← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း (၁၇၇) နောက်ယောင်ခံလိုက်ခြင်း

နှစ်သစ်ကူးကာလသည် အသစ်သစ်သော စတင်ခြင်းများကို သယ်ဆောင်လာခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များဆီသို့ စတင်ခြေလှမ်းလှမ်းလာခဲ့သည်နှင့်အမျှ အိမ်ထောင်စုတိုင်း၏ လူနေမှုဘဝများမှာ ဆက်လက်လည်ပတ်နေသော်လည်း လူမှုရေးဆိုင်ရာ သဘောထားအမြင်များမှာမူ ယခင်ထက် များစွာ ပိုမိုပွင့်လင်းလွတ်လပ်လာခဲ့၏။

လမ်းဘေးဈေးသည်များ၏ အရေအတွက်ပင်လျှင် သိသိသာသာ တိုးပွားလာခဲ့သည်။ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်သူများအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန် မူဝါဒများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း၊ အချို့သော မြို့ငယ်လေးများ၌မူ သတိကြီးစွာဖြင့်သာ စောင့်ကြည့်နေကြဆဲ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် မြို့တော်ကြီးတွင် ရှိနေကြသဖြင့် နှိုင်းယှဉ်ရလျှင် အဆိုပါ မူဝါဒအသစ်များကို သာ၍ လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် အသုံးချနိုင်ခဲ့ကြသည်။

ချန်ချင်းယွီ ကုန်ပစ္စည်းများ သွားရောက်ယူရန် ကွမ်ကျိုးသို့ သွားခဲ့စဉ် အခြားသော ဈေးသည်များနှင့် ဆုံတွေ့ခဲ့ရ၏။ သူမသည် ၎င်းတို့ထံမှ သတင်းစကားများစွာ ကြားခဲ့ရပြီး၊ ၎င်းတို့နှင့် နှိုင်းယှဉ်ပါက သူမကိုယ်သူမ အလွန်ပင် ကံကောင်းလှသည်ဟု ခံစားရသည်။ နေရာဒေသ အတော်များများတွင် ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ရန် မဝံ့ရဲကြသေး၍ ကုန်ပစ္စည်းများကို တိတ်တဆိတ် ခိုးဝှက်ရောင်းချနေကြရဆဲ ဖြစ်သောကြောင့် ချန်ချင်းယွီ မိမိကိုယ်မိမိ အလွန်တရာ ကံထူးလှသည်ဟု တွေးတောမိ၏။

အကယ်၍ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်စုံတစ်ခု ရှိသည်ဆိုလျှင် ထိုအရာမှာ ဝင်းထဲ၌ စောင့်ကြည့်ချောင်းမြောင်းသူ အနည်းငယ် ပိုများလာခြင်းပင် ဖြစ်သည်။

မှန်ပေသည်၊ ချောင်းမြောင်းကြည့်ရှုသူများ ဖြစ်ကြ၏။

၎င်းတို့မှာ ဝမ်ကျန့်ကော်နှင့် ယွမ်ဟောက်ဖုန်းတို့ပင်….

၎င်းတို့နှစ်ဦးစလုံးမှာ အလုပ်ပြုတ်သွားခဲ့ကြသူများဖြစ်ပြီး၊ တစ်ဦးမှာ ကျောက်ရုံကြောင့်ဖြစ်ကာ အခြားတစ်ဦးသည်ကား ရှန့်ရှန့်ကြောင့် ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် အလုပ်ပြုတ်သွားပြီးနောက် ထိုနှစ်ဦးမှာ အတန်ကြာအောင် စိတ်ဓာတ်ကျ ညှိုးငယ်နေခဲ့ကြသော်လည်း၊ မကြာသေးခင်၌ စိတ်ဓာတ်ပြန်လည် တက်ကြွလာကာ လမ်းဘေးဈေးရောင်းသည့်ဘက်သို့ အာရုံပြောင်းလာခဲ့ကြ၏။ ထိုနှစ်ဦးစလုံးသည် ချန်ချင်းယွီကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်မှာ သိသာလှပေသည်။ ချန်ချင်းယွီလည်း အပြောရခက်ကာ ဆွံ့အမိတော့သည်။ သူမသည်လည်း ကိုယ့်ဘာသာကိုယ် စီးပွားရေးလုပ်နေခြင်းသာ ဖြစ်ရာ အဘယ်ကြောင့် မိမိအားအမြဲတမ်း စောင့်ကြည့်နေကြသနည်း။

သူမသည် နတ်ဘုရားမတစ်ပါး မဟုတ်သကဲ့သို့ သူမလုပ်သမျှကို လိုက်လံတုပရုံမျှဖြင့် အမြတ်အစွန်းများ သေချာပေါက် ရရှိလာမည်မဟုတ်ပေ။

သို့သော်ငြားလည်း ထိုနှစ်ဦးသည် ချန်ချင်းယွီ ငွေရွှင်နေသည်ကို ထင်ထင်ရှားရှား မြင်တွေ့နေရ၍ သူမကို တိတ်တဆိတ် စောင့်ကြည့်ကာ သူမလုပ်သမျှကို ပေါ်ပေါ်ထင်ထင် တုပရန် ကြံစည်နေကြခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် အတော်လေး သတိထား လုပ်ဆောင်ကြသဖြင့် ချန်ချင်းယွီတစ်ဦးတည်းသာ သတိပြုမိပြီး အခြားသူများ သတိမထားမိကြချေ။

ယင်းမှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။

၎င်းတို့၏ ဝင်းကြီးမှာ သမိုင်းကြောင်းများစွာ ရှိခဲ့သည်မဟုတ်လော။ ၎င်းတို့၏ မရိုးသားသော ခိုးကြောင်ခိုးဝှက် လုပ်ရပ်များကို မည်သူ အာရုံစိုက်နေတော့မည်နည်း။

လွန်ခဲ့သော နှစ်များစွာအတွင်း ဖြစ်ပွားခဲ့သော ကိစ္စရပ်များစွာ၊ အထူးသဖြင့် ယမန်နှစ်၌ ဖြစ်ပွားခဲ့သော ကျောက်ရုံ၏ ကိစ္စကြောင့် ၎င်းတို့၏ ဝင်းကြီးမှာ ပတ်ဝန်းကျင်ရပ်ကွက်များ၌ နာမည်ဆိုးဖြင့် ကျော်ကြားလျက် ရှိနေခဲ့သည်။ သို့ဖြစ်ရာ ၎င်းတို့ကဲ့သို့သော ယောကျ်ားရင့်မာများသည် မိန်းမတစ်ယောက်၏ စံနမူနာကို လိုက်လံလုပ်ဆောင်နေကြခြင်းမှာ အမှန်တကယ်ပင် ရှက်ဖွယ်ကောင်းလှပေ၏။

သိက္ခာကို တန်ဖိုးထားသော ယောကျ်ားများဆိုလျှင်မူ ဤကဲ့သို့ အရှက်မရှိ ပြုမူကြမည် မဟုတ်ချေ။

ချန်ချင်းယွီမှာ ၎င်းတို့ မည်သို့တွေးတောသည်ကို ဂရုမစိုက်ပေ၊ မိမိကိုယ်ကို တိုက်ရိုက် ထိခိုက်မှု မရှိသရွေ့ ဘာမှမမြင်သကဲ့သို့ ဟန်ဆောင်နေလိုက်၏။

သူမသည် အဝတ်အထည်များကို ဆက်လက်ရောင်းချနေဆဲ ဖြစ်သော်လည်း၊ ယခင်ကဲ့သို့ ဂျင်းဘောင်းဘီများနှင့် တီရှပ်များကို အလွန်အမင်း အလုံးအရင်းဖြင့် ရောင်းချခြင်းမျိုး မဟုတ်တော့ပေ။ သူမသည် ဘဲလ်ဘောင်းဘီ (အောက်ကားဂျင်းဘောင်းဘီ) များကို အဦးဆုံး တင်သွင်းရောင်းချသူဖြစ်ရာ လမ်းပြဦးဆောင်သူတစ်ဦး ဖြစ်ခဲ့သည်။ လုရှန်းတောင် အပြင်အဆင် တီရှပ်များအတွက်လည်း ထို့အတူပင် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ရောင်းအားမှာ အစောပိုင်းကာလများလောက် လျင်မြန်ခြင်း သို့မဟုတ် ကောင်းမွန်ခြင်း မရှိတော့ချေ။

အမြတ်အစွန်း ရရှိနေသေးသည်မှာ မှန်သော်လည်း လုရှန်းတောင်

တီရှပ်များ၏ ရောင်းအားအကောင်းဆုံး ရေပန်းစားမှုလှိုင်းလုံးကြီးမှာမူ တစ်ကျော့ပြန် ရောက်ရှိမလာတော့ပေ။

သို့သော်ငြားလည်း သူမ၏ အမြော်အမြင်ရှိသော အတွေးအခေါ်နှင့် ကုန်ကျစရိတ် သက်သာမှုတို့ကြောင့် ချန်ချင်းယွီသည် ယနေ့တိုင် အလွန်ပင် ချမ်းသာကြွယ်ဝနေဆဲ ဖြစ်သည်။ ၎င်းသည် ချမ်းသာသူများသာ ပို၍ ချမ်းသာလာမြဲဖြစ်သည်ဟူသော အချက်ကို သက်သေပြနေပေ၏။ ချန်ချင်းယွီတွင် ငွေကြေးအင်အား သာလွန်သဖြင့် ကုန်ပစ္စည်းများကို အမြောက်အမြား ဝယ်ယူနိုင်ရာ၊ ၎င်းသည် အသေးစားနှင့် အကြီးစား ကုန်သည်များအကြား ကုန်ကျစရိတ် လုံးဝ ကွာခြားသွားစေသည့် အဓိက အချက်ပင် ဖြစ်သည်။

ထိုအချက်မှာပင် ကွဲပြားခြားနားချက် ဖြစ်လာ၏။

ချန်ချင်းယွီ အလွန်ကောင်းမွန်စွာ လုပ်ကိုင်နိုင်၍ ဝမ်ကျန့်ကော်နှင့် အခြားသူများအနေဖြင့် သူမကို လိုက်လံအတုယူရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်၊၎င်းတို့၏ အရင်းအနှီး မတည်ငွေ ကုန်ကျစရိတ်ချင်းမှာ မတူညီသည့်အတွက်ပင်။

ပုံမှန်အလုပ်အကိုင်ရှိသူ အချို့မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများကို အထင်သေးနေကြဆဲ ဖြစ်သော်လည်း၊ ငွေရှိသူများသည်သာ အခြေအနေမှန်ကို အသိဆုံးဖြစ်ရာ ချန်ချင်းယွီ ကြီးမားသော စိတ်အားထက်သန်မှုဖြင့် လုပ်ကိုင်နေခဲ့၏။ သူမသည် မည်သူ့ကိုမျှ အလုပ်ခန့်ထားခြင်း မရှိသကဲ့သို့ အကူအညီလည်း မရှာဖွေဘဲ တစ်ကိုယ်တော်သာ လုပ်ကိုင်သည်။ အဘွားကြီးကျောက် တစ်ခါတစ်ရံ ကူညီပေးတတ်သည်မှအပ အခြားအချိန်များ၌ သူမတစ်ဦးတည်းသာ ရှိ၏။ ထိုယောက္ခမနှင့် ချွေးမနှစ်ဦးသည် အပေးအယူမျှမျှဖြင့် လက်တွဲလုပ်ကိုင်နေကြသည်။

မကြာသေးမီ၌ ရာသီဥတုမှာ တဖြည်းဖြည်း ပူနွေးလာပြီး နွေရာသီသို့ ကူးပြောင်းတော့မည်ဖြစ်ရာ၊ လူတိုင်းသည် ညနေခင်းများတွင် ဝင်းထဲ၌ ထိုင်၍ စကားစမြည် ပြောဆိုတတ်ကြသည်။

"ရှောင်ချန်... ညည်း အရမ်းအလုပ်ရှုပ်နေရင် အကူအညီပေးမယ့်သူတစ်ယောက်လောက် ရှာပါလားအေ။ ငါတို့အိမ်ကို ကြည့်ဦး၊ ငါသားနဲ့ မောင်နှမတွေ အတူတူလုပ်ကြတယ်၊ ပြီးတော့ ရှောင်ကွမ်းလည်း ပါသေးတယ်ဆိုတော့ စုစုပေါင်း သုံးယောက်ရှိတာပေါ့။ လူအင်အားများတော့ အလုပ်က သက်သာတာပေါ့အေ။"

အဒေါ်ကြီးမေ့ ဆိုလေ၏။

ချန်ချင်းယွီ ခေါင်းခါပြလိုက်ပြီး

"ကျွန်မကတော့ လောလောဆယ် အလုပ်ကို အကြီးအကျယ် ချဲ့ထွင်ဖို့ အစီအစဉ် မရှိသေးပါဘူး ဒေါ်လေး.. သစ်ပင်ကြီးလေ လေတိုက်ခံရလေပဲ မဟုတ်လား။ ကျွန်မတို့ မိသားစုက အခုလိုပဲ အဆင်ပြေပါတယ်။ စားဝတ်နေရေးအတွက် ပူပန်နေစရာမလိုတာနဲ့တင် တော်တော်လေး ကောင်းနေပါပြီ။ ကျွန်မက တခြားသူတွေထက် ထူးထူးခြားခြား ပေါ်လွင်ချင်တဲ့သူမျိုး မဟုတ်တော့ အခုလို အဆင်ပြေပြေလေး ရှိနေရင်ပဲ လုံလောက်ပါပြီ"

ပိုက်ဆံဆိုသည်မှာ တစ်သက်လုံး ရှာဖွေ၍ ကုန်နိုင်မည်မဟုတ်ချေ။

ထို့ပြင် ယခုအခါတွင် တောရွာများသို့ သွားရောက်ခဲ့ကြသော ပညာတတ် လူငယ်အမြောက်အမြားမှာ မြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာကြပြီး အခြေချနေထိုင်ရန် လိုအပ်နေကြဆဲ ဖြစ်သည်။ လူအတော်များများမှာ တောရွာသို့သွားခြင်းနှင့် မြို့သို့ပြန်လာခြင်းတို့အကြား ကွာဟချက်များကြောင့်လည်းကောင်း၊ ဘဝ၏ အမျိုးမျိုးသော မကျေနပ်ချက်များကြောင့်လည်းကောင်း စိတ်ဓာတ်ကြမ်းတမ်း နာကျည်းနေကြ၏။

သေချာပေါက် လူကောင်းများ ရှိသကဲ့သို့၊ အရာရာကို မကျေမနပ်ဖြစ်ပြီး အစွန်းရောက်နေကြသူများလည်း အမြောက်အမြား ရှိနေသည်။

၎င်းတို့အနေဖြင့် အလုပ်အကိုင် မရှာဖွေနိုင်ကြသဖြင့် လမ်းမများပေါ်တွင် လမ်းသရဲများ ပိုမိုများပြားလာခဲ့သည်။

ထိုသို့သောသူများသည် ပြဿနာရှာရန် သာ၍ လွယ်ကူလှပေသည်။

ထို့ကြောင့် ချန်ချင်းယွီသည် ထူးထူးခြားခြား ပေါ်ပေါ်ထင်ထင် နေထိုင်ရန် လုံးဝ ဆန္ဒမရှိခြင်း ဖြစ်၏။

သူမသည် လမ်းသရဲများကို ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ လူတကာ၏ အာရုံစိုက်မှုကို မခံချင်ခြင်းသာ ဖြစ်သည်။ သူမ၏ မိသားစုတွင်လည်း ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေပြီးသား ဖြစ်ရာ ချန်ချင်းယွီအနေဖြင့် အလွန်အမင်း ထင်ပေါ်ကျော်ကြားမနေချင်ပေ။ မည်သို့ဖြစ်စေ သူမသည် အခြားသူများနှင့်မတူ၊ ကွဲပြားနေသည်မဟုတ်လော့။

ချန်… သတိကြီးလှသော ခေတ်ကူးသူလေး ချင်းယွီ…။

"ကျွန်မလား... ကျွန်မကတော့ အခုလိုလေးတင် အဆင်ပြေပါတယ်"

အဒေါ်ကြီးမေ့ : "ညည်းကလည်းအေ... ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ဒီလောက်တောင် ရည်မှန်းချက် မရှိရတာလဲ"

ချန်ချင်းယွီ ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။

"ဒီလိုလေးကော မကောင်းဘူးလားဟင်"

"ငါလည်း အဲဒီလိုပဲ ထင်တယ်အေ။ မိန်းမတွေက သိပ်ပြီး ထင်ပေါ်ကျော်ကြားနေစရာ မလိုပါဘူး။"

အဘွားကြီးဟွမ် ကြားဖြတ်ဝင်ပြောလေ၏။

ချန်ချင်းယွီ သူမကို စကားဖက်မပြောချင်သဖြင့် ငြိမ်နေလိုက်သည်။ သူမ စကားမပြောသော်ငြား အဘွားကြီးဟွမ်မှာ ရုတ်တရက် အသံကို တိုးတိုးလေးလုပ်ကာ ကောက်ကျစ်စဉ်းလဲသော ပုံစံဖြင့်

"ညည်းတို့ သိကြလား။ ငါ စောစောက အိမ်သာအကွယ်မှာ ဟောက်ဖုန်းနဲ့ လီလင်းလင်းတို့ နမ်းနေကြတာကို မြင်ခဲ့တယ်ဟေ့"

လူတိုင်း: "......"

ယခုနှစ်အစပိုင်းတွင် ဟောက်ဖုန်းနှင့် လီလင်းလင်းတို့သည် သွေးသောက်မောင်နှမများအဖြစ် ကျိန်ဆိုခဲ့ကြသည်။

ချန်ချင်းယွီလည်း အံ့အားသင့်သွားရ၏။ သူမ ဤကဲ့သို့သော သောက်ကျိုးနည်း အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံဖူးပေ။

သို့သော် လီလင်းလင်းမှာ တကယ့်ကို ဦးနှောက်မရှိသူ ဖြစ်ရာ ယွမ်ဟောက်ဖုန်းအနေဖြင့် သူမကို ကောင်းကောင်းကြီး ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

ဘယ်ကလာတဲ့ မောင်နှမလဲ၊ တကယ့် ရည်းစားတွေ ဖြစ်နေကြတာ မဟုတ်လား… ဒါတွေအားလုံးက လူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ဟန်ဆောင်နေကြရုံပဲလေ…

အမှန်အတိုင်းပြောရလျှင် ခေတ်သစ်ကာလ၌ ဤသို့သော နည်းလမ်းမျိုးမှာ လုံးဝ အသုံးဝင်လိမ့်မည် မဟုတ်ပေ။

သို့သော်ငြားလည်း ယခုခေတ်ကာလတွင်မူ ဤနည်းလမ်းသည် အတိုင်းအတာတစ်ခုအထိ အာနိသင် ရှိနေဆဲ ဖြစ်၏။

အချုပ်ပြောရလျှင် ၎င်းတို့သည် ပေါ်ပေါ်ထင်ထင်ပင် အတူတူ သွားလာလှုပ်ရှားနေကြသည်။

၎င်းတို့ နမ်းနေကြသည့် ကိစ္စကို ချန်ချင်းယွီ စိတ်မဝင်စားဘဲ၊ သူမ အမှန်တကယ် သိချင်နေသည့် မေးခွန်းကိုသာ လှမ်းမေးလိုက်၏။

"ဒါနဲ့... လီလင်းလင်းက အလုပ်လည်း မရှိဘူး၊ သူမ မိဘတွေကလည်း ပိုက်ဆံတစ်ပြားမှ မပေးဘူး၊ ယွမ်ဟောက်ဖုန်းကလည်း သူမကို အိမ်မှုကိစ္စတွေ ခိုင်းပြီး ပိုက်ဆံမပေးဘူးဆိုတော့၊ သူမက ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲဟင်။ လင်စန်းရှင်းက သူမကို ထမင်းကျွေးတာ ရပ်လိုက်ပြီ မဟုတ်လား။"

"အာ..."

ချန်ချင်းယွီ : "သူမ ဒီလောက်ကြာအောင် မငတ်မပြတ်ဘဲ ဘယ်လို နေနိုင်တာလဲ။"

ယခုအခါ နွေရာသီသို့ပင် ရောက်ရှိနေပြီဖြစ်ရာ အချိန်များ ကုန်လွန်ရလွယ်လှသည်။ ၁၉၇၉ ခုနှစ်၏ နှစ်သစ်ကူးအကြိုညမှာ မနေ့တစ်နေ့ကဲ့သို့ ရှိနေသေးသော်လည်း၊ ယနေ့တွင်မူ ဇွန်လကုန်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း အတန်းတင်စာမေးပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ဆိုလိုသည်မှာ လီလင်းလင်းတွင် ဝင်ငွေမရှိသည်မှာ ဆယ်လကျော်သွားပြီ ဖြစ်၏။

သူမ မည်သို့ ရုန်းကန်လှုပ်ရှားခဲ့သနည်း။

"ဟေး... ညည်းပြောတာ တကယ်ပဲနော်..."

"ငါထင်တာတော့... သူမ အရင်က အလုပ်လုပ်တုန်းက စုထားတဲ့ ပိုက်ဆံလေးတွေ ရှိလို့နေမှာပေါ့။"

ချန်ချင်းယွီ : "သူမက အရင်တုန်းက လစာအများစုကို အိမ်ကို အပ်ရတာလေ၊ ကိုယ့်အတွက်က နည်းနည်းပဲ ချန်ထားတာ။ ကိုယ်တိုင်လည်း စားသောက်ရသေးတာဆိုတော့ သူမ စုနိုင်တဲ့ ပိုက်ဆံက အကန့်အသတ်ပဲ ရှိမှာပေါ့။ ဒီလောက်အထိ ဘယ်လို ခံနိုင်ရည်ရှိမှာလဲ"

"ဟောက်ဖုန်း အလုပ်ပြုတ်သွားပြီးနောက်ပိုင်း သူမနဲ့အတူ လမ်းဘေးမှာ ဈေးထွက်ရောင်းနေတာလေ။ သူတို့ အတူတူရှိနေကြတာဆိုတော့ ဟောက်ဖုန်းကပဲ ကျွေးမွေးထားတာ ဖြစ်လိမ့်မယ်၊ ဟုတ်တယ်မလား။"

"မသိဘူးလေ။"

"ငါတော့ လီလင်းလင်းလောက် အူကြောင်ကြောင်နိုင်တဲ့သူ တစ်ခါမှ မမြင်ဖူးဘူး။"

"ဒီလိုသမီးမျိုးကို မွေးထားရတဲ့ မိသားစုကတော့ တကယ့်ကို စိတ်ညစ်ရမှာပဲ။ လင်စန်းရှင်းက သူမကို ပစ်ထားတာလည်း မဆန်းပါဘူး။"

"ဒါက လင်စန်းရှင်းက သွေးအေးလွန်းလို့ပါအေ။"

"ဟေး... နေပါဦး၊ ငါပြောတာကို ညည်းတို့ သေသေချာချာ နားထောင်ကြရဲ့လား။ သူတို့ နမ်းနေကြတာလို့ ပြောနေတယ်လေ..."

အဘွားကြီးဟွမ် စကားဝိုင်းကို လမ်းကြောင်းပြန်တည့်လိုက်သည်။

အခြားသူများမှာ အံ့ဩခြင်းမရှိဟန်ဖြင့် ဆိုကြ၏။

"ဒါက ပုံမှန်ပဲ မဟုတ်လားအေ။ အပြင်လူတွေကသာ ဒီ 'သွေးသောက်မောင်နှမ' ဆိုတဲ့ အရူးစကားကို ယုံကြတာ၊ ငါတို့ကတော့ ဘာတွေဖြစ်နေလဲဆိုတာ ကောင်းကောင်းကြီး သိတာပေါ့။ သူတို့ ပတ်သက်နေကြတာ ကြာလှပြီ။ ငါတို့ဝင်းထဲက လူတွေက တကယ့်ကို လူသားဆန်ပြီး စည်းလုံးကြလို့သာ ဘူးပေါ်သီးပေါ် မဖော်ကြတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူအစွန်းရောက်တွေ များတဲ့အချိန်မှာသာ ဒီလိုမျိုး မိသွားရင်တော့ သူတို့နှစ်ယောက်လုံး သွားပြီပဲ။ တကယ်တော့ သူတို့က ငါတို့ဝင်းထဲက လူတွေကို ဦးချပြီး ကျေးဇူးတင်သင့်တာ။"

"ဒါကတော့ ဟုတ်တာပေါ့အေ။"

"ဟို ကွမ်ထင်းထင်းကလည်း တကယ့်ကို သဘောထားကြီးလွန်းတယ်၊ ကိုယ့်ယောကျ်ားက တခြားမိန်းမတွေနဲ့ လျှောက်ရှုပ်နေတာကို လွှတ်ထားပေးတာပဲ။ သူမ ဘာတွေတွေးနေလဲ မသိဘူး၊ ရွံစရာကောင်းတယ်လို့ကော မခံစားရဘူးလား။ တကယ့်ကို မယုံနိုင်စရာပဲ။"

"ဟင်း... ယောကျ်ားတွေဆိုတာလည်း ဒီလိုပါပဲအေ၊ အပြင်မှာ လျှောက်ကစားပြီးရင် နောက်ဆုံးတော့ အိမ်ပြန်လာကြတာပဲ။ အသက်ကြီးလာရင် အဆင်ပြေသွားမှာပါ။ လမ်းမှားက ပြန်လာတဲ့ သားဆိုးတစ်ယောက်က ရွှေထက်တောင် တန်ဖိုးရှိသေးတယ် မဟုတ်လား။"

ချန်ချင်းယွီ ထိုသို့သော စကားမျိုးကို မကြားချင်သဖြင့် မတ်တပ်ရပ်လိုက်သည်။

"ရှောင်ချန်... ညည်း အိမ်ပြန်တော့မလို့လား။"

ချန်ချင်းယွီ ခေါင်းခါပြလိုက်ပြီး

"အိမ်သာသွားမလို့ပါ"

သူမ တစ်ဦးတည်း ထွက်လာခဲ့သည်။ ယခုအခါတွင် နေ့တာရှည်သော ကာလဖြစ်ရာ၊ ညနေ ၄ နာရီ၊ ၅ နာရီဆိုလျှင် မှောင်နေတတ်သော ဆောင်းရာသီနှင့် မတူပေ။ ယခုအချိန်မှာ ညနေ ၇ နာရီကျော်နေပြီဖြစ်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်နေဆဲ ဖြစ်၏။ ချန်ချင်းယွီသည် အိမ်သာသွားရန် ထွက်လာခဲ့ရာ၊ အဝေးတစ်နေရာတွင် ဟောက်ရွှယ် ရှောင်ထောင်းနှင့် စကားပြောနေသည်ကို လှမ်းမြင်လိုက်ရ၏။

ဟောက်ရွှယ်၏ မျက်ဝန်းများတွင် အရည်လဲ့လျက် ရှိပြီး၊ သူမ၏ အပြုံးများမှာလည်း ဆွဲဆောင်မှုရှိကာ တောက်ပနေသည်။

သူမ၏ စူးရှသော မျက်လုံးများကြောင့် ချန်ချင်းယွီအနေဖြင့် ဟောက်ရွှယ်သည် မိတ်ကပ်လိမ်းထားပြီး ရေမွှေးဆွတ်ထားကြောင်း ကောင်းစွာ သိရှိနိုင်၏။

ထိုရေမွှေးနံ့မှာ အဝေးကပင် ရနေပေသည်။

၎င်းတို့၏ ဝင်းကြီးတစ်ခုလုံးတွင် ယွမ်ဟောက်ရွှယ်တစ်ဦးတည်းသာ ရေမွှေးဆွတ်တတ်ပြီး အခြားသူများမှာမူ ထိုသို့သော အရာများကို အာရုံမစိုက်ကြချေ။ ချန်ချင်းယွီသည် ရေမွှေးကို သဘောကျသော်လည်း သူမကိုယ်တိုင်မူ သတိကြီးစွာ နေထိုင်သူဖြစ်၏။

ဟင်း... သတိကြီးစွာ နေထိုင်ရသော ချန်ချင်းယွီ၏ ဘဝလေးပါပဲ…

ဘာပဲဖြစ်ဖြစ် ဒါက ၁၉၈၀ ပြည့်လွန်နှစ်ပဲ ရှိသေးတာလေ…

သို့သော်လည်း ချန်ချင်းယွီ နားမလည်နိုင်သည်မှာ~~~ လူတိုင်း အဘယ်ကြောင့် ဤလမ်းကြားလေးထဲ၌ တိုးတိုးတိုးတိုးဖြင့် စကားပြောရန် ဤမျှအထိ ထက်သန်နေကြရသနည်းဟူသော အချက်ပင် ဖြစ်သည်။ ၎င်းတို့သည် သူတစ်ပါး မမြင်မိမည်ကို စိုးရိမ်နေသည့်အတိုင်း ဖြစ်နေကြ၏။

ချန်ချင်းယွီ အလွန်ပင် စပ်စုချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

အတင်းပြောရတာကို မကြိုက်တဲ့သူ ဘယ်သူရှိလို့လဲ…။

ထို့ပြင် ယခုခေတ်ကာလသည် နောင်ဆယ်စုနှစ်များစွာကြာပြီးနောက် ဖုန်းတစ်လုံးရှိရုံဖြင့် တစ်နေ့ကုန် ပျော်ရွှင်စရာ ဖျော်ဖြေမှုများ ရှိနေသည့် ခေတ်နှင့် မတူပေ။ ယခုအချိန်တွင် ဖျော်ဖြေရေးဟူ၍ လုံးဝ မရှိသလောက်ဖြစ်ရာ အချိန်ကုန်လွန်စေမည့် နည်းလမ်း မရှိပေ။ တီဗီနှင့် ရေဒီယိုများမှာလည်း အိမ်တိုင်း၌ မရှိကြချေ။

သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် အခြားဘာများ လုပ်နိုင်ဦးမည်နည်း။

သဘာဝကျစွာပင် နေ့စဉ်လူနေမှုဘဝ၏ အတင်းအဖျင်း စကားများအပေါ်၌သာ သာ၍ စိတ်ဝင်စားကြရ၏။

အိမ်သာသွားနေကြသည့် လူအချို့မှာပင် ခြေလှမ်းများကို တမင်နှေးကွေးထားကြသည်ကို ချန်ချင်းယွီ သတိပြုမိလိုက်သေးသည်။

စပ်စုချင်နေသူမှာ သူမတစ်ဦးတည်းတင် မဟုတ်ပေ။

ချန်ချင်းယွီ အမျိုးသမီးအိမ်သာဘက်သို့ ကွေ့ဝင်သွားသော်လည်း အထဲသို့ မဝင်ဘဲ အနောက်ဘက်သို့ ပတ်သွားလိုက်၏။

အို... အို... ထိုနေရာတွင် ရပ်ကွက်ထဲမှ အိမ်နီးနားချင်းများဖြစ်ကြသော လူအချို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။ ချန်ချင်းယွီလည်း အလွန်ပင် ရဲရဲတင်းတင်းဖြင့် ၎င်းတို့အနီးသို့ ချက်ချင်း တိုးကပ်သွားလိုက်၏။

သူများတွေလည်း ချောင်းကြည့်နေကြတာပဲ၊ သူမလည်း ကြည့်တာပေါ့…။

ချန်ချင်းယွီ ခပ်တိုးတိုး မေးလိုက်သည်။

"သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး အတူတူ ရှိနေကြတာလဲဟင်။"

"ယွမ်ဟောက်ရွှယ်က သူမရဲ့အလုပ်က ရုပ်ရှင်လက်မှတ် နှစ်စောင်ပေးလို့ ရှောင်ထောင်းနဲ့အတူ သွားကြည့်ချင်လို့တဲ့။ ...... တကယ့်ကို အကွက်ဆန်းလှချေလားအေ။ သူမက ရှောင်ထောင်းအပေါ် စိတ်ဝင်စားနေလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး..."

သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ချန်ချင်းယွီကို တိုးတိုးလေး ရှင်းပြရင်း တတွတ်တွတ် ရေရွတ်လိုက်၏။

ချန်ချင်းယွီ: "......"

သူမလည်း လှမ်းချောင်းကြည့်လိုက်သည်။

ယွမ်ဟောက်ရွှယ်နှင့်အတူ ရှိနေသော ရှောင်ထောင်းမှာ ရွှင်ပျစွာဖြင့် ငြင်းပယ်လိုက်သည်။

"မမဟောက်ရွှယ်... ကျွန်တော် ရုပ်ရှင်ကြည့်ဖို့ အချိန်မရှိပါဘူးဗျာ။ အဲဒီအချိန်ဆိုရင် တံခါးဝမှာ ဖရုံစေ့တွေ အများကြီး ရောင်းလို့ရနေပြီ။ ကျွန်တော် ဒီလိုအရာတွေကို တကယ်ပဲ စိတ်မဝင်စားတာပါ။ ဒါ့အပြင် ဒါက 'လုရှန်းတောင်က အချစ်ပုံပြင်' မဟုတ်ဘူးလား။ ကျွန်တော် ကြည့်ပြီးသားပါ။ ဒီရုပ်ရှင်က ပြသနေတာ တစ်နှစ်တောင် ရှိနေပြီဆိုတော့ ရုံတင်တာ မပြီးသွားသေးဘူးလား။ ဘယ်ရုပ်ရှင်ရုံကများ ဒါကို ပြသနေသေးလို့လဲ။"

ယွမ်ဟောက်ရွှယ် : "မြို့ပြင်က ရုပ်ရှင်ရုံမှာလေ၊ နည်းနည်းတော့ ဝေးပေမဲ့ တို့နှစ်ယောက်စလုံးမှာ စက်ဘီးရှိကြတာဆိုတော့ အသွားအပြန်က ကိစ္စမရှိပါဘူး။ တကယ်တော့ ငါလည်း ကြည့်ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက်ကောင်းတဲ့ ရုပ်ရှင်ကို တစ်ခေါက်ပြန်ကြည့်ရတာလည်း တန်ဖိုးရှိတာပဲလေ။"

"ကျွန်တော် တကယ်မကြည့်ချင်လို့ပါ မမဟောက်ရွှယ် ကျေးဇူးတင်ပါတယ်။ တခြားတစ်ယောက်ယောက်ကိုပဲ ရှာလိုက်ပါ၊ အစ်ကိုရှောင်ဝေဆိုရင်တော့ တကယ့်ကို သွားချင်မှာ သေချာပါတယ်။"

ယွမ်ဟောက်ရွှယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူမ ဆက်ပြောလိုက်သည်။

"ငါက သူ့ကို ဘာလို့ ဖိတ်ရမှာလဲ။ သူ့ကိုဖိတ်ရင် သူက အထင်လွဲသွားလိမ့်မယ်။ ပြီးတော့ နင်ကလည်း... တို့နှစ်ယောက်က သုံးနှစ်ပဲ ကွာတာကို 'မမ' လို့ပဲ တတွတ်တွတ် မခေါ်နေစမ်းပါနဲ့။"

သူမအနေဖြင့် ရှီရှောင်ဝေကဲ့သို့သောသူမျိုးနှင့် ဖူးစာဆုံရလောက်အောင်အထိ ကံဆိုးမည့်သူ မဟုတ်ပေ။ ထို့ပြင် သူတစ်ပါးမှ မိမိတို့နှစ်ဦးကို အတင်းတွဲပေးနေကြခြင်းကိုလည်း သူမ မလိုလားပေ။

ရှောင်ထောင်း၏ မျက်နှာအမူအရာမှာ သိပ်မပြောင်းလဲဘဲ ပြုံးလျက်

"မမလို့ပဲ ခေါ်တာ ပိုကောင်းပါတယ်၊ မဟုတ်ရင် တခြားသူတွေ အထင်လွဲသွားပါဦးမယ်။ မမဟောက်ရွှယ်... ကျွန်တော် လုပ်စရာလေးရှိသေးလို့ သွားလိုက်ပါဦးမယ်"

ယွမ်ဟောက်ရွှယ် မကျေမနပ်ဖြစ်သွားကာ ရှောင်ထောင်းကို စိတ်ထဲမှ ကြိမ်းမောင်းလိုက်သော်လည်း၊ မျက်နှာတွင်မူ အပြုံးအတုကို မနည်းလုပ်ယူရင်း

"ဒါဆိုလည်း မင်းအလုပ်မင်း သွားလုပ်လေ၊ ငါလည်း ထပ်မနှောင့်ယှက်တော့ပါဘူး"

ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှောင်ထောင်းသည် အလျင်အမြန် ခေါင်းညိတ်ပြကာ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

သူ့နောက်မှ ခွေးတစ်ကောင် လိုက်ဆွဲနေသည့်အလား အလွန်ပင် လျင်မြန်လှပေ၏။

ယွမ်ဟောက်ရွှယ် နှုတ်ခမ်းကို ကိုက်လျက် ဒေါသတကြီးဖြင့်

"တကယ့်ကို ကျေးဇူးကန်းတဲ့ ကောင်လေး"

ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်ရင်း…. ယွမ်ဟောက်ရွှယ်သည် တကယ်ကို စွမ်းလှပေသည်ဟု စိတ်ထဲမှ တွေးမိသည်။ ယခင်၌ ကျောက်ရုံ ဦးဆောင်ခဲ့၍ သူမသည် အလွန်အမင်း ဟန်ဆောင်ကောင်းခဲ့၏။ ယခု ကျောက်ရုံ ရှိမနေတော့သည့်အခါတွင်မူ သူမနှင့် ယွမ်ဟောက်ဖုန်းတို့သည် ၎င်းတို့၏ ပင်ကိုယ်ဗီဇအမှန်ကို ပေါ်ပေါ်ထင်ထင် ပြသလာကြပြီ ဖြစ်သည်။ ထိုမောင်နှမနှစ်ဦးစလုံးသည် အမှန်တကယ်ပင် အတ္တကြီးပြီး လောဘရမ္မက် ကြီးမားကြပေသည်။

တိတ်တဆိတ် ချောင်းကြည့်နေကြသော လူအချို့မှာလည်း အချင်းချင်း အဓိပ္ပာယ်ပါပါဖြင့် မျက်စိမှိတ်ပြလိုက်ကြ၏။

ဟောက်ရွှယ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ဝင်းထဲသို့ ပြန်မသွားတော့ဘဲ လမ်းမဘက်သို့ လျှောက်သွားလေသည်။ သူမ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်း စကားဝိုင်း စတင်လိုက်ကြ၏။

"ဘုရားရေ... ဟောက်ရွှယ်က ရှောင်ထောင်းကို သဘောကျနေတာလား။ သူမ ဘာတွေ တွေးနေတာလဲ မသိဘူး၊ ရှောင်ထောင်းထက် သုံးနှစ်တောင် ကြီးတာကို။"

"စကားပုံတစ်ခု ရှိတယ်လေအေ၊ 'မိန်းမက သုံးနှစ်ပိုကြီးရင် ရွှေတုံးကြီးကို ပိုက်ထားရသလိုပဲ' တဲ့။"

"ဒါတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ ဟောက်ရွှယ်နဲ့ ရှောင်ထောင်းက ဘယ်လိုမှ မလိုက်ဖက်ပါဘူးအေ။ ဒါ့အပြင် ရှီရှောင်ဝေကလည်း သူမနောက်ကို လိုက်နေတာ မဟုတ်လား။ ဟေး... ညည်းတို့ သိကြလား။ ရှီရှောင်ဝေနဲ့ သူ့အမေ အစ်မကြီးဖန်တို့တောင် သူမကြောင့် အလုပ်ခွင်မှာ ရန်ဖြစ်ခဲ့ကြသေးတယ်ဟေ့။"

ချန်ချင်းယွီ: "ဟင်... ဟုတ်လို့လားအစ်မ။"

"ဟုတ်တာပေါ့အေ။ အဲဒါ သစ်ပင်စိုက်ပျိုးရေးနေ့ဝန်းကျင်တုန်းက ဖြစ်ခဲ့တာ။ စက်ပစ္စည်းစက်ရုံက အလုပ်သမားတွေကို သစ်ပင်စိုက်ဖို့ စီစဉ်ပေးတဲ့အခါ၊ ရှီရှောင်ဝေက ယွမ်ဟောက်ရွှယ် အလုပ်ဆင်းတဲ့နေ့နဲ့ တူအောင် တမင် ပြောင်းခိုင်းခဲ့တာ။ သူက သူမအတွက် ဒါတွေဒါတွေ လိုက်လုပ်ပေးနေပြီး ကိုယ့်အလုပ်ကိုယ်တောင် ပြီးအောင်မလုပ်တော့ အလုပ်ရုံထဲက လူတိုင်းက သူ့ကို စိတ်ပျက်နေကြတာ။ ဒါပေမဲ့ သူကတော့ ဘာမှမသိဘဲ သူမရဲ့ မျက်နှာသာရဖို့ကိုပဲ အမြဲတမ်း ကြိုးစားနေခဲ့တာလေ။ နောက်တော့ ဒီသတင်းက သူ့အမေ နားထဲအထိ ရောက်သွားရော။ အစ်မကြီးဖန်က ပြန်ကြားရေးဌာနအထိ သွားပြီး ယွမ်ဟောက်ရွှယ်ကို ဆူပူကြိမ်းမောင်းတော့တာပဲ။ အဲဒီမှာတင် ရှီရှောင်ဝေက ချက်ချင်း ပြေးလာပြီး အလုပ်ရုံထဲမှာတင် သားအမိနှစ်ယောက် အပြင်းအထန် ရန်ဖြစ်ကြတော့တာပေါ့။ အစ်မကြီးဖန်ခမျာ ဒေါသထွက်လွန်းလို့ နှလုံးရပ်မတတ် ဖြစ်သွားခဲ့ရတယ်။ ငါကြားတာတော့ ရှီရှောင်ဝေက ယွမ်ဟောက်ရွှယ်ကို အများကြီး ကူညီပေးခဲ့ပြီး သူမအတွက် ပိုက်ဆံတွေလည်း အများကြီး အကုန်အကျ ခံခဲ့တယ်တဲ့။"

ချန်ချင်းယွီ : "ဘုရားရေ... ကျွန်မကတော့ ဒါတွေ လုံးဝ မကြားမိလိုက်ဘူး။"

"ညည်းတို့အိမ်က လူတွေက စက်ရုံမှာ အလုပ်မလုပ်ကြတော့တာ ကြာပြီဆိုတော့ ငါတို့လောက် သတင်းမစုံတာ သဘာဝကျပါတယ်အေ။"

ချန်ချင်းယွီ စိတ်ထဲ၌ တော်တော်လေး အံ့ဩမိရင်း ခေါင်းညိတ်လိုက်၏။

"ဒါနဲ့... သူမက ရှီရှောင်ဝေအပေါ် ဘယ်လိုသဘောထားရှိလို့လဲ။"

"မသိဘူးလေ။"

"ဘာကို မသိတာလဲအေ၊ ငါ့အမြင်ကတော့ သူမက သူ့ကို လုံးဝ သဘောမကျတာပဲ။"

"သူမက ရှောင်ထောင်းကို သဘောကျပြီး ရှီရှောင်ဝေကို မကြိုက်ဘူးပေါ့ ဟုတ်လား။ ရှောင်ထောင်းရဲ့ မိသားစုအခြေအနေက ရှီရှောင်ဝေတို့လောက် မပြည့်စုံဘူးလေ။"

"ညည်းကလည်း ဘာတွေ ပြောနေတာလဲအေ။ ရှောင်ထောင်းတို့မိသားစုက အရင်က ရှီရှောင်ဝေတို့ထက် ဆင်းရဲခဲ့တာ မှန်ပေမဲ့၊ အခုတော့ သူတို့ တော်တော်လေး အဆင်ပြေနေကြပြီ။ သူ့မိသားစုက တက်ကြွပြီး အလုပ်ကြိုးစားကြတော့ ဆင်းရဲမွဲတေတဲ့ ဘဝကနေ လွတ်မြောက်သွားကြပြီ။ ရှောင်ထောင်းကလည်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တော့ သူတို့ရဲ့ အခြေအနေက တဟုန်ထိုး တိုးတက်လာတာပေါ့အေ။ ရှီရှောင်ဝေရဲ့ ပုံမှန်အလုပ်အကိုင်ကို ကြည့်ပြီး အထင်မကြီးစမ်းပါနဲ့၊ သူ ရှာနိုင်တဲ့ ပိုက်ဆံက ရှောင်ထောင်း ရှာနိုင်သလောက် ဘယ်ရမလဲ။ ပြီးတော့ သူက ရှောင်ထောင်းလောက်လည်း ရုပ်မချောဘူး။ ရှောင်ထောင်းက အသက်လည်း ပိုငယ်တယ်၊ အဟမ်း... ပြီးတော့ အဲဒီကိစ္စဘက်မှာလည်း ရှီရှောင်ဝေထက် ပိုပြီး စွမ်းဆောင်နိုင်လိမ့်ဦးမယ်။ ဟောက်ရွှယ် စိတ်ဝင်စားသွားတာ မဆန်းပါဘူးအေ။"

"ဒါဆိုရင်တော့ ဟောက်ရွှယ်က အမြော်အမြင် မရှိတာပဲအေ။ ရှောင်ထောင်းက ပိုက်ဆံအများကြီး ရှာနိုင်တာ မှန်ပေမဲ့ ပုံမှန်အလုပ်မှ မဟုတ်တာ။ ဒီအလုပ်က ဘယ်အချိန်အထိ ဆက်လုပ်လို့ရမလဲ ဘယ်သူသိမှာလဲ။ အကယ်၍ မူဝါဒတွေ ပြောင်းလဲသွားရင် သူလည်း အလုပ်လက်မဲ့ ဖြစ်သွားမှာပေါ့။ ရှီရှောင်ဝေကတော့ စက်ရုံရဲ့ တရားဝင်အမြဲတမ်း ဝန်ထမ်းလေ။ သူမ တကယ်ကို အမြင်ကျဉ်းလွန်းတယ်။"

"ညည်းပြောတာလည်း ဟုတ်တာပေါ့အေ၊ ငါတို့တွေက အတွေ့အကြုံ နုပါသေးတယ်..."

ချန်ချင်းယွီသည် ၎င်းတို့၏ တိုးတိုးတိုးတိုး အတင်းပြောသံများကို နားထောင်ရင်း ဆူညံပွက်လောရိုက်နေသည့် မြင်ကွင်းကို ခဏမျှ စောင့်ကြည့်ပြီးနောက်မှ စိတ်မပါလက်ပါဖြင့် ပြန်လာခဲ့သည်။

ထူးဆန်းသော ကိစ္စရပ်များမှာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပျက်နေကျ ဖြစ်သော်လည်း၊ ယခုနှစ်တွင်မူ အထူးသဖြင့် သာ၍ ထူးဆန်းနေသကဲ့သို့ ရှိ၏။

သို့သော်လည်း သူမသည် အခြားသူများ၏ သုံးသပ်ချက်ကို သဘောမတူပေ။ သူမ၏ အမြင်အရ ယွမ်ဟောက်ရွှယ်သည် အမြင်ကျဉ်းလွန်းသူ မဟုတ်ချေ၊ ထို့ကြောင့်လည်း ရှီရှောင်ဝေကို သဘောမကျခြင်း ဖြစ်သည်။

ချန်ချင်းယွီသည် ယခင်၌ နွားကျလွန်းသူများအကြောင်းကို ကြားဖူးရုံသာ ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ မိမိမျက်စိဖြင့် တပ်အပ် မြင်တွေ့ခဲ့ရပြီ ဖြစ်၏။

ရှီရှောင်ဝေ ယွမ်ဟောက်ရွှယ်ကို သဘောကျနေသည်ကို သူမ အစောကတည်းက သိထားသော်လည်း၊ ယခုအခါတွင်မူ အခြေအနေမှာ ကွဲပြားသွားပြီ ဖြစ်သည်။ ၎င်းတို့၏ အလုပ်အကိုင်ကြောင့် ဖြစ်နိုင်သကဲ့သို့၊ ရှီရှောင်ဝေသည် သူမနောက်သို့ လိုက်ရာတွင် တကယ့်ကို အစွန်းရောက်နေခဲ့၏။ သူသည် သူမကို "ဟောက်ရွှယ်" ဟု တစ်ဖွဖွ ခေါ်လျက် နွားကျခံကာ လိုက်ပေးနေတတ်သည်။ အလွန်တရာ တန်ဖိုးကြီးလှသည့် ပစ္စည်းများ မဟုတ်​သော်ငြား… သူသည် မိမိပေးနိုင်သမျှ အရာအားလုံးကို တကယ်ပင် ပုံအောပေးနေခြင်း ဖြစ်၏။

ယွမ်ဟောက်ရွှယ်မှာမူ ထိုအရာအားလုံးကို လက်ခံသော်လည်း၊ သူ့အပေါ်၌မူ ဆက်လက်အေးစက်နေဆဲ ဖြစ်သည်။

သေချာပေါက် ထိုအေးစက်မှုမှာ အပေါ်ယံသာ ဖြစ်ပြီး၊ ကွယ်ရာတွင်မူ သူမ မည်သို့ ရှိနေမည်ကို မည်သူမျှ မသိနိုင်ချေ။

ယွမ်ဟောက်ရွှယ်သည် ကွယ်ရာ၌ ရှီရှောင်ဝေ၏ မျက်နှာသာပေးမှုကို တိတ်တဆိတ် ရယူထားခြင်းလည်း ဖြစ်နိုင်၏။

ချန်ချင်းယွီအနေဖြင့် ဤမျှအထိ သံသယဝင်ချင်လွန်း၍ မဟုတ်သော်လည်း၊ သူမသည် ၎င်းတို့နှင့် အကြိမ်အနည်းငယ် ဆုံတွေ့ခဲ့ဖူးသည်။ ပြင်ပလူများ ရှိနေချိန်တွင် ယွမ်ဟောက်ရွှယ်သည် ခပ်ခွာခွာနေပြီး အလွန်အမင်း အေးစက်ပြတတ်၏။ သို့သော် ဘေးတွင် လူမရှိသည့်အခါ၌မူ သူမသည် ရှီရှောင်ဝေကို အလွန်ပင် စည်းရုံးသိမ်းသွင်းနိုင်စွမ်း ရှိလှပေသည်။

ချန်ချင်းယွီသည် သက်ပြင်းတစ်ချက် ချရင်း ပြန်လာခဲ့သည်။

ဝင်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လီလင်းလင်းနှင့် ထိပ်တိုက် တိုး​လေ၏။

လီလင်းလင်း "ဟေး.." ဟု လန့်အော်လိုက်သည်။

နှစ်ဦးသား တိုက်မိလုနီးပါး ဖြစ်သွားခဲ့၏။

ချန်ချင်းယွီ အနောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ၊ လီလင်းလင်းမှာ…

"နင်ပဲကို။ လမ်းကို သေသေချာချာ ကြည့်လျှောက်ဦး"

ချန်ချင်းယွီ ရယ်မောလိုက်ပြီး

"နင်က ခေါင်းငုံ့ပြီး လမ်းလျှောက်လာလို့ တိုက်မိတော့မလို့ ဖြစ်တာလေ။ ငါက မျဉ်းဖြောင့်အတိုင်း လျှောက်လာတာ"

လီလင်းလင်းသည် နှုတ်ခမ်းကို မဲ့လိုက်ရင်း သိပ်မကျေမနပ် ဖြစ်သွားသော်လည်း၊ အလျင်အမြန်ပင်

"နှစ်ယောက်စလုံးမှာ အမှားရှိတာပေါ့"

ချန်ချင်းယွီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး လီလင်းလင်းကို ဂရုမစိုက်ဘဲ ကျော်သွားရန် ပြင်လိုက်၏။

လီလင်းလင်း : "နေပါဦး။"

ချန်ချင်းယွီ : "ဘာကိစ္စလဲ။"

လီလင်းလင်း နှုတ်ခမ်းကို ကိုက်လျက် ချန်ချင်းယွီကို သေသေချာချာ စိုက်ကြည့်ကာ

"နင် တောင်ပိုင်းကို ဘယ်တော့ သွားမှာလဲ"

ချန်ချင်းယွီ : "ဘာလုပ်ဖို့လဲ။"

လီလင်းလင်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး

"ဒီတစ်ခေါက် ငါလည်း တောင်ပိုင်းကို သွားမလို့လေ။ တို့တွေ အတူတူ သွားကြရင် မကောင်းဘူးလား။ အဖော်လည်း ရတာပေါ့၊ အချင်းချင်းလည်း ကူညီပေးလို့ရတယ်။ နင် ဘယ်လိုထင်လဲ။ နင်လို နုနုနယ်နယ် မိန်းကလေးတစ်ယောက်တည်းကြီး ခရီးသွားရတာ မလုံခြုံပါဘူး… ငါ့အကူအညီပါရင် ပိုပြီး အဆင်ပြေမှာပေါ့။ ငါက နင့်ဆီကနေ ကျေးဇူးတင်စကားတွေ အများကြီး မလိုချင်ပါဘူး၊ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရထားလက်မှတ်တစ်စောင်လောက် ဝယ်ပေးရင် ရပါပြီ"

ချန်ချင်းယွီသည် လီလင်းလင်း၏ စကားကြောင့် ရယ်ချင်စိတ် ဖြစ်သွားရသည်။ သူမသည် တကယ်ပင် သူမကိုယ်သူမ မည်သူဟု တွေးနေသနည်း။

၎င်းတို့ဝင်းထဲရှိ လူငယ်များထဲတွင် လီလင်းလင်းမှာ သူမ နားမလည်နိုင်ဆုံးသော လူတစ်ဦး ဖြစ်၏။ ရှီရှောင်ဝေပင်လျှင် အလုပ်ကောင်းကောင်းနှင့် လှပသော ဇနီးသည်ကို လက်ထပ်နိုင်ရန်အတွက် အလိုလိုက်နေခြင်း ဖြစ်သည်။ လီလင်းလင်းမှာမူ ဘာကို မျှော်လင့်နေခြင်းနည်း။ သူမတွင် ပိုက်ဆံလည်း မရှိ၊ အဆက်အသွယ်လည်း မရှိလျက်နှင့် အခြားသူများအတွက် စိတ်ရောကိုယ်ပါ အလုပ်အကျွေး ပြုနေခဲ့၏။

ယခုအခါ သူမပြောသော စကားများမှာ သာ၍ပင် အဓိပ္ပာယ်မရှိ ဒေါသထွက်စရာ ကောင်းလှပေသည်။

သူမနောက်သို့ လိုက်ချင်ရုံတင်မက၊ အကျိုးအမြတ်ပါ ရယူချင်နေသေးသည်။

ချန်ချင်းယွီ လီလင်းလင်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်ပြီးနောက်

"နင် ဘာတွေ စိတ်ကူးယဉ်နေတာလဲ။ နင့်ကို ခေါ်သွားပေးရဦးမယ်၊ ပြီးတော့ ငါကပဲ နင့်ကို ကျေးဇူးတင်ရဦးမယ် ဟုတ်လား။ အမှောင်တောင် သေသေချာချာ မကျသေးဘူး၊ ဘာလို့ ဒီလောက်တောင် အိပ်မက်မက်နေရတာလဲ။ ထားလိုက်ပါတော့၊ ငါ နင်နဲ့ အတူတူမသွားဘူး။ ငါ ကွမ်ကျိုးကို အကြိမ်ပေါင်းများစွာ သွားခဲ့ပြီးပြီ၊ ဘယ်သူ့ရဲ့ စောင့်ရှောက်မှုကိုမှ မလိုဘူး။ နင် စကားမပြောခင် ဦးနှောက်လေး ဘာလေး သုံးဦးမှပေါ့။ နင့်ရဲ့ ခေါင်းက အလှပြထားတာပဲလို့ လူတွေ ထင်ကုန်ပါဦးမယ်။"

ချန်ချင်းယွီသည် လုံးဝ ယဉ်ကျေးမနေတော့ပေ။

အကယ်၍ အခြားသူသာဆိုလျှင် ချန်ချင်းယွီသည် ဤမျှအထိ ပြတ်ပြတ်သားသား ပြောဆိုလိမ့်မည် မဟုတ်ချေ၊ အဓိကမှာ... လီလင်းလင်းသည် လူစကား နားမလည်သောကြောင့်တည်း။

အကယ်၍ မိမိသာ ကောင်းကောင်းမွန်မွန် ပြောဆိုမည်ဆိုပါက သူမသည် မိမိနောက်သို့ ဆက်လက်၍ ကပ်တွယ်နေပေလိမ့်မည်။ တကယ့် လင်စန်းရှင်း၏ သမီးပီသပါပေသည်၊ အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်၏။

"နင်က ဘာလို့ ဒီလို စကားပြောရတာလဲ။"

"ငါက ဒီလိုပဲ ပြောတတ်တာ၊ အခြား ဘယ်လိုပြောရဦးမှာလဲ။"

ချန်ချင်းယွီလည်း ယဉ်ကျေးမနေတော့ဘဲ ကိုယ့်အိမ်ကိုယ်သာ ပြန်လျှောက်လာခဲ့၏။

သို့သော်လည်း လီလင်းလင်း သူမနောက်သို့ တစ်ဖန် ထပ်မံ လိုက်လာပြန်ပြီး

"ငါက နင်ကောင်းဖို့အတွက် ပြောနေတာလေ၊ ဘာလို့ ကောင်းမွန်တဲ့ စေတနာကို နားမလည်ရတာလဲ။ နင် ပြီးခဲ့တဲ့ အကြိမ်အနည်းငယ်က ကံကောင်းခဲ့တာကို ငါသိပါတယ်၊ ဒါပေမဲ့ ဘယ်သူ့ရဲ့ ကံကမှ အမြဲတမ်း ကောင်းမနေနိုင်ဘူးလေ။ အကယ်၍ နင် ငါနဲ့ အတူတူသွားရင် လုံးဝ နစ်နာမှာ မဟုတ်ပါဘူး။ ထားလိုက်ပါတော့... နင် ငါ့ကို လက်မှတ် ဝယ်ပေးစရာ မလိုတော့ပါဘူး၊ အတူတူပဲ သွားကြရအောင်။ ငါ နည်းနည်း အနစ်နာခံရတာကို လက်ခံပါတယ်.."

ချန်ချင်းယွီ : "အော်။"

လီလင်းလင်း : "ငါ နင်နဲ့အတူ ရှိနေရင် ပိုလုံခြုံမှု ရှိတာပေါ့။"

ချန်ချင်းယွီ မဲ့ပြုံး ပြုံးလိုက်ရင်း

"ဘာလဲ... လူဆိုးတွေနဲ့ တွေ့ရင် နင်က ငါ့ရှေ့က မတ်တပ်ရပ်ပြီး ကာကွယ်ပေးမလို့လား။ လီလင်းလင်း... အဲဒီစကားကို နင်ကိုယ်တိုင်ကော ယုံရဲ့လား။ ငါ့ရဲ့ စိတ်ကောင်းစေတနာကို အခွင့်ကောင်းယူပြီး ငါ့နောက်ကို တကောက်ကောက် လိုက်မနေနဲ့။ ငါ့ကို တကယ်ပဲ အနိုင်ကျင့်ရလွယ်တယ် ထင်နေတာလား။ ငါ့လမ်းက ဖယ်စမ်း။"

လီလင်းလင်းသည် ထိုညမှ အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားသည်။ သူမ ချန်ချင်းယွီကို လှည့်စားရန် ကြိုးစားစဉ် ချန်ချင်းယွီ သူမကို ဖမ်းဆွဲကာ ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် ခြိမ်းခြောက်ခဲ့ဖူးလေ၏။

လီလင်းလင်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးနောက်

"နင် ဘာလုပ်မလို့လဲ။ ငါက ကူညီချင်ရုံသက်သက်ပါ"

ချန်ချင်းယွီ : "ကူညီချင်တာလား၊ မကူညီချင်တာလားဆိုတာ ကိုယ်တိုင် အသိဆုံး ဖြစ်လိမ့်မယ်။ လူတိုင်းကို လူအတွေလို့ လိုက်မတွေးနဲ့ဦး။ ညနင်ကိုယ်တိုင်က အူကြောင်ကြောင်နိုင်နေတာ၊ ဘယ်သူ့ကိုမှ လှည့်စားလို့ မရဘူး။ ငါ့ဆီကနေ အမြတ်ထုတ်ဖို့ စိတ်တောင်မကူးနဲ့။ ငါ နင့်ကို ခေါ်မသွားဘူး။ အကယ်၍ ငါ့ကို ဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင် ငါ့ယောက္ခမကို လှမ်းခေါ်လိုက်မယ်"

သေချာပေါက်ပင်၊ အဘွားကြီးကျောက်သည် ကြမ်းတမ်းခက်ထန်သော နေရာ၌ နာမည်ကျော်ကြားသူ ဖြစ်သဖြင့် လီလင်းလင်း ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး မကျေမနပ်ဖြင့်

"မသွားဘူးဆိုလည်း မသွားဘူးပေါ့၊ ဘာလို့ လူခေါ်နေရတာလဲ။ နင့်ကိုယ်နင် သုံးနှစ်အရွယ် ကလေးများ ထင်နေလား။ သူများကို မနိုင်ရင် မိဘကို လှမ်းတိုင်တတ်တဲ့ ကလေးကျနေတာပဲ"

ထိုသို့ ပြောဆိုခဲ့သော်လည်း သူမသည် အလျင်အမြန်ပင် အနောက်သို့ ဆုတ်သွားခဲ့၏။ သူမ ထွက်သွားပုံမှာ အလွန်ပင် လျင်မြန်လှပေသည်။

ချန်ချင်းယွီသည် ခပ်တိုးတိုး ရယ်မောလိုက်မိ၏။

"ရှောင်ချန်... ညည်းတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ"

ပိုင်ဖုန်းရှန်း လှမ်းမေးလိုက်သည်။

ချန်ချင်းယွီ : "လီလင်းလင်းက ကျွန်မကို တောင်ပိုင်းခရီးစဉ်အတွက် ပိုက်ဆံစိုက်ထုတ်ခိုင်းနေတာလေ၊ အဲဒါက ကျွန်မကို အဖော်ရှိစေမှာမို့လို့တဲ့။ သူမက ကျွန်မကို လူအများ အောက်မေ့နေလား မသိဘူး။ တကယ့်ကိုရူးကြောင်ကြောင်ပဲ၊ ဟူး..."

"လီလင်းလင်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး အတင့်ရဲလာတာပဲအေ။"

"သူမက တကယ်ကို ပျက်စီးသွားတာ။ အရင်တုန်းကတော့ အေးအေးဆေးဆေးနဲ့ အလုပ်ကြိုးစားတဲ့ မိန်းကလေးကောင်းလေးပါ။ အခုတော့ ဘာဖြစ်နေလဲ ကြည့်ဦး။ တခြားယောကျ်ားတွေကိုပဲ မျက်စိကျနေပြီး၊ အရှက်မရှိဘဲ သူများအတွက် အလကား အလုပ်အကျွေးပြုနေတယ်။ အခုတော့ ပိုပြီးအရှက်မရှိဘဲ သူများဆီကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေပြီ။"

"လီချန်ရွှမ်းနဲ့ လင်စန်းရှင်းတို့ကလည်း ဂရုမစိုက်ကြဘူးလေ။"

"သူတို့က ဘာလို့ ဂရုစိုက်ရမှာလဲ။ သူတို့ရဲ့ အာရုံအားလုံးက အခု သားဖြစ်သူဆီမှာပဲ ရှိတာကို။ ဒီသမီးကို ပစ်ထားကြတာ ကြာလှပြီ။"

"ကလေးက သူရဲ့ သားအရင်းလည်း မဟုတ်ဘဲနဲ့၊ ဒါက ဘာတွေလဲ မသိပါဘူး။ လင်စန်းရှင်းကလည်း တကယ့်ကို အူကြောင်ကြောင်ပဲ။"

"ဟေး... ဒါနဲ့ နေပါဦး၊ သူမ (လင်စန်းရှင်း) ကော ဘယ်ရောက်နေလဲ။"

"ကလေးက အအေးမိလို့ ဆေးရုံတက်နေရတာလေ၊ မဟုတ်ရင် လီလင်းလင်းတစ်ယောက် ဒီနေ့ ဘာလို့ ဒီလောက်တောင် ပျော်နေပါ့မလဲ။ မောင်လေးဖြစ်သူ နေမကောင်းဖြစ်နေတာကို လီလင်းလင်းကတော့ နှစ်သစ်ကူးနေသလိုမျိုး ပျော်နေတာ၊ တကယ့်ကို အသိတရား မရှိလိုက်တာ။ မိမိကို ထောက်ပံ့ပေးမယ့် မောင်လေးတစ်ယောက် ရှိနေတာကို သူမ သဘောမပေါက်ဘူးလားမသိဘူး။ လူကြီးသာ ဖြစ်နေတာ၊ တကယ့်ကို မရင့်ကျက်သေးဘူး။"

လူတိုင်း တစ်ဖန် ပြန်၍ တိုးတိုးတိုးတိုးဖြင့် အတင်းပြောကြပြန်သည်။ ချန်ချင်းယွီသည်လည်း သူမသိထားသော အတင်းအဖျင်းအချို့ကို မျှဝေသည့်အနေဖြင့် ခပ်တိုးတိုး ပြောလိုက်၏။

"ကျွန်မ စောစောက အိမ်သာသွားတုန်းက ဟောက်ရွှယ်က ရှောင်ထောင်းကို ရုပ်ရှင်ကြည့်ဖို့ လှမ်းဖိတ်နေတာ မြင်ခဲ့တယ်..."

အဒေါ်ကြီးမေ့၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားလေသည်။

ချန်ချင်းယွီ: "ရှောင်ထောင်းကတော့ သဘောမတူပါဘူး။"

"ဘုရားရေ..."

"သူတို့က တကယ်ကိုပဲ..."

လူတိုင်း တစီစီနှင့် ဆူညံပွက်လောရိုက်သွားကြသည်။ ချန်ချင်းယွီသည် မေးစေ့ကို လက်ဖြင့်ထောက်လျက် ထိုဆူညံမှုကို နားထောင်နေလိုက်၏။ ကောင်းပြီလေ... သူမက စပ်စုတတ်လွန်းလို့တော့ မဟုတ်ပါဘူး… သို့သော်လည်း ဤအကြောင်းကို ပြောနေကြသူများပြားလှသဖြင့် မနက်ဖြန်ဆိုလျှင် တစ်ရပ်ကွက်လုံး အနှံ့ ရောက်သွားတော့မည် ဖြစ်သည်။ ထို့ကြောင့် သူမကိုယ်တိုင် အရင်ဆုံး ပြောလိုက်ခြင်းမှာ ပို၍ ကောင်းပေသည်။

လူတိုင်း တိုးတိုးတိုးတိုးဖြင့် ပြောဆိုနေကြစဉ်၊ အစ်မကြီးဖန်၏ မျက်နှာမှာမူ မိမိသားဖြစ်သူ အစိမ်းလိုက် အနိုင်ကျင့်ခံလိုက်ရသည့်အလား အလွန်တရာ ကြည့်ရဆိုးနေခဲ့၏။

အစ်မကြီးဖန်၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖတ်နေသည်ဟုပင် ချန်ချင်းယွီ ခံစားလိုက်ရသည်။

ခဏမျှ နားထောင်ပြီးနောက်၊ အစ်မကြီးဖန်သည် ရုတ်တရက် ထရပ်ကာ သူမ၏ ထိုင်ခုံပုလေးကို ဆွဲပြီး အိမ်သို့ ပြန်သွား၏။ လတ်တလော၌ လူတိုင်းသည် ဒုတိယမြောက် ဝင်းအိမ်ထဲ၌ စုဝေးလေ့ရှိကြသည်၊ အဓိကမှာ ထိုနေရာတွင် တီဗီနှစ်လုံး ရှိနေသောကြောင့် ဖြစ်ပြီး၊ ၎င်းတို့ တီဗီမကြည့်ဖြစ်လျှင်ပင် ထိုဆူညံသံများကို နားထောင်နိုင်ကြ၏။

အမှန်၌ အလယ်ဝင်းအိမ်တွင်လည်း တီဗီနှစ်လုံး ရှိသော်လည်း၊ ထိုနေရာမှဆိုလျှင် အိမ်ရှေ့ဂိတ်တံခါးကြီးကို လှမ်းမမြင်ရချေ။

သို့ဖြစ်ရာ ဒုတိယမြောက် ဝင်းအိမ်မှာ လက်ရှိ၌ ၎င်းတို့၏ ဆုံမှတ် ဖြစ်နေခဲ့သည်။

အစ်မကြီးဖန်သည် အိမ်သို့ ခပ်သုတ်သုတ် ပြန်သွားပြီး တံခါးကို ဒုန်းခနဲ ဆောင့်ပိတ်လိုက်၏။

အဘွားကြီးဟွမ် နှာခေါင်းရှုံ့လျက်

"ဘယ်သူ့ကို လာပြီး မာန်ခုတ်နေတာလဲ။ ဘာတွေ ဟန်ဆောင်နေတာလဲမသိဘူး"

"ဟောက်ရွှယ်ကြောင့်မို့လို့ နေမှာပေါ့၊ ဟုတ်တယ်မလား။"

လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။

နားလည်သွားပါပြီ၊ ကောင်းကောင်းကြီး နားလည်သွားကြပါပြီ…

မည်သူမျှ ဘာမှ ထပ်မပြောရသေးခင်မှာပင် အခန်းထဲမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့၏။

"လျှောက်ပြီး စကားမများကြနဲ့။ ဟောက်ရွှယ်ရဲ့ သိက္ခာကို လာပြီး မဖျက်ဆီးကြနဲ့ဦး။ ခင်များတို့အားလုံးက မနာလိုဖြစ်နေကြတာ။ ကိုယ်က သူမလောက် မတော်တော့၊ သူမကို မနာလိုဖြစ်ပြီး ကွယ်ရာမှာ မကောင်းပြောနေကြတာ။ ခင်များတို့ထဲက တစ်ယောက်မှ လူကောင်း မဟုတ်ဘူး။"

"ငါပြောမယ်နော်၊ အဲဒီလို မဟုတ်..."

"ကျုပ်နားမထောင်ဘူး။ နားမထောင်ဘူး။ ခင်များတို့အားလုံး မနာလိုဖြစ်နေကြတာသက်သက်ပဲ။"

ရှီရှောင်ဝေသည် အခန်းထဲမှ ဝုန်းဒိုင်းကြဲ ထွက်လာပြီး၊ အတင်းပြောနေကြသော အမျိုးသမီးများကို တံတွေးဖြင့် ထွေးကာ ဆဲရေးတိုင်းထွာလိုက်၏။

"တကယ့်ကို လျှာရှည်တဲ့ မိန်းမတွေ"

ထို့နောက် သူသည် အပြင်သို့ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။

သူသည် ဟောက်ရွှယ်ကို သွားရှာခြင်း ဖြစ်ပေလိမ့်မည်။

"တောက်... ငါ စိတ်တိုလိုက်တာ၊ ဒီကောင်စုတ်လေးကို ပါးရိုက်သတ်မိတော့မယ်..."

"ဒီလို အရှက်မရှိတဲ့ ကောင်မျိုးကတော့ မိန်းမမရတာ မဆန်းပါဘူးအေ..."

"သူ အခုထိ လူပျိုကြီး ဖြစ်နေတာလည်း မဆန်းတော့ဘူးပေါ့။"

အားလုံး ညည်းညူ ဆဲဆိုလိုက်ကြသည်။

ချန်ချင်းယွီ မျက်လုံးကို အပေါ်ပင့်လိုက်မိပြီး ဆွံ့အသွားရ၏။ သူမ ခဏမျှ ထပ်ထိုင်နေပြီးနောက်မှ အိမ်သို့ ပြန်ခဲ့တော့သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ နှစ်ဦးစလုံး အိမ်၌ စာကျက်နေကြ၏။ ၎င်းတို့၏ အတန်းတင်စာမေးပွဲ မကြာမီ ရောက်ရှိတော့မည်။ ၎င်းတို့သည် မူလတန်းကျောင်းသားလေးများသာ ဖြစ်သော်လည်း၊ ကျောင်းဆင်းပြီးနောက် အိမ်၌ စာအတော်ကြာ လေ့လာကြသည်။ ကလေးနှစ်ဦးသည် စားပွဲခုံ၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြပြီး၊ ၎င်းတို့ဘေး၌ လျှပ်စစ်ပန်ကာလေးမှာ ခေါင်းရမ်းနေလျက် ရှိကာ၊ စားပွဲတင်မီးအိမ်နှင့် အခန်းမျက်နှာကျက်မီးလုံး နှစ်ခုစလုံးကို ဖွင့်ထား၏။

မိမိတို့၏ အိမ်ကို ပြုပြင်မွမ်းမံခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ရာ၊ အစောပိုင်းကဲ့သို့ သစ်လွင်မနေတော့ဘဲ ယခုအခါ အနည်းငယ် ရှုပ်ပွနေသော်လည်း၊ ပို၍ လူနေအိမ်နှင့်တူသော နွေးထွေးမှုကို ပေးစွမ်းသည်။ မိမိတို့၏အိမ်သည် တိုက်ခန်းတွဲများကဲ့သို့ သက်တောင့်သက်သာ မရှိသော်ငြား… ချန်ချင်းယွီသည် ဤသို့သော အိမ်မျိုး၏ ရိုးရှင်းဆန်းပြားသော နွေးထွေးမှုကို သဘောကျဆဲ ဖြစ်၏။

ပြတင်းပေါက်အပြင်ဘက်တွင်မူ မှောင်ရီပျိုးစပြုနေပြီဖြစ်ရာ၊ ပုစဉ်းရင်ကွဲကောင်များ၏ အော်သံသည် လေထုထဲ၌ ပြည့်နှက်နေသည်။

ချန်ချင်းယွီ : "မောရင် ခဏနားကြဦးလေ။"

"မမောပါဘူး မေမေ။ ဒီနေ့ ကျောင်းမှာ သန့်ရှင်းရေးလုပ်ရလို့ နောက်ကျသွားတာ၊ မဟုတ်ရင် စောစောကတည်းက ပြီးနေပါပြီ"

ရှောင်ယွမ် သွက်လက်စွာ ပြောလိုက်သည်။

ချန်ချင်းယွီ ပြုံးလိုက်၏။

"မေမေ... အိမ်မှာ ဖရဲသီး ကျန်သေးလားဟင်"

ရှောင်ယွမ် မျက်နှာလေး ဝင်းပလျက် လှမ်းမေးသည်။

သူမ ဖရဲသီး တော်တော်လေး စားချင်နေပုံရ၏။

ချန်ချင်းယွီ : "မကျန်တော့ဘူးသမီးရဲ့။ စားချင်လို့လား၊ ခဏစောင့်ဦးနော်၊ မေမေ သွားဝယ်ပေးမယ်"

ရှောင်ကျား ကောင်းကင်ယံကို လှမ်းကြည့်ပြီး ခေါင်းခါပြကာ

"မလိုတော့ပါဘူး မေမေ၊ မနက်ဖြန်မှပဲ ဝယ်စားကြတာပေါ့"

ချန်ချင်းယွီ : "ရပါတယ်၊ မေမေ ဘယ်မှာဝယ်ရမလဲ သိတယ်။ အကယ်၍ ဆိုင်ပိတ်သွားရင်တောင် လမ်းလျှောက်ထွက်တယ်လို့ပဲ သဘောထားလိုက်တာပေါ့"

"ဒါဆို သမီးတို့လည်း လိုက်ခဲ့မယ်လေ။ မေမေ တစ်ယောက်တည်း သွားရတာ စိတ်မချလို့ပါ။"

ချန်ချင်းယွီ ပြုံးလိုက်မိကာ

"မေမေက ကျားတစ်ကောင်ကိုတောင် လက်သီးတစ်ချက်တည်းနဲ့ လဲအောင် ထိုးနိုင်တာပဲဟာ၊ အဆင်ပြေပါတယ်။ သမီးတို့ အိမ်မှာပဲ နေခဲ့ကြနော်"

သူမ တစ်ဦးတည်း ထွက်လာခဲ့သည်။

အဘွားကြီးကျောက် လှမ်းမေးလိုက်ကာ

"ညည်း ဘာလို့ အပြင်ပြန်ထွက်လာတာလဲ"

ချန်ချင်းယွီ : "ကလေးတွေအတွက်

ဖရဲသီး သွားဝယ်မလို့ပါ အမေ”

အဘွားကြီးဟွမ် နှုတ်ခမ်းကို မဲ့လိုက်ရင်း

"ညည်းကတော့ ကလေးတွေကို အလိုလိုက်လွန်းပါတယ်အေ"

ချန်ချင်းယွီ : "သူတို့က ကျွန်မရဲ့ ကလေးအရင်းတွေပဲဟာ၊ သေချာပေါက် ကောင်းကောင်းမွန်မွန် ထားရမှာပေါ့။ ဖရဲသီးတစ်လုံး တောင်းတာက ရွှေတုံးတောင်းတာမှ မဟုတ်တာ၊ ဘာမှမဟုတ်တဲ့ အရာပဲဥစ္စာ"

ထိုသို့ ပြောပြီးနောက် သူမ တစ်ဦးတည်း ထွက်သွားလေ၏။

အဘွားကြီးဟွမ် : "သူမကတော့ တကယ်ကို ရဲတင်းတာပဲ။"

အဘွားကြီးကျောက် အဘွားကြီးဟွမ်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။

'ဒီလူအမကြီး၊ သူမက လူကို လာမရိုက်တာတင်ပဲ ကံကောင်းလှပြီ'

အဘွားကြီးကျောက် : "ကဲ... ဆက်ပြောကြဦး၊ ဆက်ပြောကြဦး၊ ဟေး... ညည်းတို့ ခုနက ဘာပြောနေကြတာလဲ..."

ချန်ချင်းယွီ တစ်ဦးတည်း ထွက်လာခဲ့ရင်း လီလင်းလင်းအကြောင်းကို လှည့်ပတ်စဉ်းစားနေမိသည်။ ဤမိန်းကလေး လီလင်းလင်းသည် သူမနှင့်အတူ လိုက်ချင်နေခြင်းမှာ ရထားလက်မှတ်ဖိုး သက်သာချင်ရုံတင်မကဘဲ၊ ချန်ချင်းယွီ ဘယ်နေရာကနေ ကုန်ပစ္စည်းတွေ ယူလဲဆိုတာကိုပါ စုံစမ်းချင်နေ၍ ဖြစ်ရမည်။

ပြီးခဲ့သည့် အကြိမ်အနည်းငယ်၌မူ ချန်ချင်းယွီ စက်ရုံသို့ တိုက်ရိုက်သွား၍ ကုန်ပစ္စည်းများ ဝယ်ယူခဲ့ခြင်း ဖြစ်၏။ သူမသည် ဆိုင်အတော်များများသို့ သွားရောက်လေ့လာပြီးနောက် ဈေးနှုန်းအသင့်တင့်ဆုံး ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့သည်။

ယခင် သူမဝယ်ယူသည့် ပမာဏ မများပြားသေးစဉ် လက်ကားဈေးကွက်သို့ သွားခဲ့သော်လည်း၊ ယခုအခါ ပမာဏအများအပြား ဝယ်ယူနိုင်ပြီဖြစ်ရာ ပိုက်ဆံသက်သာစေရန် စက်ရုံသို့ တိုက်ရိုက်သွားခြင်းက သဘာဝကျပေသည်။ ယွမ်ဟောက်ဖုန်းအနေဖြင့် တစ်စုံတစ်ခုကို ရိပ်မိနေလိမ့်မည်ဟု သူမ ခန့်မှန်းမိ၏။

ယွမ်ဟောက်ဖုန်းသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း တကယ့်ကို ကောက်ကျစ်စဉ်းလဲသူ ဖြစ်သည်။

ထိုစဉ် ယွီမေကျွမ်း ပြောခဲ့သော စကားအချို့ကြောင့် သူသည် သူမနောက်သို့ တကောက်ကောက် လိုက်ခဲ့ဖူးသည်ကို သူမ မှတ်မိနေသေး၏။

ဤယောကျ်ားသည် အတော်လေး အကွက်များသူ ဖြစ်သည်။

ချန်ချင်းယွီသည် စောစောပိုင်း၌ ယွမ်ဟောက်ရွှယ်တစ်ယောက် ရှောင်ထောင်းကို လိုက်ရှာနေသည့် ကိစ္စကို ရုတ်တရက် သတိရသွား၏။

ယွမ်ဟောက်ရွှယ်သည်လည်း ဖရုံစေ့များ ဝယ်ယူရောင်းချသည့် ကိစ္စကို စုံစမ်းနေခြင်းများ ဖြစ်နေသည်လော့။

မည်သူသိနိုင်မည်နည်း။

သူတို့မိသားစုကတော့... တောက် တောက်..

ချန်ချင်းယွီသည် လမ်းကြားလေးတစ်ခုထဲသို့ တစ်ဦးတည်း ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ကျေးလက်တောရွာရှိ ဆွေမျိုးများထံမှတစ်ဆင့် ဖရဲသီးများ လာရောက်ကူညီရောင်းချပေးနေသည့် မိသားစုတစ်စု ရှိ၏။ ဈေးနှုန်းလည်း ချိုသာပြီး လူအများအပြား လာရောက်ဝယ်ယူကြသဖြင့် ဤရပ်ကွက်ထဲရှိ လူတိုင်း ၎င်းတို့အကြောင်းကို သိကြသည်။ ရာသီဥတု အလွန်ပူပြင်းလှသဖြင့် ဖရဲသီးအေးအေးလေး စားရခြင်းမှာ အကောင်းဆုံး ဇိမ်တစ်ခု ဖြစ်ပေ၏။

ချန်ချင်းယွီ ရောက်သွားသည့်အချိန်တွင် လီလင်းလင်းနှင့် ထပ်မံ၍ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လိုက်ရပြန်သည်။

ကမ္ဘာကြီးက တကယ်ပဲ ကျဉ်းမြောင်းလွန်းပါဘိ…

ယခုအခါ မှောင်နေပြီဖြစ်ရာ လီလင်းလင်းသည် ချန်ချင်းယွီကို မမြင်မိချေ။ သူမသည် ဖရဲသီးတစ်လုံးကို ပွေ့လျက် ရှေ့မှနေ၍ ပျော်ရွှင်စွာ လျှောက်လှမ်းသွားနေသည်။ သူမနှင့် ချန်ချင်းယွီ တိုက်ရိုက်မဆုံမိကြပေ။

ချန်ချင်းယွီ : "ဆိုင်ရှင်... ကျွန်မကို နှစ်လုံးပေးပါ။ အကြီးဆုံးနဲ့ အချိုဆုံးဟာလေးတွေ ရွေးပေးနော်"

"ကောင်းပါပြီ။"

ချန်ချင်းယွီသည် အလျင်အမြန်ပင် နှစ်လုံး ဝယ်ယူလိုက်သည်။ တော်တော်လေး လေးလံလှသော်လည်း သူမအတွက်မူ ဘာမှမဟုတ်ချေ။

သူမနှင့် လီလင်းလင်းတို့သည် ရှေ့ဆင့်နောက်ဆင့် ပြန်လာခဲ့ကြသည်။ လီလင်းလင်းသည် လူအားလုံးကို ရှောင်ကွင်းကာ အလယ်ဝင်းအိမ်သို့ တန်းတန်းမတ်မတ် သွားရောက်လိုက်ပြီး

"အစ်ကိုဟောက်ဖုန်း... အစ်ကိုဟောက်ဖုန်း... ကျွန်မ ဖရဲသီး ဝယ်လာတယ်ရှင်"

ဝင်းထဲရှိ အဖွားအိုကြီးမှာလည်း သွားဖြဲနားဖြဲဖြင့် အလွန်ပင် ပြုံးပျော်နေခဲ့သည်။

ချန်ချင်းယွီက အိမ်ထဲသို့ ဝင်လာပြီး

"ဖရဲသီး စားကြရအောင်"

"ဟေး..."

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ချက်ချင်းပင် ပြေးလာကြတော့သည်။

ယခုခေတ်ကာလ၏ ဘဝနေထိုင်မှုမှာ ဤသို့ပင် ဖြစ်သည်၊ မည်သူမျှ ပိုက်ဆံကို လက်ဖွာနိုင်လောက်အောင်အထိ ချမ်းသာကြွယ်ဝခြင်း မရှိကြချေ။ လူတိုင်း မိမိတို့ဘာသာ ရုန်းကန်လှုပ်ရှားကာ ဝမ်းရေးကို ဖြေရှင်းနေကြရ၏။

အဘွားကြီးဝမ် ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ မနာလိုဖြစ်ကာ ရွဲ့စောင်းပြောဆိုလိုက်သည်။

"ဒီကလေးစုတ်လေးက ဘာကောင်းလို့လဲ"

အဘွားကြီးကျောက်၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားပြီး ပြန်လည်ဟောက်လိုက်လေသည်။

"ညည်း စကားကို ကောင်းကောင်းမွန်မွန် မပြောတတ်ဘူးလား။ မပြောတတ်ရင် ပါးစပ်ပိတ်ထားစမ်း။ ငါ့ကလေးကို ငါဘယ်လိုပဲ ပြုစုပျိုးထောင်ပါစေ ညည်းနဲ့ ဘာဆိုင်လို့လဲ။ ညည်းတို့မိသားစုက သမီးကို ပစ်ထားချင်ထားမယ်၊ ငါတို့မိသားစုကတော့ မတူဘူး"

အဘွားကြီးဝမ်လည်း ပြန်လည်ခြေပကာ

"မိန်းကလေးတွေဆိုတာ အပြင်လူ ဖြစ်သွားကြတာပဲဥစ္စာ။ ငါ့ရဲ့ နာ့နာကို ငါအများကြီး ကောင်းခဲ့တာလေ။ ဒါပေမဲ့ သူမ ဘာလုပ်ခဲ့လဲ။ သူမအမေနောက်ကို လိုက်သွားတာလေ။ ငါက သူမကို အချစ်ဆုံးပဲဟာကို။ တကယ့်ကို ကျေးဇူးမသိတဲ့ ကောင်မလေး၊ သွားတာ ဒီလောက်ကြာနေပြီ ဖြစ်တာကို နှစ်သစ်ကူးမှပဲ တစ်ခေါက်ပြန်လာတယ်၊ တကယ့် နှလုံးသားမရှိတဲ့ ကောင်မလေးပဲ"

အဘွားကြီးကျောက် : "နေပါဦး... ညည်းက သူမအပေါ် ကောင်းခဲ့တယ် ဟုတ်လား။ သူမကို ထမင်းကျွေးခဲ့ဖူးလို့လား၊ ပစ္စည်းတစ်ခုခု ပေးခဲ့ဖူးလို့လား။ ညည်းက သားအမိနှစ်ယောက်ကြားထဲမှာ အမြဲတမ်း ရန်တိုက်ပေးဖို့ပဲ ကြိုးစားနေခဲ့တာလေ။ အခု သူမအမေနောက် လိုက်သွားတော့မှ သူတို့ရဲ့ ဆက်ဆံရေးက ပိုကောင်းလာတာ။ ငါကတော့ အဲဒါ တကယ့်ကို ကောင်းတယ်လို့ မြင်တယ်"

"ညည်း....."

အဘွားကြီးကျောက် : "ဟွန်း... ဘာလဲ၊ ရန်ဖြစ်ချင်လို့လား"

"ငါ ညည်းနဲ့ စကားအရှည်မပြောချင်ဘူး။"

"မြင်ကြရဲ့လား... တကယ့် လူအ အစုပဲ.."

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ဖရဲသီးတစ်ခြမ်းစီကို ကိုင်လျက် တံခါးဝတွင် ဆောင့်ကြောင့်ထိုင်ကာ ဖရဲသီးစားရင်း ထိုဆူညံမှုကို စပ်စုကြည့်ရှုနေကြသည်။ ၎င်းတို့ တစီစီဖြင့် စကားပြောနေကြစဉ်၊ ချန်ချင်းယွီသည် ရှောင်ကျား၏ အခန်းထဲသို့ ဝင်သွားကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေပြီ ဖြစ်သည်။ မည်သူမျှ သတိမထားမိခိုက်ကို အခွင့်ကောင်းယူ၍ သူမသည် ပြတင်းပေါက်ကို ကျော်ကာ နံရံထောင့်မှတစ်ဆင့် အမိုးပေါ်သို့ တွားတက်သွားလိုက်၏။

ချန်ချင်းယွီ အမိုးအကာ အုတ်ကြွပ်ပြားများပေါ်သို့ ခြေချရင်း အတင်းချောင်းနားထောင်ရန်အတွက် ယွမ်မိသားစုအိမ်၏ အမိုးပေါ်သို့ ရောက်ရှိလာခဲ့သည်။

သူမသည် ယွမ်ဟောက်ဖုန်းနှင့် လီလင်းလင်းတို့၏ ရှုပ်ထွေးလှသော ကိစ္စရပ်များကို စိတ်ဝင်စား၍ မဟုတ်ဘဲ၊ လီလင်းလင်းသည် သူမထံသို့ အဘယ်ကြောင့် ချဉ်းကပ်လာရသနည်းဟူသော အချက်ကို သိရှိလိုခြင်း ဖြစ်၏။ သူမတွင် အချို့သော ခန့်မှန်းချက်များ ရှိနေသော်လည်း ထပ်မံ၍ အတည်ပြုလိုသေးသည်။

အိမ်၏ အရှေ့ဘက်နှင့် အနောက်ဘက် နှစ်ခုစလုံးတွင် ပြတင်းပေါက်များ ရှိနေခြင်းမှာ ကိစ္စရပ်များကို သာ၍ လွယ်ကူစေသည်၊ အထူးသဖြင့် လူတိုင်း ဒုတိယနှင့် စတုတ္ထမြောက် ဝင်းအိမ်များတွင် စုဝေးနေကြသော ညနေခင်းအချိန်အခါမျိုး၌ ဖြစ်သည်။

အမျိုးသမီးများမှာ ဒုတိယဝင်းအိမ်၌ ရှိနေကြပြီး၊ အမျိုးသားများမှာမူ ဝမ်တာ့ချွေ၏ အိမ်အနီးရှိ စတုတ္ထဝင်းအိမ်၌ ရှိနေကြ၏။ ဝမ်တာ့ချွေသည် အိမ်တံခါးပြင်ပတွင် လျှပ်စစ်မီးသီးတစ်လုံး တပ်ဆင်ထားသဖြင့် အမျိုးသားများသည် ထိုမီးရောင်အောက်တွင် ပျော်ရွှင်စွာ စုဝေးနေကြခြင်း ဖြစ်သည်။ ဝမ်တာ့ချွေလည်း လျှပ်စစ်မီတာခကို သိပ်ပြီး ဂရုမစိုက်ချေ။ ထိုနေရာသည် ၎င်းတို့၏ ပုန်းခိုရာနေရာ ဖြစ်လာခဲ့၏။ သို့ဖြစ်ရာ အလယ်ဝင်းအိမ်မှာ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။

ချန်ချင်းယွီသည် ယွမ်မိသားစုအိမ်၏ အမိုးပေါ်တွင် ဝပ်နေလိုက်၏။

အထဲတွင်မူ ယွမ်ဟောက်ဖုန်းနှင့် လီလင်းလင်းတို့သည် အမောတကောဖြင့် အသက်ပြင်းပြင်း ရှူရှိုက်ကာ လှုပ်ရှားနေကြသည်။

ချန်ချင်းယွီ : "..."

နင်တို့နှစ်ယောက်ကတော့ တကယ်ကို ကြိုးစားလွန်းကြဘူးလား…

"ဒီလောက် ပူပြင်းလှတဲ့ ရာသီဥတုမှာ... ညည်းတို့... အပူလျှပ်မှာကို မကြောက်ကြဘူးလား။"

ချန်ချင်းယွီ တကယ်ကို ဆွံ့အသွားရသည်။

၎င်းတို့သည် ဤကိစ္စရပ်အပေါ်၌ တကယ်ပင် ရူးသွပ်ကြပေ၏။

သို့သော်လည်း ယွမ်ဟောက်ဖုန်းနှင့် လီလင်းလင်းတို့သည် အလျင်အမြန်ပင် ပြီးမြောက်သွားကြပြီး အချင်းချင်း ပွေ့ဖက်နေကြသည်။ လီလင်းလင်း ထိုင်လိုက်ရင်း

"ကျွန်မ သွားပြီး ဖရဲသီးလှီးလိုက်ဦးမယ်"

ယွမ်ဟောက်ဖုန်း သူမကို ဆွဲထားကာ

"မလောပါနဲ့ဦး၊ ငါ့ဘေးမှာ ခဏလောက် ထပ်လှဲနေပါဦး"

လီလင်းလင်း : "အစ်ကို့မိန်းမ ပြန်လာမှာကို မကြောက်ဘူးလား။"

"သူမက သူမမိဘတွေအိမ်ကို သွားတာလေ။"

ယွမ်ဟောက်ဖုန်း : "ဒီလိုမျိုး ကြုံတောင့်ကြုံခဲ အခွင့်အရေးရှိတုန်း ငါ့ဘေးမှာ ခဏလောက် ထပ်လှဲနေပါ။ မဟုတ်ရင် အဲ့မိန်းမစုတ် ပြန်လာတဲ့အခါ တို့တွေ တစ်ခါပြန်ပြီး ခွဲခွာနေကြရဦးမှာ။"

လီလင်းလင်း သက်ပြင်းချလျက်

"တို့နှစ်ယောက် အတူတူရှိဖို့ ဘာလို့ ဒီလောက်တောင် ခက်ခဲရတာလဲ။ ရှင် ဘယ်တော့ ကွာရှင်းမှာလဲ"

"တို့မှာ ပိုက်ဆံအလုံအလောက် မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ကွာရှင်းလို့ရမှာလဲ။"

ယွမ်ဟောက်ဖုန်းလည်း သက်ပြင်းချရင်း

“ယွမ်တစ်သောင်းလောက် စုမိဖို့ဆိုတာ ဘယ်လိုလုပ်ပြီး လွယ်ကူပါ့မလဲ။ ယွမ်တစ်သောင်းတတ်နိုင်တဲ့ အိမ်ထောင်စု ဖြစ်လာဖို့ဆိုတာ မလွယ်ကူဘူးအေ"

လီလင်းလင်းလည်း သက်ပြင်းချလျက်

"ဟုတ်ပါရဲ့... အစ်ကိုဟောက်ဖုန်း၊ သူမဆီကနေ ပိုက်ဆံချေးဖို့ ကိစ္စကို ဘယ်လိုထင်လဲ။ ကျွန်မအမြင်ကတော့ ချန်ချင်းယွီနဲ့ ချိုက်မင်မင်တို့က တော်တော်လေး ချမ်းသာကြတယ်။ တို့တွေ သူတို့ဆီကနေ ပိုက်ဆံ အရင်ချေးပြီး၊ ကွမ်ထင်းထင်းကို ပေးလိုက်ရင် အစ်ကို့ကို လွှတ်ပေးမှာပဲ၊ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ဆပ်ကြတာပေါ့၊ ဘယ်လိုလဲဟင်"

"ငါကော မချေးချင်ဘဲ နေမလား။ ဒါပေမဲ့ ပိုက်ဆံချေးဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူးလေ။ သူတို့က ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းလည်း သိတာပဲ။ သူတို့က ပိုက်ဆံချေးဖို့ လုံးဝ သဘောတူမှာ မဟုတ်ဘူး။"

ယွမ်ဟောက်ဖုန်း မဲ့ပြုံး ပြုံးလိုက်ရင်း

"သူတို့အားလုံးက တကယ့်ကို အတ္တကြီးကြတာ၊ လူကောင်းတွေ လုံးဝ မဟုတ်ဘူး"

"ဟုတ်တယ်… အဲဒါ အမှန်ပဲ။ ကျွန်မ ဒီနေ့ ချန်ချင်းယွီကို သွားတွေ့သေးတယ်၊ ဒါပေမဲ့ သူမက ကျွန်မကို ခေါ်မသွားဘူး။ အားလုံးက ဝင်းတစ်ခုတည်းက လူတွေဖြစ်တာကို လူတွေရဲ့ ကျင့်ဝတ်က ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ မသိဘူး။ သူမက တကယ့်ကို အတ္တကြီးတာ။ သူမထက် အတ္တကြီးတဲ့သူ တစ်ခါမျှ မမြင်ဖူးဘူး။"

ယွမ်ဟောက်ဖုန်း : "ငါ ခန့်မှန်းမိသားပါ။ သူမ ပြီးခဲ့တဲ့အကြိမ်တုန်းက ငါတို့ကို တမင် ပစ်ထားခဲ့တာလေ။ အမှန်အတိုင်းပြောရရင် ပိုက်ဆံရှာတာက ကုန်ဆုံးတယ်လို့ မရှိပါဘူး၊ သူမက စည်းစိမ်ဥစ္စာကို မျှဝေခံစားရမယ့် သဘောတရားကို လုံးဝ နားမလည်တာ။ တကယ့်ကို အတ္တကြီးလွန်းတယ်။"

ထိုနှစ်ဦးစလုံးသည် ချန်ချင်းယွီ၏ ကွယ်ရာတွင် သူမအကြောင်းကို အတင်းပြောနေကြခြင်း ဖြစ်၏။ အပေါ်မှ အတင်းချောင်းနားထောင်နေသော ချန်ချင်းယွီကိုယ်တိုင်မှာမူ: "..."

ငါ လူကို လာရိုက်တော့မယ်၊ ယုံလား မယုံဘူးလား..

"သူမက ကျွန်မကို ခေါ်မသွားဘူးဆိုတော့ တို့တွေ ဘာလုပ်ကြမလဲ။ သူမက တို့တွေထက် ပိုပြီး ဈေးသက်သက်သာသာနဲ့ ကုန်ပစ္စည်းတွေ ရတာလို့ အစ်ကိုပြောဖူးတယ်မဟုတ်လား။ တို့တွေ သူမနောက်ကို လိုက်သွားလို့ မရဘူးလား။"

ယွမ်ဟောက်ဖုန်း : "ပြီးခဲ့တဲ့အကြိမ်တုန်းက ငါတို့တွေ ပစ်ထားခြင်း ခံခဲ့ရတယ်လေ။"

"အတ္တကြီးလိုက်တာ၊ အတ္တကြီးလိုက်တာ၊ အတ္တကြီးလိုက်တာ.. အဲ့မိန်းမယုတ်က တကယ့်ကို အတ္တကြီးလွန်းတယ်.."

လီလင်းလင်းသည် ဒေါသတကြီးဖြင့် ကုတင်ကို တဒုန်းဒုန်း ထုရိုက်လိုက်တော့သည်။

ယွမ်ဟောက်ဖုန်း တည်တည်ငြိမ်ငြိမ်ဖြင့်

"ပုံမှန်နေ့တွေမှာ မသိသာစေနဲ့၊ ဒါပေမဲ့ လိုအပ်တဲ့အချိန်ကျရင်တော့ ရင်းရင်းနှီးနှီး ဆက်ဆံလိုက်။ ဟန်ဆောင်ရုံသက်သက်ပေါ့၊ ချန်ချင်းယွီကို ကြည့်ဦး၊ သူမက သူရဲဘောကြောင်တတ်ပေမဲ့ တကယ့်ကို ကံကောင်းတဲ့သူ။ စီးပွားရေးလုပ်တဲ့နေရာမှာလည်း တော်တယ်၊ ပထမအကြိမ်အနည်းငယ်တုန်းက တော်တော်လေး အဆင်ပြေခဲ့တာပဲ။ တို့တွေ သူမနဲ့ သာ၍ ရင်းနှီးအောင် လုပ်နိုင်ရင် သူမဆီကနေ ပညာရပ်အချို့ သင်ယူလို့ရနိုင်တယ်။ သူမမှာ ပိုက်ဆံရှာနိုင်တဲ့ ပါရမီရှိတယ်။ တို့တွေ သူမဆီကနေ သင်ယူနိုင်ရင် ချမ်းသာလာနိုင်တယ်"

လီလင်းလင်း : "ကျွန်မလည်း သူမဆီကနေ သင်ယူချင်တာပေါ့၊ ဒါပေမဲ့ သူမက အရမ်းကို သတိကြီးတာ... အော်... ဒါနဲ့ နေပါဦး၊ သူမက ရှောင်ထောက်နဲ့ လက်မှတ်တွေ ခဏခဏ လဲလှယ်တတ်တယ်လို့ အစ်ကို ပြောဖူးတယ်မဟုတ်လား။ သူမ လက်မှတ်လဲပြီးတိုင်း တစ်ခုခု ဝယ်တတ်တယ်နော်။ သူမ ဘာတွေဝယ်လဲဆိုတာ ကျွန်မ တကယ်ပဲ သိချင်မိတယ်။ အဲဒါက ပိုက်ဆံရှာလို့ရတဲ့ အရာများလား။ သူမက ဘယ်လိုလက်မှတ်မျိုးတွေ လဲပြီး ဘာတွေဝယ်တာလဲ။ စုံစမ်းလို့ ရပြီလား"

"အဲဒီကိစ္စကို ဟောက်ရွှယ်ဆီ အပ်ထားလိုက်ပြီ။ ဒီလိုမျိုး အသေးအဖွဲကိစ္စတွေကို မိန်းမသားချင်း လွှတ်ထားတာက အကောင်းဆုံးပဲ။"

"ဒါဆိုရင်တော့ ကျွန်မ စိတ်အေးသွားပြီ။ ဟောက်ရွှယ်ကတော့ သေချာပေါက် ကိုင်တွယ်နိုင်မှာပါ။ ဒါနဲ့... သူမ ဘာလို့ အိမ်မှာ မရှိတာလဲ။"

ဟောက်ဖုန်း : "သူမ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတယ်"

ထိုနှစ်ဦးစလုံးသည် အချင်းချင်း မှီတွယ်လျက် ချွေးတလုံးလုံး ဖြစ်နေကြသော်လည်း၊ တကယ့်ကို အရေးကြီးသောအကြောင်းအရာများကို တိုင်ပင်ဆွေးနွေးနေကြခြင်း ဖြစ်၏။

ချန်ချင်းယွီ ထိုစကားကို ကြားလိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်မိသွားသည်။ သို့ဆိုလျှင် ဟောက်ရွှယ်တစ်ယောက် ရှောင်ထောင်းကို ချဉ်းကပ်နေခြင်းမှာ သူမ၏ လက်မှတ်လဲလှယ်သည့်ကိစ္စကို စုံစမ်းရန်အတွက်လော့..။ သူမအနေဖြင့် လူသိမှာကို ကြောက်နေ၍ မဟုတ်ချေ၊ ရှောင်ထောင်း ကိုယ်တိုင်လည်း သူမ နိုင်ငံခြားငွေလဲလှယ်လက်မှတ်တွေဖြင့် ဘာတွေဝယ်နေသည်ကို သေသေချာချာ မသိပေ။ သို့သော်လည်း ယွမ်ဟောက်ဖုန်းသည် မျှော့တစ်ကောင်ကဲ့သို့ တကောက်ကောက်နှင့် မလွှတ်တမ်း ဇွဲကောင်းလွန်းလှသည်။

သူမ သူ့ကို တကယ့်ကို လက်သီးဖြင့် ထိုးပစ်ချင်မိတော့၏။

ကံကောင်း၍ သူမသည် ပုံမှန်

အားဖြင့် သတိကြီးကြီး ထားတတ်သည့်အတွက်သာ… မဟုတ်လျှင် ဤလူစုသည် သူမ ရှေးဟောင်းပစ္စည်းများ ဝယ်ယူနေသည်ကို သိရှိသွားကြပေလိမ့်မည်။

ဤမိသားစုသည် တကယ့်ကို ရွံရှာဖွယ်ကောင်းလှ၏။

ချန်ချင်းယွီအနေဖြင့် ၎င်းတို့ကို သင်ခန်းစာတစ်ခုခု ပေးသင့် မပေးသင့် စဉ်းစားနေခိုက်တွင်၊ လီလင်းလင်း နှုတ်ခမ်းကို စူလျက် ပြောလိုက်သည်ကို ကြားရပြန်သည်။

"ကျွန်မကတော့ အစ်ကို့အပေါ်မှာပဲ စိတ်ရောကိုယ်ပါ ပုံအောထားတာ။ ကျွန်မက ဟောက်ရွှယ်နဲ့ မတူဘူး။ သူမကတော့ တော်လှချေရဲ့၊ တစ်ယောက်ပြီးတစ်ယောက် ရှာနိုင်တယ်။ ကျွန်မကတော့ အစ်ကို့ကိုပဲ အားကိုးနေရတာ"

ဟောက်ဖုန်း : "မင်း ငါ့အပေါ် သစ္စာရှိတာကို ငါသိပါတယ်၊ ငါလည်း ထို့အတူပါပဲ။ ငါ မင်းနဲ့ တွေ့ပြီးကတည်းက ကွမ်ထင်းထင်းနဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး။ ငါ့မှာ မင်းတစ်ယောက်ပဲ ရှိတော့တာ"

"တကယ်လား။"

လီလင်းလင်းသည် ရုတ်တရက် မတ်တပ်ထိုင်လိုက်ပြီး မျက်လုံးများ ဝင်းပသွားသည်။

"မင်း ငါ့ကို မယုံလို့လား။"

"ယုံတာပေါ့၊ ယုံတာပေါ့။ ညီမ အစ်ကို့ကို ယုံပါတယ်.."

လီလင်းလင်းသည် အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားကာ

"အစ်ကိုက ကျွန်မအပေါ် အကောင်းဆုံးဆိုတာ သိသားပဲ။ စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့နော်။ သေချာပေါက် အဆင်ပြေမှာပါ၊ ပိုက်ဆံတွေလည်း ပိုရှာနိုင်မှာပါ။ အစ်ကို့ကို ကွမ်ထင်းထင်းဆီကနေ အမြန်ဆုံး လွတ်မြောက်အောင် ကူညီပေးပါ့မယ်"

ဟောက်ဖုန်း : "မင်းက အလိုက်သိတာပဲ။ လူအများက ငါ့ကို ကပ်စေးနှဲပြီး မင်းကို ပိုက်ဆံမပေးချင်ဘူးလို့ ပြောနေကြတာ ငါသိတယ်။ မင်းကို အလကား အလုပ်ခိုင်းနေရတာ ငါလည်း ရင်ကွဲမတတ် ခံစားရတာပေါ့။ ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ ငါ မင်းကို ဒီလောက်တောင် ချစ်တာပဲ၊ မင်းကို မငဲ့ကွက်ဘဲ နေပါ့မလားလို့ သူတို့ကို အကျယ်ကြီး အော်ပြောချင်မိတယ်။ ဒါပေမဲ့ ငါ ကွမ်ထင်းထင်းအတွက် ပိုက်ဆံ အမြန်ဆုံး မရှာပေးနိုင်ရင်၊ နောင်ကျရင် သူမက ပိုပြီး တောင်းဆိုလာရင် ဘယ်လိုလုပ်မလဲ။ နောက်ပိုင်းကျရင် ပိုတောင်းလာမှာကို ငါစိုးရိမ်မိလို့ပါ။ ငါ မင်းအတွက် ပိုက်ဆံမသုံးချင်လို့ မဟုတ်ပါဘူး၊ ငါကိုယ်တိုင်လည်း ပိုက်ဆံတွေ စုနေတာပဲ၊ အမြန်ဆုံး ကွာရှင်းနိုင်ဖို့ မျှော်လင့်ချက်နဲ့လေ။ ဒီရက်ပိုင်းအတွင်း မင်း တော်တော်လေး ပင်ပန်းဆင်းရဲသွားရတယ်"

"ရပါတယ်၊ ရပါတယ်၊ ကျွန်မ နည်းနည်းလောက် ပင်ပန်းဆင်းရဲရတာ ကိစ္စမရှိပါဘူး၊ ကျွန်မ ဝမ်းသာတာပေါ့။ အစ်ကို ဒါတွေလုပ်နေတာ တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်ဆိုတာ ကျွန်မ သိတာပဲ။ ကျွန်မမှာ ပိုက်ဆံ ရှိသေးတယ်။ အခုဆို ညနေတိုင်း ကျွန်မ အချိန်ပိုင်းအလုပ်တွေ လုပ်နေတာဆိုတော့ ဝင်ငွေအချို့ ရနေပါတယ်"

ချန်ချင်းယွီသည် နားကို စွင့်လိုက်မိသည်။

လီလင်းလင်းမှာ အချိန်ပိုင်းအလုပ် ရှိနေတယ် ဟုတ်လား…။

အို... ဘုရားရေ။

ဒါကို ငါ တစ်ခါမျှ မကြားမိပါလား။

"မင်းကို ဒုက္ခပေးမိပြီ။"

"ဒါတွေ ဂရုမစိုက်ပါဘူး၊ အားလုံးက တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက်ပဲဥစ္စာ။ အစ်ကိုဟောက်ဖုန်း... နောက်တစ်ခေါက်ကျရင် ကက်ဆက်ခွေတွေ ပြောင်းရောင်းရင် ဘယ်လိုလဲဟင်။"

ယွမ်ဟောက်ဖုန်း : "ဟင်..."

လီလင်းလင်း : "ကျွန်မ လူတွေကို ကက်ဆက်ခွေ လိုက်ရောင်းပေးနေတာလေ၊ ဟုတ်တယ်မလား။ ဒီပစ္စည်းကနေရတဲ့ ဝင်ငွေက တော်တော်လေး ကောင်းတယ်လို့ ကျွန်မ ထင်တယ်။"

ယွမ်ဟောက်ဖုန်းမျက်မှောင်ကြုတ်လျက်

"အင်း..."

လီလင်းလင်း : "ဒါကို ဗြောင်ကျကျ ရောင်းလို့မရဘူးဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ တိတ်တဆိတ်တော့ လုပ်လို့ရတာပဲလေ။ ဘာပဲဖြစ်ဖြစ် ဝင်ငွေက တော်တော်ကောင်းတယ်လို့ မြင်တယ်။ လူအတော်များများက တိတ်တဆိတ် လာဝယ်ကြတာလေ။"

သေချာပေါက်ပင်၊ ယွမ်ဟောက်ဖုန်းသည် ကက်ဆက်ခွေများမှလည်း ပိုက်ဆံရှာနိုင်သည်ကို သိရှိထား၏။

အဝတ်အထည် ရောင်းချခြင်းမှာ လုံးဝ တရားဝင်ဖြစ်သည်၊ လူများလိုက်လံမောင်းထုတ်လျှင် မောင်းထုတ်မည်ဖြစ်သော်လည်း မည်သူမျှ ဖမ်းဆီးမည် မဟုတ်ချေ။ သို့သော် ကက်ဆက်ခွေမှာမူ မတူညီပေ။ ယခုအချိန်တွင် အကောင်းဆုံးရောင်းရသော ကက်ဆက်ခွေများမှာ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ သီချင်းများဖြစ်ကြပြီး၊ အားလုံးမှာ ခေတ်ပြိုင်သီချင်းများ ဖြစ်ကြသည်။ ဤကဲ့သို့သော ကက်ဆက်ခွေများကို ဗြောင်ကျကျ ရောင်းချ၍ လုံးဝမရနိုင်ချေ၊ အကယ်၍ အမိခံရပါက အဖမ်းခံရမည် ဖြစ်၏။

ငွေရ၍ မဟုတ်လျှင် လီလင်းလင်းသည် ဤအလုပ်ကို လက်ခံလိမ့်မည် မဟုတ်ပေ။

အန္တရာယ်များလှသော်လည်း၊ ယွမ်ဟောက်ဖုန်းအနေဖြင့်မူ မိမိကိုယ်တိုင် လုပ်ရမည့်အလုပ် မဟုတ်သဖြင့် ဂရုမစိုက်ချေ။

သို့သော်လည်း အကယ်၍ သူကိုယ်တိုင် လုပ်ဆောင်ရမည်ဆိုပါက သူ တွေဝေသွားမိသည်။

"ငါ အဲဒါကို ထပ်ပြီး စဉ်းစားကြည့်ပါဦးမယ်။"

"ဒါဆိုလည်း ပြီးတာပါပဲ။"

ယွမ်ဟောက်ဖုန်း : "မင်းလည်း ပိုက်ဆံရှာရတာ မလွယ်ကူပါဘူး၊ နေ့ဘက်မှာလည်း ပစ္စည်းရောင်းရ၊ ညဘက်မှာလည်း တစ်ခါ ထပ်ရောင်းရနဲ့။ တစ်နေကုန် ပင်ပန်းပြီးမှ ပိုက်ဆံစုရတာ မလွယ်ကူလှဘူး။ ငါ့အတွက် ပစ္စည်းတွေ အမြဲတမ်း လာမဝယ်ပေးပါနဲ့ဦး။ မင်းကို ကြည့်ဦး၊ ငါ့အတွက် ဖရဲသီးပါ ထပ်ဝယ်လာပေးသေးတယ်။ မင်း ဒီလောက်တောင် ပင်ပင်ပန်းပန်း လုပ်နေရတာကို မြင်တော့ ငါ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်"

"ကျွန်မ မကြောက်ပါဘူး။ အစ်ကို့အပေါ် ဘယ်သူက အကောင်းဆုံး ထားသလဲဆိုတာ ကွမ်ထင်းထင်းကို သိစေချင်ရုံသက်သက်ပါပဲ။"

ချန်ချင်းယွီ: "................…………"

ဤစကားကို ကြားလိုက်ရသောအခါ၊ သူမ ထပ်ပြီး နားမထောင်ချင်တော့သဖြင့် ပြတ်ပြတ်သားသားပင် ပြန်ဆုတ်ခဲ့၏။ သူမသည် အမိုးပေါ်မှ တွားဆင်းလာခဲ့ပြီးနောက် အလျင်အမြန်ပင် မိမိအိမ်ထဲသို့ ပြန်လည်ခုန်ဝင်လိုက်သည်။

သေချာပေါက်ပင်... အတင်းချောင်းနားထောင်ခြင်းမှာ အကြောင်းအရာများစွာကို သာ၍ သိရှိစေပေသည်။

သို့သော်လည်း…

လီလင်းလင်း ဘာကြောင့် ဒီလောက်အထိ အူကြောင်ကြောင်နိုင်ရတာလဲ…

တကယ့်ကို လူအ စစ်စစ်ပါပဲ.. ပိန်းတိန်းနေတာပဲ…။

ချန်ချင်းယွီတစ်ယောက် ဆွံ့အလို့ သွားရရှာသည်။

All Chapters