျက် မိမိကိုယ်မိမိ မှန်ကန်ကြောင်း ပြတ်ပြတ်သားသား ဆို၏။
"အဲဒီ အမျိုးသားက ဘယ်သူလဲ"
ကျောက်ရုံ ထပ်မံ၍ တုံ့ဆိုင်းသွားပြန်သည်။
"ကျောက်ရုံ၊ မင်း အမှန်အတိုင်း ဝန်ခံရမယ်"
"ဒါ... ဒါက စုံစမ်းစရာ မလိုဘူးမလား"
ပြောရင်း ကျောက်ရုံ၏ မျက်လုံးများ ထပ်မံ၍ ဝေ့ဝဲလာပြန်သည်။
ရဲအိုကြီး ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး
"ကျောက်ရုံ၊ ဒီလိုအချိန်အထိ ရောက်နေတာတောင် မင်းက မရိုးမသား လုပ်နေတုန်းပဲ။ ငါက မြို့နယ်ရဲစခန်းကို လာပြီး ကူညီစုံစမ်းပေးနေတာ၊ ငါက ဒီရပ်ကွက်ရဲ့ ရဲအိုကြီးတစ်ယောက်ပဲ၊ ငါတို့ လမ်းဆုံလမ်းခွက အိမ်တိုင်းရဲ့ အခြေအနေကို ငါ အကုန်လုံး သိထားတာ။ ချန်ချင်းယွီရဲ့ ကိစ္စကိုလည်း ငါ အနည်းနဲ့အများ သိပါတယ်။ သူမက တစ်နေ့ကုန် အဝတ်အထည်တွေ ရောင်းချပြီး ကိုယ်ပိုင်စီးပွားရေး လုပ်နေတာ၊ မင်း သမီးရဲ့ ရည်းစားကို ဘယ်လိုလုပ် လုနိုင်မှာလဲ။ မင်းရဲ့သမီး ရည်းစားက ဘယ်သူလဲ၊ ဒါမှမဟုတ် မင်းက စကားကို လျှောက်ပြောရင် ငါတို့က ယုံမယ်လို့ ထင်နေတာလား။ ငါမှတ်မိသလောက် မင်းရဲ့ သားကလည်း ပစ္စည်းတွေ ရောင်းချပြီး စီးပွားရေးအသေးစား လုပ်နေတာပဲ၊ မင်းက မနာလိုဖြစ်ပြီး သက်သက်မဲ့ ပြဿနာရှာတာ မဟုတ်လား"
ကျောက်ရုံ၏ မျက်လုံးများမှာ ပိုမိုဝေ့ဝဲလှုပ်ရှားလာရာ ယခုတစ်ကြိမ်တွင်မူ ရဲအိုကြီးသာမက အခြားရဲအရာရှိများပါ ရိပ်မိသွားကြတော့သည်။ ဤကျောက်ရုံသည် အလွန်မရိုးမသား ဖြစ်နေသည့်အပြင် စကားများကို လျှောက်လွှဲကာ လှည့်ပတ်ပြီး မိမိအပေါ်ကျရောက်နေသော အာရုံစိုက်မှုများကို လွှဲပြောင်းရန် ကြံစည်နေကြောင်း သိသာလှသဖြင့် သူမအပေါ် ထားရှိသော သဘောထားမှာ ချက်ချင်းပင် ပိုမိုတင်းမာသွား၏။
"ဒီလိုအချိန်အထိ ရောက်နေတာတောင် မင်းက ရည်ရွယ်ချက်ရှိရှိ စကားတွေကို လျှောက်လိမ်ပြောနေတုန်းပဲ၊ တကယ့်ကို ခေါင်းမာတဲ့လူပဲ။ ဒီလိုမှတော့..."
"ကျွန်မပြောပါမယ်၊ ပြောပါမယ်၊ တကယ် အကုန်ပြောပါ့မယ်"
ကျောက်ရုံသည် လောကအမြင်မရှိသော အဘွားအိုတစ်ဦး မဟုတ်သဖြင့် ယခုအချိန်တွင် အမှန်အတိုင်းမပြောပါက လွတ်မြောက်ရန် ခက်ခဲသွားမည်ကို သဘောပေါက်သွားသည်။ သူမ အသံတိုးတိုးဖြင့်
"ကျွန်မ အကုန်ပြောပါ့မယ်၊ ဒါတွေက ကျွန်မ သံသယဝင်ရုံတင်ပါ၊ ကျွန်မ သံသယဝင်မိတာ။ အမှန်တော့ သူတို့ချင်း ဘာမှမပတ်သက်ကြပါဘူး"
"မင်းက သံသယဝင်ရုံသက်သက်နဲ့တင် လူကို ဒီလောက်အထိ ကောက်ကျစ်ရက်ရတာလား"
ကြည့်ရသည်မှာ သဘောကောင်းပုံရသော ကျောက်ရုံသည် ဤမျှအထိ စိတ္တဇဆန်ပြီး ရက်စက်လိမ့်မည်ဟု ရဲအရာများ မယုံနိုင်အောင် ဖြစ်သွားကြသည်။ သို့သော်လည်း သူတို့၏ အလုပ်သဘာဝအရ လူကို ရုပ်ရည်ဖြင့် ဆုံးဖြတ်၍မရသည်ကို များစွာကြုံတွေ့ဖူးသဖြင့် မဆန်းတော့ပေ။
ကျောက်ရုံ : "ကျွန်မ... ကျွန်မကတော့ ပြဿနာကို အစကတည်းက နှိမ်နင်းထားချင်လို့ပေါ့။ ကျွန်မသမီးက ဒီလောက်အခြေအနေကောင်းတဲ့ ရည်းစားမျိုးကို ရှာရတာ မလွယ်ဘူးလေ၊ တကယ်လို့ ကိစ္စက ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် ချန်ချင်းယွီကို အဝေးတစ်နေရာကို မြန်မြန်အိမ်ထောင်ချပေးလိုက်ရင် အေးရောလို့ တွေးမိတာ။ ပြီးတော့... ပြီးတော့ သူမသာ အဝေးကို အိမ်ထောင်ကျသွားရင် ကျွန်မသားရဲ့ ရှေ့ခရီးမှာ ဘယ်သူမှ ပိတ်ဆို့နေတော့မှာ မဟုတ်ဘူး။ အတူတူ စီးပွားရေးလုပ်နေကြတာကို သူမကပဲ ဆရာကြီးလုပ်နေတာ။ အဲဒီအမှတ်တရ တီရှပ်တွေကို သူမတစ်ယောက်တည်းပဲ ရောင်းတတ်တာမှတ်လို့၊ ကျွန်မသားလည်း ရောင်းတတ်တာပဲ။ မိန်းမသားဖြစ်ပြီး အိမ်မှုကိစ္စကို သေချာမလုပ်ဘဲ နေ့တိုင်း အပြင်ထွက်ပြီး ယောကျာ်းတွေကို ကျော်တက်ဖို့ပဲ တွေးနေတာ၊ ဘယ်လိုလုပ် မိန်းမကောင်း ဖြစ်နိုင်မှာလဲ။ ကြည့်ရတာတင် စာရိတ္တမကောင်းတာ သိသာနေတာပဲ"
"ကျောက်ရုံ၊ မင်းကိုယ်တိုင်လည်း အမျိုးသမီးတစ်ယောက်ပဲ၊ ဒီလိုစကားမျိုး ပြောရတာ ရှက်ဖို့မကောင်းဘူးလား။ မင်းက ပညာတတ်တစ်ယောက် ဖြစ်ပြီးတော့ ဒီလိုစကားမျိုး ပြောနိုင်တာ တကယ့်ကို မယုံနိုင်စရာပဲ။ စာမတတ်တဲ့ လုပ်ငန်းခွင်က အမျိုးသမီးတွေတောင် အမျိုးသမီးတွေက ကမ္ဘာကြီးရဲ့ တစ်ဝက်ကို ထမ်းပိုးထားနိုင်တယ်ဆိုတာ သိကြတယ်၊ မင်းကတော့ ဒီနေရာမှာ ခေတ်ဟောင်းအတွေးအခေါ်တွေကို လာပြီး ဝါဒဖြန့်နေတုန်းပဲလား"
ကျောက်ရုံ : "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်မက... ကျွန်မက သူမကို ကြည့်မရရုံသက်သက်ပါ... ကျွန်မလည်း လူယုတ်မာ တစ်ယောက် မဟုတ်ပါဘူး"
"ဒါဆို မင်း သမီးရဲ့ ရည်းစားအကြောင်းကို ပြောပြဦး"
ကျောက်ရုံမှာ "အဲဒါက..." ဟု ဆိုကာ…တွန့်ဆုတ်နေပြန်၏။
"ကျောက်ရုံ၊ မင်းက ယောကျာ်း၊ မိန်းမ ရှုပ်ပွေတဲ့ ကိစ္စနဲ့ လက်ပူးလက်ကျပ် မိထားတာ။ ကံစမ်းဖို့ မကြိုးစားပါနဲ့၊ ထောင်ထဲကို ငါးနှစ်ဝင်ရမလား၊ ဆယ်နှစ်ဝင်ရမလားဆိုတာ မင်းရဲ့ နောက်ဆုံးပြသတဲ့ အပြုအမူပေါ်မှာပဲ မူတည်တယ်။ မင်း လျှောက်လိမ်ပြောနေရုံနဲ့ အိမ်ပြန်ရမယ်လို့ မထင်နဲ့။ မင်းရဲ့ ယခုတစ်ကြိမ် ပြစ်မှုက တော်တော်လေး ဆိုးရွားလွန်းလို့ ပြင်းပြင်းထန်ထန် အရေးယူရလိမ့်မယ်။ မင်း လှည့်စားရုံနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး"
ဤကိစ္စတွင် လူသေဆုံးမှုပင် ရှိခဲ့သည်၊ သေဆုံးသူမှာ လူယုတ်မာတစ်ဦး ဖြစ်သော်လည်း လူသေမှုဖြစ်ခဲ့သည်မှာ အမှန်ပင်။
သူတို့သည် ဥပဒေအတိုင်း မျှမျှတတ ဆောင်ရွက်နေခြင်းဖြစ်ပြီး တရားခံကို ဖမ်းဆီးခြင်းမှာလည်း ကြောင်းကျိုးဆီလျော်လှသဖြင့် ဤကိစ္စကို ပြီးစလွယ်နှင့် ဖြန်ဖြေပေး၍ မရနိုင်ချေ။
ကျောက်ရုံ မယုံနိုင်စွာ ခေါင်းမော့ကြည့်၍ စူးရှသောအသံဖြင့် အော်ဟစ်လိုက်သည်။
"ငါးနှစ်၊ ဆယ်နှစ် ဟုတ်လား။ ဘာဖြစ်လို့လဲ၊ ဘာလို့လဲ"
"လူမှုရေးဖောက်ပြန်မှု"
ကျောက်ရုံ : "မဖြစ်ဘူး၊ မဖြစ်ဘူး၊ ကျွန်မ ထောင်ကျမခံနိုင်ဘူး၊ သိက္ခာကျ မခံနိုင်ဘူး၊ ကျွန်မ..."
သူမ စိတ်ဖောက်ပြန်မတတ် ထအော်ကာ အော်ဟစ်ငိုယိုနေသော်လည်း မည်သူမျှ လာရောက်ချော့မြှူခြင်း မရှိသဖြင့် ဤနေရာသည် မိမိ၏အိမ်မဟုတ်ကြောင်းနှင့် လှည့်စား၍ရမည့်နေရာ မဟုတ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွား၏။ ကျောက်ရုံသည် ယခုတစ်ကြိမ်တွင်မူ တကယ်ပင် ထိတ်လန့်သွားပြီး စကားများပင် ထစ်အကာ
"ကျွန်မ... ကျွန်မ... ဝန်ခံပါ့မယ်၊ အကုန် ဝန်ခံပါ့မယ်..."
ရုတ်တရက် သူမ၏ မျက်လုံးများ လင်းလက်သွားပြီး
"ကျွန်မ သတင်းပေးမယ်၊ ကျွန်မသာ သတင်းပေးရင် အပြစ်လျော့ရမလား။ ကျွန်မ အချို့ကိစ္စတွေကို သိတယ်၊ ကျွန်မ သတင်းပေးချင်တယ်.."
"မင်း သတင်းပေးတဲ့အရာက တကယ်ပဲ ဥပဒေချိုးဖောက်တဲ့ ကိစ္စမျိုးဆိုရင်တော့ သေချာပေါက် အပြစ်လျော့ပေးမှာပေါ့"
ကျောက်ရုံ : "ကျွန်မမှာ လင်မေရှန်းလို့ ခေါ်တဲ့ အတန်းဖော်တစ်ယောက် ရှိတယ်၊ သူမက ကျွန်မရဲ့ တက္ကသိုလ်အတန်းဖော်ပဲ။ အဲဒီတုန်းက သူမက သူများနာမည်ကို ခိုးယူပြီး တက္ကသိုလ်တက်ခဲ့တာ။ သူမအိမ်က အိမ်အကူကမှ အစစ်အမှန် လင်မေရှန်း ဖြစ်တာ။ သူတို့နှစ်ယောက်က အဆင့်အတန်းချင်း လဲလှယ်ခဲ့ကြတာ၊ ပြီးတော့ သူမက တက္ကသိုလ်တက်ခဲ့တယ်။ ဒါပေမဲ့ ဒီလို နာမည်ခိုးယူတာက ကာယကံရှင်ကိုယ်တိုင်က သဘောတူထားတာပါ။ ဒါက ဥပဒေနဲ့ ငြိစွန်းသလားတော့ ကျွန်မ မသိဘူး"
ရဲအိုကြီး : "လင်မေရှန်း ဟုတ်လား"
သူ အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိသည်၊ အဘယ်ကြောင့်ဆိုသော် ယနေ့ ဝေရှုဖန့် ပေးအပ်ခဲ့သော သဲလွန်စများကို စုံစမ်းစစ်ဆေးရာတွင် ထိုလူနှင့်လည်း ပတ်သက်နေသည်ကို တွေ့ရ၍ပင်။ ချန်ရိကျွင်း၏ တူမဖြစ်သူသည် ထိုမိန်းမကို အသုံးချ၍ ပြည့်တန်ဆာလုပ်ငန်းအတွက် လူရှာခိုင်းခဲ့ခြင်း ဖြစ်သည်။
"လင်မေရှန်းဆိုတဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီး ငါတို့ဘက်က အချို့အချက်အလက်တွေ စုံစမ်းထားတာ ရှိတယ်၊ မင်း သူမအကြောင်းကို ထပ်ပြောပြဦး"
ကျောက်ရုံ ကြောင်အသွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားကာ…
သူမလည်း ဒုက္ခရောက်နေပြီပေါ့၊ မဆန်းပါဘူး၊ မဆန်းပါဘူး...
ငါ့သမီးက ဘာလို့ ရှန့်ရှန့်ကို လာပြီး မကူညီခိုင်းတာလဲလို့ တွေးနေတာ၊ အော်... သူမကိုယ်တိုင်လည်း ဒုက္ခရောက်နေလို့ကိုး…
သူမ ချက်ချင်းပင် အသိဝင်လာပြီး
"သူမ ထွက်ပြေးတော့မယ်၊ ရှန့်ရှန့် ထွက်ပြေးတော့မယ်၊ ရှင်တို့ သူမကို မြန်မြန်သွားဖမ်းရမယ်။ ဟုတ်တယ်၊ သူမ ထွက်ပြေးတော့မှာ.. သူမက အိမ်ပြောင်းတာ မဟုတ်ဘူး၊ သေချာပေါက် ထွက်ပြေးဖို့ လုပ်နေတာ"
ရဲအရာရှိတစ်ဦးမှာ ချက်ချင်းပင် အပြင်သို့ လျင်မြန်ဖြတ်လတ်စွာ ထွက်ခွာသွားတော့သည်။
ရဲအိုကြီး : "သူမ ထွက်ပြေးတော့မယ်ဆိုတာ မင်း ဘယ်လိုသိလဲ"
ကျောက်ရုံ : "ကျွန်မ မနေ့က သူမအိမ်ကို သွားခဲ့တယ်၊ သူမအိမ်က တကယ့်ကို ရှုပ်ပွနေတာပဲ။ သူမက အိမ်ပြောင်းမလို့လို့ ပြောပေမဲ့ ကျွန်မ ခုနကမှ ရုတ်တရက် သတိရတယ်၊ သူမက ထွက်ပြေးဖို့ ကြံနေတာ ဖြစ်ရမယ်။ ရှန့်ရှန့်က လူကောင်းမဟုတ်ဘူး၊ ကျွန်မ ရှန့်ရှန့်ကို သတင်းပေးတိုင်ကြားတာ၊ ကျွန်မ တိုင်တာနော်။ သူမက ပြည့်တန်ဆာ ခေါင်းဆောင်ပဲ၊ ကျွန်မ အကုန်သိတယ်၊ ကျွန်မ အကုန်ပြောပြမယ်..."
ရှန့်ရှန့် အဖမ်းခံရပြီးနောက် မိမိဘက်မှ ဖွင့်ဟဝန်ခံမှုမှာ အပြစ်လျော့သည့်အထဲ မပါဝင်တော့မည်ကို သူမ စိုးရိမ်သဖြင့် စကားများကို ရေသွန်သကဲ့သို့ အလောတကြီး အကုန်ပြောချလိုက်၏။
"သူမက အရင်တုန်းက ကော်မတီက ဥက္ကဌလီနဲ့ ငြိစွန်းခဲ့တာ၊ ဪ... ဥက္ကဌလီရဲ့ အဖေနဲ့လည်း အရင်က ငြိစွန်းခဲ့ဖူးသေးတယ်။ ဒါပေမဲ့ အဲဒီလူနှစ်ယောက်စလုံးက တစ်ယောက်ပြီးတစ်ယောက် သေသွားကြပြီ။ ဒါပေမဲ့ အဲဒီ လီဆိုတဲ့လူက သူမကို အဆက်အသွယ် အရင်းအမြစ်တွေ အများကြီး မိတ်ဆက်ပေးခဲ့တာ။ သူမရဲ့ အဲဒီအိမ်က ပြည့်တန်ဆာ ဂူဗိမာန်ပဲ။ သူမက လှပတဲ့ မိန်းကလေးငယ်တွေကို အဲဒီကို ခေါ်လာတတ်ပြီး အဆင့်အတန်းနဲ့ ရာထူးရှိတဲ့ လူအချို့ကို ဧည့်ခံတတ်တယ်။ ဒါတင်မကသေးဘူး၊ သူမက မိန်းကလေးငယ်တွေကိုတင် မိတ်ဆက်ပေးတာ မဟုတ်ဘူး။ လူကုံထံ အမကြီးတွေအတွက် လူငယ်လေးတွေကိုလည်း မိတ်ဆက်ပေးသေးတာ။ တကယ့် ပြည့်တန်ဆာခေါင်းပဲ။ သူမရဲ့ အဲဒီနေရာကို လူအဝင်အထွက် တော်တော်များတယ်။ ဒါပေမဲ့ ရှင်တို့မှာ သက်သေရှိချင်မှ ရှိလိမ့်မယ်။ သူမက တကယ့်ကို ပါးနပ်လွန်းတယ်၊ ဘယ်တုန်းကမှ အတင်းအကျပ် လုပ်တာမျိုးမရှိဘဲ ပိုက်ဆံတွေ၊ အခွင့်အလမ်းတွေနဲ့ပဲ မျှားခေါ်တာ၊ အဲဒါကြောင့် အဲဒီလူတွေက ကိုယ့်သဘောနဲ့ကိုယ် လာကြတာ။ အချို့ ရုပ်ချောတဲ့ မိန်းကလေးငယ်တွေက အလုပ်အကိုင် ရချင်လို့ သူမဆီကို ခဏခဏ လာချင်ကြတာ။ လာတာများလာတော့ နောက်ပြန်ဆုတ်လို့ မရတော့ဘူးပေါ့၊ ဘာလို့လဲဆိုတော့ သူမရဲ့ အဲဒီနေရာက အခြေအနေတွေက တကယ့်ကို ကောင်းလွန်းလို့လေ၊ အစားအသောက် အကောင်းစားတွေနဲ့၊ သာမန်လူတွေ ဘယ်မှာ မြင်ဖူးမှာလဲ။ လူဆိုတာ ကြာလာရင် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို ခံရတာပဲ၊ ဘာပဲဖြစ်ဖြစ် ရှင်တို့ နားလည်မှာပါ..."
ရဲအရာရှိအချို့မှာ နားထောင်ရင်း မျက်နှာများ ညိုမှောင်သွားကြသည်။
"မင်း အခြား ဘာတွေ သိသေးလဲ"
"အသေးစိတ်ကိုတော့ ကျွန်မလည်း သိပ်မသိတော့ဘူး၊ ကျွန်မတို့က အတန်းဖော်ဆိုပေမဲ့ အရေးကြီးတဲ့ ကိစ္စတွေကို သူများက ကျွန်မကို မပြောပြဘူးလေ။ ဒါပေမဲ့ သူမရဲ့ အဲဒီဘက်က မသန့်ရှင်းဘူးဆိုတာတော့ ကျွန်မ သေချာပေါက် သိတယ်"
"ငါတို့ သိပြီ၊ မင်း အခြား ဘာများ ရှိသေးလဲဆိုတာ ထပ်ပြီး စဉ်းစားကြည့်ပါဦး..."
ကျောက်ရုံ : "အခြား... အခြားကတော့... အာ၊ ကျွန်မ အခြားကိစ္စတစ်ခု သိသေးတယ်၊ အဲဒါက နည်းနည်း မသင်္ကာစရာ ကောင်းတယ်လို့ ထင်တယ်"
"ပြောပါ"
ကျောက်ရုံ : "ကျွန်မတို့ ဝင်းထဲက ဝမ်ကျန့်ကော်လေ၊ သူက အရင်တုန်းက တောင်ပိုင်းကို ကုန်ပစ္စည်းသွားဝယ်ရင်း တရားမဝင်တည်းခိုခန်းမှာ မိန်းမလှပရိယာယ်နဲ့ တိုးပြီး အဘွားကြီးတစ်ယောက်ရဲ့ နှိပ်စက်မှုကို ကောင်းကောင်းကြီး ခံခဲ့ရတာ။ ပြီးတော့ ပြန်လာတော့ ကိစ္စက ပေါ်သွားတာပေါ့။ သူ့မိန်းမကလည်း သူနဲ့ ကွာရှင်းသွားခဲ့တယ်။ အဲဒီတုန်းက သူက အိမ်က ပိုက်ဆံတွေကို ဇနီးဟောင်းကို အကုန် ခွဲပေးခဲ့တာလေ။ သူ့လက်ထဲမှာ ပိုက်ဆံမရှိတာ အထင်အရှားပဲ၊ ဒါပေမဲ့ ဘယ်ကနေ ပိုက်ဆံတွေ ရလာမှန်းမသိဘူး၊ ဇနီးဟောင်းကို လျော်ကြေးပေးနိုင်ခဲ့ရုံတင်မကဘဲ ကုန်ပစ္စည်းဝယ်ဖို့ ပိုက်ဆံပါ ထုတ်နိုင်ခဲ့သေးတယ်။ သူက ကျွန်မသားနဲ့အတူ သွားခဲ့တာ၊ ဒုတိယအကြိမ်ကို ပြောတာနော်၊ ဒုတိယအကြိမ်။ ကျွန်မသား ပြောပြချက်အရဆိုရင် သူ အဲဒီတုန်းက အနည်းဆုံးတော့ ယွမ်နှစ်ထောင်လောက် ယူလာနိုင်ခဲ့တယ်တဲ့။ သူ သူ့မိန်းမကို လျော်ကြေးပေးတုန်းကလည်း ယွမ်နှစ်ထောင်ပဲ။ ရှင်တို့ စဉ်းစားကြည့်လေ၊ သူ ဘယ်ကနေ ဒီလောက် ပိုက်ဆံအများကြီး ရလာမှာလဲ၊ ကျွန်မကတော့ မသင်္ကာစရာ ကောင်းတယ်လို့ ထင်တယ်။ အကယ်၍ သူသာ အဲဒီတုန်းက ရှိခဲ့ရင် ဇနီးဟောင်းကို ချက်ချင်း ပေးလိုက်မှာပေါ့၊ ဘာလို့ အချိန်ဆွဲနေဦးမှာလဲ။ ကျွန်မကတော့ အဲဒီပိုက်ဆံတွေက မရိုးသားဘူးလို့ သံသယဝင်တယ်၊ ရှင်တို့ သူ့ကို စုံစမ်းစစ်ဆေးကြည့်ပါ။ သူ့ကို သွားပြီး စုံစမ်းပါဦး။ သူက ပစ္စည်းဝယ်ယူရေးသမား လုပ်နေတာဆိုတော့ ကုန်ပစ္စည်းဖိုးတွေကနေ ကော်မရှင်တွေ ဘာတွေ ဖြတ်စားထားတာ ဖြစ်နိုင်တယ်"
အမှန်ပင်၊ ရုတ်တရက် ယွမ်ထောင်ချီ၍ ထုတ်ယူနိုင်ခြင်းမှာ တစ်ခုခု မမှန်ကန်ကြောင်း ထင်ရှားလှ၏။
"ဒီကိစ္စကို ငါတို့ စုံစမ်းစစ်ဆေးပါ့မယ်"
ကျောက်ရုံ : "ဒါဆိုရင် ကောင်းတာပေါ့၊ ကောင်းတာပေါ့..."
မိမိကိုယ်တိုင် ယခုတစ်ကြိမ်တွင် ဒုက္ခအကြီးအကျယ် ရောက်တော့မည်ကို သူမ မရေမရာ ခံစားနေရသော်လည်း အခြားနည်းလမ်းမရှိပေ၊ ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရန်သာ တတ်နိုင်၏။ မိမိ၏ မိသားစုလည်း ထိခိုက်မှုအချို့ ရှိလာနိုင်သော်လည်း သူမ တကယ်ပင် ထောင်မကျချင်သဖြင့် ပြစ်ဒဏ်တစ်ရက် လျော့နည်းသွားပါက တစ်ရက် ပိုကောင်းသည်ဟုသာ ခံယူထားလေသည်။
ကျောက်ရုံ : "ရှင်တို့ ရှန့်ရှန့်ကို သေချာပေါက် ဖမ်းမိအောင် ဖမ်းရမယ်နော်၊ သူမ သိထားတာတွေက တကယ့်ကို အများကြီးပဲ"
"ဒါက မင်း ပြောစရာမလိုပါဘူး၊ မင်းမှာ အခြား ဝန်ခံစရာ ဘာရှိသေးလဲ"
ရဲအရာရှိ ထပ်မေးမြန်းလိုက်၏။
ကျောက်ရုံသည် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိရန်အတွက် ကိစ္စအဟောင်းအသစ်၊ အသေးအဖွဲမကျန် အကုန်လုံးကို တစ်ခုပြီးတစ်ခု ဆက်လက် ဖွင့်ဟဝန်ခံနေလေသည်။ တစ်ဖက်လူကို ဥပဒေလက်ထဲ အပ်နှံလိုက်ရလျှင် မိမိအတွက် အကျိုးအမြတ်တစ်ခုခု ရလိမ့်နိုးဖြင့် မျှော်လင့်ချက်အလင်းစုလေးကို ဆုပ်ကိုင်ထားရှာ၏။ ကျောက်ရုံသည် မျှော်လင့်ချက် အနည်းငယ် ထားရှိသော်လည်း တက္ကသိုလ်တက်ခဲ့ဖူးသူပီပီ တုံးအလှသူ မဟုတ်ပေ။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် မိမိကိုယ်မိမိသာ ကယ်တင်ရမည်ဖြစ်ပြီး အခြားသူများကို အားကိုး၍မရနိုင်ကြောင်း သူမ ကောင်းကောင်းကြီး သိရှိထားသည်။ ထို့ကြောင့် ကျောက်ရုံ ရှိသမျှကိစ္စအဝဝကို အမှန်ရော အမှားပါ ရောနှော၍ ရူးသွပ်မတတ် အကုန်ချန်လှပ်ခြင်းမရှိ ဝန်ခံလေ၏။ ထိုအထဲတွင် ဒုစက်ရုံမှူးဟယ်ပင် ပါဝင်ပတ်သက်နေသဖြင့် ဆင့်ခေါ်ခြင်း ခံလိုက်ရသည်။ ဒုစက်ရုံမှူးဟယ် အလွန်အမင်း ဒေါသထွက်သွားပြီး
"ကျွန်တော်က ချန်ချင်းယွီကို စိတ်ဝင်စားနေတယ်ဟုတ်လား။ သူတို့မိသားစု တကယ်ပဲ ရူးနေကြတာလား"
သူသည် ချန်ချင်းယွီအပေါ် အနည်းငယ် စိတ်လှုပ်ရှားမိသည်မှာ မှန်သော်လည်း ရူးသွပ်ပြီး အပိုင်ကြံမည်ဟူသော သဘောမျိုး မဟုတ်ပေ။ အခွင့်အရေးရလျှင် အတူအိပ်မည်ဖြစ်ပြီး အခွင့်အရေးမရလျှင်လည်း အတင်းအကျပ် မလုပ်ဟူသော သဘောမျိုးသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီမှာ သူ့အဖေကို ကယ်တင်ခဲ့ဖူးသည်မဟုတ်လော။ ဒုစက်ရုံမှူးဟယ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သေချာ ပြန်လည်တွေးတောနေမိသည်။
"ကျွန်တော် ယွမ်ဟောက်ရွှယ်ကို ချန်ချင်းယွီအကြောင်း တစ်ခါပဲ ပြောဖူးတယ်ထင်တယ်"
သူ ချက်ချင်းပင် အသေးစိတ်ကို ရှင်းပြလိုက်၏။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်အဖေ ငါးဖမ်းရင်း ရေခဲကျင်းထဲ ပြုတ်ကျတုန်းက ချန်ချင်းယွီနဲ့ ငါးဖမ်းနေတဲ့ အဘိုးကြီးအချို့က ကယ်ခဲ့ကြတာ၊ အဲဒါနဲ့ သိသွားတာပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင်ကပဲ ကျွန်တော့်ညီလေး နိုင်ငံခြားကို ပညာတော်သင်သွားတော့မှာမလို့ သွားခါနီး လိုအပ်တာတွေဝယ်ဖို့ အပြင်ထွက်ရင်း ချန်ချင်းယွီနဲ့ ထပ်တိုးတာ။ အဲဒါနဲ့ နှုတ်ဆက်ပြီး စကားအနည်းငယ် ပြောဖြစ်ကြတယ်။ ချန်ချင်းယွီရဲ့ အဘိုးအဘွားတွေက..."
သူမအဘွားသည် သူ့ညီလေး၏ တက္ကသိုလ်ဆရာမ ဖြစ်ခဲ့ဖူးသည်။ သူတို့မေဂျာမဟုတ်သော်လည်း သူကိုယ်တိုင်လည်း ဆရာမ၏ အတန်းကို တက်ခဲ့ဖူး၏။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာမှ သူမဘိုးဘွားများ ရှေးဟောင်းပစ္စည်းအတု အလိမ်ခံရသည့်အကြောင်းကို ပြောဖြစ်ခဲ့ကြခြင်း ဖြစ်သည်။
"အဲဒီကနေ လမ်းခွဲပြီးတာနဲ့ ကျွန်တော် ယွမ်ဟောက်ရွှယ်နဲ့ တွေ့တာ... အဲဒီတစ်ကြိမ်ပဲ ရှိတာ၊ အဲဒီတုန်းကလည်း စကားစပ်မိလို့ သဘောအနေနဲ့ သူမနဲ့ ချန်ချင်းယွီတို့က ဝင်းတစ်ခုတည်းမှာ နေတာလားလို့ပဲ မေးမိတာ။ ဘာလဲ... အဲဒါနဲ့တင် ကျွန်တော်က ချန်ချင်းယွီကို စိတ်ဝင်စားနေတယ်လို့ အဓိပ္ပာယ်ရသွားတာလား။ ဒါက ရူးနေတာမဟုတ်ရင် ဘာလဲ။ ကျွန်တော်တော့ ပြောစရာ စကားကို မရှိတော့ဘူး"
ဒုစက်ရုံမှူးဟယ်မှာ ပြောစရာ စကားမဲ့သွားရပြီး အခြေအနေကို အမြန်ဆုံး ရှင်းလင်းပြခဲ့ရာ သူ၏ထွက်ဆိုချက်မှာ ယွမ်ဟောက်ရွှယ်၏ ထွက်ဆိုချက်နှင့် ကိုက်ညီနေ၏။ သူ အမြန်ဆုံး ပြန်ရန် ပြင်ဆင်ရင်း
"ယွမ်ဟောက်ရွှယ်ကို တစ်ခါတည်း ပြောပေးလိုက်ပါ၊ ကျွန်တော် သူမကို နောက်ထပ် မတွေ့ချင်တော့ဘူး၊ ကျွန်တော်တို့ လမ်းခွဲလိုက်ပြီလို့"
သူအနေဖြင့် ယွမ်ဟောက်ရွှယ်ကို အစကတည်းက စိတ်ကုန်နေပြီး ဖယ်ထုတ်ချင်နေခဲ့ခြင်း ဖြစ်၏။ သို့သော် လှုပ်ရှားမှု မလုပ်ရသေးမီမှာပင် ယခုအခါ ပြတ်ပြတ်သားသား ဆောင်ရွက်ရန် အကောင်းဆုံး အခွင့်အရေး ရရှိသွားခဲ့ပြီ ဖြစ်သည်။
"ဒီလို စာရိတ္တမကောင်းတဲ့ လူစားမျိုးနဲ့ ကျွန်တော် ဆက်ပြီး မပတ်သက်ချင်တော့ဘူး။ ကျွန်တော်က သဘောရိုးနဲ့ မေးမိတာကို သူမနဲ့ သူမအမေက လူတွေကို လိုက်ပြီး ကောက်ကျစ်ကြတာ။ ဒီလိုလူမျိုးကို ကျွန်တော် အသည်းမခံနိုင်ဘူး"
သူ နှာခေါင်းရှုံ့လျက် ပြောဆိုပြီး ထွက်ခွာသွားတော့သည်။ ထွက်ခွာသွားခဲ့သော်လည်း ဒုစက်ရုံမှူး ဟယ်၏ ရင်ထဲတွင်မူ အနည်းငယ် မတင်မကျ ဖြစ်နေမိ၏။
ကျောက်ရုံကတော့ အဖမ်းခံရပြီ… သူမက မိမိကိုယ်ကျိုးအတွက်ဆိုရင် ရှန့်ရှန့်ကို သေချာပေါက် သစ္စာဖောက်ပြီး ဖွင့်ပြောလိမ့်မယ်..
သူသည် ထိုနေရာတွင် နှစ်ပေါင်းများစွာ ရှုပ်ပွေခဲ့ဖူးသဖြင့် စိတ်အေးလက်အေး မရှိနိုင်တော့ပေ။ ထိုနေရာသို့ သွားရောက်ခဲ့ခြင်းမှာ သူ၏အလုပ်ကို မထိခိုက်စေသော်လည်း တရားမဝင် ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်းမှာ သိက္ခာမဲ့သော ကိစ္စရပ်ဟု သတ်မှတ်နိုင်ဆဲ ဖြစ်သည်။ သူ၏ မျက်နှာမှာ အေးစက်နေပြီး ပိုမို တည်ကြည်လေးနက်လာ၏။
ဘာလုပ်ရမလဲ…
သူ ရှန့်ရှန့်ထံသို့ လုံးဝ သွား၍မရနိုင်တော့သဖြင့် အခြေအနေကို ကြည့်ပြီး တစ်လှမ်းချင်းသာ ရင်ဆိုင်သွားရန် ရှိတော့သည်။ သူသည် ယခုကဲ့သို့ မတတ်သာသည့် ခံစားချက်မျိုးကို ကြုံရခဲလှသဖြင့် စိတ်အခြေအနေမှာ လုံးဝ ကောင်းမွန်မနေချေ။ ယွမ်မိသားစုမှာလည်း ထပ်တူပင် စိတ်ရှုပ်ထွေးနေကြသည်။ ယွမ်ဟောက်မင်သည် ထိုအပုပ်ကောင်မ ကျောက်ရုံ ကိစ္စရပ်များကို ဤကဲ့သို့ ကိုင်တွယ်ဖြေရှင်းပြီး ဟောက်ရွှယ်ကိုပါ အဖမ်းခံရအောင် မထိန်းမသိမ်း ဆွဲထည့်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဟောက်ရွှယ်သည် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခြင်းမရှိသဖြင့် အဆင်ပြေနိုင်သော်လည်း စုံစမ်းစစ်ဆေးမှုကို ကူညီရန် ဆင့်ခေါ်ခံရခြင်းမှာ တကယ့်ကို အရှက်ရစရာ ကောင်းလှ၏။ ပို၍ စိုးရိမ်စရာကောင်းသည်မှာ ဟောက်ဖုန်းနှင့် ရှန့်ရှန့်တို့တွင် ယခင် ဇာတ်လမ်းဟောင်း ရှိခဲ့ခြင်း ဖြစ်သည်။ ကျောက်ရုံ ရှန့်ရှန့်၏ ပတ်သက်မှုများကို ဖွင့်ဟပြောဆိုမှု ရှိမရှိ ယွမ်ဟောင်မင် မသေချာသဖြင့် အတိုချုပ်ဆိုရလျှင် အလွန် စိတ်ပူပန်နေရသည်။ ဟောက်ဖုန်းမှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်နေပြီး အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်လှမ်းနေမိ၏။ သူ ခြေလှမ်းရပ်လိုက်ပြီး
"ထင်းထင်း၊ မင်း သွားပြီး ဒီကိစ္စကို စုံစမ်းကြည့်ပါလား"
ကွမ်ထင်းထင်း : "ကျွန်မက ဘယ်မှာသွားပြီး စုံစမ်းရမှာလဲ"
"မင်း အရင်က ရဲစခန်းမှာ အလုပ်လုပ်ခဲ့ဖူးတာ မဟုတ်လား"
ကွမ်ထင်းထင်: : "ဟုတ်ပါတယ်၊ လုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အချိန်ခဏလေးတင်ပါ၊ ပြီးတော့ အခု သူတို့နဲ့လည်း မရင်းနှီးတော့ဘူး။ ကျွန်မ သွားစုံစမ်းလို့ ဘာထူးမှာလဲ"
ယွမ်ဟောက်ဖုန်း : "မရင်းနှီးရင်တောင် သိတော့သိနေတာပဲလေ။ သူစိမ်းတွေထက်စာရင်တော့ ပိုကောင်းတာပေါ့။ မင်းက ငါ့အမေ ဒီလိုအခြေအနေအထိ ဖြစ်နေတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မလို့လား။ သူမက မင်းရဲ့ ယောက္ခမပဲ၊ ငါတို့က မိသားစုတွေလေ"
ကွမ်ထင်းထင်: : "ရှင် ကျွန်မကို ဘာလို့ လာအော်နေတာလဲ။ ရှင့်မိသားစုရဲ့ ဒီအရှုပ်ထုပ်တွေကို ကြည့်ဦး၊ တစ်ခုပြီးတစ်ခု ဖြစ်နေတာ၊ ကျွန်မတောင် စိတ်မဆိုးရသေးဘူး။ ရှင်ကလာပြီး စိတ်ဆိုးနေတာလား ရှင့်မှာ ဘာအခွင့်အရေးရှိလို့ ကျွန်မကို လာအော်နေရတာလဲ"
"မင်းမိသားစုကျတော့ ပြဿနာ နည်းလို့လား။ မင်းက ငါ့ကို အပြစ်တင်ဖို့ပဲ သိတယ်..."
ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ အချင်းချင်း စကားများကြလေသည်။ သူတို့သည် အော်ဟစ်ဆဲဆိုကာ ရန်ဖြစ်နေကြစဉ် အဘွားကြီကျောက် အိမ်ထဲမှနေ၍ ထိုအသံအားလုံးကို ကြားနေရ၏။ ရှောင်ကျား၏ အခန်းမှာ ဝင်းဘက်သို့ မျက်နှာမူထားသဖြင့် အကုန်ကြားနေရလေသည်။ သူမ ရေသောက်ရန် နိုးလာခဲ့ခြင်းဖြစ်ပြီး ဆူညံသံများကြောင့် ဒေါသများ ဝုန်းခနဲ ထွက်လာကာ ပြတင်းပေါက်ထံသို့ အပြေးအလွှားသွား၍ အော်ဟစ်ငေါက်ငမ်းလိုက်သည်။
"ပါးစပ်ပိတ်ထားကြစမ်း။ နင်တို့က ညသန်းခေါင်ယံကြီးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေကြတာလား။ မသေရဲရင်လည်း ကွာရှင်းလိုက်ကြလေ။ ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတာတွေ လုပ်နေတာလဲ။ ဒီလောက်အထိ အော်ဟစ်ချင်ပြီး မအိပ်ချင်ဘူးဆိုရင်လည်း အပြင်ထွက်ပြီး သွားအော်ကြ။ ဝင်းထဲမှာ လာပြီး ဘာလို့ ဒီလောက် ဆူညံအောင် လုပ်နေရတာလဲ။ ငါတို့ကိုကော အိပ်ခွင့်မပေးတော့ဘူးလား။ ဆက်ပြီး ဆူညံနေဦးမယ်ဆိုရင်တော့ ငါ နည်းနည်းမှ အားနာနေမှာ မဟုတ်ဘူး။ ဘာလို အမှိုက်မျိုးတွေလဲ"
အဘွားကြီကျောက်သည် နည်းနည်းမှ အားနာပါးနာ မရှိပေ။ ယွမ်ဟောက်ဖုန်းနှင့် သူ၏ဇနီးဖြစ်သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားပြီးနောက် ချက်ချင်းပင် နီမြန်းသွားကြ၏။ ကွမ်ထင်းထင်း ယွမ်ဟောက်ဖုန်းကို ဆွဲဆိတ်လိုက်ပြီး
"ရှင့်ကို ကြည့်ဦး၊ ရှင့်မိန်းမကို သူများက ဒီလိုမျိုး လာပြီး အနိုင်ကျင့်နေတာကို ဒီအတိုင်း လွှတ်ထားတာလား"
"တော်စမ်း"
ယွမ်ဟောက်ဖုန်း အော်လိုက်သည်။
"ရှင်က ကျွန်မကို ထပ်ပြီး အော်နေသေးတာလား။ ရပါတယ်၊ ကျွန်မ သိတယ်၊ ရှင်က အဲဒီမြေခွေးမ လီလင်းလင်းရဲ့ ပြုစားတာကို ခံထားရလို့ အခု ကျွန်မကို ကြည့်မရဖြစ်နေတာမလား။ ရှင်က ကောင်းတာကို မသင်ဘူး၊ မကောင်းတာတွေကိုပဲ သင်တယ်။ ရှင့်အမေကလည်း အဲလိုပဲ၊ ဖောက်ပြန်တတ်တဲ့ မိန်းမ၊ ရှင်ကလည်း..."
"ဖြောင်း..."
ပြင်းထန်သော ပါးရိုက်သံ တစ်ချက် ထွက်ပေါ်လာ၏။
"ပါးစပ်ပိတ်ထား… မင်းမှာ ငါ့အမေအကြောင်း ပြောပိုင်ခွင့် မရှိဘူး"
"ယွမ်ဟောက်ဖုန်း၊ ရှင်က... အား..."
"ဖြောင်း..."
နောက်ထပ် ပါးရိုက်သံ တစ်ချက် ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ရှင်ကို သေအောင်သတ်ပစ်မယ်......"
ယွမ်မိသားစုအတွင်း ချက်ချင်းပင် ရန်ပွဲကြီးတစ်ခု ဖြစ်ပွါးသွားရသည်။
အဘွားကြီကျောက် : "ငါက အဲလောက်အထိ ပျော့ညံ့သွားပြီလား။ ဟာ... သူတို့ တကယ် တွယ်နေကြပြီပဲ"
သူမသည် ညည်းညူနေစဉ် ထိုဇနီးမောင်နှံနှစ်ဦး အမှန်တကယ် ရိုက်နှက်နေကြသည့် အသံကို ကြားလိုက်ရ၏။ အဘွားကြီကျောက် "အမလေး ဘုရားရေ..." ဟု ဆိုကာ မိမိ၏ ဒေါသများကို မေ့လျော့သွားပြီး အပြင်သို့ ချောင်းမြောင်း ကြည့်ရှုလိုက်သည်။ ညဘက်တွင် မအိပ်သေးသော ရှောင်ကျားသည်လည်း အပြင်သို့ ချောင်းကြည့်နေ၏။ အိမ်တိုင်းစေ့တွင် မီးများ လင်းလာကြသည်။ အဒေါ်ကြီးမေ့နှင့် အဘွားကြီဝမ်တို့မှာ ရှေ့ဝင်းမှနေ၍ အလယ်ဝင်းသို့ပင် ရောက်ရှိလာကြ၏။
အဒေါ်ကြီးမေ့မှာ နောက်ပြတင်းပေါက်ကို မှီထားရင်း
"ဘာတွေဖြစ်နေတာလဲ"
သူမ အိမ်ပြောင်းပြီးနောက် အကြီးမားဆုံး နောင်တရမိသည့်အရာမှာ ရန်ပွဲများကို ကြည့်ရသည့် အပျော်အပါးများ ဆုံးရှုံးသွားခြင်း ဖြစ်သည်။ ယခင်ဆိုလျှင် သူမသည် ဒုတိယဝင်းနှင့် အလယ်ဝင်းတို့ကို အလွယ်တကူ ထိန်းချုပ်ထားနိုင်ခဲ့၏။
အဘွားကြီကျောက် : "ဟောက်ဖုန်းက ကျောက်ရုံရဲ့ ကိစ္စကြောင့် သူ့မိန်းမကို ရိုက်နေတာ"
"ဪ... ဒါက မဟုတ်သေးပါဘူး။ ကျောက်ရုံကိုယ်တိုင်ကလည်း မသန့်ရှင်းဘဲနဲ့ ဒီအရှုပ်ထုပ်ကို ဖန်တီးခဲ့တာလေ။ ချွေးမဖြစ်သူက နည်းနည်းပါးပါး ညည်းညူတာကို မခံနိုင်ရဘူးလား"
"ဟောက်ဖုန်းက သူ့အမေဘက်က ကာကွယ်ပေးနေတာလေ"
ထိုဇနီးမောင်နှံနှစ်ဦးမှာ ဤကဲ့သို့ အချင်းချင်း ငြင်းခုံရိုက်နှက်နေကြစဉ် လီလင်းလင်းသည် ရှေ့ဝင်းမှနေ၍ အပြေးအလွှား ရောက်ရှိလာပြီး တံခါးကို လာရောက်ပုတ်ကာ
"တံခါးဖွင့်ပါ၊ တံခါးမြန်မြန်ဖွင့်ပါ၊ အစ်ကိုဟောက်ဖုန်း..."
သူမ အော်ဟစ် ငိုယိုရင်း
"ကွမ်ထင်းထင်း၊ နင် ဘယ်လိုဖြစ်လို့ လူတွေကို ဒီလိုမျိုး လာပြီး အနိုင်ကျင့်နိုင်ရတာလဲ"
အခြားသူများမှာ ခေါင်းထဲတွင် ကော်ရှင်မက် အပြည့်ဖြင့် လုံးဝ ဝေခွဲမရကာ ကြောင်အသွားကြရ၏။
ယွမ်ဟောက်ဖုန်းက အရင်စတာပါနော်၊ သူ ဘာတွေကို လျှောက်ပြောနေတာလဲ…ဘုရားရေ…
နားကို မလည်နိုင်တော့ဘူး…
ဒီကလေးမရဲ့ ဦးနှောက်ကတော့ ကောင်းကောင်း အလုပ်မလုပ်တော့ဘူးပဲ၊ တကယ့်ကို ဆရာဝန်ပြဖို့ လိုနေပြီ…
အဘွားကြီးကျောက်မှာ နောင်တစ်ချိန်တွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို "အချစ်ရူးတာ ဘာမှမကောင်းဘူး" ဆိုသည်ကို သိရှိသွားအောင် သေချာပေါက် သင်ခန်းစာ ကောင်းကောင်းပေးရမည်ဟု ဆုံးဖြတ်လိုက်မိသည်။
ကြည့်ကြစမ်း၊ ဒီအရှုပ်ထုပ်ကြီးကို ကြည့်ကြစမ်းဦး..
ဘယ်လိုတောင် သောက်ကျိုးနည်း အခြေအနေမျိုးလဲ…
ထိုဇနီးမောင်နှံနှစ်ဦးမှာ ရိုက်နှက်
ငြင်းခုံနေကြကာ မရပ်မနား ဆဲဆိုနေကြ၏။ ယွမ်ဟောက်ရွှယ်မှာ အိမ်တွင်မရှိကာ ဟောက်ယွဲ့မှာလည်း အခန်းတံခါးပိတ်ထားပြီး အပြင်ထွက်၍ မဖျန်ဖြေချေ။
သို့သော်လည်း လီလင်းလင်းမှာ တံခါးဝတွင် အဆက်မပြတ် အော်ဟစ်နေကာ
"အစ်ကိုဟောက်ဖုန်း၊ အစ်ကိုဟောက်ဖုန်းကို မရိုက်ပါနဲ့၊ နင် ဘယ်လိုဖြစ်လို့ ဒီလိုလုပ်နိုင်ရတာလဲ..."
လီလင်းလင်းတစ်ယောက် ကျယ်လောင်စွာ ငိုယိုရင်း တံခါးကို တဒုန်းဒုန်း ခေါက်နေလေသည်။
"ဂျိန်း..."
တံခါးမှာ ရုတ်တရတ် ပြင်းထန်စွာ ပွင့်ထွက်သွားပြီး လီလင်းလင်းကို တည့်တည့်ကြီး ရိုက်မိသွားသဖြင့် သူမ မြေပြင်ပေါ်သို့ လဲကျသွား၏။
ကွမ်ထင်းထင်းသည် လက်တစ်ဖက်မှ ကလေးကိုပွေ့ချီ၊ အခြားလက်တစ်ဖက်မှ အိတ်ကိုဆွဲလျက် အေးစက်စွာဖြင့်
"နင်လို မြေခွေးမက ငါ့အိမ်ထဲအထိ လာပြီး ငါ့မျက်နှာကို လာဖျက်ရဲတယ်ပေါ့ ဟုတ်လား"
သူမ ရှေ့သို့လှမ်းကာ လီလင်းလင်းကို ခြေထောက်ဖြင့် အချက်အနည်းငယ် ကန်ကျောက်လိုက်ပြီး
ဆဲဆိုလိုက်သည်။
"ဖာသည်မ.."
ထို့နောက် ညသန်းခေါင်ယံကြီး ဖြစ်သည်ကိုလည်း ဂရုမစိုက်ကာ လှည့်ထွက်သွားတော့သည်။
ယွမ်ဟောက်ဖုန်း ဒေါသတကြီးဖြင့် အော်ဟစ်ကာ
"မင်း ထွက်သွားရင် နောက်ပြန်မလာနဲ့"
"ခွေးပဲ ပြန်လာလိမ့်မယ်.."
ကွမ်ထင်းထင်းသည်လည်း ပြင်းပြင်းထန်ထန် ပြန်လည်ပုတ်ခတ်ကာ ကလေးကိုပွေ့လျက် တစ်ချက်ကလေးမျှ မရပ်တန့်ဘဲ ထွက်ခွါသွားခဲ့၏။
လီလင်းလင်း အလောတကြီး ထရပ်ကာ ရှေ့သို့ တိုးသွားပြီး
"အစ်ကိုဟောက်ဖုန်း၊ ကျွန်မကို ပေးကြည့်ပါဦး၊ အဆင်ပြေရဲ့လား၊ ကျွန်မကို ပေးကြည့်..."
"ဖယ်စမ်း.."
ယွမ်ဟောက်ဖုန်း စိတ်အခြေအနေ ဆိုးရွားနေသဖြင့် လီလင်းလင်းကို တွန်းထုတ်လိုက်ကာ
"မင်းနဲ့ ဘာမှမဆိုင်ဘူး"
"ကျွန်မကတော့ အစ်ကို့ကို ပစ်မထားနိုင်ဘူး..."
ထိုလူနှစ်ဦးမှာ အချင်းချင်း ပူးကပ်ဖက်တွယ်နေကြပြီဖြစ်ရာ အဘွားကြီးကျောက်ခမျာ "ဝိုး..." ခနဲ အသံထွက်မိသွားသည်။
"သူတို့ကို ကြည့်ရတာတင် အော့အန်ချင်စရာကြီး"
စိတ်ထဲ၌ အလွန်ရွံရှာမိ၏။ သူမ
ခေါင်းလှည့်လိုက်ပြီး
"မင်းလည်း သွားအိပ်တော့၊ အဘွားလည်း သွားအိပ်တော့မယ်။ ဒီလိုအရာတွေကို လာနားမထောင်နဲ့၊ နားထောင်ရင် ကောင်းတာတစ်ခုမှ တတ်လာမှာ မဟုတ်ဘူး"
ရှောင်ကျား : "ဟုတ်ကဲ့ပါ"
"ပြတင်းပေါက်ပိတ်ပြီး ပန်ကာဖွင့်အိပ်လိုက်တော့။ ဒီလိုအရာတွေကို နားထောင်ရတာ နားအဆိပ်တက်လွန်းတယ်"
ရှောင်ကျား : "ဟုတ်ကဲ့ပါ"
အဘွားကြီးကျောက် : "ဘာတွေ လျှောက်လုပ်နေကြတာလဲ မသိဘူး တကယ့်လူ့တိရစ္ဆာန်တွေ"
အဘွားကြီးကျောက်၏ စကားများမှာ ပြင်းထန်လှသော်လည်း အခြားသူများ၏ ပြောဆိုသံများမှာ ပို၍ပင် ပြင်းထန်လှသည်၊ သို့သော် လီလင်းလင်းမှာ ဘာမှမကြားရသကဲ့သို့ ပြုမူကာ အိမ်ထဲသို့ပင် တိုက်ရိုက် ဝင်သွားလေ၏။ ကွမ်ထင်းထင်း ကလေးကိုခေါ်ပြီး မိဘအိမ်သို့ ပြန်သွားချိန်တွင် လီလင်းလင်းမှာ သူများအိမ်ထဲသို့ တန်းဝင်သွားလေပြီ…
"ကျွန်မ အစ်ကို့မျက်နှာကို ဆေးထည့်ပေးမယ်။ အစ်ကို့မျက်နှာကိုလည်း ကြည့်ဦး၊ သူမက ဘယ်လိုဖြစ်လို့ ဒီလောက်အထိ ကုတ်ဖဲ့ရက်ရတာလဲ။ လွန်လွန်းတယ်..."
ကျောက်ရုံသည် အိမ်ထောင်လျက် လူမှုရေးဖောက်ပြန်မှုဖြင့် ထောင်ကျခါနီး ဖြစ်နေသော်လည်း လီလင်းလင်းမှာ သူမ၏ ခြေရာအတိုင်း လိုက်ရမည်ကို နည်းနည်းမျှ စိုးရိမ်ပုံမပေါ်ချေ။
ယွမ်ဟောက်ဖုန်းမှာ ပို၍ ပါးနပ်လှ၏။
"လင်းလင်း၊ မင်း ပြန်လိုက်ပါတော့။ ငါတို့က ဘာမှ မမှားခဲ့ဘူး၊ မောင်နှမအရင်းတွေလို ရင်းနှီးကြတာဆိုပေမဲ့ တခြားသူတွေက အဲလို ထင်ချင်မှ ထင်မှာ။ သူတို့က ငါတို့ကို တစ်ခုခုနဲ့ စွပ်စွဲပြီး ထောင်ချောက်ဆင်လာနိုင်တယ်။ မင်း မြန်မြန်ပြန်ပါတော့၊ ဒါက မင်းရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်စေတာ ငါ အဖြစ်မခံနိုင်ဘူး"
"မဖြစ်ဘူး၊ ကျွန်မ မကြောက်ဘူး.."
"ငါကတော့ လူတွေ မင်းအပေါ် နားလည်မှုလွဲမှာကို အဖြစ်မခံနိုင်ဘူး။ အခုက မငြိမ်မသက်ဖြစ်နေတဲ့ ကာလလေ"
"ဖြောင့်မတ်တဲ့စိတ်ရှိရင် စွပ်စွဲချက်တွေကို ကြောက်စရာမလိုပါဘူး"
သူတို့၏ ဟန်ဆောင်မှုကို ဝင်းထဲရှိ မည်သူမျှ မယုံကြည်ကြကာ အားလုံး နှာခေါင်းရှုံ့လှောင်ပြောင်ကြသည်။
ဟဲဟဲ၊ သရဲတောင် ယုံမှာ မဟုတ်ဘူး..
စိတ်ထဲမှ ကျိတ်၍ ကဲ့ရဲ့ကြ၏။
ဝင်းထဲရှိ ထိုပြဿနာအသေးအဖွဲလေးမှာ ကျောက်ရုံ၏ သတင်းပေးပြီး နာမည်ကြီးချင်သော စိတ်ဆန္ဒကို မတားဆီးနိုင်ခဲ့ပေ။
ဝန်ခံချက်များ ပေးပြီးနောက် ထောင်ထဲသို့ အမြန်ဆုံး ဝင်ချင်နေသော၊ သတင်းပေးရန် စိတ်မဝင်စားသော ဝေရှု့ဖန်းနှင့် နှိုင်းယှဉ်ပါက ကျောက်ရုံသည် မိမိ၏ ထောင်ဒဏ်နှစ် အနည်းငယ် လျော့နည်းစေရန်အတွက် တကယ်ပင် အကွက်ချ စီစဉ်နေခြင်း ဖြစ်သည်။
"ကျွန်မတို့ ဝင်းထဲက လီချန်ရွှမ်းလေ၊ သူလည်း မိန်းမကိစ္စနဲ့ လူမှုရေးဖောက်ပြန်နေတာပဲ။ သူနဲ့ လျိုကျင့်က လက်မထပ်ခင်ကတည်းက ကလေးရနေတာ။ ရှင်တို့ သွားပြီး ကလေးရဲ့ မွေးရက်ကို စစ်ဆေးကြည့်လိုက်.. ပြီးတော့ လင်စန်းရှင်းကလည်း အဲဒီမှာ ခဏခဏ လာအိပ်တတ်သေးတယ်။ သူတို့ သုံးယောက်က အတူတူ နေကြတာ။ ဒါက သိက္ခာရှိတဲ့ အလုပ်လား"
ကျောက်ရုံ နည်းနည်းမျှ အားနာခြင်းမရှိကာ ဆက်လက်၍
"ကျွန်မတို့ ဝင်းထဲက ကျန်းရှင်းဖှလေ၊ သူက အိမ်မှာ ဘယ်တော့မှ မရှိဘူး။ အလုပ်ဆင်းတာနဲ့၊ အလုပ်ပိတ်ရက်တွေဆိုရင် အပြင်ထွက်ပြီး ရည်းစားပဲ လိုက်ရှာနေတာ၊ တကယ့်ကို စာရိတ္တမကောင်းတာ။ သူ ဘာတွေ လုပ်ခဲ့လဲ ဘယ်သူသိမှာလဲ။ သူ့ကို စုံစမ်းစစ်ဆေးပါဦး၊ သူက လူကောင်းမဟုတ်ဘူး"
ကျောက်ရုံ ထပ်မံ၍
"သူ့သမီး ကျန်းမုန့်မုန့်ကလည်း ငယ်ငယ်တုန်းက ကျွန်မတို့ ဝင်းထဲက ပစ္စည်းတွေ ခိုးတတ်တာ၊ ကျွန်မတို့အိမ်က ငါးခြောက်ကိုတောင် ခိုးဖူးသေးတယ်။ သူခိုးဆိုရင် ဖမ်းရမှာ မဟုတ်ဘူးလား။ သူမက ငယ်သေးလို့ဆိုပြီး လွှတ်ထားလို့ မရပါဘူး။ မကြာသေးခင် နှစ်တွေအတွင်း သူမ မခိုးတော့ဘူးဆိုပေမဲ့ အပြင်မှာ ခိုးနေသေးလား ဘယ်သူသိမှာလဲ။ သူမကို စုံစမ်းပါ၊ စုံစမ်းပါ၊ စုံစမ်းပါဦး.."
ကျောက်ရုန် တွေးတောရင်း ဆက်ပြောပြန်ကာ
"ကျန်းရှင်းဖှက အဲဒီတုန်းက လျိုကျင့်နဲ့လည်း ပတ်သက်မှု ရှိခဲ့သေးတယ်၊ ကြည့်စမ်း... ဘယ်လောက်တောင် ရှုပ်ပွနေလဲ၊ သူတို့ကို ဖမ်းလိုက်ကြ.."
"ပြီးတော့ ချန်ချင်းယွီ လမ်းဘေးမှာ ပစ္စည်းရောင်းနေတာကကော မှောင်ခိုကုန်သွယ်မှုထဲ မဝင်ဘူးလား"
ရဲအိုကြီး မော့ကြည့်လိုက်ပြီး
"အခုက ကိုယ်ပိုင်စီးပွားရေး လုပ်
ခွင့်ပြုထားပြီလေ၊ မင်းရဲ့သားလည်း တခြားလူတွေလိုပဲ လုပ်နေတာ မဟုတ်ဘူးလား"
ကျောက်ရုံ ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး
"အဲဒါက... ဒါဆို ကျွန်မတို့ စက်ရုံက အဘိုးကြီးချန်က ထောက်ပံ့ရေးက မမလီနဲ့ တတွဲတွဲ ဖြစ်နေတာ... ကျွန်မ သိသေးတယ်..."
"ကျွန်မ သိသေးတယ်၊ အနီးနားမှာ ဆိုင်အသေးလေး တစ်ဆိုင် ရှိတယ်၊ ဖွင့်ထားတာ ဆယ်နှစ်ကျော်ပြီ။ အဲဒီတုန်းက ဖွင့်ခွင့်မရှိဘဲ ဖွင့်တာဆိုတော့ မှောင်ခိုလုပ်တာ မဟုတ်ဘူးလား။ ကျွန်မတို့ ဝင်းထဲက မာကျန့်ယီနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း အဲဒီကို သွားဖူးတယ်၊ ကျွန်မကိုယ်တိုင်တောင် မြင်ဖူးသေးတယ်"
အမှန်တကယ်တမ်း သူမကိုယ်တိုင်လည်း ထိုဆိုင်သို့ သွားဖူးလေသည်။
"ဪ... မှန်သားပဲ၊ မာကျန့်ယီရဲ့ တတိယသားက မုဆိုးမနောက်ကို တကောက်ကောက် လိုက်နေတာ၊ အဲဒါကော ဖောက်ပြန်တာ (အချောင်နှိုက်တာ) ထဲ ဝင်မလားမသိဘူး..."
...
ထိုညတွင် ကျောက်ရုံ သတင်းပေးတိုင်ကြားခဲ့သော လူဦးရေမှာ အနည်းဆုံး အယောက်သုံးဆယ်ထက်မနည်း ရှိခဲ့၏။
ရဲအရာရှိများမှာ လိုက်လံမှတ်သားရလွန်းသဖြင့် လက်များပင် အံသေလုမတတ် ဖြစ်နေရသည်။ အချို့ကိစ္စများမှာ မသင်္ကာစရာ ဖြစ်သော်လည်း အချို့မှာမူ ကျောက်ရုံ၏ စိတ်ကူးယဉ် သံသယများသာ ဖြစ်၏။ သို့သော် သူမ ဖွင့်ဟဝန်ခံထားသဖြင့် သူတို့ဘက်မှလည်း တစ်ခုချင်းစီကို လိုက်လံ အတည်ပြုရမည် ဖြစ်သည်။
တကယ်စစ်ဆေးလို့ ပြဿနာအစစ်အမှန် ရှိနေရင်တော့ အပြစ်ပေးခံရမှာပဲလေ…။
ကျောက်ရုံကဲ့သို့သော လူစားမျိုး အရင်ခေတ်ရှိ တော်လှန်ရေး ကော်မတီထဲ မရောက်သွားခဲ့သည်မှာ ကံကောင်းသည်ဟု ရဲများ သက်ပြင်းချကြသည်။ မဟုတ်လျှင် ထိုမိန်းမသည် မိမိအကျိုးအတွက် လူပေါင်းမည်မျှကို သက်သက်မဲ့ စွပ်စွဲဒုက္ခပေးမည်ကို မသိနိုင်ချေ။
ဒီမိန်းမကတော့ တကယ်ပဲ...
ကျောက်ရုံသည် တစ်ညလုံး မရပ်မနား ပြောဆိုခဲ့ရာ မိုးလင်းသည့်အထိပင်…
နွေရာသီ၏ နေ့ရက်များမှာ နေထွက်ချိန် စောလှ၏။
ကျောက်ရုံ တစ်ညလုံး ဝန်ခံနေသကဲ့သို့… ချန်ချင်းယွီသည်လည်း အုတ်ဂူဘေးတွင် တစ်ညလုံး စကားများ တတွတ်တွတ် ပြောဆိုနေခဲ့သည်။ သူမ တစ်ညလုံး တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေခဲ့သဖြင့် အသံများပင် အနည်းငယ် ဝင်နေပြီ ဖြစ်သည်။ သူမ အုတ်ဂူကျောက်စာတိုင်ကို မှီထားရင်း အသံတိုးတိုးဖြင့်
"အဘိုးတို့ကို ဒုက္ခပေးခဲ့တဲ့ လူတွေ မြေအောက်ကို ဆင်းပြီး အဘိုးတို့ကို လာရှာကြပြီ။ ဒီနေ့ကစပြီး သမီးနဲ့ ချန်မိသားစုကြားမှာ ဘာပတ်သက်မှုမှ လုံးဝ မရှိတော့ဘူး"
ရုတ်တရက် ကလဲ့စားချေနိုင်ခဲ့သဖြင့် ချန်ချင်းယွီ၏ ရင်ထဲတွင် အနည်းငယ် ဟာတာတာ ဖြစ်သွားပြီး ဝမ်းနည်းမှုရော ဗလာကျင်းမှုပါ ဒွန်တွဲခံစားနေရသည်။
သူမ မိမိကိုယ်မိမိ အားပေးရင်း
"သမီး နောက်ဆို ဘဝကို ကောင်းကောင်း ရှင်သန်သွားပါ့မယ်၊ စိတ်မပူပါနဲ့။ သမီး ပိုက်ဆံအများကြီး ရှာပြီး သိပ်ကို ပျော်ရွှင်အောင် နေပါ့မယ်"
သူမ ထိုနေရာတွင် ခဏမျှ ကြောင်တောင်တောင် ထိုင်နေမိပြီးနောက် ရုတ်တရက် မော့ကြည့်ကာ
"ငါ တစ်ခုခု လုပ်ဖို့ ရှာရမယ်၊ တစ်ခုခု လုပ်ဖို့ ရှာရမယ်... နေဦး၊ နေဦး၊ ငါ အောက်ဆင်းပြီး အဘိုးတို့ ငါ့အတွက် ဘာတွေ ချန်ထားခဲ့လဲဆိုတာ သွားကြည့်ရမယ်"
ရင်ထဲရှိ ဝမ်းနည်းမှုများကို မောင်းထုတ်ရန် ကြိုးစားရင်း သူမ အကြည့်ကို လွှဲပြောင်းကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"ငါ အောက်ဆင်းပြီး သွားကြည့်မယ်"