အခန်း ၂၄၉၈
Vol. 178 Ch. 2498
အခန်း (၂၄၉၈)
အရှိန်အဝါ
“ သူ့နောက်လိုက်သွားကြ …”
ဆာကာမိုတို တာရိုက တင်းမာသည့် လေသံဖြင့် အမိန့်ပေးလိုက်၏။
အာယာနဲမစ်ဆူ ရုတ်တရက် ဆေးရုံလာချင်ရခြင်း အကြောင်းအရင်းတွေ တမူထူးခြားမှု တစ်ချို့ ရှိလိမ့်မည်ဟု သူလည်း သင်္ကာမကင်းဖြစ်နေသည်။
ဤအတိုင်း … သူမ မည်သို့သော လှည့်ကွက်မျိုး ကစားချင်နေလဲဆိုတာကို မသိသေးရုံမျှ ဖြစ်သည်။
အာယာနဲ မစ်ဆူ၏ အနောက်တွင် ဝတ်စုံနက်နှင့် အမျိုးသားများက သူမနှင့် ခြေလှမ်းနီးနီးကပ်ကပ်မှ လိုက်ပါလာနေကြပြီး နာမည်ကြီး ဆယ်လီတစ်ဦးကို ကာကွယ်ပေးနေသည့်နှယ် မည်သည့် လစ်ဟာမှုတို့မျှ ရှိမနေချေ။
ဤမြင်ကွင်းကို မြင်တော့ ဆေးရုံရှိ လူတော်တော်များမှာ အထူးအဆန်း ဖြစ်နေမိကြပြီး အံ့လည်း အံ့အားသင့်နေမိကြ၏။ ဘာတွေ ဖြစ်နေလဲဆိုတာကို နားမလည်နိုင်ကြချေ။
သို့သော်လည်းပဲ အာယာနဲမစ်ဆူကတော့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်း မရှိ။
အကြောင်းမူကား … အကယ်၍ သူမသာ ကြောက်ရွံ့သည့် အမူအရာကို ပြသမိမည်ဆိုပါက ဖိတ်ခေါ်လာမည့် အရာမှာ စာနာသနားခြင်း မဟုတ်ပါဘဲ ပိုပြီး ဖိနှိပ်ခံရခြင်းပင်။
ထိုသူများက သူမကို လုံးဝ လွှတ်ပေးကြတော့မှ မဟုတ်ချေ။
ယခု သူမတတ်နိုင်သည့် အရာက လင်းရီအပေါ် မှီခိုအားထားဖို့ပဲ ဖြစ်၏။
“ မမလေး မစ်ဆူ … ကျေးဇူးပြုပြီး ဒီမှာ စောင့်နေပေးပါ … ငါ လူလွှတ်ပြီး စာရင်းပေးခိုင်းလိုက်မယ် …” ဆာကာမိုတို တာရိုက လေသံတိုးတိုးဖြင့် ပြောဆိုလိုက်၏။
အာယာနဲ မစ်ဆူ ဘာမျှမဆိုဘဲ နေရာ၌ တည်ငြိမ်စွာ ရပ်တန့်နေသည်။
ပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်တော့ လူများက ဝင်ချည်ထွက်ချည် ပြုနေလျက်ရှိ၏။ သို့တိုင် လင်းရီ၏ အရိပ်အယောင်ကိုတော့ မည်သည့်နေရာတွင်မျှ မြင်တွေ့ရခြင်း မရှိပေ။
လင်းရီ၏ အစီအစဉ်က ဘာလဲဆိုတာကိုလည်း သူမ မသိ။ မှတ်စုစာရွက်ထဲ ရေးသားထားသည်က အစာအိမ်နာသည်ဟု အကြောင်းပြချက်ပေးကာ ဆေးရုံသို့ ဆေးလာစစ်ဖို့ ဖြစ်၏။
ကျန်သည့် အခြား ဘာမျှ ပြောမထားခဲ့ပေ။
အာယာနဲ မစ်ဆူကတော့ လင်းရီ အရာအားလုံးကို စီစဉ်ထားလိမ့်မည် ဖြစ်ကြောင်း ယုံကြည်နေသည်။ သူမ လုပ်ဖို့လိုအပ်သည်က သူ ညွှန်ကြားသည့်အတိုင်း လိုက်နာဖို့ပဲ ဖြစ်သည်.
လင်းရီကိုဆို သူမ အသက်ကိုပါ ပုံအပ်ပြီး ယုံကြည်ဝံ့၏။
သူက လူကို ဘယ်တော့မှ စိတ်ပျက်စေမည့်လူစားမျိုး မဟုတ်ပေ။
မကြာမီ ဂျပန်လူမျိုး တစ်ဦးက ခက်သော့သော့ ပြေးလာခဲ့ပြီး လက်ထဲတွင် စာရင်းပေးသည့် စလစ်တစ်ခုကို ကိုင်ထား၏။
“ မမလေး မစ်ဆူ … အခု ဆရာဝန် ပြလို့ ရပါပြီ …” ဆာကာမိုတို တာရိုက ဆိုလိုက်၏။
“ ဘာတွေ ဖြစ်နေလဲဆိုတာကို ဆရာဝန်နဲ့ စစ်ဆေးကြည့်တာပေါ့ …”
“ ရှင် ပါးစပ်ပိတ်ထားရင် ပိုကောင်းမယ် … ယောက်ျားဆို ယောက်ျားပီပီသသ နေစမ်း … ရှင် အခု လုပ်ပုံက ကျွန်မအတွက်တော့ ရွံချင်စရာချည်း …”
အာယာနဲ မစ်ဆူက အေးစက်စက် ဆိုလိုက်ပြီး ဒေါက်ဖိနပ်သံ တတောက်တောက်နှင့်အတူ တိုင်ပင်ဆွေးနွေးခန်း နံပါတ် ၂ ထဲသို့ ဝင်ရောက်သွားခဲ့၏။
ဆာကာမိုတို တာရိုမှာ တဒင်္ဂမျှ ငူငူငိုင်ငိုင် ဖြစ်သွားခဲ့၏။ သူ အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် အာယာနဲ မစ်ဆူ နောက်သို့ လိုက်ပါသွားလေသည်။
“ ကျွန်မက ဒီကို ဆေးစစ်ဖို့ လာတာ … ရှင်တို့က အထဲကို ဘာလိုက်လုပ်မှာ ….”
တံခါးပေါက်ဝတွင် ရပ်နေရင်း အာယာနဲ မစ်ဆူ တင်းမာသည့် မျက်နှာထားဖြင့် အေးစက်စက် မေးခွန်းထုတ်လိုက်၏။
“ တောင်းပန်ပါတယ် … မမလေး မစ်ဆူကို မျက်စိအောက်က အပျောက်ခံလို့ မဖြစ်ပါဘူး …” ဆာကာမိုတို တာရိုက ပြောဆိုလိုက်သည်။ “ ပြီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး ထွက်ပြေးမယ်လို့လည်း စိတ်မကူးနဲ့ … ငါ ဆာကာမိုတို တာရို တစ်ယောက်လုံး ဒီမှာ ရှိနေတာ လုံးဝ မဖြစ်နိုင်ဘူး … ဒီတော့ ရယ်စရာကောင်းတဲ့ အတွေးတွေကို ခေါင်းထဲ ထုတ်ထားတာ ကောင်းလိမ့်မယ် …”
“ ရွံဖို့ကောင်းလိုက်တာ …”
သူမ၏ ရွံရှာစက်ဆုပ်မှုကို လေသံအမူအရာနှင့် ဖော်ပြပြီးနောက် အာယာနဲ မစ်ဆူသည် တိုင်ပင်ဆွေးနွေးခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
လင်းရီ၏ အစီအစဉ်ကို မသိသော်လည်း အာယာနဲ မစ်ဆူသည် သူမကိုယ်တိုင် အကောင်းဆုံးတော့ အခွင့်အရေးများကို ဖန်တီးနေလျက် ရှိသည်။
သူမ ဤလူများကို ခါချထားနိုင်လေလေ၊ လင်းရီအတွက် အခွင့်အရေး ပိုများလေ ဖြစ်၏။
လူဆယ့်တစ်ယောက်က တိုင်ပင်ဆွေးနွေးခန်းတစ်ခုလုံးကို ပြည့်ကြပ်နေစေတော့သည်။ တာဝန်ကျ ဒေါက်တာမှာ ဤသို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသည့် အတွက် အထူးအဆန်း ဖြစ်လို့နေသည်။
“ ကိုယ့်အလုပ်ကိုယ်လုပ် … တစ်ခြား အာရုံမစိုက်နဲ့…. သူ ဘာဖြစ်နေလဲပဲ သေချာ စစ်ဆေးပေးလိုက် …”
ဆာကာမိုတို တာရိုက အမိန့်သံပါသည့် လေသံဖြင့် ဆိုလိုက်၏။
“ ဟုတ် ဟုတ်ကဲ့ ….”
ဒေါက်တာက စိုးရိမ်စိတ်လှုပ်ရှားစွာ ခွန်းတုံ့ပြန်လိုက်သည်။ ပြီးနောက် အာယာနဲ မစ်ဆူ ဘက်သို့ လှည့်၍ “ လူနာက ဘယ်နား မသက်မသာ ဖြစ်နေတာလဲ …”
“ ကျွန်မရဲ့ အစာအိမ် … ၊ မခံမရပ်နိုင်လောက်အောင်ကို နာတာ …”
ဒေါက်တာက မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်ထဲ ခွဲခြမ်းစိတ်ဖြာနေမိသည်။ အာယာနဲ မစ်ဆူ၏ တည်ငြိမ်နေသည့် အမူအရာကြောင့် သူမ နာကျင်နေသည်ဆိုသည့် စကားကို ယုံရအခက် ဖြစ်နေလေသည်။
“ အစာအိမ် နာတာအပြင် တစ်ခြား ဘာတွေရော ဖြစ်သေးလဲ …”
ဒေါက်တာက ကြင်နာသည့် လေသံဖြင့် မေးမြန်းလိုက်၏။
“ တစ်ခြားတော့ မရှိဘူး …”
“ သဘောပေါက်ပြီ …”
အာယာနဲ မစ်ဆူ၏ အေးတိအေးစက် အမူအရာကို မြင်တော့ ဒေါက်တာလည်း အခြား ဘာပြောလို့ ပြောရမှန်း မသိတော့ချေ။ ကူကယ်ရာမဲ့စွာဖြင့်
“ ဒါဆို အရင်ဆုံး အာထရာဆောင်းစကန်ရိုက်ပြီး တစ်ခြား အင်္ဂါအစိတ်အပိုင်းတွေမှာ ပြဿနာ ရှိနေလား စစ်ဆေးကြည့်ရမယ် …”
“ ကောင်းပြီလေ …”
အာယာနဲ မစ်ဆူ ထရပ်ပြီး ဆရာဝန်ထံမှ စစ်ဆေးမှု ပြုရမည့် ညွှန်းစာကို ယူကာ တိုင်ပင်ဆွေးနွေးခန်းထဲမှ ထွက်လာခဲ့သည်။
ဆာကာမိုတို တာရိုနှင့် သူ့လူများလည်း တာဝန်ကျေပွန်စွာဖြင့် နောက်မှ လိုက်ပါလာသည်။
မနက်ခင်း အစောပိုင်း အချိန် ဖြစ်သော်လည်း ဆေးရုံ၌ လူတို့ စည်ကားနေပြီ ဖြစ်၏။ လူတွေများလွန်း၍ တန်းစီမှုတောင် ပြုရသည်။
အာယာနဲ မစ်ဆူလည်း အလျင်မလိုပေ။ လူတန်းနောက်တွင် တိတ်တဆိတ် မတ်တပ်ရပ်ရင်း အတွေးနွံထဲ နစ်မြုပ်နေမိ၏။
****
“ ဆာကာမိုတိုစံ … မစ်ဆူအုပ်စုရဲ့ လူတွေ အကုန်လုံးက စောင့်ကြည့်မှုအောက်မှာ ရောက်နေပြီးသားကို သူ့ကို ဘယ်သူကများ လာကယ်ပေးနိုင်မှာမို့လို့ ….”
“ သူတို့ အင်အားစုက ယာမာဂူချီဂိုဏ်းနဲ့ မစ်ဆူမိသားစုရဲ့ လူတွေပဲ … အခု နှစ်ဖွဲ့လုံးက စောင့်ကြည့်မှုအောက်ကို ရောက်နေပြီ … တကယ်လို့ သူတို့သာ တစ်ခုခု လှုပ်ရှားလာမယ်ဆိုရင် ငါတို့ဘက်က ချက်ချင်းသိလိမ့်မယ် …” ဆာကာမိုတို တာရိုက ခွန်းတုံ့ပြန်လိုက်၏။ “ နောက်ပြီး ဆေးရုံအပြင်ဘက်မှာလည်း လူတွေချထားသေးတယ် … တကယ်လို့ မသင်္ကာဖို့ကောင်းတဲ့ လူတစ်ယောက်ယောက် ထွက်ပေါ်လာမယ်ဆိုရင် သူတို့တွေ ချက်ချင်း ထောက်လှမ်းမိမှာပဲ … သူ ဘာပဲ ကြံစည်ကြံစည် လုံးဝ မအောင်မြင်နိုင်ဘူး …”
“ နားလည်ပါပြီ …”
“ ငါတို့ အာယာနဲ မစ်ဆူကို မျက်လုံးဒေါက်ထောက် ကြည့်နေရမယ် … သူက အဓိကပဲ … သူ့ရဲ့ အမိန့်သာမရှိရင် ဘာအစီအစဉ်မှ မအောင်မြင်နိုင်ဘူး …”
“ နားလည်ပါပြီ …”
****
မကြာမီ သူမရှေ့တွင် တန်းစီနေသူများအားလုံး စစ်ဆေးပြီးသွားခဲ့ပြီး အာယာနဲ မစ်ဆူက အခန်းထဲသို့ တည်ငြိမ်စွာ ဝင်ရောက်လာခဲ့၏။
ဆာကာမိုတို တာရိုလည်း နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာသည်။
“ ရှင် အခု ဘာလုပ်နေတယ်ထင်လဲ …”
ဤတစ်ကြိမ်တွင်တော့ အာယာနဲ မစ်ဆူ၏ အမူအရာမှာ ရေခဲတမျှ အေးစက်သွားခဲ့တော့၏။
“ ကျွန်မ အာထရာဆောင်းရိုက်တာကိုပါ ရှင်က ထိုင်ကြည့်နေဦးမယ်ပေါ့လေ … “
“ တောင်းပန်ပါတယ် … ဒါပေမယ့် စောင့်ကြည့်ရမှာက ငါ့ တာဝန်ပဲ … “ ဆာကာမိုတို တာရိုက ဂရုမစိုက်သည့် အမူအရာဖြင့် ဆိုလိုက်၏။
“ ကျေးဇူးပြုပြီး အပြင်မှာ စောင့်နေပေးပါ …”
ပြောလိုက်သူက အာထရာဆောင်း ဆရာဝန်ကြီး ဖြစ်၏။ အသက် ခြောက်ဆယ်အရွယ် နီးပါး ရှိပြီး ဆံပင်များကလည်း မီးခိုးရောင် သမ်းနေလေပြီ။ သူ့လေသံက အတော်လေးကို ဩဇာပြင်းလှ၏။
“ မရဘူး … ကျုပ်တို့ သူ့ကို စောင့်ကြည့်နေရမှာပဲ …”
ဆာကာမိုတို တာရိုက အလျှော့မပေးဘဲ ပြော၏။
“ အာထရာဆောင်း ရိုက်တာက လူနာရဲ့ အဝတ်တွေကို လှန်ဖို့လိုတယ် … ဒါ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်နေတဲ့ ကိစ္စ …” ဒေါက်တာက တာဝန်သိစိတ် အပြည့်နှင့် ဆိုလိုက်သည်။
“ ကိုယ်ရေးကိုယ်တာတွေ ဘာတွေ ကျုပ် စိတ်မဝင်စားဘူး ….”
“ ရှင် မထွက်သွားဘူးဆို ကျွန်မလည်း စစ်ဆေးမှု မလုပ်တော့ဘူး … ဒီမှာပဲ အချိန်ဖြုန်းနေကြတာပေါ့ …” အာယာနဲ မစ်ဆူက အမှုမထားသည့် အမူအရာဖြင့် ဆိုလိုက်၏။
“ မင်း မစစ်ဘူးဆိုလည်း ဒီလောက်နဲ့ ပြန်ကြတာပေါ့ …” ဆာကာမိုတို တာရိုက ပြောလိုက်၏။
“ ဆေးမစစ်ရသေးဘဲနဲ့ ဘာကိစ္စ ပြန်ရမှာ ..”
အာယာနဲ မစ်ဆူက အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “ ရှင်တို့ နားလည်ထားရမှာက ကျွန်မက ရှင်တို့ရဲ့ စုံစမ်းစစ်ဆေးရေးကို ပူးပေါင်းပေးနေတာ … ရာဇဝတ်သား မဟုတ်ဘူး …. အရမ်း တရား မလွန်လာနဲ့ …. မဟုတ်ရင် ရှင်တို့ အတွက်ရော ဒီနိုင်ငံအတွက်ပါ ကောင်းမှာ မဟုတ်ဘူး ….”
“ ဒါက …”
အာယာနဲ မစ်ဆူ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်လိုက်ရတော့ ဆာကာမိုတို တာရိုတစ်ယောက် အေးခဲသွားခဲ့ရ၏။ အာယာနဲ မစ်ဆူထံမှ ထုတ်လွှတ်နေသည့် ဖိအားများက သူ့ကို ချွေးစေများ စီးကျလာစေသည်။
သူက ရာထူးမြင့် အရာရှိကြီး တစ်ဦး ဖြစ်သော်ငြားလည်း ဂျပန်ကဲ့သို့ အရင်းရှင် နိုင်ငံ၌ အာယာနဲ မစ်ဆူ၏ အစွမ်းအစက သူ စိတ်ကူးယဉ်နိုင်တာထက်ကို ပိုနေသည်။
သူမလို လူစားမျိုးက သူ စော်ကားဖို့ မတတ်နိုင်သည့် လူစားမျိုး ဖြစ်သည်ကို ကောင်းစွာ သဘောပေါက်ထား၏။
သို့ပေမယ့်လည်း … တာဝန်နှင့် အမိန့်ဟူသည့် အရာက ရှိနေသဖြင့် အခြားရွေးချယ်စရာမရှိ။ လျှောက်ပြီးသည့်လမ်းကို ဆက်လျှောက်ရုံမျှသာ တတ်နိုင်သည်။
“ မမလေး မစ်ဆူ …. မင်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် … မင်းကို ကာကွယ်ပေးဖို့ အမိန့်ရထားတာပါ … ဒါ ငါ့တာဝန် … ဘယ်လိုပဲ ဖြစ်ဖြစ် မင်း တစ်ယောက်တည်း စစ်ဆေးမှာကိုတော့ ခွင့်မပြုနိုင်ဘူး ….” ဆာကာမိုတို တာရိုက ပြောဆိုလိုက်၏။
“ ဒါပေမယ့် တကယ်လို့ လက်ခံပေးနိုင်မယ်ဆိုရင် ညှိနှိုင်းပေးလို့ ရတယ် … ငါတို့ လူလေးယောက်ကို ဒီမှာ ချန်ထားခဲ့မယ် … သူတို့က မမလေး မစ်ဆူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို မချိုးဖောက်စေရဘူး … ဒီလောက်တော့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် … မဟုတ်ဘူးဆိုလည်း ဆက်ပြီး အချိန်ဆွဲနေကြရုံပဲ ရှိမယ် ….”
အာယာနဲ မစ်ဆူ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။ ဆာကာမိုတို တာရို ယခုလို စကားမျိုးပြောလာသည်က အတော်လေး အကန့်အသတ်ကို ရောက်နေပြီ ဖြစ်ကြောင်း နားလည်နေသည်။
သူမ၏ ရွေးချယ်ပိုင်ခွင့်ကို တိတ်တဆိတ် ချိန်တွယ်ကြည့်လိုက်၏။
ယခုလို ပတ်ဝန်းကျင် အနေအထားမျိုး၌ အမျိုးသမီးတစ်ဦးအနေဖြင့် ဘာမှ များများစားစား တတ်နိုင်မှာ မဟုတ်ချေ။
ထို့ကြောင့် … လင်းရီက အရာအားလုံးကို ကြိုတင် စီစဉ်ပြီးသား ဖြစ်မည်လို့ပဲ ယုံကြည်ရန် ကျန်ရစ်တော့လေသည်။
“ ရှင့်လူတွေကို ကျွန်မနဲ့ ဝေးဝေးနေခိုင်း …” အာယာနဲ မစ်ဆူ အေးစက်စွာ ဆိုလိုက်ပြီး “ ဒါပေမယ့် ရှင်ကတော့ ထွက်သွားရမယ် … ရှင့်မျက်နှာကို ကျွန်မ မမြင်ချင်ဘူး ….”
ဆာကာမိုတို တာရို အနည်းငယ် မျက်နှာပျက်ယွင်းသွား၏။ သို့တိုင် အဆုံးသတ်တွင်တော့ အာယာနဲ မစ်ဆူ၏ သဘောထားကို သဘောတူညီလိုက်ဆဲပင်။
“ ကောင်းပြီလေ … ငါ အပြင်မှာ စောင့်နေမယ် ….”
အပြင်သို့ မထွက်မီ ဆာကာမိုတို တာရိုက လူလေးဦးကို နောက်၌ ချန်ထားရစ်ခဲ့ပြီး ၎င်းတို့အားလုံးကို လေသံ တိုးတိုးဖြင့် အမိန့်ပေးလိုက်၏။
“ သေချာ အနီးကပ် စောင့်ကြည့်ထားကြ … ဘာလှည့်ကွက်မှ မထုတ်စေနဲ့ …”