အခန်း ၂၄၉၉
Vol. 178 Ch. 2499
အခန်း (၂၄၉၉)
ရှင့်အတွက်ဆို ကျွန်မ အသက်ပါ စတေးရဲတယ်
လူလေးဦးလုံး ခေါင်းညိတ်လိုက်ကြသည်။ ၎င်းတို့အားလုံး၏ အမူအရာများမှာ တည်ကြည်လေးနက်နေခဲ့ကြ၏။
အာယာနဲ မစ်ဆူက နာခံမှု အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးလိမ့်မှာ မဟုတ်တာကိုတော့ သူတို့တွေ ကျိန်းသေပေါက် မျှော်လင့်ပြီးသား ဖြစ်၏။ ထို့ကြောင့်လည်း သူတို့၏ သတိထားစောင့်ကြပ်မှုကို အဆင့်အမြင့်ဆုံးသို့ရောက်အောင် တွန်းပို့ထားရခြင်းပင်။
ညွှန်ကြားချက် ပေးပြီးနောက် ဆာကာမိုတို တာရိုသည် ကျန်သည့် အခြားလူများနှင့်အတူ ထွက်ခွာသွားခဲ့ပြီး အာထရာစောင်း အခန်းသည်လည်း တိတ်ဆိတ် ငြိမ်ကျသွားခဲ့သည်။
“ လူနာ … ငါတို့ အခု စလို့ရပြီ … ကျေးဇူးပြုပြီး အပေါ်မှာ လှဲလိုက်ပါ …” ဒေါက်တာက ညင်သာစွာ ပြော၏။
အာယာနဲ မစ်ဆူ ခေါင်းညိတ်လိုက်ပြီး ဆေးကု ကုတင်ပေါ်တွင် ဖြည်းညင်းစွာ လဲလျောင်းလိုက်သည်။ သူမ၏ အမူအရာမှာတော့ ရှုပ်ထွေးနေသည်။
နောက်လာမည့် ကိစ္စရပ်များကို သူမ ကြိုတင် သိရှိထားပြီး ဖြစ်၏။ ရလဒ်တွင် မည်သည့် ပြဿနာမျှ ရှိနေမှာ မဟုတ်ချေ။ ဒေါက်တာသည်လည်း သူမကို မည်သည့် ကုသပေးမှုတို့မျှ ပြုလုပ်ပေးမှာ မဟုတ်ချေ။
အချိန်ကျလာသည်နှင့် နာကျင်သည်ဆိုပြီး ဤနေရာတွင် ဆက်နေစရာ အကြောင်းအရင်း ရှိတော့မှာ မဟုတ်သလို ထိုသူများကလည်း သူမကို အခွင့်အရေးပေးမှာ မဟုတ်ချေ။
များမကြာမီ ဒေါက်တာက အပြာရောင် ကန့်လန်ကာကို ဆွဲပိတ်လိုက်၏။ သို့သော် လုံးဝ ပိတ်ကာထားလိုက်သည်တော့ မဟုတ်ဘဲ ခေါင်းပိုင်းလေးတော့ မြင်နေရသေးသဖြင့် အပြင်လူများက အာယာနဲ မစ်ဆူကို မြင်တွေ့နိုင်နေသေးသည်။
ဆရာဝန်၏ ညွှန်ကြားမှုအောက်တွင် အာယာနဲ မစ်ဆူက ရှပ်အင်္ကျီကို ပင့်တင်လိုက်ပြီး ဖြူဖွေးချောမွတ်နေသည့် ဝမ်းဗိုက်သားကို လှစ်ဟာပြလိုက်၏။
စစ်ဆေးမှု စတင်လေပြီ။
သိပ်မကြာခင်မှာပဲ တစ်ခုခု မူမမှန်သည်ကို အာယာနဲ မစ်ဆူ သတိထားမိသွားခဲ့၏။
အလားတူ စစ်ဆေးမှုမျိုး ယခင်က ပြုလုပ်ခဲ့ဖူးသဖြင့် အာထရာစောင်းရိုက်သည့် လုပ်ငန်းစဉ်က မည်သို့ ဖြစ်သင့်မှန်း သူမ နားလည်နေသည်။
သို့သော် သူမ ရှေ့ရှိ ဒေါက်တာက စံချမှတ်ထားသည့် လုပ်ငန်းစဉ်များကို မလိုက်နာပါဘဲ ထိုအစားက သူ့လက်ချောင်းများကို အသုံးပြုပြီး ဝမ်းဗိုက်ပေါ်ရှိ အမှတ်တစ်ချို့ကို ဖိနှိပ်နေလျက် ရှိ၏။
ကွာခြားမှုက သေးငယ်သော်လည်း အာယာနဲ မစ်ဆူမှာ တစ်ခုခု လွဲမှားနေသည်ကို သတိပြုမိလိုက်ဆဲပင်။
ရုတ်တရက်ဆိုသလို သူမ ခေါင်းလှည့်ကြည့်လာပြီး အကြည့်နှစ်ခုက လေထုထဲ ဆုံတွေ့သွားသည်။
အနှီ တစ်ခဏ အတွင်းမှာပဲ ထိုသူ၏ မျက်လုံးအကြည့်ကို သူမ မှတ်မိသွားခဲ့၏။
မမှားနိုင်ပေ။
ကြည်လင်သန့်ရှင်းပြီး ယုံကြည်မှုတို့ ပြည့်နှက်နေသည့် အနှီ မျက်ဝန်းများ။
သူမကို စစ်ဆေးပေးနေသူက ကျိန်းသေပေါက် လင်းရီ ဖြစ်၏။
ထို အချိန်အခိုက်အတန့်မှာပဲ သူမ အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
ဤအရာများ အားလုံးက လင်းရီ၏ တွက်ချက်ထားမှုအတွင်းတွင် ရှိနေခဲ့ပီး တစ်ချိန်လုံး ဤနေရာတွင် သူမကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်၏။
လင်းရီက မည်သည့် အလျင်စလို လှုပ်ရှားမှုတို့မျှ မပြုလုပ်ပါဘဲ သူ၏ ဟန်ပန်က တည်ငြိမ်နေလျက် ရှိ၏။
စက္ကူတစ်ရွက်ကို သာမန်လျှံကာ ကောက်ယူလိုက်ပြီး အာယာနဲ မစ်ဆူ၏ ပေါင်ပေါ်သို့ တင်လိုက်သည်။
လိုက်ကာ ကာထားသည့်အတွက် အပြင်လူများက လင်းရီ၏ လှုပ်ရှားမှုကို မမြင်နိုင်သော်လည်း အာယာနဲ မစ်ဆူကတော့ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ရင်ထဲ ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားရင်း အာယာနဲ မစ်ဆူက ခန္ဓာကိုယ်ကို အနည်းငယ်လေး ရွေ့လျားလိုက်သည်။
သူမက လင်းရီကို စာရွက်ပေါ်ရှိ စာလုံးများအား မြင်တွေ့နိုင်ကြောင်း အချက်ပြနေခြင်းပင်။
တစ်မိနစ်ခန့်ကြာတော့ လင်းရီက လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ ပြီးပြီ …”
“ ကျွန်မရဲ့ အခြေအနေက ဘယ်လိုလဲ ဒေါက်တာ ….”
အာယာနဲ မစ်ဆူက လိုက်ပါသရုပ်ဆောင်ရင်း မေးမြန်းလိုက်၏။
“ သည်းခြေမှာ ကျောက်တည်နေတယ် … တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန် ခွဲစိတ်တာ အကောင်းဆုံးပဲ …”
“ ကောင်းပြီ … ဒါဆို ကျွန်မ မနက်ဖြန် ဆေးရုံတက်လိုက်မယ် …”
“ အင်း …” လင်းရီ ခေါင်းညိတ်လိုက်ပြီး “ ဒီမှာ ခဏစောင့်ဦး … ပရင်တာက စာရွက်ကုန်နေလို့ ရီပို့ထုတ်ဖို့ စာရွက်သွားယူလိုက်ဦးမယ် …”
“ ဟုတ်ကဲ့ …”
လင်းရီ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ သူ၏ လှုပ်ရှားမှုတိုင်းက သက်ကြီးရွယ်အို တစ်ယောက်လို ဖြစ်နေပြီး လမ်းကိုလည်း ဖြည်းလေးနှေးလံစွာ လျှောက်နေသည်။
ထိုစဉ် အာယာနဲ မစ်ဆူက အမှုမဲ့ အမှတ်မဲ့ သဘောမျိုးဖြင့် အစောင့်လေးယောက်နားသို့ ချဉ်းကပ်သွား၏။
အရာအားလုံးက သဘာဝကျစွာ ဖြစ်ပေါ်နေသဖြင့် မည်သူကမျှ သံသယ မဝင်မိကြပေ။
လင်းရီ လမ်းလျှောက်သွားသည်နှင့် … သူနှင့် အစောင့်လေးဦးကြားက အကွာအဝေးသည်လည်း ပိုပိုပြီး ဝေးကွာလာသည်။
ထိုအချိန်မှာပဲ ဂျပန်တစ်ယာက်က ရုတ်ချည်း စကားပြောလာခဲ့၏။
“ ငါ ထူးဆန်းတဲ့ အနံ့ရသလိုပဲ ….”
“ ငါလည်း ရတယ် … ရုတ်တရက်ကြီး အိပ်ငိုက်လာ …..”
သူ့စကား မဆုံးသေးခင်မှာပဲ လင်းရီက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လှုပ်ရှားလိုက်ပြီး ခါးနောက်မှ ဓားမြောင်ကို ထုတ်ကာ တုံ့ပြန်ရန် အခွင့်အရေး မပေးချေ။ အေးစက်သည့် အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ၎င်းတို့၏ လည်ပင်း သွေးကြောမကြီးများ တစ်ချက်ပြီးတစ်ချက် ပြတ်တောက်သွားခဲ့ကြ၏။
လေးဦးလုံး မျက်လုံးအပြူးသားများ ဖြစ်သွားခဲ့ကြသည်။
အဖြစ်အပျက်များက ရုတ်တရက် ဆန်လွန်းလှသဖြင့် ဘာတွေ ဖြစ်သွားမှန်းတောင် သူတို့ မသိလိုက်ကြပေ။
အာယာနဲ မစ်ဆူကလည်း ကျင်လည်စွာ တုံ့ပြန်၍ နှစ်ယောက်၏ ပါးစပ်များကို ရှိသည့် ခွန်အားများဖြင့် ပိတ်ဆို့ထားလိုက်၏။ အပြင်ကလူတွေ အသံတစ်သံမျှ မကြားစေရန်အတွက် အားကုန် ဖိပိတ်ထားလိုက်သည်။
လင်းရီလည်း အလားတူစွာ ကျန်နှစ်ယောက်ကို ပါးစပ်များ ပိတ်ဆို့ထားလိုက်၏။ အသံတစ်သံသော်မျှ အပြင်ရောက်ခွင့် မပြုနိုင်ပေ။
အကြမ်းဖျင်း တစ်မိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် လေးဦးလုံး ငြိမ်သက်သွားခဲ့ကြပြီး သွေးများကတော့ နေရာတစ်ဝိုက်တွင် ရှုပ်ပွနေလျက် ရှိသည်။ အာထရာစောင်း အခန်းတစ်ခုလုံး ငရဲခန်း တစ်ခုအသွင်သို့ ကျရောက်သွားခဲ့၏။
“ လူကြီးမင်းလင်း ….”
အာယာနဲ မစ်ဆူက လင်းရီ၏ ရင်ခွင်ထဲသို့ အားပါးတရ ပစ်ဝင်လာပြီး မျက်ရည်များက ထိန်းချုပ်မရနိုင်စွာ စီးကျလာလေသည်။
လင်းရီ သူမ၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
“ ငါ နားလည်တယ် … မင်းကို ဒုက္ခရောက်စေမိပြီ … ဒါပေမယ့် အခုက အပျော်စောရမယ့် အချိန် မဟုတ်သေးဘူး .. ငါတို့ မြန်မြန် လှုပ်ရှားဖို့လိုတယ် … မဟုတ်ရင် နောက်ကျသွားလိမ့်မယ် …”
“ အွန်း အွန်း ….”
အာယာနဲ မစ်ဆူက အားတက်သရော ခေါင်းညိတ်လိုက်၏။ လင်းရီ ရှိနေသရွေ့ သူမ မည်သည့်အရာကိုမျှ မကြောက်ရွံ့တော့ချေ။
ထိုစဉ် … ဆာကာမိုတို တာရိုနှင့် ကျန်ခြောက်ယောက်က အာထရာစောင်း အခန်း အပြင်ဘက်၌ စောင့်ကြပ်နေလျက် ရှိ၏။
စင်္ကြံလမ်းတွင် ကလေးငိုသံက နားကြားပြင်းကပ်လောက်အောင် ကျယ်လောင်နေပြီး ဆာကာမိုတို တာရိုကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်လာစေသည်။
“ သောက်ရမ်း စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ … စောက်ကလေးကို တိတ်တိတ်နေဖို့ သွားပြောလိုက်စမ်း …”
“ ဟုတ်ကဲ့ ….”
ညဉ့်တစ္ဆေ အဖွဲ့ဝင်တစ်ဦးက ကလေးကို ချော့မြူနေသည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးထံ လျှောက်လှမ်းသွားပြီး ဗလာကျင်းသည့် မျက်နှာအမူအရာဖြင့်
“ ကျေးဇူးပြုပြီး ကလေးကို တိတ်တိတ်နေအောင် လုပ်ပေးပါ … ဒီမှာ ကျုပ်တို့ အရေးကြီး ကိစ္စ ထမ်းဆောင်နေလို့ပါ …”
သက်လတ်ပိုင်း အမျိုးသမီး၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့၏။
“ ငါ့ကလေးက ဖျားလို့ ငိုနေတာ ဘယ်နားက ဘယ်လို သွားပြီး တိတ်ခိုင်းရမှာလဲ ….”
ထိုစကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူနာများက အနှီ ညဉ့်တစ္ဆေ အဖွဲ့ဝင်ကို မကျေမချမ်း အမူအရာများဖြင့် ကွက်ကြည့် ကွက်ကြည့် လုပ်လာသည်။
ညဉ့်တစ္ဆေ အဖွဲ့ဝင်လည်း အနည်းငယ် ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး သူ့အမှား ဖြစ်သည်ကို သဘောပေါက်သွားခဲ့သည်။ ဘာမျှ ဆက်မပြောတော့ဘဲ ဆာကာမိုတို တာရိုထံသို့ ပြန်ရောက်လာခဲ့၏။
“ သူတို့ကို လျစ်လျူရှုထားလိုက် … အထဲက လူက မကြာခင် ထွက်လာတော့မှာ …”
သို့နှင့် … ကလေးငိုသံ တေးသွားနှင့်အတူ အာထရာစောင်းခန်း အပြင်ဘက်တွင် ဆက်လက် ကင်းစောင့်လေသည်။
မိနစ် အနည်းငယ် ကုန်လွန်သွားခဲ့၏။ သို့သော် အာယာနဲမစ်ဆူကတော့ ထွက်မလာခဲ့သေးချေ။
ဆာကာမိုတို တာရို၏ မျက်ခုံးများ တင်းကြုတ်သထက် တင်းကြုတ်လာခဲ့ပြီး အတူ ပူးကပ်လုနီးပါး ဖြစ်လာသည်။
သူလည်း ထိုသို့သော စစ်ဆေးမှုမျိုးကို ပြုလုပ်ဖူးသည်။ ပုံမှန်အားဖြင့် ရလဒ်က မည်သို့ ဖြစ်စေကာမူ နှစ်မိနစ်၊ သုံးမိနစ်ထက် ပိုမကြာတတ်ပေ။
သို့သော် ယခု … ငါးမိနစ်ကျော် ခြောက်မိနစ်အထိ ကုန်လွန်သွားခဲ့ပြီ ဖြစ်ပြီး မည်သည့် အသံမျှလည်း မကြားရ၊ ထွက်လာမည့် အရိပ်အယောင်လည်း မမြင်ရဖြစ်နေသည်။
တစ်ခုခု မူမမှန်တော့သည်ကို ဆာကာမိုတို တာရို သတိပြုမိသွားခဲ့သည်။
“ ဆာကာမိုတိုစံ … “
ညဉ့်တစ္ဆေ အဖွဲ့ဝင်တစ်ဦးက အာမေဋိတ်သံဖြင့် ကျယ်လောင်စွာ ဟစ်အော်လိုက်၏။
သူ့ လက်ချောင်း ညွှန်ပြရာဘက် လှမ်းကြည့်လိုက်တော့ ဆာကာမိုတို တာရိုသည် တံခါးအောက်ခြေမှ နီမြန်းသည့် သွေးစီးကြောင်းများ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူ့ နှလုံး ခုန်သံများ ဗုံတီးသလို မြန်ဆန်သွားခဲ့၏။
“ မြန်မြန် အထဲမှာ တစ်ခုခု ဖြစ်နေပြီ …”
အုပ်စုမှာ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ရှော့ခ်ရဖွယ် မြင်ကွင်းတစ်ခုက သူတို့အားလုံးကို ဆီးလို့ ကြိုနေလေသည်။ လူသေ အလောင်း လေးလောင်းက ကြမ်းပြင်တွင် လဲလျောင်းနေပြီး ၎င်းတို့၏ လည်ပင်းသွေးကြောမကြီးများ ဖြတ်တောက်ခံထားရကာ အခန်းနံရံ မျက်နှာပြင်များထက်၌လည်း သွေးဖြန်းပက်ရာတို့ စွန်းထင်နေလျက် ရှိသည်။
အခန်းကြီး တစ်ခုလုံးက သွေးနံ့များ မွှန်ထူနေသည်။
သို့ပေမယ့် … လင်းရီနှင့် အာယာနဲ မစ်ဆူတို့ကိုတော့ မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ချေ။
ခြေရာလက်ရာ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။
ဆာကာမိုတို တာရို၏ မျက်နှာအမူအရာမှာ ဖြူလျော်သွားခဲ့ပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားမိ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရနိုင်စွာ တုန်ယင်နေသည်။
သူ့မျက်စိရှေ့မှောက်မှာပဲ အာယာနဲ မစ်ဆူ ထွက်ပြေးလွတ်မြောက်သွားလိမ့်မည်ဟု ဘယ်တုန်းကမျှ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
“ သူတို့နောက် ချက်ချင်းလိုက်ဖို့ လူလွှတ်လိုက် … ထွက်မပြေးစေနဲ့ ….”
ဆာကာမိုတို တာရိုက ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။
“ ဟုတ်ကဲ့ ….”
ကျန်သူများလည်း ဆေးရုံထဲမှ ချက်ချင်း ပြေးထွက်သွားခဲ့ကြ၏။
ထိုစဉ် ငိုနေသည့် ကလေးနှင့် သူ့မိခင်သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပဲ လင်းရီနှင့် အာယာနဲ မစ်ဆူက ကားတစ်စင်းဖြင့် ဆေးရုံထဲမှ ထွက်ပြေးလွတ်မြောက်လာပြီး ယာယီအားဖြင့်တော့ ဘေးကင်းသွားပြီ ဖြစ်၏။
“ လူကြီးမင်းလင်း …. ကျွန်မ ရှင့်ကို သိပ်သတိရနေတာ ….”
ကားထဲတွင် ထိုင်နေရင်း အာယာနဲ မစ်ဆူက လင်းရီ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ မျက်ရည်များကလည်း ပါးပြင်တစ်လျှောက် စီးကျလို့နေသည်။
“ ငါ့အမှားပါ … မင်းကို ဒီအရှုပ်အထွေးကြီးထဲ ပတ်သက်စေမိပြီ …” လင်းရီ သူမ၏ လက်ကို တင်းကြပ်စွာ ပြန်လည် ဆုပ်ကိုင်ရင်း တောင်းပန်တိုလျှိုးစွာ ပြောလိုက်၏။
“ မင်းဆီ အစကတည်းက အကူအညီ မတောင်းခဲ့ရမှာ …”
“ တကယ်လို့ ကျွန်မ မကူညီဘူးဆိုရင်တောင် ဒီလူတွေက ကျွန်မကို သံသယ ဝင်ကြဦးမှာပါပဲ …” အာယာနဲမစ်ဆူက ခိုင်မာသည့် လေသံဖြင့် ပြောဆိုလိုက်၏။
“ ပြီးတော့ ကျွန်မ နောင်တမရဘူး … ရှင့်အတွက် သေပေးရမယ်ဆိုရင်တောင် ကျွန်မ ဆန္ဒရှိတယ် …”