← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃) ချမ်းသာကြွယ်ဝမှု

ချန်ချင်းယွီ ငယ်စဉ်ကတည်းက ပျိုးထောင်လာခဲ့သော အလေ့အထမှာ စိတ်ခံစားချက် မကောင်းပါက အာရုံလွှဲရန်အတွက် အခြားကိစ္စတစ်ခုခုကို ချက်ချင်း ရှာဖွေလုပ်ကိုင်ခြင်းပင်…။

ယခုလည်း… မူလ၌ လျှို့ဝှက်အခန်းကို တူးဖော်ရန် သူမ အလျင်မလိုခဲ့သော်လည်း စိတ်ထဲမှ မွန်းကြပ်မှုများကို ဖြေဖျောက်ရန် တကယ်ပင် ခက်ခဲနေခဲ့သည်။

သူမသည် မိမိကိုယ်မိမိ "အကောင်းမြင်ရမယ်" ဟု အမြဲ သတိပေးနေမိသော်လည်း ရင်ထဲတွင်မူ မသက်မသာ ဖြစ်နေရသည်မှာ ရှောင်လွှဲ၍မရပေ။

သူမ မည်မျှပင် သဘောထားကြီးပါစေ ဤအရာသည် အသက်နှင့်ရင်းရသည့် ကိစ္စကြီးဖြစ်ရာ မည်သို့လျှင် လုံးဝ တည်ငြိမ်နေနိုင်မည်နည်း။

ဤသည်မှာ ချန်ချင်းယွီ၏ အမြင်ကျဉ်းမြောင်းမှုကြောင့် မဟုတ်ဘဲ အဓိကတရားခံမှာ သူမ၏ ဖခင်အရင်း ဖြစ်နေခြင်းကြောင့် ဖြစ်၏။ သူမ၏ ယုတ်ညံ့သော ဖခင်သည် မိခင်မိသားစုတစ်စုလုံးကို ဒုက္ခပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချက်မှာ ချန်ချင်းယွီအတွက် မွန်းကြပ်မှုကို မဖြေဖျောက်နိုင်အောင် ဖြစ်စေသည့် အကြောင်းရင်း ဖြစ်၏။ သူမသည် မိမိ၏အာရုံကို လွှဲပြောင်းရန်အတွက် ဝမ်းနည်းဒေါသထွက်မှုများကို ခွန်အားအဖြစ် ပြောင်းလဲကာ အဆင်ပြေမည့် ကိရိယာများကို ရှာဖွေပြီး တဟူးဟူးဖြင့် အားစိုက်တူးဆွလေသည်။ မကြာမီမှာပင် မူလရှိနေသော ကျောက်ပြားကြီးကို ဖွင့်လှစ်နိုင်ခဲ့၏။

ဤသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်သဖြင့် ပထမအကြိမ်လောက် ဘေးအန္တရာယ် မရှိပေ။ လေဝင်လေထွက်ရှိအောင် ခဏမျှ ထားလိုက်ပြီးနောက် ခါးတွင် ကြိုးတစ်ချောင်းကို ချည်နှောင်ကာ ချန်ချင်းယွီ အောက်သို့ ခုန်ဆင်းလိုက်သည်။

အောက်သို့ ရောက်ရှိပြီးနောက် သူမနေရာအနှံ့ကို အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်၏။ ဤနေရာသည် ရေတွင်းပျက်တစ်ခုနှင့် တူသော်လည်း ထိုမျှနှင့် မရိုးရှင်းနိုင်ကြောင်း ချန်ချင်းယွီ သိရှိလေသည်။

"ဘယ်သူ့အိမ်က ရေတွင်းပျက်က ဒီလောက်တောင် လှည့်ကွက်တွေ အများကြီး လုပ်ထားမှာလဲ"

သူမ စိတ်ထဲ တွေးလိုက်မိ၏။ နေရာအနှံ့ကို သူမ လိုက်လံစမ်းသပ်ကြည့်သည်။ ဤနေရာမှာ ရေရှည် အသုံးချမှုမရှိခဲ့သဖြင့် ရေတွင်းပျက်၏ နံရံပေါ်တွင် ဖုန်မြေလွှာများ ထူထပ်စွာ ကပ်ငြိနေပုံရ၏။ ချန်ချင်းယွီ တစ်လက်မချင်းစီ စစ်ဆေးရင်း နောက်ဆုံးတွင် ထူးခြားသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ နေရာလေးမှာ သေးငယ်လှပြီး ကျောက်တံခါးတစ်ချပ် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ရပေ။

ကျောက်တံခါးသည် နံရံနှင့် တစ်သားတည်းဖြစ်နေပြီး ကောင်းမွန်စွာ ဖုံးကွယ်ထား၏။ အကယ်၍ ချန်ချင်းယွီသာ အစကတည်းက သံသယမဝင်ခဲ့လျှင် တွေ့ရှိရန် မလွယ်ကူလှချေ။

သူမ စမ်းသပ်၍ တွန်းကြည့်သော်လည်း လုံးဝ ရွေ့လျားခြင်း မရှိပေ။

ချန်ချင်းယွီသည် ခွန်အားကြီးမားသူတစ်ဦး ဖြစ်သော်လည်း တွန်းလိုက်သည့်အခါ နည်းနည်းမျှပင် လှုပ်ရှားမသွားချေ။ သို့သော် ဤကဲ့သို့သော တံခါးမျိုးတွင် သော့ခလောက် ရှိနိုင်မည်မဟုတ်ရာ သူမသည် ထိန်းချုပ်ခလုတ်ကို လိုက်လံရှာဖွေလိုက်သည်။

"ထိန်းချုပ်ခလုတ် ... ထိန်းချုပ်ခလုတ်..."

"အဘိုးနဲ့ အဘွားရဲ့ စိတ်နေသဘောထားအရဆိုရင် သူတို့က ငါ့ကို သေချာပေါက် ရှာတွေ့စေချင်မှာပဲ။ တကယ်လို့ ငါ တကယ် ရှာလာခဲ့ရင်လည်း အဲဒီတုန်းက ငါက ငယ်သေးတာမလို့ ကိုယ့်မှာ ခွန်အားကြီးမှန်း မပြရသေးဘူး။ အဲဒီတော့ အဘိုးနဲ့ အဘွားက ငါ့ရဲ့ ခွန်အားကြီးမှုကို အခြေခံပြီး အားစိုက်ရမယ့် ထိန်းချုပ်ခလုတ်မျိုးကို လုပ်ထားမှာ မဟုတ်ဘူး။ ဒါဆို သူတို့ ဘာလုပ်ထားမလဲ... သူတို့က ငါ့အတွက် သေချာပေါက် ထည့်တွေးပေးထားမှာပဲ"

ချန်ချင်းယွီ ရုတ်တရက် သတိရသွားပြီး ချက်ချင်းပင် ကျောက်တံခါး၏ ထောင့်ဖြတ်မျဉ်းနေရာမှ မြေကြီးကို စတင်တူးဆွလိုက်၏။ တူးရင်း တူးရင်းဖြင့် အောက်သို့ ဆက်လက်တူးသွားရာ မီတာဝက်နီးပါးခန့် ရောက်ရှိသွားသောအခါ မျှော်လင့်ထားသည့်အတိုင်း သံကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ချန်ချင်းယွီ မျက်လုံးများ ပြူးကျယ်သွားကာ "တကယ်ပဲ ဒီမှာ ရှိနေတာပဲ" ဟု စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

အဘိုးနှင့် အဘွားမှ သူမကို ဤကဲ့သို့သော စကားမျိုး ပြောခဲ့ဖူးသည်ကို သူမ မှတ်မိနေသည်။ သူမ မှတ်မိသည်၊ အကုန်လုံးကို မှတ်မိနေခဲ့၏။

"တကယ်ပဲ... သူတို့လုပ်ထားတဲ့ ထိန်းချုအ်ခလုတ်တွေ အကုန်လုံးက ငါ့ကို ရှာတွေ့နိုင်အောင် လုပ်ပေးထားတာပဲ"

ချန်ချင်းယွီ လေးလံသော သံကွင်းကို အားစိုက်၍ ဆွဲကိုင်လိုက်ရာ "ဂျိန်း..." ဟူသော အသံနှင့်အတူ ကျောက်တံခါးသည် ဖြည်းညှင်းစွာ ရွေ့လျားပွင့်ဟသွားသည်။

ကျောက်တံခါးသည် ရေရှည် ဖွင့်လှစ်ခြင်း မရှိခဲ့သဖြင့် ရုတ်တရက် ပွင့်သွားသောအခါ ဖုန်မှုန့်များ ဝုန်းခနဲ ထွက်လာပြီး ချန်ချင်းယွီလည်း အနည်းငယ် ချောင်းဆိုးသွားကာ နေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေမိ၏။ သို့သော် သူမ ဓာတ်မီးကို ယူဆောင်ကာ အတွင်းဘက်သို့ လှမ်း၍ ထိုးကြည့်လိုက်သည်။ အတွင်းဘက်တွင် လျှို့ဝှက်အခန်းတစ်ခန်း ရှိနေပြီး ပိန်းပိတ်အောင် မှောင်မည်းနေ၏။ ဓာတ်မီးရောင် ဖြတ်သန်းသွားသောအခါ အတွင်း၌ သေတ္တာကြီး အများအပြားကို စီရီပုံထားသည်ကို မြင်တွေ့ရပြီး အပေါ်တွင်လည်း ပင့်ကူအိမ်များ ပြည့်နှက်နေသည်။

ချန်ချင်းယွီ ဇွတ်အတင်း ဝင်မသွားဘဲ ထိုနေရာတွင် ခေတ္တမျှ ရပ်စောင့်နေမိ၏။ နွေရာသီ အပူရှိန် ပြင်းထန်သော အချိန်ဖြစ်သော်လည်း တောနက်ထဲတွင်မူ လေပြေအနည်းငယ် တိုက်ခတ်နေသဖြင့် လေဝင်လေထွက် ကောင်းမွန်လာအောင် စောင့်ဆိုင်းနေပြီး သူမ နည်းနည်းမှ အလျင်မလိုပေ။

"အခု အချိန်စောနေသေးတာကို မဆိုထားနဲ့… နောက်ကျရင်တောင်မှ တောင်ထဲဝင်တဲ့လူတွေက ဒီလောက်အထိ နက်တဲ့နေရာကို လာမှာမဟုတ်ဘူး။ ဒီနေရာက တော်တော်လေးကို နက်လွန်းတယ်။ မိုးသောက်ကတည်းက တောင်ပေါ်ကို လှမ်းလာရင်တောင် အခုအချိန်မှာ ဒီနေရာကို ရောက်နိုင်မှာ မဟုတ်ဘူး"

ထို့ကြောင့် ချန်ချင်းယွီ စိတ်အနည်းငယ် အေးသွားရသည်။

သူမသည် ခဏမျှ ထပ်မံစောင့်ဆိုင်းပြီးနောက်မှ ဓာတ်မီးကို ကိုင်ဆောင်ကာ ကိုယ်ကိုကိုင်း၍ တံခါးအတွင်းသို့ ဝင်ရောက်ခဲ့၏။ ဤကျောက်တံခါးမှာ တစ်မီတာခွဲပင် မပြည့်သဖြင့် အရပ်တစ်မီတာခြောက်ဆယ်ရှိသော ချန်ချင်းယွီပင် ကိုယ်ကိုငုံ့၍ ဝင်ရသည်။ သူမ အတွင်းသို့ ရောက်ရှိလာသောအခါ ပိုမို ရှင်းလင်းစွာ မြင်တွေ့ရပြီး လျှို့ဝှက်အခန်းမှာ သူမ ထင်ထားသည်ထက် ပိုမိုကျယ်ဝန်းကာ စတုရန်းမီတာ ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိနေသည်။

လျှို့ဝှက်အခန်းတစ်ခု အနေဖြင့်မူ ဤနေရာသည် သေးငယ်လှသည် မဟုတ်ပေ။ ၎င်းသည် ဗလာကျင်းမနေကာ သေတ္တာကြီး အများအပြားဖြင့် ပြည့်နှက်နေ၏။

ချန်ချင်းယွီ ရေတွက်ကြည့်လိုက်ရာ သေတ္တာကြီးပေါင်း လေးဆယ်ခန့် ရှိနေသည်ကို မမျှော်လင့်ဘဲ တွေ့ရှိရသည်။ စတုရန်းမီတာ ခုနစ်ဆယ်၊ ရှစ်ဆယ်ရှိသော အခန်းကျယ်ကြီး၏ နေရာအများစုကို နေရာယူထားပြီး ကျန်ရှိသော နေရာလွတ်မှာ အလွန်ကျဉ်းမြောင်းလှသည်။ လူလျှောက်ရန်နှင့် သယ်ယူရန် တစ်ကိုယ်စာ လမ်းကြားလေးများ ချန်ထားသည်မှလွဲ၍ ကျန်နေရာအားလုံးတွင် သေတ္တာများသာ ရှိပြီး သေတ္တာနှစ်လုံးစီကို ဆင့်ထားကာ သေတ္တာတိုင်းတွင် လေးလံသော သော့ခလောက်ကြီးများ ခတ်ထား၏။

ချန်ချင်းယွီ လက်လှမ်း၍ စမ်းသပ်ကြည့်ရာ သေတ္တာများမှာ အလွန်ပင် ခိုင်ခံ့ပုံရသည်။

ချန်ချင်းယွီတွင် သော့မရှိပေ။

"ငါ သေတ္တာတွေကို အတင်းအဓမ္မ ဖျက်ဆီးပြီး ဖွင့်လို့ရပေမဲ့ အဲလိုလုပ်တာတော့ သိပ်မကောင်းလှဘူး"

ချန်ချင်းယွီ စဉ်းစားပြီးနောက် တံခါးပြင်ပသို့ ပြန်လည်ထွက်ခွာကာ ကြိုးကိုဆွဲ၍ အပေါ်သို့ တက်ခဲ့သည်။ ယခုအခါ မိုးလင်းနေပြီဖြစ်ရာ သူမသည် ပတ်ဝန်းကျင်ကို တစ်ပတ်ပတ်၍ စစ်ဆေးကြည့်သော်လည်း အခြားသူများ၏ ခြေရာများကို မတွေ့ရှိရသဖြင့် စိတ်အေးသွားရ၏။

မနေ့တစ်နေ့ညတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်တိုင် တစ်ရက်နှင့်တစ်ည ကုန်ဆုံးသွားပြီဖြစ်၍ ပြင်ပတွင် ခြောက်သွေ့နေပြီ ဖြစ်သော်လည်း ဤနေရာမှာမူ ထိုသို့မဟုတ်ပေ။ တောနက်ထဲတွင် သစ်ပင်များ အုပ်ဆိုင်းနေသဖြင့် အနည်းငယ် စိုစွတ်နေဆဲဖြစ်ရာ လူဖြတ်သန်းသွားလျှင် ခြေရာများကို အတိုင်းအတာတစ်ခုအထိ မြင်တွေ့နိုင်သော်လည်း ပတ်ဝန်းကျင်တွင်မူ ချန်ချင်းယွီ တောင်ပေါ်တက်လာခဲ့သည့် ခြေရာမှလွဲ၍ အခြားသူများ၏ ခြေရာ လုံးဝ မရှိချေ။

သူမသည် စိတ်အေးသွားပြီးမှ မိခင်၏ အုတ်ဂူရှေ့သို့ ရောက်ရှိလာသည်။

"အမေ... အဘိုးနဲ့ အဘွားက သော့တွေကို အမေ့ဆီမှာ ထားခဲ့တာ မဟုတ်လားဟင်"

ချန်ချင်းယွီ အတိတ်အချို့ကို ပြန်လည်အမှတ်ရမိ၏။ ထိုအချိန်မှာ ဦးလေးဖြစ်သူ ကွယ်လွန်ပြီးစ အချိန်ဖြစ်ရာ အဘိုးနှင့် အဘွားတို့ ဝမ်းနည်းလွန်းသဖြင့် ဖျားနာကာ အိမ်တွင် အနားယူနေကြပြီး သူမသည် ဘေးမှ ပြုစုပေးနေခဲ့သည်။ အဘွားဖြစ်သူသည် သူမ၏လက်ကို ဆွဲကိုင်ကာ တိုးညင်းသောအသံဖြင့် ပြောခဲ့၏။

"ချင်းချင်းရေ... တကယ်လို့ တစ်နေ့နေ့မှာ၊ တကယ်လို့ တစ်နေ့နေ့မှာ အဘွားတို့လည်း မရှိတော့ရင် သမီးအဖေကို ပြောပြီး အဘွားတို့ကို အဘွားတို့ ကြည့်ထားတဲ့ ဂူနေရာမှာ သေချာပေါက် မြှုပ်နှံပေးရမယ်နော်၊ သိလား။ ဘယ်လောက်ပဲ ခက်ခဲပါစေ သမီး သေချာပေါက် လုပ်ပေးရမယ်။ အဘွားတို့က သမီးအမေနဲ့ ဦးလေးဘေးမှာ နေပေးချင်လို့ပါ"

"အဘွားက သေမှာမဟုတ်ပါဘူး၊ ဒီလိုစကားတွေ မပြောပါနဲ့၊ ဒါတွေမပြောပါနဲ့၊ အဘွား မသေရပါဘူး..."

ဆံပင်ဖြူဖွေးနေသော အဘွားအိုသည် မိန်းကလေး၏လက်ကို ညင်သာစွာ ပုတ်ပေးရင်း ပြောခဲ့၏။

"လူဆိုတာ သေရမှာပဲလေ၊ တကယ်လို့ အဲဒီလိုနေ့ ရောက်လာခဲ့ရင် သမီး အဘွားကို ကတိပေးရမယ်"

ချန်ချင်းယွီ မျက်ရည်များ ဝဲလျက် ခေါင်းညိတ်ပြခဲ့သည်။

အဘွားအို စိတ်သက်သာရာရစွာဖြင့်

"သမီးက အဘွားတို့ကို အတူတူ မြှုပ်ပေးရင် အဘွားတို့ မိသားစုတစ်စုလုံး စုံစုံလင်လင် ရှိနေမှာ။ ဒီတစ်သက်မှာ အဘွားတို့ ဇနီးမောင်နှံအတွက် ဘာမှလိုပါဘူး၊ သမီးအမေနဲ့ ဦးလေးတို့ပဲ ဒုက္ခများသွားရှာတာ... တကယ်လို့ တစ်နေ့မှာ အဘွားတို့ တကယ်ပဲ တစ်ခုခုဖြစ်ပြီး မရှိတော့ရင် အဘွားတို့ စိတ်အမချဆုံးက သမီးပဲ။ ချင်းချင်းရေ... တကယ်လို့တကယ်လို့ပေါ့နော်၊ အဘွားပြောတာက ဥပမာနော်၊ တကယ်လို့ အဘွားတို့ မရှိတော့လို့ သမီးမှာ အခက်အခဲ ရှိလာရင် အုတ်ဂူနားကိုလာပြီး အဘွားတို့ကို လာပြောပြပါ"

"အဘွားကလည်း ဒါတွေ လျှောက်မပြောပါနဲ့တော့..."

အဘွားအို : "သမီး မှတ်ထားရမယ်နော်၊ အဘွားတို့ကို သေချာပေါက် လာကြည့်ရမယ်၊ သေချာပေါက် လာရမယ်။ ဘယ်ပစ္စည်းပဲဖြစ်ဖြစ် အဘွားကတော့ ကိုယ့်ဘေးနားမှာ ထားရမှ စိတ်အအေးရဆုံးပဲ"

ထိုစကားမှာ အစအဆုံးမရှိ အလွန်ထူးဆန်းလှသည်၊ သို့သော် ထိုစဉ်၌ ချန်ချင်းယွီသည် အသက်ငယ်သေးသဖြင့် အလေးအနက် မတွေးမိခဲ့ကာ စကားဝိုင်းမှာလည်း အမြန်ဆုံး ပြီးဆုံးသွားခဲ့သည်။ သို့သော် ယခုပြန်လည် စဉ်းစားကြည့်သောအခါ…

"တကယ်လို့ သော့ဝှက်ထားတဲ့ နေရာတစ်ခု ရှိမယ်ဆိုရင် အဲဒါက အုတ်ဂူကျောက်စာတိုင်ရဲ့ ရှေ့မှာပဲ ဖြစ်ရမယ်"

ချန်ချင်းယွီ ဤသို့သာ ထင်မြင်မိ၏။

အကြောင်းမူကား ဤသည်မှာ အဘွားဖြစ်သူ၏ စကားနှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည်။ သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငုံ့၍ အုတ်ဂူရှေ့မှ မြေကြီးကို စတင်တူးဆွလိုက်၏။

"အဘိုးနဲ့ အဘွားရဲ့ အုတ်ဂူကိုတော့ အဲဒီယုတ်ညံ့တဲ့ အဖေက ဦးစီးပြီး လုပ်ခဲ့တာဆိုတော့ အဲဒီမှာ ဘာမှရှိမှာ မဟုတ်ဘူး။ ဦးလေးသေတုန်းကလည်း ငါ မှတ်မိနေသေးတယ်၊ အဲဒီမှာလည်း ရှိမှာမဟုတ်ဘူး။ ဒါကြောင့် သေချာပေါက် အမေ့ဘက်မှာပဲ မြှုပ်ထားမှာ"

ချန်ချင်းယွီ ခန့်မှန်းမိသည်။ ချန်ချင်းယွီ အုတ်ဂူကျောက်စာတိုင်ရှေ့တွင် ခဏမျှ တူးဆွပြီးနောက်…

"ဂလောက်..."

မျှော်လင့်ထားသည့်အတိုင်း သူမသည် သံသေတ္တာအသေးလေး တစ်လုံးကို တူးမိသွား၏။ ချန်ချင်းယွီ နှုတ်ခမ်းစွန်းကို တင်းတင်းစေ့လျက် သေတ္တာလေးကို အပြင်သို့ ထုတ်ယူလိုက်သည်။

ချန်ချင်းယွီအနေဖြင့် အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်ရသော်လည်း ၎င်းမှာ သူမသည် ကျန်းမိသားစု၏ မြေးမလေးဖြစ်ပြီး ထိုအဘိုးအို၊ အဘွားအို နှစ်ဦးကို ကောင်းစွာ နားလည်ထားသည့်အပြင် သူတို့ မှာကြားခဲ့သော စကားအချို့ကိုလည်း မှတ်မိနေခဲ့၍တည်း။ အကယ်၍ အခြားသူသာဆိုလျှင် ရှာဖွေရန် မလွယ်ကူလှချေ။

ဤသံသေတ္တာအသေးလေးတွင်လည်း သော့ခလောက် ခတ်ထားသော်လည်း အရိုးရှင်းဆုံး အမျိုးအစားသာ ဖြစ်သဖြင့် ချန်ချင်းယွီ အားဖြင့် ဆွဲနှုတ်လိုက်ရာ သော့ခလောက်မှာ ပျက်စီးသွားခဲ့သည်။ သံချေးတက်နေသော သော့ခလောက်ကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး သေတ္တာကို ဖွင့်လိုက်၏။

သေတ္တာအတွင်း၌ သော့များ အစီအရီ ပြည့်နှက်နေပြီး သော့တစ်ခုချင်းစီပေါ်တွင် ဂဏန်းတစ်ခုစီ ရေးထိုးထားသည်။

ချန်ချင်းယွီ တိုးတိုးရေရွတ်လိုက်မိ၏။

"ဒါက သေတ္တာတွေရဲ့ နံပါတ်တွေနဲ့ ကိုက်ညီတဲ့ သော့တွေ ဖြစ်ရမယ်"

သူမ ရေတွင်းပျက်အောက်သို့ ပြန်လည်ဆင်းကာ လျှို့ဝှက်အခန်းအတွင်းသို့ ဝင်ရောက်ပြီး "၁" ဟု ရေးထားသော သေတ္တာကို အလေးအနက် ရှာဖွေလိုက်သည်။ သူမ အသက်ကို ပြင်းပြင်းရှူကာ ဓာတ်မီးကို နှုတ်ခမ်းဖြင့် ကိုက်၍ မီးထိုးလျက် ခေါင်းငုံ့ကာ သော့ဖွင့်လိုက်စဉ်……

"ဂလောက်..."

သော့ခလောက်မှာ အမှန်တကယ်ပင် ပွင့်သွားခဲ့၏။

"နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဆိုပေမဲ့ အခုထိ ဖွင့်လို့ရသေးတာပဲ၊ တကယ် ဖွင့်လို့ရသေးတယ်"

ချန်ချင်းယွီ စိတ်ထဲ ဝမ်းသာသွားမိသည်။

ချန်ချင်းယွီ သေတ္တာအဖုံးကို အသာအယာ မလိုက်ရာ ဖုန်မှုန့်များ ဝုန်းခနဲ ထွက်လာ၏။ သို့သော် သေတ္တာပွင့်သွားသည်နှင့် ချန်ချင်းယွီမှာ မျက်လုံးများ ပြူးကျယ်သွားရကာ…."အမလေး ဘုရားရေ.." ဟု အာမေဍိတ် ထွက်မိသွားတော့သည်။

သူမကိုယ်တိုင် ဗဟုသုတ ကြွယ်ဝသူတစ်ဦးဟု ဆိုနိုင်သော်လည်း ယခုကဲ့သို့သော ရတနာကောင်းမျိုးကိုမူ ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။

"ဒါ... ဒါ... ဒါက..."

သေတ္တာအတွင်း၌ အံ့ဩစရာကောင်းလောက်အောင် ရွှေရောင်တောက်ပနေသော အိမ်ရာဝင်းပုံစံ အလှပြပစ္စည်းတစ်ခု ရှိနေသည်။ သေတ္တာတစ်လုံးလုံးတွင် ဤပစ္စည်းတစ်ခုတည်းသာ ရှိသဖြင့် ၎င်း၏ အရွယ်အစား မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်၏။ ချန်ချင်းယွီသည် စမ်းသပ်ကိုင်တွယ်ကြည့်ကာ သေချာစွာ စစ်ဆေးကြည့်ရှုရာ…

"ကြည့်ရတာ ဒါက ရွှေအစစ်ကြီးနဲ့ တူလိုက်တာ"

ရွှေစင်ရွှေသားဖြင့် ပြုလုပ်ထားသော အိမ်ရာဝင်းကြီးအတွင်း၌ မျှော်စင်နန်းဆောင်များ၊ တံတားငယ်လေးများနှင့် စမ်းရေစီးဆင်းပုံများ ပါဝင်ပြီး ရေစီးဆင်းသည့် နေရာမှာမူ ကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရသည်။ တောသူမလေး ချန်ချင်းယွီမှာမူ ယခုအခါ အမှန်တကယ်ပင် မှင်သက်အံ့ဩနေမိ၏။

"ငါ ဒီလိုပစ္စည်းမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ နေဦး... မဟုတ်သေးပါဘူး၊ ရွှေရဲ့ ပျော့ပြောင်းမှုနဲ့ဆိုရင် ဒီလိုမျိုး ပုံဖော်လို့ မရနိုင်ဘူး မဟုတ်လား"

ချန်ချင်းယွီသည်လည်း ဤအရာအား မည်သည့်ကုန်ကြမ်းဖြင့် ပြုလုပ်ထားကြောင်း အတတ်မပြောနိုင်ချေ။ သို့သော် ဤအိမ်ရာဝင်းပုံစံငယ်သည် မှောင်ပိန်းနေသော သေတ္တာအတွင်း၌ ရှိနေသော်လည်း တောက်ပပြောင်လက်နေဆဲဖြစ်ပြီး ပြတင်းပေါက် အကွက်လေးများပင် အသက်ဝင်နေ၏။ အိမ်ရာဝင်းအတွင်း၌ "လူပုံသဏ္ဌာန်" အချို့ကိုလည်း မြင်တွေ့ရပြီး အားလုံးမှာ ကျောက်စိမ်းပန်းပုများ ဖြစ်ကြသည်။ ပစ္စည်းတစ်ခုလုံးမှာ ရွှေနှင့် ကျောက်စိမ်းကို အဓိကထား၍ ပြုလုပ်ထားခြင်း ဖြစ်၏။

ချန်ချင်းယွီ ငေးစိုက်ကြည့်နေမိပြီး ဤအရာမှာ မိမိတို့အိမ်မှ ပစ္စည်းဖြစ်သည်ကို မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

"ငါတို့မိသားစုက ချမ်းသာမှန်း သိထားပေမဲ့ ဒီလိုပစ္စည်းမျိုး ရှိနေလိမ့်မယ်လို့တော့ မထင်ထားမိဘူး။ တကယ်လို့ စာချွန်နဲ့ ပန်းချီကားတွေအပြည့်ရှိတဲ့ သေတ္တာတစ်လုံးကို မြင်ရရင်တောင် ငါ ဒီလောက်အထိ အံ့ဩမိမှာ မဟုတ်ဘူး"

ချန်ချင်းယွီ နှုတ်ခမ်းကို ကိုက်လျက် အချိန်အတော်ကြာသည့်တိုင် အသိပြန်မဝင်နိုင် ဖြစ်နေသည်။

အမှန်တကယ်၌ သူမတွင် ပိုက်ဆံမရှိခြင်း မဟုတ်ပေ။ ပြီးခဲ့သောဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ ချန်ချင်းယွီမှာ ငွေကြေးမချို့တဲ့သူတစ်ဦး ဖြစ်၏။ သို့သော်……

"ငါ ဘဝမှာ အနည်းငယ် ဆင်းရဲဒုက္ခ ကြုံခဲ့ရဖူးတာ မှန်ပေမဲ့ မကြာခင်မှာပဲ ဘဝက ပြန်အဆင်ပြေသွားတာပဲလေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ အရည်အချင်း ရှိတာကိုး။ ဒါပေမဲ့ ပိုက်ဆံရှိရုံနဲ့တော့ ဒီလိုမျိုး ပစ္စည်းကို မြင်ဖူးမှာ မဟုတ်ဘူး၊ ဒါက သီးခြားစီပဲလေ။ ရှေးဟောင်းပစ္စည်းနဲ့ ဒီလို ရတနာမျိုးတွေကိုတော့ ငါ တကယ် တစ်ခါမှ မမြင်ဖူးဘူး"

ချန်ချင်းယွီ စိုက်ကြည့်နေမိရာမှ နောက်ဆုံးတွင် အကြည့်ကို လွှဲလိုက်စဉ်….."ဟင်..." ဟု အသံထွက်မိသွားသည်။

သေတ္တာအဖုံး၏ အတွင်းဘက်တွင် သိုးသားရေအိတ်လေးတစ်အိတ် ကပ်ထားသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသောကြောင့်ပင်။

ချန်ချင်းယွီ ထိုအိတ်ကို ချက်ချင်း ခွာယူရန် ကြိုးစားသော်လည်း မည်သည့်အရာဖြင့် ကပ်ထားမှန်းမသိကာ အလွန်ပင် ခိုင်ခံ့နေ၏။ သို့ဖြစ်၍ ချန်ချင်းယွီ အိတ်၏ ကြယ်သီးကိုသာ ဖွင့်လိုက်ရာ အတွင်း၌ နူးညံ့သော သိုးရေအလွှာလေးဖြင့် ထပ်မံထုတ်ပိုးထားသည်ကို တွေ့ရသည်။ ဤသို့ဖြင့် တစ်လွှာပြီးတစ်လွှာ ထုပ်ပိုးထားရာ ချန်ချင်းယွီသည် သုံးလွှာတိုင်တိုင် ဆက်တိုက်ဖွင့်ပြီးနောက်မှ စာတစ်စောင်ကို တွေ့ရှိခဲ့၏။

အမှန်၌ ၎င်းမှာ စာတစ်စောင် မဟုတ်ပေ… ရှေးဟောင်းပစ္စည်း၏ မိတ်ဆက်အညွှန်းသာ ဖြစ်သည်။ ထိုစက္ကူကို အထူးနည်းပညာဖြင့် ပြုလုပ်ထားပုံရပြီး ထူးဆန်းသော ရနံ့တစ်မျိုး ထွက်ပေါ်နေကာ ယခုမျှ ကာလကြာမြင့်နေပြီ ဖြစ်သော်လည်း ဆွေးမြည့်ခြင်းမရှိ၊ အသစ်အတိုင်း ဖြစ်နေ၏။ စက္ကူအပြည့် ရေးသားထားသမျှမှာ ဤအလှပြပုံစံငယ်အကြောင်း ရေးထားခြင်းသာ ဖြစ်၏။

"ကိုယ့်လူအချင်းချင်းကပဲ ကိုယ့်အကြောင်းကို အသိဆုံးလို့ ပြောရမယ်"

လူကြီးနှစ်ဦးမှာ အသေးစိတ် ရှင်းလင်းစွာ ရေးသားပေးထားသဖြင့် ၎င်းမှာ "အသုံးပြုပုံအညွှန်း" ဟုပင် ဆိုနိုင်သည်။

"သေတ္တာတိုင်းမှာ ငါ့ရဲ့ သိလိုစိတ်သံသယတွေကို ဖြေဖျောက်ပေးဖို့ ဒီလို သိုးရေအိတ်နဲ့လုပ်ထားတဲ့ အညွှန်းစာတွေ သေချာပေါက် ရှိနေမှာပဲ"

ချန်ချင်းယွီ တွေးမိသွား၏။

သူမ၏ အဘိုးနှင့် အဘွားမှာ အလွန်တော်ကြသူများ ဖြစ်သော်လည်း ချန်ချင်းယွီမှာမူ ၎င်းတို့၏ အရည်အချင်းများကို အနည်းငယ်မျှပင် ဆက်ခံရရှိထားပုံမပေါ်ချေ။ သို့သော် ဤသည်မှာ ဆန်းကြယ်လှသည် မဟုတ်ပေ။ အချို့သောအရာများသည် ကြိုးစားမှုဖြင့် အားနည်းချက်ကို ဖာထေးနိုင်သော်လည်း အချို့သောအရာများမှာမူ ပါရမီပေါ်တွင်သာ မူတည်သောကြောင့် ဖြစ်၏။ ချန်ချင်းယွီ ဤကိစ္စရပ်များနှင့် ပတ်သက်၍ အမှန်တကယ်ပင် နားမလည်ချေ။ ထို့ပြင် အဘိုးနှင့် အဘွားမှာလည်း သူမကို ဤပညာရပ်များနှင့် ပတ်သက်၍ များစွာ သင်ကြားပေးခဲ့ခြင်း မရှိသဖြင့် သူမ ပို၍ပင် နားမလည်ခြင်း ဖြစ်သည်။

"ဒါပေမဲ့ ဒါကလည်း အဆန်းတော့ မဟုတ်ပါဘူး။ အရင်နှစ်တွေက လူမှုပတ်ဝန်းကျင် အခြေအနေအရဆိုရင် လူကြီးတွေက ငါ့ကို ဒီလိုပစ္စည်းတွေနဲ့ ဘယ်ပေးထိတွေ့ရဲပါ့မလဲ၊ ဒါက ပြဿနာရှာတာပဲလေ။ အဲဒီတုန်းက ငါ မှတ်ဉာဏ်ပျောက်ဆုံးသွားတာကို အဘိုးနဲ့ အဘွားက ဘာလို့ ကောင်းတဲ့အချက် ဖြစ်နိုင်တယ်လို့ ပြောခဲ့တာလဲဆိုတော့ ပတ်ဝန်းကျင် အခြေအနေကြောင့်ပဲ ဖြစ်ရမယ်။ သေချာ ပြန်တွေးကြည့်ရင် ငါ့မှာ အရင်ဘဝက အမှတ်သရုပ်တွေ ရှိနေခဲ့တော့ တခြားလူတွေနဲ့ တော်တော်လေး ကွဲပြားနေခဲ့တာကိုး"

သူမ စဉ်းစားမိသည်။

"ငါတို့မိသားစုရဲ့ နောက်ခံမျိုးနဲ့ ငါက တခြားလူတွေနဲ့ မတူဘဲ ကွဲပြားနေရင် တကယ်လို့ တစ်ယောက်ယောက်ကသာ သတိထားမိသွားရင် ပြဿနာတက်ဖို့ သေချာသလောက်ပဲ။ အထူးသဖြင့် ငါ့မှာ အားကိုးလို့မရတဲ့ ယုတ်ညံ့တဲ့ အဖေတစ်ယောက် ရှိနေတာလေ။ ဒါကြောင့် ငါ မှတ်ဉာဏ်ပျောက်သွားတာက တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်နိုင်တာပဲ၊ မဟုတ်ရင် အခြေအနေတွေက တကယ် ပြောရခက်လိမ့်မယ်။ အဘိုးနဲ့ အဘွားက ငါ့အကျိုးအတွက် လုပ်ပေးခဲ့တာပဲ"

ချန်ချင်းယွီ ဤသို့ နားလည်လိုက်သည်။

မည်သို့ဆိုစေကာမူ ဝေရှု့ဖန်းပင်လျှင် သူမသည် ကလေးတစ်ယောက်နှင့်မတူ၊ ထူးထူးခြား တော်လွန်းနေကြောင်း သိရှိထားရာ အကယ်၍ သူမသာ အဘွားဖြစ်သူအိမ်တွင် မကြာခဏ သွားရောက် မနေထိုင်ခဲ့ပါက စောစီးစွာကတည်းက လူမိသွားလောက်ပြီ ဖြစ်၏။ သူမတွင် ယခင်ဘဝ မှတ်ဉာဏ်များ ရှိနေသဖြင့် ကလေးတစ်ယောက် ဖြစ်သော်လည်း စိတ်အခြေအနေမှာ လူကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

"ငါကိုယ်တိုင်လည်း ကလေးတစ်ယောက်လို ဟန်ဆောင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဟန်ဆောင်လို့ မရတာကတော့ အမှန်ပဲလေ။ လူကြီးနဲ့ ကလေးရဲ့ အပြုအမူ ပုံစံတွေက လုံးဝ မတူကြဘူး။ ငါ ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းပါစေ၊ သရုပ်ဆောင်လို့ မရဘူး၊ အချိန်ကြာလာရင်တော့ အားနည်းချက်တွေ ပေါ်လာမှာပဲ"

ထိုစဉ်၌ လူများမှာ များစွာမတွေးတောမိကြကာ သူမအား အလွန်အမင်း တော်လွန်းသည်ဟုသာ ထင်မြင်ခဲ့ကြသော်လည်း အချိန်ကြာမြင့်လာပါက သံသယဝင်ကာ အခြားသော ပြဿနာရပ်များ သေချာပေါက် ပေါ်ပေါက်လာနိုင်ခြေ ရှိသည်။

လင်းကျန့်ဝမ် ကွယ်လွန်ပြီးနောက် သူမ၏ အပြုအမူများ ပြောင်းလဲသွားခဲ့သော်လည်း ပြင်းထန်သော စိတ်ဒဏ်ရာရပြီးနောက် စရိုက်ပြောင်းလဲသွားခြင်းမှာ ထူးဆန်းလှသည် မဟုတ်ချေ။ ထို့ပြင် သူမ၏ အတွေးအခေါ် လော့ဂျစ်များမှာလည်း တည်ရှိနေဆဲ ဖြစ်၏။ သူမသည် လင်းကျန့်ဝမ်အပေါ် သံယောဇဉ်ရှိသကဲ့သို့ ရှောင်ကျား၊ ရှောင်ယွမ်တို့အပေါ်တွင်လည်း ထို့အတူပင် ဖြစ်သည်။ ထို့ပြင် သူမသည်လည်း မိမိကိုယ်တိုင်သာ ဖြစ်သဖြင့် နေထိုင်မှုပုံစံနှင့် စားသောက်မှု အကြိုက်များမှာ အတူတူပင်ဖြစ်ရာ စရိုက်အနည်းငယ် ပြောင်းလဲသွားသော်လည်း မည်သူမျှ သံသယဝင်မည် မဟုတ်ပေ။

"ဒါပေမဲ့ ငယ်ငယ်တုန်းက လူကြီးက ကလေးလို ဟန်ဆောင်တာကတော့ တော်တော်လေး သိသာမှာပဲ။ အနည်းဆုံးတော့ အဘိုးနဲ့ အဘွားက သိသာတယ်လို့ သေချာပေါက် ခံစားမိမှာပဲ၊ မဟုတ်ရင် သူတို့က မှတ်ဉာဏ်ပျောက်တာကို ကောင်းတဲ့ကိစ္စလို့ ထင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ မှတ်ဉာဏ်ပျောက်ပြီး ဒီအရွယ် ကလေးတစ်ယောက် တကယ် ဖြစ်သွားခဲ့ပေမဲ့ အဘိုး၊ အဘွားနဲ့ ဦးလေးတို့ကိုတော့ ကယ်တင်နိုင်ခြင်း မရှိခဲ့ဘူး။ တစ်ခါတလေကျတော့လည်း အချို့သော ကိစ္စရပ်တွေက တကယ့်ကို ပြောရခက်လှတာပဲ"

ချန်ချင်းယွီ အတွေးကမ္ဘာမှ နိုးထလာပြီး ဒုတိယမြောက် သေတ္တာကို ကြည့်လိုက်သည်။ တိုက်ရိုက် ဖွင့်လှစ်နိုင်သော ပထမသေတ္တာနှင့် မတူဘဲ ဒုတိယသေတ္တာမှာမူ အလွှာပေါင်းများစွာ ထုပ်ပိုးထား၏။ ချန်ချင်းယွီအတွင်း၌ သိုးရေအိတ်တစ်အိတ်ကိုလည်း တွေ့ရှိခဲ့ရသည်။

၎င်းကို သူမ ဖွင့်ကြည့်လိုက်ရာ ပစ္စည်းတစ်ခုချင်းစီကို အသေးစိတ် ရေးသားထားသော စာရင်းတစ်ခုကို တွေ့ရ၏။ ကွဲအက်ပျက်စီးခြင်းမှ ကာကွယ်ရန် အလွှာပေါင်းများစွာဖြင့် သေချာစွာ ထုပ်ပိုးထားသော ကြွေထည်ပစ္စည်းအသေးလေးများ ပါဝင်သည်။

"ကြည့်ရတာ နုနယ်ပြီး ပညာတတ်ဆန်တဲ့ အဘိုးနဲ့ အဘွားက ဒီလောက်အထိ များပြားတဲ့ သေတ္တာတွေကို တောင်ပေါ်ကို ဘယ်လိုများ တဖြည်းဖြည်း သယ်လာခဲ့ကြပါလိမ့်"

ချန်ချင်းယွီ မယုံနိုင်အောင် ဖြစ်မိသည်။

ထို့နောက် ချန်ချင်းယွီ တတိယမြောက် သေတ္တာကို ဖွင့်လိုက်၏။

"ဝါး..."

ချန်ချင်းယွီ လုံးဝ မှင်သက်သွားရလေသည်။ ၎င်းသည် ရွှေများ၊ သို့မဟုတ် ရွှေတုံးကြီးများဖြင့် ပြည့်နှက်နေသောကြောင့်တည်း။

"အရင်တုန်းကတော့ ဝေဝါးဝါးပဲ ခံစားမိခဲ့တာ၊ အခု မျက်မြင်တွေ့လိုက်ရမှပဲ ဘိုးဘွားတွေ ချမ်းသာတယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိတော့တယ်"

သူမသည် စတုတ္ထမြောက် သေတ္တာကို ပြတ်ပြတ်သားသား ဖွင့်လိုက်သော်လည်း ထိုသေတ္တာထဲတွင် ရွှေတုံးကြီးများ မရှိပေ။ ၎င်းအစား အလှပြပစ္စည်းများ ပါဝင်သည်။ ချန်ချင်းယွီ သေတ္တာပေါ်ရှိ ဖော်ပြချက်ကို လှမ်းကြည့်ကာ မချီးမွမ်းဘဲ မနေနိုင်အောင် ဖြစ်ရ၏။

"ဒါတွေက ရှေးဟောင်းပစ္စည်းအစစ်တွေပဲ။ ဒီပစ္စည်းတွေက အခုခေတ်မှာတင် ဈေးကောင်းရနေပြီ။ နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် ထပ်သိမ်းထားရင် ပိုတောင် တန်ဖိုးတက်လာဦးမှာပဲ။ အနှစ်သုံးဆယ်၊ လေးဆယ်ဆိုရင်တော့..."

အိုးမိုင်ဂေါ့….

ချန်ချင်းယွီ ပြီးခဲ့သောဘဝမှ ဖတ်ဖူးသည့် ခေတ်ဟောင်း ဝတ္ထုအချို့ကိုပင် တွေးမိသွားသည်။ ခေတ်ဟောင်းဇာတ်လမ်းတချို့၌ ဇာတ်လိုက်များ ရတနာသိုက်တွေကို ရှာတွေ့ပြီးလျှင် အကြီးအကျယ် အံ့ဩမှင်သက်သွားတတ်ကြ၏။

ယခုမူ သူမ နားလည်သွားခဲ့လေပြီ…။

"အခုမှပဲ အဲဒီလိုမျိုး ပျော်ရွှင်မှုကို ငါ သေချာပေါက် နားလည်တော့တယ်"

"ကိုယ်ပိုင်ပစ္စည်းတွေကို ရှာတွေ့တာတောင် ငါ ဒီလောက်အထိ အံ့ဩနေရတာ၊ အဲဒီဝတ္ထုတွေထဲကလို သူများဝှက်ထားတဲ့ ရတနာသိုက်ကိုသာ ရှာတွေ့ရင် ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ မဟုတ်လား။ အယ်.."

ချန်ချင်းယွီ ဆုံးဖြတ်ချက် အခိုင်အမာဖြင့် သေတ္တာအာရလုံးကို ပြန်ပိတ်လိုက်ပြီး ဆက်လက်ဖွင့်ရန် ငြင်းဆန်လိုက်၏။ သူမ အပေါ်သို့ အမြန်ဆုံး ပြန်တက်ရန် ပြင်ဆင်ကာ ဆက်ပြီး နှောင့်နှေးနေ၍ မဖြစ်ပေ။

"တကယ်လို့ တစ်ယောက်ယောက်က မတော်တဆ ရှာတွေ့သွားရင် မိသားစုပစ္စည်းတွေ ဆုံးရှုံးရမှာက ကံဆိုးလွန်းရာကျမယ်။ အဘိုးနဲ့ အဘွားက ငါ့အတွက် ဒီပစ္စည်းတွေကို ဒုက္ခခံပြီး ဝှက်ပေးထားခဲ့တာ၊ ငါ ပေါ့ဆလို့ တခြားလူလက်ထဲ မရောက်စေရဘူး"

ထိုသို့တွေးပြီးနောက် ချန်ချင်းယွီ အရာအားလုံးကို မူလအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်ကာ လျှို့ဝှက်အခန်းကို သော့ခတ်ပြီး မိမိတူးခဲ့သော ကျင်းကို မြေပြန်ဖို့၍ အလေးအနက် ရှင်းလင်းလိုက်သည်။ ထိုနောက်မှသာ သူမသည် ကြိုးကိုဆွဲ၍ အပေါ်သို့ တက်ခဲ့၏။ အရာအားလုံးကို ပြန်လည်ပြင်ဆင်ပြီးနောက် လျှို့ဝှက်အခန်းရှိရာ ရေတွင်းပျက်နေရာကို သဲလွန်စမကျန်၊ အပြစ်ဆိုဖွယ်မရှိအောင် ပတ်ဝန်းကျင်တစ်ခုလုံး သေချာစွာ ပြုပြင်လိုက်သည်။ သူမ လုပ်ဆောင်ပြီးစီးသောအခါ မွန်းတည့်လုနီးပါး ဖြစ်နေပြီဖြစ်၏။ သူမ အခါအားလျော်စွာ အရာအားလုံးကို စစ်ဆေးနေခဲ့သဖြင့် သာမန်ဆိုလျှင် ဤထက် ပိုမိုစောစီးစွာ ပြီးစီးနိုင်သည်။ ချန်ချင်းယွီမှာ အလွန်အမင်း သတိကြီးလှပေသည်။

သူမ တစ်ယောက်တည်း ဖြစ်နေသဖြင့် နှမြောတသ ဖြစ်မိ၏။

"တကယ်လို့သာ အဖော်တစ်ယောက်ယောက်က ကင်းစောင့်ပေးရင် ဒီထက်အများကြီး ပိုမြန်မှာပဲ။ ဒါပေမဲ့ ငါ ရူးနေရင်တောင် ဒီလောက်ကြီးမားတဲ့ ကိစ္စမျိုးကို ဘယ်သူ့ကိုမှ ဖွင့်ပြောရဲမှာ မဟုတ်ပါဘူး။ လူက စည်းစိမ်အတွက် သေပြီး ငှက်က အစာအတွက် သေတာပဲလေ။ ပိုက်ဆံ တစ်ရာလောက် ပတ်သယ်နေရင်တောင် သူခိုးမျက်စိ ကျနိုင်သေးတာ၊ ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကိုတော့ ပြောနေစရာတောင် မလိုတော့ဘူး"

သူမ စိတ်ထဲ တွေးတောဆင်ခြင်မိသည်။

ချန်ချင်းယွီ သော့ကို အဝေးတစ်နေရာတွင် ပြန်လည်ဝှက်ထားခဲ့ပြီး ၎င်းကို ပြန်လည်ယူဆောင်ရန် ရည်ရွယ်ချက်မရှိပေ။ ဤနေရာတွင်ထားခဲ့ခြင်းမှာ ပို၍ကောင်းမွန်၏။ နေရာအားလုံးကို ရှင်းလင်းပြီးနောက် ချန်ချင်းယွီ အမောတကောဖြင့် ထိုင်ချလိုက်သည်။ မနေ့ည၌လည်း သူမ အိပ်ရေးမဝခဲ့ကာ တစ်ရက်နှင့်တစ်ညလုံး မနားတမ်း သွားလာနေခဲ့၏။ ယနေ့တွင်လည်း မွန်းတည့်နေပြီဖြစ်ရာ သူမ အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူမသည် အုတ်ဂူကျောက်စာတိုင်ကို မှီထိုင်ရင်း

"အဘိုးနဲ့ အဘွား၊ စိတ်မပူကြပါနဲ့၊ သမီး ဘဝကို ကောင်းကောင်း ရှင်သန်သွားပါ့မယ်"

သူမ အသံတိုးတိုးဖြင့် ရေရွတ်ကာ

"အခု သမီးနေတဲ့နေရာကို ဒီပစ္စည်းတွေ ပြန်သယ်လို့ မဖြစ်သေးဘူး။ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ရမယ်။ နောက်ပိုင်းကျရင် သမီးတို့အပိုင် အိမ်ရာဝင်းတစ်ခုဝယ်ပြီးမှ ဒီပစ္စည်းတွေကို ပြန်သယ်မယ်။ ဒီနှစ်ပိုင်းတွေမှာ အခြေအနေတွေက နည်းနည်းပြောင်းလဲနေတော့ သမီး ဘာမှ ထပ်မလုပ်တော့ဘူး။ အမှားအယွင်းဖြစ်ပြီး လူမျက်စိကျမှာ စိုးလို့ပါ။ ဒါတင်မကဘဲ အခု သမီးက ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ပိုက်ဆံရှာနေတာဆိုတော့ လောစရာမလိုပါဘူး။ လူမိမသွားသရွေ့တော့ ချက်ချင်း ပြဿနာရှာနေဖို့ မလိုဘူးလေ"

အခုမှ ၁၉၇၉ ခုနှစ်ပဲ ရှိသေးတာမလို့ ဒီလောက်အထိ လောနေဖို့ မလိုပါဘူးလေ…

ချန်ချင်းယွီ တတွတ်တွတ်ဖြင့် ပြောဆိုနေ၏။

"စိတ်မပူပါနဲ့၊ သမီးမှာ ပိုက်ဆံရှိနေသရွေ့တော့ ဒီပစ္စည်းတွေကို ဘယ်တော့မှ မရောင်းဘူး။ ဘိုးဘွားပိုင်ပစ္စည်းတွေဖြစ်လို့ မိသားစုအမွေအနှစ်အဖြစ်ပဲ ထိန်းသိမ်းထားမယ်။ သမီးရဲ့ မျိုးရိုးအမည်က ကျန်းမဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သူစိမ်းလို့ မသတ်မှတ်ခဲ့ပါဘူး။ အဘိုးတို့ကပဲ သမီးရဲ့ မိသားစုပါ။ ချန်ရိကျွင်းက ဘာမလို့လဲ။ ဟူး... သမီး မျိုးရိုးအမည် ပြောင်းလိုက်ရင် ကောင်းမလားဟင်"

သူမသည် ခေတ္တမျှ တွေဝေသွားပြီးမှ ပြန်လည်စဉ်းစားကာ

မပြောင်းတော့ပါဘူးလေ။ ဒါက နည်းနည်း ရှုပ်ထွေးသလို မျိုးရိုးအမည် ပြောင်းလိုက်ရင် လူအာရုံစိုက်မှု ပိုရသွားလိမ့်မယ်…

အခုကိစ္စကတောင် ငါတို့ကို တော်တော်လေး လူသိများစေခဲ့ပြီမလို့ ဘေးကင်းတာကိုပဲ ရွေးရမယ်….

ဘာပဲဖြစ်ဖြစ် ငါ့မျိုးရိုးအမည်က ဘာလဲဆိုတာ အရေးမကြီးပါဘူး၊ ငါက ဘယ်သူလဲဆိုတာပဲ အရေးကြီးတာ……

ချန်ချင်းယွီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး

"ချန်ရိကျွင်း သေသွားပြီ... ကောင်းပါတယ်လေ၊ ဒါက ကံတရားပဲ ထင်ပါတယ်။ ဒါပေမဲ့ သေချာ စဉ်းစားကြည့်ရင် ဒါက ဆိုးရာကနေ ကောင်းတာဖြစ်သွားတာပဲ။ တကယ်လို့ သူ မသေဘဲ ထောင်ထဲ တကယ်သွားရရင် သမီးမှာ ရာဇဝတ်မှုမှတ်တမ်းရှိတဲ့ အဖေတစ်ယောက် ရှိနေဦးမှာ။ အခုတော့ သူသေသွားပြီဆိုတော့ ဒီကိစ္စကို ဆက်ပြီး အရေးယူမှာ မဟုတ်တော့ဘူး။ အဲဒီတော့ အဲဒီဘက်ကနေ ကြည့်ရင် ပြဿနာမရှိတော့ဘူးပေါ့"

"အမှန်တော့ ဒါတွေကို သမီး ဂရုစိုက်နေတာ မဟုတ်ပါဘူး၊ မဟုတ်ရင် သူ့ကို ထောင်ထဲပို့ဖို့ ဒီလောက်အထိ ကြိုးစားနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကံတရားရဲ့ အလှည့်အပြောင်းကြောင့် ဒီလိုဖြစ်လာခဲ့တော့လည်း အကောင်းဘက်ကပဲ တွေးရမှာပေါ့။ ဒါက တကယ်တော့ အကျိုးရှိပါတယ်။ ဝေရှု့ဖန်း ထောင်ကျမကျတော့ မသိဘူး။ ထားလိုက်ပါတော့လေ၊ ဒါကလည်း သိပ်ပြီး အရေးမကြီးပါဘူး"

ချန်ချင်းယွီ ဝေရှု့ဖန်းကို မုန်းတီးသော်လည်း ချန်ရိကျွင်းနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။

"သမီး အခု ဘဝသစ်ကို စတင်တော့မယ်။ ချန်မိသားစုနဲ့ ဘာမှမပတ်သက်တော့ဘူး။ ချန်မိသားစုထဲမှာ သမီးနဲ့ ပတ်သက်မှုရှိတဲ့ နောက်ဆုံးလူလည်း သေသွားပြီ။ ဪ... မှန်သားပဲ၊ သမီးမှာ အဖေတူအမေကွဲ မောင်နှမတွေ ရှိသေးတာပဲ။ ဒါပေမဲ့ သူတို့ကို မိသားစုလို့ တစ်ခါမှ မသတ်မှတ်ခဲ့ပါဘူး။ သူတို့ကလည်း သမီးကို မိသားစုလို့ မထင်ကြဘူး၊ သူစိမ်းထက်တောင် ဆိုးသေးတယ်။ သမီးဘက်က သူတို့ကို ရန်မရှာတာတင်ပဲ တော်တော်လေး အားနာပေးရာ ရောက်နေပြီ။ အားလုံးပဲ ကိုယ့်ဘဝနဲ့ကိုယ် အေးအေးချမ်းချမ်း ရှင်သန်ကြရအောင်"

ချန်ချင်းယွီ ထရပ်လိုက်ပြီး ကိုယ်ပေါ်က ဖုန်မှုန့်များကို ခါထုတ်ကာ

"သမီး သွားတော့မယ်။ နောက်ဆို ဘဝကို ကောင်းကောင်း ရှင်သန်ပြမယ်။ စောင့်ရုံသာ စောင့်ကြည့်နေလိုက်ပါ"

သူမ ညင်သာစွာ ပြုံးလိုက်ရာ ပိုမို တက်ကြွလန်းဆန်းလာပုံရ၏။

တစ်ယောက်ယောက်မှ အမှန်တကယ် ပြန်လည်တုံ့ပြန်လိုက်သည့်အလား လေပြေတစ်ချက် ဝုန်းခနဲ တိုက်ခတ်လာပြီး ချန်ချင်းယွီ၏ ဆံနွယ်ရှည်များကို ဝဲလွင့်စေခဲ့သည်။ နွေရာသီတွင် ယခုကဲ့သို့ အေးမြသော လေပြေမျိုး ကြုံရခဲလှ၏။ ချန်ချင်းယွီ ခပ်ဖွဖွ ပြုံးလိုက်ရင်း

"သမီး သိသားပဲ။ အဘိုးတို့က သမီးကို အမြဲတမ်း စောင့်ရှောက်ပေးနေတာပဲ"

"အဘိုးတို့ကော၊ အစ်ကိုကျန့်ဝမ်ကော သမီးကို စောင့်ရှောက်ပေးနေကြလို့ သမီး တကယ် ကံကောင်းတာပဲ။ အဘိုးတို့ မရှိတော့ရင်တောင် သမီးက ကံကောင်းတဲ့လူတစ်ယောက် ဖြစ်နေဆဲပဲ"

သူမ စိတ်ဓာတ်များ ပြန်လည်နိုးထလာပြီး ရုတ်တရက် ခွန်အားများ ပြည့်နှက်သွားသည်။

ချန်ချင်းယွီ : "သမီး သွားတော့မယ်၊ ဒါပေမဲ့ နောက်လည်း ခဏခဏ လာကြည့်ပါ့မယ်"

ယခုအခါ မွန်းတည့်ချိန် ရောက်ရှိနေပြီဖြစ်၍ နေမင်းမှာ ကောင်းကင်အလယ်တွင် မြင့်မားစွာ တည်ရှိနေသော်လည်း တောင်တန်းများအတွင်း၌မူ ထူးဆန်းစွာ အေးစိမ့်နေသည်။ လေပြေတစ်ချက် တိုက်ခတ်သွားလျှင်ပင် သာမန်လူအတွက်မူ ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလှ၏။ သို့သော် ဤခြောက်ခြားဖွယ် ခံစားချက်မှာ ချန်ချင်းယွီကို တွန့်ဆုတ်မသွားစေပေ… သူမ စကားများကို တတွတ်တွတ် ဆက်လက်ပြောဆိုနေခဲ့သည်။

"အဘိုးနဲ့ အဘွား၊ သမီး အစ်ကိုကျန့်ဝမ်ရဲ့ အုတ်ဂူကို ရွှေ့ချင်လို့။ ဒီနေရာကိုပဲ အတူတူ ရွှေ့ချင်တာ၊ ဒါမှ နေရာနှစ်ခုကို လိုက်သွားနေစရာ မလိုတော့ဘူးလေ။ အဘိုးတို့ကော ဘယ်လိုထင်လဲဟင်။ ဪ... ပြန်ရောက်ရင်တော့ ယောက္ခမကို အရင်မေးကြည့်ရမယ်။ သမီး သွားပြီနော်။ တစ်ခုခု လိုအပ်တာရှိရင် သမီးရဲ့ အိပ်မက်ထဲကို လာပြောပြပါဦး"

ထိုစကားဆိုပြီးနောက် ချန်ချင်းယွီ ရယ်မောလိုက်ပြီး

"ငါကတော့ စိတ်ကူးယဉ်ဆန်နေပြန်ပြီ။ ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တတ်ရတာပဲလေ။ မဟုတ်ရင် စိတ်ဆင်းရဲစရာ ကောင်းလွန်းလို့။ အဘိုးတို့က သရဲအဖြစ်နဲ့ ငါ့ဘေးမှာ ရှိနေသေးတယ်လို့ တွေးလိုက်ရင် စိတ်ထဲမှာ သိပ်မခံစားရတော့ဘူး၊ ဒါကြောင့် ဒီလိုတွေးတာလည်း အဆင်ပြေတာပဲ"

ချန်ချင်းယွီ သရဲတစ္ဆေများကို ယုံကြည်ပါသလော….။ သူမ လုံးဝ မယုံကြည်ပေ။

သူမသည် ကူးပြောင်းလာသူ ဖြစ်သော်လည်း သရဲများကိုမူ မယုံကြည်ဆဲ ဖြစ်ကာ ၎င်းတို့ကို သီးခြားစီဟုသာ သတ်မှတ်ထားသည်။

လောကဓာတ် ပညာရပ်တွေကို ယုံကြည်ပေမဲ့ သရဲကို တကယ်မြင်ရဖို့ကတော့... ဘယ်သူမှ မြင်ဖူးတာ မဟုတ်ဘူးလေ။ ဘယ်သူမှ မမြင်ဖူးဘူးဆိုတာက တကယ်ပဲ မရှိလို့ပဲ ဖြစ်ရမယ်…

ချန်ရိကျွင်း သရဲမြင်တယ်ဆိုတာကိုတော့ လာမပြောနဲ့၊ သူက မကောင်းမှုလုပ်ထားလို့ ကိုယ့်ဘာသာကိုယ် ပြန်ခြောက်နေတာ…

ချန်ရိကျွင်းရဲ့ စိတ်ထဲမှာတော့ အသံအနည်းငယ် ကြားတာနဲ့တင် သရဲလို့ ထင်နေတော့တာ… သူက သာမန်လူတွေနဲ့မှ မတူတာ…။

ဘယ်သူမှ သရဲကို တကယ် မမြင်ဖူးကြပါဘူး….

ငါဆိုရင် ချင်းမင်ပွဲတော်တုန်းကတောင် သရဲလို ဟန်ဆောင်ရဲသေးတာပဲ၊ ဒါက ငါ တကယ် မကြောက်လို့ပဲ…

ဒါပေမဲ့ ဒါက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး နှစ်သိမ့်တာကိုတော့ မတားဆီးနိုင်ပါဘူး…

ချန်ချင်းယွီ သူမ၏ စက်ဘီးကို တွန်းကာ တောင်ပေါ်မှ ဆင်းလာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ဤနေရာတွင် လမ်းဟူ၍ သဲသဲကွဲကွဲ မရှိချေ။ တောင်တန်းများ အလွန်နက်ရှိုင်းသဖြင့် ဘေးမကင်းလှသလို လမ်းပျောက်ရန်လည်း အလွန်လွယ်ကူ၏။ အကယ်၍ သူမသည် အဘိုး၊ အဘွားတို့နှင့်အတူ မိခင်နှင့် ဦးလေးဖြစ်သူတို့ကို လာရောက်ကန်တော့သည့် နှစ်စဉ်ခရီးစဉ်များကြောင့် ဤလမ်းကြောင်းကို အသည်းစွဲ မှတ်မိနေခဲ့သည်။ မဟုတ်လျှင် သူမသည်လည်း အခြားသူများကဲ့သို့ လမ်းပျောက်သွားလောက်ပြီ ဖြစ်၏။

ယခု ချန်ချင်းယွီမှာမူ လမ်းမပျောက်ဘဲ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ခဲ့သည်။

သူမ တောင်အောက်သို့ ဆင်းလာစဉ် လင်းကျန့်ဝမ်၏ အုတ်ဂူရှိရာဘက်သို့ ဝိုက်၍ ဝင်ကြည့်ခဲ့ပြီး အလွန်ပင် ငဲ့ညှာထောက်ထားစွာဖြင့် သူ့သဘောထားကို လှမ်းမေးလိုက်သည်။

"အစ်ကိုကျန့်ဝမ် ကျွန်မ အစ်ကို့အုတ်ဂူကို ရွှေ့ချင်လို့။ သဘောတူတယ်မလား။ ဘာမှမပြောရင် သဘောတူတယ်လို့ပဲ သတ်မှတ်လိုက်မယ်နော်"

အို... ဒါက ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ ယုတ္တိမျိုးပါလိမ့်… ဟားဟား..။

ချန်ချင်းယွီ ခပ်ဖွဖွ ပြုံးလိုက်ရင်း

"ဒီဘက်မှာက တစ်ခါတလေကျရင် လူတွေ ဖြတ်သွားဖြတ်လာ ရှိတတ်ပေမဲ့ ဟိုဘက်မှာတော့ ဘယ်သူမှ လုံးဝမရှိဘူး။ အဲဒီလိုဆိုရင် ပိုကောင်းမယ် ထင်တယ်၊ ဘယ်သူမှ လာမနှောင့်ယှက်နိုင်တော့ဘူးလေ..."

သူမ ခေတ္တမျှ ရပ်တန့်သွားပြီး ခေါင်းကို ကုတ်ကာ

"အမှန်တော့ ကျွန်မ အုတ်ဂူလာကန်တော့ရတာ ပိုလွယ်အောင်လို့ပါ။ အစ်ကို ကျွန်မကို အပြစ်တင်မှာလားဟင်"

ချန်ချင်းယွီ တိုးညှင်းသော အသံဖြင့်

"အစ်ကိုက ကျွန်မကို အချစ်ဆုံးဆိုတာ သိလို့ အပြစ်တင်မှာ မဟုတ်ပါဘူး။ ကျန့်ဝမ် စိတ်မပူနဲ့နော်၊ ဒီမိသားစုကို ကျွန်မ သေချာပေါက် ထောက်ပံ့ထားမှာပါ။ ကျွန်မမှာ အရည်အချင်းတွေ အများကြီး ရှိနေပြီ၊ ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။ အရင်လို မဟုတ်တော့ဘူး။ အခု ကျွန်မက အရမ်းပြတ်သား ရက်စက်နေပြီ၊ ချန်ရိကျွင်းတောင်မှ... ကျွန်မ ဘာကိုဆိုလိုလဲဆိုတာ အစ်ကို သိမှာပါ"

ချန်ချင်းယွီ အချိန်အတော်ကြာသည့်တိုင် မိမိဘာသာ တတွတ်တွတ် ဆက်လက်ရေရွတ်နေမိသည်။

လူဟူသည် စိတ်ဓာတ်ကျနေချိန်တွင် ၎င်းကို ရင်ထဲ၌ မျိုသိပ်ထားရခြင်းမှာ အလွန်ပင် ခံစားရခက်လှ၏။ သို့သော် ၎င်းကို ဖွင့်ထုတ်ပြောဆိုလိုက်ခြင်းမှာ အများကြီး ပိုမိုသက်သာစေသည်။ ချန်ချင်းယွီ ယခုအခါ ထိုသို့သော အခြေအနေတွင် ရှိနေ၏။ သူမသည် အဓိပ္ပာယ်မရှိသော စကားများကို အများကြီး ရေရွတ်ကာ အလုပ်များကို အများကြီး လုပ်ဆောင်ခဲ့သော်လည်း စိတ်ထဲတွင် ကြည်လင်လန်းဆန်းသွားပြီး မူလ၌ ပိတ်လှောင်နေသော စိတ်ဒဏ်ရာများမှာ များစွာ လွင့်ပြယ်သွားခဲ့ပြီ ဖြစ်သည်။

သူမ တောင်အောက်သို့ ဆင်းရောက်သောအခါ ညနေစောင်းနေပြီ ဖြစ်၏။ နေဝင်ဖြိုးဖျအချိန်တွင် မှေးမှိန်လာသော အလင်းရောင်

အောက်၌ ချန်ချင်းယွီ စက်ဘီးကို စီးကာ အိမ်သို့ ပြန်ခဲ့သည်။

လမ်းခရီးမှာ ဘေးကင်းလှသဖြင့် သူမ ယူဆောင်လာခဲ့သော ပုဆိန်မှာ လုံးဝ အသုံးမဝင်ခဲ့ချေ။ မြို့တော်နှင့် နီးကပ်နေသော်လည်း ပညာတတ်လူငယ် အများအပြား နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီး အခြေမကျနိုင်ကြသေးသဖြင့် မြို့အတွင်း၌ အနည်းငယ် လှုပ်ခတ်သက်ရောက်မှုများ ရှိနေဆဲ ဖြစ်သည်။ သို့သော် ထိုသို့သော လှုပ်ခတ်မှုများ ရှိနေလင့်ကစား အခြေအနေကို ထိန်းချုပ်ထားနိုင်ဆဲပင် ဖြစ်၏။

ချန်ချင်းယွီ မြို့ပြင်မှ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။

"လမ်းမှာ ခိုးဆိုးလုနှိုက်ကောင်လေးတစ်ကောင်လောက်နဲ့ တိုးရင် ကောင်းမှာ၊ ဒါဆို အဲဒီကောင်ကို ရိုက်နှက်ပြီး စိတ်အာရုံ ဖြေဖျောက်လို့ရတာပေါ့"

ထိုသို့ပင် စိတ်ထဲမှ တွေးမိလိုက်သေးသည်။

သို့သော် မရှိခဲ့ပေ။ ဘာမှမရှိခဲ့ချေ။

ညနေခင်း၌ ချန်ချင်းယွီ စက်ဘီးစီးကာ အိမ်ရှိရာ လမ်းကြားလေးသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

အိမ်တိုင်းတွင် မီးများ ထွန်းညှိထားကြပြီ ဖြစ်သည်။

အဘွားကြီးကျောက် သူမ၏ အိမ်တံခါးဝတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေပြီး လမ်းကြားဝဘက်သို့ ခဏခဏ လှမ်းကြည့်နေကာ ချန်ချင်းယွီအတွက် သိသိသာသာ စိတ်ပူပန်နေပုံရ၏။

နောက်ဆုံးတွင် သူမ မြင်လိုက်ရပြီ ဖြစ်သည်… အဘွားကြီးကျောက်၏ မျက်ဝန်းများ တောက်ပသွားပြီး ဝမ်းသာအားရဖြင့်

"ချွေးမ၊ ပြန်လာပြီပဲ.. နောက်ဆုံးတော့ ပြန်လာပြီ.."

ချန်ချင်းယွီ : "တစ်ခုခု ဖြစ်လို့လားဟင်"

အဘွားကြီးကျောက် ခေါင်းခါယမ်းကာ

"မဟုတ်ပါဘူး၊ နင့်အတွက် စိတ်ပူနေလို့ပါ။ ပြန်လာတာ ကောင်းပါတယ်၊ ပြန်လာတာ ကောင်းပါတယ်။ ကဲ လာ၊ အိမ်ထဲဝင်ပြီး ထမင်းစားရအောင်။ ဗိုက်ဆာနေပြီမလား"

ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ အမှန်တကယ်ပင် ဗိုက်ဆာနေပြီ ဖြစ်၏။ မနေ့ည ညစာစားပြီးကတည်းက ယခုတိုင် ဘာမှ မစားရသေးပေ။

ချန်ချင်းယွီ အဘွားကြီးကျောက်၏ နောက်မှ လိုက်ပါဝင်လာခဲ့သည်။ အဒေါ်ကြီးမေ့ သူမကို မြင်လျှင် လှမ်းနှုတ်ဆက်ရှာ၏။

"ရှောင်ချန်လေး၊ ပြန်လာပြီလား"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်သည်။

မနေ့ညဉ့်နက်သန်းခေါင်တွင် ချန်ချင်းယွီ တစ်ယောက်တည်း အုတ်ဂူသို့ သွားခဲ့သည်ဟူသော သတင်းမှာ တစ်ဝင်းလုံး ပျံ့နှံ့သွားခဲ့ရာ... ၎င်းမှာ တော်တော်လေး ထိတ်လန့်စရာ ကောင်းလှသည်။ ထိုလူများမှာ သာမန်အချိန်တွင် လေလုံးထွားနေကြသော်လည်း တကယ့်အရေးကြုံလာသောအခါ ဘာမှမဟုတ်ကြပေ။ ဤကိစ္စတစ်ခုလုံးမှာ သူတို့ကို သေလုမတတ် ခြောက်လှန့်ခဲ့ပုံရ၏။

"ရှောင်ချန်လေး၊ အခန်းထဲ ပြန်ပြီး တစ်ခုခုစားပြီး နားလိုက်ဦးနော်"

အဒေါ်ကြီးမေ့ အလိုက်တသိ ပြောရှာသည်။

ချန်ချင်းယွီ ထပ်မံ၍ ခေါင်းငြိမ့်ပြလိုက်၏။

အဘွားကြီးကျောက် : "လာလာ၊ ဒီည နင်တို့အတွက် ဂဏန်းဥခေါက်ဆွဲ လုပ်ထားတယ်။ နင့်ရဲ့ ဒေါ်လေးမေ့က ဂဏန်းသည်တစ်ယောက်နဲ့ တိုးလို့ ငါက ဂဏန်းအသားတွေကို နွှာခိုင်းလိုက်တာ။ အသားက သိပ်မပြည့်ဝဘူး ထင်ရပေမဲ့ အရသာကတော့ တကယ်

ကောင်းတာ။ မြန်မြန်လုပ်၊ တို့တွေ နင့်ကို စောင့်နေကြတာ။ အများကြီး လုပ်ထားတယ်၊ ဝအောင် စားနော်"

အဘွားကြီးကျောက် လေသံချိုချိုဖြင့် ထပ်လောင်းပြောကြားသည်။

"ဒါတင်မကဘူး၊ ဒီနေ့ နေ့လယ်က ချွမ်ကျူတယ်ကို သွားပြီး နင် အကြိုက်ဆုံး ဘဲကင်လည်း ဝယ်ခဲ့သေးတယ်"

ချန်ချင်းယွီ အင်းဟု အသိအမှတ်ပြုကာ နှာမှုတ်လိုက်၏။ သူမ၏ တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များ ပေကျံနေသဖြင့် ဘေးအခန်းသို့ သွားရောက်ကာ ရေမိုးချိုးလိုက်သည်။

တွေ့ရသည့်အတိုင်း ဤသည်မှာ အပိုအခန်းတစ်ခန်း ဝယ်ယူထားခြင်း၏ အားသာချက်တည်း။

ဤဘက်အခန်းကို ပစ္စည်းသိုလှောင်ခန်းအဖြစ် အသုံးပြုနိုင်သလို ရေချိုးရန် နေရာလည်း ရှိသည်။ သာမန်အားဖြင့် အဓိကအခန်းအတွင်း ရေချိုးလျှင် အဝတ်အစားများ ပြောင်းရွှေ့ရန် မလွယ်လှချေ၊ မဟုတ်လျှင် ပြန်လည်ရှင်းလင်းရန် အလွန်ခက်ခဲလှ၏။ သို့သော် ဤဘက်အခန်းမှာမူ ကွဲပြားသည်၊ အခန်းတစ်ခုလုံး လွတ်လပ်နေပြီး မည်သည့်ပစ္စည်းမှ မရှိသည့်အပြင် မူလရှိသော အုတ်ကုတင်ကိုလည်း ဖျက်ဆီးထားပြီး ဖြစ်သည်။ ၎င်းသည် အများသုံး ရေချိုးခန်းနှင့် မနှိုင်းယှဉ်နိုင်သော်လည်း မီးဖိုချောင်တွင် ရေချိုးရခြင်းထက်မူ အများကြီး ပိုမိုအဆင်ပြေလှ၏။

ချန်ချင်းယွီ တစ်ကိုယ်လုံးကို သေချာစွာ ဆေးကြောသန့်စင်ပြီး အဝတ်အစားလဲကာ မိမိအခန်းသို့ ပြန်လာခဲ့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့က ပြိုင်တူပင် လှမ်းခေါ်ကြ၏။

"မေမေ.."

ချန်ချင်းယွီ : "ထမင်းစားလို့ ရပါပြီ။ မေမေ ဘာမှမဖြစ်ပါဘူး"

သူမ အမှန်တကယ်ပင် ဘာမှမဖြစ်တော့ကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ ချန်ချင်းယွီ မိမိအတွက်

ခေါက်ဆွဲတစ်ပန်းကန်ကို နယ်ဖတ်ရင်း

"ဒီလို အသေးစိတ်ကျတဲ့ အလုပ်မျိုးက ဒေါ်လေးမေ့ရဲ့ ကျေးဇူးကြောင့်ပဲ၊ ကျွန်မဆိုရင်တော့ မလုပ်နိုင်ဘူး"

အဘွားကြီးကျောက် တဟီးဟီးရယ်မောကာ

"တို့တွေက ပိုက်ဆံပေးထားတာပဲ၊ ဘာစားစား တို့သဘောပေါ့။ ဒါတင်မကဘူး၊ ငါက သုံးပြီးသား ဂဏန်းခွံတွေနဲ့ ခြေထောက်တွေကိုတောင် မယူချင်ပါဘူး။ သူကတော့ ဒုက္ခမများဘူးဆိုပြီး တော်တော်လေး ဝမ်းသာနေတာ။ အဲဒီကျန်တဲ့ အပိုင်းအစတွေကို သုံးပြီး အရသာရှိတဲ့ စွပ်ပြုတ်လုပ်မယ်လို့ ပြောတယ်"

အဘွားကြီးကျောက်သည် ယခင် အဘွားကြီးကျောက် မဟုတ်တော့ပေ။ သူမသည် ယခင်ဆိုလျှင် ဂဏန်းခွံများကို လွှင့်မပစ်မီ စုတ်ခြစ်ပစ်တတ်သော်လည်း ယခုအခါတွင်မူ ထိုသို့ လုံးဝမလုပ်တော့ချေ။ သူမသည် သာမန်အားဖြင့် ကြက်စွပ်ပြုတ်ချက်လျှင် ကြက်ခေါင်းနှင့် ကြက်ဖင်ပိုင်းများကို စွန့်ပစ်တတ်သဖြင့် အဒေါ်ကြီးမေ့သည် သူမ၏ မိသားစုအတွက် အလုပ်အကျွေးပြုရသည်ကို အမြဲတမ်း ဝမ်းမြောက်နေတတ်၏။ ဤမိသားစုမှာ စားသောက်မှု ကောင်းမွန်ပြီး အစားအစာတိုင်းတွင် အသား ပါဝင်သည်။ ကျန်ရှိသော ဟင်းရည်ဖြင့် ကြော်လှော်ထားသော ဟင်းသီးဟင်းရွက်များပင်လျှင် အသားအရသာ ထွက်ပေါ်နေ၏။ ၎င်းမှာ အမှန်တကယ်ပင် အမြတ်ထွက်လွန်းလှသည်။

ထိုသို့ဖြစ်လင့်ကစား အဘွားကြီးဟွမ်မှာ ဤအလုပ်ကို မနာလို ထိုင်ကြည့်နေဆဲ ဖြစ်သည်။ သို့သော် မည်သူမျှ သူမကို အလုပ်မခန့်ရဲကြချေ၊ အကြောင်းမှာ အဘွားကြီးဟွမ်၏ မသန့်ရှင်းမှုကို စိုးရိမ်ကြ၍ပင်။ ထို့ပြင် သူမသည် အဒေါ်ကြီးမေ့ကဲ့သို့ ရိုးသားမှုမရှိကာ ကွယ်ရာတွင် မည်မျှအကောက်ကြံမည်ကို မည်သူမျှ မသိနိုင်ချေ။ သူတို့အားလုံးမှာ ဝင်းတစ်ခုတည်းရှိ လူများဖြစ်ကြသဖြင့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းစွာ သိရှိကြသည်။

မိသားစုဝင်များ အတူတူ ထမင်းစားနေကြစဉ် အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ စိတ်ခံစားချက် ပိုမိုကောင်းမွန်လာသည်ကို မြင်တွေ့ရသဖြင့် စိတ်သက်သာရာရသွားကာ စကားစလိုက်၏။

"နင် ဒီနေ့ အိမ်မှာမရှိတော့ မသိဘူး၊ တို့ဝင်းထဲမှာ ကိစ္စတစ်ခု ဖြစ်သွားတယ်"

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ရင်း

"ကိစ္စတစ်ခု ဖြစ်တယ်?"

အဘွားကြီးကျောက် ခေါင်းငြိမ့်ပြကာ စိတ်မရှည်ဟန်ဖြင့်

"အဘွားကြီးဝမ်က ယွမ်မိသားစုရဲ့ ပြတင်းပေါက်ကို ရိုက်ခွဲပစ်လိုက်တယ်၊ ပြီးတော့ လင်စန်းရှင်းနဲ့ အတူတူ နှစ်ယောက်ပေါင်းပြီး ယွမ်ဟောက်မင်ရဲ့ မျက်နှာကို လက်သည်းသိုင်းတွေနဲ့ ကုတ်ခြစ်ပစ်ကြတာ"

ချန်ချင်းယွီ: "......"

သူမ အလွန်အမင်း အံ့ဩသွားပြီး ဇဝေဇဝါဖြင့်

"အဘွားကြီးဝမ်က ဘာလို့ ပါဝင်ပတ်သက်နေရတာလဲ။ ပြီးတော့ လင်စန်းရှင်းကကော ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ။ သူတို့နှစ်မိသားစုလုံးက ဒီကိစ္စနဲ့ ဘာမှမပတ်သက်ပါဘူး။ ဘာလို့ ရုန်းရင်းဆန်ခတ် လုပ်နေကြတာလဲ"

"ဘယ်သူက မဆိုင်ဘူးလို့ ပြောလဲ။ ဆိုင်တာမှ အများကြီး ဆိုင်တာပေါ့.."

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့်

"နင်ကလည်း မသိဘဲနဲ့၊ ကျောက်ရုံက တကယ့်လူယုတ်မာမပဲ၊ သူကတော့ တကယ်ပါပဲ... ငါ့ဖြင့် တစ်ခါမှ ဒီလိုလူမျိုး မမြင်ဖူးဘူး၊ ကိုယ်တိုင်လည်း မကောင်းတာလုပ်သလို တခြားလူတွေကိုလည်း ဆွဲသွင်းသေးတာ။ သူက ဝမ်ကျန့်ကော်ကိုလည်း တိုင်တယ်၊ လီချန်ရွှမ်းကိုလည်း တိုင်တယ်။ နောက်ဆုံး ကျန်းရှင်းဖှနဲ့ သူ့သမီးကိုပါ သွားတိုင်သေးတာ။ ဒါမှမဟုတ်ရင် အဘွားကြီးဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ယွမ်ဟောက်မင်ရဲ့ မျက်နှာကို အဲဒီလို ကုတ်ခြစ်နိုင်ပါ့မလား"

အဘွားကြီးဝမ်သည် အမြဲတမ်း ထောင်ထောင် ထောင်ထောင်နှင့် မာနကြီးတတ်သော်လည်း ဆဲဆိုခြင်းနှင့် ရန်ဖြစ်ခြင်းတို့တွင်မူ အလွန်ညံ့ဖျင်းလှသည်။ သူမသည် လုံးဝ အားနွဲ့သူတစ်ဦး ဖြစ်၏။ လင်စန်းရှင်းကို ထည့်ပေါင်းလျှင်ပင် အသုံးမဝင်ချေ၊ အဘယ်ကြောင့်ဆိုသော် လင်စန်းရှင်းသည်လည်း အားနွဲ့သူတစ်ဦးသာ ဖြစ်သောကြောင့်တည်း။

လင်စန်းရှင်းသည် ငိုယိုပြီး ပြဿနာအနည်းငယ် ရှာနိုင်ရုံမှတစ်ပါး ဘာမျှမတတ်နိုင်ချေ။ ၎င်းတို့နှစ်ဦး ပေါင်းလျှင်ပင် အဘွားကြီးကျောက်ကို ယှဉ်နိုင်စွမ်း မရှိကြပေ။ အမျိုးသားများနှင့်ဆိုပါက ပို၍ပင် မယှဉ်နိုင်ချေ။ မည်သို့ဖြစ်စေ အမျိုးသားများမှာ ပို၍ ခွန်အားကြီးမားကြသည် မဟုတ်လော့။

အဘွားကြီးကျောက် သာမန်အားဖြင့် နိုင်လေ့ရှိခြင်းမှာ ချန်ချင်းယွီ၏ နောက်ကွယ်မှ အကွက်ချပေးမှုများကြောင့် ဖြစ်၏။ မဟုတ်ပါက အဘွားကြီးကျောက်သည် သန်မာထွားကျိုင်းသော အမျိုးသားများနှင့် ရင်ဆိုင်ရလျှင် သေချာပေါက် ရှုံးနိမ့်မည်ဟု မဆိုသာသော်လည်း အသာစီးအပြည့်အဝရရှိရန်နှင့် အရှုံးမပေါ်စေရန်မူ မတတ်နိုင်ချေ။

အကျဉ်းချုပ်ရလျှင် လင်စန်းရှင်းနှင့် အဘွားကြီးဝမ်တို့၏ စွမ်းရည်နှစ်ခုကို ပေါင်းစပ်လိုက်လျှင်ပင် တစ်ဝက်တစ်ပျက်သာ ရှိသဖြင့် ယွမ်ဟောက်မင်ကို လုံးဝ အနိုင်ယူနိုင်မည် မဟုတ်ပေ။

သို့သော်လည်း...

အဘွားကြီးကျောက် တခိခိ ရယ်မောရင်း

"ဒါက မျက်နှာပြောင်တိုက်လွန်းတဲ့ ကျောက်ရုံရဲ့ အပြစ်ပဲလေ။ သူက လူတွေအများကြီးကို တိုင်တာ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မျိုးစုံကို လုပ်ကြံပြီး လူတိုင်းကို ဒုက္ခပေးနေတာ။ အခုတော့ ဘက်လိုက်ပြီး ပါဝင်ပတ်သက်တဲ့လူတွေ အများကြီး ရှိနေပြီ… အဘွားကြီးဟွမ်ကလည်း အဲဒီနေရာမှာ ဆရာကြီးပဲ၊ ရှီကျန့်ရှန်းကလည်း ဟုတ်တာပဲ။ ကျောက်ရုံက တို့အလုပ်တွေကို လိမ်လည်ယူတယ်ဆိုပြီး ရွှီကောင်းမင်းကို တိုင်လိုက်တာလေ။ ဒီနေ့ အခြေအနေကို လာစစ်ဆေးဖို့ ရဲတွေတောင် ထပ်ရောက်လာသေးတယ်"

ချန်ချင်းယွီ အဘွားကြီးကျောက်ကို အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။ အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက် အသံတိုးတိုးဖြင့်

"ရှီကျန့်ရှန်းက ငါတို့ကို ပိုက်ဆံ တစ်ရာ ပေးတယ်လေ၊ ဒါနဲ့ ငါကလည်း တို့တွေက ပုံမှန်အတိုင်းပဲ အလုပ်ချင်း လဲခဲ့တာပါ၊ ဘာလိမ်လည်တာမှ မရှိပါဘူးလို့ ပြောလိုက်တယ်"

ချန်ချင်းယွီ မယုံနိုင်လောက်အောင် ဖြစ်ရကာ

"အမေက အခွင့်ကောင်းယူပြီး သူ့ကို မစွပ်စွဲလိုက်ဘူးလား?.."

အဘွားကြီးကျောက် မျက်လုံးလေးကလယ်ကလယ်ဖြင့်

"ညည်းက ငါ့ကို အုန်းနုလှေအောက်က လူလို့ ထင်နေလား။ အဲဒီတုန်းက ပိုက်ဆံလည်း ယူထားပြီးပြီပဲ... ငါတို့တွေ စာချုပ်တောင် ချုပ်ထားကြတာ၊ ငါတို့ဘက်က နည်းနည်း နစ်နာခဲ့ရတာ မှန်ပေမဲ့ပေါ့။ ဒါပေမဲ့ ငါက တစ်နေ့လုံး တီဗီကြည့်ပြီး ရေဒီယိုနားထောင်နေတာ၊ ဘာမှမသိတဲ့ အဘွားအို မဟုတ်ဘူးနော်.. ငါ သူတို့ကို တိုင်လို့ရပေမဲ့ ကိုယ့်ဘက်က မကောင်းတာတွေ ပြောလိုက်ရင်တောင် သူတို့က နောက်ဆုံးတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာပဲ ပျက်စီးသွားမှာ။ ဒါပေမဲ့ ဂုဏ်သိက္ခာက အရေးမကြီးဘူးမလား။ ဘာပဲဖြစ်ဖြစ် သူတို့ ဂုဏ်သိက္ခာကို ဂရုစိုက်နေတုန်းပဲဆိုတဲ့ အချက်ကို အခွင့်ကောင်းယူပြီး ငါက အရိပ်အမြွက် နည်းနည်း ပြလိုက်တာ။ ရှီကျန့်ရှန်းက ချက်ချင်း သဘောပေါက်သွားပြီး ငါ့ကို ဆယ်ယွမ်တန် ဆယ်ရွက် ပေးတော့တာပဲ။ ငါလည်း ပိုက်ဆံယူပြီး အလုပ်လုပ်ပေးလိုက်တယ်၊ ဘာပြဿနာမှ မရှာတော့ဘူး။ ဂုဏ်သိက္ခာ နည်းနည်းညှိုးနွမ်းတာက ဘာမှမဖြစ်ပါဘူး၊ ပိုက်ဆံတစ်ရာက ပိုပြီး ဆွဲဆောင်မှု ရှိတာပေါ့။ ကြည့်စမ်း၊ ဒီည တို့တွေ ကောင်းကောင်း စားရတယ်၊ ဂဏန်းကော ဘဲကင်ကောလေ၊ ဒါတောင် ဆယ့်ငါးယွမ်လောက်ပဲ ကုန်တာ၊ နှစ်ဆယ်တောင် မပြည့်ဘူး။ ဘယ်အရာက ပိုအရေးကြီးလဲဆိုတာ ငါ ကောင်းကောင်း သိတာပေါ့"

ချန်ချင်းယွီ လက်မထောင်ပြလိုက်၏။

အဘွားကြီးကျောက် : "လက်ငင်းပိုက်ဆံရဖို့က အရေးအကြီးဆုံးပဲ။ ငါ ပိုက်ဆံယူပြီးမှတော့ ဘာမှ မကောင်းတာ မပြောတော့ဘူး၊ သူတို့လည်း နောက်ထပ် ပြဿနာမရှာတော့ဘူး။ အားလုံး ပျော်ကြတာပေါ့"

အဘွားကြီးကျောက်သည် ရွှီကောင်းမင်း၏ မိသားစုအပေါ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဖူးသလောဟုဆိုလျှင်… ဖြစ်ခဲ့ဖူး၏။

သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း ရွှီကောင်းမင်း၏ မိသားစုသည် အသံတိတ်နေခဲ့ကြပြီး မိမိတို့ကို မဆွခဲ့ကြပေ။ ထို့ပြင် ၎င်းတို့မှာ ပိုက်ဆံပေးရန် အဆင်သင့်ရှိနေသဖြင့် အဘွားကြီးကျောက်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ပြဿနာ မရှာခဲ့ပေ။

သူမ၏ ချွေးမပြောသည်မှာ မှန်ကန်လှသည်၊ ၎င်းတို့သည် ပြဿနာကို မကြောက်ကြသော်လည်း အမြဲတမ်း ပြဿနာရှာနေရန် မလိုအပ်ချေ၊ အထူးသဖြင့် ကလေးများ ငယ်ရွယ်သေးသောကြောင့် ပိုသတိထားရမည်။

အဘွားကြီးကျောက် ဤအချက်ကို စဉ်းစားကာ ပိုက်ဆံကို ပြတ်ပြတ်သားသား လက်ခံလိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ၎င်းတို့မိသားစုသည် ရွှီကောင်းမင်းအပေါ် မပြေလည်နိုင်သော နာကျည်းချက် အာဃာတမျိုး ရှိမနေကြချေ။

ဤမိသားစုသည် အလုပ်အကိုင်များကို ဈေးပေါပေါဖြင့် ဝယ်ယူခဲ့ပြီး သူမ၏ ဂုဏ်သတင်းကို အခွင့်ကောင်းယူခဲ့ကြသော်လည်း သူမသည်လည်း မိမိ၏ချွေးမကို အားကိုး၍ အတော်အတန် ပြန်လည်တုံ့ပြန်နိုင်ခဲ့သဖြင့် အခြေအနေမှာ သိပ်မဆိုးလှချေ။

ချန်ချင်းယွီ : "အမေကတော့ ပိုပိုပြီး တော်လာပြီပဲ"

အဘွားကြီးကျောက် ရင်ကော့လျက် ဂုဏ်ယူစွာဖြင့်

"ဒါပေါ့"

ငါက ဘယ်သူမို့လို့လဲ…

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ထမင်းပန်းကန်များကို ပိုက်လျက် တခစ်ခစ် ရယ်မောကြ၏။

အဘွားကြီးကျောက် : "ဆက်ပြောဦးမယ်၊ ဆက်ပြောဦးမယ်။ ကျောက်ရုံ ဘာဖြစ်နေမှန်း မသိပါဘူး၊ လူတိုင်းကို လိုက်ကိုက်နေတာ၊ တကယ့်ကို လူတိုင်းကို စိတ်ဆိုးအောင် လုပ်နေတာပဲ။ တခြားလူတွေကတော့ အဆင်ပြေပေမဲ့ လီချန်ရွှမ်းနဲ့ ဝမ်ကျန့်ကော်ကတော့ ဖမ်းခေါ်သွားခံရပြီး ပြန်မလွတ်လာသေးဘူး။ အဲဒါကြောင့် အဘွားကြီးဝမ်နဲ့ လင်စန်းရှင်းတို့က သောင်းကျန်းနေကြတာ။ လူတွေအများကြီးကလည်း ဘက်လိုက်ပြီး ပါဝင်နေကြတော့ ယွမ်ဟောက်မင်ခမျာ ကြည့်မကောင်းအောင်ကို အကုတ်ခံလိုက်ရတာ"

ရှောင်ယွမ် စိတ်လှုပ်ရှားစွာဖြင့်

"မေမေ၊ သမီးမြင်တယ်၊ အကုန်မြင်လိုက်တာ၊ အဘွားဝမ်က ဒီလိုမျိုးကြီး ကုတ်ပစ်တာ... သူက အရမ်းညံ့တာပဲ၊ ကုတ်ရမယ့်နေရာကိုတောင် အမှန်မကုတ်မိဘူး၊ အဘွားဟွမ်က ဦးလေးယွမ်ကို အရှေ့ကို တွန်းပို့လိုက်မှပဲ သူ အောင်မြင်သွားတာ။ တကယ့်ကို ပြင်းထန်တဲ့ ရန်ပွဲကြီးပဲ"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့်ပင် သွေးထွက်သံယို ဖြစ်ရပ်များစွာကို ကြုံတွေ့ဖူးနေကြပြီ ဖြစ်သည်။

ချန်ချင်းယွီ : "ဒါဆို သူက ဝမ်ကျန့်ကော်နဲ့ လီချန်ရွှမ်းတို့အကြောင်း ဘာတိုင်လိုက်တာလဲဟင်"

"ငါလည်း မသိဘူး၊ ဒါပေမဲ့ ရွှီကောင်းမင်တို့လို ကိစ္စမျိုးတော့ သေချာပေါက် မဟုတ်လောက်ဘူး။ သူတို့ ငါ့ဆီ လာမေးမြန်းကြပေမဲ့ သူ့ကိုတော့ ဖမ်းမသွားပါဘူး။ စက်မှုစက်ရုံကိုလည်း သွားရောက်စုံစမ်းတယ်လို့ ကြားတယ်၊ ဒါပေမဲ့ ရွှီကောင်းမင်ကတော့ ဘာမှမဖြစ်ပါဘူး။ ကျန်းရှင်းဖှအကြောင်းကိုတော့ ငါ သိတယ်။ ကျောက်ရုံက သူ့ကို ဖောက်ပြန်တယ်ဆိုပြီး တိုင်တာလေ၊ ဒါပေမဲ့ စုံစမ်းစစ်ဆေးပြီးတော့ သူက အပြစ်မရှိကြောင်း ပေါ်သွားတယ်… ဟူး၊ ကျောက်ရုံက အခြေအမြစ်မရှိ စွပ်စွဲနေမှန်း ငါ သိနေသားပဲ။ ကျန်းရှင်းဖှက ယောကျာ်းကော မိန်းမကော ကြိုက်တယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့ကတည်းက ဘယ်သူမှ သူ့ကို မလိုချင်ကြတော့ဘူး။ မြို့တက်ချင်တဲ့ တောရွာက မိန်းကလေးတွေတောင် သူ့ဆီ မသွားကြဘူး၊ ဖောက်ပြန်ဖို့ဆိုတာ ဝေးသေး.. ကျန်းရှင်းဖှဘက်က လိုချင်ရင်တောင် ဖြစ်မြောက်မှာ မဟုတ်ပါဘူး"

ချန်ချင်းယွီ: "..."

သူမသည် ခေတ္တမျှ စဉ်းစားပြီးနောက်

"ကျွန်မထင်တာတော့ ကျောက်ရုံက ပြစ်ဒဏ်လျှော့ပေါ့မှုကို လိုချင်လို့ နေမှာပါ"

"ဘာကို ဆိုလိုတာလဲ"

အဘွားကြီးကျောက် ကောင်းစွာ နားမလည်ချေ။ သူမ ထစ်ထစ်ငေါ့ငေါ့ဖြင့်

"ကျောက်ရုံက တကယ်ပဲ ထောင်ကျနိုင်လို့လား"

၎င်းတို့၏ အမြင်တွင် ဖောက်ပြန်သောင်းကျန်းခြင်းမှာ ကိုယ်ကျင့်တရား ပျက်ပြားခြင်း ဖြစ်သော်လည်း ထောင်ကျရမည့်အထိ မဖြစ်သင့်ဟု ထင်မြင်ကြသည်သာ…။ ၎င်းတို့ ငယ်ရွယ်စဉ်အခါကဆိုလျှင် အမျိုးသားအများအပြားသည် မယားငယ်များပင် ယူခဲ့ကြသေးသည်။ သူမ ချန်ချင်းယွီ၏ ရှင်းပြချက်ကို စောင့်မျှော်ရင်း မျှော်လင့်တကြီး လှမ်းကြည့်လိုက်၏။

ချန်ချင်းယွီ : "သူ သေချာပေါက် ပြစ်ဒဏ်ကျမှာပါ၊ ဒါကို သူကိုယ်တိုင်လည်း သိနေပုံရတယ်။ လူမှုရေးဖောက်ပြန်မှုဆိုတဲ့ စွပ်စွဲချက်က ပါးစပ်ပြောတင် မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးတွေက သက်သေပြဖို့ ခက်ခဲလို့ အရေးယူခံရသူ သိပ်မရှိပေမဲ့ ဒီတစ်ကြိမ်ကတော့ မတူဘူး။ ပထမအချက်က ကျောက်ရုံက လက်ပူးလက်ကျပ် မိသွားတာ၊ အဝတ်အစားတောင် မပါဘူးလေ။ ဒုတိယအချက်က ချန်ရိကျွင်း သေသွားတာ၊ သူ ဘယ်လောက်ပဲ ဆိုးဆိုး…၊ လိုက်လံဖမ်းဆီးခံရရင်း ပြုတ်ကျသေဆုံးသွားတာပဲ။ သူက ငါးထပ်မြောက်ကနေ ခုန်ချခဲ့တာ မှန်ပေမဲ့ အဖမ်းခံရတာတော့ အမှန်ပဲလေ။ ပြီးတော့ သူ ဘာလို့ အဖမ်းခံရတာလဲ။ သူ့ရဲ့ ဖောက်ပြန်တဲ့ ဆက်ဆံရေးတွေကြောင့် မဟုတ်ဘူးလား။ ဒီအရာတွေက အကုန်လုံး ပေါ်လွင်နေပြီ။ တကယ်လို့ သူတို့က ပေါ့ပေါ့ဆဆ ကိုင်တွယ်ရင် ချန်ရိကျွင်းရဲ့ သေဆုံးမှုကို ဘယ်လို ရှင်းပြမလဲ။ သူတို့ သေချာပေါက် အမှန်အတိုင်းပဲ စီရင်လိမ့်မယ်၊ လုံးဝ လျှော့ပေါ့ပေးမှာ မဟုတ်ဘူး။ ဒါက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ နည်းလမ်းလည်း ဖြစ်တာကိုး"

ချန်ချင်းယွီ သက်ပြင်းချကာ

"အဲဒီလူယုတ်မာ ချန်ရိကျွင်းကတော့ သေတာတောင် အေးအေးဆေးဆေး မသေဘူး။ ဒါပေမဲ့ တော်သေးတာက သူကိုယ်တိုင်ပဲ... ကျောက်ရုံက အပြစ်မရှိတာ မဟုတ်ပါဘူး၊ အမှန်အတိုင်း ကိုင်တွယ်သရွေ့တော့ အဆင်ပြေပါတယ်။ အခြေအနေက ဒီလိုဆိုတော့ ကျောက်ရုံက ပြစ်မှု စွပ်စွဲချက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ချန်ရိကျွင်းက သေသွားပြီ၊ သူကတော့ ဘာမှမဖြစ်သေးဘူး။ ကျောက်ရုံက ဒါကို ကောင်းကောင်း သဘောပေါက်လို့ တခြားလူတွေကို လိုက်တိုင်နေတာပဲ။ သူက အကျိုးဆောင်မှု ယူချင်တာလေ၊ အကျိုးဆောင်မှု ရှိရင် ပြစ်ဒဏ်လျှော့ပေါ့လို့ ရတာကိုး။ အမှန်ဖြစ်စေ အမှားဖြစ်စေ သူ သံသယရှိတာမှန်သမျှကို အကုန် ထုတ်ပြောလိုက်တာ။ ရဲတွေက သူတို့ဘာသာ စုံစမ်းပါလိမ့်မယ်။ တိုင်တန်းချက်တစ်ခုပဲ မှန်ပြီး သူ အကျိုးဆောင်မှု ရသွားရင်တောင် သူ့အတွက် အကျိုးရှိတာပဲလေ။ ဒါကြောင့် သူ ဒီလို လုပ်တာ"

အဘွားကြီးကျောက် တိုးတိုးရေရွတ်ကာ

"ဒီမိန်းမကတော့ တကယ့်လူပဲ၊ လူတိုင်းကို လိုက်ကိုက်နေတာ။ ငါ အိမ်သာသွားတိုင်း လူအတော်များများက သူ့ကို ဆဲနေကြတာ ကြားရတယ်။ သူကတော့ အဖမ်းခံထားရပြီး ပြန်မလွတ်သေးဘူး၊ ဒါပေမဲ့ ယွမ်ဟောက်မင်ကတော့ အိမ်မှာ အခြေအနေ မကောင်းဘူး။ ဒါပေမဲ့ သူနဲ့ ထိုက်တန်ပါတယ်၊ ယွမ်ဟောက်မင်ကလည်း လူကောင်း မဟုတ်ပါဘူး။ သူက ဘာမှမသိသလိုနဲ့ အပြစ်ကင်းဟန် ဆောင်နေပေမဲ့ တကယ်တော့ အကျိုးအမြတ်ရဖို့ မျှောလိုက်နေတာပဲ"

မျိုးဆက်သစ်လူငယ်များ နားမလည်ကြသော်လည်း အသက်ကြီးသူများမှာမူ အလွန်ပင် ရှင်းလင်းစွာ မြင်တွေ့ကြ၏။ ယွမ်ဟောက်မင်သည် ဟန်ဆောင်ရာတွင် အလွန်တော်လှသည်။ ယွမ်ရှောင်ချွေ၏ ကိစ္စကို ကြည့်လျှင်ပင် သိနိုင်၏။ သူ အရာအားလုံးကို အမှန်တကယ် သိရှိထားသော်လည်း ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ တကယ့်ကို အပီအပြင် ဟန်ဆောင်ခြင်း ဖြစ်၏။ သူ၏ ကိုယ်ပိုင်သမီးလေးပင်လျှင် သူ၏ စရိုက်ကို ထိုးထွင်းသိမြင်နိုင်သည်။

ချန်ချင်းယွီ၏ မိသားစုသည် မိမိတို့၏ အခြေအနေကို မပြောဘဲ အချင်းချင်း တီးတိုး စကားဆိုနေကြသော်လည်း ယနေ့တွင် လူတိုင်းသည် ယွမ်မိသားစုအကြောင်းကိုသာ ပြောဆိုနေကြပုံရသည်။

ချန်ချင်းယွီ : "ကျွန်မ တကယ် နားမလည်နိုင်ဘူး။ သူတို့က အဆင်အပြေဆုံး ဖြစ်သင့်တာကို၊ တကယ့် ဖဲကောင်းကြီးကို အလဟဿ ဖြုန်းပစ်လိုက်ကြတာပဲ"

၎င်းတို့နှစ်ဦးစလုံးမှာ တက္ကသိုလ်ဘွဲ့ရများ ဖြစ်ကြပြီး… ယခုခေတ်တွင် တက္ကသိုလ်ဘွဲ့ရဟူသည် အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလား…. သို့သော် ၎င်းတို့သည် ဖြတ်လမ်းလိုက်ရန် ရွေးချယ်ခဲ့ကြသဖြင့် ဤကဲ့သို့သော ဘဝမျိုးဖြင့် ရှင်သန်နေကြရ၏။

"သူတို့က..."

"ကယ်ကြပါဦး.. ကယ်ကြပါဦး.. လူတွေအကုန် အပြင်ထွက်ခဲ့ကြပါဦး၊ တစ်ခုခု ဖြစ်လို့.."

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသဖြင့် ချန်ချင်းယွီ၏ မိသားစုသည် ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားရောက်ကာ မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့လဲဟင်"

"ဟုတ်ပ၊ ဘာဖြစ်တာလဲ"

"ထမင်းပြန်စားရမယ့်အချိန်မှာ ဘာလို့ အော်ဟစ်နေရတာလဲ.."

၎င်းမှာ ရှီရှောင်ကွမ် ဖြစ်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေရှာ၏။

"ဟို... ဟို... ဟိုလူလေ၊ ယွမ်ဟောက်မင်… ယွမ်ဟောက်မင် ချီးတွင်းထဲ ပြုတ်ကျသွားပြီ......"

All Chapters