အခန်း ၁၉
Vol. 2 Ch. 19
အခန်း ၁၉ တာဝန်... စားဖိုမှူး
[ဒင်... စစ်ဆေးမှုအရ တာဝန်တစ်ခု ပေါ်လာပါပြီ]
[စနစ်ပိုင်ရှင်အနေဖြင့် တာဝန်တစ်ခုကို စတင်လိုက်သည့်အတွက် ဂုဏ်ပြုပါတယ်... ဆုကြေးမှာ ပြီးမြောက်မှု အတိုင်းအတာအပေါ် မူတည်ပါမည်]
[တာဝန်... စားဖိုမှူး]
[အစ်မ... ရှင်းတုန်းဖန်းက စားဖိုမှူးနဲ့ တွေ့ရင် ယူလိုက်တော့နော်]
[ဆုကြေး ၁... တာဝန် ပြီးမြောက်မှု အတိုင်းအတာအပေါ် မူတည်ပြီး အကဲဖြတ်ပါမည်]
[ဆုကြေး ၂... တာဝန်နှင့် သက်ဆိုင်သော သီးသန့် ပြကွင်းတစ်ခုကို ဖွင့်ပေးပါမည်]
မှတ်ချက်။ ဤတာဝန်ကို လက်ခံဆောင်ရွက်စဉ်အတွင်း စနစ်ပိုင်ရှင်သည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားရနိုင်ပြီး ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရနိုင်သည့် အန္တရာယ်လည်း ရှိပါသည်။
'တာဝန်...'
'ရောက်လာပြီ'
"ဒုတိယမြောက် တာဝန်လား"
ရွှီရှန်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အောက်ဘက်ရှိ မှတ်ချက်ကို အလျင်စလို ဖတ်ကြည့်လိုက်သည်။
"စိတ်ဝင်စားစရာပဲ"
"လူခေါင်းပါတဲ့ ခွေး တာဝန်တုန်းက အနည်းငယ် အန္တရာယ်ရှိနိုင်တယ်လို့ပဲ သတိပေးခဲ့တာ..."
"ဒီတာဝန်ကတော့ ပြင်းထန်တဲ့ အန္တရာယ်တဲ့လား"
လူခေါင်းပါသော ခွေး တာဝန်ကို လက်ခံစဉ်က အဘယ်ကြောင့် အန္တရာယ် ရှိခဲ့သနည်း။ အလွန် ရိုးရှင်းပါသည်။ အကယ်၍ လူသတ်သမား ကျန်းတ သာ မှုခင်းဖြစ်ပွားရာ နေရာတွင် ရှိနေပြီး ရွှီရှန်းနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့မည် ဆိုပါက ရွှီရှန်း ဘာလုပ်မည်နည်း။
ပြေးရမှာပေါ့။
သူတို့က အသက်အသေခံမည့် လူမိုက်များ ဖြစ်သည်။ သူတို့နှင့် အသက်လုရန် ခေါင်းဘယ်နှလုံး ရှိသနည်း။
ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ဆောက်လုပ်ရေး အလုပ်သမားပင်လျှင် တစ်ဖက်လူ၏ အသက်အသေခံ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလား။ ရွှီရှန်းသာ ထိုအမည်းရောင် ဓားကို အနည်းငယ် ရှပ်မိရုံဖြင့် နာရီဝက်ခန့် ပိုးသတ်ဆေး ထည့်ရမည်မှာ သေချာပေသည်။
ဒါဆို ဒီတာဝန်ကကော။
"ဒါပေမဲ့ ဆုကြေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့..."
ရွှီရှန်းက အောက်ဘက်ရှိ ဆုကြေးများကို ကြည့်လိုက်သည်။
'ဆုကြေး ၂... တာဝန်နှင့် သက်ဆိုင်သော သီးသန့် ပြကွင်းတစ်ခုကို ဖွင့်ပေးပါမည်'
"သီးသန့် ပြကွင်းလား"
ရွှီရှန်း မျက်ခုံးပင့်သွားသည်။ အိမ်ပြန်ချိန် ပြကွင်းမှာ သူကိုယ်တိုင် ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပြီး လီရှူမောင်နှမနှင့် မီမီတို့ကိုသာ ထည့်သွင်းထားရုံဖြင့် ဤမျှအထိ ကြောက်စရာကောင်းနေခဲ့ပြီ ဖြစ်သည်။ သီးသန့် ပြကွင်းဆိုလျှင်ကော ဘယ်လိုနေမလဲ။
ထို့အပြင် ယခုလက်ရှိ သူ ဝင်ငွေရနေသည်မှာ အိမ်ပြန်ချိန် ပြကွင်း တစ်ခုတည်းသာ ဖြစ်ပြီး ဒုတိယ ပြကွင်းကို အလွန် လိုအပ်နေသည်။
"လူသတ်သမားက အသက်ကို ပဓာနမထားဘူး... တိုက်ဆိုင်လိုက်တာ... ငါ့အသက်ကလည်း ကောက်ရထားတာပဲ"
ရွှီရှန်းက ပြုံးလိုက်ပြီး တာဝန်ကို ချက်ချင်း လက်ခံလိုက်သည်။ သူကသာ အသက်အသေမခံရဲသူ ကျနေတာပဲ။ ယခင်ဘဝက သူသည် ရွှံ့တင်ကားနှင့်ပင် ရင်ဆိုင်ဖူးသော လူသားတစ်ယောက် ဖြစ်သည်။ ရွှံ့တင်ကားကိုပင် သူ တိုက်ခိုက်ဖူးခဲ့ရာ အသက်အသေခံမည့် လူမိုက် အနည်းငယ်လောက်ကိုများ...
သူ ပြေးချင်ရင် တစ်ဖက်လူ လိုက်မီမယ်ဆိုတာကို သူ တကယ် မယုံကြည်ဘူးလေ။
[တာဝန်... စားဖိုမှူး]
[အစ်မ... ရှင်းတုန်းဖန်းက စားဖိုမှူးနဲ့ တွေ့ရင် ယူလိုက်တော့နော်]
[ကျန်ဆန်းမြို့... မြစ်ကမ်းဘေးရှိ ချွန်းဟွာလမ်း... ဤလမ်းသည် လူအသွားအလာ များပြားပြီး နေ့ဘက်တွင် လူစည်ကားလှသည်... ဘူတာရုံ အပါအဝင် သယ်ယူပို့ဆောင်ရေး အချက်အချာကျသော နေရာများနှင့် နီးကပ်ပြီး ကျန်ဆန်းမြို့၏ အရေးကြီးသော စီးပွားရေးဇုန် တစ်ခုဖြစ်ကာ အလွန် စည်ကားလှသည်... သို့သော် ထိုစည်ကားမှု၏ နောက်ကွယ်တွင် တစ်နိုင်ငံလုံးကို တုန်လှုပ်စေလောက်သည့် အဖြစ်အပျက်တစ်ခု ပုန်းကွယ်နေနိုင်သည်]
[ချွန်းဟွာလမ်းသို့ သွားရောက်ကာ လမ်းမပေါ်တွင် ပုန်းကွယ်နေသော လျှို့ဝှက်ချက်များကို ရှာဖွေပါ]
"ချွန်းဟွာလမ်း..."
ရွှီရှန်း၏ ခေါင်းထဲတွင် ထိုနေရာကို အလျင်အမြန် စဉ်းစားကြည့်လိုက်သည်။
"ချွန်းဟွာလမ်းက လေဆိပ်... ကားဂိတ်... ဘူတာရုံတို့နဲ့ နီးတယ်... အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေး နေရာတွေကို ဆက်သွယ်ထားတဲ့ လမ်းပဲ"
"ဒီနေရာမှာ အမှုတစ်ခု ပုန်းကွယ်နေတာလား"
ဤကဲ့သို့ အရေးကြီးသော နေရာများတွင် စစ်ဆေးမှုနှင့် ကြီးကြပ်မှုများက အလွန် တင်းကျပ်လေ့ရှိပြီး ကင်းလှည့်ရဲများ အပါအဝင် လုံခြုံရေး ဝန်ထမ်းများ နေရာအနှံ့ ရှိနေတတ်သည်။ လေဝင်လေထွက်ပင် မရလောက်အောင် လုံခြုံရေး တင်းကျပ်လွန်းသော နေရာမျိုး ဖြစ်သည်။
သို့သော် ဤကဲ့သို့ နေရာမျိုးတွင် ရဲတွေရဲ့ မျက်စိအောက်မှာတင် ကြီးမားတဲ့ အမှုကြီးတစ်ခု ပုန်းကွယ်နေတယ်ပေါ့။
ဒါက ဘယ်လို အမှုမျိုးလဲ။ လူခေါင်းပါသော ခွေး အမှုထက်တောင် အဆင့်ပိုမြင့်နေသေးတာလား။
ထို့အပြင် လူခေါင်းပါသော ခွေး အမှုကို ကြုံတွေ့ပြီးနောက် ရွှီရှန်းသည် တာဝန် ဆိုသော စကားလုံး နှစ်လုံး၏ လှည့်စားမှုကို မခံရတော့ပေ။ ၎င်းမှာ သေချာပေါက် လူသတ်မှု ဖြစ်သည်ဟု ရင်ထဲမှ ယုံကြည်နေသည်။
"ကြည့်ရတာ... ပြဿနာ တက်တော့မယ် ထင်တယ်"
ရွှီရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
မမြင်ရသော နေရာတွင် ဖြစ်ပွားသည့် အမှုနှင့် ရဲများ၏ မျက်စိအောက်တွင် ဖြစ်ပွားပြီး ပုန်းကွယ်နေနိုင်သော အမှုတို့မှာ မတူညီသော သဘောတရား နှစ်ခု ဖြစ်သည်။ ထို့အပြင် စနစ်က ဤအမှုကို ကြီးမားသော အမှုကြီးတစ်ခုအဖြစ် သတ်မှတ်ထားပုံရသည်။
သို့သော် လှိုင်းကြီးလေ ငါးဈေးကောင်းလေပဲလေ။
ရွှီရှန်းက မတွေဝေဘဲ ပစ္စည်းများကို ချက်ချင်း စတင် သိမ်းဆည်းလိုက်သည်။
"လေကာအင်္ကျီ တစ်ထည်... သံပေတံ တစ်ချောင်း... အားပြင်းလက်နှိပ်ဓာတ်မီး တစ်လက်... သံကြိုးအင်္ကျီ တစ်ထည်..."
ပေတံမှာ လူသတ်လက်နက် မဟုတ်ဘဲ ကျောင်းသုံးပစ္စည်း ဖြစ်ပြီး သံကြိုးအင်္ကျီမှာမူ သရဲအိမ်မှ အထောက်အကူပြု ပစ္စည်း ဖြစ်သည်။ ထိုပစ္စည်း နှစ်ခုမှာ ဂိုဒေါင်ထဲတွင် သိမ်းထားသည်မှာ ကြာပြီဖြစ်ပြီး ယခု ထုတ်သုံးရန် အချိန်ကိုက်ပင် ဖြစ်သည်။
"လီရှူ... နင့်မမယွဲ့လျန် ပြန်လာရင် ငါ ပစ္စည်းဝယ်ဖို့ အပြင်ထွက်သွားတယ်လို့ ပြောလိုက်ဦးနော်"
ရွှီရှန်းက နောက်ဘက် အခန်းသို့ သွားကာ ထမင်းစားနေသော လီရှူမောင်နှမကို ပြောလိုက်သည်။ လီရှူက ပန်းကန်ကို ကိုင်ထားရင်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်သားပဲ... လီရှူ မေ့သွားရင် မီမီ နင်က မမယွဲ့လျန်ကို သတိပေးလိုက်ဦးနော်"
သူက ဘေးနားရှိ ခွေးစာခွက်ထဲမှ ခွေးစာများကို စားနေသော ခွေးလေးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ခွေးလေးမှာ ကြောင်အမ်းသွားပြီး စားနေသော ခေါင်းကို မော့လာသည်။ ပါးစပ်တွင် ခွေးစာများ ပေကျံနေပြီး ရွှီရှန်းကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
'ငါလား'
'ခင်ဗျား သေချာလို့လား'
ရွှီရှန်း၏ မျက်လုံးများက အလွန် လေးနက်နေပြီး တစ်ဖက်လူကို သေချာကြောင်း အကြည့်ဖြင့် အတည်ပြုပေးလိုက်သည်။ သူက ခွေးလေးကို အပြည့်အဝ ယုံကြည်နေပုံရသည်။ ထိုအကြည့်ကြောင့် ခွေးလေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့သွားပြီး တွေဝေသွားကာ သံသယပင် ဝင်လာတော့သည်။
'ငါ တကယ်ပဲ အဲဒီ နူးညံ့သိမ်မွေ့တဲ့ မိန်းမကို ပြောပြနိုင်လို့လား'
'ဒါပေမဲ့ ဒီစွမ်းရည်ကို ငါ ကိုယ်တိုင်တောင် မသိခဲ့ဘူးလေ'
"လိမ္မာတယ်... နင့်ရဲ့ လစာကို စားထား... ငါပြန်လာရင် အစားအသောက်ကောင်းကောင်း ထပ်ကျွေးမယ်"
ရွှီရှန်းက ခွေးလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် ကျောပိုးအိတ်ကို လွယ်ကာ အပြင်သို့ ထွက်သွားတော့သည်။
ချွန်းဟွာလမ်းမှာ ယခု သူတို့ရှိနေသော နေရာနှင့် အနည်းငယ် ဝေးသည်။ ရွှီရှန်းအနေဖြင့် အငှားယာဉ် ဌား၍ သွားရမည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အနီးအနားတွင် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုများ ရှိသောကြောင့် အခြားအရာများ မများသော်လည်း အသွားအလာ လုပ်ပေးသော အငှားယာဉ်များ အတော်များများ ရှိသည်။
"ချွန်းဟွာလမ်းကို သွားမယ်"
ကားတစ်စီးကို တားပြီးနောက် ရွှီရှန်းက ယာဉ်မောင်းကို ပြောလိုက်ပြီး ခွန်အားများ စုဆောင်းရန် အနားယူလိုက်သည်။
ကျန်ဆန်းမြို့မှာ ယခုအချိန်တွင် ခေတ်နောက်ကျနေသေးသော်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အလားအလာကိုမူ လျစ်လျူရှု၍ မရပေ။ ဒေသကို ကြည့်မည်ဆိုပါက ကမ်းရိုးတန်းဒေသ တစ်ခုတည်းကပင် ခရီးသွားလုပ်ငန်းနှင့် ဆိပ်ကမ်းဟူသော ဝင်ငွေလမ်းကြောင်း နှစ်ခုကို ဖန်တီးပေးနိုင်သည်။ ထို့အပြင် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုများနှင့် သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ရှုခင်းသာ နေရာများစွာလည်း ရှိသေးသည်။ ထိုအရာများ အားလုံးက ဖွံ့ဖြိုးဆဲ အဆင့်တွင်သာ ရှိသေးပြီး အကယ်၍ ဖွံ့ဖြိုးတိုးတက်လာပါက အံ့သြဖွယ် အမြန်နှုန်းဖြင့် တတိယတန်းစား မြို့အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ဒုတိယတန်းစား မြို့အဖြစ်ပင် ယှဉ်ပြိုင်လာနိုင်ပေသည်။
သေချာသည်မှာ ထိုအရာများ အားလုံးမှာ နောင်မှ ဖြစ်လာမည့် ကိစ္စများသာ ဖြစ်ပြီး ယခုလက်ရှိ ကျန်ဆန်းမြို့အတွက်မူ... ချမ်းသာချင်ရင် အရင်ဆုံး လမ်းဖောက်ရမည်။
လမ်းဖောက်ခြင်း ဆိုရာတွင် သာမန် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများကို ဆိုလိုခြင်း မဟုတ်ဘဲ အမြန်ရထားလမ်း လေကြောင်းလိုင်း စသည်တို့ကို ဆိုလိုခြင်း ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှသာ နောက်ပိုင်း အစီအစဉ်များကို အကောင်အထည်ဖော်ရန် လွယ်ကူမည် ဖြစ်သည်။
ထို့ကြောင့်...
"ကျွတ်... ညကြီးမိုးချုပ်တောင် လူတွေ အရမ်းများနေတာပဲ"
ပတ်ဝန်းကျင်ရှိ အဆက်မပြတ် သွားလာနေသော ကားများကို ကြည့်ရင်း ရွှီရှန်းက မချီးကျူးဘဲ မနေနိုင်တော့ပေ။ အရေးကြီးသော နေရာများစွာကို ဆက်သွယ်ထားသည့် အဓိက လမ်းမကြီး တစ်ခုအနေဖြင့် ဤနေရာ၏ စီမံခန့်ခွဲမှုမှာ သေချာပေါက် ကောင်းမွန်ပေသည်။ မီးပွိုင့်တိုင်းတွင် ယာဉ်ထိန်းရဲများ အမြဲရှိသည်။ လမ်းပေါ်တွင် နေရာအနှံ့ ကင်းလှည့်နေသော ရဲများလည်း ရှိသည်။ စီးပွားရေး ဆိုင်ခန်းများစွာကိုလည်း အမြန်ရထား ဘူတာရုံနှင့် လေဆိပ်များ ဝန်းကျင်တွင် ဖွင့်လှစ်ထားကြသည်။
ဒေသခံများ သိပ်မရှိဘဲ အားလုံးနီးပါးက နယ်ဝေးမှ လာသူများ ဖြစ်ကြသည်။ နိုင်ငံခြားသား အချို့ပင် ရှိသေးသည်။
'ငါ့ရဲ့ သရဲအိမ်က ဘယ်တော့မှများ နိုင်ငံခြားသားတွေကို ဧည့်ခံနိုင်ပါ့မလဲ မသိဘူး'
ရွှီရှန်းက တာဝန်နေရာကို ရှာဖွေရင်း စဉ်းစားနေလိုက်သည်။
'အနောက်နိုင်ငံသားတွေက ကြောက်ရွံ့မှုဆိုတဲ့အပေါ် နားလည်ထားတာ မတူဘူးလို့ ကြားဖူးတယ်... သူတို့က တော်တော်လေး ခံနိုင်ရည် ရှိကြတယ်တဲ့... အရှေ့တိုင်းဆန်တဲ့ ကြောက်မက်ဖွယ်ရာတွေကို ကြုံတွေ့ရရင် သာမန်လူတွေထက် ပိုခံနိုင်ရည် ရှိမလား မသိဘူး'
'ဟုတ်သားပဲ... အဲဒီအခါကျရင် အတွင်းခံတွေကိုလည်း သေချာ ကြော်ငြာရဦးမယ်'
ထိုရှုပ်ထွေးနေသော အတွေးများကို ရွှီရှန်းက ရုပ်သိမ်းလိုက်သည်။ သူက ရှေ့ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် ကောင်းကင်က မှောင်နေပြီဖြစ်ပြီး လမ်းမပေါ်ရှိ လမ်းမီးတိုင်များက အဓိက လမ်းမကြီးကိုသာ လင်းထိန်စေနိုင်သော်လည်း ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မမြင်ရပေ။ မီးရောင်အောက်တွင် ခြင် ယင် အကောင်ငယ်လေးများ ပျံသန်းနေသည်ကို ဝေဝါးဝါး မြင်နေရသည်။
ရွှီရှန်းက ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး နားကိုလည်း စွင့်ထားလိုက်သည်။ ဘေးနားတွင် မြစ်ကူးတံတား ရှိပြီး လှိုင်းလုံးများ ရိုက်ခတ်သံကို ကြားနေရသည်။
"မဟုတ်သေးဘူး... ချွန်းဟွာလမ်းက မရှည်ပါဘူး... ငါ ထိပ်ကနေ အဆုံးထိ တစ်ခေါက် အပြည့် လျှောက်ကြည့်ပြီးပြီ"
ပတ်ဝန်းကျင်ရှိ ညအမှောင်ထုကို ကြည့်ရင်း သူ၏ မျက်မှောင်ကြုတ်သွားသည်။
"တာဝန်ဆိုတာကို ထားလိုက်ဦး... ယာဉ်တိုက်မှုလေး တစ်ခုတောင် မမြင်ရဘူး"
"ဒီလို လုံခြုံရေး အရမ်းတင်းကျပ်တဲ့ နေရာမှာ တကယ်ကြီး အမှုအခင်းတွေ ဖြစ်နိုင်ပါ့မလား"
ရွှီရှန်းက လမ်းလျှောက်ရင်း စဉ်းစားနေကာ စနစ်ပေးထားသော သဲလွန်စများကို ခေါင်းထဲတွင် အဆက်မပြတ် ပြန်လည် စဉ်းစားနေလိုက်သည်။
သို့သော် သူ အဆုံးထိ မစဉ်းစားနိုင်ခင်မှာပင် နောက်တစ်စက္ကန့်၌ ရွှီရှန်း တစ်ကိုယ်လုံး ကမ္ဘာမြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ဟန်ချက်များ ပြင်းထန်စွာ ပျက်ယွင်းသွားတော့သည်။
"ဘုန်း"
တုံးတိတိ အသံကြီးတစ်ခု ထွက်ပေါ်လာသည်။