အခန်း ၂၅၀၅
Vol. 178 Ch. 2505
အခန်း (၂၅၀၅)
ကလေးတစ်ယောက် လိုချင်တယ်
ဤပုံစံလေးအတိုင်း … လင်းရီတို့နှစ်ဦးမှာ ညအချိန် ကျရောက်လာသည်အထိ ကားထဲ ရှိနေခဲ့ကြ၏။
လင်းရီ၏ အမူအရာသည်လည်း ပို၍ပို၍ အုံ့မှိုင်းလာသည်။ သူ မရေမတွက်နိုင်သည့် ဖြေရှင်းနည်းလမ်းများကို စဉ်းစားကြည့်ပါသော်လည်း တစ်ခုမျှ အားကိုးလို့ မရချေ။
ဂျပန်ရှိ အခြေအနေမှာ ကျဉ်းထဲကျပ်ထဲသို့ ကျရောက်နေပြီး ထိုးဖောက်နိုင်မည့် အခွင့်အရေး တစ်ခုကိုမျှလည်း မမြင်တွေ့ရသေးပေ။
ည ဆယ်နာရီ ဝန်းကျင်လောက်ရောက်တော့ လင်းရီ ကားစက်နှိုးလိုက်၏။
“ လူကြီးမင်းလင်း … ကျွန်မတို့ အခု ဘယ်ကို ဦးတည်ကြမှာ …”
“ လေဆိပ်ကို တစ်ချက် သွားပြီး အခြေအနေ ဘယ်လိုရှိလဲ တစ်ချက် ကြည့်ကြတာပေါ့ …. ဒီအချိန်ရောက်မှတော့ လောင်းကြေးထပ်ကြည့်ဖို့ပဲ တတ်နိုင်တော့တယ် …”
“ အွန်း …”
နာရီဝက်ခန့် မောင်းနှင်ပြီးနောက် လင်းရီသည် ဟီရိုရှီးမား လေဆိပ်နှင့် နှစ် ကီလိုမီတာခန့်အကွာတွင် ကားကို ထိုးရပ်လိုက်သည်။
သူ ပိုပြီး နီးနီးကပ်ကပ် မမောင်းသွားချင်တာ မဟုတ်ဘဲ ဧရိယာတစ်ဝိုက်လုံးကို တင်းကြပ်သည့် လုံခြုံရေးများ ချမှတ်ထားသောကြောင့် ဖြစ်၏။ ရှာဖွေရေး မီးလုံးကြီးများနှင့် ကားမီးအလင်းရောင်များက မီတာတစ်ရာ ပတ်ပတ်လည်အတွင်း နေ့ခင်း တစ်နေ့လို လင်းထိန်လို့နေသည်။
ယာဉ်တစ်စီးချင်းစီတိုင်းကို ရပ်တန့် စစ်ဆေးနေကြပြီး ခိုးဝင်ဖို့က မဖြစ်နိုင်လုနီးပါးပင်။
ခေတ္တခန့် အတွေးနက်ပြီးနောက် လင်းရီ အခြားလမ်းနှစ်လမ်းကို ကြိုးစားကြည့်၏။ အခြေအနေက အလားတူပင်။ ယင်းလမ်းများက ပိုလို့တောင် တင်းကြပ်နေသေး၏။
ရွေးချယ်စရာ မရှိသည့် အဆုံး လင်းရီလည်း ကားကို နောက်ပြန်လှည့်ပြီး ဟီရိုရှီးမား ဆိပ်ကမ်းသို့သာ ဦးတည်လိုက်ရသည်။
ဆိပ်ကမ်းရှိ လုံခြုံရေးအခြေအနေသည်လည်း လေဆိပ်နှင့် ထူးမခြားနားပင်။ လုံခြုံရေး အလွှာအထပ်ထပ်ဖြင့် အင်မတန် တင်းကြပ်နေတော့၏။
“ လူကြီးမင်းလင်း … ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ …”
“ ကာဂိုဆိပ်ကမ်းက လေဆိပ်ထက် နည်းနည်း ရှုပ်တယ် … ပတ်ဝန်းကျင်ကို လေ့လာစောင့်ကြည့်ရင်း ငါတို့ အခွင့်အရေး တစ်ခုလောက်တော့ တွေ့ကောင်းတွေ့နိုင်မှာပါ …”
ကားထဲတွင် ထိုင်နေရင်း လင်းရီ ဆိပ်ကမ်းဘက်သို့ စောင့်ကြည့်နေလျက် ရှိ၏။
သို့သော် လင်းရီကို စိတ်မသက်မသာ ဖြစ်နေသည့် အရာတစ်ခုက ဆိပ်ကမ်းရှိ ဧရာမ ကရိန်းကြီးများအားလုံး ရပ်တန့်နေကြပြီး အသံတစ်ချက်တစ်လေမျှပင် ကြားရခြင်း မရှိပေ။
ဤသည်က သူ စိတ်ကူးထားသည့် အကြောက်ရွံ့ဆုံးသော မြင်ကွင်းနှင့် တစ်ထေရာတည်းပင်။
ဆိပ်ကမ်းတစ်ခုလုံးရှိ လုပ်ငန်းဆောင်တာများကို ရပ်တန့်ပစ်လိုက်သည်က လွတ်မြောက်နိုင်မည့် လမ်းကြောင်းများအားလုံးကို ပိတ်ဆို့လိုက်သည်နှင့် မခြားပေ။
ဂျပန်က မည်သည့်နိုင်ငံနှင့်မျှ နယ်မြေ နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသဖြင့် ထွက်ပြေးဖို့ အခွင့်အရေးက ပိုလို့တောင် မဖြစ်နိုင်ပေ။
ဆေးလိပ်နောက်တစ်လိပ်ကို လင်းရီ တိတ်တဆိတ် မီးညှိလိုက်၏။
ကားထဲတွင် အဖြူရောင် မီးခိုးများက မျှောလွင့်နေပြီး ရင်ဘက်ထဲ မကောင်းသည့် စိတ်ခံစားချက်တို့ကလည်း ပိုပိုပြီး လေးပင်လာခဲ့ရသည်။
ဤနေရာထဲ ပိတ်မိနေပြီး … သူ့ဘက်က လှုပ်ရှားလေ၊ အချိန်ပိုပြီး ကြာလေ၊ အမှားလုပ်မိနိုင်ချေ ပိုများလေ ဖြစ်၏။
အာဏာပိုင်များက သောက်ရူးများ မဟုတ်ကြပေ။ ၎င်းတို့က သူကနေဦး မျှော်လင့်ထားသည်ထက်ပင် ထက်မြက်နေကြ၏။
နောက်ပြီး ယခုဆို နိုင်ငံခြား အင်အားစုများပါ ဂျပန်သို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်၏။
ဤအတိုင်း ဆက်သွားနေမည်ဆိုပါက ရက်အနည်းငယ်တောင် တောင့်ခံနိုင်မှာ မဟုတ်လောက်တော့ချေ။
နာရီဝက်ခန့်ကြာပြီးနောက် လင်းရီက ကားကို စွန့်ပစ်ထားသည့် ဆောက်လုပ်ရေးဆိုက်တစ်ခုသို့ မောင်းထွက်လာခဲ့သည်။
ညအမှောင်ထဲ၊ ဤနေရာတွင် ပုန်းအောင်းနေမည်ဆိုပါက မနက်နေ့ခင်း မရောက်သရွေ့ သူတို့ကို မည်သူမျှ ရှာတွေ့နိုင်မှာ မဟုတ်ကြောင်းတော့ ကျိန်းသေသည်။
လင်းရီ ဖုန်းပွတ်ရင်း မျက်မှောင်နှစ်ခုက တင်းကြပ်စွာ ပူးကပ်နေသည်။
ယခုအခြေအနေ၌ တစ်ဖက်က မည်သို့သော ကစားပွဲမျိုး ကစားလာမည်လဲဆိုတာကို စောင့်ဆိုင်းရုံမျှသာ တတ်နိုင်တော့၏။
ဂျပန်၏ စီးပွားရေးက နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးအပေါ် အကြီးအကျယ် မှီခိုအားထားနေရပြီး ဆိပ်ကမ်းတစ်ခုကို ရေရှည်ချိတ်ပိတ်ထားနိုင်မှာ မဟုတ်ချေ။ အလွန်ဆုံးပိတ်ထားနိုင်လည်း တစ်လလောက်ပင်။ ထို့နောက်တွင်တော့ သင်္ဘောများအားလုံးကို ပြန်လွှတ်ပေးရပေမည်။
အကယ်၍ သူသာ နောက် လဝက်လောက် တောင့်ခံနိုင်မည်ဆိုပါက အခွင့်အရေး တစ်ခု ရှိနိုင်သေး၏။
“ မင်းနေလို့ မကောင်းဘူးလား …”
အာယာနဲ မစ်ဆူ၏ ဂနာမငြိမ် ဖြစ်နေသည့် အမူအရာကို မြင်တော့ လင်းရီ မေးလိုက်၏။
“ တစ်ချိန်လုံး ကားထဲ ထိုင်နေရတော့ နည်းနည်း ညောင်းနေလို့ …” သူမ ပြန်ဖြေလိုက်သည်။
“ ဒါပေမယ့် ထွေထူးတော့ မဟုတ်ပါဘူး … တောင့်ခံနိုင်ပါတယ် … နည်းနည်းပါးပါး အညောင်းအညာ ဆန့်ချင်ရုံပါပဲ …”
“ ဒါဆို ဆင်းပြီး ခဏလောက် လမ်းလျှောက်ကြတာပေါ့ …” လင်းရီ ပြုံးလျက် ဆိုလိုက်၏။
“ လောလောဆယ် အန္တရာယ်ကင်းတယ်ဆိုတော့ အဲ့လောက်ကြီးလည်း စိတ်ပူစရာ မလိုပါဘူး … ဒီမှာ ဘယ်သူမှ ငါတို့ကို ရှာလို့မတွေ့ဘူး….”
“ တကယ်ဟုတ်လို့လား ….”
“ ဒါပေါ့ … ဒီလိုကိစ္စမျိုးကို ငါက နောက်ပြောင်ပြီး ပြောမယ် ထင်လို့လား …”
သို့နှင့် နှစ်ယောက်သား ကားပေါ်မှ ဆင်းလာခဲ့ကြသည်။
အပြင်ကို ရောက်တော့ အာယာနဲ မစ်ဆူက ပြင်ပရှိလေကို အားပါးတရ ရှိုက်သွင်းလိုက်ပြီး ပျင်းရိစွာ အညောင်းဆန့်လိုက်၏။ သေးသွယ်သည့် ခါးနှင့် ပြေပြစ်သည့် ကိုယ်လုံးကိုယ်ပေါက်တို့က လရောင်အောက်တွင် ကျောက်စိမ်းတစ်တုံးလို တလက်လက် တောက်ပနေသည်။
“ လူကြီးမင်းလင်း …”
အာယာနဲ မစ်ဆူက လက်မောင်းနှစ်ဖက်ကို ဖြန့်ကားထားလိုက်၏။
“ မင်း ဘာလုပ်နေတာ …” လင်းရီ ရယ်သွမ်းရင်း မေးလိုက်သည်။
“ ဖက်ချင်လို့လေ …”
လင်းရီ အနည်းငယ် ရယ်ချင်သွားပြီ “ ကမ္ဘာကျော် စီးပွားရေး ဘုရင်မ တစ်ဦးက ဒီလိုမျိုးတွေ လုပ်နေတာ မရှက်ဘူးလား …”
“ မရှက်ပါဘူး …” အာယာနဲ မစ်ဆူက မိန်းမငယ်လေး တစ်ယောက်နှယ် ချစ်စဖွယ် ဆိုလိုက်ပြီး “ ဒီမှာ ဘယ်သူမှမှ မရှိတာ … ပြီးတော့ ကိုယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ကို ဖက်တာက ဘာများ မှားယွင်းနေလို့ …. “
“ လာ .. ကျွန်မကို ဖက်ပေး …”
“ ကောင်းပြီလေ ….”
လင်းရီ ခေါင်းညိတ်ပြီး ပြုံးလျက် လက်မောင်းနှစ်ဖက်ကို ဖွင့်ပေးပြီး အာယာနဲ မစ်ဆူကို သူ့ရင်ခွင်ထဲသို့ ဆွဲပွေ့ထားလိုက်သည်။
အာယာနဲ မစ်ဆူက ခေါင်းကို လင်းရီ၏ ရင်ခွင်ထဲသို့ မှီထားရင်း ထိုအချိန်အခိုက်အတန့်၌ သူမ၏ စိတ်တစ်ခုလုံး လုံခြုံသည့် ခံစားချက်ကို ခံစားနေရလေသည်။
နှစ်ယောက်သား တစ်ယောက်ကိုယ်တစ်ယောက် ဖက်ထားရင်း နာရီဝက်မျှ အချိန်ကုန်ဆုံးသွားခဲ့သည်။
ညလေညှင်းတို့က တစ်ဖြည်းဖြည်း အေးစက်လာသည်နှင့် အာယာနဲ မစ်ဆူ အနည်းငယ် ချမ်းစိမ့်စိမ့် ခံစားလိုက်ရပြီး လင်းရီကို ကားထဲပြန်ဝင်ဖို့ တိုက်တွန်းလိုက်၏။
ထိုင်ခုံကိုယ်စီတွင် ပြန်ထိုင်ရင်း ပြတင်းပေါက် အပြင်ဘက်ရှိ လရောင်ကို နှစ်ဦးသားအတူ ငေးမောနေခဲ့ကြသည်။
လက်ရှိ အချိန်တွင်တော့ အာယာနဲ မစ်ဆူသည် နောက်လာမည့် အစီအစဉ်က ဘာလဲဆိုတာကို မေးမြန်းခြင်း မရှိတော့။
အကယ်၍ တတ်နိုင်မည်ဆိုပါက လက်ရှိ အခိုက်အတန့်လေးကို ထာဝရ အေးခဲပစ်ထားလိုက်ချင်သည်။
မိမိတစ်ဘဝလုံးစာ ကံကောင်းမှုများကို အသုံးပြုရမည်ဆိုလျှင်ပင် သူမ ဆန္ဒရှိ၏။ လုံးဝ တုံ့ဆိုင်းနေမိမှာ မဟုတ်ပေ။
ဤနည်းလမ်းတစ်ခုတည်းကသာ ဖူဂျီတောင်၏ အလှတရားကို လက်ဝါးကြီးအုပ်ထားနိုင်မည့်နည်းလမ်း ဖြစ်၏။
“ လူကြီးမင်းလင်း … ကျွန်မ ရှင်နဲ့ တစ်ခု ဆွေးနွေးချင်တယ် …”
အာယာနဲ မစ်ဆူ ရင်ခုန်နှုန်းတို့ မြန်ဆန်လာပြီး ခေတ္တကြာအောင် တိတ်ဆတ်ပြီးနောက် လင်းရီကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။
“ အင်း ပြောလေ … ဘာများလဲ ….”
“ တကယ်လို့ …..”
အာယာနဲ မစ်ဆူ တုံ့ဆိုင်းသွား၏။ စကားလုံးများက လည်ချောင်းဝမှ အပြင်သို့ ထွက်လို့မလာနိုင် ဖြစ်နေသည်။
“ ဘာတွေ အဲ့လောက် တုံ့ဆိုင်းနေတာ … ပြောမှာသာ ပြောစမ်းပါ …” လင်းရီ တိုက်တွန်းလိုက်သည်။
နှင်းဆီရောင် ရှက်သွေးလေးက အာယာနဲ မစ်ဆူ၏ မျက်နှာထက်တွင် ရိပ်ခနဲ ဖြစ်ပေါ်လာပြီး “ ကျွန်မ … ကျွန်မ လိုချင်လို့ …”
အာယာနဲ မစ်ဆူ စကားထစ်ငေါ့သွားပြီး အချိန်အတော်ကြာသည်ထိတိုင် ကြိုးစား ရုန်းကန်နေသော်ငြား စိတ်ထဲရှိသည့် စကားလုံးများကို မပြောထွက်နိုင်ဘဲ ဖြစ်နေသည်။
“ ဘာမှ မဟုတ်တော့ပါဘူး … ထားလိုက်တော့ … လမင်းကြီးကိုပဲ အတူဆက်ကြည့်ရအောင် …”
“ ဟမ် … ဘာလို့ … ပြောစရာရှိတယ်ဆိုလည်း ပြောလေ … ဘာလို့ သူရဲဘောကြောင်နေတာ … မိန်းမငယ်လေးလို လုပ်မနေစမ်းပါနဲ့….”
“ ကျွန်မက မိန်းမငယ်လေးပဲဟာ …”
အာယာနဲ မစ်ဆူက အပေါ်နှုတ်ခမ်းကို ဆူထော်လိုက်၏။
“ အေးပါ အေးပါ … အခု ဘာပြောချင်လို့ ပြောလို့ရပြီလား …”
ပါးဖောင်းဖောင်းလေးလုပ်ရင်း အာယာနဲ မစ်ဆူ တီးတိုးရေရွတ်လိုက်၏။ “ ကျွန်မ …. အားလုံး တည်ငြိမ်သွားရင် ကလေး တစ်ယောက်လောက် လိုချင်လို့ ….”
“ ကလေးလား …”
“ အွန်း …” အာယာနဲ မစ်ဆူ နူးညံ့စွာ ခေါင်းညိတ်လိုက်သည်။
“ကလေးကို ဂျပန်မှာပဲ ကိုယ့်ဘာကိုယ် ပျိုးထောင်မယ် … ရှင့်ကိုလည်း လာမရှာဘူး … ဒါပေမယ့် ရှင် ကန့်ကွယ်မယ်ဆိုရင်တော့ ကျွန်မ မလုပ်ပါဘူး …”
“ ဆိုတော့… မင်းတစ်ချိန်လုံး တုံ့ဆိုင်းနေတာ ဒီစကားပြောချင်လို့ပေါ့ ဟုတ်လား …”
“ အွန်း …” အာယာနဲ မစ်ဆူ ဝန်ခံလိုက်၏။
“ ဒီကိစ္စတွေ မဖြစ်ခင်တုန်းကတော့ ကျွန်မ မတွေးမိခဲ့ဘူး … ဒါပေမယ့် ရှင်ထွက်သွားပြီးတဲ့နောက်ပိုင်း ကျွန်မ အများကြီး စဉ်းစားမိတယ် … နောက်ပိုင်းကျရင် နောင်တရနေမိမှာကို ကျွန်မ ကြောက်တယ် … ဒါကြောင့် ဒီလိုမျိုး စဉ်းစားမိသွားတာပဲ … ပြီးတော့ မစ်ဆူအုပ်စုလို ကြီးမားတဲ့ အင်ပါယာကြီးတစ်ခုကို အပြင်လူလက်ထဲလည်း ထည့်မပေးနိုင်ဘူးလေ …”
“ ကောင်းပြီလေ … မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့… ဒီကိစ္စတွေ အားလုံးပြီးသွားတာနဲ့ ကလေးယူဖို့ ကြိုးစားကြမယ် …”
လင်းရီ၏ ကတိပေးစကားကို ကြားတော့ တောက်ပသည့် အပြုံးတစ်ပွင့်က အာယာနဲ မစ်ဆူ၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာလေသည်။
လပြည့်ဝန်းထက်ပင် ပို၍ တောက်ပနေလျက် ရှိတော့သည်။
လင်းရီ သူမ၏ လက်ကို ညှင်သာစွာ ဆုပ်ကိုင်ရင်း “ နောက်ကျနေပြီ … နားတော့ … “
“ ဟင့်အင်း … ကျွန်မ ရှင့်ကို အဖော်လုပ်ပေးချင်တယ် ….”
“ မလိုဘူး … မင်းက ငါ့လို မဟုတ်ဘူး … ညဉ့်နက်တဲ့ထိ နေလို့ အဆင်မပြေဘူး … အခု နားလိုက်တော့ … ဟုတ်ပြီလား … လိမ္မာစမ်းပါ …”
“ ကောင်းပြီလေ …” သူမ ခေါင်းညိတ်လိုက်သည်။ အနည်းငယ် အညောင်းအညာဆန့်ပြီး သက်တောင့်သက်သာ အနေအထားသို့ ပြောင်းလဲ၍ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့၏။
အချိန်မည်မျှ ကုန်ဆုံးသွားလဲ မည်သူမျှ မသိလိုက်ခင်မှာ အာယာနဲ မစ်ဆူ သူမ၏ မျက်လုံးများ ရုတ်တရက် ဖွင့်ကြည့်လာသည်။
အိပ်ပျော်နေသည့် လင်းရီကို ငေးကြည့်ရင်း သူမ၏ မျက်ဝန်းများထဲ တွန့်ဆုတ်မှုတို့ ပြည့်နှက်နေလျက် ရှိသည်။
အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်စေဖို့ ကြိုးစားလိုက်၏။
ထို့နောက် ကားတံခါးကို အသံမထွက်စေရန်အတွက် သေချာဂရုတစိုက် တွန်းဖွင့်လိုက်လေသည်။
“ မင်း အဲ့တာ ဘယ်သွားမလို့ …”
စာစဉ် (၁၇၈)ပြီး၏။
(16 July , 2026 3:07 PM)