အခန်း ၂၅၀၄
Vol. 178 Ch. 2504
အခန်း (၂၅၀၄)
အကျပ်အတည်း
ဒေါက် ဒေါက် ဒေါက် ..
ရဲအရာရှိက ကားအနားသို့ ရောက်လာပြီး မှန်ပြတင်းပေါက်ကို တံခါးလာခေါက်သည်။
အာယာနဲ မစ်ဆူ၏ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ယင်သွားပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေမိတော့၏။
အကယ်၍ မှန်ပြတင်းပေါက်ကို ချလိုက်လျှင်လည်း ဖော်ထုတ်ခံလိုက်ရမည့် အန္တရာယ်ကလည်း ရှိသည်။
“ ဟဲလို ဆရာ …”
အာယာနဲ မစ်ဆူ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည့် အချိန်မှာပဲ လင်းရီက အပြင်ဘက်၌ ထွက်ပေါ်လာပြီး ရဲအရာရှိ၏ ပခုံးကို လှမ်းပုတ်လိုက်၏။
ဟူး …
ချက်ချင်းဆိုသလို စိတ်သက်သာရမှုက အာယာနဲ မစ်ဆူ၏ တစ်ကိုယ်လုံးသို့ ဆေးကြောသန့်စင်သွားပြီး ကယ်တင်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
လင်းရီ ရှိနေသရွေ့ သူမ ဘာကိုမျှ မကြောက်ရွံ့ပေ။
“ ဘာလဲ… ဘာကူညီပေးရမလဲ …” ရဲအရာရှိက နောက်လှည့်မေးလာသည်။
“ ဟုတ် .. ကျွန်တော် အခုလေးတင်ပဲ ဝရမ်းထဲကလူကို အမှတ်ရလိုက်မိလို့ … ကျွန်တော် သူ့ကို တစ်နေရာမှာ ကောင်းကောင်း မြင်ဖူးနေသလိုပဲ …”
“ ဟမ် တကယ်လား .. ဘယ်နေရာမှာလဲ …”
ရဲအရာရှိ၏ မျက်နှာထားမှာ ချက်ချင်း ဝင်းပသွားခဲ့ပြီး လက်ကလည်း သေနတ်ပေါ်သို့ မသိမသာ ကျရောက်သွားခဲ့သည်။
ယန်း တစ်ဘီလီယမ် ဆုကြေးရှိသည့် ဝရမ်းပြေး။
အကယ်၍ ၎င်းကို ဖမ်းမိပါက သူ့တစ်သက်လုံး ဘာမျှ ပူပန်စရာ လိုတော့မှာ မဟုတ်ချေ။
“ ရှေ့နားလေးမှာပဲ ထင်တယ် … ဆရာ အဲ့ကို သွားလိုက်ရင် တွေ့လိုက်မယ် ….”
“ မင်း အမှတ်မမှားဘူးဆိုတာတော့ သေချာပါတယ်နော် ….”
“ လုံးဝ သေချာပါတယ် …” လင်းရီ ပြန်ပြောလိုက်၏။ “ ဒါပေမယ့် အကူအညီတွေ အများကြီးနဲ့ သွားတာက ပိုကောင်းမယ်လို့ ထင်တယ် … ဆုကြေးတွေ အဲ့လောက် အများကြီး ထုတ်ခံထားရတဲ့လူဆိုတော့ တော်ရုံလူတော့ မဖြစ်နိုင်ဘူး …”
ရဲအရာရှိက ဘဝင်ိခုက်နေသည့် ရယ်သံဖြင့် “ မပူနဲ့ … ငါ့လက်ထဲမှာ သေနတ်ပါတယ် …. သူ့ခေါင်းကို ချိန်လိုက်တာနဲ့ နာနာခံခံလေး ဒူးထောက်လိုက်ရုံပဲ တတ်နိုင်လိမ့်မယ် …”
အမှန်တော့ … တရားခံကို သူတစ်ဦးတည်း ဖမ်းဆီးလိုက်မည်ဆိုပါက ဆုကြေးငွေများ အားလုံးကို သူတစ်ဦးတည်းက အပိုင်ရမှာ ဖြစ်သည်။
အကယ်၍ အကူအညီခေါ်လိုက်မည်ဆိုရင်တော့ ဆုကြေးငွေကို ၎င်းတို့နှင့် ဝေစုခွဲနေရလိမ့်မည်။ ယင်းက မတန်ပေ။
မည်သို့ပင်ဆိုစေ သူ့လက်ထဲ သေနတ်ရှိထားသည်။ အကယ်၍ ပစ်မှတ်က ခုခံဝံ့မည်ဆိုပါက ခလုတ်လေးတစ်ချက်ဆွဲပြီး စမုံတုံးပေးလိုက်ရုံပင်။
“ သတင်းပေးတာ ကျေးဇူးပဲ …”
ရဲအရာရှိက သူ့ လက်နက်ကို ချိန်ညှိပြီး တစ်ချက် သွားစစ်ဆေးကြည့်ဖို့ ဟန်ပြင်လိုက်၏။
****
“ ရှင်းချီ … မင်း ဘယ်သွားမလို့လဲ …”
ရဲကားထဲရှိ သူ့လုပ်ဖော်ကိုင်ဖက် တစ်ဦးက လှမ်းအော်လိုက်၏။
“ ဒီမှာ ထမင်းလုံးတွေ မရောင်းဘူး … ငါ တစ်ခြားမှာ သွားဝယ်ပြီး မင်းတို့ဖို့ ယူလာပေးမယ် …”
“ တကယ် … ကျေးဇူးပါဗျာ …”
“ မလိုပါဘူး … စီနီယာပဲလေ …”
အရာရှိ ရှင်းချီကတော့ သူ့ မျက်နှာတွင် ဖြစ်ပေါ်နေသည့် အပြုံးများကို မည်သို့မျှ ဖုံးဖိမရတော့ပေ။
ဆုကြေးရပြီးသည့်နောက် မည်သို့ အောင်ပွဲခံရမလဲဆိုသည်ကိုပါ ကြိုတင် စိတ်ကူးနေပြီး ဖြစ်လေသည်။
လုပ်ဖော်ကိုင်ဖက်များကို ပစ်ထားပြီး ရှင်းချီက လမ်းကြားလေးထဲသို့ ဝင်ရောက်သွားခဲ့၏။
တစ်ချိန်တည်းမှာပဲ လင်းရီသည် ဆီဆိုင်အတွင်း တပ်ထာသည့် လုံခြုံရေး ကင်မရာများကို တစ်ချက်ကြည့်ပြီး ကင်မရာ မြင်ကွင်းကွယ်သည့် နေရာမှတစ်ဆင့် တိတ်တိတ်လေး လစ်ထွက်လာခဲ့လိုက်၏။
ဆီဆိုင်ထဲမှ ထွက်လာပြီးသည်နှင့် လင်းရီသည် ချက်ချင်း တစ်ဟုန်ထိုး ပြေးလိုက်ပြီး မကြာမီမှာပဲ ရှင်းချီကို လိုက်မီသွားခဲ့သည်။
လင်းရီ၏ အစီအစဉ်က ရိုးရိုးရှင်းရှင်းလေးပင်။
သူ့ကို သတ်ဖြတ်ဖို့ ဖြစ်၏။
မဟုတ်ဘူးဆိုပါက သူ့အပေါ် သံသယများ ကျရောက်လာမည်မှာ မလွဲမသွေပင်။
“ မင်း ဘာလို့ ဒီလိုက်လာတာ …”
လင်းရီကို မြင်တော့ ရှင်းချီ အံ့အားသင့်သွား၏။
“ ဆရာ လမ်းပျောက်နေမှာ စိုးလို့ လမ်းပြပေးဖို့ ရောက်လာတာပါဗျ …”
“ တော်တော် တွေးပေးတတ်တဲ့ကောင်ပဲ …” ရှင်းချီ သဘောကျသွားပြီး “ မင်းလိုကောင်မျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး… ကဲ မြန်မြန် လမ်းပြတော့ …”
“ ဟုတ်ကဲ့ ဆရာ …”
မိနစ် အနည်းငယ်ကြာပြီးနောက် ရှင်းချီသည် ပတ်ဝန်းကျင်က တစ်ဖြည်းဖြည်း လူပြတ်လာတာကို သတိပြုမိသွား၏။ နေရာတစ်ဝိုက်တွင် လူမနေတော့သည့် အဆောက်အအုံဟောင်းများကသာ ပြည့်နှက်လို့နေသည်။
လူရိပ်လူယောင်လေးပင် မမြင်ရချေ။
သံသယ မီးပွားတစ်ချက်က ရှင်းချီ၏ ရင်ဘက်ထဲ ပေါက်ဖွားလာခဲ့တော့၏။
“ ဒီမှာ ဘယ်သူမှလည်း မရှိတာကို မင်းပြောတဲ့ ဝရမ်းပြေးက ဘယ်မှာတုန်း ..”
“ မလောနဲ့လေဗျာ .. သူ့ရှေ့နားလေးမှာရှိတယ် …”
အနည်းငယ် ခပ်ဝေးဝေးသို့ လမ်းလျှောက်လာပြီးနောက် လင်းရီသည် လူဆင်းပေါက် အဖုံးတစ်ခုနားတွင် ရပ်တန့်လိုက်၏။
ရှေ့ရှိ အနီရောင် စွန့်ပစ် အိမ်အဟောင်းတစ်လုံးကို ညွှန်ပြရင်း “ ကျွန်တော်သူ့ကို အဲ့မှာ တွေ့ခဲ့တာ … သူ့ကိုဖမ်းမယ်ဆို အခုဝင်သွားလိုက်တာက အချိန်ကောင်းပဲ …”
“ အင်း …”
အရာရှိ ရှင်းချီက သူ့သေနတ်ကို ဆွဲထုတ်ပြီး သတိကြီးကြီးထား၍ အိမ်နီလေးထံသို့ ချဉ်းကပ်လာသည်။
ရုတ်တရက်ဆိုသလို …
စူးရှရှ ခံစားချက် တစ်ခုကို ခံစားလိုက်ရပြီး ပြင်းထန်သည့် နာကျင်မှု ဝေဒနာ တစ်ရပ်က တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်။
သူ အော်ဟစ်တော့မည့် အချိန်မှာပဲ သူ့ပါးစပ်ကို တစ်စုံတစ်ရာက ဖိပိတ်ထားပြီးသား ဖြစ်နေတော့၏။
အားကုန်သုံးပြီး လှည့်ကြည့်လိုက်တော့ တိုက်ခိုက်လာသူက … သူ့အား လမ်းပြပေးသူ ဖြစ်နေသည်။
ထိုအချိန်မှာပဲ အရာအားလုံး နားလည်သဘောပေါက်သွားခဲ့တော့၏။
“ မင်းပဲ …”
“ မင်းသိတာ များလွန်းနေပြီ .. သေလိုက်တော့ …”
ဇွပ် …
ဓားတစ်ချက်တည်းဖြင့် ရှင်းချီသည် ခုခံဖို့ အခွင့်အရေးလေးတောင် မရလိုက်ဘဲ သေဆုံးသွားခဲ့တော့သည်။
လင်းရီလည်း လူဆင်းပေါက်အဖုံးကို အလျင်စလို ဖွင့်ပြီး အလောင်းကို ရေဆိုးမြောင်း အောက်ဘက်ထဲသို့ ပစ်ထည့်လိုက်၏။ ပြီးနောက် အင်္ကျီ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ရင်း အခင်းနေရာမှ ပြန်ထွက်လာသည်။
ဓာတ်ဆီဆိုင်သို့ ရောက်တော့ လင်းရီသည် အာယာနဲ မစ်ဆူက ကားကို လမ်းဆုံအသေးလေးသို့ ရွေ့ထားပြီး စိုးရိမ်တကြီး အော်ခေါ်လာခဲ့၏။
“ လူကြီးမင်းလင်း … ကားထဲ မြန်မြန်ဝင်တော့ …”
“ လောဖို့ မလိုသေးဘူး …” လင်းရီ လေသံ တိုးတိုးဖြင့် ဆိုလိုက်ပြီး “ သူ့ လုပ်ဖော်ကိုင်ဖက်တွေက ဟိုနားမှာ ရှိနေကြတာ … တကယ်လို့ သူတို့ အဖော် ပြန်ရောက်မလာဘဲ ကြာနေရင် ဒီက စောင့်ကြည့်ကင်မရာမြင်ကွင်းကို စစ်ဆေးကြည့်ကြမှာ ကျိန်းသေတယ် … အနာဂတ်မှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေကို အခုကတည်းက ကြိုရှင်းထားမှ အဆင်ပြေမှာ …”
“ နားလည်ပြီ …”
“ အဲ့ကားကို စောင့်ကြည့်ထား … တကယ်လို့ စပြီး လှုပ်ရှားလာတာ မြင်ရင် အဲ့ကားနောက်လိုက်သွားလိုက် … ဒါပေမယ့် ကျန်တာတော့ ဘာမှ မလုပ်နဲ့ …”
“ အင်း …”
လင်းရီက စီစီတီဗွီများအားလုံးကို ရှောင်ပြီး လမ်းဘေးရှိ ရဲကားထံသို့ လျှောက်လှမ်းသွား၏။
“ ဘာလို့ အဲ့လောက်တောင် ကြာနေရတာလဲတဲ့ကွာ … အခုထိကို ပြန်မလာသေးဘူး …” အရာရှိ မဲတက မကျေမနပ် မြည်တမ်းလိုက်၏။
“ အဲ့ကောင်ကတော့ အမြဲတမ်း လိပ်လို နှေးကွေးနေကြပဲ … နောက် နည်းနည်း ထပ်စောင့်လိုက်ကြတာပေါ့ …”
ဒေါက် ဒေါက် ဒေါက် …
ထိုအချိန်မှာပဲ လင်းရီက ကားမှန်ပြတင်းပေါက်ကို ခေါက်လိုက်၏။
မဲတနှင့် သူ့လုပ်ဖော်ကိုင်ဖက်တို့ ခေတ္တ အေးခဲသွားကြပြီး မှန်ပြတင်းပေါက်ကို ချပေးလာသည်။
“ ဘာကိစ္စလဲ …”
“ အခုလေးတင် ထွက်သွားတဲ့ ရဲအရာရှိက ဆုကြေးထုတ်ထားတဲ့ ဝရမ်းပြေးကို ရှာတွေ့ထားတယ် … ဒါပေမယ့် သူတစ်ယောက်တည်း မကိုင်တွယ်နိုင်လို့ ကျွန်တော့်ကို လွှတ်ပြီး အရာရှိကြီးတို့ဆီ အကူအညီ လာတောင်းခိုင်းတာပါ …”
ဤစကားကြားတော့ ရဲအရာရှိ နှစ်ဦးလုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။
“ သူ ဘယ်မှာလဲ … ငါတို့ကို မြန်မြန် ခေါ်သွားပေးစမ်း …”
“ ဟုတ် ဟုတ်ကဲ့ ….”
အပြစ်ကင်းစင်သည့် မျက်နှာအမူအရာလေးဖြင့် လင်းရီ ရဲကားပေါ်သို့ တက်လိုက်၏။
ရဲကားက ဖြည်းညင်းစွာ ရွေ့လျားသွားပြီး အာယာနဲ မစ်ဆူလည်း ရဲကားနောက်မှ လိုက်ပါလာသည်။
နောက်ဆုံး လူသူကင်းမဲ့သည့် စွန့်ပစ်ဆိပ်ကမ်းတစ်ခုထံသို့ ရောက်ရှိသွားကြသည်။
ရဲကားကို ပင်လယ်ထဲသို့ ပစ်ချပြီး အာယာနဲ မစ်ဆူထံသို့ ပြန်ရောက်လာသည်။
“ လူကြီးမင်းလင်း … အားလုံး အဆင်ပြေသွားပြီလား ….”
အာယာနဲ မစ်ဆူက စိုးရိမ်တကြီးနှင့် မေးလိုက်၏။ အစောပိုင်းတုန်းက စိတ်သက်သာရသည့် ခံစားချက်များအားလုံးမှာ လက်ရှိ အလှည့်အပြောင်းကြောင့် ကသောင်းကနင်းတွေ ဖြစ်နေတော့၏။
“ လောလောဆယ်တော့ အဆင်ပြေတယ် … ဒါပေမယ့် အခြေအနေတော့ သိပ်မကောင်းဘူး …” လင်းရီ တုံ့ပြန် ဖြေဆိုရင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။
“ အာဏာပိုင်တွေက ငါတို့ထင်ထားတာထက်တောင် ပိုပြီး ကြိုးစား အားထုတ်နေကြတယ် … အခုလောက်ဆို လူထူထပ်တဲ့ နေရာတိုင်းမှာ ငါတို့ရဲ့ ဝရမ်းပြေးကြေညာစာတွေ ကပ်ထားပြီးလောက်ပြီ … ဘေးကင်းလုံခြုံတဲ့ နေရာတစ်နေရာ ရှာဖွေဖို့က ထင်ထားတာထက် ပိုခက်လိမ့်မယ် …”
“ ရှင်က ရုပ်ဖျက်ထားတော့ လူတော်တော်များများက မှတ်မိကြမှာ မဟုတ်ဘူး … ဒါပေမယ့် ကျွန်မမှာကျတော့ အဲ့လို အားသာချက်မျိုး မရှိဘူး …” အာယာနဲ မစ်ဆူက စိတ်ပျက်ဝမ်းနည်းစွာ ဆိုလိုက်ပြီး “ ကျွန်မအမှားပါ … ကျွန်မကြောင့်သာ မဟုတ်ရင် လူကြီးမင်းလင်းလည်း အခုလောက်ထိ ဒုက္ခများနေစရာတောင် မလိုဘူး ….”
“ စကားကို ဒီလို မပြောစမ်းနဲ့ …” လင်းရီ လေးနက်တည်ကြည်သည့် အမူအရာဖြင့် “ မင်းက ငါ့ရင်ဘက်ထဲမှာ အင်မတန် အရေးပါတဲ့ လူတစ်ယောက်ပဲ … ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူး ….”
အာယာနဲ မစ်ဆူက သူမ၏ မျက်ရည်များကို ညင်သာစွာ ဖယ်သပ်လိုက်၏။
လင်းရီ၏ ရှေ့မှောက်တွင်တော့ သူမ၏ အားနည်းသည့် သဘာဝဘက်ခြမ်းက လုံးလုံးလျားလျား ထွက်ပေါ်လို့လာလေသည်။
“ ဒီနေရာတော့ ဘယ်သူမှ ဖြတ်သွားဖြတ်လာ လုပ်မယ်မထင်ဘူး … အရင်ဆုံး တစ်ခုခု စားကြတာပေါ့ ….” ညရောက်မှပဲ ပြန်ပြီး လှုပ်ရှားကြမယ် ….”
“ အွန်း …” အာယာနဲ မစ်ဆူက နာနာခံခံနှင့် ခေါ်ငးညိတ်လိုက်ပြီး စတိုးဆိုင်မှ ဝယ်လာသည်များအား တိတ်တိတ်လေး စားသောက်နေသည်။
လင်းရီလည်း ဖုန်းထုတ်ပြီး သူ့လျှို့ဝှက် အီးမေးလ်အကောင့်ထဲသို့ ဝင်ရောက်လိုက်၏။
အထဲ၌ လျိုဟုန်ပို့ထားသည့် အီးမေးလ် ဒါဇင်ကျော် ရှိနေသည်။
ထိုအချိန်ကျတော့မှပဲ အခြေအနေသည် သူ ထင်ထားသည်ထက် ရှုပ်ထွေးနေကြောင်းကို လင်းရီ သတိထားမိသွားတော့သည်။
အခြားသော နိုင်ငံတကာ အင်အားစုများလည်း ဂျပန်သို့ ရောက်လာနေကြပြီ ဖြစ်၏။
ယင်းက လင်းရီကို ပိုပြီး စိုးရိမ်သောက ရောက်သွားစေသည်။
ဂါးလဒ်နှင့် မိုရီမိုတို့ နှစ်ဦးတည်းကို ကိုင်တွယ်ရသည်ကပင် သူ့အတွက် စိတ်ပင်ပန်း ၊ လူပင်ပန်း ဖြစ်နေရပြီ ဖြစ်ကာ ယခုတော့ ရှေ့ဆက် ဘာတွေ ဖြစ်လာမလဲဆိုတာ သူ မခန့်မှန်းနိုင်တော့ချေ။
လင်းရီ၏ အမူအရာ လေးနက်တင်းမာလာတာကို မြင်တော့ အာယာနဲ မစ်ဆူသည် ကားထဲတွင် ထိုင်နေရင်း ဝမ်းနည်းစိတ်တို့က ပိုလို့ တိုးပွားလာခဲ့ရသည်။
' တကယ်လို့ ငါသာ မရှိခဲ့ဘူးဆိုရင် လူကြီးမင်းလင်း တစ်ယောက်တည်း ဂျပန်ကနေ ထွက်သွားနိုင်ပြီးနေလောက်ပြီ …' အာယာနဲ မစ်ဆူ သူ့ဘာသူ တွေးတောနေမိ၏။