အခန်း ၁၂
Vol. 2 Ch. 12
အခန်း ၁၂ သရဲအိမ် ပြကွင်း - အိမ်ပြန်ချိန်
ရွှီရှန်း ထွက်သွားချိန်တွင် တစ်ယောက်တည်း ဖြစ်သော်လည်း ပြန်လာချိန်တွင် နောက်လိုက်ငယ်လေး သုံးကောင် ပါလာခဲ့သည်။
"ရှောင်ရှန်း... သူတို့က နင့်သူငယ်ချင်းတွေလား"
ထိုအချိန်တွင် ခါးစည်းစပတ် ဝတ်ဆင်ထားသော ဟန်ယွဲ့က လက်တစ်ဖက်တွင် ယောက်မကြီးကို ကိုင်ထားပြီး နောက်တစ်ဖက်က ခါးကိုထောက်ကာ သူမရှေ့ရှိ လူနှစ်ယောက်နှင့် ခွေးတစ်ကောင်ကို သံသယမျက်လုံးများဖြင့် ကြည့်နေသည်။
"ဒီဘက်လာခဲ့"
ရွှီရှန်းက ကလေးနှစ်ယောက်နှင့် ခွေးတစ်ကောင်ကို နေရာချထားပေးပြီးနောက်မှ ထောင့်ကျကျနေရာတွင် ဟန်ယွဲ့ကို အစအဆုံး ရှင်းပြလိုက်သည်။
အပြန်လမ်းတွင် ထိုကလေးနှစ်ယောက်၏ အကြောင်းကို ရွှီရှန်း ကောင်းစွာ နားလည်လာခဲ့သည်။ အကြီးကောင်က အသက် ဆယ့်လေးနှစ်ရှိပြီဖြစ်ပြီး လီရှူဟု ခေါ်ကာ အငယ်မလေးက စကားမပြောတတ်ဘဲ လီရွှေဟု ခေါ်ကြောင်း သိရသည်။ လီရှူမှာ စနစ်က သူ့ကို ရှာခိုင်းသောသူ ဖြစ်နိုင်ကြောင်း ရွှီရှန်း ခန့်မှန်းလိုက်သည်။
ခွေးကတော့ ပို၍ ရိုးရှင်းပါသည်။ ခွေးက ပြုံးတတ်သည်။ ပြုံးလိုက်သောအခါ ခွေးရေခွံ စွပ်ထားသော လူတစ်ယောက်နှင့် အလွန်တူသည်။ အကယ်၍ ထိုခွေးကို ဆီလီကွန် မျက်နှာဖုံးစွပ်ကာ မိတ်ကပ်လိမ်းပေးလိုက်မည်ဆိုပါက ပြုံးလိုက်ချိန်တွင် မည်မျှ ကြောက်စရာကောင်းမည်ကို ရွှီရှန်းပင် တွေးမကြည့်ရဲပေ။
"ဒီကလေးနှစ်ယောက်က တော်တော် သနားစရာကောင်းတာပဲ"
ဟန်ယွဲ့က အကြောင်းစုံကို ကြားပြီးနောက် ဦးလေးလီကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေသော မည်းနက်နေသည့် ကလေးနှစ်ယောက်၏ မျက်နှာလေးများကို ကြည့်ကာ သနားသွားသည်။ အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူမက ရွှီရှန်းကို မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"ထားပေးလိုက်လို့ မရတာတော့ မဟုတ်ပါဘူး... ပန်းကန်သုံးလုံး တူနှစ်စုံလောက် ပိုလာရုံပဲလေ... ဒါပေမဲ့ သူတို့က ခိုးကြဝှက်ကြမယ် ဆိုရင်တော့ ရှောင်ရှန်း ငါ့ကို အပြစ်လာမတင်နဲ့နော်"
၎င်းမှာ ခွဲခြားဆက်ဆံခြင်း မဟုတ်ပေ။ လေလွင့်အမှိုက်ကောက်လေ့ရှိသူများတွင် မသိမသာ ယူငင်တတ်သော အကျင့်လေးများ ရှိတတ်သည်။ ဟန်ယွဲ့သည် ညစ်ပတ်မည်ကို မကြောက်သလို ပင်ပန်းမည်ကိုလည်း မကြောက်ပေ။ သို့သော် ရွှီရှန်းအား မကောင်းသူများနှင့် မပေါင်းသင်းစေချင်ပေ။
ရွှီရှန်းက ပြုံး၍ ပြောလိုက်သည်။
"စိတ်ချပါ... ငါ စုံစမ်းပြီးပါပြီ... ဒီကလေးနှစ်ယောက်က စိတ်သဘောထား ကောင်းပါတယ်"
ဟန်ယွဲ့က မျက်နှာထားတင်းတင်းဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... နင် သူတို့ကို ရေချိုးပေးလိုက်... ရေချိုးပြီးရင် အတူတူ ထမင်းစားရင်း ရင်းနှီးအောင် လုပ်ကြတာပေါ့"
ယခု အချိန် ခုနစ်နာရီခွဲ ရှိပြီဖြစ်ရာ ရေချိုးပြီးလျှင် ထမင်းစားရန် အချိန်ကိုက်ပင် ဖြစ်သည်။ သို့သော် ရွှီရှန်းက ပြုံး၍ ပြောလိုက်သည်။
"နင်က လီရွှေကို ရေချိုးပေး... ငါက လီရှူကို ရေချိုးပေးမယ်"
"ငါက လီရွှေကို ရေချိုးပေးရမယ်"
ဟန်ယွဲ့က အံ့သြသွားပြီး လီရှူ၏ နောက်ကွယ်တွင် ညစ်ပတ်ပေရေစွာ ပုန်းကွယ်နေသော ကောင်လေးကို ကြည့်လိုက်သည်။
"ဒါ အဆင်မပြေလောက်ဘူးမလား... ငယ်သေးပေမဲ့ ယောကျ်ားလေးနဲ့ မိန်းကလေး အသားချင်း ထိလို့ မကောင်းဘူးလေ"
ရွှီရှန်းက ခေါင်းခါပြလိုက်သည်။
"သေချာကြည့်စမ်းပါ... မျက်ခုံးရိုးက သေးတယ်... နဖူးရိုးက သေးပြီး ပြားတယ်... ပခုံးရိုး နှစ်ဖက်ကလည်း ကျဉ်းတယ်... အပြင်ပန်းကြည့်ရင် လည်စေ့ မရှိဘူး... လီရွှေက ယောကျ်ားလေး မဟုတ်ဘူး... မိန်းကလေးပဲ"
'ယောကျ်ားလေး မဟုတ်ဘူးလား'
ဟန်ယွဲ့မှာ ချက်ချင်း အံ့သြသွားသည်။ သူမက ဆံပင်များကို ဖြတ်ထားသဖြင့် သံပရာသီးခေါင်း ဖြစ်နေပြီး ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်လုံးများဖြင့် ညစ်ပတ်နေသော လီရွှေကို ကြည့်လိုက်သည်။
ထိုစဉ် ဟန်ယွဲ့ ရုတ်တရက် ရပ်တန့်သွားသည်။ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ရွှီရှန်းဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
"ဒီကောင်မလေးက တကယ်တော့ စကားပြောတတ်တာ မဟုတ်လား"
ရွှီရှန်းက လက်ခါပြလိုက်သည်။
"ဖြစ်နိုင်တာပေါ့"
ဟန်ယွဲ့က ထိုစကားကို ကြားပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ မိခင်မေတ္တာများ ချက်ချင်း ယိုဖိတ်လာပြီး လီရွှေကို ရေချိုးပေးရန် ရှေ့သို့ တိုးသွားလိုက်သည်။ သို့သော် လီရှူက အကာအကွယ်ပေးထားပြီး ဟန်ယွဲ့ကို သတိထားသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"ဝုတ် ဝုတ်"
ခွေးကလည်း ထိုနည်းတူပင် သွားများပေါ်အောင် ဟိန်းဟောက်နေသည်။
"စိတ်ချပါ... ဒီမှာ လူကောင်းတွေချည်းပါပဲ... ရေချိုးပေးရုံ သက်သက်ပါ"
ရွှီရှန်းက ပြုံး၍ ပြောလိုက်သည်။
ရွှီရှန်းအပေါ် လီရှူမှာ ထိုမျှလောက် သတိမထားတော့သော်လည်း အနည်းငယ် တွေဝေနေဆဲ ဖြစ်သည်။ အနောက်ဘက်ရှိ လီရွှေက ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို ကိုက်ကာ ဟန်ယွဲ့ဆီသို့ သူမဘာသာ လျှောက်သွားလိုက်သည်။
လီရှူမှာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း သူ မစဉ်းစားနိုင်ခင်မှာပင် ရွှီရှန်းက သူ့ကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ခွေးကို ဆွဲကာ ဝန်ထမ်းရေချိုးခန်းဘက်သို့ ထွက်သွားတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ မွှေးကြိုင်သန့်ရှင်းနေပြီး ဆံပင်တိုတိုလေးဖြင့် ချစ်စရာကောင်းကာ ကြောက်ရွံ့တုန်လှုပ်စွာ ဟန်ယွဲ့နောက်တွင် ပုန်းနေသော အသားဖြူဖြူ ကောင်မလေး တစ်ယောက် ထွက်လာသည်။
တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံး အနီရောင်သန်းနေအောင် ပွတ်တိုက်ခံထားရပြီး မျက်နှာတွင် ဘဝကို အရှုံးပေးထားသည့် အမူအရာဖြင့် ကောင်လေးတစ်ယောက် ရွှီရှန်းနောက်မှ ထွက်လာသည်။ အော် ရေချိုးပြီးနောက် အမွေးများ ထောင်နေသော ခွေးတစ်ကောင်လည်း ပါသည်။
"ဟေ့... ရေမချိုးပေးရင် လီရွှေက မိန်းကလေးမှန်းတောင် ငါ မသိဘူး... အရင်က အရမ်းညစ်ပတ်နေတော့ ဒီလောက် လှမှန်း ဘယ်သိမလဲ"
လီရွှေ၏ သန့်ရှင်းချောမောသော ရုပ်ရည်ကို မြင်သောအခါမှ အားလုံးက မိန်းကလေးမှန်း သတိထားမိသွားကြသည်။ သေချာသည်မှာ လူအုပ်ထဲတွင် လူကောင်းချည်းသာ ရှိသည်တော့ မဟုတ်ပေ။
"ညီမလေး... ကျောင်းမတက်ဖူးဘူး မဟုတ်လား... ဒီမှာလာထိုင်... အစ်ကိုက သင်္ချာပုစ္ဆာ တချို့ သင်ပေးမယ်"
အချိန်ပိုင်း အလုပ်လာလုပ်သော ကျောင်းသားအချို့မှာ ချက်ချင်း စိတ်လှုပ်ရှားလာကြပြီး ပြောပြောဆိုဆိုဖြင့် အိတ်ထဲမှ သူတို့၏ ပြဋ္ဌာန်းစာအုပ်များကို ထုတ်ယူလိုက်ကြသည်။
ရွှီရှန်းက မျက်ထောင့်တစ်ချက် လှုပ်သွားသည်။
'တက္ကသိုလ်ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ငါ့ရဲ့ အမြင်နဲ့ အတော်လေး ကိုက်ညီနေတယ်'
သို့သော် လီရှူမောင်နှမ နှစ်ယောက်သည် ထိုစကားကို ကြားသောအခါ မတွေဝေဘဲ ထိုကျောင်းသားများဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားကြသည်။
"ကျေးဇူးတင်ပါတယ်"
လီရွှေက သူမ၏ အစ်ကိုဖြစ်သူကို တစ်ချက်ကြည့်ပြီးနောက် အခြားသူများကို ရုတ်တရက် ရှက်ရွံ့စွာ ပြောလိုက်သည်။
အသံက အရမ်းကောင်းသည်ဟု မဆိုသာသော်လည်း နူးညံ့ပြီး မိန်းကလေးတစ်ဦးမှန်း သိသာစေသည်။ ထိုစကားကို ကြားသောအခါ ထိုနေရာရှိ လူအားလုံး ကြောင်အမ်းသွားကြသည်။
'စကားပြောတတ်တယ်ပေါ့... ဒါဆို အရင်က ဘာလို့ ဆွံ့အ နားမကြားလို နေခဲ့တာလဲ'
ထောင်မှ ထွက်လာသည့် ညစာစားပွဲ နှင့် ဝန်ထမ်းသစ် ကြိုဆိုပွဲ အတူတူ ကျင်းပပြီးနောက် ရွှီရှန်းက ဝန်ထမ်းများကို လစာပေးလိုက်သည်။ ထိုအချိန်အတွင်း တွေဝေစွာဖြင့် အလုပ်ထွက်သွားသူ အချို့လည်း ရှိခဲ့ရာ ရွှီရှန်းက အကုန် ခွင့်ပြုပေးလိုက်သည်။
ယခုဆိုလျှင် ဇာတ်ပို့ဝန်ထမ်း လေးဦးနှင့် အချိန်ပိုင်း ဇာတ်ပို့လုပ်ပေးသော ဦးလေးကျန်းနှင့် ဦးလေးလီတို့သာ ကျန်တော့သည်။ သူ၏ သရဲအိမ်တွင် အဓိက ပြကွင်း နှစ်ခုရှိသည်။ ယင်းတို့မှာ အိမ်ပြန်ချိန် နှင့် တိရစ္ဆာန်လမ်းကြား တို့ ဖြစ်သည်။
သရဲအိမ်၏ နေရာမှာ အလွန်ကျယ်ဝန်းလှပြီး ပြကွင်း ဆယ်ခုကျော်လောက် ဖန်တီး၍ ရသည်။ သို့သော် ယခု လူအင်အားနှင့် ငွေကြေး မရှိသဖြင့် ရွှီရှန်းက ဤနှစ်ခုကိုသာ ချန်ထားပြီး ကျန်သည်များကို ပိတ်ထားလိုက်သည်။
"လီရှူ... မင်းနဲ့ မီမီရဲ့ အလုပ်နေရာက အိမ်ပြန်ချိန် ပြကွင်းမှာပဲ"
ထိုအချိန်တွင် နောက်ဘက် အခန်းထဲ၌ ရွှီရှန်းက စကားနည်းသော လီရှူနှင့် လီရွှေတို့ကို ညွှန်ကြားနေသည်။ လီရှူက တိတ်ဆိတ်စွာ နားထောင်နေသည်။ သူသည် ဤသူဌေးကို အပြည့်အဝ ယုံကြည်သွားပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ညီမလေး ဗိုက်ဝအောင် စားရပြီး အဆိပ်ခတ်ခံရမည်ကို စိတ်ပူစရာ မလိုတော့သောကြောင့် ဖြစ်သည်။ အရင်ကလို ပြင်ဆင်ခွင့်မရဘဲ ခေါင်းမော့ခွင့်မရဘဲ စကားပြောခွင့် မရတော့မည်ကိုလည်း မကြောက်ရတော့ပေ။ အရေးအကြီးဆုံးမှာ သူနှင့် ညီမလေး ကုတင်ပေါ်တွင် အိပ်ဖူးသွားပြီ ဖြစ်သည်။ သူက မိမိကိုယ်မိမိ ဘိလပ်မြေပေါ်တွင် အိပ်ရသော လေလွင့်ခွေး မဟုတ်တော့ဘဲ လူတစ်ယောက် ဖြစ်လာပြီဟု ခံစားရသည်။
"ဟုတ်ကဲ့... ခင်ဗျား ဘာလုပ်ခိုင်းလုပ်ခိုင်း ကျွန်တော် လုပ်ပါ့မယ်"
ထိုသို့ပြောရင်း လီရှူ၏ မျက်လုံးများထဲတွင် သူ၏ အသက်အရွယ်နှင့် မလိုက်ဖက်သော ရက်စက်မှု အနည်းငယ် ပေါ်ထွက်လာသည်။
"ကောင်းတယ်... အဲဒီအကြည့်ပဲ... ဆက်ထိန်းထား"
လီရှူ၏ အကြည့်မှာ အလွန် ရန်လိုမှု ပြင်းထန်ပြီး လီရွှေကမူ သနားစရာ ကောင်းလှသည်။ ထိုအရာများက အိမ်ပြန်ချိန် ပြကွင်း၏ ဇာတ်ကွက်အချို့နှင့် အလွန် ကိုက်ညီနေသည်။ ပြီးတော့ ခွေးလေးလည်း ရှိသေးသည်။ ရွှီရှန်းက ထိုခွေးကို မီမီ ဟု နာမည်ပေးလိုက်ရာ ခွေးလေးက မငြင်းဆန်သည့်အပြင် ဝမ်းသာအားရ ဟောင်လိုက်သေးသဖြင့် ရွှီရှန်းက ထိုနာမည်ကို အတည်ပြုပေးလိုက်သည်။
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မိတ်ကပ်ပစ္စည်း အချို့ကို ထုတ်ယူလိုက်သည်။ သူက မောင်နှမ နှစ်ယောက်ကို စတင် ပြင်ဆင်ပေးလိုက်သည်။ မြေပြင်ပေါ်ရှိ မီမီကိုလည်း သူ မချန်လှပ်ထားပေ။ မီမီ၏ မျက်နှာပုံစံအတိုင်း ညတွင်းချင်း ပြုလုပ်ထားသော ဆီလီကွန် မျက်နှာဖုံးကို စွပ်ပေးလိုက်ပြီးနောက် မိတ်ကပ် စတင်လိမ်းခြယ်ပေးလိုက်သည်။
အချိန်အတော်ကြာပြီးနောက်တွင် လီရှူနှင့် လီရွှေတို့က သူတို့၏ မျက်နှာများကို ကြည့်ကာ ကြောင်အမ်းအမ်းဖြင့် သူတို့၏ မျက်နှာကို လက်ဖြင့် အလိုအလျောက် စမ်းသပ်ကြည့်လိုက်ကြသည်။
မှန်ထဲတွင် သူတို့၏ မျက်နှာများမှာ သပ်ရပ်လှပနေသော်လည်း အလွန်ဖြူရော်နေသည်။ ထိုအရိုးစုကဲ့သို့ ပိန်ချုံးနေသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါ သပ်ရပ်လှပသော လူသေအလောင်း တစ်လောင်းနှင့် တူနေသည်။ သို့မဟုတ် စက္ကူအရုပ် တစ်ရုပ်နှင့်လည်း တူနေသည်။
သို့သော် သူတို့ကို ပို၍ အံ့သြသွားစေသည်မှာ ရွှီရှန်း၏ လက်ရာများ ဖြစ်သည်။
"မရယ်နဲ့... မရယ်နဲ့"
လီရှူက မြေပြင်ပေါ်ရှိ မီမီကို ကြည့်ပြီး မိတ်ကပ်လိမ်းပြီးနောက် သူ့ကို ပြုံးပြနေသည့် ပုံစံကြောင့် ကြောက်လန့်သွားသည်။ ဘေးနားရှိ လီရွှေကလည်း ထိုနည်းတူ ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်သွားသည်။
ရွှီရှန်း၏ လက်ရာအောက်တွင် မူလက ရိုးသားပုံရသော မီမီ၏ လည်ပင်းပေါ်တွင် ယခုအခါ လူခေါင်းတစ်လုံး ရှိနေပြီ ဖြစ်သည်။ လူခေါင်းနှင့် ခွေးလည်ပင်း အဆက်နေရာကို သွေးခဲများ ပေကျံနေသော အမည်းရောင် ချည်ကြိုးများဖြင့် ချုပ်နှောင်ထားပြီး ဒဏ်ရာမှာ မည်းနက်နေသည်။ ဖုံးကွယ်မထားသော လည်ပင်းဒဏ်ရာ တစ်ဝိုက်တွင် လောက်ကောင်များ ထွက်ပေါ်နေသည်။
လူခေါင်းမှာ အလွန်ဖြူရော်နေပြီး ကလေးတစ်ယောက်နှင့် တူကာ မျက်နှာအမူအရာမှာ အလွန်တောင့်တင်းပြီး သဘာဝမကျပေ။ သို့သော် မီမီက ပါးစပ်ဟပြီး ပြုံးလိုက်သည့် အခိုက်အတန့်တွင် ထိုအတုအယောင် ခွေးကိုယ်လူခေါင်းကြီးက အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး သင့်ကိုကြည့်ကာ လူကဲ့သို့ ပြုံးပြနေသည့် မြင်ကွင်းမှာ အလွန် ကြောက်စရာကောင်းလှသည်။
ဟန်ယွဲ့နှင့် အခြားဝန်ထမ်းများမှာ မိတ်ကပ်ခန်းထဲတွင် ထိုမြင်ကွင်းကို မကြည့်ရဲတော့ဘဲ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။
"ကဲ... မနေ့ညက မင်းတို့ကို ပြကွင်းနဲ့ ဇာတ်ညွှန်းတွေ ရင်းနှီးအောင် လုပ်ပေးပြီးပြီ... ပိုက်ဆံအများကြီး ရှာနိုင်မလား... ဘဝကောင်းကောင်း ရမလားဆိုတာ နောက်ပိုင်း မင်းတို့အပေါ်ပဲ မူတည်တော့တယ်"
ရွှီရှန်းက လူနှစ်ယောက်နှင့် ခွေးတစ်ကောင်ကို အိမ်ပြန်ချိန် ပြကွင်းထဲသို့ ကိုယ်တိုင် သွင်းပေးလိုက်သည်။ ထို့နောက် သူက အပြင်ဘက်ရှိ လက်မှတ်ရုံသို့ ထွက်လာခဲ့သည်။
"အထူးလျော့ဈေး... အထူးလျော့ဈေး"
"အိမ်ပြန်ချိန် ပြကွင်း လက်မှတ် တစ်စောင်ကို ဆယ်ယွမ်ပဲ"
"ဆယ်ယွမ်တည်းနဲ့ အခြားသူတွေ မခံစားဖူးသေးတဲ့ အရာတွေကို ခံစားရမယ်"
ရွှီရှန်းက စတင် အော်ဟစ် ကြော်ငြာတော့သည်။
ယခုအချိန်တွင် အင်တာနက်၏ ရိုက်ခတ်မှုကို မခံရသေးသောကြောင့် အပန်းဖြေဥယျာဉ်တွင် လူများပြားလှသည်။ ထို့ကြောင့် ရွှီရှန်း၏ ဆိုင်ရှေ့တွင် လူအများအပြား စုဝေးနေကြသည်။ သူတို့က သရဲအိမ်ကို စိတ်ဝင်စားကြသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် လျှို့ဝှက်ဆန်းကြယ်သော အရာများကို စူးစမ်းလိုစိတ် ရှိကြသောကြောင့် ဖြစ်သည်။ သို့သော် ရဲစွမ်းသတ္တိ လိုအပ်ပေသည်။
ရွှီရှန်းက နေ့ဝက်ခန့် အော်ဟစ် ကြော်ငြာနေခဲ့သော်လည်း ညရောက်သည်အထိ လူနှစ်စု သုံးစုခန့်သာ ဝင်ကစားရဲကြပြီး ဝင်ပြီးမကြာမီမှာပင် ကြောက်လန့်၍ ထွက်လာကြသည်။
တံခါးဝရှိ လူဆယ်ဂဏန်းခန့်မှာလည်း အချင်းချင်း ကြည့်နေကြပြီး မည်သူမျှ မဝင်ရဲကြပေ။
"ကျွတ်... ဒီခေတ်လူတွေက ဒီလောက်တောင် သတ္တိနည်းကြတာလား"
သူတို့ကို မည်သို့ ဆွဲဆောင်ရမည်နည်းဟု စဉ်းစားနေစဉ် သူ၏ မျက်စိထောင့်မှ လူတစ်စုကို မြင်လိုက်ရသည်။
"ဟေ့ကောင်... မင်းကို ဆုတံဆိပ်နဲ့ ဆုကြေးငွေ လာပေးတာ... ဝမ်းသာသွားလား"
လီရှန်းက ရဲအရာရှိ တစ်စုကို ဦးဆောင်ကာ ရောက်လာပြီး ရွှီရှန်းကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။
'ဆုပေးပွဲလား'
ရွှီရှန်းက ထိုအရာကို ဂရုမစိုက်ပေ။ သူက ထိုရဲအရာရှိများကို ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခေါင်းထဲတွင် ရုတ်တရက် အကြံတစ်ခု ပေါ်လာသည်။
"တပ်ခွဲမှူးလီ"
"ဘာဖြစ်လို့လဲ"
လီရှန်းက အံ့သြသွားသည်။
"စိတ်ဝင်စားမှုများ ရှိလားလို့"
ရွှီရှန်းက လီရှန်းကို ကြည့်ကာ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
"ကျွန်တော့်ရဲ့ သရဲအိမ်ကို လည်ပတ်ကြည့်ဖို့လေ"
ရဲဝတ်စုံ ဝတ်ဆင်ထားသော လီရှန်းမှာ ကြောင်အမ်းသွားပြီး အပြာရောင် ရဲဝတ်စုံ ဝတ်ဆင်ထားသော မိမိကိုယ်မိမိ လက်ညှိုးထိုးပြလိုက်သည်။
"ဟမ်... ငါလား"
ထို့နောက် သူက ထူးဆန်းသော မျက်နှာထားဖြင့် သရဲအိမ်ကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါကိုလား”