အခန်း ၁၈
Vol. 2 Ch. 18
အခန်း ၁၈ [တာဝန်သစ်] ငါက အတွင်းခံရောင်းတဲ့ဆိုင် ဖွင့်ထားတာ မဟုတ်ဘူးနော်
တကယ်ကြီး ရဲအရာရှိတွေ ရှိနေ၍သာ ဝင်မကစားရဲကြခြင်းဖြစ်သည်ဟု ရွှီရှန်းကတော့ ထိုသို့ ထင်ခဲ့သည်။ သို့သော် သူ့ရှေ့ရှိ လူများက ငိုယိုနေသော ဧည့်သည်များကို ကြည့်ရင်း လည်ပင်းပုဝင်သွားကာ ပို၍ပင် ကြောက်ရွံ့လာကြသည်။
စဉ်းစားပြီးနောက် နောက်ဆုံးတွင် ရွှီရှန်းက စည်းမျဉ်းတစ်ခု သတ်မှတ်လိုက်သည်။
"ဒီလအတွင်း အိမ်ပြန်ချိန် ပြကွင်းကို အောင်မြင်အောင် ကစားနိုင်တဲ့ အဖွဲ့တွေအတွက် ကစားခ တစ်ဝက် လျှော့ပေးမယ်... ပြီးတော့ အဖွဲ့ထဲမှာ အောင်မြင်ဖို့အတွက် အများဆုံး ကူညီပေးနိုင်တဲ့ ဧည့်သည်ကို ငွေသား ယွမ်တစ်ရာ ဆုချမယ်... ချက်ချင်း ငွေရှင်းပေးမယ်"
ယွမ်တစ်ရာဟု ကြားလိုက်သောအခါ ပတ်ဝန်းကျင်ရှိ လူများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
ယွမ်တစ်ရာဆိုသည်မှာ နည်းပါသလားဟု မေးစရာရှိသည်။ ပထမဆုံးအနေဖြင့် ယခုအချိန်တွင် အရှေ့နိုင်ငံ၏ လူတစ်ဦးချင်းစီ၏ ပျမ်းမျှလစာမှာ ယွမ်တစ်ထောင်မှ တစ်ထောင့်ငါးရာကြားသာ ရှိကြောင်း ရွှီရှန်း သိထားသည်။ နယ်ဘက်များတွင်မူ လစာ ယွမ်တစ်ထောင်ပင် မပြည့်ဘဲ ခုနစ်ရာ ရှစ်ရာဝန်းကျင်သာ ရသူများ အများအပြား ရှိသည်။ ထို့ကြောင့် ဤယွမ်တစ်ရာ၏ တန်ဖိုးမှာ အလွန် ဆွဲဆောင်မှု ရှိလှသည်။
အရေးအကြီးဆုံးမှာ မိနစ် သုံးဆယ်တည်းသာ ဖြစ်ခြင်းပင်တည်း။ မိနစ် သုံးဆယ်ခန့် တောင့်ခံပြီး ထွက်ပေါက်ကို ရှာတွေ့ရုံဖြင့် အလကားနီးပါး ရနိုင်မည် ဖြစ်သည်။
ထို့အပြင် လက်မှတ်ခက ယွမ်ဆယ်တည်း ဖြစ်ပြီး ဆုကြေးငွေက ယွမ်တစ်ရာ ဖြစ်နေသည်။ သူတို့ တစ်ကြိမ် မအောင်မြင်ပါက နှစ်ကြိမ် သုံးကြိမ် ငါးကြိမ်လောက် ကစားလျှင်တောင် မအောင်မြင်နိုင်တော့ဘူးလားဟု တွေးစရာရှိသည်။ ကိုးကြိမ်လောက် ကစားလျှင်ပင် ယွမ်ဆယ် မြတ်သေးသည်။ ထိုအကြောင်းကို တွေးမိသည်နှင့် လူတိုင်း စိတ်ဝင်စားသွားကြသည်။
လက်မှတ်ရုံနှင့် ကြောက်လန့်ငိုယိုနေသော ဧည့်သည်များကြားတွင် လူများစွာ၏ အကြည့်များ တွေဝေစွာ ကူးလူးနေကြသည်။
နောက်ဆုံးတွင် လူတစ်ယောက်က သွားစွယ်ကို ကိုက်ကာ ဆုံးဖြတ်လိုက်သည်။
"သူဌေး... ကျွန်တော့်ကို လက်မှတ်တစ်စောင် ပေး"
လူတစ်ယောက် စတင်လိုက်သည်ကို မြင်သောအခါ အခြားသူများလည်း အားတင်းကာ ရှေ့တိုးလာကြသည်။
"သူဌေး... ကျွန်တော် နွားသတ္တိရဲ့ ဘဝမှာ အပေါဆုံးက သတ္တိပဲ"
"သူဌေး... ကျွန်တော့် ချစ်သူကို တစ်စောင်ပေး... သူက ကျားမကြီးလေ... တောဘုရင်မကြီး ဆိုတော့ ဘယ်သရဲကမှ သူ့ကို မထိရဲဘူး"
"နင်က အသားယားနေပြီလား... သူဌေးရေ... သူ့ကိုပါ အထဲထည့်ပေးလိုက်"
အလုအယက် ရောက်လာကြသော ဧည့်သည်များကို ကြည့်ရင်း ရွှီရှန်းက သွားများပေါ်အောင် အစစ်အမှန် အပြုံးဖြင့် ပြုံးလိုက်သည်။
"ဖြည်းဖြည်းလာပါ... ဖြည်းဖြည်းလာပါ"
"အသက် ဆယ့်နှစ်နှစ် အောက်ဆိုရင် မိဘအုပ်ထိန်းသူနဲ့ အတူဝင်ရမယ်... နှလုံးနဲ့ သွေးကြောရောဂါ ရှိသူတွေဆိုရင်တော့ မဝင်ပါနဲ့"
'ပိုက်ဆံတွေ... ဒါတွေ အကုန်လုံး ပိုက်ဆံတွေချည်းပဲ'
စက်တင်ဘာလ ဆယ့်ခုနစ်ရက် ညပိုင်းအချိန် ဖြစ်သည်။ စီးပွားရေး အလွန်ကောင်းမွန်ပြီး ရွှီရှန်းမှာ ဤရက်ပိုင်းအတွင်း အလွန် အလုပ်များနေခဲ့သည်။ ဆယ်ရက်အတွင်း သူ ဘယ်လောက်တောင် ရှာနိုင်ခဲ့သလဲဆိုလျှင် ပြောရခက်လှသည်။
"ဒီရက်ပိုင်း ရှောင်ရှန်းရဲ့ အင်တာနက်ပေါ်က ကြော်ငြာတွေရယ်... သာမန်လူတွေကို ဗီဒီယိုရိုက်ခွင့် ပေးလိုက်တာတွေရယ်ကြောင့် ဧည့်သည်တွေ အရမ်းများလာတယ်"
"ပျမ်းမျှအားဖြင့် တစ်နေ့ကို ခြောက်ဖွဲ့... ဆိုလိုတာက လေးဆယ့်ရှစ်ယောက် လက်မှတ်ဝယ်ကြတယ်... စုစုပေါင်း အဖွဲ့ ခြောက်ဆယ် ရှိတယ်"
"ကျွန်မတို့ရဲ့ ရောင်းရငွေက..."
စက်တင်ဘာလ ဆယ့်ခုနစ်ရက် ညတွင် စီမံခန့်ခွဲသူ သုံးဦးနှင့် ရွှီရှန်းတို့သည် စားပွဲတွင် ထိုင်ကာ စာရင်းဇယားများနှင့် ဝင်ငွေများကို ကြည့်နေကြသည်။ ဟန်ယွဲ့က တွက်ချက်ထားသော စာရွက်ကို ကိုင်ကာ အစီရင်ခံနေသည်။
"လက်မှတ်ရောင်းရငွေက စုစုပေါင်း ယွမ် လေးထောင့်ရှစ်ရာ... ဒါက စုစုပေါင်း ဝင်ငွေရဲ့ အနည်းငယ်ပဲ ရှိသေးတယ်"
"အများစုကတော့..."
ဟန်ယွဲ့က ထိုနေရာသို့ ရောက်သောအခါ ခေတ္တရပ်သွားပြီး မျက်နှာက အနည်းငယ် ထူးဆန်းသွားသည်။
"ဘာများလဲ... ယွဲ့လျန်... မြန်မြန်ပြောလေ"
ဦးလေးလီက အလျင်စလို မေးလိုက်သည်။
လူအများ၏ မျှော်လင့်ချက် မျက်လုံးများကို ကြည့်ရင်း ဟန်ယွဲ့က သက်ပြင်းချလိုက်ပြီး အနည်းငယ် နေရခက်စွာ ပြောလိုက်သည်။
"အများစုက အဝတ်အစား ရောင်းရတဲ့ ပိုက်ဆံတွေပဲ... အဲဒီထဲမှာ အတွင်းခံနဲ့ ဘောင်းဘီတို ဝင်ငွေက ယွမ် လေးထောင့်ငါးရာ... ဘောင်းဘီရှည် ဝင်ငွေက ယွမ် ခြောက်ထောင်... စုစုပေါင်း ယွမ် တစ်သောင်းငါးရာ... အရင်းနုတ်လိုက်ရင် အမြတ်က ယွမ် ခြောက်ထောင်လောက် ရှိတယ်"
ဦးလေးလီနှင့် ဦးလေးကျန်းတို့မှာ ကြောင်အမ်းသွားကြပြီး သူတို့၏ မျက်နှာအမူအရာက အနည်းငယ် မှင်တက်သွားသည်။
'ဟင်... ဘယ်လို... အမြတ်အများဆုံးရတာက အတွင်းခံ ရောင်းရလို့လား'
ထိုစကား ကြားပြီးနောက် စားပွဲပေါ်ရှိ လူလေးဦးစလုံး တိတ်ဆိတ်သွားကြသည်။ ရွှီရှန်းက လက်ချောင်းများကို ယှက်ကာ မေးစေ့ကို လက်ခုံပေါ် တင်ထားလိုက်သည်။
'အင်း... ငါက သရဲအိမ် သူဌေးပါ... ဘယ်လိုလုပ်ပြီး အမြတ်အများဆုံးက အတွင်းခံနဲ့ ဘောင်းဘီ ရောင်းရတာ ဖြစ်သွားတာလဲ'
"ရှောင်ရှန်း... ငါ မှတ်မိသလောက်တော့ ငါတို့က သရဲအိမ် ဖွင့်ထားတာလေ"
ဦးလေးလီလည်း အနည်းငယ် မှားယွင်းနေသည်ဟု ခံစားလာရသည်။ သူတို့က သရဲအိမ် ဖြစ်ပြီး အတွင်းခံဆိုင် မဟုတ်ကြောင်း တွေးမိသည်။
"ဒီပစ္စည်းတွေကို ငါတို့ ဆက်ရောင်းရဦးမှာလား"
"ရောင်းမယ်... သေချာပေါက် ရောင်းမှာပေါ့"
မိမိချမှတ်ထားသော အစီအစဉ်နှင့် အနည်းငယ် လွဲချော်သွားသော်လည်း ငွေရှာနိုင်လျှင် ကောင်းသည်သာ ဖြစ်သည်။
"ဆက်ရောင်းရုံတင် မကဘူး... ဧည့်သည်တွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေပါ ပေးရမယ်"
ရွှီရှန်းက မတွေဝေဘဲ ချက်ချင်း ဆုံးဖြတ်လိုက်သည်။
"အတွင်းခံကို ဧည့်သည်တွေ သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးရမယ်... ဘောင်းဘီရှည်ကလည်း လှရမယ်... ဧည့်သည်တွေ ဝတ်လိုက်တဲ့အခါ သေးထွက်ကျသွားတဲ့ အဆိုးမြင်စိတ်တွေကို မေ့သွားအောင် လုပ်ပေးနိုင်ရမယ်"
ရွှီရှန်းက လေးနက်စွာ ပြောလိုက်သည်။ စဉ်းစားပြီးနောက် သူက ဂရုတစိုက် ထပ်ပြောလိုက်သည်။
"ဟုတ်သားပဲ... အိမ်သာကိုလည်း နည်းနည်း လျှို့ဝှက်ထားလိုက်... အကောင်းဆုံးက ဧည့်သည်တွေ မမေးရင် ရှာမတွေ့တဲ့ ပုံစံမျိုး လုပ်ထား"
လူသုံးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့သူဌေးမှာ အနည်းငယ် ဆိုးသွမ်းလာပြီဟု ခံစားလိုက်ရသည်။
မတတ်နိုင်ပေ။ ရွှီရှန်းသည် ယခု အကြွေးတင်နေသော အခြေအနေ ဖြစ်သည်။ ဆယ်ရက်အတွင်း အမြတ်ငွေက ယွမ်တစ်သောင်းခန့် ရှိပြီး တစ်လလျှင် သုံးသောင်းခန့် ရနိုင်သည်။ သို့သော် ရှိနေသော ဝန်ထမ်းလေးဦးနှင့် ဦးလေးကျန်း၊ ဦးလေးလီတို့ကို လစာပေးပြီးပါက နှစ်သောင်းကျော်သာ ကျန်တော့မည် ဖြစ်သည်။
ထိုနှစ်သောင်းကျော်ထဲမှ ငှားရမ်းခ၊ ပြုပြင်ထိန်းသိမ်းစရိတ်၊ ကြော်ငြာခနှင့် အခွန်အခများကို နုတ်လိုက်ပါက နောက်ဆုံးတွင် ယွမ်ထောင်ဂဏန်းခန့်သာ ကျန်တော့မည် ဖြစ်သည်။
သာမန်လူများနှင့် နှိုင်းယှဉ်လျှင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း သရဲအိမ်ဆိုသည်မှာ အင်တာနက် ဗီဒီယိုများ၏ ရိုက်ခတ်မှုကို မလွဲမသွေ ခံရမည်ဖြစ်ပြီး အပန်းဖြေဥယျာဉ် အပါအဝင် နောက်ဆုံးတွင် တဖြည်းဖြည်း ပိတ်သိမ်းသွားရမည် ဖြစ်သည်။ ဆယ်နှစ်အတွင်း တစ်လလျှင် ယွမ်တစ်သောင်း အမြတ်ရမည်ဆိုလျှင်ပင် အကြွေးနှင့် အတိုးများကို နုတ်လိုက်ပါက သူစုဆောင်းနိုင်မည့် ငွေမှာ ယွမ်သိန်းဂဏန်း အနည်းငယ်သာ ရှိပေလိမ့်မည်။ ထိုအကြောင်းကို တွေးမိသည်နှင့် ရွှီရှန်း၏ မျက်လုံးများက အလွန် လေးနက်သွားသည်။
"ဟုတ်သားပဲ... နေရာမှာ ရေသန့်ဘူး အခမဲ့ ပေးထားဖို့လည်း စီစဉ်လိုက်... အပြင်ဘက်က အိမ်သာကို ရုပ်ဖျက်ထားလိုက်... ငါတို့ အိမ်သာကို နောက်ဘက် အခန်းထဲမှာ ဆောက်မယ်"
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူအများစုသည် ဈေးဝယ်စင်တာကြီးများတွင် အိမ်သာဝင်ရန် ပြဿနာ မရှိသော်လည်း ဆိုင်ငယ်လေးများတွင်မူ တစ်ခုခု ဝယ်မှသာ ဝင်ရဲကြသည်။ ထို့ကြောင့် သူတို့က သရဲအိမ် အိမ်သာကို ဝင်သုံးရန်အတွက် ယွမ်ဆယ်တန် လက်မှတ်တစ်စောင် ဝယ်ပြီး ကစားလိုက်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ အကယ်၍ အိမ်သာမဝင်ခင် ဝင်ကစားလိုက်ပြီး သေးထွက်ကျသွားပါက ရွှီရှန်းက ဝန်ဆောင်မှု အပြည့်ဖြင့် အဝတ်လဲပေးခြင်းကလည်း ပုံမှန်ပင် မဟုတ်ပါလားဟု တွေးစရာရှိသည်။
ပြဿနာ မရှိပေ။ လုံးဝ ပြဿနာ မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဝယ်မည် မဝယ်မည်မှာ သူတို့အပေါ်တွင်သာ မူတည်ပြီး ရွှီရှန်းက လူကြောက်ရောဂါ ရှိသူများ၏ စိတ်ပညာကို ကောင်းစွာ အသုံးချထားခြင်းသာ ဖြစ်သည်။ အပန်းဖြေဥယျာဉ်တွင် အများသုံးအိမ်သာ ရှိသည်ဆိုသော်လည်း ကိစ္စမရှိပေ။ လမ်းပျောက်ပြီး အိမ်သာရှာမတွေ့ဘဲ ကမန်းကတန်း လှည့်ပတ်ရှာနေသူများ အမြဲရှိမည်ဆိုတာ ရွှီရှန်း ကောင်းကောင်း သိသည်။
ယခုအချိန်တွင် ဟန်ယွဲ့က ရွှီရှန်းကို ကြည့်နေသော အကြည့်များက အနည်းငယ် ထူးဆန်းနေပြီ ဖြစ်သည်။
'ရွှီရှန်းက နည်းနည်း ဆိုးသွမ်းလာသလိုပဲ... ငါမွေးထားတဲ့ ရှက်တတ်ပြီး တက်ကြွတဲ့ ကောင်လေးက ဘယ်အချိန်ကများ ဒီလို ဖြစ်သွားတာလဲ'
သို့သော် တစ်ဖက်လူက အကြွေးတင်နေသေးသည်ကို တွေးမိသောအခါ သူမလည်း ဘာမှမပြောတော့ပေ။
"ဒီလိုလုပ်... ဦးလေးလီ... ဘောင်းဘီတွေ သွားဝယ်လိုက်ဦး... အလှအပနဲ့ ခိုင်ခံ့မှု နှစ်မျိုးစလုံးကို အဓိကထားပြီး ဝယ်လာခဲ့... ဦးလေးကျန်းကတော့ အတွင်းခံကို တာဝန်ယူ... ဒီအပိုင်းက သိပ်ပြီး ဆန်းပြားနေစရာ မလိုဘူး... သုံးလို့ရရင် ရပြီ... သေချာတာပေါ့... ချစ်သူစုံတွဲတွေအတွက် ဆွဲဆောင်မှုရှိတဲ့ အတွင်းခံ တချို့လည်း ဝယ်လာလို့ရတယ်... ယွဲ့လျန်... နင်က နာရေးကူညီမှုအသင်းကို ဆက်သွယ်ပြီး ပစ္စည်းတချို့ ထပ်မှာလိုက်"
သုံးဦးသားက ခေါင်းညိတ်လိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်သွားကြသည်။
ဒီဇိုင်းဆန်းပြီး အနည်းငယ် ဈေးကြီးသော ဘောင်းဘီများကို အဘယ်ကြောင့် ရောင်းရသနည်းဆိုလျှင် လူတို့၏ ဂုဏ်သိက္ခာ ဆိုသည်မှာ အလွန် ထူးဆန်းသော အရာတစ်ခု ဖြစ်သောကြောင့်ပင်။ မိမိ၏ ဂုဏ်သိက္ခာ ကျဆင်းသွားသည်ကို သိရှိသွားသည်နှင့် တစ်ပြိုင်နက် ခေါင်းစဉ်ပြောင်းရန် သို့မဟုတ် ဂုဏ်သိက္ခာ ပြန်လည် ဆယ်ယူရန် နည်းလမ်းရှာကြသည်။ ထိုအထဲတွင် ရုတ်တရက် အသိဉာဏ် လွတ်သွားကာ တန်ဖိုးကြီး ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် ဂုဏ်သိက္ခာ ပြန်လည် ဖြည့်ဆည်းခြင်းများလည်း ပါဝင်သည်။ ထို့အပြင် အဝတ်အစားများက လှပပါက ခေါင်းစဉ်ကို အလျင်အမြန် ပြောင်းလဲနိုင်ပြီး အာရုံလွှဲနိုင်ပေသည်။
"ပြကွင်း တစ်ခုတည်းနဲ့ဆိုတော့ ပိုက်ဆံရှာရတာ အရမ်း နှေးနေတုန်းပဲ"
လူအများ ထွက်သွားပြီးနောက် ရွှီရှန်းက နေရာမှာပင် ထိုင်ကာ နောက်ဘက် အခန်းရှိ အိမ်ပြန်ချိန် ပြကွင်း၏ စောင့်ကြည့်ကင်မရာများကို ကြည့်ရင်း စဉ်းစားခန်း ဝင်နေသည်။
ပြကွင်း စုစုပေါင်း နှစ်ခုရှိသော်လည်း ကံမကောင်းစွာဖြင့် အိမ်ပြန်ချိန် ၏ ကြောက်မက်ဖွယ်ကောင်းမှု အဆင့်မှာ တိရစ္ဆာန်လမ်းကြား နှင့် ယှဉ်၍မရအောင် မြင့်မားလွန်းသည်။ မီမီနှင့် လီရှူမောင်နှမ နှစ်ယောက်က ဤဇာတ်ညွှန်းအတွက် မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။ မိတ်ကပ်မလိမ်းဘဲ ရပ်နေလျှင်ပင် မည်သူမျှ အနီးကပ် မသွားရဲကြပေ။
ထို့အပြင် သူ၏ ဝန်ထမ်းများမှာ လေးဦးသာ ကျန်တော့သည်။ လီရှူမောင်နှမနှင့် ပေါင်းလျှင် ခြောက်ဦးသာ ရှိပြီး နောက်ဘက် စီမံခန့်ခွဲသူများနှင့် အရေးအကြီးဆုံးဖြစ်သော ငွေကြေးများလည်း လိုအပ်နေသေးသည်။ ထို့ကြောင့် ဒုတိယ ပြကွင်း၏ အသေးစိတ် ပြင်ဆင်မှုများမှာ အိမ်ပြန်ချိန် လောက် မကောင်းမွန်ပေ။ ထိုအကြောင်းကြောင့် နာမည်ကြီးမှုမှာလည်း ထိုလောက် မရှိပေ။
"နည်းလမ်း ရှာရမယ်"
ရွှီရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ စကားသံ ဆုံးသွားသည့် အခိုက်အတန့်တွင် နောက်တစ်စက္ကန့်၌ ရွှီရှန်း၏ နားထဲတွင် စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာသည်။
[ဒင်... စစ်ဆေးမှုအရ တာဝန်တစ်ခု ပေါ်လာပါပြီ... စနစ်ပိုင်ရှင်အနေဖြင့် လက်ခံရန် ဆန္ဒရှိမရှိ မေးမြန်းအပ်ပါသည်]
'ဒီအသံက... ငြိမ်နေတာ ကြာပြီဖြစ်တဲ့ စနစ်ရဲ့အသံပဲ ဖြစ်ရမယ်'
ရွှီရှန်း၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး စိတ်ထဲမှ ချက်ချင်း စနစ်ကို ခေါ်ထုတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အပြာနုရောင် အလင်းတန်းတစ်ခုက သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။
[မှတ်ချက်... ဤတာဝန်မှာ အလွန် အန္တရာယ်များပါသည်... စနစ်ပိုင်ရှင်အနေဖြင့် လက်ခံချိန်တွင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့ရနိုင်ပါသဖြင့် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားရန် တောင်းဆိုအပ်ပါသည်]
'အန္တရာယ်များပြန်ပြီဆိုတဲ့ သဘောပဲ'
ရွှီရှန်းက အောက်ဘက်သို့ တိတ်တဆိတ် ဆက်ဖတ်လိုက်သည်။ တာဝန်ကတော့ အောက်ပါအတိုင်း ဖြစ်သည်။
[တာဝန်... စားဖိုမှူး]