← Chapters

အခန်း ၂၅၀၀

Vol. 178 Ch. 2500

အခန်း ၂၅၀၀

Vol. 178 Ch. 2500

အခန်း (၂၅၀၀)

ထွက်ပြေးလွတ်မြောက်သည့် ခရီး

“ မပူနဲ့ … ငါသေရမယ်ဆိုရင်တောင် မင်းထက်ပိုပြီးပဲ အရင်သေမှာ …”

အာယာနဲ မစ်ဆူက လင်းရီ၏ လက်ဖဝါးကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်သည်။

ယခုအချိန်အခိုက်အတန့်ရောက်တော့မှပဲ လင်းရီ၏ ရင်ဘက်ထဲ၌ သူမသည် နေရာတစ်နေရာစာ ရှိနေသေးကြောင်းကို အတည်ပြုလိုက်နိုင်လေသည်။

“ ကျွန်မတို့ အခု ဘယ်သွားနေကြတာလဲ …”

“ ငါ ထင်တာ မမှားဘူးဆို သူတို့ တစ်မြို့လုံးကို ပိတ်ဆို့ထားလောက်တယ် … ရွေးချယ်စရာက အများကြီး မရှိဘူး … သံရုံးထဲသွားပြီး လောလောဆယ် ပုန်းနေကြတာပေါ့ … နောက်တော့မှပဲ ကျန်တာတွေ ဆက်ပြီး စီစဉ်ကြမယ် …”

အကယ်၍ အာယာနဲ မစ်ဆူကြောင့်သာ မဟုတ်ဘူးဆိုပါက လင်းရီသည် သံရုံး၌ ပုန်းအောင်ရန် ရွေးချယ်မိခဲ့မှာ မဟုတ်ချေ။

ပြဿနာက နည်းလေ ကောင်းလေ ဖြစ်၏။ ဟွာရှကို သူ ဒုက္ခမပေးချင်ပေ။

သို့သော် ယခု .. အာယာနဲ မစ်ဆူအတွက်နှင့် သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။

အရေးပေါ် အခြေအနေ ဖြစ်နေသော်ငြားလည်း သတိထားနိုင်သရွေ့ ပြဿနာ မရှိဟု သူယုံကြည်ည်။

“ တောင်းပန်ပါတယ် … ရှင့်ကို အလုပ်ပိုစေမိပြီ … ကျွန်မကိုသာ ကယ်စရာ မလိုဘူးဆိုရင် ရှင် အခုလောက်ဆို ဟွာရှ ပြန်ရောက်နေလောက်ပြီ …” အာယာနဲ မစ်ဆူက အားနည်းစွာ ဆိုလိုက်၏။

ထိုအချိန်၌ သူမမှာ ဆာကာမိုတို တာရိုနှင့် မျက်နှာချင်းဆိုင် အေးတိအေးစက် ထိပ်တိုင် ရင်ဆိုင်တွေ့ဆုံခဲ့သူနှင့် လုံးဝ လုံးဝ မတူညီတော့ချေ။

“ မင်းက‌ ထောင်ချောက်ထဲ ပိတ်မိနေတဲ့အချိန်မှာ ငါတစ်ယောက်တည်း ဟွာရှကို ပြန်သွားလို့ ဘာအဓိပ္ပာယ်ရှိတော့မှာ ….”

စတီယာရင်ကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ထားရင်း ကျန်လက်တစ်ဖက်က အာယာနဲ မစ်ဆူ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

“ ကျန်တာတွေ မပြောနဲ့တော့ … ငါ စီစဉ်တဲ့အတိုင်းပဲလုပ် …”

“ အွန်း အွန်း …”

အခိုင်အမာ ဆုံးဖြတ်ချက်ချပြီးသည်နှင့် လင်းရီသည် သူ့နဂိုမျှော်မှန်းထားသည့် ပန်းတိုင်ရှိရာသို့ ဆက်လက်မောင်းနှင်သွားခဲ့၏။

****

အာယာနဲ မစ်ဆူ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိလိုက်သည်နှင့် ဆာကာမိုတို တာရိုသည် မိုရီမိုတိုထံ ချက်ချင်း သတင်းတင်ပြလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း မိုရီမိုတိုထံမှ အကြီးအကျယ် ဆူငေါက်ခံလိုက်ရ၏။

ဖုန်းပြောနေစဉ်၌ပင် ခေါင်းကို ထပ်ခါတလဲလဲ ငုံ့ထားနေရပြီး မိုရီမိုတိုက ဖုန်းထဲမှ တစ်ဆင့် သူ့အား တည့်တည့်ကြည့်ပြီး ဆူဆဲနေသယောင် ခံစားနေရသည်။

ထိုအချိန် …

မိုရီမိုတို၏ ရုံးခန်းထဲ၌ သူ့လက်အောက်ငယ်သားများ အားလုံးမှာ လေးနက်တည်ကြည်သည့် အမူအရာများကို ဆင်မြန်းထားကြ၏။

အာယာနဲ မစ်ဆူက သူတို့အတွက် အရေးကြီးဆုံး ညှိနှိုင်းရေးကတ်ဖြစ်ပြီး ယခုတော့ ထိုအရေးကြီးကတ်က ထွက်ပြေးလွတ်မြောက်သွားရုံမျှမက သူတို့လူလေးဦးလည်း ထိုဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ရသည်။

လူတိုင်း မျက်နှာအရှက်ရသည့်နှယ် ခံစားနေကြရ၏။

မိုရီမိုတို၏ အကြီးအကျယ် ဒေါသထွက်နေသည့် အမူအရာနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဂါးလဒ်မှာ တော်တော်လေး တည်ငြိမ်နေသည်ဟု ပြောရမည်။

ဆေးလိပ်ကို တိတ်တဆိတ် သောက်ရင်း မိနစ်ဝက်လောက် ကြာတော့မှ နောက်ဆုံး စကားစပြောလာသည်။

“ အဲ့လူက ဂျပန်မှာပဲ ရှိလောက်ဦးမယ် … ပြီးတော့ မြို့ထဲကနေတော် မထွက်သွားလောက်သေးဘူး …”

“ အင်း …”

“ အခုကစပြီး ဟိုင်းဝေးလမ်းတွေ အကုန် ပိတ်ဆို့ထားလိုက် … သူတို့ကို လုံးဝ မလွတ်စေနဲ့ … ပြီးတော့ အဓိကလမ်းမကြီးရဲ့ ဧရိယာအသီးသီးမှာ စစ်ဆေးရေးဂိတ်တွေ ချထား … အခွင့်အရေးလေး နည်းနည်းတောင် မပေးနဲ့ ….”

“ ငါ ချက်ချင်း စီစဉ်လိုက်မယ် …”

ဂါးလဒ်က ဆက်ပြော၏။

“ နောက်ပြီး … သူတို့ရဲ့ ပထမဆုံး ခရီးစိုက်ရာက သံရုံးဖြစ်မယ်လို့ သံသယ ဖြစ်မိတယ် … သံရုံးကို ဝိုင်းထားဖို့ လူတွေ လွှတ်လိုက် … အဝင်အထွက်လမ်းတွေ အားလုံးကို ပိတ်ထားလိုက် … သူတို့ သံရုံးထဲ ရောက်သွားခဲ့ရင် ဖမ်းဖို့က မဖြစ်နိုင်တော့ဘူး …”

( သမိုင်းမှာလည်း သံရုံးထဲဝင်ပြီး ခိုလုံတဲ့လူတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ တစ်ချို့ဆို နှစ်နဲ့ချီပြီးတောင် ခိုလှုံဖူးတယ်။ သံရုံးထဲ ရောက်သွားတာနဲ့ သံရုံးရဲ့ ခွင့်ပြုချက် မရှိရင် ဖမ်းဆီးလို့ မရပါဘူး။ သံရုံးက သဘောတူရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့်လည်း အပြင်ထွက်လာတာနဲ့ ဖမ်းခံရမှာပါပဲ။ ဒါပေမယ့်လည်း အဲ့နိုင်ငံသံရုံးရဲ့ အရှိန်အဝါပေါ်မှာလည်း မူတည်နေပါသေးတယ်။ တကယ်လို့ နိုင်ငံငယ်လေးရဲ့ သံရုံးဆိုလို့ကတော့ တစ်ဖက်နိုင်ငံက ဖိအားပေးတာနဲ့ ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။ )

ဂါးလဒ်၏ စကားက မိုရီမိုတိုအတွက်တော့ လှုပ်နိုးလိုက်သလိုပင်။

သူအစက မြို့ကို ပိတ်ဆို့ဖို့ပဲ စဉ်းစားနေခဲ့ပြီး အခြားသော ဖြစ်နိုင်ချေတွေကို ထည့်မတွက်မိခဲ့ပေ။

“ မစ္စတာ ဂါးလဒ် ပြောတဲ့အတိုင်း လုပ်လိုက် … “ မိုရီမိုတိုက သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

“ ဟုတ်ကဲ့ …”

“ အခုကစပြီး ဆိပ်ကမ်းက ထွက်မယ့် သင်္ဘောတွေ အကုန်လုံးကို ယာယီရပ်ဆိုင်းထားခိုင်းလိုက်… နိုင်ငံတကာ ကုန်သွယ်ရေးတွေလည်း ရက်အနည်းငယ်ကြာ ရပ်တန့်ထားမယ် …” ဂါးလဒ်က စီးကရက်ကို ပါးစပ်တွင် ကိုက်ထားရင်း ပြောလိုက်သည်။ “ ပြီးတော့ လေဆိပ်မှာလည်း ခရီးသည်တစ်ယောက်ချင်းစီတိုင်းကို အသေးစိတ် သေချာ စစ်ဆေးပြီးတော့မှ လေယာဉ်ပေါ် တက်ခွင့်ပေး … ဒါ နောက်ဆုံး အခွင့်အရေးပဲ … တစ်ခုခုထပ်ပြီး မှားယွင်းသွားရင် ထပ်ဖမ်းဆီးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး …”

“ နားလည်ပါပြီ …”

***

လင်းရီက ကားမောင်းရင်း အာယာနဲ မစ်ဆူကို ခိုလှုံရာနေရာသို့ ခေါ်ဆောင်သွားနေသည်။

သူ့အတွက်တော့ လက်ရှိအချိန်၌ ဘေးကင်းလုံခြုံ စိတ်ချရမည့် နေရာက ဦးစားပေးဖြစ်ပြီး ကျန်သည်များကတော့ နောက်မှပင်။

သို့သော်လည်းပဲ လမ်းခရီးတစ်လျှောက် လင်းရီ၏ မျက်မှောင်တို့က ပိုပိုကြီး တင်းကြုတ်လာသည်။

မိနစ် အနည်းငယ်အတွင်းမှာပဲ ရဲကားအမြောက်အများက သူတို့ကားနံဘေးမှ ကျော်ဖြတ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ယင်းက သူ့စိတ်ထဲ မကောင်းသည့် စိတ်ခံစားချက်တို့ကို ပိုပိုပြီး လေးပင်လာစေသည်.

မသိစိတ်အလျှောက် ဂျပန်အစိုးရဘက်က စတင်လှုပ်ရှားနေပြီကို သူခံစားနေရသည်။

မဟုတ်ဘူးဆိုပါက ဤမျှ အင်အားကြီးမားသည့် လုံခြုံရေးလှုပ်ရှားမှုတို့ ဖြစ်ပေါ်လာမှာ မဟုတ်ပေ။

လင်းရီ၏ နှလုံးသားမှာ လေးလံလာပြီး မျက်နှာအမူအရာသည်လည်း ပိုပိုပြီး တင်းမာလာသည်။

အာယာနဲ မစ်ဆူသည်လည်း ပုံမှန်မဟုတ်သည့် အခြေအနေကို သတိထားမိသွား၏။

“ လူကြီးမင်းလင်း … တစ်ခုခု မှားနေလို့လား …”

“ အထက်ကလူတွေ သတင်းရသွားပြီ ထင်တယ် …” လင်းရီ လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး “ စစ်ဆင်ရေးကို ဒီလောက်မြန်မြန် လှုပ်ရှားဦးဆောင်နိုင်တဲ့လူက ဘယ်သူလဲတော့ သိချင်မိသား ….. ဂါးလဒ်လား … မဟုတ်ရင် ကမ်ဘယ်လ်လား …”

နောက်ထပ် ဆယ်မိနစ်ကြာ ကုန်ဆုံးသွားသည်။ နောက်ထပ် ရဲကားသုံးစင်းကျော်က ဖြတ်သန်းသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

သို့သော် ယခု အချိန်တွင်တော့ အနှီ အသေးစိတ် အချက်အလက်များကို လင်းရီ အာရုံစိုက်မနေတော့ဘဲ ဦးတည်ရာ ပန်းတိုင်သို့သာ မြန်နိုင်သမျှ မြန်မြန် ရောက်ရှိဖို့ကို အာရုံစိုက်ထားတော့၏။

သို့သော်လည်းပဲ အခြေအနေက သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်မလာလေ။

ရှေ့တွင် လမ်းကို ပိတ်ဆို့ထားပြီး ဖြတ်သွားဖြတ်လာ ပြုနေသည့် ယာဉ်တစ်စီးချင်းစီတိုင်းကို တင်းကြပ်သည့် စစ်ဆေးမှုတို့ ပြုလုပ်နေကြသည်။

စစ်ဆေးပြီးနောက်၌ပင် ယာဉ်များက ဖြတ်သန်းသွားလာခွင့် မရှိသေးဘဲ ထိုအစား လမ်းလွှဲသို့သာ ညွှန်းပေးခံလိုက်ရ၏။

ရှေ့က မြင်ကွင်းကို ကြည့်ရင်း လင်းရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့သည်။

အာယာနဲ မစ်ဆူက လင်းရီ၏ မျက်ဝန်းထဲရှိ ပြင်းထန်သည့် အကြည့်များကို သတိပြုမိသွားခဲ့၏။ တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားချင်နေသည့် အကြည့်မျိုးပင်။

သူမကို ပို၍ ထိတ်လန့်သွားစေသည်က လင်းရီ၏ လက်များက ထိန်းချုပ်မရနိုင်စွာ တုန်ယင်နေလေသည်။

သူမ မှတ်မိသလောက်တော့ လင်းရီ ဤသို့ ဖြစ်ပျက်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

လင်းရီအတွက်တော့ ဤသို့သော အခြေအနေမျိုးက မရင်းနှီးတာ မဟုတ်တော့။ မနှစ်တုန်းက ပနားမားတွင်လည်း ထိုသို့ အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးသည်။ တစ်ဖက်က အကူအညီ တောင်းဖို့ရာအတွက် လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ခဲ့ကြလေသည်။

“ လူကြီးမင်းလင်း …”

အာယာနဲ မစ်ဆူက တိုးညှင်းစွာ အသံပြုလိုက်၏။

“ ဟူး ….”

လင်းရီ အသက်ပြင်းပြင်း ရှူထုတ်လိုက်ရင်း “ အဆင်ပြေတယ် … ဒီလမ်းက အလုပ်မဖြစ်ဘူးဆို တစ်ခြားလမ်းသွားမယ် …”

“ ရှင့်သဘောပဲ … ရှင် ဘယ်သွားသွား ကျွန်မလိုက်မယ် … ကျွန်မ မကြောက်ပါဘူး …”

“ ကောင်းပြီ …”

ကားစက်ပြန်နှိုးပြီး လင်းရီ ကားကို နောက်ပြန်လှည့်လိုက်၏။

ကံဆိုးစွာဖြင့် အခြားသော လမ်းကြောင်းများကလည်း အလားတူစွာ ပိတ်ဆို့ခံထားရလေသည်။

ထို့အပြင် ရဲအရာရှိများသာမက ညဉ့်တစ္ဆေ အဖွဲ့ဝင်များလည်း အင်အားဖြည့်တင်း စောင့်ကြပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤကဲ့သို့ အင်အားကြီး ပိတ်ဆို့မှုအောက်တွင် လင်းရီအဖို့ လွတ်မြောက်ရန် အခွင့်အရေးက သုညဖြစ်သွားခဲ့၏။

လင်းရီ မသိစိတ်အလျောက် မျက်မှောင်ကြုတ်ထားရင်း ဤလမ်းကြောင်းတွင် ရှေ့ဆက်သွားဖို့က မဖြစ်နိုင်တော့ဟု ခံစားနေရ၏။

“ လူကြီးမင်းလင်း … နောက်တစ်လမ်း သွားကြည့်ကြတာပေါ့ … အခွင့်အရေး ရှိလောက်ဦးမှာပါ …” အာယာနဲ မစ်ဆူက အကြံပြုလိုက်သည်။

“ အချိန်မရှိတော့ဘူး … “ လင်းရီ ညင်သာစွာ တုံ့ပြန်လိုက်ပြီး “ အခုလိုမျိုး လှည့်ပတ်သွားနေရင် သူတို့တွေ့သွားနိုင်မယ့် အန္တရာယ်များရုံတင် မကဘူး … မြို့ထဲက ထွက်ဖို့တောင် မဖြစ်နိုင်ဘဲ ဖြစ်သွားလိမ့်မယ် …”

“ ဒါဆို အခုက မြို့ထဲကနေ ထွက်သွားမလို့ပေါ့နော် …”

“ ဒီနေရာက မလုံခြုံတော့ဘူး … ငါ့အထင် သူတို့ မကြာခင် တစ်မြို့လုံးကို ပိုက်စိပ်တိုက် ရှာဖွေလာလောက်တယ် … ပုန်းနေတာက အချိန် ဘယ်လောက်မှ ခံမှာ မဟုတ်ဘူး …”

“ ဒါဆို ကျွန်မတို့ ဘယ်သွားကြမှာ ….”

“ ဟီရိုရှီးမား ဆိပ်ကမ်းကို သွားမယ် … အဲ့ဒီကနေ ကိုးရီးယားကို သွားတဲ့ ကာဂို သင်္ဘောတွေ ရှိတယ် … အဲ့ဒီကို အရင်သွားပြီး ကျန်တာ မီးစင်ကြည့်ကကြမယ် …”

“ နားလည်ပြီ …” အာယာနဲ မစ်ဆူ ခေါင်းညိတ်လိုက်ပြီး “ ကျွန်မ ဖြတ်လမ်းသိတယ် … ဒါပေမယ့် ပိတ်ဆို့ခံထားရနိုင်ချေလည်း များတယ် … ပြီးတော့ လမ်းအခြေအနေကလည်း သိပ်တော့ မကောင်းဘူး …”

“ လမ်းကောင်းတာ မကောင်းတာက အရေးမဟုတ်ဘူး … အရေးကြီးတာက ဘေးကင်းဖို့ပဲ…”

“ ကောင်းပြီလေ … ကျွန်မ လမ်းပြပေးမယ် …”

ကိုယ်ဟန် အနေအထားကို ချိန်ညှိရင်း လင်းရီ ကားကို အရှိန်တင်ကာ မြို့ပြင်ဘက်သို့ ဦးတည်လိုက်၏။

ဆင်ခြေဖုံးရပ်ကွက်ကို ရောက်တော့ အာယာနဲ မစ်ဆူ မျှော်မှန်းထားသည့် အတိုင်း ရဲစစ်ဆေးရေးဂိတ်များ ချထားသည်ကို မြင်တွေ့လိုက်ရသည်။

သို့ပေမယ့် မြို့ထဲလောက်တော့ လုံခြုံရေး တင်းကြပ်ထားခြင်း မရှိပေ။

စစ်ဆေးနေသူများကလည်း တာဝန်အရ ပြုလုပ်နေကြပုံပေါ်ပြီး လေးလေးနက်နက် မရှိကြပေ။ အခြေအနေ၏ အရေးပါပုံကို မသိကြဟန်ပင်။

လက်ရှိ လင်းရီ ရုပ်ဖျက်ထားသည့် ပုံစံနှင့် အကယ်၍ အာယာနဲ မစ်ဆူသာ ပါရှိနေခြင်း မရှိပါဘူးဆိုပါက သူ့ဘာသူ ဂျွမ်းထိုး၍ပင် ဖြတ်သန်းသွား၍ ရသည်။ မည်သူကမျှ သူ့အား မှတ်မိနိုင်မှာ မဟုတ်ချေ။

“ လူကြီးမင်းလင်း … ဘယ်ဘက်က လမ်းကျဉ်းလေးကို ကွေ့လိုက် …”

“ အိုကေ ….”

အာယာနဲ မစ်ဆူ ညွှန်ကြားသည့်အတိုင်း လင်းရီက လမ်းကျဉ်းလေးထဲ ချိုးကွေ့လိုက်၏။

ဤသို့ဖြင့် နှစ်ယောက်သား အသက်လုပြေးရသည့် ခရီးစဉ်သည်လည်း စတင်လာလေပြီ။

All Chapters