← Chapters

အခန်း ၂၄၉၆

Vol. 178 Ch. 2496

အခန်း ၂၄၉၆

Vol. 178 Ch. 2496

အခန်း (၂၄၉၆)

ခဏအတွင်း သတ်ဖြတ်ခြင်း

ဟေးဂျိမစ်ဆူကိုမြင်တော့ နာခါဂျီမာမှာ တိတ်တဆိတ် စိတ်သက်သာရာရသွားခဲ့သည်။

လူကို မြင်တွေ့ရနေပြီ ဖြစ်သဖြင့် ကျန်သည့် နောက်ဆက်တွဲများက ကိုင်တွယ်ရ လွယ်ကူလေသည်။

“ လူကြီးမင်း မစ်ဆူ …၊ ကျုပ်တို့က စီးပွားရေး ဗျူရိုကပါ … လူကြီးမင်းကို စုံစမ်းစစ်ဆေးဖို့အတွက် ခေါ်ဆောင်သွားရပါမယ် … ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ပေးပါ …”

“ စုံစမ်းစစ်ဆေးဖို့လား ….”

ဟေးဂျိမစ်ဆူက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်ရင်း နာခါဂျီမာကို စိုက်ကြည့်လိုက်သည်။

“ ငါ အခု ခရီးထွက်လာတာ … မင်းတို့ စုံစမ်းစစ်ဆေးတာကို လက်ခံဖို့ ငြင်းတယ် … ပြီးတော့ မင်းတို့မှာ ငါ့ကို စုံစမ်းစစ်ဆေးပိုင်ခွင့်လည်း မရှိဘူး ….”

“ စိတ်မရှိပါနဲ့ … ကျုပ်တို့မှာ တကယ်ပဲ အဲ့လို အခွင့်အရေးမျိုး ရှိတယ် ….”

ထိုသို့ ပြောဆိုရင်း နာခါဂျီမာက ဖမ်းဆီးခွင့် ဝရမ်းကို သူ့ကုတ်အင်္ကျီ အတွင်းအိတ်ထောင်ထဲမှ ထုတ်ပြလိုက်၏။

“ လူကြီးမင်းမစ်ဆူ … ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ အသာတကြည် လိုက်ခဲ့ပေးပါ ….”

ဟေးဂျိမစ်ဆူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း မသက်မသာ ဖြစ်သွားခဲ့သည်။

အကြောင်းမူကား ယခုအချိန်ထိတိုင် ဘာတွေ ဖြစ်နေလဲဆိုတာကို သူ လုံးဝ နားမလည်နိုင်သောကြောင့် ဖြစ်၏။

သူ့ အစ်မဝမ်းကွဲက အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ဘာကြောင့် သူနဲ့ အတူ ယူသွားစေချင်တာလဲ …

လူကြီးမင်း လင်းရီကရော ဘာကြောင့် သူ့ရဲ့ တည်နေရာကို ဖုံးကွယ်ခိုင်းထားပြီး သူရောက်အလာကို စောင့်နေခိုင်းခဲ့တာလဲ …

ဒီလိုဖြစ်လာမှာကို ကြိုမြင်နေလို့လား …

မည်သို့ပင် ဆိုစေကာမူ ဟေးဂျိမစ်ဆူသည် မစ်ဆူအုပ်စု၏ ဒုတိယ ဩဇာအာဏာ အကြီးဆုံးလူတစ်ယောက်ပင်။

သူ့တွင် အဆင့်အတန်းနှင့် ကိုက်ညီသည့် ကိုယ်ရောင်ကိုယ်ဝါတို့ ရှိနေပြီး ကနေဦး အလန့်တကြား ဖြစ်သွားခဲ့သည်ကလွဲ၍ မိမိကိုယ်ကို တည်ငြိမ်အောင် အကောင်းဆုံးထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့ကြောင့် နာခါဂျီမာမှာ မည်သည့် သံသယဖြစ်စရာကိုမျှ မမြင်တွေ့မိခဲ့ပေ။

“ ငါ မင်းတို့နဲ့ လိုက်ခဲ့ပေးလို့ရတယ် … ဒါပေမယ့် တစ်ခါတည်း ရှင်းအောင် ပြောထားမယ် … တကယ်လို့ မင်းတို့မှာ ဖမ်းဆီးဖို့ လုံလောက်တဲ့ အခြေအမြစ်တွေ မရှိဘူးဆိုရင်တော့ ….၊ မင်းတို့ ဒီအတွက် ပြန်ပေးဆပ်ရမယ် ….”

နာခါဂျီမာ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

မစ်ဆူအုပ်စု၏ အဆင့်အတန်းကို သူ ကောင်းကောင်း နားလည်ထားပြီး ၎င်းတို့က နိုင်ငံရေးလောကထဲသို့ပင် ခြေဆန့်လို့ရောက်ရှိနေသည်။

ဤကဲ့သို့ ကိစ္စ ဖြစ်ပွားပြီး အကယ်၍ ခေါင်းခံရမည့် ကိစ္စများ ရှိလာမည်ဆိုပါက သူ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်ချေ။

သို့သော် လက်ရှိ အခြေအနေအရ … သူ့တွင်လည်း အခြားသော ရွေးချယ်စရာက ရှိမနေချေ။

“ လူကြီးမင်းမစ်ဆူ … ကျုပ်တို့အောင် ခက်ခဲအောင် မလုပ်ပါနဲ့ … ကျုပ်တို့လည်း အထက်က အမိန့်ကို နာခံနေရုံသပ်သပ်ပါပဲ ….”

ဟေးဂျိမစ်ဆူက ဘာမျှ မဆိုဘဲ ကုတင်ဘေး၌သာ မတ်တပ်ရပ်နေခဲ့သည်။

ဆယ်စက္ကန့်မျှလောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး …

နောက်ဆုံး နာခါဂျီမာက လက်ကို ဝှေ့ယမ်းလိုက်၏။

“ သူ့ကို ခေါ်သွားကြ ….”

လူနှစ်ယောက် အနောက်မှ ထွက်လာပြီး ဟေးဂျိမစ်ဆူကို လက်မောင်းနှစ်ဖက်မှ ချုပ်ပြီး ခေါ်ဆောင်သွားခဲ့ကြသည်။

ဟေးဂျိမစ်ဆူလည်း မခုခံချေ။

သူ့ ဘော်ဒီဂတ်နှစ်ယောက်လုံးပင် အမှောက်သိပ်ခံလိုက်ရရာ ခုခံနေလို့လည်း အချည်းနှီးပင်။

ထိုစဉ် ခန်းဂျိနာခါတာနှင့် လင်းရီတို့က ဟိုတယ်ရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်၏။

လင်းရီ လိုက်ကာကို နောက်သို့ဆွဲပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။

“ ဒီ နေရာ သေချာလား …”

“ လုံးဝ သေချာပါတယ် …” ခန်းဂျိ နာခါတာဆိုလိုက်ပြီး “ ကျုပ် ဒီကို အရင်က လူကြီးမင်း မစ်ဆူနဲ့ တစ်ခါလာဖူးတယ် … သူပြောတာ သူ ဒီက ပတ်ဝန်းကျင်ကို သဘောကျတယ်တဲ့ … အခု တစ်ခုခု ဖြစ်သွားတယ်ဆိုတော့ ဒီရောက်လာတာက လုံးဝ ယုတ္တိရှိတယ် ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ခင်များ သူ့ကို သွားပြီး ခေါ်ထုတ်ခဲ့လိုက် … ကျုပ် မဆင်းတော့ဘူး ….”

“ ကောင်းပါပြီခင်ဗျ …”

ခန်းဂျိနာခါတာက ထိုင်ခုံခါးပတ်ဖြုတ်ပြီး ကားပေါ်မှ ဆင်းရန် ဟန်ပြင်လိုက်သည်။

“ နေဦး …. ခဏလေး …”

ခန်းဂျိနာခါတာ မေးမြန်းတော့မည့် အချိန်မှာပဲ ဟိုတယ်ထဲမှ လူအများအပြား ထွက်ပေါ်လာသည်ကို အမှတ်မထင် မြင်တွေ့လိုက်ရလေသည်။

ဟေးဂျိမစ်ဆူကို အလယ်တွင် ကာကွယ်ပေးထားပြီး သူ့ပုံစံကြည့်ရသည်မှာတော့ အတော်လေး မသက်မသာ ဖြစ်နေဟန်ရ၏။

“ ဒီလူတွေ … မစ်ဆူမိသားစုက လူတွေ မဟုတ်ဘူး ….”

“ သူ့ တည်နေရာ ပေါက်ကြားသွားပြီ … အစိုးရဘက်က ရောက်လာခဲ့တာ ဖြစ်မယ် …”

“ အဲ့လောက် မြန်တယ်ပေါ့ ...”

ခန်းဂျိနာခါတာ အတော်လေး အံ့အားသင့်သွားခဲ့၏။ သူတို့ထက် စောရောက်လာသူ ရှိလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။

လင်းရီ ခေါင်းငုံ့ထားရင်း သူ့အမူအရာက အတော်လေး တင်းမာနေသည်။

“ ဟေးဂျိမစ်ဆူကို ဖမ်းဖို့ လွှတ်လိုက်တယ်ဆိုတော့ တစ်ဖက်အဖွဲ့ကလည်း ခေတော့ မခေလောက်ဘူး … အရင်ဆုံး သူတို့က နောက်လိုက်မယ် …”

“ ဟုတ်ကဲ့….”

ခန်းဂျိနာခါတာ ကားစက်ပြန်နိုးပြီး နာခါဂျီမာတို့ ကားနောက် လိုက်ပါနေလျက်ရှိသည်။

မကြာမီ ကားက ဟိုင်းဝေးလမ်းအနီးသို့ ရောက်လာခဲ့ပြီး လင်းရီ၏ အမူအရာသည်လည်း လေးနက်သည်ထက် လေးနက်လာသည်။

“ သူတို့ကားကို တားလိုက် …”

“ ကားတားရမှာလား …” ခန်းဂျိနာခါတာ အံ့အားသင့်သွားသည်။

“ ဒါ သာမန် စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာနဲ့ မတူဘူး … သူ ခေါ်သွားခံရပြီးတာနဲ့ ဘယ်အချိန် ပြန်လွှတ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး … သူတို့ စိတ်တိုင်းကျ လုပ်ခွင့်ပြုလို့ ဘယ်ဖြစ်မှာ ….”

“ တစ်ခြား ရွေးချယ်စရာ မရှိတော့ဘူးလား လူကြီးမင်းလင်း ….”

“ ရှိတယ် … ဒါပေမယ့် ကျုပ် မတွေးမိသေးဘူး …” လင်းရီ အသံနိမ့်၍ ပြောလိုက်ပြီး “ မြန်မြန်လုပ် … နောက်တစ်နေရာဆို ယာဉ်တွေ များလာတော့မှာ … လှုပ်ရှားဖို့ ခက်သွားလိမ့်မယ် …”

“ နားလည်ပါပြီ …”

ခန်းဂျိနာခါတာက ကားကို အရှိန်တင်ပြီး ရှေ့ကားသို့ ကျော်တက်မောင်းနှင်လိုက်၏။

နာခါဂျီမာတို့ ကားထဲ၌ ….

ဟေးဂျိမစ်ဆူကို ထိုင်ခုံတစ်ခုံ ပေးထား၏။

ကားအတွင်း တိတ်ဆိတ်နေပြီး တာဝန် ပြီးမြောက်သွားသော်လည်းပဲ နာခါဂျီမာအတွက်တော့ ပျော်ရွှင်သင့်သည့် ကိစ္စရပ်တစ်ခု ဟုတ်မနေပေ။

အကြောင်းမူကား လက်ရှိကိစ္စပြီးနောက်တွင် မစ်ဆူအုပ်စု၏ တန်ပြန်လက်စားချေမှုနှင့် ရင်ဆိုင်ရနိုင်ချေ ရှိသည်ကို ကောင်းကောင်း သဘောပေါက် နားလည်နေသောကြောင့် ဖြစ်၏။

မစ်ဆူအုပ်စုကဲ့သို့ ဂျိုင်းရက်ကြီးတစ်ဦးနှင့် ရင်ဆိုင်ရသည်တွင် သူ့အလုပ်လေး ပြုတ်သွားရုံမျှ ဖြစ်လျှင်ပင် ကံကောင်းလှပြီ ဖြစ်၏။ ကံအဆိုးဆုံး ဖြစ်မည်ဆိုလျှင်တော့ လူပင် မည်သို့ သေလို့သေသွားမှန်း သိလိုက်မှာ မဟုတ်ချေ။

“ လူကြီးမင်း နာခါဂျီမာ … နောက်ကနေ တစ်ယောက်ယောက် လိုက်လာနေပါတယ် …”

“ ငါတို့နောက် လိုက်လာတာလား ….” နာခါဂျီမာ အတွေးနွံထဲမှ လွတ်မြောက်လာခဲ့ပြီး “ မင်းစိတ်ထင်နေတာများလား ….”

“ ကျွန်တော်တော့ မထင်ဘူးနော် … သူတို့ကြည့်ရတာ ဟိုတယ်က ထွက်လာပြီးကတည်းက လိုက်လာနေတဲ့ပုံပဲ ….”

နာခါဂျီမာ ခေတ္တမျှ အတွေးနက်သွားခဲပြီး “ မစ်ဆူအုပ်စုက နေမယ် … ဆက်မောင်း … ဂရုစိုက်မနေနဲ့ …”

“ ဟုတ်ကဲ့ ….”

နာခါဂျီမာသည် အနောက်ကားပေါ်တွင် ကမ္ဘာတစ်ဝန်းလုံးကို အုတ်အုတ်ကျက်ကျ ဖြစ်စေခဲ့သည့် လင်းရီ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားဘဲ သူ့အတွေးက ကားပေါ်ရှိ သူတို့အင်အားနှင့်ဆိုလျှင် သူ့လုံခြုံရေးအတွက်လည်း အာမခံချက်ရှိပြီး ဟေးဂျိမစ်ဆူကိုလည်း အောင်အောင်မြင်မြင်နှင့် ပို့ဆောင်နိုင်သည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။

အခြားသော ကိစ္စရပ်များနှင့် ပတ်သက်၍ကတော့ …

အထူးတလှယ်လုပ်ပြီး ဂရုစိုက်နေဖို့ မအားချေ။

ခရိခ် …

ထိုအချိန်၌ ရုတ်တရက် ကားဘရိတ်အုပ်သံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး အရှိန်ကြောင့် ကားထဲရှိ လူတိုင်း ရှေ့သို့ ငိုက်ခနဲ ဖြစ်သွားခဲ့ကြ၏။

“ ဘယ်လိုဖြစ်တာ … ဘာလို့ ကားကို ရုတ်တရက်ကြီး ဘရိတ်ဆောင့်အုပ်လိုက်တာလဲ ….”

“ အနောက်ကနေ ပါလာတဲ့ကားက ရှေ့မှာ လာပိတ်ရပ်နေလို့ပါ …”

နာခါဂျီမာ ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ ကားတစ်စင်းက ရှေ့တွင် ပိတ်ရပ်ထားသည်ကို မြင်တွေ့လိုက်ရသည်။

“ မစ်ဆူမိသားစုက တော်တော်ရဲတင်းနေတာပဲ …” နာခါဂျီမာ ရေရွတ်လိုက်ပြီး “ ဆင်းပြီး ဘာတွေ ဖြစ်နေလဲ တစ်ချက်သွားကြည့်လိုက်စမ်း …”

ဒရိုင်ဘာနဲ့ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသူက တံခါးများဖွင့်ပြီး ကားပေါ်က ဆင်းသွားခဲ့ကြသည်။

တစ်ချိန်တည်းတွင် လင်းရီလည်း ကားပေါ်က ဆင်းလာပြီး မာ့စ်နှင့် နေကာမျက်မှန်ကို တပ်ထားလျက် အပြည့်အဝ ပုံဖျက်ထားလေသည်။

“ မင်းတို့ကောင်တွေက ဘာဖြစ်ချင်နေကြတာ …”

လင်းရီကို မြင်တော့ ဒရိုင်ဘာက ကျယ်လောင်စွာ ငေါက်ငမ်းလိုက်ပြီး သူ့ပုံစံက တစ်ခုခု ပြုလုပ်တော့မည့်နှယ် ထင်ရသည်။

သို့သော် လင်းရီက သူ့အား ပေါက်ကရတွေ ပြောခွင့်မပေးဘဲ လမ်းလျှောက်လာရင်း ခါးနောက်ကျောမှ ဓားမြောင်ကို ဆွဲထုတ်ပြီး ဒရိုင်ဘာ၏ ကော်လံကိုဆွဲကာ ဝမ်းဗိုက်တည့်တည့်သို့ ဓားနဲ့ထိုးလိုက်၏။

ဒရိုင်ဘာနှင့် အတူပါလာသည့်လူမှာ ဤမြင်ကွင်းကို မြင်တော့ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားခဲ့လေသည်။

“ မင်းက သေချင်နေတာပဲ ….”

အဖော်ဖြစ်သူက လျင်မြန်စွာ သတိပြန်ဝင်လာခဲ့ပြီး ညဉ့်တစ္ဆအဖွဲ့ဝင် တစ်ဦး ဖြစ်သည့်အားလျော်စွာ အစွမ်းအစပိုင်းဆိုင်ရာတွင်တော့ မေးခွန်းထုတ်စရာ မရှိပေ။ ချက်ချင်းပဲ လင်းရီကို အပြတ်ရှင်းဖို့ ဟန်ပြင်လိုက်၏။

ဘန်း …

အဟုန်ပြင်းသည့် တည့်လက်သီးတစ်လုံး ပစ်ခွင်းလာခဲ့ပြီး လင်းရီ သာမန်လျှံကာမျှ ပိတ်ဆို့ထားလိုက်၏။ ထို့နောက် လက်ထဲတွင် ဓားကို လှည့်ကစားပြီး ရင်ဘက်တည့်တည့် နှလုံးရှိရာသို့ ထိုးစိုက်လိုက်သည်။

တစ်ဖက်သူမှာ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာခဲ့၏။

သေသွားသည့်တိုင် သူ့ဘက်က ကြိုပြင်ဆင်ထားခဲ့လျှင်ပင် လင်းရီ၏ ပြိုင်ဘက် မဟုတ်ကြောင်းကိုတော့ မသိသွားခဲ့ချေ။

ဆယ်စက္ကန့်အတွင်းမှာပဲ ကားပေါ်က ဆင်းလာသည့် အမျိုးသားနှစ်ဦးလုံးက လင်းရီ၏ ရှင်းလင်းခြင်းကို ခံလိုက်ရလေသည်။

“ မြန်မြန် … အကုန်ထွက်ပြီး အဲ့ဒီကောင်ကို သတ်ကြ …”

နာခါဂျီမာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး တိုက်ရိုက်သုတ်သင်ဖို့ အမိန့်ပေးလိုက်၏။

လူသုံးဦးလုံး ကားပေါ်မှ မဆိုင်းမတွ ဆင်းလာခဲ့ကြပြီး လင်းရီကို ချက်ချင်းပဲ ဝိုင်းရံထားလိုက်ကြသည်။

လင်းရီ ဘာမျှ မဆိုချေ။ ဓားမြောင်ကို ကောက်ယူပြီး ရှေ့သို့ တိုက်ခိုက်လိုက်သည်။

သုံးဦးလုံးက ဘီအဆင့်များ ဖြစ်ကြပြီး အကယ်၍ ခန်းဂျိနာခါတာ ဖြစ်ခဲ့မည်ဆိုပါက ခုခံဖို့ အခွင့်အရေးလေးပင် ရှိမှာ မဟုတ်ချေ။

သို့သော် လက်ရှိ လင်းရီက သူတို့ရင်ဆိုင်နိုင်သည့် ပြိုင်ဘက် ဟုတ်လို့မနေချေ။

တစ်မိနစ်အတွင်းမှာပဲ ကားပေါ်က ဆင်းလာသည့် သုံးဦးလုံး သွေးအိုင်ထဲ လဲလျောင်းနေကြရတော့သည်။

All Chapters