အခန်း ၂၄၉၇
Vol. 178 Ch. 2497
အခန်း (၂၄၉၇)
ကယ်ဆယ်ရေး အစီအစဉ်
သွေးအိုင်ထဲ လဲလျောင်းနေသူများကို မြင်တော့ ခန်းဂျိနာခါတာ အနည်းငယ် ကြက်သေသေသွားခဲ့၏။
လင်းရီ၏ ခွန်အားကို အတော်လေး အံ့အားသင့်နေမိသည်။
ဤလူများ၏ ခွန်အားက ဘီအဆင့်သို့ ရောက်ရှိနေပြီး အကယ်၍ သူသာဆိုပါက တစ်ယောက်တည်းကို ကိုင်တွယ်ဖို့ပင် အတော်လေး ခက်ခဲနေပေလိမ့်မည်။
သို့တိုင် လူကြီးမင်းလင်းကတော့ ၎င်းတို့အားလုံးကို နှစ်မိနစ်မပြည့်မီ အချိန်အတွင်းမှာပဲ အပြတ်ရှင်းလိုက်သည်က အင်မတန် တုန်လှုပ်အံ့အားသင့်ဖို့ကောင်းလေသည်။
“ အလောင်းတွေကို ကားပေါ် အမြန်တင်လိုက် …”
“ ဟုတ်ကဲ့ …”
လင်းရီ၏ အမိန့်ကို လက်ခံရရှိသည်နှင့် ခန်းဂျိနာခါတာသည် ချက်ချင်းပဲ လှုပ်ရှားလိုက်ကာ ငါးလောင်းစလုံးကို ကားနောက်ဖုံးထဲသို့ ထည့်ထားလိုက်သည်။
လင်းရီ သူ့ထံသို့ လျှောက်လှမ်းလာသည်ကို မြင်တော့ နာခါဂျီမာသည် ကြောက်လန့်လွန်း၍ မျက်နှာဖြူဖပ်ဖြူလျော် ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
အခြားတစ်ဖက်တွင်တော့ ဟေးဂျိမစ်ဆူမှာ အတော်လေး တည်ငြိမ်နေသည်။
အကြောင်းမူကား ခန်းဂျိနာခါတာကို မြင်တွေ့လိုက်ရသောကြောင့်ပင်။ ထို့ကြောင့် ယခုလေးတင် လှုပ်ရှားလိုက်သည့်လူက သူ့အစ်မ ဝမ်းကွဲ ပြောဆိုဖူးသည့် လူကြီးမင်းလင်းရီ ဖြစ်ရမည်ဟု ခန့်မှန်းမိသွားခဲ့၏။
တစ်ချိန်တည်းမှာပဲ လင်းရီ၏ ပြတ်သားရက်စက်သည့် နည်းလမ်းများအပေါ် အံ့အားသင့်နေမိသည်။
“ မင်း … မင်း ဘာလိုချင်တာလဲ …”
လင်းရီ ချဉ်းကပ်လာသည်ကို မြင်တော့ နာခါဂျီမာ စကား အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်မိသည်။
“ အာယာနဲ မစ်ဆူ ဘယ်မှာလဲ …”
“ သူ့ကို နေအိမ် အကျယ်ချုပ် ချထားတယ် … အာဏာပိုင်တွေက သူ့ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ထားတယ် ….”
အာယာနဲမစ်ဆူ၏ အဆင့်အတန်းက အခြားသူများနှင့် မတူညီဘဲ ဂျပန်ကဲ့သို့သော အရင်းရှင် နိုင်ငံမျိုး၌ မည်သူကမျှ သူမအပေါ် အကြမ်းမဖက်ဝံ့ကြချေ။
ယခုလို နေအိမ်အကျယ်ချုပ် ချထားသည်ကပင် အတော်လေး အကန့်အသတ် ဖြစ်နေလေပြီ။
ဤသတင်းကို ကြားတော့ လင်းရီ၏ စိုးရိမ်ပူပန်မှုများက အများအပြား လျော့ကျသွားခဲ့သည်။
“ ခင်များ အသက်ရှင်ချင်လား ….” လင်းရီ တိုးညှင်းစွာ မေးမြန်းလိုက်၏။
“ ရှင် … ရှင်ချင်ပါတယ် .. ကျေး ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့ ….”
နာခါဂျီမာသည် ကားထဲတွင် ဒူးထောက်ချလိုက်ပြီး အကြိမ်ကြိမ် ဦးချနေကာ လင်းရီထံမှ ခွင့်လွှတ်ညှာတာပေးမှုကို တောင်းခံနေတော့သည်။
“ ခင်များ ကိုယ့်အခြေအနေကို သိတယ်မလား … ကျုပ် ဟာသမလုပ်တတ်ဘူး … တကယ်လို့ ကျုပ်နဲ့ ပူးပေါင်းမယ်ဆိုရင် ခင်များရဲ့အသက်ကို ချမ်းသာပေးရုံတင်မကဘူး ဆုချတဲ့အနေနဲ့ ပိုက်ဆံလည်း အများကြီး ပေးမယ် …” လင်းရီ ပြောဖဘယ “ မဟုတ်ရင်တော့ ခင်များတင်မကဘဲ ခင်များတို့ တစ်မိသားစုလုံးပါ ဒီည သန်းခေါင်မတိုင်ခင် ဘုရားသခင်ဆီ ရောက်သွားလိမ့်မယ် ….”
“ ငါ ပူးပေါင်းပါ့မယ် … ငါပူးပေါင်းပါ့မယ် … ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့ ….”
နာခါဂျီမာမှာ သေးထွက်လုမတတ် ကြောက်ရွံ့နေမိတော့၏။
စစချင်းတုန်းကတော့ မစ်ဆူမိသားစု၏ စွမ်းအားကို ကြောက်ရွံ့ခဲ့သည်။ ယခု … လင်းရီလို လူစားမျိုးနှင့် ကြုံတွေ့လိုက်ရသဖြင့် သူ့စိတ်ဓာတ်များအားလုံး ရိုက်ချိုးခံလိုက်ရကာ လုံးဝ လဲပြိုသွားခဲ့တော့သည်။
လင်းရီ ဘေးတွင်ရှိနေသည့် ဟေးဂျိမစ်ဆူကို တစ်ချက် ကြည့်လိုက်သည်။
“ စက္ကူနဲ့ ဘောပင်ရှိလား ….”
“ အင်း …”
ဟေးဂျိမစ်ဆူတွင် မှတ်စုစာအုပ်နှင့် ဘောပင်သယ်ဆောင်တတ်သည့် အကျင့်တစ်ခု ရှိသည်။
လင်းရီ တောင်းဆိုလာတော့ သူ ချက်ချင်းပဲ ကမ်းပေးလိုက်၏။
လင်းရီ စာတစ်ကြောင်းရေးပြီး ခေါက်ကာ နာခါဂျီမာထံသို့ ကမ်းပေးလိုက်သည်။
“ ကျုပ်ကို တစ်ခုလုပ်ပေး … ခင်များရဲ့ အထောက်အထားကို သုံးပြီး အာယာနဲမစ်ဆူဆီ ဒီစာပို့ပေးရမယ် … ဒါ ခင်များရဲ့ တစ်ခုတည်းသော တာဝန်ပဲ … ပြီးမြောက်အောင် လုပ်နိုင်ဖို့ မျှော်လင့်နေမယ် ….”
နာခါဂျီမာ ကျောချမ်းသွားခဲ့၏။ ဤသည်က ဆွေးနွေးညှိနှိုင်းနေခြင်း မဟုတ်ဘဲ အမိန့်တစ်ခု ဖြစ်ကြောင်း သူ နားလည်နေသည်။
အကယ်၍ မပြီးမြောက်နိုင်ခဲ့ဘူးဆိုပါက စောင့်ကြိုနေမည့်အရာမှာ သူနှင့် သူ့တစ်မိသားစုလုံးတို့၏ ဈာပနာအခမ်းအနားပင်။
သူ့ရှေ့ရှိ ဤလူက တကယ့်ကို နတ်ဆိုးတစ်ကောင် ဖြစ်၏။
သူ မလုပ်ဝံ့တာ မရှိပေ။
“ ကောင်း … ကောင်းပါပြီ … ငါ … ငါအကောင်းဆုံး ကြိုးစားပေးမယ် …”
လင်းရီ ပြုံးလျက် လက်ညှိုးကို ခါယမ်းလိုက်သည်။ “ အကောင်းဆုံး ကြိုးစားပေးရမှာ မဟုတ်ဘူး … သေချာပေါက် အောင်မြင်အောင် လုပ်ရမှာ …. ခင်များက ဉာဏ်ကောင်းတဲ့လူဆိုတော့ အကျိုးဆက်တွေကို နားလည်ပါတယ် …”
“ ဒါ …. ဒါပေါ့ … ငါ … ငါနားလည်တယ် … ငါ ကျိန်းသေပေါက် အောင်မြင်စေရမယ် … “
“ လူကြီးမင်း နာခါတာ … သူ့နဲ့အတူ လိုက်သွား … တကယ်လို့ တစ်ခုခုဆို သူ့ကို ချက်ချင်း ရှင်းပစ်လိုက် …” လင်းရီ ပြောဆိုပြီး နောက်သို့ ကြည့်လိုက်သည်။
“ နားလည်ပါပြီ …”
လင်းရီ ထို့နောက် တစ်ဖက်သို့လှည့်ပြီး နာခါဂျီမာကို တစ်ဖန်ပြန်ကြည့်လိုက်သည်။
“ အခု ဖြစ်သွားတဲ့ ကိစ္စတွေ အပြင်ကို ပေါက်ကြားသွားတာမျိုး ကျုပ် မလိုချင်ဘူး … ဒါတွေတော့ သင်ပေးစရာမလိုဘူးမလား …”
“ ဟုတ် … ဟုတ်ကဲ့ … မလိုပါဘူး … ဘာလုပ်ရမလဲ ငါနားလည်ပါတယ် ….”
“ ကောင်းပြီ …”
“ လူကြီးမင်းမစ်ဆူ … ငါက မင်းအစ်မရဲ့ မိတ်ဆွေတစ်ယောက်ပါ … အခုကစပြီး မင်း ငါ့ကို လုံးဝ ယုံကြည်လို့ရတယ် … ခန်းဂျိနာခါတာကို မင်းလည်း သိပါတယ် … မင်း ငါပြောတာ နားထောင်ပေးနိုင်မယ်လို့ မျှော်လင့်တယ် … အဲ့လိုမှလည်း မင်းအစ်မကို ကယ်တင်လို့ ရမှာ …”
“ ကျွန်တော် နားလည်တယ် … အစောတုန်းက ကျွန်တော့်အစ်မ ဖုန်းဆက်လာပြီး လူကြီးမင်းလင်းကို ယုံကြည်ဖို့နဲ့ သံသယမရှိဖို့ ပြောပြီးသားပါ …”
“ ဒါဆိုလည်း အခု စလိုက်ကြတာပေါ့ …”
“ ကောင်းပြီလေ …”
လင်းရီ ဟေးဂျိမစ်ဆူနှင့်အတူ ကားပေါ်မှ ဆင်းလာသည်။
ခန်းဂျိနာခါတာကတော့ နာခါဂျီမာနှင့်အတူ ထွက်ခွာသွားခဲ့သည်။
နှစ်အုပ်စုခွဲပြီး သီးခြားလှုပ်ရှားကြ၏။
“ မစ်ဆူ အုပ်စုရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေက မင်းနဲ့အတူ ရှိတယ်မလား …”
“ အင်း …. လူကြီးမင်းလင်းက လိုအပ်လို့လား …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အချိန်တစ်ခုလောက်အထိ သိမ်းထားပေးမယ် … အခြေအနေတွေ ပြန်တည်ငြိမ်သွားတော့မှ မင်းကို ပြန်ပေးမယ် … ဒါပေမယ့် စိတ်ချ … ငါ လုံးဝ မကြည့်ဘူး … ငါလည်း အဲ့လောက်တော့ ယုံကြည်လို့ ရပါတယ် …”
“ အဲ့လိုပြောနေတာက ယဉ်ကျေးလွန်းနေပါပြီ … ကျွန်တော့် အစ်မဆီကနေ သိထားသလောက်ဆိုရင် လူကြီးမင်းလင်းက အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ပါ … ခင်များရဲ့ အကျင့်စရိုက်ကို ကျွန်တော် ယုံတယ် …”
ပြောဆိုပြီးနောက် ဟေးဂျိမစ်ဆူက USB drive တစ်ခုကို ထုတ်ပြီး လင်းရီလက်ထဲသို့ ထည့်ပေးလိုက်သည်။
သို့သော် ကမ်းပေးနေစဉ်အတွင်း ဟေးဂျိမစ်ဆူ၏ လှုပ်ရှားမှုတို့က ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး
“ လူကြီးမင်းလင်း … အခု ကျွန်တော်တို့ကို ကူညီနိုင်တဲ့လူဆိုလို့ ခင်များပဲ ရှိတော့တယ် … ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အစ်မကို ကယ်တင်ပေးပါ …”
“ စိတ်ချ … မင်း မပြောတောင် ငါ ကယ်ဖို့ ဆုံးဖြတ်ပြီးသား …”
“ ဒါဆိုလည်း … လူကြီးမင်းလင်းကို သေချာအပ်ပါတယ် …”
လင်းရီ ဘာမျှ မဆိုဘဲ ရိုးရိုးတန်းတန်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် နှစ်ဦးသား တိုကျို ပြည်သူ့ဆေးရုံသို့ ဦးတည်လိုက်ကြ၏။
****
ညသန်းခေါင်ယံ ဝန်းကျင်အချိန် ။
အနက်ရောင် ကားသုံးစင်းက ဆေးရုံ အရေးပေါ် ဌာနသို့ ရောက်ရှိလာသည်။
ရှေ့နောက်တံခါးများ ပွင့်လာခဲ့ပြီး အနက်ရောင်ဝတ်စုံနှင့် လူဆယ်ဦး ကားပေါ်မှ ဆင်းလာခဲ့ကြ၏။
၎င်းတို့ထဲတွင် ငါးဦးက ဂျပန်လူမျိုးများ ဖြစ်ပြီး ကျန်ငါးဦးကတော့ နိုင်ငံခြားသားများပင်။
ကားပေါ်မှ ဆင်းလာခဲ့ကြပြီးနောက် အလယ်ရှိကားကို ဝန်းရံထားလိုက်ကြကာ တစ်ဦးက ကားတံခါးကို ဖွင့်ပေးလိုက်သည်.
သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အာယာနဲ မစ်ဆူတို့ တစ်ယောက်ပြီး တစ်ယောက် ကားပေါ်မှ ဆင်းလာခဲ့ကြပြီး ဆေးရုံထဲသို့ ဦးတည်လိုက်ကြ၏။
သက်လတ်ပိုင်း အမျိုးသားက အသက်ငါးဆယ်အရွယ်ခန့် ဖြစ်ပြီး ဦးခေါင်းထက်၌ ဆံပင်တို့က သိပ်မကျန်ကြတော့ချေ။ သို့တိုင် ကိုယ်ရောင်ကိုယ်ဝါကတော့ ထူးခြားလို့နေသည်။
သူ့နာမည်က ဆာကာမိုတို တာရို ဖြစ်ပြီး မိုရီမိုတို၏ လက်ထောက်ဖြစ်၏။ ညဉ့်တစ္ဆေအဖွဲ့ထဲ နံပါတ်နှစ် ဒုခေါင်းဆောင် တစ်ဦးဖြစ်ပြီး အလွန်ကြီးမားသည့် ဩဇာအာဏာကို ချုပ်ကိုင်ထားနိုင်သူတစ်ဦးလည်း ဖြစ်သည်။
ည ဆယ်နာရီဝန်းကျင်ခန့်က အာယာနဲမစ်ဆူသည် ရုတ်တရက်ဆိုသလို ခန္ဓာကိုယ် မအီမသာ ခံစားနေရကြောင်းနှင့် ဆေးရုံသို့ သွားချင်ကြောင်း ပြောကြားလာခဲ့သည်။
အဆိုပါ ကိစ္စကို အထက်လူကြီးများ ကြားသိတော့ မသိစိတ်အလျောက် လှည့်ကွက်တစ်ခုခု ရှိနေမည်ဟု သံသယဝင်နေမိကြသည်။
သို့သော်လည်းပဲ အာယာနဲမစ်ဆူ၏ ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို သူတို့တွင် ငြင်းဆန်စရာ အကြောင်း ရှိမနေချေ။
အကယ်၍ သူမ တကယ်ပဲ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက မည်သူကမျှ ခေါင်းခံနိုင်မှာ မဟုတ်ချေ။
ထို့ကြောင့် မိုရီမိုတိုက ဆာကာမိုတို တာရိုကို လူကိုယ်တိုင် ကြီးကြပ်စေပြီး ဆေးရုံသို့ စေလွှတ်လိုက်၏။
“ မမလေး မစ်ဆူ … မင်း မဟုတ်တဲ့ အတွေးတွေ မတွေးတာ ကောင်းလိမ့်မယ် … သူ့အကြောင်းတွေ မပြောပြသရွေ့ လွတ်လပ်ခွင့် ပြန်ရဖို့ဆိုတာ အတော်လေး ခက်လိမ့်မယ် ….”
“ ကျွန်မ ရှင်တို့ကို ပြောပြပြီးသား … သူနဲ့ ကျွန်မနဲ့က ဘာမှ ပတ်သက်ကြတဲ့လူတွေ မဟုတ်ဘူး …. ရှင်တို့ အခုလုပ်နေတာတွေက အရှက်မရှိတဲ့ လုပ်ရပ်ပဲ …” အာယာနဲ မစ်ဆူက အေးစက်စက် ပြန်ဖြေလိုက်၏။
“ ရှင်တို့ လုပ်ရပ်အတွက် ရှင်တို့ ပြန်ပေးဆပ်ရမယ် … ရှင့်ရာထူးလည်း ကြာကြာမြဲလိမ့်မယ် မထင်နဲ့ ….”
ဆာကာမိုတို တာရို၏ အဆင့်အတန်းက မြင့်မားသော်လည်း အာယာနဲ မစ်ဆူကတော့ ထွေထူးလုပ်၍ ခေါင်းထဲ ထည့်မနေချေ.
မစ်ဆူအုပ်စု၏ ထိပ်သီးခေါင်းဆောင်ဟူသော ရာထူးက ဗန်းပြသပ်သပ် မဟုတ်ပေ။
“ ဒါက ငါ့တာဝန် … လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမှာပဲ….” ဆာကာမိုတို တာရိုက မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိဘဲ တည်တည်တံ့တံ့ ဆိုလိုက်၏။
“ ပြီးတော့ မင်း သူ့ကို မကူညီခဲ့ဘူးဆိုတာ ငါတို့ မယုံဘူး … ပူးပေါင်းပေးတာက မင်းအတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ မမလေး မစ်ဆူ … မဟုတ်လို့ကတော့ ကိုယ့်အနာဂတ်ကို ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်တိုင် ဖျက်စီးမိသလို ဖြစ်သွားလိမ့်မယ် …”
“ ကျွန်မ ရှင်နဲ့ အရေးမပါတာတွေ မပြောချင်ဘူး … ကျွန်မနဲ့ ဝေးဝေးနေ … ရှင့်နားနေရတာ လူကို မသက်မသာဖြစ်တယ် …”
ထိုသို့ ပြောဆိုပြီးနောက် အာယာနဲမစ်ဆူက ကျော့ရှင်းကျက်သရေရှိမှုအပြည့်ဖြင့် ပြင်ပလူနာဌာနထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့တော့သည်။