← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆ ငါ မကစားတော့ဘူးကွာ

"လျှောက်မပြောနဲ့... ငါတို့က လေးယောက်တည်း... ငါးယောက်မြောက် မရှိဘူး"

ဟန်ယန်က အခြေအနေမကောင်းမှန်း သိလိုက်သဖြင့် ထိုသူ့ကို ချက်ချင်း ဟန့်တားလိုက်သည်။

"တကယ်ကြီး ခြေသံ ငါးခု ကြားရတာ..."

ထိုအမျိုးသား၏ တုံ့ပြန်မှုက ပုံမှန်မဟုတ်ဘဲ အလွန် စိတ်လှုပ်ရှားနေသည်။ သူသည် ကြောက်ရွံ့မှုများ၏ မျိုချခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

"လူငါးယောက် ရှိတယ်"

"ငါသိတယ်... သူက ငါ့နောက်ကျောမှာ ရပ်နေတာ"

"ငါ ကြားတယ်... သူက ငါ့နောက်က လိုက်လာတာ... ငါတစ်လှမ်းလှမ်းရင် သူကလည်း တစ်လှမ်း လိုက်လှမ်းတယ်... သူ အမြဲတမ်း ငါ့နောက် လိုက်နေတာ"

"အထဲဝင်လာကတည်းက စပြီး လိုက်လာတာ"

အမျိုးသား၏ မျက်နှာအမူအရာက အလွန် စိတ်လှုပ်ရှားနေသည်။ ပတ်ဝန်းကျင်ရှိ လူသုံးဦးကို ကြည့်နေသော သူ၏ မျက်လုံးများက နီရဲလာပြီး သွေးကြောများ ပြည့်နှက်နေသည်။

"ငါ့ကို ယုံကြပါ... ငါ့ကို ယုံကြပါ"

အမျိုးသားမှာ တံတွေးများ စင်ထွက်လာသည်အထိ ပြောနေသည်။

"အေးပါ အေးပါ... ခင်ဗျား စိတ်အေးအေးထားပါ... တည်တည်ငြိမ်ငြိမ်နေပါ"

ဟန်ယန်က အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

"စိတ်ချပါ... ငါတို့ ဒီလောက် လူအများကြီး ရှိတာ... ခင်ဗျား တစ်ယောက်တည်းကိုပဲ လာပစ်မှတ်ထားစရာ အကြောင်းမရှိဘူး"

"ပြီးတော့ ခင်ဗျား နားကြားမှားတာလည်း ဖြစ်နိုင်တယ်... ပတ်ဝန်းကျင်က လူအပေါ် သက်ရောက်မှု ကြီးတဲ့အခါ စိတ်ကူးယဉ် အသံတွေ ဒါမှမဟုတ် အမြင်အာရုံ မှားယွင်းမှုတွေ ဖြစ်တတ်တယ်"

ထိုစကားများကို ကြားသောအခါမှ လူအချို့မှာ စိတ်အနည်းငယ် ငြိမ်သက်သွားကြသည်။

ဟန်ယန်က သတ္တိမွေးကာ သူ့ကို စိုက်ကြည့်နေသော စက္ကူအရုပ် အတန်းများကို ကြည့်လိုက်သည်။

"အရင်ဆုံး ဒီနေရာကနေ ထွက်သွားရအောင်"

ပတ်ဝန်းကျင်က အလွန် ကြောက်စရာကောင်းနေသည်။ ထို့အပြင် ရွှီရှန်းက ဤစက္ကူအရုပ်များကို မိတ်ကပ် အသစ်လိမ်းပေးထားသည်။ ထို့ကြောင့် ဤစက္ကူအရုပ်များက အသက်ဝင်နေသကဲ့သို့ ဖြစ်နေသည်။ အလွန် လူနှင့်တူပြီး အနီရောင် အင်္ကျီများကို ဝတ်ဆင်ထားကာ သူတို့ကို ကြည့်ပြီး တောင့်တင်းသော အပြုံးများ ပြုံးနေကြသည်။

"ကောင်းပြီ"

အခြားလူသုံးဦးလည်း သည်းမခံနိုင်တော့ပေ။ ဤစင်္ကြံလမ်းတွင် တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ပေ။ မည်သည့်နေရာဖြစ်ဖြစ် ရသည်။ ဤနေရာ မဟုတ်လျှင် ပြီးရော။ သို့သော် သူတို့ ခြေလှမ်း စတင်လိုက်သည့် အခိုက်အတန့်တွင်...

"ဖတ်"

"ဖတ်"

"ဖတ်"

"ဖတ်"

"ဖတ်"

ချက်ချင်းဆိုသလိုပင် လူလေးဦးစလုံး ရပ်တန့်သွားကြသည်။ အခြေအနေက တင်းမာသွားပြီး အသက်ရှူရခက်ခဲသော ခံစားချက်တစ်ခုက လူတိုင်း၏ ရင်ထဲသို့ ဖိနှိပ်လာသည်။

'ခြေသံတွေက...'

'လူငါးယောက် ရှိနေသလိုပဲ'

"အား..."

"ငါ မကစားတော့ဘူး... ငါ မကစားတော့ဘူး"

ထိုအမျိုးသား ဧည့်သည်မှာ မျက်လုံးများ နီရဲသွားပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ လူတစ်ယောက်၏ ဆင်ခြင်တုံတရားများ ပျောက်ဆုံးသွားပြီ ဖြစ်သည်။

"ငါ့ကို သွားခွင့်ပြု... ငါ့ကို သွားခွင့်ပေးကြပါ"

အမျိုးသား၏ မျက်နှာက ရုပ်ဆိုးအကျည်းတန်နေပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ စုပုံလာကာ အပြင်ဘက်သို့ ထွက်ပြေးတော့သည်။ ပြေးရင်းပြေးရင်း ပိုပိုမြန်လာပြီး သူ၏ နောက်တွင် တစ်စုံတစ်ခုက လိုက်ဖမ်းနေသကဲ့သို့ ဖြစ်နေသည်။

ဟန်ယန်က မဟန့်တားခဲ့ပေ။ ဘာကြောင့်လဲ။ သူလည်း ပြေးချင်နေသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ဟန်ယန်၏ ရင်ထဲတွင် အေးစက်နေသည်။ သူရောက်ခဲ့ဖူးသော လူသေရုံများပင် ယခု ပတ်ဝန်းကျင်လောက် အေးစက်မှု မရှိဟု ခံစားနေရသည်။

"ရှင်ပဲလေ... ကျွန်မက အစကတည်းက မကစားဘူး မကစားဘူးဆိုတာကို အတင်းကစားမယ်ဆိုပြီး... အခုတော့ တွေ့ပြီလား"

ချစ်သူစုံတွဲ ဧည့်သည်နှစ်ဦးလည်း ယခုအခါ စိတ်ဓာတ်များ ပြိုလဲသွားပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ စက္ကူအရုပ်များကို ကြည့်ရင်း သူတို့ ဘယ်နေရာကိုပဲ သွားသွား ဤစက္ကူအရုပ်များက သူတို့ကို စိုက်ကြည့်နေသည်ဟု ခံစားနေရသည်။

"ငါ အိမ်ပြန်ချင်တယ်"

"ငါ မကစားတော့ဘူး... ငါ မကစားတော့ဘူး"

အမျိုးသမီးက အသံကျယ်ကြီးဖြင့် ငိုယိုရင်း ဟန်ယန်ကို လှည့်၍ အပြစ်တင်တော့သည်။

"ရှင်ကောပဲ... ရှင်က ရဲအရာရှိဆို... ဘာလို့ ဘာမှ အသုံးမကျရတာလဲ"

"ရှင်က ဒီသရဲအိမ်က လူတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်လား... ရှင်က သူလျှိုမလား"

"ကျွန်မ အစကတည်းက သိသားပဲ... ရှင်တို့က အစကတည်းက ကျွန်မတို့ကို လူစုခွဲပြီး ဒီကို ခေါ်လာတာ... ခြေသံတွေကိုလည်း ရှင် ဖန်တီးထားတာ မဟုတ်လား"

အမျိုးသမီးမှာ ပြောလေပြောလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူမ၏ ရင်ထဲတွင် မလုံခြုံမှုများက ဖုံးလွှမ်းသွားပြီ ဖြစ်သည်။

အော်ဟစ်ခြင်းဖြင့် မိမိကိုယ်မိမိ အားပေးရန် အလိုအလျောက် ကြိုးစားသော်လည်း ပို၍ပို၍ ဟာလာဟင်းလင်း ဖြစ်လာသည်။

ဟန်ယန်က အမျိုးသမီးကို ကြည့်ကာ တိတ်ဆိတ်စွာ သည်းခံနေသည်။ ယခုအချိန်တွင် သူ၏ စိတ်ဓာတ်လည်း အနည်းငယ် ပြိုလဲနေပြီ ဖြစ်သည်။

'ဒီနေရာက အရမ်း ကြောက်စရာကောင်းတာပဲ... အဲဒီ ကိုယ်ချင်းစာတရားမရှိတဲ့ ငါတို့ခေါင်းဆောင်က သူမဝင်ရဲဘဲ ငါ့ကို အထဲပစ်ထည့်လိုက်တာ ဘယ်လို သဘောလဲ...'

"ကျွန်မ အစကတည်းက သိပါတယ်... ရှင်..."

အမျိုးသမီးက ဆက်ပြောရန် ပြင်လိုက်သော်လည်း စကားမဆုံးခင်မှာပင် သူမ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နေရာမှာပင် သစ်သားရုပ်အလား ရပ်တန့်သွားသည်။

သူမ ဘာကို မြင်လိုက်ရသနည်း။ သူမ မြင်လိုက်ရသည်မှာ... ဟန်ယန်၏ အနောက်ဘက်ရှိ စက္ကူအရုပ် အတန်းများကြားတွင်...

စက္ကူအရုပ် တစ်ရုပ်၏ ခြေရင်း၌ လူခေါင်းတစ်လုံး ရှိနေသည်။ ထိုလူခေါင်းက သူတို့ကို ကြည့်ကာ ပြုံးနေသည်။

'မဟုတ်ဘူး... ဒါက လူပြုံးနိုင်တဲ့ အပြုံးမျိုး မဟုတ်ဘူး'

'တောင့်တင်းတယ်... အရမ်းကို တောင့်တင်းလွန်းတယ်'

အကယ်၍ တစ်ဖက်လူက သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး လူတစ်ယောက်က ပြုံးနေခြင်းဆိုပါက သူမ လန့်သွားရုံသာ ဖြစ်မည်ဖြစ်ပြီး ကြောက်ရွံ့မည် မဟုတ်ပေ။ သို့သော် တစ်ဖက်လူက လူမဟုတ်ပေ။ လုံးဝ လူမဟုတ်ပေ။

ခွေး...

လူခေါင်းပါသော ခွေးတစ်ကောင် ဖြစ်သည်။

'လူလက်နှစ်ဖက် ရှိပေမဲ့ လက်မောင်းမပါဘူး... လူခေါင်းပါပြီး ထောင့်တစ်နေရာမှာ ပုန်းနေတယ်... ငါ့ကို အမြဲတမ်း ကြည့်နေတယ်... ခန္ဓာကိုယ်အနှံ့ သွေးကွက်တွေနဲ့ လောက်ကောင်တွေ ပြည့်နှက်နေတဲ့ လူခေါင်းပါတဲ့ ခွေး...'

'ငါ့ကို ကြည့်ပြီး ပြုံးနေတယ်...'

အမျိုးသမီးမှာ နေရာမှာပင် ကြောင်အမ်းသွားသည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် လူခေါင်းပါသော ခွေးက သူမ၏ အကြည့်ကို သတိထားမိသွားပုံရပြီး ရှေ့လက်နှစ်ဖက်ကို မြှောက်ကာ မြေပြင်ကို ဖြည်းညှင်းစွာ ရိုက်ခတ်လိုက်သည်။

"ဖတ်"

ခြေသံ... အထဲဝင်လာကတည်းက သူမနောက်ကို လိုက်နေသော ခြေသံ...

အမျိုးသမီးမှာ မှင်တက်သွားပြီး ဦးနှောက်များ လုံးဝ ဗလာကျင်းသွားကာ မျက်စိရှေ့တွင် မျက်ရည်များ ဝဲတက်လာသည်။ ဇီဝဗေဒ မျိုးရိုးဗီဇမှ လာသော ဗီဇက ပေါ်ထွက်လာပြီး သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။

"အား... အား... အား..."

အမျိုးသမီးက စူးစူးဝါးဝါး အော်ဟစ်ရင်း အပြင်ဘက်သို့ ပြေးထွက်သွားသည်။ ပုံမှန် ပြေးသည့်ပုံစံ မဟုတ်သလို ရုပ်ရည်ကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ အရူးတစ်ယောက်လို ပြေးနေခြင်း ဖြစ်သည်။

"ရှောင်ရု"

သူမ၏ ချစ်သူကလည်း အလျင်အမြန် လိုက်သွားသည်။ လူနှစ်ဦးမှာ တစ်ဘဝလုံးတွင် တစ်ခါမှ မဖြစ်ပေါ်ဖူးသော အမြန်နှုန်းဖြင့် ကြောက်လန့်တကြား ပြေးထွက်သွားကြသည်။

"သေချင်းဆိုး..."

ဟန်ယန်လည်း သည်းမခံနိုင်တော့ပေ။ သူ၏ စိတ်ဓာတ်များ အနည်းငယ် ပြိုလဲသွားပြီး စိတ်ခံစားချက်များ ကူးစက်ခံရကာ အလိုအလျောက် နောက်လှည့်ကြည့်လိုက်သည်။ သူက...

'ဖတ် ဖတ် ဖတ်' ဖြင့် သူ့ဆီသို့ လျှောက်လာနေသော ခွေးတစ်ကောင်ကို မြင်လိုက်ရသည်။

ထိုအချိန်တွင်...

ရဲဆိုတာ ဘာလဲ၊ မှုခင်းရဲအရာရှိ ဆိုတာ ဘာလဲ၊ ခေတ်သစ် မှုခင်းရဲအရာရှိ ဆိုတာ ဘာလဲ...

အားလုံး ဘေးဖယ်ထားလိုက်။

"မပြေးကြနဲ့... အတုတွေ... အဲဒါတွေ အကုန်လုံး အတုတွေ"

ဟန်ယန်က ထွက်ပြေးသွားသော လူနှစ်ဦးနောက်သို့ လိုက်သွားလိုက်သည်။ သူ၏ နှလုံးသားက အဆက်မပြတ် ခုန်လှုပ်နေပြီး တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်နေကာ သွေးကြောများထဲတွင် ရေနွေးပူများ စီးဆင်းနေသကဲ့သို့ ဖြစ်နေသည်။

စက္ကူအရုပ် နှစ်တန်းက သူတို့၏ ကျောပြင်များကို စိုက်ကြည့်နေကြသည်။ သူတို့သည် အမှောင်ထုထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။

"မပြေးနဲ့လေ"

ဟန်ယန်က ထိုလူများကို အလျင်အမြန် လိုက်သွားရင်း ဘေးအိမ်ဆောင် တစ်ခုသို့ ရောက်ရှိသွားသည်။

"ကျီ..."

ဘေးအိမ်ဆောင်ကို သူက တွန်းဖွင့်လိုက်ရာ ဖြူရော်သော လရောင်က သူ၏ အရိပ်ကို ထင်ဟပ်စေပြီး အိမ်ခန်းထဲသို့ ကျရောက်သွားသည်။

"လူတွေကော"

ဟန်ယန်က တစ်ချက် ဝေ့ကြည့်လိုက်ရာ အခန်းထဲတွင် ထိုသူတို့၏ အရိပ်အယောင်ကို မတွေ့ရပေ။ သို့သော် သူ ခုနကပင် ထိုသူတို့ ဝင်သွားသည်ကို မြင်လိုက်ရသည်။

သူ တစ်ခုခု အော်ပြောရန် ပြင်လိုက်စဉ်...

"ဖတ်"

ခြေသံတစ်ခု ထွက်ပေါ်လာသည်။

ဟန်ယန်က ဝမ်းသာသွားသော်လည်း နောက်တစ်စက္ကန့်တွင် နေရာမှာပင် တောင့်တင်းသွားသည်။

သူ မြင်လိုက်ရသည်မှာ... ရှေ့ရှိ ဖြူရော်သော လရောင်က ဖွင့်ထားသော တံခါးမှတစ်ဆင့် နံရံပေါ်သို့ ထင်ဟပ်နေပြီး... အရိပ်တစ်ခု ပိုလာသည်။

အရိပ်က သူ၏ အရိပ်မဟုတ်သလို ပျောက်သွားသော ချစ်သူစုံတွဲ၏ အရိပ်လည်း မဟုတ်ပေ။ ဒါဆို ဘယ်သူ့အရိပ်လဲ။

အော့အန်ချင်စိတ်တစ်ခု ပေါ်လာပြီး ဟန်ယန်၏ လက်ချောင်းများ အေးစက်လာသည်။ တံတွေးတစ်ချက် မြိုချလိုက်ပြီး ခေါင်းကို တောင့်တင်းစွာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။

မြင်လိုက်ရသည်မှာ...

တောင့်တင်းသော အပြုံးဖြင့်၊ တစ်ကိုယ်လုံး အသက်ဝင်မှု မရှိသော၊ အပြာရင့်ရောင် သေသူဝတ်စုံကို ဝတ်ဆင်ထားသည့်... စက္ကူအရုပ် တစ်ရုပ် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ထိုနေရာရှိ လေထုက ရပ်တန့်သွားပြီး အချိန်တွေ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

အသက်ရှူကျပ်သော ခံစားချက်က ဟန်ယန်၏ ဦးနှောက်ကို ဖုံးလွှမ်းသွားသည်။ စက္ကူအရုပ်၏ မျက်နှာပေါ်တွင် လူကဲ့သို့ အပြုံးမျိုး ရှိနေဆဲဖြစ်ပြီး ဟန်ယန်ကို တောင့်တင်းစွာ ကြည့်ရင်း ခြေတစ်လှမ်း လှမ်းလိုက်သည်။

"ဖတ်"

နောက်တစ်စက္ကန့်တွင် ဟန်ယန်၏ ဦးနှောက် တစ်နေရာမှ အေးစက်သွားပြီး မျက်စိရှေ့တွင် စတင် မူးဝေလာသည်။

သူ ပြေးချင်သော်လည်း ခြေလှမ်းလိုက်သည်နှင့် ခြေထောက်များ ပျော့ခွေသွားပြီး တစ်ကိုယ်လုံး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သတိမလစ်ခင် အခိုက်အတန့်တွင် ဟန်ယန်၏ ရင်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။

'တပ်ခွဲမှူးလီ...'

'ခင်ဗျားကို ငါကျိန်ဆဲတယ်'

နာရီဝက် ကြာပြီးနောက်...

အပြင်ဘက်ရှိ လူများမှာ ကြောင်အမ်းနေကြပြီ ဖြစ်သည်။

အိမ်ပြန်ချိန် ပြကွင်းမှာ သူတို့နှင့် မီတာဆယ်ဂဏန်းခန့်သာ ဝေးသော်လည်း ထိုအသံများက မီတာရာချီ ဝေးလျှင်ပင် ရှင်းလင်းစွာ ကြားနိုင်ပေသည်။

ဘာအသံတွေလဲ။

အော်ဟစ်သံတွေ... တန်းစီ၍ ထွက်ပေါ်လာသော အော်ဟစ်သံ ရှစ်သံ... တစ်ခုထက်တစ်ခု ပို၍ သနားစရာ ကောင်းလှသည်။

လီရှန်းလည်း ကြောင်အမ်းသွားသည်။ ထိုအသံရှစ်သံထဲတွင် ကျန်းမိုနှင့် ဟန်ယန်တို့၏ အသံများကို ကြားလိုက်ရသကဲ့သို့ ရှိသည်။

'မဖြစ်နိုင်တာ...'

သူက ရေရွတ်လိုက်သည်။

'မဖြစ်နိုင်ပါဘူး...'

သို့သော် သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်...

ရွှီရှန်းက အလင်းမဝင်သော အဝင်ပေါက်မှ ထွက်လာပြီး လူအများကို ကြည့်ကာ နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ဟန်ယွဲ့... နင့်အစ်ကိုနဲ့ ဂုဏ်သရေရှိ ဧည့်သည်တချို့ကို..."

"ထမ်းထုတ်လာခဲ့လိုက်"

လီရှန်း “ ….”

'ထမ်း... ထမ်းထုတ်လာခဲ့...'

"ဗျာ…”

All Chapters