အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄) ကပ်ဖားရပ်ဖား
"ယွမ်ဟောက်မင် မစင်ကျင်းထဲ ပြုတ်ကျသွားပြီဟေ့။"
တစ်ဝင်းလုံး ပဲ့တင်ထပ်သွားသော အော်သံကြီးကြောင့် နောက်ဖေးဝင်းတွင် ရှိနေသူများပင် ကြားရလေသည်။ အိမ်သာကျင်းထဲ ပြုတ်ကျသည့် မြင်ကွင်းမျိုးကား ၎င်းတို့တစ်ခါမျှ မမြင်ဖူးသော ပွဲကြည့်စင်ကြီး ဖြစ်၏။ ယခုအခါ မိမိတို့ဝင်းထဲ၌ပင် ဖြစ်ပွားကြောင်း ကြားသိရသဖြင့် လူတိုင်းပင် မျောက်များထက်ပင် ပို၍ သွက်လက်မြန်ဆန်စွာ စုရုံးလာကြလေသည်။ သို့သော် ချန်ချင်းယွီမှာမူ မျက်နှာပျက်သွားပြီး ရေရွတ်လိုက်မိ၏။
“သွားပြီ၊ ဒုက္ခပါပဲ။”
အဘွားကြီးကျောက် လက်ဝါးချင်းပွတ်ကာ အလွန်ဝမ်းသာအားရဖြင့် မေးလေသည်။ ထို့နောက် ချန်ချင်းယွီ၏ မကျေနပ်သော မျက်နှာထားကို နားမလည်နိုင်ဘဲ လှည့်ထွက်ရန် ပြင်ရင်း ပြောလိုက်၏။
"ဒီလောက် အုန်းအုန်းကျွက်ကျွက် ဖြစ်နေတာ။ ငါတော့ သွားကြည့်မှ ဖြစ်မယ်။"
ချန်ချင်းယွီ မျက်လုံးပင့်ကြည့်ကာ ဆိုလေသည်။
"ကျွန်မက ဘယ်လိုလုပ် ပျော်နိုင်မှာလဲ။ ရာသီဥတုကိုလည်း ကြည့်ဦးလေ။ နွေရာသီကြီးမှာ သူ့ကို ဆွဲတင်လိုက်ရင် တစ်ကိုယ်လုံး အနံ့အသက်တွေနဲ့ နံစော်နေမှာပဲ။ ကျွန်မတို့က ဒီဝင်းထဲမှာ အတူတူနေကြတာလေ။ သူ ပြန်လာပြီး ရေဆေးရင် ကျွန်မတို့ ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ။ အနံ့က ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး။"
တွေးမိရုံမျှဖြင့်ပင် ၎င်းတို့အားလုံး ဒုက္ခရောက်တော့မည်ဟု သူမ ခံစားလိုက်ရ၏။
အဘွားကြီးကျောက်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားကာ
"တောက်... ညည်းပြောတာ ဟုတ်သားပဲ။ မဖြစ်ဘူး၊ ဒါဆိုရင် ငါ ပိုပြီး သွားရမယ်။ အညစ်အကြေးတွင်းထဲ ကျသွားတာဆိုတော့ ကိုယ်လက်သန့်စင်ပြီးမှ ဝင်းထဲကို ပေးဝင်ရမယ်။ မဟုတ်ရင် ဒီလိုရာသီဥတုမျိုးမှာ ဘယ်သူက အနံ့ခံနိုင်မှာလဲ။ ငါ သွားတားမှ ဖြစ်မယ်။"
မိမိတစ်ယောက်တည်း အင်အားမလုံလောက်မည်ကို စိုးရိမ်သဖြင့် သူမဆက်ပြောကာ
"ငါ လူတွေကို စုစည်းရမယ်။"
ချန်ချင်းယွီ ခေါင်းညိတ်ကာ ဆိုလေသည်။
"သွားပါ၊ သွားပါ အမေ။"
သူမ ခေါင်းငုံ့ကာ ခေါက်ဆွဲကို ဆက်စားနေ၏။
အဘွားကြီးကျောက် : "ညည်းက စားနိုင်သေးတယ်ပေါ့။"
ချန်ချင်းယွီ : "အခုမစားရင် ခဏနေကျရင် ကြည့်ရတာ ရွံစရာကောင်းနေလိမ့်မယ်။ အဲဒီကျရင် ဘယ်လိုလုပ် စားလို့ရတော့မလဲ။ နှမြောစရာကြီး။"
အဘွားကြီးကျောက်မှာ ဆွံ့အသွားရသည်။ သူမ ပြောသည်မှာလည်း အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည်ဟု ထင်မြင်မိ၏။ ချန်ချင်းယွီသည် အမြဲတမ်း အချက်ကျကျ ပြောတတ်သူ ဖြစ်ပေသည်။
ချန်ချင်းယွီ မလောသော်လည်း ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ အလွန်ပင် ပျာယာခတ်နေကြပြီ ဖြစ်၏။
အဘွားကြီးကျောက် : "လာကြ၊ လာကြ။ ငါ အရင် လိုက်ပို့ပေးမယ်။"
သူတို့သုံးဦးလုံး အလျင်အမြန် ထွက်သွားကြသည်။ ချန်ချင်းယွီ ပြုံးကာ ခေါင်းငုံ့လျက် ကျန်ရှိသော အစားအစာများကို ကုန်အောင် စားပြီးနောက် အပြင်သို့ ထွက်လာခဲ့၏။ သူမ အပြင်သို့ ရောက်သောအခါ ရှီကျန့်ရှန်း၊ အစ်မကြီးဖန်နှင့် အခြားသူများကို တွေ့ရသည်။ အဘွားကြီးကျောက် ဦးဆောင်သော ဝင်းထဲမှ အမျိုးသမီးများသည် တံခါးဝကို ပိတ်ဆို့ထားကြ၏။
'အာ... ဒါက... သူတို့ သူ့ကို ဆွဲတောင်မတင်ရသေးဘူး၊ တံခါးဝကို ပိတ်ထားကြပြီပဲ။ တကယ်ကို ကောင်းကောင်းကြီး လုပ်လိုက်တာပဲ။'
ချန်ချင်းယွီ အပြေးအလွှား ရှေ့သို့တိုးကာ မေးလိုက်သည်။
"ဘယ်လိုလဲဟင်။ သူ့ကို ဆွဲတင်ပြီးပြီလား။"
အားလုံး ခေါင်းခါပြကြ၏။ အဘွားကြီးဝမ် မဲ့ပြုံးပြုံးကာ
"ဒီလောက် ရွံစရာကောင်းတဲ့သူကို ဘယ်သူက ကယ်မှာလဲ။"
ကျောက်ရုံသည် တစ်ဝင်းလုံးရှိ လူအားလုံးကို တစ်ယောက်တည်းဖြင့် ရန်ရှာစော်ကားခဲ့၍ ယွမ်ဟောက်မင်မှာလည်း ၎င်း၏ ဒဏ်ကို ခံရခြင်း ဖြစ်ပေသည်။ အညစ်အကြေးတွင်းထဲ ကျနေသော်လည်း မည်သူမျှ ကူညီရန် လက်မကမ်းကြချေ။ ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့ မောင်နှမနှစ်ယောက်မှာ ပျာယာခတ်နေပြီး တောင်းပန်တိုးလျှိုးနေကြ၏။
"ကျေးဇူးပြုပြီး ကူညီကြပါဦး။ အောက်မှာ ကျွန်တော့်အဖေ သတိလစ်တော့မယ်။ ကူညီကြပါဦး။"
ယွမ်ဟောက်ရွှယ် ဆက်လက် အသနားခံနေရှာသည်။
"ကျွန်မတို့အားလုံးက အိမ်နီးနားချင်းတွေပဲဥစ္စာ။ အရင်က နားလည်မှုလွဲတာတွေ ရှိခဲ့မှန်း သိပါတယ်၊ ဒါပေမဲ့ ဒါက အသက်အန္တရာယ်နဲ့ ဆိုင်နေတာလေ။ ကျေးဇူးပြုပြီးတော့ပါ။ ကျွန်မတို့အဖေက အပြစ်မရှိပါဘူး။ သူ ဒုက္ခရောက်နေတာကို ဘယ်လိုလုပ် ရက်ရက်စက်စက် ကြည့်နေနိုင်ရတာလဲ။ သနားကြပါဦး။ အသည်းမာမနေကြပါနဲ့ရှင်၊ ဟုတ်တယ်မလား။"
ယွမ်မောင်နှမနှစ်ယောက်မှာ မျှော်လင့်ချက်မဲ့ကာ အားကိုးရာမဲ့ ဖြစ်နေကြသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်ကား ဆင်း၍ မကယ်ကြကာ အခြားသူများကိုသာ ဝိုင်းဝန်းတောင်းပန်၍ လူကျင့်ဝတ်ဖြင့် ဖိအားပေးရန် ကြိုးစားနေကြ၏။
ယွမ်ဟောက်ရွှယ် ကျန်းရှင်းဖှကို ကြည့်ကာ
"အစ်ကိုကျန်း၊ ကူညီပေးလို့ ရမလားဟင်။ အမျိုးသားတွေက ခွန်အားရှိကြတာပဲ။ ကျွန်မတို့ မိသားစုကို ကူညီပေးပါဦး။"
ကျန်းရှင်းဖှ၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီးနောက် ပြန်ပြောလေသည်။
"ငါ့ကို မမေးနဲ့၊ ငါ မလုပ်ဘူး။"
ထိုလူကို ကန်ချခဲ့သူမှာ သူကိုယ်တိုင် ဖြစ်၏။ ယခုအခါ သူ့ကို ကယ်ခိုင်းနေသဖြင့် မည်သို့မျှ မဖြစ်နိုင်ပေ။
ယွမ်ဟောက်ရွှယ်ခမျာ ငိုသံပါပါဖြင့် ဆက်ပြောကာ
"ကျွန်မတို့က ဝင်းတစ်ခုတည်းက အိမ်နီးနားချင်းတွေပဲလေ။ ဘယ်လိုလုပ် ဒီလောက် သွေးအေးနိုင်ရတာလဲ။ နှစ်ပေါင်းများစွာ အိမ်နီးနားချင်း ဖြစ်ခဲ့တဲ့ သံယောဇဉ်တွေကို လုံးဝ ဂရုမစိုက်တော့ဘူးလား။ ဒါတွေ အပြင်လူ သိသွားရင် ကျွန်မတို့ဝင်းကို ဘယ်လိုထင်ကြမလဲ။ ဒီဝင်းထဲက လူတွေအားလုံးက စိတ်ကောင်းရှိကြမှန်း ကျွန်မ သိပါတယ်..."
သူမ ဝမ်တာ့ချွေကို ကြည့်ကာ ဆိုပြန်၏။
"အစ်ကိုတာ့ချွေ၊ ကျွန်မတို့ မိသားစုနှစ်စုက အဆင်ပြေခဲ့ကြတာပဲ။ အခု နားလည်မှုလွဲတာလေး တစ်ခုကြောင့်နဲ့ တကယ်ပဲ ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာလား။ အစ်ကိုက အဲလိုလူမျိုး မဟုတ်မှန်း ကျွန်မ သိပါတယ်..."
ရှီကျန့်ရှန်း ရက်ရက်စက်စက် သရော်လိုက်ကာ
"အလိုလေး... စကားပြောတာ တကယ် အပြောကောင်းပါပေ့။ 'အဆင်ပြေခဲ့ကြတယ်' ဟုတ်လား။ ရင်းနှီးရုံနဲ့ ညည်းတို့မိသားစုရဲ့ အမြတ်ထုတ်တာကို ခံရမယ်လို့ မဆိုလိုဘူးလေ။ သူတို့က ဆယ်စုနှစ်တစ်ခုကျော်လုံး တစ်ရက်မှ ခွင့်မယူဘဲ အလုပ်တက်ခဲ့တာ၊ ညည်းတို့မိသားစုကို ကူညီမိလို့ အကုန် ပျက်စီးသွားရတာ။ သနားစရာမကောင်းဘူးလား။ အခု အိမ်သာထဲ ကျခါမှ သူတို့ဆီ လာအကူအညီတောင်းနေတယ်၊ တကယ်ကို တတ်လည်းတတ်နိုင်ပေ့။ ကိစ္စကောင်းရှိရင် ဝမ်ကြီးကို အမြဲခေါ်ပြီး၊ ကိစ္စဆိုးရှိရင်လည်း သူတို့ကိုပဲ ရှေ့တန်းတင်တယ်။ ညည်းတို့နှစ်မိသားစုက နှစ်တွေအကြာကြီး အဆက်အသွယ် သိပ်မရှိဘဲနဲ့ အခုကျမှ သူငယ်ချင်းကောင်းတွေပါဆိုပြီး လာပြောနေတယ်။ လူတွေကို အရူးမှတ်နေတာပဲ။ ဝမ်တာ့ချွေ... နင့်ကို ငါ သတိမပေးဘူးလို့ မပြောနဲ့ဦး။ လူကောင်းလုပ်တာ ကောင်းပေမဲ့ ဘယ်သူ့ကို လုပ်ရမလဲဆိုတာ ရွေးဦး။ ဒီမောင်နှမနှစ်ယောက်က ဒီအတိုင်း ရပ်ကြည့်ပြီး သူများတွေကိုပဲ ကယ်ခိုင်းနေတာ။ ဘာလဲ... သူတို့က ဒီအညစ်အကြေးတွေကို ညစ်ပတ်မှန်းသိပြီး ငါတို့က မသိဘူးလား။ ငါတို့က အရူးတွေလား…. သူတို့က ငါတို့ကို လှည့်စားမလို့ လုပ်နေတာ။ နင်ကတော့ အမှားခံမယ့် အရူးလုပ်ချင်ရင်လည်း လုပ်လေ၊ တစ်ကိုယ်လုံး နံစော်ပြီး ရွံစရာကြီး ဖြစ်သွားလိမ့်မယ်။"
သူမသည် ဝင်းထဲ၌ ကြင်နာတတ်သော အဒေါ်လေးအဖြစ် လူသိများသော်လည်း ယခုအချိန်တွင်မူ ယွမ်မိသားစုကို မျက်နှာသာပေးရန် စိတ်မကူးတော့ပေ။ ရှီကျန့်ရှန်းသည် အလွန် ဒေါသထွက်နေရသည်။ အကယ်၍ ကျောက်ရုံသာ မရှိခဲ့လျှင်၊ ထိုမိန်းမ ကျောက်ရုံ ၎င်းတို့မိသားစုကို ရန်မရှာခဲ့လျှင် ကိစ္စငြိမ်းအေးရန် ငွေတစ်ရာ သုံးစွဲခဲ့ရမည် မဟုတ်ပေ။
ငွေတစ်ရာတောင်…
ရှီကျန့်ရှန်း တွေးမိရုံဖြင့် ရင်ဘတ်ထဲ နင့်ခနဲ ခံစားလိုက်ရ၏။ သူမ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့၍သာ တော်တော့သည်။
မဟုတ်လျှင်မူ သူမ၏ ယောက်ျားသည် ဝမ်ကျန့်ကော်တို့ကဲ့သို့ အထဲရောက်သွားပြီး ပြန်ထွက်မလာနိုင်ဘဲ ဖြစ်နေပေလိမ့်မည်။ ပြတ်ပြတ်သားသား လုပ်ခဲ့၍ တော်ပေသည်။ သူမ၏ ယောက်ျား ပြန်လာသောအခါ၌ပင် သူမ၏ လျင်မြန်သော အကြံဉာဏ်ကြောင့် ချီးမွမ်းခဲ့၏။
ငွေတစ်ရာမှာ များပြားလှပြီး အဆင့်ရှစ် အလုပ်သမားဖြစ်သော ရွှီကောင်းမင်၏ တစ်လစာ လစာနှင့် ညီမျှသည်။ သို့သော် ဤငွေမှာ ထိုက်တန်စွာ သုံးလိုက်ရခြင်း ဖြစ်၏။ အကယ်၍ သူသာ တကယ် အဖမ်းခံရပြီး အလုပ်ပြုတ်သွားပါက အားလုံး ပြီးသွားပေလိမ့်မည်။
ယခုအချိန်တွင် ရွှီကောင်းမင်သည် အဘွားကြီးကျောက် ငွေမက်ခြင်းကိုပင် ကျေးဇူးတင်မိနေသည်။ မဟုတ်လျှင်မူ သူမအနေဖြင့် မိမိတို့ကိုပါ ရန်ရှာခဲ့ပါက ဒဏ်ရာပေါ် ဆားပက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ ငွေကုန်ရကျိုး နပ်သော်လည်း သူတို့မိသားစုသည် ယွမ်မိသားစုကို အမှန်တကယ် မုန်းတီးသွားကြပြီ ဖြစ်၏။ ရွှီကောင်းမင်နှင့် ဇနီးတို့မှာ ဒေါသထွက်နေကြသည်။ အခြားမိသားစုများနှင့် ယွမ်မိသားစုတို့၏ ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်သော်လည်း ကျောက်ရုံမှာ မိမိတို့ကို ရန်ရှာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ မိသားစုနှစ်စုမှာ အလွန်ရင်းနှီးခဲ့ကြသော်လည်း သူမ ရက်ရက်စက်စက် လုပ်ရက်ခဲ့၏။။ မည်သူ ဒေါသမထွက်ဘဲ နေနိုင်အံ့နည်း။ သူငယ်ချင်းကောင်းများမှာ ဤသို့ ပြုမူတတ်ကြသလော။
ကိစ္စရပ်များမှာ ပိုမိုကြီးထွားမလာကာ မိမိတို့မိသားစု ကံကောင်းထောက်မစွာဖြင့် ငြိမ်းအေးသွားခဲ့သော်လည်း ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့၏ ယွမ်မိသားစုအပေါ် ထားရှိသော ဒေါသမှာ ဒုံးပျံပစ်လွှတ်လိုက်သကဲ့သို့ ပြင်းထန်လှပေသည်။ လင်မယားနှစ်ဦးလုံး ဒေါသအိုး ပေါက်ကွဲနေကြပြီ ဖြစ်၏။
ရှီကျန့်ရှန်းသည် သူမ၏ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
ရှီကျန့်ရှန် မဲ့ပြုံးပြုံးကာ သရော်လိုက်ပြန်သည်။
"ညည်းတို့ ကြည့်ကြဦးလေ။ ရင်းနှီးပါတယ်ဆိုတဲ့ သူတို့အဖေအရင်းကြီး အောက်မှာ နစ်နေတာတောင် မိသားစုဝင်တွေက ကိုယ်တိုင်ဆင်းပြီး မကယ်ဘဲ ဇောချွေးပြန်နေကြတာ။ နင်ကများ ကြားထဲက နေပြီး အရူးလိုမျိုး ဘာလို့ ရှေ့တန်းသွားတင်နေရတာလဲ။ ဒီမောင်နှမနှစ်ယောက်က တကယ် လည်လွန်းတယ်။ တစ်ယောက်မှ ရှေ့မတိုးရဲကြဘူး၊ ဟီးဟီးဟီး။ နင့်လို လူအ ငတုံးကြီးကိုပဲ လှည့်စားနေတာ။ ကောင်းကောင်း စဉ်းစားစမ်းပါဦး၊ နင်သာ တစ်ကိုယ်လုံး နံစော်အောင် အညစ်အကြေးတွေ ပေကျံသွားရင် နောင်ကျရင် ဘယ်အောင်သွယ်ပေးမယ့်သူကမှ နင့်ကို မိန်းမပေးစားရဲတော့မှာ မဟုတ်ဘူး။"
ဝမ်တာ့ချွေသည် ဤစကားကို ကြားသောအခါ ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လက်ခါပြကာ
"ကျွန်တော့်ကို လာမခေါ်နဲ့၊ ကျွန်တော့်ကို လာမခေါ်နဲ့။ ကျွန်တော်က နောင်ကျရင် မိန်းမယူရဦးမှာ။ အခု တစ်ကိုယ်လုံး ပေပွသွားရင် နောက်ကျရင် ဘယ်လိုလုပ် ရည်းစားရှာလို့ ရတော့မလဲ။"
အဘွားကြီးဟွမ်လည်း လှမ်းအော်ကာ
"သား... အမေ့ဆီ လာခဲ့။ နင်လည်း သွားပြီး ဝင်မရှုပ်နဲ့။"
လူတိုင်း ဝိုင်းဝန်းပြီး အကွက်ရွှေ့ ဖျက်ဆီးနေကြသည့်အတွက် ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့ မောင်နှမနှစ်ယောက်မှာ ဒေါသထွက်လွန်းပြီး သေလုမတတ် ဖြစ်နေရသည်။ သူတို့အိမ်၌ ဟောက်ယွဲ့လည်း အိမ်မှာမရှိ၊ ကွမ်ထင်းထင်းလည်း ကလေးကိုခေါ်ပြီး မိဘအိမ် ပြန်သွားသဖြင့် မောင်နှမနှစ်ယောက်တည်းသာ ကျန်ရှိ၏။ သို့သော်လည်း မောင်နှမနှစ်ယောက်လုံး ကိုယ်တိုင် ဆင်းမကယ်ချင်ကြပေ။
'တကယ်ကို ရွံစရာကြီး။'
ဤသို့ဖြင့် အချိန်ဆွဲနေမိရာ အောက်တွင် ရုန်းကန်နေရသော ယွမ်ဟောက်မင်မှာမူ တဗျစ်ဗျစ်နှင့် သတိလစ်လုမတတ် ဖြစ်နေရရှာသည်။ ဤကဲ့သို့သော နွေရာသီရာသီဥတုတွင် ရွံစရာကောင်းသည့် အတိုင်းအဆမှာ ဆောင်းရာသီထက် အဆပေါင်းတစ်သောင်းမက ပို၍ ဆိုးဝါးလှ၏။ အသိစိတ်ရှိသော လူသားဖြစ်လျှင် မည်သူမျှ ရှေ့တိုးရဲမည် မဟုတ်ပေ။ အမှန်တကယ်ပင် အနံ့အသက်ကို အောင့်အီး သည်းမခံနိုင်ကြချေ။
ယွမ်မိသားစု မောင်နှမနှစ်ယောက်မှာ အကျပ်ရိုက်ကာ မည်သို့လုပ်ရမှန်း မသိ ဖြစ်နေကြသည်။ တစ်ချိန်တည်းမှာပင် မောင်နှမနှစ်ယောက်လုံး စိတ်ထဲ၌ မိခင်ဖြစ်သူ ကျောက်ရုံကို အပြစ်တင် ညည်းတွားနေမိကြ၏။
'အမေကလည်း ကိစ္စမရှိဘဲနဲ့ ဘာလို့ လူအများကြီးကို လိုက်ကိုက်နေရတာလဲ။ ဒါက လူတွေကို တမင်သက်သက် ရန်ရှာနေတာ မဟုတ်ဘူးလား။ ကျွန်တော်တို့က ဒီဝင်းထဲမှာ ဆက်နေရဦးမှာ၊ ကြည့်ဦး... ဒီလိုဆို ဘဝကို ဘယ်လိုဆက်ဖြတ်သန်းရမလဲ။'
ထို့ပြင် ဖခင်ဖြစ်သူ ယွမ်ဟောက်မင်မှာ တစ်စုံတစ်ယောက်၏ ကလဲ့စားချေ တွန်းချခြင်းကို ခံလိုက်ရကြောင်း ထင်ရှားလှပေသည်။ အထူးပြောနေရန်မလိုပေ… သေချာပေါက် ဤသို့ပင် ဖြစ်ရမည်။
"အစ်ကိုဟောက်ဖုန်း၊ ကျွန်မ ကူညီမယ်။"
ယွမ်မိသားစု မောင်နှမနှစ်ယောက် အသည်းအသန် ဖြစ်နေချိန်တွင် နတ်တေးသံအလား အသံတစ်သံ ထွက်ပေါ်လာ၏။ လီလင်းလင်းသည် အချစ်အတွက် ရဲရဲဝံ့ဝံ့ ပေးဆပ်ချင်၍ အားလုံးနောက်ဆုတ်နေချိန်တွင် သူမ ရှေ့သို့ တိုးထွက်လာခဲ့သည်။
"ကျွန်မ ကူညီပါရစေ။"
ချန်ချင်းယွီ အကဲခတ်နေရာမှ လီလင်းလင်း၏ မိခင်ဖြစ်သူထံ ချက်ချင်း လှည့်ကြည့်လိုက်၏။
'အာ... ဟုတ်ပြီ။ လင်စန်းရှင်းရဲ့ မျက်နှာတစ်ခုလုံး မည်းမှောင်နေပြီပဲ။'
ပုံမှန်အချိန်တွင် မည်သို့ပင်ဖြစ်စေ ယခုအခိုက်အတန့်တွင်မူ ချန်ချင်းယွီ လင်စန်းရှင်းကို အလွန်အမင်း သနားမိသွားသည်။
'သားမွေးမွေး၊ သမီးမွေးမွေး အဆိုးဆုံးကတော့ အမှားအမှန်မခွဲခြားတတ်တဲ့ အချစ်ရူးတွေပဲ။ လင်စန်းရှင်းကို ကြည့်ရတာ ပေါက်ကွဲတော့မယ့်အတိုင်းပဲ။'
အမှန်ပင် ချန်ချင်းယွီ အများကြီး မတွေးရသေးခင်မှာပင် လင်စန်းရှင်း
အော်ဟစ်လိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်ကာ သမီးဖြစ်သူကို ဆွဲဆောင့်ပြီး နားရွက်ကိုလိမ်ကာ ဆဲဆိုလေသည်။
"နင်လို ကောင်မစုတ်၊ နင်က ဘယ်လိုမာနမရှိတဲ့ အောက်တန်းစားမမို့လို့ ဒီလိုယောက်ျားမျိုးဆီ သွားကပ်နေရတာလဲ။ အိမ်ကို ချက်ချင်း ပြန်ခဲ့စမ်း။"
ဝိုး... လူတိုင်း အံ့အားသင့်သွားကြသည်။
လင်စန်းရှင်းက ဒီလောက်အထိ ကြမ်းတမ်းတတ်ပါလား…
ကြည့်ပါဦး… လင်စန်းရှင်းက အရင်ကလို ကြောက်ကြောက်ရွံ့ရွံ့ ပုံစံမျိုး လုံးဝမရှိတော့ဘဲ ဒေါသတကြီး ဆဲဆိုနေလိုက်တာ…
"သူတို့မိသားစုက နင့်အဖေကို ဘယ်လိုအခြေအနေအထိ ဒုက္ခပေးခဲ့လဲ။ နင်လို အရူးမက ရှေ့တိုးနေသေးတယ်။ နင်က ယောက်ျားကို သေလုမတတ် ငတ်မွတ်နေလို့ ဒီလိုယောက်ျားမျိုးကို လိုက်ရှာနေတာလား။ ငါ နင့်ကို ရိုက်သတ်ပစ်မယ်။ နင် နင့်အဖေမျက်နှာကို ထောက်ဦးမှပေါ့။"
ထို့နောက် သူမ ယွမ်ဟောက်ဖုန်းဘက်သို့ လှည့်ကာ အော်ပြန်၏။
"ယွမ်ဟောက်ဖုန်း... နင်က မိန်းမရှိပြီးသားလူ၊ ငါ့သမီး လင်းလင်းနဲ့ ဝေးဝေးမှာနေ။ နင့်ကို ငါ မမြင်ချင်ဘူး။ ယောက်ျားရင့်မကြီး ဖြစ်ပြီးတော့ မိန်းကလေးပျိုကို လှည့်စားနေတယ်၊ နင် မရှက်ဘူးလား။ တကယ်ပဲ အထက်ကမဖြောင့်တော့ အောက်ကစောင်းတယ်ဆိုသလိုပဲ၊ အမေနဲ့ သား အတူတူပဲ။ နင့်အမေက ဟိုလူ့တိုင်၊ ဒီလူ့တိုင် လုပ်နေတာ၊ ငါ့အမြင်တော့ အဆိုးဆုံးက နင်ပဲ။ နင်ကလည်း လူကောင်း မဟုတ်ဘူး။"
"ဒေါ်လေးက ဘယ်လို စကားပြောလိုက်တာလဲ။ လင်းလင်းက သူ့ဘာသာသူ ကျွန်မအစ်ကိုဆီ လာတာလေ၊ ဘာလို့ ကျွန်မအစ်ကိုကို လာအပြစ်တင်ရတာလဲ။"
ယွမ်ဟောက်ရွှယ် သူမအစ်ကိုဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။
သို့သော် လင်စန်းရှင်း သူမကိုလည်း မျက်နှာသာမပေးဘဲ တံတွေးထွေးကာ ဆိုလေ၏။
"နင်ပါးစပ်ပိတ်ထားစမ်း၊ နင်ကလည်း လူကောင်းမဟုတ်ဘူး၊ ကောင်မစုတ်။ အဘိုးကြီးတွေကို လိုက်ပြုစုချင်နေတာ၊ နင်က စကားပြောဖို့ တန်လို့လား။ နင် ရဲရဲပြောရဲလား။ နင့်ရည်းစားက အသက်လေးဆယ်ကျော်နေပြီ မဟုတ်လား။ လေးဆယ်သုံး၊ လေးဆယ်လေးလောက် ရှိပြီ။ နင်က အတင်းလိုက်ကပ်နေတာ၊ သူက တောင် နင့်ကို မလိုချင်တော့ဘူး။ နင်ကိုယ်တိုင်က တန်ဖိုးမရှိတော့ အခြားသူတွေကိုလည်း မကောင်းစေချင်ဘူး… တောက်။"
လင်စန်းရှင်းသည် ရဲစခန်းသို့ သွားရောက်ကာ သူမယောက်ျား၏ အခြေအနေကို စုံစမ်းစဉ် ယွမ်ဟောက်ရွှယ် လွတ်မြောက်လာချိန်နှင့် ကွက်တိတိုးခဲ့ခြင်း ဖြစ်၏။
ယွမ်ဟောက်ရွှယ်သည် ဤကိစ္စနှင့် ပတ်သက်မှု အနည်းငယ် ရှိသော်လည်း ကျောက်ရုံမှာ မိမိမိသားစုဝင်ကို ဆွဲမထည့်ခဲ့သဖြင့် သာမန်မေးမြန်းမှုအပြီးတွင် ပြန်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ သူမ အပြင်ထွက်လာချိန်တွင် လင်စန်းရှင်းနှင့် တိုးခဲ့ပြီး လင်စန်းရှင်းမှာ ၎င်းတို့၏ စကားများကို ကြားခဲ့ရ၏။
သူမ နှာခေါင်းရှုံ့ကာ
"အဲ့ယောက်ျားက နင့်ကို မလိုချင်တော့တာ… နင်ခံရတာ ထိုက်တန်ပါတယ်။ နင်တို့တစ်မိသားစုလုံး နေ့တိုင်း ဆရာကြီးလုပ်နေပြီး ဟိုလူ့အထင်သေး၊ ဒီလူ့အထင်သေးနဲ့။ ငါ့အမြင်တော့ အရှက်မရှိဆုံးက နင်ပဲ။"
ယွမ်ဟောက်ရွှယ် နှုတ်ခမ်းကို ကိုက်ကာ မျက်ရည်ဝဲလျက်
"ဒေါ်လေး... ဘယ်လို ပြောလိုက်တာလဲ။ ကျွန်မ ဘယ်သူနဲ့ ရည်းစားဖြစ်ဖြစ် ဒေါ်လေးနဲ့ ဘာဆိုင်လို့လဲ။ ရည်းစားဖြစ်ရင် ရန်ဖြစ်တာ သဘာဝပဲလေ။ ဒါတွေက ဒေါ်လေးနဲ့ ဘာဆိုင်လို့ ဒီလိုစကားတွေ ပြောရတာလဲ။"
"ဘာဖြစ်လဲ။ ညည်းတို့ကျတော့ ပြောပိုင်ခွင့်ရှိပြီး ငါကျတော့ မပြောရဘူးလား။ နင်တို့တစ်မိသားစုလုံးက ဘယ်လိုလူယုတ်မာတွေလဲ။ ငါ့ယောက်ျားက အေးဆေးနေတာကို ငါတို့ ကွာရှင်းတာ၊ နင်တို့နဲ့ ဘာဆိုင်လို့လဲ။ နင့်အမေက တိုင်တယ်၊ တကယ်ပဲ အရှက်မရှိလိုက်တာ။ အားလုံး သိကြလား။ အဲ့ကျောက်ရုံ အဖမ်းခံရတုန်းက အဝတ်အစား တစ်ထည်မှ ဝတ်မထားဘူး။ ဒီလိုလူမျိုးက မွေးတဲ့ကလေးက ဘယ်လိုလုပ် လူကောင်းဖြစ်မှာလဲ။"
"အမေ။ အမေက တကယ်ကို ရက်စက်လွန်းတယ်။"
လီလင်းလင်း အော်ဟစ်လိုက်သည်။
လင်စန်းရှင်း သူမ၏ နားရွက်ကို ပို၍ အားပြင်းပြင်းဖြင့် လိမ်ကာ ဆဲဆိုလေ၏။
"နင်က ပြောရဲသေးတယ်၊ ကောင်မစုတ်။ နင်က အနီးအဝေး၊ အကြောင်းအကျိုးကို မသိဘူး။ နင့်အဖေက အရေးကြီးသလား၊ ဒါမှမဟုတ်..."
"အမေ…"
လီလင်းလင်း အားဖြင့် ရုန်းခါလိုက်ရာ လင်စန်းရှင်းမှာ ဘုန်းခနဲ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားရလေသည်။
ဝိုး…
လူတိုင်း အံ့အားသင့်ကာ အသံထွက်ကုန်ကြ၏။ ချန်ချင်းယွီလည်း ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် မျက်လုံးအစုံ ပြူးကျယ်လျက် ရှေ့မှ ပြဇာတ်ကို ကြည့်နေမိသည်။
'ဒီလီလင်းလင်းကတော့ တကယ်ပဲ...'
လင်စန်းရှင်း : "နင်... နင် ငါ့ကို တွန်းတယ်ပေါ့။"
လီလင်းလင်း ငိုရင်း ပြောလေသည်။
"အမေ... အမေက လွန်လွန်းတယ်။ ဘာလို့ ဒီလို လုပ်ရတာလဲ။ အဖေ အဖမ်းခံရလို့ အမေ စိတ်မကောင်းဖြစ်နေမှန်း ကျွန်မ သိပါတယ်၊ ဒါပေမဲ့ အခြားသူတွေကို နာကျင်အောင် လုပ်ရင် အမေ ပိုပျော်သွားမှာမို့လို့လား။ အစ်ကိုဟောက်ဖုန်းကော စိတ်မကောင်း ဖြစ်မနေဘူး ထင်လို့လား။ အမေ သူတို့မိသားစုကို ဒီလိုဆက်ဆံတာ တကယ်ကို လွန်လွန်းတယ်။ လူဆိုတာ ဒီလောက်အထိ စိတ်ပုပ်လို့ မရဘူးလေ။"
ချန်ချင်းယွီ: 'အိုးမိုင်ဂေါ့'
အခြားသူများ: 'အမယ်လေး သောက်ကျိုးနည်း'
လင်စန်းရှင်းမှာမူ အသက်ကို အထပ်ထပ် ရှူသွင်းရှူထုတ်ရင်း စကားပင် မဆိုနိုင်တော့ချေ။
"နင်... နင်... နင်..."
လီလင်းလင်း ဆက်ပြောကာ
"အမေ ဘယ်လိုပဲ တွေးတွေး၊ ကျွန်မကတော့ အမေနဲ့မတူဘူး။ လူတွေ ဒီလို ဝိုင်းအနိုင်ကျင့်နေတာကို ကျွန်မ မကြည့်ရက်ဘူး။ အစ်ကိုဟောက်ဖုန်း၊ ဟောက်ရွှယ်... ကျွန်မ ကူညီမယ်။ တစ်ကမ္ဘာလုံးက လူတွေ ကူညီမပေးရင်တောင် ကျွန်မ ကူညီမယ်။ ကျွန်မက သူတို့နဲ့ မတူဘူး၊ လူဆိုတာ ကရုဏာစိတ် ရှိရတယ်လေ။"
ချန်ချင်းယွီ မချင့်မရဲ ဖြစ်မိပြီး မအောင့်နိုင်ကာ ရေရွတ်လိုက်မိ၏။
"ဒါက ဘယ်လို အရူးငတုံးပါလိမ့်။"
အဘွားကြီးဟွမ် ချန်ချင်းယွီကို တစ်ချက် စောင်းငဲ့ကြည့်ကာ ဆိုလေသည်။
"သိလာရတဲ့ သက်တမ်းတစ်လျှောက်မှာ ညည်းပြောတဲ့ဒီစကားတစ်ခွန်းက ငါ့စိတ်နဲ့ အကိုက်ညီဆုံးပဲ။"
ချန်ချင်းယွီ မျက်လုံးပင့်ကြည့်လိုက်ရာ အဘွားကြီးဟွမ်မှာ ဆွံ့အသွားပြီး ချန်ချင်းယွီ ဤသို့ ပြုမူလိမ့်မည်ဟု မထင်မှတ်ထားပေ။
အဘွားကြီးဟွမ်၏ အမြင်တွင်မူ ချန်ချင်းယွီသည် နူးညံ့သိမ်မွေ့ပြီး အနိုင်ကျင့်ရလွယ်သော အမျိုးအစား ဖြစ်သဖြင့် ရုတ်တရက် ဤသို့ ပြုမူလာခြင်းမှာ လူကို တကယ်ပင် အံ့အားသင့်စေ၏။ သို့သော်လည်း သူမသည် ချန်ချင်းယွီနှင့် ဖက်မပြိုင်တော့ချေ။
'ဟင်း... ငါက အဘွားကြီးကျောက်ကို မချနိုင်လို့ ရှောင်
လိုက်တာမှ မဟုတ်တာ…မဟုတ်ဘူရနော်… လုံးဝမဟုတ်ဘူး'
အဘွားကြီးဟွမ် သတိပြန်ဝင်လာပြီး ဆိုလေသည်။
"လင်စန်းရှင်း... ညည်းကလည်း တကယ်ကို မစွမ်းဆောင်နိုင်ပါလား။ ကြည့်ဦး၊ ညည်းသမီးက ညည်းကို လူရာသွင်းလို့လား။"
လင်စန်းရှင်းမှာ ယခုအခါ ဒေါသကြောင့် တုန်ရင်နေပြီး လီလင်းလင်းကို လက်ညှိုးထိုးကာ ဆဲဆိုလေ၏။
"ငါ ဘယ်လိုလုပ်ပြီး နင်လို အကောင်မမျိုးကို မွေးမိပါလိမ့်။ သားမွေးရင် အိုစာမင်းစာ ရတယ်ဆိုတာ တကယ် မမှားပါဘူး၊ တကယ် မမှားဘူး။ ဒီမိန်းကလေးတွေက အပြင်လူဘက် ပါတတ်တယ်ဆိုတာ တစ်စက်ကလေးမှ မလွဲဘူး။ ဒီလိုအချိန် ရောက်နေတာတောင် အပြင်က ယောက်ျားရိုင်းဘက်က ကာကွယ်နေသေးတယ်။ ငါက နင့်အမေလေ၊ နင်က ငါ့ကို တကယ်ပဲ ဒီလိုဆက်ဆံရက်တယ်ပေါ့၊ အေး... တကယ်ကို ကောင်းလိုက်တာ။ ငါ ဘယ်လိုဝဋ်ကြွေးတွေ ရှိခဲ့လို့ နင်လို သမီးမျိုးကို မွေးမိပါလိမ့်။ နင်က ငါ့ကိုပါ ပြန်လုပ်တယ်ပေါ့၊ အေး... ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ နင်က ဒီလောက်တောင် အကြောတင်းနေမှတော့ ငါ့အိမ်ကနေ အခုချက်ချင်း ဆင်းသွားစမ်း၊ အိမ်ကနေ ဆင်းသွား။ လူကောင်းလုပ်ချင်ရင် အိမ်ကနေ ဆင်းသွား၊ နောက်ကျရင် ငါ့ကို အမေလို့ လာမခေါ်နဲ့တော့။"
လင်စန်းရှင်း အမှန်တကယ်ပင် ဒေါသအဆုံးစွန်အထိ ရောက်နေရသည်။
"နင့်အဖေကို သူတို့မိသားစုက ဒီလိုဖြစ်အောင် နှိပ်စက်ထားတာကို နင်က ခွေးတစ်ကောင်လိုမျိုး ကပ်နေသေးတယ်။ ငါ့မှာ နင်လို သမီးမျိုး မရှိဘူးလို့ပဲ သတ်မှတ်လိုက်မယ်။"
လင်စန်းရှင်း ဒေါသတကြီးဖြင့် တုန်ရီနေ၏။
သူမသည် လီချန်ရွှမ်းအပေါ်တွင် အသက်ပေးချစ်နိုင်သော်လည်း သူမ၏ သမီးဖြစ်သူ ယွမ်ဟောက်ဖုန်းအပေါ် ဤသို့ အသက်ပေးချစ်သည်ကို လက်မခံနိုင်ပေ။
"နင်လို မိဘမရိုသေတဲ့ ကောင်မစုတ်၊ ထွက်စမ်း၊ ငါ့အိမ်ကနေ ဆင်းသွားစမ်း။"
"အမေ"
လီလင်းလင်း မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
လင်စန်းရှင်း အော်ဟစ်ကာ
"နင် ငါ့ကို မခေါ်နဲ့။ နင် ဒီယောက်ျားအတွက်နဲ့ အလုပ်ပြုတ်ခဲ့တယ်၊ နင် ဒီယောက်ျားအတွက်နဲ့ သေလုမတတ် အလုပ်လုပ်ခဲ့တယ်၊ ငါက လုပ်အားခလေး နည်းနည်းပဲ ဖြတ်ပြီး ကျန်တဲ့ ဂျင်းဘောင်းဘီတွေကို သိမ်းထားတာကို နင်က ခိုးထုတ်သွားသေးတယ်။ ငါ ဘယ်လိုအကောင်မမျိုးကို မွေးမိတာလဲ မသိဘူး။ ငါ တကယ်ပဲ..."
"လင်စန်းရှင်း... လင်စန်းရှင်း..."
ထိုစဉ် အလျင်စလို အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"လင်စန်းရှင်း... ညည်း မြန်မြန် သွားကြည့်ဦး၊ လျိုကျင့်က ကိုယ်ဝန်ထိခိုက်ပြီး လမစေ့ဘဲ မွေးတော့မယ် ထင်တယ်။"
"ဘာပြောတယ်။"
လင်စန်းရှင်း မြေပြင်ပေါ်မှ ချက်ချင်း လူးလဲထလိုက်၏။
"မြန်မြန်လုပ်၊ သူမ အခြေအနေ သိပ်မကောင်းဘူး။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ နေ့လယ်က ထွက်လာတုန်းက ကောင်းကောင်းကြီး ရှိသေးတာကို..."
"လီချန်ရွှမ်းက အကျင့်စာရိတ္တ ပျက်ပြားမှုကြောင့် အဖမ်းခံရပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ ကြားလိုက်တာနဲ့ ချက်ချင်းပဲ ကိုယ်ဝန်ထိခိုက်သွားတာ။"
"အား... အား... အား... ဘယ်သူက ဒီလောက် ပါးစပ်သရမ်းရတာလဲ။ ရဲတွေတောင် သူမကို ထိခိုက်မှာစိုးလို့ စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့တာကို ဘယ်သူက ပါးစပ်သရမ်းလိုက်တာလဲ။"
လင်စန်းရှင်း အော်ဟစ်ဆဲဆိုရင်း လျိုကျင့်ရှိရာဘက်သို့ အပြေးအလွှား ပြေးသွားလေ၏။
ချန်ချင်းယွီ ခေါင်းလေးစောင်းကာ ဆိုမိသည်။
"လင်စန်းရှင်းက လျိုကျင့်ကိုတော့ တကယ် ဂရုစိုက်တာပဲ။"
အဘွားကြီးကျောက် : "ဒါပေါ့၊ လျိုကျင့်က လစေ့တော့မှာလေ၊ ပြီးတော့ အသက်ကြီးမှ ကိုယ်ဝန်ဆောင်တာဖြစ်ပြီး ကိုယ်ဝန်ကလည်း သိပ်မခိုင်ဘူး။ ဒါကြောင့် ရဲတွေဘက်ကလည်း စုံစမ်းစစ်ဆေးတဲ့အခါ သူမကို ထိခိုက်မှာစိုးလို့ မရှာခဲ့တာ။ ငါကြားတာတော့ လင်စန်းရှင်းက ဘယ်သူ့ကိုမှ မပြောဖို့ လူတိုင်းကို မှာထားတယ်တဲ့။ ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ လွှတ်ခနဲ ပြောလိုက်မိပုံပဲ..."
ချန်ချင်းယွီ စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချမိလေသည်။
လင်စန်းရှင်းသည် တိုက်ပွဲမြေပြင်မှ ထွက်ခွာ၍ ဤသို့ ပြေးသွားသဖြင့် လီလင်းလင်းမှာ နေရာတွင်တင် မည်သို့လုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်ကျန်ခဲ့၏။
သို့သော် မကြာမီမှာပင် သူမ ဆိုလေသည်။
"အစ်ကိုဟောက်ဖုန်း၊ ကျွန်မ ကူညီပါရစေ။"
ချန်ချင်းယွီ: '...'
'ဒါက ဘယ်လိုလူမျိုးပါလိမ့်။'
ယွမ်ဟောက်ဖုန်း စိတ်လှုပ်ရှားစွာဖြင့်
"ကျေးဇူးတင်ပါတယ် လင်းလင်းရယ်။ အစ်ကို့မှာ မင်းတစ်ယောက်ပဲ ရှိတော့တယ်၊ အစ်ကို မင်းကိုပဲ အားကိုးရတော့မယ်။"
ချန်ချင်းယွီ ပွဲကြည့်ရင်း တိုးတိုးလေး ရေရွတ်မိ၏။
'သူက မိန်းမရှိနေတာကို မေ့သွားတာလား မသိဘူး၊ ဒီလိုဇာတ်လမ်းမျိုး လာခင်းနေသေးတယ်။ တကယ်ပဲ အထဲရောက်သွားမှာကို မကြောက်ဘူးပဲ။ သူ့အမေ ဘာကြောင့် အဖမ်းခံရလဲဆိုတာကို သူ နည်းနည်းမှ သင်ခန်းစာမရဘူး ထင်တယ်။'
ပိုင်ဖုန်းရှန်း : "ညည်းက မသိလို့ပါ၊ သူတို့က ဒါတွေကို ဘယ်ကြောက်မလဲ။ ပါးစပ်ကတော့ အစ်ကိုနဲ့ ညီမလေးဆိုပြီး အမြဲ ပြောနေတာလေ။"
ချန်ချင်းယွီ : 'ဝေါ့။'
သူမသည် ဤကဲ့သို့ မြင်ကွင်းမျိုးကို အမှန်တကယ်ပင် ကြည့်မရချေ။
လီလင်းလင်းမှာ ယွမ်ဟောက်ဖုန်း၏ မျက်နှာသာပေးမှုကို ရရှိသဖြင့် မျက်လုံးချင်း ဆုံကာ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်အပြည့်ဖြင့် ကြည့်နေကြသည်။ ချန်ချင်းယွီ ကြည့်ရင်း မချင့်မရဲ ဖြစ်လာရ၏။
'တကယ်ပဲ... နားကိုမလည်နိုင်ဘူး။ ဘာကို မျှော်လင့်နေကြတာလဲ။'
"ကယ်... ကယ်ကြပါဦး၊ ဘယ်သူဖြစ်ဖြစ် ကူညီကြပါဦး... နင်တို့... နင်တို့တွေ ရပ်မကြည့်နေကြပါနဲ့၊ မြန်မြန်လာကယ်ကြပါဦး..."
ယွမ်ဟောက်မင် အောက်မှနေ၍ အားအင်ချိနဲ့စွာဖြင့် အသံထွက်လာသည်။ သူ အောက်သို့ ပြုတ်ကျသွားသည်မှာ နာရီဝက်ကျော်နေပြီ ဖြစ်သော်လည်း ဤလူများမှာ ဟိုလူနှင့် ဒီလူ စကားများကာ ကွဲပြားခြားနားသော ပွဲများကို ခင်းနေကြပြီး သူ့ကို လူရာမသွင်းကြချေ။
ယွမ်ဟောက်မင် အော်ဟစ်ကာ
"မြန်မြန်... မြန်မြန်ကယ်ကြပါ..."
ယွမ်ဟောက်ဖုန်း : "ကောင်းပြီ၊ ကောင်းပြီ။ ငါ ကြိုးတစ်ချောင်း သွားရှာမယ်၊ လင်းလင်း... မင်းကိုပဲ အပ်ပါတယ်နော်။"
လီလင်းလင်း ခေါင်းကို အပြင်းအထန် ညိတ်ပြလေ၏။
"အင်း။"
ယွမ်ဟောက်ဖုန်း၏ မျက်လုံးများ ဝေ့ဝဲသွားပြီး ဆိုလေသည်။
"လင်းလင်း... ငါ့လက်မောင်းက အကြောလွဲသွားလို့ တကယ်ကို အားစိုက်လို့ မရဘူး ဖြစ်နေတယ်..."
လီလင်းလင်း ချက်ချင်းပင် စိုးရိမ်တကြီး မေးမြန်းကာ
"အစ်ကိုဟောက်ဖုန်း၊ အဆင်ပြေရဲ့လားဟင်။ ကျွန်မ ကြည့်ပါရစေ။ ဘယ်လိုလုပ် အကြောလွဲသွားတာလဲ။"
ယွမ်ဟောက်ဖုန်း သက်ပြင်းချကာ စိတ်မကောင်းစွာဖြင့်
"မနေ့ညက ရန်ဖြစ်ရင်း ဒဏ်ရာရသွားတာ၊ ကွမ်ထင်းထင်းက တကယ်ကို လက်ရဲဇက်ရဲ လုပ်လိုက်တာ၊ ငါ့လက်မောင်းကို ချိုးလိမ်ပစ်လိုက်တယ်။ ငါ ဒီနေ့တစ်နေ့လုံး အောင့်ထားတာ... ငါ ငါ့အဖေကို မကယ်ချင်တာ မဟုတ်ပါဘူး၊ တကယ်ပဲ အားစိုက်လို့ မရလို့ပါ၊ မဟုတ်ရင်လည်း လူတွေကို ကူညီခိုင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မထင်မှတ်ဘဲ..."
သူ မဲ့ပြုံးပြုံးကာ စိတ်မကောင်းစွာဖြင့် လီလင်းလင်းကို ကြည့်လိုက်၏။
လီလင်းလင်း ချက်ချင်းပင် ဆိုလေသည်။
"စိတ်ချပါ၊ ကျွန်မ ရှိတယ်၊ အားလုံးကို ကျွန်မ တာဝန်ယူမယ်။"
ယွမ်ဟောက်ဖုန်း : "အစ်ကို သိပါတယ်၊ ညီမ အစ်ကို့အပေါ် ကောင်းမှန်း အစ်ကို သိပါတယ်။"
တစ်ခါ ပြန်စပြန်ပြီ …. သောက်ကျိုးနည်းဟာတွေ.. ဘာလို့ မိုးကြိုးမပစ်တာပါလိမ့်…။
မောင်နှမကဲ့သို့ ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့နှစ်ဦးမှာ တပူးပူးတတွဲတွဲ ပြန်ဖြစ်နေကြပြန်သည်။ အမျိုးသားနှင့် အမျိုးသမီးကြားရှိ အစ်ကိုနှင့် ညီမလေး သံယောဇဉ်ကို ဤလူများမှာ ဖျက်ဆီးပစ်နေကြ၏။
လီလင်းလင်း ပြတ်သားစွာဖြင့်
"ကျွန်မ လုပ်မယ်။"
ချန်ချင်းယွီ အံ့အားသင့်သွားရသည်။
'ဘာလဲ… သူကိုယ်တိုင် အားမစိုက်ဘဲ လီလင်းလင်း တစ်ယောက်တည်းကို ဆွဲခိုင်းမလို့လား…'
ချန်ချင်းယွီမှာ အလွန်အမင်း တုန်လှုပ်သွားရ၏။
'ဒီယွမ်ဟောက်ဖုန်းကတော့ တကယ်ကို အရှက်မရှိလွန်းတော့ဘူးပဲ။'
အခြားသူများ မည်သို့ပင် ပြောစေကာမူ ၎င်းတို့မှာ ရဲရဲဝံ့ဝံ့ ရှိလှပေသည်။ တကယ်ကို အရေထူသူများ ဖြစ်ကြ၏။
လီလင်းလင်းမှာ အခက်အခဲဟု မထင်ဘဲ ယွမ်ဟောက်ရွှယ်ကို ကြည့်ကာ ဆိုလေသည်။
"ဟောက်ရွှယ်... ငါတို့ အတူတူ ဆွဲရအောင်။"
ယွမ်ဟောက်ရွှယ်လည်း ခက်ခဲသော မျက်နှာထားဖြင့်
"ကျွန်မလည်း ဒီနေ့ ရန်ပွဲတားရင်းနဲ့ လူတွေ လုပ်လိုက်လို့ ဒဏ်ရာရသွားတယ်၊ လက်မောင်းက အားစိုက်လို့ မရဘူး။"
လီလင်းလင်း၏ မျက်နှာ
အနည်းငယ် ပျက်သွား၏။ သူမသည် ယွမ်ဟောက်ဖုန်းကိုမူ ခြွင်းချက်မရှိ ယုံကြည်သော်လည်း ယွမ်ဟောက်ရွှယ်အပေါ်၌မူ ထိုသို့ မဟုတ်ပေ။
ယွမ်ဟောက်ရွှယ် ချက်ချင်းပင် ဆိုပြန်သည်။
"တကယ်ပါ၊ ငါ လိမ်မပြောပါဘူး၊ တကယ်ပဲ မတတ်နိုင်လို့ပါ။ နင်လည်း သိတာပဲ၊ ဒီနေ့ နင့်အမေတို့ ဘယ်လောက်တောင် သောင်းကျန်းခဲ့ကြလဲဆိုတာ။ လင်းလင်း... ငါတို့ မောင်နှမက နင့်ကို အကျပ်ရိုက်အောင် လုပ်မိပြီ။ ငါလည်း... ငါလည်း တကယ် မတတ်နိုင်လို့ပါ..."
လီလင်းလင်း၏ စိတ်အနည်းငယ် လျော့ကျသွားသည်။ အမှန်ပင်… ယနေ့တွင် သူမ၏ မိခင်နှင့် ဝင်းထဲမှ အဘွားကြီးများ အလွန်အမင်း သောင်းကျန်းခဲ့ကြပေသည်။
ဟောက်ရွှယ် ဆက်ပြောကာ
"ကျွန်မတို့ မိသားစုက ဒီလိုဖြစ်သွားရတာ၊ ကျွန်မ တကယ်ပဲ... ဝူးဝူး။"
ဟောက်ရွှယ် မျက်ရည်များ စတင် စီးကျလာ၏။ သူမ သနားစရာကောင်းအောင် ဆိုကာ
"ကိစ္စတွေ ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး..."
လီလင်းလင်း : "ဒါပေမဲ့ ငါ တစ်ယောက်တည်းလည်း ဆွဲနိုင်မှာ မဟုတ်ဘူးလေ။"
ယွမ်ဟောက်ရွှယ် မည်မျှပင် သနားစရာကောင်းအောင် ပြုမူနေပါစေ လီလင်းလင်း သူမကို ရာနှုန်းပြည့် မယုံကြည်ချေ။ သို့သော် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အဘယ်မှာ ထူးခြားသွားမည်နည်း။ လူတစ်ယောက်တည်းနှင့်မူ မည်သို့မျှ မတတ်နိုင်ပေ။
လီလင်းလင်းသည်လည်း အမျိုးသမီးတစ်ဦးဖြစ်သဖြင့် ယွမ်ဟောက်ရွှယ်၏ သရုပ်ဆောင်မှုကို အလွယ်တကူ စိတ်မလှုပ်ရှားသည်မှာ သဘာဝပင်။ သို့သော် အမျိုးသားများမှာမူ ပို၍ စိတ်လှုပ်ရှားလွယ်ကြသည်။
ရှီရှောင်ဝေ စိတ်လှုပ်ရှားသွားရ၏။
လီလင်းလင်းနှင့် ရှီရှောင်ဝေတို့မှာ ဤဝင်းထဲရှိ အမှန်တကယ်ပင် ဦးနှောက်မရှိ မျက်နှာလိုမျက်နှာရ ကပ်ဖားတတ်သည့် အရူးနှစ်ယောက် ဖြစ်ကြပြီး၊ တစ်ယောက်သည် အစ်ကိုဖြစ်သူနောက် တကောက်ကောက်လိုက်၍ အခြားတစ်ယောက်မှာ ညီမဖြစ်သူနောက် တကောက်ကောက် လိုက်နေခြင်း ဖြစ်သည်။
ရှီရှောင်ဝေ ရှေ့သို့ တိုးထွက်လာကာ
"ကျွန်တော်လည်း ကူညီပါရစေ။"
"ရှောင်ဝေ၊ နင် ဘာလုပ်နေတာလဲ။"
အစ်မကြီးဖန် ဟိန်းဟောက်လိုက်၏။
"ဒီလို ညစ်ပတ်စုတ်ပဲ့တဲ့ ကောင်မဆီကို နင်က ဘာလို့ သွားကပ်နေရတာလဲ။"
"အမေ၊ ဘာစကားပြောလိုက်တာလဲ။ ဟောက်ရွှယ်က ကောင်းကောင်းမွန်မွန်ကြီး ရှိနေတာကို အမေက ဘာလို့ ဒီလို ရွံစရာကောင်းတဲ့ စကားတွေ ပြောနေရတာလဲ။"
"ငါက ရွံစရာကောင်းတဲ့ စကားတွေ ပြောနေတယ် ဟုတ်လား။ ငါက ပြောနေတယ်ဆိုရင် သူ့မိသားစုကလည်း ဒီလိုအလုပ်တွေ မလုပ်သင့်ဘူးလေ။ သူတို့က ဘယ်လိုလူမျိုးတွေလဲ ကြည့်ဦး…. ဘယ်လိုလူစားတွေလဲ။"
အစ်မကြီးဖန်သည် ယွမ်ဟောက်ရွှယ်ကို အထင်သေးလှပေသည်။ အစောပိုင်းကတည်းက အထင်သေးခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ ပို၍ပင် အထင်သေးသွား၏။
သူမက မသိဘူး ထင်နေသလား…
သူမ၏ သားဖြစ်သူနှင့် ဆက်ဆံရေး ဤမျှအထိ ဆိုးဝါးသွားရခြင်းမှာ ဤမိန်းမယုတ်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေသည်။ အစပိုင်းတွင် သူမ သတိမထားမိခဲ့သော်လည်း အချိန်အတန်ကြာသောအခါတွင်မူ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
'ဒီကောင်မစုတ်က တကယ်ကို လည်လွန်းတယ်၊ ဉာဏ်များလွန်းတယ်.. '
ယွမ်ဟောက်ရွှယ်၏ အလုပ်ရာထူးကို လိုချင်သဖြင့် သူမကို နာမည်ဖျက် ပြောဆိုခဲ့ခြင်းကြောင့် မိမိကလဲ့စားချေခံရခြင်း ဖြစ်သည်ဟု မတွေးဘဲ၊ မိမိကိုယ်တိုင်သာ မတရားခံရသည်ဟု ခံစားရကာ ယွမ်ဟောက်ရွှယ်ကို အသွေးအသားထဲမှ နာကျည်းနေခြင်း ဖြစ်၏။
"ငါ ပြောထားမယ်၊ ငါ အသက်ရှင်နေသရွေ့ အဲ့ကောင်မစုတ်နဲ့ ဝေးဝေးမှာ နေစမ်း။ မဟုတ်ရင် နင်က ငါ့သား မဟုတ်တော့ဘူး။"
"အမေက တကယ်ပဲ အကျိုးအကြောင်း မရှိတာပဲ။"
သားအမိနှစ်ယောက် ဆင်ခြေတက်ကာ ရန်ဖြစ်ကြလေသည်။
အဘွားကြီးကျောက် သံသယဖြင့် ဆိုလိုက်၏။
"အစ်မကြီးဖန်ပြောတဲ့ စကားတွေက ဘာလို့ တစ်မျိုးကြီး ရင်းနှီးနေရတာလဲ။"
"လင်စန်းရှင်းလည်း ခုနက ဒီအတိုင်း ပြောသွားတာပဲ မဟုတ်လား။ သဘောတရားချင်း အတူတူပဲလေ။"
"ဟေး... နင် သိလား..."
"ငါ့အမြင်တော့ လင်စန်းရှင်းက လီလင်းလင်းနဲ့ ရှီရှောင်ဝေတို့ကို အတူတူ မနေအောင် တားမနေသင့်ဘူး။ သူတို့ကိုပဲ အတူတူ နေခွင့်ပြုလိုက်ရမှာ။ သူတို့ကို ကြည့်ဦး၊ စရိုက်ချင်းက တကယ် တူလွန်းတယ်။ အခြားသူတွေရဲ့ ဖနောင့်ကို လိုက်နမ်းနေမယ့်အစား သူတို့နှစ်ယောက်ပဲ ချစ်သူတွေ ဖြစ်သွားတာက ပိုကောင်းဦးမယ်။"
အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ
"ညည်းကတော့ တကယ်ကို အပြောကောင်းပေ့။ အရင်တုန်းက လီလင်းလင်းက ရှီရှောင်ဝေကို ကြိုက်ခဲ့တာ မှန်ပေမဲ့ ရှီရှောင်ဝေက လီလင်းလင်းကို လုံးဝ မကြိုက်ခဲ့ဘူးလေ။ သူက ဟောက်ရွှယ်နောက်ကိုပဲ တကောက်ကောက် လိုက်နေတာ။"
"ဟောက်ရွှယ်ကလည်း သူ့ကို မကြိုက်ဘူး မဟုတ်လား။ ဟေး... ညည်း ကြားလိုက်လား။ လင်စန်းရှင်း ပြောတာတော့ ဟောက်ရွှယ်ရဲ့ ရည်းစားက အသက်လေးဆယ်ကျော်နေပြီတဲ့။ သူမ ဘာတွေ တွေးနေတာလဲ မသိဘူး။ အသက် နှစ်ဆယ့်သုံး၊ နှစ်ဆယ့်လေးအရွယ် မိန်းကလေးတစ်ယောက်က… သူမ ဒီနှစ်ထဲမှာ နှစ်ဆယ့်သုံး၊ နှစ်ဆယ့်လေး မဟုတ်လား။ သူမ ရူးနေတာလား၊ ကိုယ့်ထက် အသက် နှစ်ဆယ်လောက်ကြီးတဲ့သူနဲ့ ရည်းစားဖြစ်နေရအောင်။"
အဘွားကြီးကျောက် တဟီးဟီး ရယ်ကာ
"ဟဲဟဲ... ညည်းက ဘာသိလို့လဲ။ အသက်ကြီးလေ အခြေအနေက ပိုကောင်းလေပေါ့။"
"ညည်း သိလို့လား။"
"သူက ဘယ်သူမို့လို့လဲ။"
အဘွားကြီးကျောက် လျှို့ဝှက်ဆန်းကြယ်စွာဖြင့်
"ငါ ကြားတာတော့ စက်ရုံက ဒုတိယစက်ရုံမှူး ဟယ် တဲ့။"
ဤသည်မှာ သူမ ပထမဆုံးအကြိမ် ပြောခြင်း မဟုတ်ချေ။ ဤကိစ္စဖြစ်ပြီးနောက် လူများစွာ သိရှိသွားကြပြီ ဖြစ်သော်လည်း အခြေအနေများ ရှုပ်ထွေးနေသဖြင့် အဝေးကြီးသို့ မပြန့်သေးခြင်း ဖြစ်၏။
အဘွားကြီးကျောက်မှာမူ သိနှင့်ပြီးဖြစ်၍ ယခုအခါတွင်မူ ရဲရဲဝံ့ဝံ့ ပြောရဲနေခြင်း ဖြစ်သည်။ သူမ တဟီးဟီး ရယ်ကာ ဆက်ပြောပြန်၏။
"အာဏာ၊ လုပ်ပိုင်ခွင့်နဲ့ ငွေကြေး... ယွမ်ဟောက်ရွှယ်က မပျော်ဘဲ နေမလား။"
"အာ... အင်းလေ... သူမက တကယ်ကို... ဘယ်လို ပြောရမလဲ။ သူမက ငယ်ငယ်လေး ရှိသေးတာကို ကိုယ်နဲ့ အသက်တူတူလူကို ရှာရင် ပိုကောင်းတာပေါ့။"
"ဘယ်သူက မပြောလို့လဲ။"
"ဒါတော့ မဟုတ်သေးပါဘူး၊ အသက်တူတူလူတွေမှာ ဘာမှမရှိဘူးလေ။ ရှီရှောင်ဝေကို ကြည့်ဦး၊ သူ့မှာ ဘာရှိလို့လဲ။ မိဘတွေနဲ့ အတူနေပြီး ဘာအရင်းအမြစ်မှ မရှိ၊ ဘာအရည်အချင်းမှ မရှိဘဲ အချစ်တစ်ခုတည်းပဲ ရှိတာ။ အချစ်က ထမင်းဟင်း မဟုတ်ဘူးလေ၊ ဘာလုပ်လို့ရမှာလဲ။"
လူတိုင်း တစ်ဖန် ပြန်လည် ဝေဖန်ဆွေးနွေးကြပြန်သည်။
၎င်းတို့ ဆွေးနွေးနေကြစဉ် ရှီရှောင်ဝေနှင့် ၎င်း၏ မိခင်တို့မှာ အကြီးအကျယ် ရန်ဖြစ်နေကြပြီး အပြင်းအထန် ငြင်းခုံနေကြ၏။
ချန်ချင်းယွီ အဝေးမှနေ၍သာ အညစ်အကြေးတွင်းကို လှမ်းကြည့်နေပြီး အနားသို့ တိုးသွားရန်ကား လုံးဝ မဖြစ်နိုင်ချေ။ သူမသည် ထိုနေရာသို့ သွား၍ လုံးဝ လှမ်းမကြည့်ရဲပေ…. မဟုတ်ပါက ညစာမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။ သေချာပေါက် အန်ထွက်သွားပေလိမ့်မည်။
'အဲလိုတော့ အဖြစ်မခံနိုင်ပါဘူး။'
ယွမ်ဟောက်မင်မှာမူ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေပြီး ငိုသံပါဖြင့် အော်ဟစ်နေရှာ၏။
"ရန်မဖြစ်ကြပါနဲ့တော့၊ ငါ့ကို အရင် ကယ်ကြပါဦး..."
သို့သော် မည်သူမျှ သူ့ကို ဂရုမစိုက်ကြပေ။
ရန်ပွဲကတော့ ဆက်လက် ဖြစ်ပွါးနေဆဲပါပဲ…
ယွမ်ဟောက်မင် : "ငါ့ကို အရင် ကယ်ကြပါဦး..."
ယွမ်ဟောက်မင် အကြာကြီး အော်ဟစ်နေသော်လည်း မည်သူမျှ ဂရုမစိုက်သဖြင့် ဒေါသတကြီးဖြင့် ပို၍ ကျယ်လောင်စွာ ဆဲဆိုလေသည်။
"ကျန်းရှင်းဖှ... မင်းလို လူယုတ်မာ၊ မင်း ငါ့ကို တမင်သက်သက် ကန်ချတာ၊ ငါမမြင်ဘူးလို့ ထင်နေလား။ မင်းပဲ… မင်းပဲ။ မင်းက မသမာတဲ့စိတ် ရှိနေတာ။"
ကျန်းရှင်းဖှ : "တောက်။ ခင်များ သတ္တိရှိရင် သက်သေပြစမ်း။ ကျုပ်လုပ်တယ်လို့ ဘာလို့ ပြောနိုင်ရတာလဲ။ ကျုပ်က ခင်များကို ဘာမှမပြောရသေးဘူး။ ခင်များတို့မိသားစုက လူယုတ်မာတွေပဲ။ ကျုပ် ခက်ခက်ခဲခဲနဲ့ ရည်းစားတစ်ယောက် ရှာထားရတာ။ ခင်များမိန်းမက ကျုပ်ကို မတရားစွပ်စွဲလို့ စုံစမ်းစစ်ဆေးခံရပြီး အခုတော့ အဲဒီဆက်ဆံရေးက ပျက်စီးသွားပြီ။ ဒါတွေအားလုံးက ခင်များတို့မိသားစုကြောင့်ပဲ၊ ခင်များတို့က သီလ၊ သမာဓိ လုံးဝမရှိကြဘူး။ လူယုတ်မာတွေက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံရတတ်တယ်လို့ ပြောကြတယ်။ ခင်များတို့မိသားစုက မိုးကြိုးပစ်ခံရဖို့ ထိုက်တန်တယ်။"
သူသည် ရည်းစားတစ်ယောက် ရရန် မည်မျှပင် ခက်ခဲခဲ့ရသနည်း။ သူသည် နောက်ခံသမိုင်းကြောင်းကို သိပ်မသိသော ကျေးလက်တောရွာမှ မိန်းကလေးတစ်ယောက်ကို ခက်ခက်ခဲခဲ ရှာတွေ့ခဲ့သော်လည်း ၎င်းတို့ ချိန်းတွေ့နေစဉ် ရဲများ ရောက်ရှိလာခဲ့သည်။ ထိုမိန်းကလေးသည် သူ၏ "အတင်းအဖျင်းဟောင်းများ" ကို ကြားသည်နှင့် ယုန်တစ်ကောင်ထက်ပင် ပို၍ မြန်ဆန်စွာ ပြေးပြေးလွှားလွှား ထွက်ပြေးသွား၏။
'ပြီးပြီ၊ တစ်ခါပြန်ပြီး ပြီးသွားပြီ။ ရည်းစား မရှိတော့ဘူး။'
ကျန်းရှင်းဖှ အလွန်ပင် ဒေါသထွက်နေရသည်။ သူကိုယ်တိုင်မှာမူ အဆင်ပြေပြီး ပတ်သက်မှုမရှိသော်လည်း ရည်းစားမှာမူ မရှိတော့ပေ။
သူသည် ထိုကဲ့သို့ ပြုမူခဲ့သူများကို အမှန်တကယ် မုန်းတီးလှသဖြင့်
"ခင်များတို့ ကံဆိုးမှုခံရတာ ထိုက်တန်ပါတယ်။"
၎င်းတို့နှစ်ဦးမှာ တစ်ယောက်က အပေါ်၊ တစ်ယောက်က အောက်မှနေ၍ တစ်ယောက်ကိုတစ်ယောက် ပြင်းပြင်းထန်ထန် ဆဲဆိုရေရွတ်ကြ၏။
"မင်း ငါ့ကို ကန်ချတာ..."
"ခင်များမှာ သက်သေမရှိဘူး၊ ခင်များတို့မိသားစုက ကျုပ်အချစ်ရေးကို ဖျက်ဆီးပစ်တာ၊ ခင်များလို လူယုတ်မာ..."
၎င်းတို့နှစ်ဦး ဆဲဆိုနေကြစဉ် အဘွားကြီးဝမ်မှာလည်း အော်ဟစ်လေသည်။
"ငါ့သား... ငါ့သားလိမ္မာလေး၊ ဒါတွေအားလုံးက နင်တို့မိသားစုကြောင့်ပဲ။ နင်တို့မိသားစုက လူမဆန်ဘူး။ ရှောင်ကျန်း... နင်လုပ်တာ မှန်တယ်၊ အဲဒီလူယုတ်မာတွေကို သေအောင် ကန်ပစ်လိုက်စမ်း..."
ထိုမြင်ကွင်းမှာ ဘဲအကောင်ငါးရာခန့် ဆူညံနေသည့်အလားပင်…။
ယွမ်ဟောက်မင် အညစ်အကြေးတွင်းထဲ၌ ပက်လက်ကူးခတ်နေရပြီး အားလုံး ဆူညံပွက်လောရိုက်နေကြ၏။
ချန်ချင်းယွီ သက်ပြင်းချကာ
"ကျွန်မ အလေးစားဆုံးက ကျွန်မတို့ရပ်ကွက်ရဲ့ စိတ်ဓာတ်ပဲ၊ တကယ်ကို ခေတ်ရှေ့ပြေးလွန်းတယ်။"
အဘွားကြီးကျောက်မှာ ခဏမျှ ဆွံ့အသွားရသည်။
ရှုပ်ထွေးပွေလီလှသော အော်ဟစ်ဆဲဆိုသံများကြားတွင် အောက်၌ ရှိနေသော ယွမ်ဟောက်မင်တစ်ယောက် ဒေါသတကြီးဖြင့် ပို၍ပင် လူးလှိမ့် ရုန်းကန်နေသည့်အတွက် လမ်းတစ်ပြင်လုံးတွင် ဖော်ပြမတတ်သော အနံ့အသက်များ နံစော်နေရ၏။ လူများလည်း ပိုမိုစုရုံးလာကြသည်။
ရှောင်ကျားသည် တိတ်တဆိတ် စက္ကူများကို ထုတ်ကာ နှာခေါင်းထဲသို့ ထိုးထည့်လိုက်ပြီး အလိုက်သိတတ်သော ကလေးဖြစ်သဖြင့် မိသားစုဝင်များကိုလည်း အချို့ ဝေမျှပေးလေသည်။ ချန်ချင်းယွီကပြတ်ပြတ်သားသားပင် လမ်းကို ပိတ်ဆို့ထားလိုက်၏။
သူမ လုံးဝ အောင့်အည်း သည်းမခံနိုင်တော့ချေ။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဆဲဆိုသံများမှာ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် ရပ်ကွက်ကော်မတီအထိ ရောက်ရှိသွားသည်။
"ခင်များတို့ ဒီမှာ ဘာလုပ်နေကြတာလဲ။ လူအတော်များများက ရပ်ကွက်ကော်မတီကို လာတိုင်ကြတယ်၊ ခင်များတို့တွေ ဒီမှာ အီးတွေနဲ့ ဆော့ကစားနေကြတယ်ဆိုပြီးတော့။ ခင်များတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။"
ယွမ်ဟောက်မင် အော်ဟစ်ကာ
"ကယ်ကြပါဦး။"
"မြန်မြန်... ကယ်ကြပါဦး။ ကယ်ပါ..."
ဗွမ်း….
လူတိုင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။
"လူတိုင်းက စည်းစည်းလုံးလုံးနဲ့ ဖော်ဖော်ရွေရွေ ရှိရမယ်လေ..."
ဗွမ်း…
လူတိုင်း နောက်သို့ နောက်ထပ် ခြေတစ်လှမ်း ထပ်ဆုတ်လိုက်ကြပြန်၏။
"ခင်များတို့ ဘာလုပ်နေကြတာလဲ။ ဒါက..."
ဗွမ်း…
လူတိုင်း နောက်သို့ ခြေလှမ်းအကြီးကြီး နောက်တစ်လှမ်း ထပ်ဆုတ်လိုက်ကြပြန်သည်။
"အသက်ကယ်တာက စည်းလုံးခြင်းရဲ့ ဂုဏ်သိက္ခာပဲလေ။ ခင်များတို့အားလုံး ဘာလုပ်နေကြတာလဲ။"
'စည်းလုံးခြင်း ဂုဏ်သိက္ခာ ဟုတ်လား။'
မလိုချင်ပါဘူးဗျာ… အီးတွေ ကိုင်ရမယ့် စည်းလုံးမှုမျိုးကတော့ မရလည်း နေပါစေတော့…။
မည်သူမျှ ထိုအရာကို မလိုချင်ကြချေ။
ယခုအခါတွင်မူ လူတစ်ယောက်မျှပင် မကျန်တော့သလောက် ဖြစ်သွားလေသည်။
ပွဲကြည့်ရန်သာ အဆင်ပြေသော်လည်း အသက်ကယ်ခိုင်းရန်ကား လုံးဝ မဖြစ်နိုင်ပေ။ ယခုကဲ့သို့ နွေရာသီအလယ်ခေါင်ကြီးတွင်…. ဤသည်မှာ အိမ်သာကျင်း ဖြစ်ပေသည်။ မမည်သူ အောင့်အီး သည်းခံနိုင်အံ့နည်း။ လူအများစုမှာ အခြားသူများကို ကူညီလိုစိတ် ရှိကြသော်လည်း အခြေအနေအပေါ်တွင် မူတည်ပေသည်။ မည်မျှပင် စိတ်ကောင်းရှိသူ ဖြစ်ပါစေ ဤမျှအထိ ရွံစရာကောင်းသော အရာနှင့် ရင်ဆိုင်ရပါက တုံ့ဆိုင်းသွားမည်သာ ဖြစ်၏။
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ကဲ့သို့သော လူများမှာ ဝင်းထဲသို့ပင် ပြန်လည် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ မည်သူ့ကိုမျှ ကယ်တင်ရန်ကား မဖြစ်နိုင်ပေ။
မိမိတို့နှင့် ဘာဆိုင်သနည်း…။
အဘွားကြီးကျောက် : "အခြားကိစ္စတွေကို ငါတို့ ဝင်မစွက်ဖက်ပေမဲ့ သူအပေါ်ရောက်လာတာနဲ့ တစ်ကိုယ်လုံး သန့်စင်ပြီးမှ ဝင်းထဲကို ပေးဝင်ရမယ်။ မဟုတ်ရင် ငါတို့တွေ နေနိုင်မှာ မဟုတ်ဘူး။"
"ဟုတ်ပ"
အားလုံး တညီတညွတ်တည်း ထောက်ခံကြသည်။ ယခုအခိုက်အတန့်တွင် လူတိုင်းမှာ မိမိတို့၏ သေးငယ်သော ပဋိပက္ခများကို ဘေးဖယ်ထားကာ တစ်ဖက်တည်းတွင် ရပ်တည်ကြလေသည်။ ၎င်းတို့သည် တစ်ဖက်တည်းတွင် ရပ်တည်ရမည်သာ ဖြစ်၏။ ဤသည်မှာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှပေသည်။
ရပ်ကွက်ကော်မတီ လာသော်လည်း မည်သူမျှ လူကောင်း လာမလုပ်ကြချေ။
မာကျန့်ယီမှာမူ ပို၍ပင် ရက်စက်လှပြီး ရပ်ကွက်ကော်မတီ ရောက်လာသည်ကို မြင်သည်နှင့် ၎င်းတို့ အနားမကပ်မီမှာပင် ပြတ်ပြတ်သားသား အိမ်သို့ ပြန်သွား၏။
'လာမမေးနဲ့၊ သူ အိမ်မှာမရှိဘူး… ဝင်းတာဝန်ခံဖြစ်တော့ ဘာဖြစ်လဲ…။ ဝင်းတာဝန်ခံလည်း လူပဲလေ။ သူ ဂရုမစိုက်ဘူး။'
ထို့ပြင် ထိုအမင်္ဂလာကောင်မ ကျောက်ရုံသည် သူ့ကိုပါ လာရောက်တိုင်တန်းခဲ့သေးသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ စားသောက်ဆိုင်အသေးလေးတစ်ခုတွင် စားသောက်ခဲ့သည်ကို လာတိုင်ခြင်း ဖြစ်၏။
'သူမက လူရော ဟုတ်ရဲ့လား။'
ကံကောင်းထောက်မစွာဖြင့် သူ၏ကိစ္စမှာ ကြီးမားခြင်းမရှိဘဲ အနည်းငယ် အဝေဖန်ခံရရုံမျှဖြင့် ပြီးသွားခဲ့သည်။
မာကျန့်ယီသည် ယွမ်မိသားစုကို အမှန်တကယ်ပင် စိတ်ပျက်လှ၏။
မိမိတို့ မိသားစုနှစ်စုကြားတွင် မည်သည့် ပဋိပက္ခမျှ မရှိခဲ့သော်လည်း ရက်ရက်စက်စက် ပြုမူခဲ့ကြသဖြင့် သူ့ထံမှ အကူအညီရရန်ကား မမျှော်လင့်သည်မှာ အကောင်းဆုံးပင်။
မာကျန့်ယီ ရှောင်တိမ်းသွားပြီး အခြားရှောင်တိမ်းသင့်သူများအားလုံးလည်း ရှောင်တိမ်းကုန်ကြ၏။
ရပ်ကွက်ရုံးမှ ဝန်ထမ်းများမှာမူ လုံးဝ ပျာယာခတ်သွားကြသည်။ ၎င်းတို့ ယခင်၌ ကယ်ဆယ်ရေးလုပ်ငန်းများ စုစည်းစဉ် ဤသို့ တစ်ခါမျှ မဖြစ်ဖူးချေ။
သို့သော် သူတို့သည် ပုံမှန်ကယ်ဆယ်ရေးနှင့် အညစ်အကြေးတွင်းထဲမှ လူကို ကယ်ဆယ်ရခြင်းမှာ မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်းကို သဘောမပေါက်ပုံ ရလေသည်။
"ခင်များတို့ ဒီလိုမလုပ်သင့်ဘူးလေ၊ ယဉ်ကျေးမှု အရမ်းနိမ့်ကျလွန်းတယ်။ ငါတို့တွေက လေဖုန်းလိုမျိုး ကောင်းမှုကုသိုလ်တွေ လုပ်ရမှာလေ..."
စကားပြောလေလေ လူနည်းလေလေ ဖြစ်သွားရ၏။
လီလင်းလင်း : "အုပ်ချုပ်ရေးမှူး... စကားကို ရပ်လိုက်ပါတော့၊ လူတွေ အကုန် ထွက်ပြေးကုန်ကြပြီ။"
ရပ်ကွက်ရုံးမှ ဝန်ထမ်းများအားလုံးလည်း အလွန်ပင် မျက်နှာပူ နေကြရသည်။
သို့သော်လည်း အုပ်ချုပ်ရေးမှုးမှာ ချက်ချင်းပင် ဆိုလေ၏။
"ဒီနေ့ဖြစ်တဲ့ကိစ္စက အားလုံးကို အကျပ်ရိုက်စေပြီး လူတိုင်း စိတ်မသက်မသာ ဖြစ်စေမှန်း သိပါတယ်။ ဒါပေမဲ့ အားလုံးက အိမ်နီးနားချင်းတွေပဲဥစ္စာ၊ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ ဖြစ်မလား။"
မည်သူမျှ ပြန်မဖြေကြချေ။
ရှီရှောင်ဝေ : "အုပ်ချုပ်ရေးမှူး... ဘာမှ ဆက်မပြောပါနဲ့တော့။ သူတို့တွေက သွေးအေးပြီး မကူညီချင်ကြတာ။ ရတယ်... ဒါဆိုရင် ထားလိုက်တော့။ ကျွန်တော် ရှိတယ်၊ ကျွန်တော် ကူညီမယ်။ ကျွန်တော်က သူတို့နဲ့ မတူဘူး။ ဟောက်ရွှယ်... စိတ်အေးအေးထားပြီး စောင့်ကြည့်နေလိုက်၊ အားလုံးကို ကျွန်တော် ဖြေရှင်းပေးမယ်။"
အစ်မကြီးဖန်မှာ ဒေါသထွက်လွန်း၍ အသက်ပင် ရှူမဝချင်တော့ကာ ဆိုလေသည်။
"နင်လို ကောငါစုတ်၊ ငါပြောတာကို လုံးဝ နားမထောင်ဘူးပေါ့၊ နင်က..."
"အမေ... ပါးစပ်ပိတ်ထားစမ်း။ အမေက ယွမ်မိသားစုကို အထင်သေးနေတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အမေ့ရဲ့ အပြုအမူက တကယ်ကို အောက်တန်းကျလွန်းတယ်။"
အစ်မကြီးဖန် : "အား... အား..."
သူမဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
ရှီရှောင်ကွမ် တိုးတိုးလေးဆိုကာ
"ကျွန်တော့်အစ်ကိုက မိန်းမတစ်ယောက်အတွက်နဲ့ တကယ်ကို အားကြိုးမာန်တက် ရူးသွပ်နေပြီ။"
ချန်ချင်းယွီ ခေါင်းစောင်းကာ မေးလိုက်မိသည်။
"နင် ဒိစကားစုကို သုံးတာ ဒီနေရာနဲ့ သင့်တော်ရဲ့လား။"
"သင့်တော်တာပေါ့။ ကောင်းကောင်းကြီး စဉ်းစားကြည့်ဦးလေ။"
ချန်ချင်းယွီ: '...'
၎င်းတို့ဝင်းထဲမှ လူတိုင်းသည် တံခါးဝတွင် စုရုံးတိုးဝှေ့လျက် ပွဲကြည့်နေကြ၏။
ရှီရှောင်ဝေ ပြတ်သားစွာဖြင့်
"အမေ... အမေ့ရဲ့ ကိုယ်ကျင့်တရား မကောင်းတာကိုပဲ အပြစ်တင်ချင်ရင် တင်ပါ၊ ကျွန်တော် ကုသိုလ်ကောင်းမှု လုပ်တာကိုတော့ လာမတားနဲ့။"
လီလင်းလင်း : "ကျွန်မလည်း ကူညီမယ်။"
ယွမ်မောင်နှမနှစ်ယောက်
အားမရှိသလို ပြုံးကာ
"ကျွန်တော်တို့ ဒဏ်ရာရထားလို့ အားစိုက်နိုင်ပါ့မလား မသိဘူး..."
ရပ်ကွက်ရုံး ဝန်ထမ်းများအားလုံး မျက်မှောင်ကုတ်သွားကြ၏။
'ဘယ်သူမှ မကူညီတာ မဆန်းပါဘူး၊ ဒီမောင်နှမနှစ်ယောက်က တကယ်ကို အရှက်မရှိတာပဲ။'
၎င်းတို့သည် ကျောက်ရုံ ပြုလုပ်ခဲ့သမျှကို ကောင်းကောင်းသိသော်လည်း မိမိတို့ ရပ်ကွက်အတွင်း ဖြစ်ပွားခြင်း ဖြစ်သဖြင့် လျစ်လျူရှုထား၍ မရပေ။ အကယ်၍ အနည်းငယ်မျှ ဝေးကွာသောနေရာတွင် ဖြစ်ပါက မသိချင်ယောင်ဆောင်နေကြမည်သာ..။
"နင်တို့ ဒဏ်ရာရထားတယ်ဆိုရင် သေချာစစ်ဆေးဖို့ ဆေးရုံ လိုက်ပို့ပေးရမလား။"
ခေါင်းဆောင်ဖြစ်သူ အုပ်ချုပ်ရေးမှူး အေးစက်စက် မေးလိုက်သည်။
ယွမ်မောင်နှမနှစ်ယောက်၏ မျက်နှာများ ပျက်သွားကြ၏။
"နင်တို့နှစ်ယောက် ရှေ့ဆုံးက ရပ်။"
"အာ... ဒါက..."
"မြန်မြန်လုပ်စမ်း။"
ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့မှာ အမှန်တကယ် မလုပ်ချင်ကြသော်လည်း ဆေးရုံသွားပါက သေချာပေါက် အကွက်ပေါ်တော့မည်ကို သိကြပေသည်။ မိမိတို့ ကိုယ်ခန္ဓာ အဆင်ပြေ၊ မပြေကို ၎င်းတို့ကိုယ်တိုင် အသိဆုံး ဖြစ်၏။ ၎င်းတို့သည် ရွံရှာနေကြခြင်းတည်း။
ထို့နောက် လူစုသည် အလျင်အမြန် ကြိုးကို အောက်သို့ ချပေးလိုက်ကြသည်။
ယွမ်ဟောက်ဖုန်း၊ ယွမ်ဟောက်ရွှယ်၊ ရှီရှောင်ဝေနှင့် လီလင်းလင်းတို့ ရှေ့မှ ဆွဲကြပြီး ရပ်ကွက်ရုံး ဝန်ထမ်းများမှာ ၎င်းတို့နောက်မှ ကူကြ၏။
လူတိုင်း တညီတညွတ်တည်း အော်ဟစ်ကြသည်။
"တစ်၊ နှစ်... ဆွဲဟေ့။ တစ်၊ နှစ်... ဆွဲဟေ့။"
လူကို အလျင်အမြန်ပင် အပေါ်သို့ ဆွဲတင်နိုင်ခဲ့၏။
မည်သို့ပင်ဆိုစေ လူ ခုနစ်ယောက်၊ ရှစ်ယောက် လူတစ်ယောက်ကို ဆွဲရခြင်းမှာ လွယ်ကူပေသည်။
ချန်ချင်းယွီ ပွဲကြည့်ရင်း မိမိ၏ အထင်အမြင်ကို တိုးတိုးလေး ပြောလိုက်၏။
"သူ့လက်မောင်း ဒဏ်ရာရထားတယ် ဆိုတာကော… ဒါကို ဒဏ်ရာရတယ်လို့ ခေါ်သလား။ တကယ်ကို လူတွေကို လှည့်စားနေတာပဲ။"
အဘွားကြီးကျောက် မျက်လုံးပင့်ကြည့်ကာ
"မိမိတို့ မိသားစုဝင်ချင်းတောင် ညစ်ပတ်လို့ မကူညီချင်ဘဲနဲ့ ငါတို့ကိုကျတော့ လှည့်စားပြီး ကူညီခိုင်းနေတယ်။ တကယ်ကို ယုတ်မာလွန်းတယ်။"
"မဟုတ်လို့လား ဒေါ်လေးရယ်။ တစ်မိသားစုလုံးက လူယုတ်မာတွေကြီးပဲ။"
"စောစောက ငါတောင် စိတ်ပျော့သွားမလို့၊ ဒီအရှက်မရှိတဲ့ ခွေးကောင်တွေ။"
ဝမ်တာ့ချွေလည်း အလွန် ဒေါသထွက်နေပေသည်။
ယွမ်မောင်နှမနှစ်ယောက်မှာ လုံးဝ အကောင်းပကတိ ရှိနေသည်ကို လူတိုင်း တစ်ချက်ကြည့်ရုံဖြင့် သိကြ၏။
'ဒီလောကမှာ ဒီလောက်အထိ အတ္တကြီးတဲ့လူတွေ ရှိနိုင်ပါ့မလား။'
"သူတို့က ငါတို့ကို မျောက်လို ကစားနေတာပဲ။"
အဘွားကြီးကျောက် ဤအရာများကို ဂရုမစိုက်ဘဲ အော်ဟစ်လိုက်သည်။
"အပြင်မှာ အရင် သန့်ရှင်းရေးလုပ်ပြီးမှ ဝင်းထဲဝင်ခဲ့။"
"ဟုတ်တယ်၊ အပြင်မှာ ဆေးကြောဖို့ နေရာရှာပြီးမှ ဝင်ခဲ့ကြ၊ ဝင်းထဲကို လာပြီး ညစ်ပတ်အောင် လုပ်ဖို့ လုံးဝ မတွေးနဲ့။"
"မှန်တယ်"
ယွမ်ဟောက်မင် အပေါ်သို့ ရောက်လာသောအခါ အနံ့အသက်မှာ ပို၍ ပြင်းထန်လာသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ပျို့တက်ကုန်ကြသည်။
ပျို့သံများ ဆက်တိုက် ထွက်ပေါ်လာပြီး အချို့ အော့အန်လွယ်သူများမှာမူ အန်တော့မည့်အတိုင်း ဖြစ်နေ၏။
ယွမ်မောင်နှမနှစ်ယောက်သည် အပေါ်သို့ ဆွဲတင်ပြီးနောက် ချက်ချင်းပင် နောက်သို့ ဆုတ်သွားကြပြီး အနားသို့ မတိုးရဲကြချေ။
ယွမ်ဟောက်ရွှယ် မကျေမနပ်ဖြင့်
"ဒေါ်ကြီးတို့က ဘယ်လိုလုပ်လိုက်တာလဲ။ ကျွန်မအဖေက ရေမဆေးရင် ဘယ်လိုလုပ် သန့်ရှင်းမှာလဲ။ ဒီလိုအခြေအနေနဲ့ အခြားဘယ်နေရာမှာ သွားဆေးရမှာလဲ။ ဒါက ကျွန်မတို့အိမ်လည်း ဟုတ်တယ်လေ။ ဒေါ်ကြီးတို့ တကယ်ကို လွန်လွန်းတယ်။"
"နင်တို့ ရေခပ်ပြီး မဆေးပေးနိုင်ဘူးလား။"
"ဟုတ်တယ်လေ။ အပြင်ကို ရေပိုက်အရှည်ကြီး သွယ်ထုတ်ရင်ထုတ်၊ မဟုတ်ရင်လည်း ရေပုံးနဲ့ ခပ်ပြီး ဆေးပေးပေါ့။ ဘာလဲ... နင်တို့က မတတ်နိုင်ပြန်ဘူးလို့ ပြောဦးမလို့လား။ နင်တို့က ဒီဝင်းထဲမှာ နေတာ မှန်ပေမဲ့ ငါတို့လည်း ဒီမှာ နေတာပဲ။ နင်တို့ရဲ့ အဆုံးမရှိတဲ့ အနံ့အသက်တွေကို ငါတို့ သည်းမခံနိုင်ဘူး။"
"ဘာတွေ လာပြီး မိဘရိုသေချင်ယောင် ဆောင်နေတာလဲ။ ခုနကပဲ လက်မောင်း ဒဏ်ရာရချင်ယောင် ဆောင်နေကြတာ မဟုတ်ဘူးလား။"
"ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့က တကယ်ကို သားသမီးကောင်း မွေးထားတာပဲ။ ကြည့်ဦး... ဘယ်လောက်တောင် မိဘအပေါ် သိတတ်လိုက်ကြလဲ။"
"အဖေတူ သားသမီးတွေပဲ။"
လူတိုင်း ဆက်တိုက် ဝေဖန်ဆဲဆိုနေကြသည်။
ယွမ်ဟောက်ရွှယ်မှာ ရပ်ကွက်ကော်မတီမှ လူများကို ခက်ခဲသော မျက်နှာထားဖြင့် လှမ်းကြည့်၏။
အုပ်ချုပ်ရေးမှူးမှာ ဆိုလိုက်ကာ
"ငါလည်း ဒီအတိုင်းပဲ ထင်တယ်။ နင့်အဖေ ဒီအတိုင်း ဝတ်ဆင်ပြီး ဝင်သွားရင် တစ်ဝင်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ခက်လိမ့်မယ်။ အခြားမိသားစုတွေကို အများကြီး ဒုက္ခမပေးသင့်ဘူး။ ဒီလို လုပ်လိုက်ပါ... နင်တို့ သွားပြီး ရေပိုက်အရှည်ကြီးတစ်ခု သွယ်လာ၊ ဒီနေရာအထိ ဆွဲထုတ်ပြီး အကုန်ပြောင်အောင် ဆေးချလိုက်။ သန့်ရှင်းသွားမှ ဝင်းထဲကို ဝင်ခဲ့။"
"ဒါပေမဲ့..."
ယွမ်ဟောက်ရွှယ် တစ်စုံတစ်ခု ပြောရန် ပြင်သော်လည်း ဖြတ်ပြောခြင်း ခံလိုက်ရသည်။
"အတ္တမကြီးစမ်းနဲ့၊ ဝင်းထဲက အခြားမိသားစုတွေကိုလည်း ငဲ့ဦး။"
သူတို့ ဤသို့ ပြောလာသဖြင့် ယွမ်ဟောက်ရွှယ်လည်း မကျေမနပ်ဖြင့် လက်ခံလိုက်ရ၏။
သူမ ယွမ်ဟောက်ဖုန်းကို လှမ်းကြည့်ရာ သူ သက်ပြင်းချကာ
"ဒီလောက်အထိ ရှည်တဲ့ ရေပိုက်ကို ဘယ်မှာ သွားရှာမလဲ။ အိမ်ကနေပဲ ရေသွားခပ်ရအောင်။"
ထို့နောက် သူ လီလင်းလင်းကို လှမ်းကြည့်၏။
လီလင်းလင်း : "ကျွန်မ ကူညီမယ်။"
ယွမ်ဟောက်ရွှယ် ချက်ချင်းပင် ရှီရှောင်ဝေကိုလည်း လှမ်းကြည့်လိုက်သည်။
သူမ နှုတ်ခမ်းကို ကိုက်ကာ
"ရှောင်ဝေ... နင်လည်း ငါ့ကို ကူညီမှာ မဟုတ်လားဟင်။"
ရှီရှောင်ဝေ : "သေချာတာပေါ့။"
ရပ်ကွက်ရုံးမှ ဝန်ထမ်း : "ကိုယ်လက်သန့်စင်ပြီးရင် ဒီနေရာကိုလည်း သန့်ရှင်းရေး ပြန်လုပ်ရမယ်။ သန့်ရှင်းအောင် လုပ်ထားကြ၊ မဟုတ်ရင် တစ်ယောက်ယောက်က ရပ်ကွက်ရုံးကို ထပ်လာတိုင်ရင် ငါ နင်တို့ရဲ့ အလုပ်ခွင်အထိ သွားပြီး အထက်လူကြီးတွေနဲ့ စကားပြောရလိမ့်မယ်။ ကိုယ့်အိမ်ကို ဒီလို ပျက်စီးအောင် ပစ်ထားလို့ မရဘူး။ ဒါက အများပိုင်နေရာလေ၊ ဒီလိုဖြစ်သွားပြီဆိုတော့ နင်တို့ပဲ တာဝန်ယူ ဖြေရှင်းရမယ်။"
ယွမ်မောင်နှမနှစ်ယောက် ခေါင်းညိတ်ပြကြသည်။
၎င်းတို့သည် အခြေအနေကို နားလည်ပြီး ဘယ်အချိန်တွင် နောက်ဆုတ်ရမည်ကို သိကြပေသည်။ ယခုအချိန်တွင် ရပ်ကွက်ကော်မတီနှင့် ထိပ်တိုက်မတွေ့မရကြောင်းလည်း သိကြ၏။
အခြေအနေကို အလျင်အမြန် ဖြေရှင်းပြီးနောက် ရပ်ကွက်ရုံး ဝန်ထမ်းများသည် သက်ပြင်းချကာ အလျင်အမြန် ထွက်ခွါသွားကြသည်။
၎င်းတို့ အမှန်တကယ်ပင် အလွန်မြန်ဆန်စွာ ထွက်သွားကြခြင်း ဖြစ်၏။
ဤအနံ့အသက်တစ်ခုတည်းနှင့်ပင် အဘွားအိုတစ်ယောက်ကို သေစေနိုင်ပေသည်။
"ကျေးဇူးပြုပြီး ကူညီကြပါဦး၊ ကျေးဇူးပြုပြီး ကူညီကြပါဦး။ ကျွန်မအဖေက ဒီနေရာကို ရောက်နေပြီ၊ သူ ဝင်မရှုပ်ပါဘူး၊ ကျေးဇူးပြုပြီးတော့..."
"ဒီလို မပြောနဲ့၊ ငါတို့က မကူညီရဲပါဘူး။ တစ်ခုခုဆို ငါတို့ကို လာပြီး စွပ်စွဲနေဦးမယ်။"
"နင်တို့မိသားစုက ငါတို့မိသားစုကို တိုင်တန်းခဲ့တာ၊ အခုကျမှ လာပြီး အကူအညီတောင်းနေတယ်၊ အရှက်မရှိလိုက်တာ။ ငါ ပြောထားမယ်... နင်တို့ ကောင်းကောင်း စဉ်းစားကြဦး၊ နင်တို့တွေ ဒုက္ခပဲ ရလိမ့်မယ်။ ငါတို့ အရင်က သူတို့ကို ရန်စဖူးလို့လား။ သူတို့ အကွက်ဆင်တုန်းက တကယ်ကို လည်လွန်းတာ။ ကူညီရဲရင် ကူညီကြည့်လေ၊ ငါတို့က ထပ်တိုင်ဦးမှာ၊ အဲဒီကျရင် နင်တို့ ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့။"
ဤစကားကို ကြားသောအခါ လူများစွာသည် ပြတ်ပြတ်သားသားပင် နောက်ဆုတ်သွားကြ၏။
ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ ပတ်ဝန်းကျင်ကို လူတိုင်း ကောင်းကောင်း မှတ်မိနေကြဆဲ ဖြစ်သည်။ လူများစွာမှာ တိုင်တန်းမှုများကြောင့် ဒုက္ခရောက်ခဲ့ကြသဖြင့် "တိုင်တန်းခြင်း" ဟူသော စကားလုံးကို လူတိုင်း အူလှိုက်သည်းလှိုက် မုန်းတီးရွံရှာကြ၏။
ယခုအခါ မူဝါဒများ ကွဲပြားသွားပြီ ဖြစ်သော်လည်း အချိန် သိပ်မကြာသေးသဖြင့် လူတိုင်း အလွန် စိုးရိမ်တုံ့ပြန်လွယ်နေကြဆဲတည်း။
ထို့ကြောင့်ပင် လူတိုင်း ယွမ်မိသားစုအပေါ် ဤမျှအထိ ရန်လိုနေကြခြင်း ဖြစ်သည်။
လူတိုင်း နှာခေါင်းရှုံ့ကာ မဲ့ပြုံးပြုံးကြ၏။
ချန်ချင်းယွီ : "ရှောင်ကျား၊ ရှောင်ယွမ်... လာ၊ အိမ်ပြန်ပြီး တီဗီကြည့်ရအောင်။"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်တို့လည်း အိမ်ပြန်ပြီး တီဗီကြည့်ရအောင်။"
"ကျွန်မလည်း လိုက်မယ်။"
လွန်ခဲ့သော ရက်အနည်းငယ်၌ အဘွားကြီးကျောက်တို့ မိသားစုတွင် ယောက္ခမနှင့် ချွေးမကြား အကြီးအကျယ် ပြဿနာတက်ခဲ့သဖြင့် မည်သူမျှ သွားရောက်၍ ၎င်းတို့ကို မရန်စရဲကြချေ။ ၎င်းတို့အားလုံး မာကျန့်ယီနှင့် ရွှီကောင်းမင်တို့၏ အိမ်များသို့ သွားရောက်၍ တီဗီကြည့်ကြသည်။ သို့ဖြစ်၍ လူစုမှာ အလျင်အမြန်ပင် ကွဲသွား၏။
ကူညီဖို့ ဟုတ်လား…
အိမ်မက်မက်နေလိုက်…
"နင်တို့အားလုံး သွားကြ၊ ငါ ဒီနေရာကနေ စောင့်ကြည့်ပေးမယ်။ သူတို့ တကယ်လို့ အတင်းဝင်ဖို့ ကြိုးစားရင် ငါ လူခေါ်လိုက်မယ်၊ အဲဒီကျရင် နင်တို့ ရောက်လာခဲ့ကြပေါ့။"
အဘွားကြီးဝမ် ဆိုလိုက်၏။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ဒေါ်လေးဝမ်။"
"အဘွားကြီးဝမ်ကိုပဲ အားကိုးရတော့မယ်နော်။"
လူတိုင်း တီဗီကြည့်ရန် ထွက်ခွာသွားကြသော်လည်း အဘွားကြီးဝမ်မှာ တံခါးဝတွင် ထိုင်ကာ ယွမ်ဟောက်မင်ကို ပေးမဝင်ရန် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။
၎င်းတို့ မိသားစုနှစ်စုကြားရှိ ရန်ငြိုးမှာ မည်သို့မျှ ဖြန်ဖြေ၍ မရနိုင်တော့ချေ။
သူတို့မိသားစုကို ဒုက္ခပေးနိုင်သရွေ့ အဘွားကြီးဝမ် တီဗီမကြည့်ရလျှင်ပင် ကျေနပ်၏။
သူမ ဆက်လက် စောင့်ကြည့်နေမည်သာ…
ချန်ချင်းယွီ ဤသည်ကို သတိပြုမိပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။
'ဒီကျောက်ရုံကတော့ တစ်ယောက်တည်းနဲ့ တစ်ဝင်းလုံးကို တကယ်ပဲ ပရမ်းပတာ ဖြစ်အောင် လုပ်သွားနိုင်တာပဲ။'