အခန်း ၂၅၀၁
Vol. 178 Ch. 2501
အခန်း (၂၅၀၁)
အာယာနဲ မစ်ဆူ၏ အဆိုပြုချက်
အာယာနဲ မစ်ဆူ၏ လမ်းညွှန်မှုအောက်တွင် လင်းရီတို့ နှစ်ဦးမှာ မြို့တော် တိုကျိုမှ အောင်အောင်မြင်မြင်နှင့် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အိုဆာကာသို့ ဦးတည်မောင်းနှင်လိုက်၏။
တစ်ဖြည်းဖြည်း သေးငယ်သွားသည့် မိုးမျှော်တိုက်ကြီးများကို နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်ရှုရင်း နှစ်ဦးမှာ စိတ်သက်သာရစွာဖြင့် ကိုယ်စီ သက်ပြင်းများ ချလိုက်မိကြသည်။
ယခုလို အချိန်မျိုး၌ စိတ်ပိုင်းဆိုင်ရာ တင်းမာနေမှုက အပင်ပန်းဆုံးဖြစ်၏။
“ ပင်ပန်းတယ်ဆိုလည်း ခဏလောက် တစ်ရေးတစ်မော အိပ်လိုက်လေ … ရှေ့လမ်းက ဒီလောက် ပြဿနာ မများလောက်တော့ပါဘူး …”
အာယာနဲ မစ်ဆူ ခေါင်းအသာ ယမ်းလိုက်သည်။
“ ရှင်နဲ့ ဆုံဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ … ဒီလို အခြေအနေမျိုး ဖြစ်နေရင်တောင် မအိပ်ချင်ပါဘူး … ရှင့်နား အချိန်ပြည့်ပဲ အဖော်လုပ်ပေးချင်တယ် …”
ထိုစကားကြားတော့ လင်းရီ ပြုံးမိသွားသည်။
“ ဒီကဗျာ တစ်ပိုဒ်ကို မင်း ကြားဖူးလား … ‘ တကယ်လို့ ချစ်ခြင်းမေတ္တာသာ ရှိနေမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နေ့ည အတူမနေရလည်း ဘာအရေးလဲ’ … ဒီကဗျာ စာပိုဒ်က မင်းနဲ့ ပိုပြီး လိုက်ဖက်ညီတယ်လို့ မထင်ဘူးလား …”
အာယာနဲ မစ်ဆူက သူမ ထိုင်နေသည့် ကိုယ်ဟန်ကို ချိန်ညှိလိုက်ပြီး လင်းရီထံသို့ အကြည့်ပို့လိုက်၏။
“ ကြားဖူးတယ် … ဟွာရှမှာ ကျောင်းတက်တုန်းက …၊ အဲ့တုန်းကဆို တော်တော်လေး နှစ်သက်ခဲ့တာ …”
“ ဒါကြောင့် အရမ်းကြီးလည်း စိုးရိမ်မနေနဲ့ … အခုက သေရေးရှင်ရေး အခြေအနေမှ မဟုတ်တာ … တကယ်လို့ မင်းသာ ဆန္ဒရှိတယ်ဆို ငါတို့ ဘယ်အချိန်ဖြစ်ဖြစ် တွေ့လို့ရနေတာပဲဟာ …”
လင်းရီ၏ နှစ်သိမ့်စကားက အာယာနဲ မစ်ဆူ၏ စိတ်အခြေအနေကို သိသိသာသာ ကောင်းမွန်သွားစေသည်။
ထို့နောက် သူ့အား လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး “ ဥက္ကဌကျီ ကိုယ်ဝန် ရှိနေပြီလို့ ကြားမိတယ် … သူ နေကောင်းတယ်မလား …”
“ ကောင်းပါတယ် … ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားနေတာပါပဲ …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ တစ်လောတုန်းက ကုမ္ပဏီက လူတွေဆီကနေ ပြောသံကြားတာ ဂျပန် မိတ်ဖက် ကုမ္ပဏီတွေ အများကြီးကနေ အားဆေး ဖြည့်စွက်စာတွေ အများကြီး ပို့ပေးလိုက်တယ်ဆို … အဲ့ကိစ္စ မင်း စီစဉ်လိုက်တာ မဟုတ်လား …”
အာယာနဲ မစ်ဆူက နွေးထွေးစွာ ပြုံးလိုက်ပြီး “ ရှင်က ဖခင်တစ်ယောက် ဖြစ်တော့မယ်ဆိုတော့ ကျွန်မ ရှင့်အတွက် ဝမ်းသာလို့လေ … အဲ့တာကြောင့် ပို့ပေးလိုက်တာ … ဒါပေမယ့် ကျွန်မပို့ခိုင်းလိုက်တယ်လို့တော့ မပြောခိုင်းထားပါဘူး …”
“ ပြောလည်း ဘာမှမဖြစ်ပါဘူးကွာ … အဲ့လောက်ထိလည်း သတိထားနေစရာ မလိုပါဘူး … မင်းက ဘယ်သူ့အောက်မှာမှ မဟုတ်ဘူး …”
လင်းရီ၏ စကားကိုကြားတော့ အာယာနဲ မစ်ဆူ မျက်နှာထက်ရှိ အပြုံးများက ပို၍ တောက်ပလာပြီး သကြားလုံး ဆုချခံလိုက်ရသည့် ကလေးလေးတစ်ယောက်အသွင်သို့ ကူးပြောင်းသွားခဲ့၏။
ဤသို့ဖြင့် အသက်လုထွက်ပြေးနေရသည့် ခရီးစဉ်သည် သူမအတွက်တော့ ပျားရည်စမ်း ခရီးနှယ် ခံစားနေရတော့သည်။
လင်းရီသည် ကားကို ဆက်လက်မောင်းနှင်ရင်း မျက်လုံးကလည်း ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်။
ယာယီဘေးကင်းလုံခြုံပြီ ဆိုသော်လည်း တင်းမာမှုများက မျက်နှာထက်၌ ထင်ကျန်နေဆဲပင်။
“ လူကြီးမင်းလင်း … ရှင် စိတ်ပူနေတုန်းလား …”
“ ငါ့အထင် …၊ သူတို့ အခု ငါတို့မောင်းနေတဲ့ကားကို ခြေရာခံမိသွားပြီလို့ ထင်တယ် … ကားပြောင်းစီးမှ ဖြစ်တော့မှာ …”
လင်းရီ စိုးရိမ်နေသည်က အကြောင်းမဲ့တော့မဟုတ်။ ညဘက်တွင် ဆေးရုံ၌ ကားသွားကားလာက နည်းပါးပြီး အကယ်၍ လုံခြုံရေး စီစီတီဗွီ မှတ်တမ်းများနှင့် နောက်ကြောင်း စစ်ဆေးကြည့်လိုက်မည်ဆိုပါက သူတို့ မောင်းနေသည့်ကားကို အတိအကျ ထောက်လှမ်းမိသွားနိုင်သည်။
အကယ်၍ ဆက်လက် အသုံးပြုနေမည်ဆိုပါက အာဏာပိုင်များ လိုက်မီလာမည်မှာ ကျိန်းသေပေါက်ပင်။
လက်ရှိတွင် ထိပ်တန်းဦးစားပေးက ကားလဲဖို့ပဲ ဖြစ်၏။
“ အဲ့တာက လွယ်ပါတယ် … လူနည်းနည်းပြတ်တဲ့ နေရာတစ်ခု ရှာပြီး ကားတစ်စင်း ဖြတ်သွားတဲ့ အချိန်အထိ စောင့်နေလိုက်ရုံပဲလေ …”
“ ဒါပေမယ့် ရည်မှန်းချက်က ကားကို ပြန်ပေးဆွဲရုံလောက်ပဲ ရိုးရှင်းနေလို့ မရဘူး …” လင်းရီ လေသံတိုးတိုးဖြင့် “ တကယ်လို့ ကားပိုင်ရှင်က ရဲတိုင်လိုက်မယ်ဆိုရင် ငါတို့လည်း ဖော်ထုတ်ခံလိုက်ရနိုင်တယ်….”
အာယာနဲ မစ်ဆူ၏ မျက်ခုံးတို့ အနည်းငယ် တင်းကြုတ်သွားခဲ့ပြီး “ ဒရိုင်ဘာကိုပါ အပြတ်ရှင်းပစ်ရမယ်ဆိုတဲ့ သဘောလား …”
“ အင်း … “ လင်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
“ ဒါပေမယ့် သာမန်လူတွေက ဘာအပြစ်မှ မရှိတဲ့လူတွေလေ … ငါ သူတို့ကို အလကားသပ်သပ်ချည်းတော့ မသတ်ချင်ဘူး …”
အာယာနဲ မစ်ဆူသည် လင်းရီ ဆိုလိုချင်နေသည်ကို ချက်ချင်း နားလည်သွားခဲ့၏။
တစ်ချိန်တည်းမှာပဲ … သူမ ဘာကြောင့် ဤအမျိုးသားကို စွဲလမ်းမိသွားရလဲဆိုတာကို သဘောပေါက်သွားခဲ့ရလေသည်။
သူက ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှု ရှိနေသောကြောင့်လည်း မဟုတ်။ ချမ်းသာနေသောကြောင့်လည်း မဟုတ်။
ထိုအစား သူ့စိတ်ဝိဉာဏ်၏ အနက်ရှိုင်းဆုံးတစ်ရာတွင် မှေးမှိန်စွာ တည်ရှိနေသည့် သနားကြင်နာမှုကြောင့်ပင်။
သူ့လက်တွေ ဘယ်လောက်ပဲ သွေးစွန်းထားစေကာမူ၊ မဲမဲ မြင်ရာ လူသတ်တတ်သူ တစ်ဦး မဟုတ်ပါဘဲ ပကတိ ကြင်နာမှုကိုတော့ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။
“ တကယ်လို့ ကျဉ်းထဲကျပ်ထဲ ရောက်လာရင် ဘယ်လိုလုပ်မှာ …”
“ အဲ့လိုဆိုရင်တော့ ဘယ်တတ်နိုင်မှာ … တစ်ခြားရွေးချယ်စရာမှ မရှိတော့တာ …” လင်းရီ တုံ့ပြန် ဖြေဆိုလိုက်၏။
“ ငါက ကိုယ့်ကိုယ်ကို ဦးစားပေးတဲ့ ဒီတိုင်း သာမန်လူပါပဲ .. သူတော်စင် တစ်ယောက်လည်း မဟုတ်ဘူး … ငါသေလို့ မီးသင်္ဂြိုဟ်ရင်လည်း ဘာဓာတ်တော် အကြွင်းအကျန်မှလည်း ကျန်ခဲ့မှာ မဟုတ်ဘူး …”
“ အမ်ဟမ့် … ကျွန်မ သိသားပဲ… ကျွန်မ နှစ်သက်တဲ့ ယောက်ျားက ဖြောင့်မတ်လွန်းတဲ့ ကယ်တင်ရှင်ကြီး မဟုတ်ဘူးဆိုတာကိုလေ …”
အာယာနဲ မစ်ဆူက တစ်ချက်ရယ်မောရင်း ပြောလိုက်ပြီး “ ဆက်မောင်းကြစို့ …. နောက် ကီလိုမီတာ သုံးဆယ်လောက် ဆက်မောင်းပြီးရင် ရှီဇူအိုကာ ကောင်တီကို ရောက်မယ် …. အီခဲဂါဝ အဖွဲ့အစည်းဂိုဏ်းခွဲက အဲ့မှာ ရှိတယ် … တို့တွေ အခွင့်အရေး ရှာကြည့်ကြတာပေါ့ ….”
“ အီခဲဂါဝ အဖွဲ့အစည်းလား …” လင်းရီ ရွေရွတ်လိုက်ပြီး “ ခန်းဂျိနာခါတာ အရင်က ဒီအကြောင်းပြောဖူးတယ် … သူတို့အုပ်စုက ရာမာဂူချီဂိုဏ်းနဲ့ ရန်ဖြစ်ဖူးတဲ့ အဖွဲ့အစည်းမဟုတ်လား ….”
“ မစ်ဆူယူရှီ ဆုံးတော့ ယာမာဂူချီဂိုဏ်းလည်း တစ်ကွဲတစ်ပြား ဖြစ်သွားခဲ့တယ် … အီခဲဂါဝ အဖွဲ့အစည်းက အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ယာမာဂူချီဂိုဏ်း ပိုင်တဲ့ ပိုက်နက် နယ်မြေတွေ အများကြီးကို သိမ်းပိုက်ခဲ့ကြတာ … သူတို့က ယာမာဂူချီဂိုဏ်း နေရာမှာ အစားဝင်ဖို့တောင် လုပ်ခဲ့ကြသေးတယ် ….”
“ ဒါပေမယ့် ရှင်လာပြီး ကျွန်မကို ကူညီပေးတော့ ယာမာဂူချီဂိုဏ်းကို ပြန်ပြီး စုစည်းနိုင်ခဲ့လို့ သူတို့ကို ဖိနှိပ်ထားနိုင်ခဲ့တာ … ကြုံတုန်းကြုံခိုက် ဒင်းတို့ကို ဒုက္ခပေးကြတာပေါ့ …”
“ အကြံကောင်းပဲ ….”
အာယာနဲ မစ်ဆူ အကြံပြုသည့်အတိုင်း လင်းရီသည် ရှေ့သို့ ဆက်လက်မောင်းနှင်ရင်း အချိန်ပိုရစေရန်အတွက် ကားကို အရှိန်တင်လိုက်သည်။
ရှီဇူအိုကာ ကောင်တီကိုရောက်တော့ မြို့လယ်ခေါင်သို့ မဝင်ဘဲ မြို့ပြင်ဘက်ခြမ်းမှတစ်ဆင့်သာ လှုပ်ရှားဝံ့လေသည်။
အခြေအနေကတော့ သူ မျှော်လင့်ထားသလောက် မကောင်းမွန်လှပေ။
အဓိက လမ်းမကြီးများတွင် ယာဉ်တိုင်းကို စစ်ဆေးနေသည့် ရဲအရာရှိများ ရှိနေကြ၏။
သို့သော်လည်း မနက်ခင်း အစောပိုင်း ဖြစ်သည့် အတွက် စစ်ဆေးမှုက တင်းကြပ်လှသည်တော့ မဟုတ်ပေ။
ရဲတစ်ယောက်ဆိုလျှင် လမ်းနံဘေးတွင် မတ်တပ်ရပ်ရင်း အိပ်ချင်မူးတူး မျက်ဝန်းများဖြင့် ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို ပျင်းတိပျင်းရွဲ ကြည့်ရှုနေသည်။
“ လူကြီးမင်းလင်း …. ကျွန်မတို့ ဒီဧရိယာကို ရှောင်ပြီး မောင်းကြတာပေါ့ …” အာယာနဲ မစ်ဆူက အကြံပြုလိုက်၏။
“ အီခဲဂါဝ အဖွဲ့အစည်းက မြို့ပြင်မှာ ကာစီနိုအကြီးကြီး တစ်ခု ရှိတယ် … VIP တွေကိုပဲ ဝင်ခွင့်ပေးတာ … အဲ့မှာ အခွင့်အရေး ရှိလောက်တယ် ….”
လင်းရီ ခေါင်းညိတ်ပြီး အာယာနဲ မစ်ဆူ ညွှန်ပြသည့် ဦးတည်ရာဘက်ခြမ်းသို့ မောင်းနှင်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးသည့်နောက် လင်းရီသည် လေးထပ် အဆောက်အဦးတစ်လုံးကို မြင်တွေ့လိုက်ရ၏။
အဆောက်အဦးက စတိုင်ကျသည့် ဒီဇိုင်းရှိပြီး အပြင်ဘက်ခြမ်းကို အရောင်စုံသည့် ကာလာမီးအလင်းရောင်များဖြင့် အလှဆင်ထားပြီး ညဘက်ခြမ်း၌ တလက်လက် တောက်ပနေကာ ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ အလင်းဆောင်နေသည်။
ဝင်ပေါက်ဝတွင် ကားများ ပြည့်ကြပ်နေပြီး သန်းခေါင်ကျော် မနက်ခင်း အချိန်ဖြစ်သော်လည်း လူအများအပြားက ဝင်ထွက်သွားလာနေလျက်ပင်။
လှပစွာ ဝတ်စားဆင်ယင်ထားသည့် ဆတ်ကော့လတ်ကော့ အမျိုးသမီးများကလည်း အမျိုးသားများ၏ နံဘေး၌ တေးသီငှက်များနှယ် မမောနိုင်မပမ်းနိုင် လှည့်ပတ်ဝန်းရံနေကြလေသည်။
“ နေရာက တော်တော်စည်းကားနေတာပဲ …” လင်းရီ ပြုံးလျက် ဆိုလိုက်၏။
“ လတ်တလောနှစ်တွေမှာ တိုကျိုက ဒီလိုမျိုး လုပ်ငန်းတွေကို နှိမ်နင်းနေတော့ သူတို့လည်း ကာစီနိုကို ဒီဘက် ရွှေ့ပြောင်းလိုက်ရတယ်လေ … တိုကျိုနဲ့ အိုဆာကာ နှစ်နေရာလုံးက ဖောက်သည်တွေ သွားရေးလာရေး အဆင်ပြေတော့ စီးပွားရေးက အတော်လေး အဆင်ပြေတယ် … သူတို့အဖွဲ့အစည်းရဲ့ အဓိက ငွေဝင်လမ်းကြောင်းတွေထဲက တစ်ခုပေါ့….”
အာယာနဲ မစ်ဆူက ပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်ရင်း “ ဒါပေမယ့် ကျွန်မတို့ သွားမယ်ဆို အနောက်တံခါးက သွားမှနဲ့တူတယ် … ဒီ နေရာတစ်ဝိုက်က လူများလွန်းတော့ လှုပ်ရှားလို့ အဆင်မပြေဘူး …”
“ ပြဿနာ မရှိဘူး … ဒီည အားလုံးကို ရှင်းပစ်ပြီး မင်းအတွက် ခလုတ်ကန်သင်း ဖြစ်နေတာတွေ အားလုံးကို ဖယ်ရှားပေးမယ် …”
“ ကျေးဇူးတင်ပါတယ် လူကြီးမင်းလင်း … ဒီ နိမ့်ကျတဲ့ ကျွန်တော်မျိုးမက လူကြီးမင်းလင်းရဲ့ ကျေးဇူးကို တစ်သက်လုံး အမှတ်ရနေမှာပါ ..”
အာယာနဲ မစ်ဆူက ဇာတ်လမ်းတွဲများထဲရှိ ရှေးခေတ် ဟွာရှ အမျိုးသမီးများနှယ် အရိုအသေပေးလိုက်ရာ လင်းရီကို အားပါးတရ ရယ်မောသွားစေသည်။
****
လေးလွှာရှိ ကာစီနို ရုံးခန်းထဲ၌။
အခန်းတစ်ခန်းထဲတွင် အသက်ငါးဆယ် အရွယ် အမျိုးသား တစ်ဦးက အင်္ကျီလက်ကို တံတောင်ဆစ်အထိ ပင့်တင်ထားသည့် ရှပ်အင်္ကျီအနက်ရောင်ကို ဝတ်ဆင်ထားလျက်ရှိကာ စားပွဲပေါ်ရှိ ဓာတ်ပုံများအား လေးလေးနက်နက် စူးစိုက်ကြည့်နေသည်။
အနှီ အမျိုးသား၏ နာမည်က ဟာရာခါဝါ ရိုရှီဒါ ဖြစ်ပြီး ရှီဇူအိုကာ ဒေသရှိ အီခဲဂါဝ အဖွဲ့အစည်း၏ ရာထူးအမြင့်ဆုံး တာဝန်ခံတစ်ဦးပင်။
ကာစီနိုတစ်ခုလုံးက သူ၏ စီရင်ပိုင်ခွင့် လက်အောက်တွင် ရှိနေပြီး ဤနေရာရှိ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်ပေးသူကလည်း သူပဲ ဖြစ်သည်။
“ အာယာနဲ မစ်ဆူကိုတောင် ဖမ်းတဲ့ထိ ဖြစ်သွားပြီတော့ …. ၊ ဘာတွေ ဖြစ်နေတာတုန်းဟ ….”
ဟာရာခါဝါ ရိုရှီဒါက ဓာတ်ပုံများကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့၏။
ပုံများထဲတွင် အာယာနဲ မစ်ဆူနှင့် လင်းရီတို့၏ ပုံရိပ်များ ပါဝင်နေသည်။ လင်းရီ၏ ပုံရိပ်ကတော့ အနည်းငယ် ဝေဝါးနေလျက် ရှိ၏။
အခြားသော ပုံများထဲတွင်တော့ လင်းရီ ကားမောင်းနေသည့် ပုံရိပ်များ ရှိနေသည်။
“ ဘော့စ် … ကျွန်တော်ကတော့ လက်ရှိအချိန်က အခွင့်ကောင်းလို့ ထင်တယ် …” ဟာရာခါဝါ ရိုရှီဒါ၏ လက်အောက်ငယ်သားတစ်ဦးက အဆိုပြုလိုက်၏။
“ မင်း ပြောချင်တာ … ၊ ယာမာဂူချီဂိုဏ်းကို တိုက်ခိုက်ဖို့ အချိန်ကျရောက်လာပြီဆိုတဲ့ သဘောလား ….”
ဟာရာခါဝါ ရိုရှီဒါက ဘယ်မျက်ခုံးတစ်ချက် ပင့်ပြီး ကြည့်လိုက်၏။