အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆) ပွဲကြည့်ခြင်း
ရာသီတစ်ခုလည်ပတ်သွားခဲ့ပြန်၏။ ဆောင်းရာသီ အငွေ့အသက်များမှာ ရာသီတစ်ခုကုန်သည်နှင့် အပြေးလေး ပျံသန်းရောက်ရှိလို့လာခဲ့သည်။ အလုပ်များမှာလည်း နွေရာသီထက်မက များပြားလာခဲ့၏။
အမြဲတမ်း အလုပ်နှင့်လက်နှင့် မပြတ်ရှိနေခဲ့ပြီး နှစ်သစ်ကူးကြိုဆိုသည် မီးရှူးမီးပန်း ဖောက်သံများနှင့်အတူ တဖြည်းဖြည်း နှစ်ကုန်ဆုံးချိန်ကို ချည်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ၁၉၈၀ ခုနှစ်သို့ ကူးပြောင်းခဲ့လေပြီ…
၁၉၇၉ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်မှာ တိုတောင်းလှသော အချိန်အပိုင်းအခြားဟု သတ်မှတ်နိုင်သော်လည်း မတူညီသည့် အငွေ့အသက်ကို သူတို့ခံစားခဲ့ရ၏။
၁၉၈၀ ခုနှစ်သို့ ချည်းနင်းဝင်ရောက်လာသောအခါ ချန်ချင်းယွီ၏ ခရီးကာလမှာ ခုနှစ်နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
အချိန်ကုန်တာ မြန်လွန်းလှပါဘိ….။
ဤနှစ်တွင် အိမ်ရာဝင်းကြီးသည် ယခင်ထက် စည်ကားမှုများ လျော့ပါးနေခဲ့၏။ အရိုးသားဆုံးဆိုရလျှင် ဤအိမ်ရာဝင်းရှိ လူများ၏ အခြေအနေသည် တစ်နိုင်ငံလုံး ပျှမ်းမျှ အတိုင်းအတာအရ ၈၀ ရာခိုင်နှုန်းသော လူဦးရေထက် ပိုမိုကောင်းမွန်သည့် ဘဝမျိုးရှိကြသည်။ မည်သို့ဆိုစေကာမူ မြို့တော်တွင် နေထိုင်ပြီး အာမခံချက်ရှိသော အလုပ်တစ်ခုရှိနေခြင်းမှာ စိတ်ကူးယဉ်ထားသော ဘဝတစ်ခု၏ အကောင်ရဆုံးအရာပင်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုလျှင် ၎င်းတို့ထက် ဆင်းရဲနွမ်းပါးသော လူဦးရေမှာ အဆမတန် များပြားလှ၏။ မိမိတို့၏ ဝင်းကြီးထဲမှ လူအများစုမှာလည်း သာမန် အလုပ်သမားမျှသာ မဟုတ်ကြကာ… ဝယ်ယူရေးကိုယ်စားလှယ်များ၊ အဆင့်ရှစ် အလုပ်သမားကြီးများ၊ ရုံးခန်း ဝါဒဖြန့်ချိရေးဌာန ဝန်ထမ်းများ၊ မီးရထားဌာန စသည်ဖြင့်... ၎င်းတို့မှာ သာမန်အလုပ်သမား မိသားစုများနှင့် အလှမ်းဝေးလှပေသည်။
ထိုခေတ်ကာလ၏ အနေအထားအရဆိုလျှင် ၎င်းတို့ကို အတော်လေး ပြည့်စုံကြွယ်ဝသော မိသားစုများဟု သတ်မှတ်နိုင်၏။
သို့သော်လည်း ယခုနှစ်မှာမူ မတူညီကွဲပြားသွားခဲ့သည်။
ယခုနှစ်တွင် ချန်ချင်းယွီတို့ မိသားစုသည် အိမ်တစ်လုံး ဝယ်ယူနိုင်သည်အထိ ငွေကြေးအလုံအလောက် ရှာဖွေနိုင်ခဲ့သဖြင့် ခြေလှမ်းသစ်တစ်ရပ်ကို ကြီးမားစွာ လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။ သို့သော် အခြားမိသားစုများမှာမူ ထိုကဲ့သို့ ကံမကောင်းခဲ့ကြချေ။ မိသားစုအတော်များများမှာ ရုန်းကန်နေကြရပြီး ၎င်းတို့၏ ဘဝများမှာ ယခင်ထက်ပင် ပိုမိုဆိုးရွားနေခဲ့သည်။
အထင်ရှားဆုံး ဥပမာများမှာ ဝမ်ကျန့်ကော်နှင့် ယွမ်ဟောက်မင်တို့ မိသားစုများ ဖြစ်ကြ၏။
နှစ်သစ်ကူးကာလ ဖြစ်သော်ငြားလည်း ပျော်ရွှင်စရာ လေထုမှာမူ ကင်းဝေးနေသည်။
နှစ်သစ်ကူးအကြိုနေ့ နံနက်စောစော၌ပင် ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ အိမ်တွင် အလုပ်ရှုပ်နေကြ၏။ နှစ်သစ်ကူးကာလ ဖြစ်သဖြင့် အဒေါ်ကြီးမေ့ကိုလည်း အိမ်သို့ လာကူရန် မခေါ်ထားပေ။ ယောက္ခမနှင့် ချွေးမနှစ်ဦးသည် ကောင်းမွန်လှသော ဟင်းလျာအတော်များများကို ပြင်ဆင်နေကြသည်။ နေ့စဉ်နှင့်အမျှ ကောင်းမွန်စွာ စားသောက်လေ့ရှိကြသော်လည်း နှစ်သစ်ကူးတွင်မူ သေချာပေါက် သာ၍ ကောင်းမွန်သည်များကို စားသုံးလိုကြသည် မဟုတ်လော့။
ချန်ချင်းယွီ : "လွန်ခဲ့တဲ့ ရက်ပိုင်းက ဝယ်ထားတဲ့ သိုးသားတွေ ဘယ်မှာလဲဟင် အမေ။"
အဘွားကြီးကျောက် : "ဂိုဒေါင်ထဲက ခြင်းတောင်းထဲမှာလေ၊ ခဏစောင့်ဦး... ငါ သွားယူပေးမယ်။"
အဘွားကြီးကျောက် : "ငါးက နည်းနည်း ညှီနေတုန်းပဲ ထင်တယ်။ ဂျင်းလေး နည်းနည်းလှီးပြီး ထည့်လိုက်ပါဦးလား။"
ချန်ချင်းယွီ : "ဟုတ်ကဲ့ အမေ။"
ဤသည်မှာ ထိုနေ့မွန်းလွဲပိုင်းတွင် ထုပ်မည့် ဖက်ထုပ်များအတွက် ငါးအစာသွတ် ဖြစ်သည်။ ယခုနှစ်တွင် သူတို့သည် ဖက်ထုပ်အစာသွတ် လေးမျိုး ပြင်ဆင်ထားကြကာ… ဝက်သားနှင့် ဂေါ်ဖီထုပ်၊ အမဲသားနှင့် ကြက်သွန်နီ၊ ပုစွန်၊ ကူချိုင်းနှင့် ကြက်ဥ၊ နောက်ဆုံးတစ်ခုမှာမူ မက်ကရယ်ငါး ဖြစ်၏။
"နှစ်စဉ်နှစ်တိုင်း ပိုလျှံပါစေ" ဟူသော ဆုမွန်ကောင်းအတိုင်း နှစ်သစ်ကူးတွင် ငါးဟင်းလျာမှာ မရှိမဖြစ် လိုအပ်ပေသည်။
လုပ်ဆောင်ရသည်မှာ အနည်းငယ် လက်ဝင်သော်လည်း နှစ်သစ်ကူးကာလအတွင်း အခြားလုပ်စရာမရှိသဖြင့် အေးအေးဆေးဆေး ပြင်ဆင်ကာ တဖြည်းဖြည်းချင်း စားသုံးနိုင်သည်၊ ပျက်စီးသွားမည်လည်း မဟုတ်ပေ။
နှစ်သစ်ကူးအကြိုနေ့တွင် သူတို့အိမ်၏ စားသောက်မှုမှာ အလွန်ပင် ပြည့်စုံကောင်းမွန်လှပေသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း ဘေးမှ ဝိုင်းကူပေးနေကြ၏။ ချန်ချင်းယွီသည် မိမိ၏ ကလေးများကို အလွန်အမင်း အလိုလိုက်သော်ငြား တစ်ဖက်တွင်လည်း ၎င်းတို့ကို အလုပ်များ စနစ်တကျ လုပ်ကိုင်တတ်စေရန် သင်ကြားပြသပေးနိုင်စွမ်း ရှိသည်။ မိခင်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် ဖြစ်သော်ငြားလည်း သူမသည် အလွန်ပင် တော်လှ၏။ ယခင်ဘဝရှိ မိမိ၏ ကလေးဘဝသည် မသာယာခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်၊ ချန်ချင်းယွီ ကလေးများအပေါ် အလွန်ပင် ကိုယ်ချင်းစာနာပြီး ဂရုတစိုက် ရှိလှရာ… ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို တက်ကြွရွှင်လန်းပြီး ယုံကြည်မှုရှိသော၊ မာန်မာနနှင့် မာယာမရှိသော ကလေးများဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့သည်။
ကလေးနှစ်ယောက်စလုံး ဝိုင်းဝန်းကူညီပေးနေကြ၏။
ရှောင်ယွမ် : "မေမေ... သိုးသားကို ဘယ်လိုချက်မှာလဲဟင်။"
ချန်ချင်းယွီ : "ဆီသတ်ပြီး အမြန်ကြော်လိုက်မှာပေါ့။ အမေက သိပ်ပြီး ရှုပ်ထွေးတဲ့ ဟင်းတွေ မချက်တတ်ဘူးလေ။"
ရှောင်ယွမ် : "ကြော်ချက်တာလည်း အဆင်ပြေပါတယ် မေမေရဲ့။"
သူမ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ မိမိတို့မိသားစု၏ ဘဝအခြေအနေမှာ ပြည့်စုံကြွယ်ဝသည်ဟု ဆိုနိုင်သော်လည်း အမဲသားနှင့် သိုးသားကိုမူ ဆယ်ခါတစ်ခါသာ စားသုံးလေ့ရှိကြသည်၊ အဓိကအားဖြင့် ဈေးကွက်တွင် ရောင်းချသူ အလွန်နည်းပါးသောကြောင့် ဖြစ်ပေ၏။ ရှောင်ယွမ်သည် ဤအသားများကို အမှန်တကယ်ပင် အလွန်နှစ်သက်လှရာ သူမ ဆက်လက်မေးမြန်းလေသည်။
"ဒါဆို... ဒီပုစွန်တွေကိုကျတော့ မေမေ ဘယ်လိုချက်မှာလဲဟင်။"
ချန်ချင်းယွီ ပြန်လည်ဖြေပေးလိုက်၏။
"ကြက်သွန်ဖြူဆီသတ်ပြီး ကြာဇံနဲ့ ပုစွန်ပေါင်း လုပ်ပေးမယ်လေ။"
"ကောင်းလိုက်တာ.."
တစ်မိသားစုလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။ ချန်ချင်းယွီ လှမ်းမေးလိုက်ကာ
"တီဗွီမှာ ဘာအစီအစဉ်တွေ ပြနေလဲ။"
ရှောင်ကျား ခေါင်းယမ်းလျက်
"မပြဘူးမေမေ၊ ရေဒီယိုထဲမှာပဲ အစီအစဉ် ရှိတယ်။"
ချန်ချင်းယွီ စိတ်ပျက်သွားမိ၏။ ယခုအချိန်အထိ နွေဦးပွဲတော်ပြပွဲဆိုသည်မှာ မရှိသေးချေ။ အကယ်၍ ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် နှစ်ကို ပြောရမည်ဆိုလျှင် ၁၉၈၃ ခုနှစ် ဖြစ်ပေလိမ့်မည်။ ချန်ချင်းယွီ ကိုယ်တိုင်လည်း သေချာမမှတ်မိတော့ပေ။ မည်သို့ဆိုစေ ဤမျှအထိ ရှေးကျသော ကိစ္စရပ်များကို အသေးစိတ် မှတ်မိနိုင်မည်သူ ရှားပါးသည်။
ချန်ချင်းယွီအနေဖြင့် ကျွင်းကျစ်လန်ပန်း စိုက်ပျိုးခြင်းဖြင့် ငွေရှာနိုင်သည်ဟူသော အချက်ကို မှတ်မိနေခြင်းမှာလည်း ယခင်ဘဝ အားလပ်ချိန်များတွင် ဖတ်ရှုခဲ့ဖူးသော ခေတ်ဟောင်းနောက်ခံ ဝတ္ထုများကြောင့် ဖြစ်၏။
အမှန်ပင်… ဤသည်မှာ ခေတ်ဟောင်းဝတ္ထုများတွင် ကြီးပွားချမ်းသာလာစေရန်အတွက် မရှိမဖြစ် ပါဝင်လေ့ရှိသော ဇာတ်ကွက်တစ်ခု ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များမှ ကျွင်းကျစ်လန်
နှင့် ၁၉၉၀ ပြည့်လွန်နှစ်များရှိ စတော့ရှယ်ယာစျေးကွက်တို့မှာ မတူညီသော ခေတ်ကာလအသီးသီးတွင် ငွေအမြောက်အမြား ရှာဖွေနိုင်သည့် နည်းလမ်းကြီးနှစ်ခုအဖြစ် ဝတ္ထုများထဲတွင် မကြာခဏ ထည့်သွင်းဖော်ပြခံရလေ့ရှိ၏။ ထို့ကြောင့် ချန်ချင်းယွီမှာ အထင်အမြင် အနည်းငယ်ရှိနေပြီး အကြမ်းဖျင်း အချိန်ကာလကို သိရှိနေခြင်း ဖြစ်သည်။
သို့သော်ငြားလည်း သူမသည် ပန်းဈေးနှုန်း အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိချိန်အထိ ကိုင်ထားပြီး အရောင်းအဝယ်လုပ်ရန် လုံးဝ မရည်ရွယ်ထားချေ။ သူမသည် အရူးမဟုတ်ရာ ထိုမျှအထိ ကြီးမားသော စွန့်စားမှုကို မလုပ်ဆောင်ဝံ့ပေ။
အော်... ဟုတ်သားပဲ၊ ရှောင်ထောင်းမိတ်ဆက်ပေးခဲ့တဲ့ ဦးလေးကြီးက ပန်းပင်အားလုံးကို လာရောက်ပို့ဆောင်ပေးပြီးပြီပဲ။
ဤဝင်းကြီးထဲရှိ အိမ်ထောင်စုတိုင်းတွင် ဆောင်းတွင်းဟင်းသီးဟင်းရွက်များ သိုလှောင်ရန် ကိုယ်ပိုင် မြေအောက်ခန်းထောင့်စွန်းလေးတစ်ခုစီ ရှိကြသော်လည်း၊ ချန်ချင်းယွီတို့ မိသားစုမှာ အဘွားအိုယဲ့၏ အိမ်ကို ကြိုတင်ဝယ်ယူထားခဲ့ခြင်းမှာ အလွန်ပင် ပညာရှိရာကျသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။
ထိုနေရာတွင် ပစ္စည်းများစွာကို သိုလှောင်ထားနိုင်သဖြင့် အလွန်ပင် အဆင်ပြေလှ၏။
ချန်ချင်းယွီ ဝယ်ယူထားသော ကျွင်းကျစ်လန်များနှင့် ဂွမ်းကပ်အင်္ကျီများအားလုံးကို ထိုအိမ်ခန်းထဲတွင်ပင် သိုလှောင်ထားခြင်း ဖြစ်သည်။
ရာသီဥတု အေးစိမ့်လှသော်လည်း ချန်ချင်းယွီမှာမူ နေ့စဉ်ရက်ဆက်နီးပါး အပြင်သို့ ထွက်နေဆဲဖြစ်၏။ မည်သို့ပင်ဖြစ်စေ ငွေဆိုသည်မှာ လူတိုင်း သည်းခြေကြိုက် ဖြစ်သည် မဟုတ်လော့…။ ယခုတစ်ကြိမ် အရောင်းအဝယ်မှာ ရုပ်ရှင်ကားကြီး "လုရှန်းတောင်မှ အချစ်ပုံပြင်" ပြသစဉ်ကဲ့သို့ သောင်းသောင်းဖျဖျ မဟုတ်တော့သည်မှာ အမှန်ပင်။ သို့သော်လည်း ရောင်းအားသည် အတော်လေး ကောင်းမွန်နေဆဲဖြစ်ပြီး၊ အထူးသဖြင့် နှစ်သစ်ကူး မတိုင်မီကာလဖြစ်၍ လူများစွာ အင်္ကျီအသစ်များ ဝယ်ယူကြသည့်အတွက် ချန်ချင်းယွီ၏ အင်္ကျီရောင်းအားမှာ အလွန်ပင် စွံလှပေသည်။
ပစ္စည်းအားလုံး လုံးဝ ကုန်စင်သွားခြင်း မရှိသေးသော်လည်း၊ လပေါင်းနှစ်လကျော် ဖြတ်သန်းပြီးသည့်နောက်တွင် လက်ကျန်ပစ္စည်း အနည်းငယ်သာ ရှိတော့၏။
ချန်ချင်းယွီတစ်ယောက် အကြီးအကျယ် ချမ်းသာသွားခဲ့ပြီ ဖြစ်သည်။ အမှန်အတိုင်း ဆိုရလျှင် သူမ၏ လက်ရှိ ငွေကြေးဓနအင်အားဖြင့် မိမိတို့နေထိုင်ရာ ဝင်းကြီးတင်မက၊ အနီးနားရှိ လမ်းသွယ်ထဲမှ စစ်ဟဲယွမ် လေးဘက်ပိတ်ဝင်း အားလုံးကိုပင် ဝယ်ယူနိုင်စွမ်း ရှိနေပြီ ဖြစ်၏။
အတိုချုပ်ပြောရလျှင် သူမသည် သူဌေးမကြီး ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ဤသည်မှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေသည်၊ သူမအနေဖြင့် ဝယ်ယူလိုသည့်တိုင် အိမ်ပိုင်ရှင်များမှာ ပြန်လည်ရောင်းချကြမည် မဟုတ်ပေ။
ယခုခေတ်ကာလတွင် မိသားစုတိုင်း၌ နေထိုင်စရာ အိမ်ခန်းများ လုံလောက်လျှံပယ်နေသည်မျိုး မဟုတ်သဖြင့် အမှန်တကယ်ပင် ရောင်းချမည့်အိမ်ဟူ၍ အလွန်တရာ ရှားပါးလှ၏။ ချန်ချင်းယွီတို့ မိသားစု ဤမျှ ချောချောမွေ့မွေ့ အိမ်ဝယ်ယူနိုင်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့ ဝင်းကြီးထဲတွင် ပြဿနာရပ်များ အလွန်များပြားနေခဲ့သောကြောင့် ဖြစ်သည်။
လူအချို့မှာ ဤနေရာမှ အမြန်ဆုံး ထွက်ခွါသွားချင်နေကြ၍သာ သူမတို့မိသားစုအနေဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူခွင့် ရရှိခဲ့ခြင်း ဖြစ်ပေ၏။
သို့သော်ငြားလည်း အိမ်ကို ထပ်မံ မဝယ်ယူနိုင်သည့်တိုင် သူမသည် အခြားပစ္စည်းများကိုမူ ဝယ်ယူနိုင်ပေသည်။ ချန်ချင်းယွီသည် ယခုအခါ ယိုယိ့အရောင်းဆိုင်၏ ဖောက်သည်ဟောင်းကြီး ဖြစ်နေပြီ ဖြစ်၏။ သူမသည် ပစ္စည်းအတော်များများကို ဝယ်ယူလိုက်၊ ပြန်လည်ရောင်းချလိုက် လုပ်ကိုင်ခဲ့သည်။ မိသားစု၏ အခြေခံအုတ်မြစ်ကို တည်ဆောက်သည်ဆိုသည်မှာ ဤသို့ပင် ဖြစ်ရမည်… တဖြည်းဖြည်းချင်းသာ လုပ်ဆောင်သွားရမည် ဖြစ်၏။
သူမ၌ ငွေမရှိလျှင် ငေးနေရမည်သာ ဖြစ်သော်လည်း၊ ယခုကဲ့သို့ ငွေရှိနေသည့်အခါတွင်မူ သဘာဝကျကျပင် ဝယ်ယူစုဆောင်းရမည်သာ…
မဝယ်ဘဲနေမိလျှင် တကယ့် လူအ, အကြီးစားကြီး ဖြစ်သွားပေလိမ့်မည်။
နောင်တစ်ချိန်တွင် အခြေအနေများ အဆင်မပြေ ဖြစ်လာလျှင်လည်း ဤပစ္စည်းများကို အချိန်မရွေး ပြန်လည်ထုတ်ရောင်းနိုင်သည် မဟုတ်လော့။
ငွေလိုလာပါက တစ်ခုထုတ်ရောင်းလိုက်မည်၊ ငွေပြန်ပိုလာပါက နောက်ထပ်တစ်ခု ထပ်ဝယ်လိုက်မည်…. ဟဲဟဲ။
ချန်ချင်းယွီ မကြာသေးခင်၌ နေရာကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်၊ ၎င်းမှာ လက်ရေးစာနှင့် ပန်းချီအရောင်းဆိုင်တစ်ခု ဖြစ်ပြီး ထိုနေရာ၌ တရုတ်သမ္မတနိုင်ငံခေတ်နှင့် ခေတ်သစ်ပန်းချီဆရာများ၏ လက်ရာများစွာ ရှိနေသည်။ ဤအရာများကို လက်ရှိတွင် ရှေးဟောင်းပစ္စည်းဟု မသတ်မှတ်နိုင်သေးသော်လည်း၊ နောက်ထပ် ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုခန့် ကြာမြင့်သွားပါက အလွန်ပင် တန်ဖိုးကြီးမားလာမည် ဖြစ်၏။ ဤအနုပညာလောကအကြောင်း ဘာမှမသိသော လူပြိန်းတစ်ယောက်ဖြစ်သည့် ချန်ချင်းယွီပင်လျှင် ထိုပန်းချီဆရာ အတော်များများ၏ အမည်များကို ကြားဖူးနေပေသည်။
သူမသည် နှစ်သစ်ကူး မတိုင်မီပင် ပန်းချီနှင့် လက်ရေးစာ အသုတ်လိုက်ကို ဝယ်ယူခဲ့ပြီး ဖြစ်၏။ ငွေအနည်းငယ် ပိုမိုသုံးစွဲလိုက်ရုံမျှဖြင့် ဆိုင်ဘက်မှ မှိုတက်ခြင်းနှင့် စိုထိုင်းဆဒဏ်ကို ကာကွယ်နိုင်သည့် အထူးစီမံထားသော သေတ္တာများကိုပါ ပံ့ပိုးပေးသဖြင့် သူမသည် တုံ့ဆိုင်းခြင်းမရှိ ပြတ်သားစွာပင် ဝယ်ယူခဲ့လေသည်။
"တို့ သာမန်အရပ်သားတွေ... ဒီနေ့မှာဖြင့် သိပ်ပျော်စရာကောင်းပါလား..."
ခေတ်ကာလ၏ ရေစီးကြောင်းပေါ်တွင် လိုက်ပါစီးနင်းနေသော ကံကောင်းသည့် ဝက်ကလေးတစ်ကောင် ဖြစ်သည့် ချန်ချင်းယွီသည် နှုတ်မှ သီချင်းတေးသွားလေးကို တညည်းညည်းဖြင့် အလွန်ပင် စိတ်ကြည်နူးနေခဲ့၏။
"မေမေ... သမီး အဲဒီသီချင်းကို ကြားဖူးသလိုပဲ..."
ချန်ချင်းယွီ စိတ်ထဲမှ တွေးလိုက်
မိသည်မှာ…
နင်တို့ ကြားဖူးစရာ အကြောင်းမရှိပါဘူးဟယ်… ဒါက နောက်ထပ် ဆယ်စုနှစ် တစ်ခု၊ နှစ်ခုကြာမှ ပေါ်လာမယ့် သီချင်းလေ…
သို့သော် လျှာအရိုးမရှိ တုန့်ပြန်လိုက်သည်မှာ "အမေလည်း လျှောက်ဆိုနေတာပါ" ဟူ၍ပင်…။
"ဟိဟိ... သမီး သိသားပဲ..."
ချန်ချင်းယွီ : "အာလူးချောင်းတွေ လှီးပြီးပြီလား။"
"ဒီလောက်ဆို ရမလားဟင်။"
ရှောင်ကျားသည် အာလူးခြစ်တံဖြင့် အာလူးများကို ခြစ်နေရင်း မေးလိုက်သည်။
ချန်ချင်းယွီ : "ထပ်ပြီး ခြစ်လိုက်ဦး၊မင်းအဘွားက အာလူးလုံးကြော် လုပ်မလို့တဲ့"
အဘွားကြီးကျောက် : "သေချာပေါက် ကြော်ရမှာပေါ့အေ၊ ကြော်ပြီးသွားရင် ရွှေအိုရောင်တောက်နေပြီး ကြည့်ရတာ အလွန် စည်ကားသိုက်မြိုက်တဲ့ နှစ်သစ်ကူး အငွေ့အသက်မျိုး ရတာလေ။"
ချန်ချင်းယွီ ရယ်မောလိုက်တော့သည်။
ဆောင်းရာသီ ဖြစ်သော်ငြားလည်း ဝင်းကြီးတစ်ခုလုံးတွင် အလွန်ပင် စည်ကားဆူညံလျက်ရှိပြီး၊ အိမ်တိုင်း တံခါးများကို ဖွင့်လှစ်ထားကြကာ လေထုထဲတွင်လည်း မွှေးကြိုင်လှသော ဟင်းနံ့များဖြင့် ပြည့်နှက်နေ၏။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတိုင်း နှစ်သစ်ကူးကို ကောင်းမွန်စွာ ဖြတ်သန်းချင်ကြသည်ချည်းဖြစ်ရာ ပွဲတော်ရက်တွင် မည်သူမဆို ကောင်းကောင်းမွန်မွန် စားသောက်ကြသည်သာ…။
ချန်ချင်းယွီ: "ဒါဆို... တို့တွေ မုန်လာဥလုံးကြော်လည်း နည်းနည်း ကြော်ကြမလား။"
"ကြော်မယ်၊ ကြော်မယ်။"
ရှေးရိုးစကားအရ ဆိုရလျှင် "၂၃ ရက်နေ့မှာ သကြားမုန့်ကပ်၊ ၂၄ ရက်နေ့မှာ..." စသည်ဖြင့် ရိုးရာဓလေ့များ ရှိသော်လည်း ဤအရာများကို စောစောစီးစီးကတည်းက ကြော်ထားသင့်သည်ဖြစ်ရာ ကြော်စရာရှိသမျှကိုလည်း ကြော်လှော်ပြီးစီးခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်း၌ ချန်ချင်းယွီအတွက် တစ်နှစ်တာအတွင်း အလုပ်အရှုပ်ဆုံး အချိန် ဖြစ်ခဲ့၏။ အဘွားကြီးကျောက် ဆိုင်သို့ လာရောက်မကူညီနိုင်ခဲ့သော်လည်း အိမ်တွင်းရှိ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးနှင့် အထွေထွေ အိမ်မှုကိစ္စမှန်သမျှကို တစ်ဦးတည်း အကုန်တာဝန်ယူ စီမံပေးခဲ့ရသဖြင့် အလွန်ပင် မအားမလပ် ဖြစ်ခဲ့ရရှာသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အိမ်မှုကိစ္စများကို ဝိုင်းကူကြသည် ဆိုသော်ငြားလည်း ကိုးနှစ်အရွယ် ကလေးငယ်များကို ဆီပူအိုးနှင့် ဆိုင်သောအလုပ်များကိုမူ မလွှဲအပ်ရဲချေ။ အကယ်၍ မတော်တဆ အပူလောင်သွားပါက မတွေးဝံ့စရာပင်…
ထို့ကြောင့် ဆီကြော်မုန့်လုပ်သည့် ကိစ္စကို ယနေ့မှသာ လုပ်ဆောင်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မိမိတို့အိမ်တွင် ပြင်ပလူဟူ၍ မရှိသဖြင့် ညဘက်တွင် မည်သည့်အချိန်၌ စားသောက်စားသောက် အဆင်ပြေလှပေသည်။
အနည်းငယ် စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ မည်သို့မျှ အရေးမကြီးပေ။
အဘွားကြီးကျောက်သည် အလျင်အမြန်ပင် အလုံးကြော်များကို စတင်ကြော်လှော်လေ၏။ သူတို့မိသားစုသည် အလုံးကြော်အမျိုးမျိုးကို ကြော်ရုံမျှမကဘဲ ငါးကြော်နှင့် ဝက်သားကြွပ်ကြော်များကိုပါ ကြော်ကြသေးသည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ ဘေးနားမှနေ၍ ခိုးစားနေကြ၏။
ချန်ချင်းယွီ: "ပူလိမ့်မယ်နော်၊ သတိထားကြဦး။"
"သိပါတယ်မေမေ။"
ချန်ချင်းယွီ ပြုံးလိုက်မိသည်။ မိသားစုတစ်စုလုံး ပျော်ရွှင်စရာအချိန်လေးကို အတူတူ ဖြတ်သန်းနေကြ၏။
"မေမေ... ညနေကျရင် သမီးတို့ ဖက်ထုပ်ဂျုံပြား လှိမ့်တာ ဝိုင်းကူမယ်လေ။"
ချန်ချင်းယွီ : "ရတာပေါ့။"
"ဖက်ထုပ်ထဲမှာ ပိုက်ဆံအကြွေစေ့လေးတွေ ထည့်ကြမလားဟင်။"
ချန်ချင်းယွီ ပြန်လည်ဖြေလိုက်ကာ
"ထည့်တာပေါ့"
အနည်းငယ် မသန့်ရှင်းသကဲ့သို့ ခံစားရသော်လည်း ချန်ချင်းယွီအနေဖြင့် ဤရှေးရိုးဓလေ့များကို နှစ်သက်ဆဲ ဖြစ်သည်၊ နှစ်သစ်ကူး၏ အဓိကရည်ရွယ်ချက်မှာ ပျော်ရွှင်ရန် မဟုတ်လော့။
"မေမေ ဘဏ်ကိုသွားပြီး အကြွေစေ့အသစ်လေးတွေ လဲလာခဲ့တယ်လေ။"
"ဟိဟိ"
တစ်မိသားစုလုံး ပြုံးပျော်နေကြစဉ်မှာပင် ရုတ်တရက် ဝင်းကြီးထဲမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"ဟယ်... ငါဝယ်ထားတဲ့ အသားတွေ ဘယ်ရောက်သွားတာလဲ။ သေပါပြီ... ငါ့အသားတွေ ဘယ်ပျောက်သွားတာလဲ။"
ချန်ချင်းယွီ ချက်ချင်းပင် အပြင်သို့ ချောင်းကြည့်လိုက်ရာ ထိုအသံမှာ အစ်မကြီးဖန်၏ အိမ်မှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။ အစ်မကြီးဖန်၏ အသံမှာ အလွန်ပင် စူးရှလှပေသည်။
"ဒါက ငါ မနက်စောစောကြီးကတည်းက တန်းစီပြီး ဝယ်ထားတဲ့ အကောင်းစား ဝက်သုံးထပ်သားကြီးဟဲ့။ ဘုရားရေ... ငါတို့ဝင်းထဲကို သူခိုးဝင်နေပြီထင်တယ်။ ကယ်ကြပါဦး... ငါ့အသားတွေ ပျောက်ကုန်ပြီ။"
အစ်မကြီးဖန် တစ်ပတ်ပတ်၍ ရှာဖွေပြီးနောက် အမှန်တကယ် ပျောက်ဆုံးသွားကြောင်း သေချာသွားသောအခါ လန့်ဖျန့်ကာ အော်ဟစ်လေသည်။
"အားလုံး အမြန်ထွက်လာကြဦးဟေ့…သူခိုးဝင်နေပြီ။"
သူမ၏ ဆူညံသံကြောင့် လူတိုင်း ထွက်လာကြပြီး အရှေ့ဝင်းနှင့် အလယ်ဝင်းမှ လူများပါ ရောက်ရှိလာကြ၏။
"ဘာဖြစ်တာလဲ။ ညည်းအသားတွေ ပျောက်သွားတာလား။ ဘယ်တုန်းက ပျောက်သွားတာလဲ"
"ဟုတ်ပ၊ ဒီရက်ပိုင်း နှစ်သစ်ကူးအတွက် ပြင်ဆင်နေကြတာဆိုတော့ ဝင်းထဲကို ပြင်ပလူ ဝင်လာတာလည်း မတွေ့မိပါဘူး။"
"ညည်းပဲ တစ်နေရာရာမှာ မှားထားမိတာလား။ ထပ်ရှာကြည့်ပါဦး"
ယခင်၌ ၎င်းတို့ဝင်းထဲတွင် ကျန်းမုန့်မုန့် ဟူသော ပစ္စည်းလေးများ ခိုးတတ်သည့် သူခိုးလေးတစ်ဦး ရှိခဲ့ဖူးသော်လည်း လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ ထိုမိန်းကလေးသည် အမှိုက်ကောက်သည့်အလုပ်ကို စွဲလမ်းသွားခဲ့သည်။ သိကြသည့်အတိုင်း ဤအလုပ်သည် ကြည့်ရသည်မှာ ညစ်ပတ်ပြီး သိက္ခာကျစရာ ကောင်းသော်လည်း ငွေရ၏။
ကလေးများမှာမူ အပြင်ပန်းဂုဏ်ဒြပ်ကို ဂရုမစိုက်ကြချေ။ ယခုခေတ်တွင် စွန့်ပစ်ပစ္စည်းများမှာ သိပ်မများလှသဖြင့် လူကြီးများသည် မတန်ဟု ထင်မြင်ကြသော်လည်း ကလေးများအတွက်မူ အတော်အတန် ကောင်းမွန်သော ဝင်ငွေတစ်ခု ဖြစ်ပေသည်။
ဝင်းထဲတွင် လိုက်လံခိုးယူခြင်းထက် အမှိုက်ကောက်၍ မုန့်ဝယ်စားခြင်းမှာ ပိုမိုတွက်ခြေကိုက်မှန်း သူမ ကောင်းစွာ ခွဲခြားတတ်ခဲ့၏။ ကျန်းမုန့်မုန့်သည် ခိုးခြင်းကို ရပ်တန့်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ လူမှုဘဝမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာခဲ့ပြီး အမှိုက်ပုံထဲတွင်လည်း ပစ္စည်းကောင်းများကို ရှာဖွေရ ပိုမိုလွယ်ကူလာခဲ့၍ ကျန်းမုန့်မုန့်သည် ယခုအခါ ကြက်သွန်မြိတ်တစ်ပင် သို့မဟုတ် ချဉ်ဖတ်တစ်ဖတ်အတွက်နှင့် စိတ်မဝင်စားတော့ပေ။
ထို့ကြောင့် ဝင်းကြီးမှာ နှစ်အတော်ကြာအောင် အမှန်တကယ်ပင် အေးချမ်းသာယာနေခဲ့ပြီး သူခိုးဟူ၍ မရှိခဲ့ချေ။
လူများ သံသယဖြင့် မေးကြသည်။
"ညည်းတို့အိမ်က ရှီရှန်းက အမြဲတမ်း အိမ်မှာရှိနေတာပဲ မဟုတ်လား။ သူခိုးဝင်တာကို သူက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။"
"ဟုတ်ပ၊ သူ့ကို သွားမေးကြည့်ပါဦး။"
အစ်မကြီးဖန် မချေမငံဖြင့် ဆိုကာ
"ရှာပြီးပြီ၊ အခေါက်ခေါက်အခါခါ ရှာပြီးပြီ၊ တကယ်ကို မရှိတော့တာ။ အဲဒီ သေချင်းဆိုး၊ မျိုးပြုတ်မယ့်ကောင်က ငါ့အိမ်ကပစ္စည်းကိုတောင် ရဲရဲတင်းတင်း လာခိုးရဲတယ်ပေါ့။ ငါကတော့..."
"အမေ.."
ရှီရှောင်ဝေ၏ မျက်နှာ ပျက်သွားပြီး လေသံမှာလည်း ကြမ်းတမ်းလှ၏။
"ဘာလို့ ဒီလောက် နားမခံသာတဲ့ စကားတွေ လျှောက်ပြောနေရတာလဲ။"
အစ်မကြီးဖန် ပြန်လည် အော်ဟစ်ကာ
"ငါက သူခိုးကို ဆဲနေတာဟဲ့။ အဲဒီအသားကို ဒီနေ့ နှစ်သစ်ကူးအကြိုညစာအတွက် ဖယ်ထားတာ၊ ပြီးတော့ ကျန်တာကိုလည်း ဖက်ထုပ်ထုပ်ဖို့ သုံးမလို့လေ။ အခုတော့ ဒီအတိုင်း ပျောက်သွားတာလား။ နှစ်ကျင်းတောင် ရှိတာဟဲ့၊ နှစ်ကျင်းတောင်။"
အကယ်၍ နှစ်သစ်ကူးသာ မဟုတ်ပါက ဤမျှအထိ အသားများကို သူမ ဝယ်ယူမည် မဟုတ်ချေ၊ ယခင်လည်း ထိုသို့ မလုပ်ဖူးခဲ့ပေ။
"စားရင်းသောက်ရင်း သီးပြီး သေမယ့် သူခိုးစုတ်က..."
"အမေ.."
ရှီရှောင်ဝေ ဒေါသတကြီး အော်လိုက်သည်။
"တော်စမ်း။ ဒီလိုစကားတွေ ပြောရတာ မရှက်ဘူးလား"
အစ်မကြီးဖန် စိတ်ရှုပ်ထွေးသွားကာ
"ငါ့ပစ္စည်း ပျောက်လို့ ငါက ဆဲတာပဲ၊ ဘာရှက်စရာ ရှိလို့လဲ။ မဟုတ်သေးဘူး... ငါ ဆဲနေရုံနဲ့ မပြီးဘူး၊ ရဲစခန်းကို သွားတိုင်ရမယ်။ သူတို့ ငါ့ပစ္စည်း ပြန်ရှာပေးရမယ်။ ဒါက အသားဟဲ့၊ တခြားလူကို အလကားပေးဖို့ မဟုတ်ဘူး..."
"အမေကလည်း ဘာဖြစ်နေတာလဲ။ အသားတစ်တုံး ပျောက်တာနဲ့တင် ကျွန်တော်တို့မိသားစုမှာ ငတ်သွားတာမှ မဟုတ်တာ။ နှစ်သစ်ကူးကာလကြီးမှာ ဒါက နိမိတ်မကောင်းဘူး မဟုတ်လား။ ပြန်ဝယ်လိုက်ရင် ပြီးတာပဲကို၊ ဘာလို့ နှစ်သစ်ကူးကြီးမှာ ဆဲဆဲဆိုဆို လုပ်နေရတာလဲ။ အမေထင်တာ ကျွန်တော်တို့မိသားစုက ဒီနှစ်မှာ သိပ်ပြီး ကံကောင်းနေတယ် ထင်လို့လား။"
"အာ... မဟုတ်ဘူး... ငါက..."
ဤအချိန်တွင်မူ ဘေးမှ ကြည့်နေကြသော လူအားလုံး အခြေအနေကို ရိပ်မိသွားကြပြီ ဖြစ်၏။
ရှီရှောင်ဝေ ဤမျှ တားဆီးနေသည်မှာ အသားကို သူကိုယ်တိုင် ယူသွားခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် သူ အဘယ်ကြောင့် တားဆီးနေမည်နည်း။
လူတိုင်း ရိပ်မိသွားကြပြီး လှောင်ပြောင် သရော်သည့် အပြုံးများဖြင့် ပြုံးလိုက်ကြ၏။ အခြားလူများအားလုံး သတိထားမိကြသော်လည်း အစ်မကြီးဖန်တစ်ယောက်သာ သတိမမူမိသေးဘဲ ဆက်လက်၍ ဆဲဆိုနေဆဲ ဖြစ်သည်။
"ဒီ သေချင်းဆိုး..."
"ကဲ... အိမ်ထဲဝင်ပြီးမှ စကားပြောကြရအောင်။"
ရှီရှန်းသည်လည်း အခြေအနေကို ရိပ်မိသွားကာ သားဖြစ်သူကို စူးစိုက်ကြည့်လိုက်၏။
အစ်မကြီးဖန် : "ဘာလို့ အိမ်ထဲဝင်ရမှာလဲ။ ငါကတော့..."
"အမေ... တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် သိသိကြီးနဲ့ ဟန်ဆောင်နေတာလား။ အစ်ကို့မျက်နှာ ဘယ်လောက် ပျက်နေလဲဆိုတာ မမြင်ဘူးလား။ ဟင်း... ကျွန်တော့်အမြင်တော့ အပြင်က သူခိုးဝင်တာ မဟုတ်ပါဘူး။ အိမ်တွင်းသူခိုးပဲ.."
ရှီရှောင်ကွမ်း သရော်တော်တော် ဆိုလေသည်။
အကယ်၍ နှစ်သစ်ကူးသာ မဟုတ်ပါက သူ အိမ်သို့ ပြန်လာမည် မဟုတ်ပေ။
အလုပ်အကိုင် ကိစ္စနှင့် ပတ်သက်၍ မိဘများမှာ သူ့ကိုစိတ်နာအောင် ပြုမူခဲ့ကြဖူးသည်။ ရှီရှောင်ကွမ်းသည် ငယ်စဉ်ကတည်းကပင် အခြေအနေကို ကောင်းစွာ အကဲခတ်တတ်သူ ဖြစ်လာခဲ့၏။ သူသည် မိဘစကားကို နားပိတ်၍ နာခံမည့် စုံလုံးကန်းသားမျိုး မဟုတ်ရာ ယခုအခါ မိသားစုအပေါ် အလွန်ပင် အေးစက်စက် နိုင်လှပေသည်။
ရှီရှန်း အခြေအနေကို ရိပ်မိသဖြင့် ဝိုင်းဝန်းဖာထေးရန် ကြိုးစားသော်လည်း၊ အစ်မကြီးဖန်မှာမူ ဘာကိုမျှ သတိမပြုမိဘဲ ရှီရှောင်ကွမ်းသည် သွေးအေးလှသည်ဟုသာ ခဏခဏ ပြစ်တင်ပြောဆိုလေ့ရှိ၏။
သူမသည် အစဉ်သဖြင့် ရှီရှောင်ဝေကိုသာ ဘက်လိုက် အလိုလိုက်ခဲ့သူ ဖြစ်ရာ ယခုလည်း ထိုစကားကို ကြားရသောအခါ မချင့်မရဲ ဖြစ်သွားရသည်။
"နင် ဘာပြောလိုက်တာလဲ။ ဘယ်လိုစိတ်နဲ့ ကိုယ့်အစ်ကို့ကို သံသယဝင်ရဲတာလဲ။ ဘာတွေ လျှောက်လျှာရှည်နေတာလဲ။ ကိုယ့်မိသားစုဝင်အချင်းချင်းကို ဒီလိုစကားမျိုး ပြောထွက်ရက်သလား။ တကယ့်ကို အမှားအမှန်မသိတဲ့ ကလေးစုတ်ပဲ။"
ရှီရှောင်ကွမ်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
"သူ့မှာ သတ္တိရှိရင် ကိုယ်တိုင်ပြောခိုင်းလိုက်လေ။ အကယ်၍ သူသာ မဟုတ်ရင် ကျွန်တော့်ခေါင်းကို ဖြတ်ပြီး ဘောလုံးလုပ်ကန်လိုက်။"
ရှီရှောင်ဝေ : "မင်း ငါ့ကို ဘယ်လိုလေသံနဲ့ စကားပြောနေတာလဲ။ ငါက မင်းရဲ့ အစ်ကိုနော်။"
ရှီရှောင်ကွမ်း : "ဖွီ.."
"မင်း....."
"ကဲ တော်ကြစမ်း၊ မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။ ရှောင်ဝေကော ရှောင်ကွမ်းကော နှစ်ယောက်စလုံး အိမ်ထဲဝင်ခဲ့ကြ။"
ရှီရှန်း ကြားထဲမှ ဝင်ရောက် စေ့စပ်ရန် ကြိုးစားသော်လည်း ရှီရှောင်ကွမ်း ရွံရှာဖွယ် အပြုံးဖြင့် ဆိုလေသည်။
"အခြားလူနောက် လိုက်ဖားနေတဲ့ ကောင်စုတ်၊ တကယ့်ကို ရွံစရာကောင်းတဲ့ အမှိုက်ကောင်ပဲ။"
"မင်း ဘယ်သူ့ကို ဖားနေတယ်လို့ ပြောတာလဲ.."
ရှီရှောင်ဝေ ဒေါသထွက်သွားသည်။
"ဘယ်သူက သူတပါး ဖနောင့်နောက် လိုက်ဖားနေလဲ၊ အဲဒီလူကို ပြောတာပေါ့။ ဘယ်သူက သူများမျက်နှာရဖို့ ကိုယ့်မိသားစုက အသားကို ခိုးထုတ်သွားလဲ၊ အဲဒီလူကို ပြောတာ။"
"မင်းလို ကောင်စုတ်ကို ငါ ရိုက်သတ်မယ်။ အစ်ကိုဖြစ်သူကို ရိုသေရမှန်း လုံးဝ မသိတဲ့ကောင်.."
"မင်းက ဘာအစ်ကိုမျိုးမို့လို့လဲ.."
ရှီရှောင်ဝေသည် ရှေ့သို့ တဟုန်တည်း ပြေးဝင်ကာ ရှီရှောင်ကွမ်းကို ဆွဲကိုင်၍ ထိုးနှက်ရန် ပြင်လိုက်၏။ သို့သော် ကံဆိုးချင်သောအခါ ရှီရှောင်ကွမ်းသည် ကလေးငယ်တစ်ယောက် မဟုတ်တော့သလို၊ အမြဲတမ်း ထွက်ပြေးနေမည့် လူစားမျိုးလည်း မဟုတ်တော့ပေ။ သူသည် ရှီရှောင်ဝေ၏ လက်ဖမိုးကို လှမ်းဖမ်း၍ အောက်သို့ အားပြင်းပြင်းဖြင့် ဖိချလိုက်ရာ ရှီရှောင်ဝေထံမှ "အားးး.." ဟူသော အော်သံကြီး ထွက်ပေါ်လာလေသည်။
သူ ဟိန်းဟောက်လိုက်ကာ
"ငါ မင်းကို သတ်ပစ်မယ်.."
"လုပ်ရဲရင် လုပ်ကြည့်လေ။ မင်းလို အရှက်မရှိတဲ့ကောင်။ ငါက မိဘတွေကို ပေးတဲ့ အိုစာမင်းစာ လုပ်အားခတွေကိုတောင် မင်းက လိမ်ညာယူခဲ့သေးတယ်မလား။ အလုပ်တစ်ခု ရထားတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတော့ဘူးပေါ့လေ။ မင်းကို ငါက ကြောက်နေမယ် ထင်သလား။ တကယ့်ကို ရွံစရာကောင်းလိုက်တာ။"
ညီအစ်ကိုနှစ်ဦးသည် ခဏချင်းအတွင်းမှာပင် လုံးထွေးသတ်ပုတ်ကြတော့သည်။
ရှီရှောင်ဝေသည် မူလကတည်းက ကြက်ရိုးတွန်ကဲ့သို့ အမြဲတမ်း ပျော့ခွေနေသော လူညံ့တစ်ယောက် ဖြစ်ပြီး၊ ရှီရှောင်ကွမ်းမှာမူ အသက်ငယ်ရွယ်ပြီး လူလားမြောက်ခါစသာ ရှိသေးသော်လည်း ဆိုင်တွင် အပင်ပန်းခံ၍ လုပ်အားစိုက်ထုတ်နေရသူ ဖြစ်ရာ ကြက်ခြောက်ထောက်ကဲ့သို့ ပိန်လှီသော အစ်ကိုဖြစ်သူနှင့် နှိုင်းယှဉ်ပါက ကြွက်သားအနည်းငယ် ရှိပေသည်။
ခုတ်ချလိုက်၊ ကန်လိုက်နှင့် မကြာမီပင် ရှီရှောင်ဝေသည် မြေပြင်ပေါ်၌ အလဲလဲအကွဲကွဲဖြင့် အနှက်ခံနေရ၏။
"ငါ့အပေါ် အမြတ်ထုတ်ချင်ဦး… လူယုတ်မာလုပ်ချင်ဦး… ငါ့ကို အရင် လာထိုးချင်ဦး"
ဖောင်း ဖောင်း ဖောင်း..
ရှီရှောင်ကွမ်း၏ လက်သီးချက်များ ရှီရှောင်ဝေ၏ ကိုယ်ပေါ်သို့ တရစပ် ကျရောက်သွားရာ ရှီရှောင်ဝေမှာ အော်ဟစ်အော်ညည်း နေရ၏။
အစ်မကြီးဖန် : "ဘာလုပ်နေကြတာလဲ။ မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။ နှစ်သစ်ကူးကြီးမှာဟဲ့။ လွှတ်ကြစမ်း… မင်းတို့တွေ ရူးနေကြပြီလား။"
အစ်မကြီးဖန် ကြားထဲမှ ဝင်ရောက် ဆွဲဖယ်ရန် ကြိုးစားသော်လည်း နှစ်ယောက်စလုံး သူမ၏ သားအရင်းများ ဖြစ်နေသဖြင့် မည်သူ့ကိုမျှ မနာကျင်စေချင်ရာ ဆွဲ၍ မခွာနိုင် ဖြစ်နေရှာသည်။
ဘေးမှ ကြည့်နေကြသော လူများမှာ "ဝါး~" ခနဲ အံ့ဩဘနန်း ရေရွတ်နေ၏။
တကယ့်ကို ကွက်တိပွဲကြီးပဲ..
ချန်ချင်းယွီ ဤပွဲကြီးကို ကြည့်ရှုရင်း၊ အစ်မကြီးဖန်တို့ မိသားစုသည် နှစ်သစ်ကူး၏ ပထမဆုံး ပြဇာတ်ကြီးကို အလွန်ပင် ကောင်းမွန်စွာ ကပြဖျော်ဖြေနေကြသည်ဟု စိတ်ထဲမှ တအံ့တဩ တွေးတောနေမိသည်။
အော်... နေဦး၊ ဒီနေ့က နှစ်သစ်ကူးအကြိုညပဲ ရှိသေးတာ၊ နှစ်သစ်ကူးနေ့တော့ မဟုတ်သေးဘူး…။
အတိအကျ ပြောရရင် ဒါက ၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ နောက်ဆုံး ပြဇာတ်ကြီးပေါ့…
သူမသည် အလွန်ပင် စိတ်ဝင်တစား စောင့်ကြည့်နေရင်း၊ မျက်လုံးအကြည့်မှာ ဤပွဲကြီးကို ထွက်ကြည့်နေကြသော ယွမ်မိသားစုဝင်များဆီသို့ တိတ်တဆိတ် ဝေ့ဝဲကြည့်လိုက်မိသည်။
ယွမ်ဟောက်ရွှယ်၏ မျက်နှာမှာ အတော်လေး ပျက်ယွင်းနေခဲ့၏။
ချန်ချင်းယွီ စိတ်ထဲမှ တွေးတောမိသည်မှာ…
ရှီရှောင်ဝေက သူတို့အိမ်က နှစ်သစ်ကူးအသားကို ယွမ်ဟောက်ရွှယ်အတွက် ခိုးပေးခဲ့တာလား…
ဖြစ်နိုင်သည်၊ သေချာပေါက် ဖြစ်နိုင်ခြေ အပြည့်ရှိပေသည်။
ရှီရှောင်ဝေ၏ အရည်အချင်းနှင့် ဆိုလျှင် ဤကဲ့သို့သော အလုပ်မျိုးကို သေချာပေါက် လုပ်ဝံ့ပေ၏။
ဒုစက်ရုံမှူး ဟယ်၏ စွန့်ပစ်ခြင်းကို ခံရသည်မှစ၍ ယွမ်ဟောက်ရွှယ်သည် နေ့စဉ်ရက်ဆက် မှိုင်တွေလျက် ရှိနေခဲ့သည်၊ ယခင် ရှိခဲ့ဖူးသော မာန်မာနနှင့် မိမိကိုယ်မိမိ ယုံကြည်မှုများမှာ ယခုအခါ ညှိုးငယ် စိတ်ပျက်စရာ ရိပ်ငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ကျောက်ရုံ၏ ပထမဆုံးအကြိမ် ကိစ္စရပ်သည် တရားဝင် အတည်မပြုဖြစ်သော်လည်း လူတိုင်း ကောင်းစွာ သိရှိခဲ့ကြ၍ ယွမ်ဟောက်ရွှယ်အနေဖြင့် ဓနအင်အားရှိသော ယောကျ်ားတစ်ယောက်ကို ရှာဖွေမည့် အစီအစဉ်မှာ ချက်ချင်းပင် ပျက်ပြားသွားခဲ့ရ၏။
သို့သော်ငြားလည်း သာမန်အလုပ်သမားများထဲတွင်မူ သူမကို သဘောကျသူများ ရှိနေသေးသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ကျောက်ရုံသည် ထောင်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
သူမသည် ဒုစက်ရုံမှူးဟယ်၏ စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရပြီး၊ ထိုလူသည်လည်း ကွယ်ရာတွင် မဟုတ်ဘဲ လူသိရှင်ကြား စွန့်ပစ်ခဲ့ခြင်း ဖြစ်ရာ ယခုအခါ ယွမ်ဟောက်ရွှယ်၏ ဘေးနားတွင် လိုက်ပါပိုးပန်းသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။
ယခင်၌ သူမ နှာခေါင်းရှုံ့ နှိမ်ချကြယ် ကြည့်ခဲ့သော သာမန်အလုပ်သမားများပင်လျှင် ယခုအခါ သူမနှင့် ဝေးကွာသွားခဲ့ကြပြီ ဖြစ်သည်။
ကျောက်ရုံ၏ ကိစ္စသည် ကြီးမားလွန်းလှသည် မဟုတ်လော့။
ယခုအခါ သူမဘေး၌ ကျန်ရှိနေသည်မှာ အမြဲတမ်း ဖားယားတတ်သော ရှီရှောင်ဝေ တစ်ယောက်သာ ကျန်ရှိ၏။
သို့သော်ငြားလည်း ယခင်ကတည်းက ရှီရှောင်ဝေကို နှိမ်ချကြည့်ခဲ့သော ယွမ်ဟောက်ရွှယ်သည် ယခုကဲ့သို့ မိမိကိုယ်တိုင် ဘဝပျက်နေသည့် အချိန်တွင်ပင် ရှီရှောင်ဝေကို မျက်စိထဲ မထည့်ကာ နှိမ်ချမြဲ နှိမ်ချနေဆဲပင် ဖြစ်၏။
ချန်ချင်းယွီသည် အတွေးကမ္ဘာထဲမှ ရုတ်တရက် သတိပြန်ဝင်လာပြီး ရန်ပွဲကို ဆက်လက်စောင့်ကြည့်နေလိုက်သည်။ ရှီညီအစ်ကိုနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အလျော့မပေးဘဲ ပြင်းပြင်းထန်ထန် သတ်ပုတ်နေကြရာ မကြာမီပင် ရှီရှောင်ဝေမှာ မျက်နှာတစ်ပြင်လုံး အညိုမဲစွဲနေသော ဘူးသီးကဲ့သို့ ဖူးရောင်သွားရ၏။ နောက်ဆုံးတွင်မူ အစ်မကြီးဖန် သူတို့နှစ်ဦးကို အတင်းအဓမ္မ ဆွဲဖယ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လေသည်။
"မင်းတို့က ညီအစ်ကိုတွေလေဟဲ့၊ ဘာတွေ လုပ်နေကြတာလဲ။"
"ကျွန်တော့်မှာ ဒီလိုညီအစ်ကိုမျိုး မရှိဘူး.."
နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
မိသားစုတစ်စုတွင် အချင်းချင်းအပေါ် မျှတစွာ မဆက်ဆံနိုင်သည့်အခါမျိုး၌ ဤကဲ့သို့သော ကိစ္စရပ်များ သေချာပေါက် ဖြစ်ပွားလာရမြဲ ဖြစ်ပေသည်။
အစ်မကြီးဖန် : "မင်းတို့ကိုလည်း ကြည့်ဦး၊ ဘာတွေလုပ်နေကြတာလဲ။ ဝက်သားတစ်တုံးအတွက်နဲ့ ရန်ဖြစ်ရုံတင်မကဘူး၊ လက်ပါတဲ့အထိ သတ်ပုတ်နေကြတယ်ပေါ့။ ရှောင်ဝေ... ငါ့ကို အမှန်အတိုင်းပြောစမ်း၊ အဲဒီဝက်သားကို မင်းယူသွားတာလား။ ဘယ်ကို ယူသွားတာလဲ။ အဲဒါ နှစ်သစ်ကူးအတွက် သုံးရမှာဟဲ့။"
အစ်မကြီးဖန်၏ စိတ်ထဲတွင်မူ သားဖြစ်သူ အရိုက်ခံရသည်ထက် ဝက်သားပျောက်ဆုံးသွားခြင်းမှာ သာ၍ အရေးကြီးနေပုံရသည်။
ရှီရှောင်ဝေသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တုံဏှိဘာဝေ ရှိနေ၏။
အစ်မကြီးဖန် : "ရှောင်ဝေ... ပြောစမ်းပါဦး။"
ရှီရှောင်ဝေ စိတ်မရှည်သလိုဖြင့် ဆိုကာ
"အမေကလည်း ဘာလို့ ဒီလောက်အထိ အတင်းမေးနေရတာလဲ။ ကျွန်တော်က ကိုယ့်အိမ်ကပစ္စည်းလေး နည်းနည်းပါးပါး ယူမိတာ မရဘူးလား။ နှစ်သစ်ကူးအတွက် ရလာတဲ့ ပန်းသီးတွေကိုလည်း ကျွန်တော် အိမ်ကို ပြန်သယ်လာပေးတာပဲ မဟုတ်လား။"
ရှီရှောင်ကွမ်း နှာခေါင်းရှုံ့လျက် သရော်လိုက်၏။
"မိဘတွေက ပိုက်ဆံအကုန်အကျခံပြီး အလုပ်ဝယ်မပေးထားရင် မင်းက ဘယ်ကနေ အလုပ်ရမှာလဲ။ အလုပ်မရှိရင်ကော ပန်းသီးတွေက ဘယ်ကနေ ရလာမှာလဲ။"
ရှီရှောင်ဝေ : "ငါလည်း လစာရဲ့ တစ်ဝက်ကို အိမ်ပြန်ပေးနေတာပဲလေ။"
"ဒါက မင်းပေးသင့်ပေးထိုက်တာပဲ မဟုတ်ဘူးလား။ မင်းရဲ့အလုပ်က မိသားစုတစ်ခုလုံးရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာလေ။"
ရှီရှောင်ကွမ်း လုံးဝ အလျှော့မပေးဘဲ ပြတ်ပြတ်သားသား တုန့်ပြန်လိုက်သည်။
"တော်စမ်း။ တော်ကြစမ်း။ ရန်မဖြစ်ကြနဲ့တော့။ ဝက်သားက ဘယ်မှာလဲ။ မင်းယူသွားရင် တို့တွေ နှစ်သစ်ကူးမှာ ဖက်ထုပ် ဘယ်လိုထုပ်တော့မလဲ။"
အစ်မကြီးဖန် အတင်း ဇွတ်မေးလေ၏။
ရှီရှောင်ဝေ နှုတ်ဆိတ်နေဆဲဖြစ်သော်လည်း ယွမ်ဟောက်ရွှယ်ဘက်သို့ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်မိသည်။
အစ်မကြီးဖန် ရုတ်တရက် အခြေအနေမှန်ကို ရိပ်မိသွားကာ ယွမ်ဟောက်ရွှယ်ကို ဒေါသတကြီး စူးစိုက်ကြည့်လျက် ဆိုတော့၏။
"ညည်းလား။ ညည်းပဲမလား... ဒီမြေခွေးမလေး၊ ငါ့သားကို လှည့်စားဖျားယောင်းနေတာ။ ပြောစမ်း၊ ညည်းပဲ ယူသွားတာမလား။"
လူတိုင်း၏ အကြည့်များမှာ ယွမ်ဟောက်ရွှယ်ဆီသို့ စုပြုံရောက်ရှိသွားရာ သူမ၏ မျက်နှာမှာ သာ၍ ပျက်ယွင်းသွားသည်။
"ကျွန်မက ရှင့်တို့မိသားစုအရေးကို ဘာမှမသိပါဘူး။ ရှီရှောင်ဝေက ကျွန်မကို အသားတစ်တုံး ပေးတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါက နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးတာလေ။"
သူမ မိမိကိုယ်မိမိ မမှားကြောင်း ပြတ်ပြတ်သားသား ဆိုလေသည်။
"သူက ကျွန်မကို ပေးတာပဲ၊ ရှင့်တို့မိသားစုအခြေအနေကို ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။"
"ကောင်းပြီလေ... ဒီမြေခွေးမစုတ်၊ ငါ့အိမ်က အသားတွေကို လိမ်ယူသွားပြီး ဘာမှမသိသလို ဟန်ဆောင်နေတယ်ပေါ့။ ဒီမှာတော့ အချင်းချင်း သတ်ပုတ်နေကြရတာကို ညည်းက ပွဲကြည့်ကောင်းနေတယ်ပေါ့လေ။ ငါ ညည်းကို ရိုက်သတ်မယ်..."
အစ်မကြီးဖန်သည် ယွမ်ဟောက်ရွှယ်ကို မူလကတည်းက အလွန်ရွံရှာမုန်းတီးသူ ဖြစ်၏။
သူမသည် ဒေါသတကြီးဖြင့် သူမထံသို့ ပြေးဝင်တော့သည်။
"အမေ.."
ရှီရှောင်ဝေ ရုတ်တရက် အစ်မကြီးဖန်ကို နောက်မှလှမ်းဖက်ကာ အတင်းဆွဲခွါလိုက်၏။
"အမေ ရူးနေတာလား… ဘာတွေ လုပ်နေတာလဲ။ ကျွန်တော်က ဟောက်ရွှယ်အပေါ် ကောင်းပေးချင်လို့ ကောင်းပေးတာလေ။ အမေ ဘာလုပ်နေတာလဲ… ကျွန်တော်လည်း ကလေးမဟုတ်တော့ဘူး။ ကိုယ်သဘောကျတဲ့လူကို ရွေးချယ်တာ ဘာမှားလို့လဲ။ အမေ ဒီလိုလုပ်နေရင် ကျွန်တော် ဟောက်ရွှယ်နဲ့ ဘယ်လိုဆက်ဆံရတော့မလဲ။ အမေ မျက်စိကို သေသေချာချာ ဖွင့်ကြည့်စမ်းပါဦး၊ ဟောက်ရွှယ်က ဘယ်လောက်တောင် ကောင်းတဲ့မိန်းကလေးလဲဆိုတာ။"
အစ်မကြီးဖန် : "သူက ကောင်းရအောင် ဘာခွေးအဆင့်မို့လို့လဲ။ အိမ်ကောင်းယာကောင်းက မိန်းကလေးတစ်ယောက်က အကြောင်းအရင်းမရှိဘဲ ဝက်သုံးထပ်သား နှစ်ကျင်းကို ဒီအတိုင်း လိုချင်ပါ့မလား။ ငါ့အသားက ဝက်သုံးထပ်သား အကောင်းစားကြီးဟဲ့။ သူက ဘာအမှိုက်မျိုးမို့လို့လဲ၊ ဘယ်သူကမှ မလိုချင်တဲ့ ဟာမကို..."
"ဒီကောင်စုတ်.."
ယွမ်ဟောက်ရွှယ် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး အော်ဟစ်လိုက်သည်။
"ရှင် ကျွန်မကို ဘယ်လိုတောင် သိမ်ဖျင်းအောင် စွပ်စွဲရဲရတာလဲ။"
သူမသည် ဟယ်အမည်ရှိသော လူနှင့် အမှန်တကယ်ပင် အိပ်ခဲ့ဖူးသည်မှာ မှန်သော်လည်း ယွမ်ဟောက်ရွှယ်အနေဖြင့် ဤအချက်ကို သေချာပေါက် ဝန်ခံမည်မဟုတ်ချေ။
"ကျွန်မက အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ရှင် ဘယ်လိုစိတ်နဲ့ ကျွန်မကို ဒီလို စကားမျိုးတွေ ပြောရဲတာလဲ။ လူတစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးတာဟာ ပြစ်မှုတစ်ခုပဲ မဟုတ်လား။ ရှင်က ဘယ်လို သတ္တိနဲ့ ကျွန်မကို ဒီလိုတွေ လာပြောနေတာလဲ။ ရှင့်သား ရှီရှောင်ဝေက ကျွန်မကို နှစ်သစ်ကူးလက်ဆောင် လာပေးတာလေ။ ကျွန်မတို့အားလုံးက ဝင်းတစ်ခုတည်းက လူတွေပဲ၊ သူပေးတာကို ကျွန်မက လက်မခံသင့်ဘူးလား။"
ယွမ်ဟောက်ရွှယ်သည် လွယ်လွယ်နှင့် အလျှော့ပေးမည့်သူ မဟုတ်ချေ၊ သို့သော်ငြားလည်း သူမ၏ မိသားစုမှာ ယခုနှစ်တွင် အမှန်တကယ်ပင် ဘဝအခြေအနေ အလွန် ကျပ်တည်းနေခဲ့သည်။
သူမ၏ အစ်ကိုကြီး ဖြစ်သူမှာ အလုပ်ပြုတ်သွားခဲ့ပြီး၊ မိခင်ဖြစ်သူမှာလည်း ထောင်ထဲသို့ ရောက်ရှိနေခဲ့၏။
မိသားစုထဲတွင် လုပ်ကိုင်စားသောက်နိုင်သည့် အလုပ်သမား အနည်းငယ် ရှိနေသေးသော်လည်း၊ ဖခင်ဖြစ်သူမှာ တစ်ပြားတစ်ချပ်မျှ ထုတ်မပေးသလို၊ အစ်ကိုနှင့် ယောင်းမဖြစ်သူတို့မှာလည်း ကူညီခြင်းမရှိချေ။ ညီမဖြစ်သူမှာလည်း ယခုနှစ်တွင် အထက်တန်းကျောင်းပြီးခဲ့သော်လည်း အလုပ်မရသေးပေ။ သူမကိုယ်တိုင်လည်း နှစ်သစ်ကူးအတွက် မိသားစုတစ်ခုလုံးကို ထောက်ပံ့ရန် ကိုယ်ပိုင်ငွေကို မသုံးစွဲလိုချေ။
ထိုသို့သော အခြေအနေမျိုးတွင် တစ်စုံတစ်ယောက် လာရောက်ပေးကမ်းသောအခါ သူမအနေဖြင့် သဘာဝအတိုင်းပင် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ခြင်း ဖြစ်သည်။
"သူ့အသားက ဘယ်ကရလာလဲဆိုတာ ကျွန်မ ဘယ်လိုလုပ် သိမှာလဲ။ သူက လက်ဆောင်အဖြစ် ယူလာပေးတာကို ဘယ်သူကများ သံသယဝင်နေမှာလဲ။"
"ညည်းက တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ။ ဘယ်သူက ညည်းကို အလကားသက်သက် အသားနှစ်ကျင်း ပေးမှာလဲ။ ဒါက အသားနှစ်ကျင်းဟဲ့၊ အကောင်းစား ဝက်သုံးထပ်သားကြီးကို ဒီအတိုင်း အလကား ပေးရအောင် ညည်းက ဘယ်လောက်တောင် လှပတင့်တယ်နေလို့လဲ။"
ယွမ်ဟောက်ရွှယ်သည် အစ်မကြီးဖန်ကို လျစ်လျူရှုကာ ရှီရှောင်ဝေကို ကြည့်လိုက်ပြီး
"ရှီရှောင်ဝေ... ပြောစမ်းပါဦး၊ ရှင်ကပဲ ကျွန်မကို အတင်းပေးချင်လို့ ပေးခဲ့တာ မဟုတ်လား။ အခုကျတော့ ရှင့်အမေနဲ့ နှစ်ယောက်ပေါင်းပြီး ပြဇာတ်ကပြပြီး ကျွန်မကို လာအနိုင်ကျင့်နေကြတာလား။ ရှင်တို့ တမင်သက်သက် လုပ်တာမလား။"
"မဟုတ်ဘူး.."
ရှီရှောင်ဝေ : "အဲဒီလိုမဟုတ်ပါဘူး၊ ငါ့ကို ယုံစမ်းပါ၊ မင်းပဲ သိမ်းထားပြီး စားလိုက်ပါ၊ ဒါက ငါ့ရဲ့ စေတနာအနည်းငယ်တင်ပါ"
"ရှောင်ဝေ.."
"အမေကလည်း တကယ်ကို လွန်လွန်းတယ်ဗျာ။ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အတ္တကြီးရတာလဲ။ ဘာလို့ ဒီလောက် ကပ်စေးနည်းနေရတာလဲ။ ကျွန်တော့်အတွက်ကော တစ်ခါလောက် မတွေးပေးနိုင်ဘူးလား။ အသားကို နောက်ထပ်တစ်တုံး ပြန်ဝယ်လိုက်ရင် ပြီးတာပဲကို။"
"မင်း... မင်း... ငါ့ကို ဒေါသထွက်အောင် တကယ့်ကို လုပ်နေတာပဲ။ ဒီမြေခွေးမပြောတာကိုပဲ နားယောင်ပြီး..."
"အမေ... ကျိုးကြောင်းမဆီလျော်တာတွေ လျှောက်မပြောဘဲ နေလို့မရဘူးလား။ သူက မြေခွေးမ မဟုတ်ပါဘူး၊ ဒီလိုစကားမျိုးတွေ လျှောက်မပြောပါနဲ့တော့ဗျာ။ တကယ့်ကို အောက်တန်းကျလွန်းတယ်။"
မိခင်နှင့် သားဖြစ်သူတို့မှာ အပြန်အလှန် အငြင်းပွါးနေကြလေသည်။
ရှီရှန်း : "အိမ်ပြန်ကြရအောင်..."
"ဖယ်စမ်းပါ.."
သားအမိနှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
ချန်ချင်းယွီ လျှာတစ်ချက် သပ်လိုက်မိ၏။ အမှန်စင်စစ် ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ ငွေမရှာနိုင်သောသူများသည် နောက်ဆုံးတွင် မိသားစုအတွင်း မိမိတို့၏ ရပ်တည်ချက် ဆုံးရှုံးသွားရမြဲ ဖြစ်ပေသည်။ ယခင်၌ အစ်မကြီးဖန်သည် ရှီရှန်းအပေါ် မျက်နှာသာပေးကာ ရိုသေမှု ရှိခဲ့သော်လည်း၊ တစ်နှစ်ထက်တစ်နှစ် အခြေအနေများမှာ သာ၍ ဆိုးရွားလာခဲ့၏။
ချန်ချင်းယွီ လက်နှစ်ဖက်ကို နောက်ပစ်လျက် ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေပြီး အခြားသူများလည်း သူမနောက်မှ ကပ်လျက် ရှိနေကြသည်။ ယနေ့သည် မိသားစု စုံစုံလင်လင်ဖြင့် ညစာစားရမည့်နေ့ ဖြစ်သော်ငြားလည်း၊ ဤကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာ ပွဲကြီးကိုမူ မကြည့်ဘဲ မနေနိုင်ကြချေ။ အရင်ဆုံး စောင့်ကြည့်ရမည်သာ…
ချန်ချင်းယွီလည်း ရင်ထဲ၌ အတော်လေး ခံစားလိုက်ရသည်။
"မေမေ... ရော့။"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ရန်ပွဲကို ကြည့်ရင်း အစားအစာများကို ခိုးစားနေကြကာ ရှောင်ယွမ်သည် သူမ၏ မိခင်ကိုလည်း မေ့မထားချေ။ ချန်ချင်းယွီ အာလူးလုံးကြော်အချို့ကို ယူ၍ မြည်းစမ်းကြည့်လိုက်ရာ အပြင်ပန်းမှာ ကြွပ်ရွပြီး အလွန်အရသာရှိလှသဖြင့် အတော်လေး ကောင်းမွန်စွာ ကြော်ထားမှန်း သိသာလှ၏။
သူမ စိတ်ဝင်တစား စောင့်ကြည့်နေစဉ်မှာပင် ထိုမိခင်နှင့် သားဖြစ်သူတို့မှာ တတွတ်တွတ်ဖြင့် ဆက်လက် ငြင်းခုံနေကြဆဲ ဖြစ်သည်။
ယွမ်ဟောက်ရွှယ် သရော်ပြုံး ပြုံးလိုက်ပြီး ရှက်ရွံ့ခြင်းမရှိသည့်အပြင် မိမိကိုယ်မိမိ မှန်ကန်သည်ဟုသာ ထင်မြင်နေပုံရ၏။ သို့သော်ငြားလည်း သူမသည် ရှီရှောင်ဝေဘက်မှ ကာကွယ်ပြောဆိုပေးခြင်း မရှိချေ။ အကျိုးအမြတ်တစ်ခုကို ရရှိထားသော်လည်း ၎င်းတို့မိသားစုအပေါ် အထင်သေးသည့်နှယ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံနေဆဲပင် ဖြစ်သည်။
ကျောက်ရုံ ထောင်ကျသွားခြင်းသည် သူတို့မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။ ယွမ်ဟောက်ရွှယ်ကိုယ်တိုင်ပင်လျှင် အတော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ယခင်ဆိုလျှင် အပြင်ပန်းတွင် အနည်းဆုံးတော့ ဖော်ရွေဟန်ဆောင်ကာ စိတ်ထဲ၌သာ မာန်တက်နေတတ်ပြီး ဟန်ဆောင်ကောင်းခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ ဟန်ဆောင်ရန်ပင် မကြိုးစားကြတော့ပေ။
"ငါ့ဝမ်းနဲ့လွယ်ပြီး ဒီလို သေချင်းဆိုး သားမျိုးကို ဘယ်လိုများ မွေးမိပါလိမ့်။ ကောင်စုတ်။ ရွေးစရာလူ အများကြီးရှိတဲ့အထဲက ဘာလို့ ဒီမြေခွေးမနောက်ကိုမှ အရူးအမူး လိုက်နေရတာလဲ။ မင်း ငါ့ကို ရူးအောင် သေအောင် လုပ်နေတာပဲ..."
အစ်မကြီးဖန်သည် သားဖြစ်သူနှင့် မရပ်မနား ငြင်းခုံနေရင်း ဘေးလူများရှေ့တွင် ပွဲကြီး ကပြနေတော့သည်။ သူမသည် ဒေါသအလွန်ထွက်သွားကာ မြေပြင်ပေါ်၌ ခြေပစ်လက်ပစ်ဖြင့် ငိုယိုအော်ဟစ်နေ၏။ ယခုကဲ့သို့ အေးစက်လှသော ဆောင်းရာသီကြီးတွင် အသားကုန် လူးလိမ့်နေလေသည်။
ချန်ချင်းယွီ သက်ပြင်းချမိရင်း၊ အစ်မကြီးဖန်သည် လူတိုင်းရှေ့တွင် တကယ့်ကို ပြဇာတ်အကြီးအကျယ် ကပြနေခြင်း ဖြစ်သည်ဟု တွေးတောမိ၏။ အခြားသူများအနေဖြင့်လည်း မိသားစုအရေးတွင် ဝင်ရောက်ဖျန်ဖြေရန် မလွယ်ကူလှချေ။ နောက်ဆုံးတွင် ရှီရှန်းသည် စိတ်မထိန်းနိုင်တော့ကာ အိမ်ထဲသို့ ဆွဲသွင်းသွားလေသည်။
"အား..... အားးး.."
"ဘာလုပ်တာလဲ.."
"ဖြန်း ဖြန်း ဖြန်း.."
အိမ်ထဲမှ ဆူညံသံများ ထွက်ပေါ်လာသည်။
ရှီရှန်း ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဒီကောင်စုတ် နှစ်ယောက်စလုံး အထဲဝင်ခဲ့စမ်း။ နှစ်သစ်ကူးကြီးမှာ မင်းတို့က လူအများရဲ့ အာရုံစိုက်မှုကို ရချင်နေတာလား။ ဝင်ခဲ့စမ်း.."
ရှီရှောင်ဝေနှင့် ရှီရှောင်ကွမ်းတို့သည် ယခုတစ်ကြိမ်တွင်မူ ထူးထူးခြားခြား လိမ္မာလျက် ဘာမှမပြောဘဲ အိမ်ထဲသို့ တိတ်တဆိတ် ဝင်သွားကြသည်။
ဘေးမှ ကြည့်နေကြသော လူအားလုံးသည် အံ့ဩမိန်းမောလျက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ချန်ချင်းယွီ လှည့်၍ မေးလိုက်မိသည်။
"ရှီရှန်းက အစ်မကြီးဖန်ကို ထပ်ပြီး ရိုက်နေပြန်ပြီလား မသိဘူးနော်။"
အဘွားကြီးကျောက်လည်း ကြောင်အမ်းအမ်းဖြင့်
"ဟုတ်မယ် ထင်တယ်နော်။"
ဂလုန်း..
မကြာမီပင် အိမ်ထဲမှ နောက်ထပ် ဆူညံသံများ ထွက်ပေါ်လာပြန်ရာ ရွှီရှောင်စန်းနှင့် အခြားသူများသည်လည်း ပြတင်းပေါက်တွင် အတင်း ကပ်၍ ချောင်းကြည့်ကြ၏။
"ဦးလေးရှီက ရှီရှောင်ဝေကို ပါးရိုက်လိုက်ပြီဗျ။ ဟာ... နောက်တစ်ချက်၊ အားပါးပါး... တစ်ပြိုင်နက်တည်း ခုနစ်ချက်တောင် ဆက်တိုက် ရိုက်လိုက်တာ.."
ဖြန်း ဖြန်း ဖြန်း ဖြန်း...
လူတိုင်း ကြားလိုက်ကြရသည်။ တိုက်ရိုက်ထုတ်လွှင့်ပြသရန်ပင် မလိုတော့ချေ။
ရှီရှန်း ဒေါသတကြီးဖြင့် အာဏာပြလိုက်သဖြင့် ရှီမိသားစုမှာ နောက်ဆုံးတွင် ငြိမ်သက်သွားသည်။
သို့သော်ငြားလည်း ချန်ချင်းယွီ နှာခေါင်းရှုံ့လျက် မထီမဲ့မြင် ပြုမိသည်။
အစောပိုင်းတုန်းကကြတော့ ဘာလုပ်နေလို့လဲ…အခုမှများ…ဟမ့်။
ထို့ပြင် မည်သည့်ခေတ်ကာလတွင်မဆို ဇနီးနှင့် သားသမီးများကို ရိုက်နှက်ခြင်းသည် အမြဲတမ်း ရှက်ဖွယ်ကောင်းသော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေ၏။
"ကြည့်စရာ ပွဲမရှိတော့ဘူး၊ အိမ်ပြန်ကြရအောင်။"
"လာပါဦး၊ အမေကတော့ မပြီးသေးဘူး။"
အဘွားကြီးကျောက်သည် ပွဲကြည့်ရန် အိမ်အဝင်အထွက် လုပ်နေသော်လည်း လက်မှ ဆီကြော်အိုးကိုမူ လုံးဝ မချသေးချေ။ အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း ဇောက်ချလုပ်ကိုင်နေခြင်း ဖြစ်၏။
အဘွားကြီးကျောက် : "ညည်း စောင့်သာ ကြည့်နေလိုက်ဦး၊ ရှီရှန်းနဲ့ အစ်မကြီးဖန်တို့ရဲ့ ဆင်းရဲဒုက္ခရောက်မယ့်နေ့တွေက မကြာခင် ရောက်လာတော့မှာ။"
ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်
လိုက်ရင်း ပြန်မေးလိုက်ကာ
"အမေက ဘယ်လိုလုပ် သိတာလဲဟင်"
အဘွားကြီးကျောက် : "ဒါပေါ့အေ၊ ငါသိတာပေါ့။ သူတို့က သားကြီးကိုပဲ အသားကုန်ဘက်လိုက်ပြီး သားငယ်ရဲ့ စိတ်ကို နာအောင်လုပ်နေကြတာ။ စောစောကတင် ငါ သတိထားမိလိုက်တယ်၊ ရှောင်ကွမ်းရဲ့ မျက်လုံးတွေက အေးစက်နေတာ ဘာသံယောဇဉ်မှ မရှိတဲ့အတိုင်းပဲ။ သမီးကြီးကိုလည်း အိမ်ကနေ မောင်းထုတ်ခဲ့ကြလို့ အဲဒီကောင်မလေးက မြို့ပေါ်ပြန်မလာဘဲ တောရွာမှာပဲ ဆင်းဆင်းရဲရဲ တောင့်ခံနေတာလေ။ အခုကျတော့ သားငယ်ကိုလည်း ဒီလို ထပ်လုပ်ပြန်ပြီ။ သူတို့က ရှီရှောင်ဝေ တစ်ယောက်တည်းကိုပဲ သည်းသည်းလှုပ် ချစ်နေကြတာ၊ ဒါပေမဲ့ ရှီရှောင်ဝေက ဘာမှအသုံးမကျတဲ့ကောင်။ ညည်း စောင့်သာကြည့်နေလိုက်၊ အခုတင်ပဲ မိဘအပေါ် မရိုသေတာ၊ နောင်ရေးဆိုရင်တော့ ပြောနေဖို့တောင် မလိုတော့ဘူး။ ဟို ယွမ်ဟောက်ရွှယ်ကလည်း လောဘကြီးလွန်းတယ်အေ၊ ဆွေမတော် မျိုးမတော်တဲ့လူဆီက ဝက်သုံးထပ်သား နှစ်ကျင်းကို ဘယ်လိုစိတ်နဲ့ လက်ခံရဲတာလဲ မသိဘူး။ တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ။"
အဘွားကြီးကျောက် တတွတ်တွတ်ဖြင့် ဆက်တိုက် ရေရွတ်ပြစ်တင်နေ၏။
ချန်ချင်းယွီ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဝက်သားလေး ကြော်ရအောင် ဝက်သားလေးကြော်ရအောင်၊ အသားလေးတွေ အမြန်ကြော်ကြစို့"
"မပူပါနဲ့အေ၊ အကုန်လုံး အဆင်သင့်ပြင်ထားပြီးသားပါ။"
အဘွားကြီးကျောက် ဆိုပြန်ကာ
"ချွေးမရေ... ညည်း ငါ့ရဲ့ နာမည်ပျက်ကြီးကို တကယ်ပဲ ကျေးဇူးတင်သင့်တယ် သိလား။ မဟုတ်ရင် ညည်းက ငွေလည်း ရှာနိုင်၊ အလုပ်လည်း ကြိုးစားတော့ ဘယ်နှယောက်လောက်က ညည်းအပေါ် အမြတ်ထုတ်ဖို့ ကြံစည်နေကြမလဲ မသိဘူး။ ယုံချင်ယုံ မယုံချင်နေ၊ ဒီရှီမိသားစုကတောင် သူတို့သားအတွက် လာပြီး အောင်သွယ်စကားပြောရင် ပြောနေဦးမှာ။"
"အမေကလည်း ဘာတွေ လျှောက်ပြောနေတာလဲ။ တကယ်ပဲ စကားက တခြားဆီ ရောက်သွားပြီ.."
အဘွားကြီးကျောက် : "စောစောက ငါ သိုးသားသွားယူဖို့ ဂိုဒေါင်ကိုသွားတော့ ရှီရှန်းက တံခါးဝမှာ ရပ်ပြီး ငါ့ကို လှမ်းကြည့်နေတာ၊ မျက်လုံးတွေက အားကျမနာလိုဖြစ်နေတဲ့ ပုံစံမျိုးအေ။ ရှီရှောင်ဝေ အိမ်ထောင်ပြုမယ့်အကြောင်း ပြောတုန်းကလည်း ရှီရှန်းက ညည်းဘက်ကို ချက်ချင်း မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သေးတယ်။ ညည်းကတော့ သတိမထားမိပေမဲ့ ငါကတော့ ကောင်းကောင်းမြင်လိုက်တယ်။ ဟင်း... ငါက ဘယ်သူလဲ၊ ငါက ရန်တွေ့တတ်တဲ့ မိန်းမကြီးပဲလေ၊ သူတို့ရဲ့ စိတ်ကူးတွေကို ငါက မရိပ်မိဘဲ နေမလား။ ညည်းက သူ့သားထက် လေးငါးနှစ်ပဲ ကြီးတာဆိုတော့ သိပ်မကွာလှဘူးလေ။ သူ့သားကို ညည်းနဲ့ အိမ်ထောင်ချပေးပြီး ကောင်းစားချင် ကောင်းစားဦးမှာ။ ဒါပေမဲ့ ငါရှိနေသရွေ့တော့ သူတို့ အိမ်မက်ပဲ မက်နေလိုက်ကြတော့။"
အဘွားကြီးကျောက်သည် ရန်တွေ့စကားပြောရာတွင် အလွန်ပင် ကျွမ်းကျင်လှရာ သာမန်လူများအနေဖြင့် သူမနှင့် ပတ်သက်ရန် လုံးဝ မဝံ့ရဲကြပေ။
ရန်ဖြစ်လျှင် နိုင်မနိုင်ကို မဆိုထားနှင့်… အဘွားကြီးကျောက်သည် တကယ့်ကို လက်လန်ရသော ကျားမကြီး မဟုတ်လော့။
"ငါတစ်ယောက်တည်း နာမည်ပျက်ခံလိုက်တော့ ငါတို့အိမ်အတွက် ဘယ်လောက်တောင် အပူအပင် ကင်းသွားလဲ။"
ချန်ချင်းယွီ သူမကို တစ်ချက် ကြည့်လိုက်ရင်း ဆိုမိ၏။
"အကယ်၍ ကျွန်မတို့အိမ်မှာ အမေ့လို နာမည်မျိုး မရှိခဲ့ရင် ကျွန်မကလည်း ဒီလိုပုံစံမျိုး ဖြစ်နေမှာ မဟုတ်ဘူးလေ။"
သူမ ခပ်အေးအေး ရယ်မောလိုက်ရင်း
"ကျွန်မမြင်ရသလောက်တော့ သူတို့တွေက မြေပြင်ပေါ်မှာ အလဲလဲအကွဲကွဲ အနှက်ခံရဖို့ပဲ လိုနေတာ"
အဘွားကြီးကျောက်သည် "ခွီး" ခနဲ ရယ်မောလိုက်ပြီး
"ဒါကတော့ ဟုတ်တာပေါ့အေ"
သူမသည် ခေါင်းငိုက်စိုက်ချကာ အလုပ်ကို ဆက်လုပ်နေရင်း ခဏအကြာတွင် ချန်ချင်းယွီကို ခိုးကြည့်ကာ မေးမြန်းလိုက်သည်။
"ညည်းက ငယ်လည်း ငယ်သေးတာပဲ၊ တကယ်ပဲ နောက်ထပ် အိမ်ထောင်မပြုတော့ဘူးလား။"
ချန်ချင်းယွီ ပြန်ငေါ့လိုက်ကာ
"ကျွန်မက အရူးမို့လို့လား အမေ။"
အဘွားကြီးကျောက် : "???"
ချန်ချင်းယွီ : "ကျွန်မက ငွေလည်း ရှာနိုင်တယ်၊ ရုပ်လည်း ချောတယ်၊ တကယ်လို့ နောက်ထပ် အိမ်ထောင်ပြုချင်တယ်ဆိုရင် ဘယ်လိုလူစားမျိုးမဆို ရှာလို့ရတာပဲ။ ဒါပေမဲ့ ကျွန်မက ဘာလို့ ထပ်ပြီး အိမ်ထောင်ပြုရမှာလဲ။ ကိုယ့်ဘာသာကိုယ် ငွေရှိလို့ စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်ရွှင်ရွှင် နေရတာကို အားယားနေလို့လား။ ဒါ့အပြင် ကျွန်မသာ နောက်ထပ် အိမ်ထောင်ပြုလိုက်ရင် အစ်ကိုကျန့်ဝမ် ကော ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်ရှာမလဲ။"
ချန်ချင်းယွီသည် သံယောဇဉ်
ကြီးသောသူ ဖြစ်ရာ လင်းကျန့်ဝမ် သူမအပေါ် မည်သို့ ကောင်းမွန်ခဲ့သည်ကို သူမ စိတ်ထဲတွင် ကောင်းစွာ သိရှိနားလည်ထား၏။
သူမ၏ အချစ်မှန်သမျှသည် ဖုန်းကွယ်နေသော အတိတ်ကာလများတွင် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး၊ သူမသည် လင်းကျန့်ဝမ်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးခဲ့ဖူးကာ လင်းကျန့်ဝမ် သူမအပေါ် မည်မျှ ကောင်းမွန်ခဲ့သည်ကိုလည်း အတိအကျ မှတ်မိနေခဲ့သည်။
အမှန်အတိုင်း ပြောရလျှင်
တစ်စုံတစ်ယောက် မိမိအပေါ် ဤမျှအထိ ချစ်မြတ်နိုးနိုင်လိမ့်မည်ဟု သူမကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲလှ၏။
သူမသည် စိတ်ခံစားချက်နောက်သို့ အလွယ်တကူ လိုက်ပါတတ်သူ မဟုတ်ရာ၊ ဤအရာကို ထပ်မံ တွေးတောနေရန် မလိုအပ်တော့ပေ။
"ကျွန်မလည်း အချစ်ကို ကြုံတွေ့ခံစားဖူးခဲ့ပြီပဲ။ ကြုံဖူးပြီးပြီဆိုမှတော့ နောက်တစ်ကြိမ် ထပ်ပြီး ဖြတ်သန်းနေစရာ မလိုတော့ဘူးလေ"
ချန်ချင်းယွီ ဆိုလိုက်၏။
"ကျွန်မဆီမှာ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်တဲ့ ငွေတွေ ရှိနေတာပဲ။ ပြီးတော့ ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်လည်း ရှိသေးတယ်လေ။ ဘာဖြစ်လို့ နောက်တစ်ကြိမ် ထပ်ပြီး အိမ်ထောင်ပြုရမှာလဲ။ ကျွန်မက မရူးသေးပါဘူး။ ကိုယ့်အပေါ် အမြတ်ထုတ်မယ့် ယောကျ်ားတစ်ယောက်ကို လာရှာနေရအောင်လား၊ အိပ်မက်ပဲ မက်နေလိုက်တော့။"
ချန်ချင်းယွီသည် ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ ဆံပင်လေးများကို ပွတ်သပ်လိုက်ရင်း
"ဟုတ်တယ်မလား၊ ဟုတ်တယ်မလား"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ နှစ်ဦးစလုံး ပြုံးလိုက်ကြ၏။
ချန်ချင်းယွီ : "တို့တွေက မင်းတို့အဖေနဲ့ မိသားစုဝင်တွေပဲ မဟုတ်လား။"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်.."
ထို့နောက် ချန်ချင်းယွီ ပြန်လည်မေးမြန်းလိုက်သည်။
"ဒါနဲ့ အမေ... အမေကော အဲဒီတုန်းက ဘာလို့ နောက်အိမ်ထောင်မပြုခဲ့တာလဲဟင်။"
အဘွားကြီးကျောက် ဖြေလိုက်ကာ
"ငါက ဘယ်သူ့ကို သွားရှာရမှာလဲအေ။ ငါက ဒီလောက်နှုတ်ကြမ်းနဲ့ သားတစ်ယောက်လည်း ရှိတယ်လေ။ ကလေးလည်း ထပ်မမွေးနိုင်တော့သလို ရုပ်ကလည်း ဆိုးတယ်။ ငါက ပြုချင်တယ်ဆိုရင်တောင် ဘယ်သူကမှ ငါ့ကို ယူမှာမဟုတ်ဘူး။"
ချန်ချင်းယွီ : "...အမေက ကိုယ့်ကိုယ်ကိုယ် တကယ်ကို သိမြင်တာပဲနော်။"
အဘွားကြီးကျောက် ခေါင်းမော့လျက်
"ဒါပေါ့အေ၊ ရှာလို့မရတာလည်း ပါသလို အမှန်အတိုင်းပြောရရင် ငါကိုယ်တိုင်လည်း မပြုချင်တော့ဘူး။ ယောကျ်ားတစ်ယောက် အိမ်ထဲခေါ်လာရင် ဒေါသထွက်စရာပဲ ရှိမှာ၊ တကယ်လို့ သူကသာ အိမ်ကို အပိုင်စီးဖို့ ကြံစည်လာရင် ဘယ်လိုလုပ်မလဲ။ ငါကတော့ သူ့ကို မယုံဘူး။ လီချန်ရွှမ်းရဲ့ နည်းလမ်းတွေကို သိထားတော့ အိမ်ထဲကို ဝံပုလွေတစ်ကောင် သွေးဆောင်သွင်းမိသလို ဖြစ်မှာ ငါက ကောင်းကောင်း သိတာပေါ့။ သူက အိမ်ကို သိမ်းပိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ငါက ဒီအိမ်လေးကို မနည်းရုန်းကန်ပြီး ထိန်းသိမ်းထားခဲ့ရတာ၊ အခြားလူကို အလကားသက်သက် အကျိုးမခံစားစေနိုင်ဘူး။ ဒီအိမ်ကြီး ပြန်အသိမ်းခံရလုနီးပါး ဖြစ်ခဲ့တာကို ငါ အခုထိ ကောင်းကောင်း မှတ်မိနေတုန်းပဲ။"
ချန်ချင်းယွီ : "အမေက တကယ့်ကို လည်တာပဲ။"
"ဒါပေါ့အေ။"
သူတို့နှစ်ဦးစလုံး ရယ်မောလိုက်ကြ၏။
"ဒါနဲ့... လီချန်ရွှမ်းအကြောင်း ပြောရဦးမယ်၊ လင်စန်းရှင်းက ဘာတွေ တွေးနေတာလဲ မသိဘူးနော်။ သူမက ရှောင်ပေါင်ကို ကိုယ့်သမီးအရင်းထက်တောင် ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာ။ ရှောင်ပေါင်က လီချန်ရွှမ်းရဲ့ သားဖြစ်လို့ လီချန်ရွှမ်းက ဘက်လိုက်တာကတော့ သဘာဝကျပါတယ်၊ ဒါပေမဲ့ လင်စန်းရှင်းကပါ ဘာလို့ ဘက်လိုက်နေရတာလဲ မသိဘူး။"
ချန်ချင်းယွီ စဉ်းစား၍ မရချေ။
လင်စန်းရှင်းသည် သားတစ်ယောက် လိုချင်မှန်း သူမ သိထားသော်လည်း….
ရှောင်ပေါင်က သူမ မွေးထားတဲ့ ကလေးမှ မဟုတ်ဘဲလေ…
အဘွားကြီးကျောက် : "ညည်းကိုလည်း ကြည့်ဦး၊ ငယ်တုန်းရွယ်တုန်းမို့လို့ ဘာမှနားမလည်သေးတာ။ လင်စန်းရှင်းက ဘယ်လိုလူစားမျိုးလဲ။ သူက လီချန်ရွှမ်းအပေါ် အသက်ဝိညာဉ်ပါပုံအပ်ထားတဲ့သူအေ။ လီချန်ရွှမ်းရဲ့သားက သူမရဲ့သားပဲပေါ့။ အခု လျိုကျင့်လည်း မရှိတော့ဘူးဆိုတော့ ကလေးက သူမရဲ့သားအရင်း ဖြစ်သွားတာပေါ့။ လင်စန်းရှင်းက နောင်တစ်ချိန် အိုမင်းမစွမ်းဖြစ်တဲ့အခါ အားကိုးရဖို့ သားတစ်ယောက်ရချင်ဇောနဲ့ မျှော်လင့်နေတာ။ သူက ဒီနှစ်တွေတစ်လျှောက်လုံး သားတစ်ယောက်ရဖို့ အသေအလဲကို လိုချင်နေခဲ့တာလေ။ ဒါပေမဲ့ ငါ့အမြင်ကို ပြောရရင်တော့... လင်စန်းရှင်းက သားလိုချင်ဇောနဲ့ ခေါင်းမာနေတာ မှန်ပေမဲ့၊ လီလင်းလင်းရဲ့ အပြစ်လည်း မကင်းပါဘူးအေ။ အဲဒီကောင်မလေးကသာ သူမရဲ့ ဦးနှောက်ထဲက ရေတွေကို နည်းနည်းလောက် ခါထုတ်လိုက်မယ်ဆိုရင် လင်စန်းရှင်းလည်း ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ အခုတော့ လီလင်းလင်းက လုံးဝအားကိုးမရမှန်း သိသွားလို့ သားဖြစ်သူအပေါ်မှာပဲ အာရုံအပြည့်အဝ စိုက်ထားတော့တာပေါ့။ ကိုယ်တိုင်တိုက်ကျွေး ပျိုးထောင်ထားတဲ့ သားကတော့ သေချာပေါက် သူမသားပဲပေါ့အေ။"
အဘွားကြီးကျောက် အခြေအနေကို ကောင်းစွာ ရိပ်မိနားလည်ထားသည်။
ချန်ချင်းယွီမှာမူ အိုမင်းမစွမ်းဖြစ်သည့်အခါ အားကိုးရန် သားမွေးသည်ဟူသော အယူအဆကို နားမလည်နိုင်သော်လည်း၊ အဘွားကြီးကျောက်တို့ကဲ့သို့ သက်ကြီးပိုင်းများသည်ကား ယနေ့ထက်တိုင် ဤအချက်ကို ယုံကြည်နေကြဆဲ ဖြစ်၏။
ထိုယောက္ခမနှင့် ချွေးမနှစ်ဦးသည် အိမ်၌ အိမ်နီးနားချင်းများ၏အကြောင်းကို တတွတ်တွတ်ဖြင့် စကားစမြည် ပြောနေကြစဉ်၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ဘေးတစ်ဖက်တွင် ကပ်လျက် မုန့်စားရင်း နားစွင့်နေကြသည်။
တစ်ခါတစ်ရံတွင် ယောက္ခမနှင့် ချွေးမနှစ်ဦးသည် ကလေးများကို အချို့သောအရေးကြီးကိစ္စများ ကွယ်ဝှက်ထားတတ်သော်လည်း၊ ဤကဲ့သို့သော အိမ်နီးနားချင်းများ၏ အသေးအဖွဲ ကိစ္စရပ်များကိုမူ ကလေးများရှေ့၌ ဖုံးကွယ်မထားကြချေ။
ဘာပဲဖြစ်ဖြစ် ဒါတွေက အရေးတကြီး ကိစ္စရပ်မှ မဟုတ်ဘဲလေ။
ချန်ချင်းယွီလည်း စကားအများကြီး မပြောလိုပေ။ သူမ တိုးတိုးရေရွတ်လိုက်သည်။
"သားသမီးဆိုတာ ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အတူတူပါပဲ။ ကိုယ့်အပေါ် သားသမီးဝတ်ကျေမကျေဆိုတာ ယောကျ်ားလေး၊ မိန်းကလေး ဖြစ်တည်မှုအပေါ်မှာ မူတည်တာမှ မဟုတ်တာ။ ပြီးတော့ လက်ထဲမှာ ပိုက်ဆံရှိရင် အိုမင်းမစွမ်းဖြစ်တဲ့အခါ အေးအေးဆေးဆေး ဖြတ်သန်းလို့ ရတာပဲ။"
အဘွားကြီးကျောက် သဘောတူ ထောက်ခံလိုက်၏။
"ဒါတော့ ဟုတ်တာပေါ့အေ၊ လက်ထဲမှာ ပိုက်ဆံရှိမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ။"
သူမကိုယ်တိုင်လည်း ထိုသို့သောသူမျိုး ဖြစ်ပေသည်။
သူမသည် အခြားသူများထက် မိမိကိုယ်မိမိ ပို၍ ယုံကြည်မှု ရှိသူ ဖြစ်၏။
သို့သော်ငြားလည်း ယုံကြည်မှုရှိခြင်းသည် ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ခြင်းဖြစ်ရာ၊ သူမအနေဖြင့် ချွေးမဖြစ်သူအပေါ် ကောင်းမွန်စွာ ဆက်ဆံရမည်သာ ဖြစ်သည်။
"ညည်း ပင်ပန်းရင် ခဏနားလိုက်ဦးလေ။ ငါ့ဘာသာငါ ဆက်လုပ်လိုက်ပါ့မယ်၊ ဒါက အလုပ်အကြီးအကျယ် မဟုတ်ပါဘူး။ ငါတို့အိမ်မှာ ပြင်ပဧည့်သည်တွေလည်း မရှိတော့ ညစာကို နည်းနည်းနောက်ကျမှ စားလည်း ဖြစ်တယ်လေ။"
ချန်ချင်းယွီ ပြုံးလိုက်ရင်း
"ရပါတယ်အမေ၊ ကျွန်မလည်း ကူလုပ်ပေးပါ့မယ်"
နှစ်သစ်ကူးကာလဆိုသည်မှာ ဤသို့သာ ရှိသင့်ပေသည်။
မိသားစုလေးသည် ထူးထူးခြားခြား ပျော်ရွှင်ချမ်းမြေ့လျက် ရှိနေပြီး၊ ဘဝအတွေ့အကြုံသည်သာ အကောင်းဆုံးဆရာ ဖြစ်သည်ဟူသော စကားမှာ အမှန်တကယ်ပင် မှန်ကန်လှပေ၏။
ရှီရှန်း၏ မိသားစုမှာမူ တစ်အိမ်လုံး ဆူညံသောင်းကျန်းပြီးနောက် လူတိုင်းမှာ ဖုန်တလုံးလုံး ညစ်ပေပွစာကြဲလျက် ရှိနေကြသည်။
ရှီရှန်း ဒေါသတကြီးဖြင့် ဆဲဆိုလေသည်။
"ရှောင်ဝေ... မင်းက တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းတယ်ဟ။ မင်းသာ တစ်ဖက်ခြံက ရှောင်ချန်ကို သဘောကျခဲ့မယ်ဆိုရင် ငါက မင်းကို ယောကျ်ားတစ်ယောက်အနေနဲ့ လေးစားမိဦးမယ်။ ရှောင်ချန်က ပိုက်ဆံချမ်းသာတယ်လေ၊ အနည်းဆုံးတော့ မင်းအတွက် တစ်ခုခု အကျိုးအမြတ်ရနိုင်သေးတယ်။ အခု မင်းရွေးချယ်ထားတဲ့လူကိုလည်း ကြည့်ဦး... ယွမ်ဟောက်ရွှယ်တဲ့။ သူမရဲ့ မိသားစုအခြေအနေက ဘယ်လိုလဲဆိုတာ မင်းမသိဘူးလား။ သူမရဲ့ အမေကလည်း ဘယ်လိုလူစားမျိုးလဲ။ သူမကော ဘာကောင်းမှာမို့လို့လဲ။ ဒါ့အပြင် သူမရဲ့ ရည်းစားဟောင်းကော လူကောင်း ဟုတ်မဟုတ် ဘယ်သူသိမှာလဲ။ မင်း ရူးနေတာလား။"
ရှီရှောင်ဝေသည် မျက်လုံးများ ပြူးကျယ်သွားကာ
"အဖေ... ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်တော့်ရဲ့ အချစ်ကို အဖေက ဘယ်လိုလုပ်ပြီး ဒီလို သိမ်ဖျင်းအောင် စော်ကားရဲရတာလဲ။ အဖေ တကယ်ကို လွန်လွန်းတယ်.."
ရှီရှောင်ကွမ်းလည်း နှာခေါင်းရှုံ့လျက် သရော်လိုက်၏။
"ကျွန်တော့်အစ်ကိုက အစ်မချန်နဲ့ နီးစပ်ချင်သေးတယ်ပေါ့။ သူက သူမနဲ့ ထိုက်တန်ရဲ့လားဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် မသိဘူး။ အစ်မချန်က စီးပွားရေးမှာ အင်မတန်လည်တဲ့သူဗျ။ ကျွန်တော့်အစ်ကိုက သူမနဲ့ မတန်ပါဘူး။"
"မင်းက လျှောက်ပြောနေတာပဲ.."
ရှီရှောင်ကွမ် : "ကိုယ့်အဆင့်ကိုယ် သေသေချာချာ သိသင့်တယ်ဗျ။ ကိုယ့်ရုပ်ကိုယ်လည်း မှန်ထဲပြန်ကြည့်ဦး။ အဖေလည်း အိပ်မက်ယောင်မနေနဲ့ဦး။ အဖေက သူတို့ရဲ့ ပိုက်ဆံကို မက်နေပေမဲ့၊ သူတို့က ကျွန်တော့်အစ်ကိုကို မျက်စိထဲတောင် ထည့်တာ မဟုတ်ဘူး။ လူတွေကို အရူးတွေလို လိုက်မတွေးနဲ့။"
ရှီရှန်း ဒေါသတကြီး ပြန်အော်ကာ
"မင်းက.."
ရှီရှောင်ကွမ်းလည်း လုံးဝ အလျှော့မပေးကာ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"ကျွန်တော် အကြံပေးပါရစေ၊ ဒီလောက်အထိ ရူးကြောင်ကြောင် မလုပ်ပါနဲ့။ ဒီစကားတွေ အပြင်ပေါက်ကြားလို့ အဘွားကြီးကျောက်သာ သိသွားရင် တကယ်ကို ပြဿနာအကြီးအကျယ် တက်လိမ့်မယ်။ အဖေက အေးအေးဆေးဆေး မနေချင်ရင်တောင်၊ ကျွန်တော်ကတော့ သူများတွေရဲ့ အတင်းပြောတာကို မခံချင်ဘူး။"
ရှီရှန်း၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း၊ သားငယ် ပြောဆိုသည်မှာ မှန်ကန်ကြောင်း သူ ကောင်းစွာ သိရှိသည်။
သူသည် တစ်ဖက်အိမ်မှ ငွေကြေးချမ်းသာမှုကို လိုချင်တက်မက်နေသော်လည်း၊ ထိုအရာသည် ၎င်းတို့ အလွယ်တကူ ရယူနိုင်သော အရာမျိုး မဟုတ်ပေ။
သူ စိတ်ဓာတ်ကျစွာဖြင့်
"ငါက ဒီအတိုင်း ပါးစပ်ထဲရှိရာ ပြောလိုက်တာပါ၊ မင်းတို့တွေ အများကြီး လျှောက်မတွေးကြနဲ့"
ရှီရှောင်ကွမ်း ခပ်ဖွဖွ ရယ်မောလိုက်သည်။
ရှီရှောင်ဝေ : "ကျွန်တော်ကတော့ ဟောက်ရွှယ်တစ်ယောက်တည်းကိုပဲ ချစ်တာ။ ဟောက်ရွှယ်နဲ့ပဲ အတူတူရှိချင်တယ်၊ သူမရဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို ကျွန်တော် ဂရုမစိုက်ဘူး"
ရှီရှောင်ကွမ်း ချက်ချင်းပင် လှောင်ပြောင်လျက် တုန့်ပြန်လိုက်၏။
"သူမကတော့ မင်းကို ဂရုစိုက်ပါလိမ့်မယ် (မင်းကို နှာခေါင်းရှုံ့လိမ့်မယ်)"
ခဏအကြာတွင် ရှီမိသားစုအိမ်တွင်းမှ ရန်ဖြစ်ငြင်းခုံသံများ တဖန် ပြန်လည် ထွက်ပေါ်လာပြန်လေသည်။
ချန်ချင်းယွီသည် အပြင်သို့ လှမ်းချောင်းကြည့်ရင်း အံ့ဩတကြီး ရေရွတ်လိုက်၏။
"သူတို့အိမ်က တကယ့်ကို သက်ဝင်လှုပ်ရှားနေတာပဲ။ ခွန်အားတွေလည်း ဘယ်လောက်တောင် ပိုနေကြလဲမသိဘူး၊ နှစ်သစ်ကူးကြီးမှာတောင် မရပ်မနား ငြင်းခုံနိုင်ကြသေးတယ်"
ရှောင်ကျား ကတ်သီးကတ်သတ်ပုံစံဖြင့်
"မေမေ... သား စောစောက ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ ယွမ်မိသားစုက ဟင်းချက်ဖို့ ပြင်နေကြပြီ၊ ဒါပေမဲ့ သူတို့ချက်ပြုတ်နေတဲ့ အရိပ်အယောင်တော့ မတွေ့ရဘူး"
ချန်ချင်းယွီ : "ဒါနဲ့... ရှီရှောင်ဝေက ဘာကို မျှော်လင့်နေတာလဲ မသိဘူးနော်"
သူက ဟောက်ရွှယ်အတွက်နဲ့ ဒီလောက်အထိ အပြင်းအထန် ရန်ဖြစ်ပေးခဲ့ပေမဲ့၊ ဟောက်ရွှယ်က သူ့ကို မျက်စိထဲတောင် ထည့်တာ မဟုတ်ဘဲလေ…
ဤစကားမှာ မှန်ကန်လွန်းလှ၏။ ယခုအချိန်တွင် ယွမ်မိသားစုသည် ဟင်းချက်ရန် ပြင်ဆင်နေကြပြီး ကွမ်ထင်းထင်း တာဝန်ယူလုပ်ကိုင်နေခြင်း ဖြစ်သည်။ ကျောက်ရုံ ရှိမနေသဖြင့် အိမ်မှုကိစ္စ အားလုံး သူမ၏ ပခုံးပေါ်သို့ ရောက်ရှိနေခဲ့၏။
ကွမ်ထင်းထင်းသည် သူမ၏ ယောင်းမဖြစ်သူ နှစ်ဦးစလုံး ဘာမှဝင်မလုပ်ကြသဖြင့် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း၊ ဟောက်ရွှယ်မှာ အိမ်သို့ ဝက်သားများ သယ်ဆောင်လာပေးခဲ့သည်ကို ထောက်ထား၍ ဟောက်ယွဲ့ကိုသာ ခပ်တိုးတိုး ပြစ်တင်ပြောဆိုလိုက်၏။ ဟောက်ယွဲ့လည်း ရင်ထဲ၌ မချင့်မရဲ ဖြစ်မိသော်လည်း၊ မိမိတွင် အလုပ်အကိုင်မရှိသဖြင့် အိမ်၌ ရပ်တည်ချက် မရှိရာ အောင့်အည်းသည်းခံနေရုံမှတစ်ပါး အခြားမရှိချေ။
သို့သော်ငြားလည်း ၎င်းတို့မိသားစု၏ အခြေအနေမှာ အတော်လေး အဆင်ပြေနေသည်ဟု ဆိုရမည်၊ ဘာပဲဖြစ်ဖြစ် အလကားသက်သက် အကျိုးအမြတ် ရရှိထားသည် မဟုတ်လော့။
ဟောက်ရွှယ် : "ဒါနဲ့ တို့အိမ်မှာ ဘာလို့ ငါးတစ်ကောင် ရှိနေသေးတာလဲ"
ဟောက်ဖုန်း : "ငါဝယ်လာတာလေ"
ဟောက်ရွှယ် ရယ်မောလိုက်သည်။ သေချာပေါက် သူမ၏ အစ်ကိုကြီးပင်…
ဟောက်ဖုန်း သူ့နှာခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်၏။ အမှန်စင်စစ် ထိုငါးမှာ လီလင်းလင်း ပေးခဲ့သော လက်ဆောင် ဖြစ်ပေသည်။
သို့သော်လည်း ဟောက်ဖုန်းသည် ဘာမှမပြောဘဲ ထိုကောင်းမှုကို မိမိကိုယ်တိုင် တိုက်ရိုက် ရယူလိုက်သည်။
သူသည် အလုပ်ပြုတ်သွားခဲ့ပြီးနောက်ပိုင်း လက်ရှိတွင် လမ်းဘေးဈေးသည်ဘဝဖြင့် အလုပ်ရှုပ်နေခဲ့ရ၏။ လွန်ခဲ့သော လအနည်းငယ်ကတည်းက စိတ်ခံစားချက် အလွန်ဆိုးရွားနေခဲ့သော်လည်း၊ နှစ်သစ်ကူးကာလကြီးတွင်မူ လွန်လွန်ကျူးကျူး မပြုမူခဲ့ချေ။
"ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးကြီးပဲလေ၊ တို့တွေ ဘာမှမရှိဘဲတော့ မဖြစ်ဘူးပေါ့"
ဟောက်ရွှယ် ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ မေးမြန်းလိုက်သည်။
"အစ်ကို... နောက်နှစ်အတွက် ဘာအစီအစဉ် ရှိလဲဟင်။ လမ်းဘေးဈေးသည်ပဲ ဆက်လုပ်မှာလား။"
ဟောက်ဖုန်း: "ဒါပဲ လုပ်နိုင်တာပေါ့။ ဟို ရှန့်ရှန့် ဆိုတဲ့ ကောင်မကြောင့် ငါ့ဘဝတစ်ခုလုံး တကယ့်ကို ပျက်စီးသွားရတာ။"
ဟောက်ရွှယ်လည်း အံကြိတ်လျက် ထိုမိန်းမကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းပစ်ချင်နေမိ၏။
၎င်းတို့အနေဖြင့် မသိကျိုးကျွံပြုနေကြသည်မှာ…
အကယ်၍ ရှန့်ရှန့်သာ အစွမ်းကုန် လုပ်ဆောင်ခဲ့မည်ဆိုပါက ယွမ်ဟောက်ဖုန်းသည် ဖောက်ပြန်မှုဖြင့် ဖမ်းဆီးခြင်း ခံထားရမည် ဖြစ်သည်။ အမှန်တကယ်၌ ရှန့်ရှန့်ဘက်မှ ကရုဏာထားခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့ အတူတူရှိစဉ်လည်း ယွမ်ဟောက်ဖုန်းသည် သူမထံမှ အကျိုးအမြတ်များစွာကို ရယူခဲ့ဖူး၏။
သို့သော် ယခုအခါတွင်မူ သူသည် ထိုအချက်များကို လုံးဝ မမှတ်မိတော့ကာ၊ သူမအပေါ် နာကျည်းမှုအပြည့်ဖြင့် မုန်းတီးနေတော့သည်။
"အဲဒီကောင်မက ငါ့ရဲ့ နာကျည်းမှုကို ပြေပျောက်စေဖို့ ထောင်ထဲမှာတင် သေသွားသင့်တာ။"
"သူမလို လူစားမျိုးက ကောင်းကျိုးမပေးပါဘူး။"
ထိုမောင်နှမနှစ်ဦးစလုံး အလွန်ပင် ဒေါသထွက်နေကြသည်။
ယွမ်ဟောက်ဖုန်း ဒေါသတကြီး ဖြစ်နေသော်လည်း အမှန်တကယ်တော့ ဘဝအခြေအနေမှာ အတော်လေး အဆင်ပြေနေဆဲ ဖြစ်သည်၊ မည်သို့ဖြစ်စေ လမ်းဘေးဈေးရောင်းခြင်းသည် အမြတ်အစွန်းများစွာ ရရှိနေဆဲ မဟုတ်လော့။ ရရှိသောငွေမှာ ယခင်ထက် မနည်းလှသဖြင့် ဖိအားလည်း သိပ်မရှိချေ။ အနည်းငယ် အရှက်ရရုံသာ ရှိပြီး အခြားအရာအားလုံး အဆင်ပြေလှပေသည်။
"အစ်ကိုကြီး... လီလင်းလင်းက အစ်ကို့ကို ပစ္စည်းတွေကူရောင်းပေးနေတာဆိုတော့ သတိထားဦးနော်။ လူမှုရေးဖောက်ပြန်မှုဆိုတာ နောက်ပြောင်စရာ မဟုတ်ဘူး၊ ဘယ်အချိန်မှာ ဘယ်သူက ကိုယ့်ကို မကြည်မလင် ဖြစ်လာမလဲ မသိနိုင်ဘူး..."
"ဟောက်ဖုန်း... ငါ့အမြင်တော့ ဟောက်ရွှယ်ပြောတာ မှန်တယ်နော်"
ကွမ်ထင်းထင်းလည်း ထောက်ခံလိုက်သည်။
ယောကျ်ားတစ်ယောက်ရဲ့ စိတ်က အိမ်မှာပဲရှိပြီး ငွေတွေကလည်း အိမ်မှာပဲ ရှိနေသရွေ့တော့၊ သူ ဘယ်သူနဲ့ပဲ အိပ်အိပ် ဂရုစိုက်နေစရာ မလိုဘူး….
သို့သော်ငြားလည်း ပြဿနာတော့ အဖြစ်မခံနိုင်ချေ။
ယွမ်ဟောက်ဖုန်း : "အဲဒီအရူးမက အလုပ်လုပ်နိုင်သေးတာပဲ၊ တို့တွေ သူ့ကို အသုံးချရမယ်"
လူတိုင်း ဤအချက်ကို နားလည်ထားကြသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စိုးရိမ်ပူပန်နေကြဆဲ ဖြစ်သည်။
ယွမ်ဟောက်ဖုန်း : "ငါ သေချာ စဉ်းစားထားပြီးသား။ ဝင်းထဲမှာ မုန့်လုံးတွေ လိုက်ဝေပြီး၊ လီလင်းလင်းနဲ့ သွေးသောက်မောင်နှမအဖြစ် ကျိန်ဆိုလိုက်မယ်။"
"ဖူးးး.."