← Chapters

မျိုးဖြုတ်ချိပ်ပိတ်ခြင်းကလန်

Vol. 92 Ch. 1264

မျိုးဖြုတ်ချိပ်ပိတ်ခြင်းကလန်

Vol. 92 Ch. 1264

ဝမ်လင်းသည် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်တစ်ယောက်နှင့် ယှဉ်တိုက်ခိုက်ရန် ယုံကြည်ချက် မရှိခဲ့ပေ။ ပုံမှန်နေ့တစ်နေ့သာ ဖြစ်ခဲ့ပါက သူသည် နောက်ဆုတ်ဖို့ ရွေးချယ်ပေမည်။ သို့သော် ဟင်္သာငှက်တတိယကြိမ်မြောက်နိုးထပြီးနောက် သူ့ထံတွင် အခွင့်အရေးတစ်ခု ရှိလာပေပြီ။ ထို့အပြင် သူသည် ပြန့်ကြဲမိုးကြိုးကလန်ဝင်ထံမှ မိုးကြိုးကို စုပ်ယူပြီးနောက် သူ့မိုးကြိုးစွမ်းအားသည်လည်း ခုန်ပေါက်၍ တိုးတက်လာခဲ့သည်။

ပို၍အရေးကြီးသည်က သူသည် ကျန်းရှင်းရီ၏ တိုက်ပွဲနယ်ပယ်ကိုလည်း စုပ်ယူခဲ့သေးသည်။ သူက ၎င်းကို မပေါင်းစပ်ရသေးသော်လည်း အနည်းငယ်တော့ နားလည်ထားပေသည်။ ထိုအဖြစ်ကပင် သူ့ကို နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူနှင့် တိုက်ခိုက်ရန် ဆုံးဖြတ်စေခဲ့သည်။

ကျန်းရှင်းရီ၏စကားများက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်၏။

“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ဖို့ ဘယ်တော့မှ နောက်မတွန့်ဘူး…” ဝမ်လင်းသည် လေထဲတွင် မြောလွင့်လျက် သူ့ဘယ်မျက်လုံးထံမှ အပြာရောင်မီးတောက်များ ထိုးထွက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ရောက်သည်။

“ငါဟာ ငါ့သေခြင်းရှင်ခြင်းနယ်ပယ်ကို လက်လွှတ်ခဲ့တယ်။ အဲ့အခိုက်မှာ မီးတောက်တွေဟာ ငါ့စိတ်နဲ့ငါ့တာအိုကို နေရာယူသွားလိမ့်မယ်။ အဲ့အချိန်ဆိုရင် ငါဟာ မီးတောက်ပဲ။ ငါဟာ တတိယကြိမ်မြောက်နိုးထလာတဲ့ ဟင်္သာငှက်ပဲ…”

အပြာရောင်မီးတောက်များသည် ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားသို့ အရူးအမူး စုဝေး၏။ အပြာရောင်မီးတောက်အမှတ်အသားက ရုတ်တရက် ပေါ်လာ၏။ ထိုအမှတ်အသား ပေါ်လာသည်နှင့် ဝမ်လင်းသည် ကျင့်ကြံသူတစ်ယောက် ဆက်မဟုတ်တော့ပေ။ သူက မီးကောင်းကင်ဘုံသား၊ မီးအားလုံး၏အုပ်ချုပ်သူ ဖြစ်လာခဲ့တော့သည်။

ခုလက်ရှိတွင် သူက စာကလေးမီးကလန်ဝင်နှင့်ပင် အလားသဏ္ဍာန်တူနေ၏။ ကွာခြားချက်ဟူ၍ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားသည် အပြာရောင်ဖြစ်ပြီး စာကလေးမီးကလန်ဝင်၏ အမှတ်အသားကတော့ အနီရောင်ပင်။

အပြာရောင်မီးသည် သူ့မျက်ခုံးနှစ်ခုကြားတွင် လောင်ကျွမ်း၏။ ဝမ်လင်းက ဟိန်းအော်သံ ပြု၏။ အပြာရောင်ဟင်္သာငှက်ကလည်း ပျော်ရွှင်စွာဖြင့် ဟိန်းသံ ပြုသည်။ အပြာရောင်ဟင်္သာငှက်က ကောင်းကင်ထက်သို့ ပျံတက်ကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားထဲ တိုးဝင်သည်။

ဟင်္သာငှက်သည် ဝမ်လင်း၏မူလစိတ်ဝိညာဉ် ဖြစ်လာသကဲ့သို့ပင်။ သည်အခိုက်တွင် သူ့မူလစိတ်ဝိညာဉ်ဟာ သည်ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ရှိလာခဲ့သည်။

ထို့နောက် ဝမ်လင်းဘေးပတ်လည်တွင် ချပ်ဝတ်အသစ်တစ်ခု ပေါ်လာ၏။ ၎င်းမှာ အပြာရောင်ဟင်္သာငှက်ပုံစံချပ်ဝတ် ဖြစ်သည်။ သည်အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားချိန် ဝမ်လင်းသည် မြင့်မြတ်သောဟင်္သာငှက်ကဲ့သို့ ဖြစ်နေသည်။

“လောကရဲ့ မီးတွေ စုစည်းဖို့ ငါ အမိန့်ပေးတယ်…” ဝမ်လင်းသည် မာန်သွင်းဟစ်၏။ ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးတွင် ပြည့်နှက်သည့် အပြာရောင်မီးတောက်အားလုံးက သူတို့၏ အရှင်ကို ကြိုဆိုသည့်အလား စတင် စုဝေးသည်။

ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် အရပ်မျက်နှာအနှံ့မှ အပြာရောင်မီးတောက်များသည် ဝမ်လင်းထံတွင် စတင် စုဝေးကြသည်။

ထိုမြင်ကွင်းက ဆံဖြူအဘိုးအိုကို လေအေးတစ်ချက် ရှိုက်သွင်းမိစေသည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ဖိဆန်သူများ၏မန္တာန်အားလုံးကို ပစ်လွှတ်သည်။ မရေမတွက်နိုင်သောမန္တာန်များသည် ကောင်းကင်ကို ဖုံးလွှမ်းလျက် ဝမ်လင်းထံ တဟုန်ထိုး ဝင်လာသည်။

သို့ရာတွင် ထိုမန္တာန်များ ရောက်ရှိလာချိန်၌ မီးတောက်ပင်လယ်စုစည်းမှုကလည်း အပြီးသပ်သွားခဲ့ပြီ။ ဝမ်လင်းက မီးဝဲကတော့တစ်ခုအလား၊ မန္တာန်များက မီးများနှင့် ထိပ်တိုက်တွေ့ကာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။

မန္တာန်များ ဆက်တိုက် ပျက်စီးနေရင်း မီးအားလုံးသည် ဝမ်လင်း၏ စုပ်ယူခြင်းခံရကာ သူ့မျက်ခုံးကြားထံ တရကြမ်း ဝင်ရောက်သည်။ ဤအခိုက်အတန့်၌ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားထံမှ ပေးစွမ်းသောအလင်းသည် နတ်ဆိုးဆန်လာသည်။

“ကောင်းကင်နဲ့မြေကြီးရဲ့မီးအားလုံး…ငါ့အမိန့်ကို နာခံပြီး အရာအားလုံးကို မီးလောင်တိုက်သွင်း ပလိုက်…” ဝမ်လင်းအသံက တည်ငြိမ်သည်။ သို့သော် ထိုတည်ငြိမ်မှုထဲ၌ အပူဓာတ်ပါဝင်၍ စိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်းနိုင်၏။ သူ ထိုသို့ ပြောလိုက်ချိန်တွင် သူ့မျက်ခုံးနှစ်ခုကြားရှိ အပြာရောင်အလင်းသည် တဖျပ်ဖျပ်လင်း၍ မီးများ တဟုန်ထိုး ထွက်လာသည်။

ဝမ်လင်းကို ဗဟိုပြု၍ အပြာရောင်မီးပင်လယ်တစ်ခု ပြန့်နှံ့လာ၏။ ထိုမီးရှေ့မှောက်၌ ဖိဆန်သူများ၏မန္တာန်များ ပျက်စီးရသည်။ ဆံဖြူအဘိုးအို၏အမူအရာသည်ပင် အကြီးအကျယ် ပြောင်းလဲသွားကာ သူ နောက်ဆုတ်သည်။ သူ့လက်နှစ်ဖက်ဖြင့် ခုခံရန် ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ သို့ရာတွင် သူ့ပတ်လည်ရှိ သားရဲအရိုးကိုးခုထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် မီးစွမ်းအားကို မခုခံနိုင်တော့ဘဲ ပျက်စီးသွားသည်။

သားရဲအရိုးများ ပျက်စီးသွားခိုက်၌ အပြာရောင်မီးသည် ဆံဖြူအဘိုးအိုကို ဝါးမြိုပစ်တော့မည့်အလား တိုးဝင်လာသည်။ အဘိုးအိုသည် ကြမ်းကြုတ်ဟန်အကြည့်ကို ထုတ်ဖော်၍ သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားထံ ပင့်မြှောက်၏။ ရုတ်တရက် သူ့မျက်ခုံးနှစ်ခုကြားက အနည်းငယ် ပွင့်ဟသွားသည်။

ထိုအဟကနေ တတိယမျက်လုံးကဲ့သို့ အနက်ရောင်အလင်းကို ပေးစွမ်း၏။

“မျိုးဖြုတ်ချိတ်ပိတ်ခြင်းကလန်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ ဒီမီးအမှတ်အသားကို ချိပ်ပိတ်ဖို့ ကလန်ရဲ့ ဘိုးဘေးမန္တာန်ကို ငါ ဆင့်ခေါ်တယ်…” မီးတောက်များ နီးကပ်လာချိန်တွင် အဘိုးအိုသည် သူ့နောက်ခံပုံရိပ်ကို ထုတ်ဖော်လာတော့သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ အနက်ရောင်အလင်းသည် တဖျပ်ဖျပ် လင်း၏။ ထိုအလင်းက အနှီအဘိုးအို၏ အသက်ဓာတ်ကို စုပ်ယူ၍ ရှုပ်ထွေးသောစာလုံးတစ်လုံးကို ဖြစ်စေသည်။ ထိုအဘိုးအိုသည် ပို၍ အိုစာသွားသည်။

အနက်ရောင်စာလုံးက အံ့မခန်းနှုန်းဖြင့် ဝမ်လင်းထံ ရွှေ့လျား၏။ ၎င်းသည် အပြာရောင်မီးတောက်များကိုပါ ထွင်းဖောက်၍ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သည်။

ဤအခိုက်တွင် ဝမ်လင်းက နောက်သို့ ခြေလှမ်းဒါဇင်ချီ ဆုတ်လိုက်ရ၏။ အပြာရောင်မီးအမှတ်အသားက တလက်လက် လင်းထင်းကာ သည်အနက်ရောင်စာလုံးကို ချိုးဖျက်ဖို့ ကြိုးစားသည်။ စာလုံးသည်လည်း အရူးအမူး လင်းလက်ကာ ခုခံ၏။ သည်အခိုက်တွင် ၎င်းတို့သည် သရေ ဖြစ်သည်။

ရှေးဟောင်းအချိန်တွေတုန်းက ကောင်းကင်ဘုံကို ချိပ်ပိတ်နိုင်သည့် စွမ်းအားပိုင်ဆိုင်ခဲ့သော ကလန်တစ်ခုရှိခဲ့၏။ ထိုသူတို့သည် အလွန်သန်မာလှပြီး ရှေးဟောင်းအချိန်တုန်းက အစွမ်းထက်ဆုံးကလန်များထဲမှ တစ်ခု ဖြစ်ခဲ့သည်။ သို့ရာတွင် သည်ကလန်ဝင် ဦးရေမှာ နည်းပါးလွန်းသည်။ ယနေ့ခေတ်တွင် သူတို့သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေပေပြီ။

သို့ရာတွင် ပြောကြသည်က ထိုကလန်ဝင်တိုင်းသည် သက်ရှိအားလုံးကို ချိပ်ပိတ်ပစ်နိုင်သည့်အစွမ်း ပိုင်ဆိုင်ကြသည်ဟူ၍ပင်။

သည်အဘိုးအိုက မျိုးဖြုတ်ချိပ်ပိတ်ခြင်းကလန်၏ အစစ်အမှန်မျိုးဆက် မဟုတ်ပေ။ သူက သူတို့၏သွေးမျိုးဆက်အချို့ကို အထူးနည်းလမ်းအသုံးပြု၍ ရရှိထားခဲ့သူသာ ဖြစ်သည်။ သူသည် သူတို့၏မန္တာန်များကို အသုံးပြုနိုင်၏။ သို့သော် ထိုသို့အသုံးပြုတိုင်းလည်း သူ့အသက်ဓာတ်များစွာကို တန်ကြေးအဖြစ် ပေးရသည်။

“မင်းဟာ ကျင့်ကြံသူတစ်ယောက်သာ ဆိုရင် ပြဿနာမဟုတ်သေးဘူး။ ဒါပေမဲ့ မင်းဟာ ငါတို့ ကြီးမြတ်တဲ့ရှေးဟောင်းကလန်ကို တုပဖို့ ကြိုးစားခဲ့တယ်။ ဒီအဘိုးအိုက မင်းရဲ့ မီးအမှတ်အသားကို ချိပ်ပိတ်ပစ်တဲ့နောက် မင်း ဘာဆက်လုပ်မလဲ ကြည့်မယ်…”

အဘိုးအိုသည် ဝမ်လင်း၏မီးကို အလွန်ကြောက်နေ၏။ မဟုတ်ပါက သူသည် ချိပ်ပိတ်ခြင်းမန္တာန်ကို အသုံးပြုဖို့အတွက် သူ့အသက်ဓာတ်ကို စတေးလိမ့်မည် မဟုတ်ပေ။ သူသည် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာ၏။

ဝမ်လင်း၏မီးအမှတ်အသားကိုသာ သူ ချိပ်ပိတ်ပြီးပါက သူ့တိုက်ချက်တစ်ခုကိုပင် ဝမ်လင်းမခံနိုင်ဟု သူ သေချာနေသည်။ သို့သော်လည်း သူသည် ထိုကဲ့သို့ ထာဝရ မချိပ်ပိတ်ထားနိုင်ပေ။ ဝမ်လင်း၏မီးအမှတ်အသားက အားကောင်းလွန်းလှသည့်အတွက်ကြောင့် ဖြစ်၏။

သို့သော်လည်း သူသည် တစ်ခဏတာ ချိပ်ပိတ်နိုင်ဖို့တော့ ယုံကြည်မှု ရှိ၏။

ဝမ်လင်းသည် နောက်ဆုတ်သည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ မီးအမှတ်အသားသည် ချိပ်ပိတ်မှုကို ချက်ခြင်း မချိုးဖျက်နိုင်ချေ။

မီးအမှတ်အသားချိပ်ပိတ်ခံရသည်နှင့် အပြာရောင်မီးသည် ရုတ်တရက် သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

“ငါ့မန္တာန်ဟာ မီးတစ်မျိုးပဲ မဟုတ်ဘူး။ သင်က ဒါကို တစ်ခဏတာ ချိပ်ပိတ်နိုင်တော့ရော ဘာဖြစ်သေးလဲ…”

ဝမ်လင်း၏ညာမျက်လုံးထဲတွင် လျှပ်စီးလင်းလက်၏။ စောနက အပြာရောင်မီးပျောက်ကွယ်သွားမှုကြောင့် ပြန်တည်ငြိမ်သွားသည့် ခုနစ်ရောင်စုံနယ်မြေသည် ရုတ်တရက် မိုးကြိုးဟိန်းသံများဖြင့် တုန်ဟည်းလာ၏။ အဆုံးမဲ့လျှပ်စီးနှင့်မိုးကြိုးတို့သည် ရုတ်ချည်း ပေါ်လာလေပြီ။

တစ်ချိန်တည်းမှာ ဝမ်လင်း၏ညာမျက်လုံးထဲရှိ လျှပ်စီးအမှတ်အသားက ရွှေ့လျား၍ သူ့မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာ၏။ ထိုလျှပ်စီးအမှတ်အသားထံကနေ ကောင်းကင်တုန်လှုပ်စေနိုင်သည့် မိုးကြိုးခွန်အားကို ပေးစွမ်းနေ၏။

“သင် ငါ့ရဲ့ လျှပ်စီးအမှတ်အသားကို ချိပ်ပိတ်တာကို ငါ စောင့်နေမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ မိုးကြိုးတွေ ငါ့ အမိန့်ကို နာခံကြ…” ဝမ်လင်းသည် သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်သည်။ မိုးကြိုးဟိန်းသံများ ပဲ့တင်ထပ်သည်။ ခုနစ်ရောင်စုံနယ်မြေတွင် မိုးကြိုးများစွာ ပေါ်လာ၍ ဝမ်လင်းရှိ စုဝေးကြ၏။ သူ့ဘေးပတ်ဝန်းကျင်တွင် မိုးကြိုးငရဲတစ်ခုအသွင် ဖြစ်လာတော့သည်။

“စာကလေးမီးကလန်၊ ပြန့်ကြဲမိုးကြိုးကလန်…မဖြစ်နိုင်ဘူး…” ဆံဖြူအဘိုးအိုက မင်သက်သွား၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်သည်။

ဝမ်လင်းသည် ကောင်းကင်ထက်သို့ လက်ညွှန်၏။ ချက်ခြင်းပင် သူသည် ပြန့်ကြဲမိုးကြိုးကလန်ဝင်ကဲ့သို့ ပြောင်းလဲ၏။ တကယ်တော့ မိုးကြိုးအပေါ် သူ့နားလည်မှုက ထိုသူများထက် ပို၍ ကောင်းမွန်ပြီး သူက ကောင်းကင်ဘုံမိုးကြိုးကိုလည်း ပိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ပေသည်။

သူ့ညာလက် ကျဆင်းလာချိန်၌ အဆုံးမဲ့မိုးကြိုးများသည် အဘိုးအိုထံ တိုးဝင်သွားလေ၏။ မြေပြင်ထက်ရှိ မိုးကြိုးကန်သည်လည်း လေထဲသို့ ထိုးတက်ကာ အဘိုးအိုထံ တရကြမ်း ဝင်ရောက်သည်။

သည်အဖြစ်မှာ နတ်ဘုရားပြစ်ဒဏ်အလား။ ဝမ်လင်းက နတ်ဘုရားပြစ်ဒဏ်ကို ထိန်းချုပ်နေသည့်သူ ဖြစ်နေတော့၏။

“သူ့မိုးကြိုးစွမ်းအားကလည်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့်နဲ့ ယှဉ်တိုက်ခိုက်ဖို့ လုံအောက်နေတာလား။ ငါ ဒီလူ့ကို သတ်မှ ဖြစ်မယ်။ အုပ်စိုးသူ ဒီလူ့ကို သတ်ချင်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူသာ မသေခဲ့ရင် ငါတို့မြင့်မြတ်တဲ့ရှေးဟောင်းကလန်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်…”

ဆံဖြူအဘိုးအိုက မာန်သွင်း၍ ရှေ့သို့ ထိုးတက်၏။ သူ့ညာလက်ကို မြှောက်၏။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ပြည့်နှက်လာသည်။ လောကရှိမူလစွမ်းအင်များသည် မထင်မှတ်စွာပင် သူ့ညာလက်ထဲသို့ တရဟော စီးဝင်ကြသည်။

ထိုအဘိုးအို လေထဲ ပျံတက်လာချိန်၌ မိုးကြိုးသည် အနားရောက်လာ၏။

“မင်းတို့ ကျင့်ကြံသူတွေ အစွမ်းထက်တယ်လို့ ယူဆတဲ့ မန္တာန်နဲ့ ငါ မင်းကို သတ်ပေးမယ်…” အဘိုးအိုသည် မာန်သွင်း၏။ သူ့ညာလက်ကို ရှေ့သို့ ခပ်ကြမ်းကြမ်း တွန်းထုတ်သည်။ ဧရာမလက်ဝါးကြီးတစ်ခု ပေါ်လာ၏။ ထိုလက်ဝါးပေါ်လာသည်နှင့် မူလစွမ်းအင်များမှာ ၎င်းလက်ဝါးအတွင်း စုပ်ယူခြင်း ခံရသည်။

“စစ်စိတ်ဝိညာဉ်လက်ဝါး…” ဝမ်လင်းသည် မျက်မှောင်ကြုတ်သည်။

“ဒီအဘိုးအိုက နတ်ဘုရားကလန်ကို တစ်ခါ ရောက်ခဲ့ဖူးပြီး ဒီမန္တာန်ကို သင်ယူလာခဲ့တာ။ ဒီကနေ့ ငါ မင်းကို ဒီမန္တာန်နဲ့ သတ်ပေးမယ်…” အဘိုးအိုသည် ဝမ်လင်း သည်မန္တာန်ကို သိနေသည့်အတွက် အံ့အားမသင့်သွားပေ။ တကယ်တော့ ဤမန္တာန်က တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အကျော်ကြားဆုံးမန္တာန်တွေထဲမှ တစ်ခု ဖြစ်သည် မဟုတ်လား။

အဘိုးအို ဖန်တီးလိုက်သည့် စစ်စိတ်ဝိညာဉ်လက်ဝါးသည် ရှေ့သို့ တရကြမ်း ဝင်လာ၏။ ၎င်းသည် မိုးကြိုးနှင့် ထိပ်တိုက်တွေ့ကာ တုန်ဟိန်းသံများ မြည်ဟည်းသည်။

ဝမ်လင်းက ထိုလက်ဝါးကို စူးစိုက်ကြည့်လျက် သူ့လက်ကို ပင့်မြှောက်၏။ သူ့မျက်လုံးထဲတွင် တိုက်ပွဲစိတ်ဆန္ဒတို့ ပြည့်လာ၏။ လက်ဝါးရာတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာကာ သူသည် ရှေ့သို့ ကြမ်းတမ်းစွာ တွန်းထုတ်သည်။ ရုတ်တရက် အဘိုးအို၏ လက်ဝါးချက်က စုပ်ယူထားသည့် မူလစွမ်းအင်များသည် ခွဲထွက်လာကာ ဝမ်လင်းရှိရာ စုဝေးသည်။ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရောင်စုံနယ်မြေ၌ နောက်ထပ် ကောင်းကင်ကို ထွင်းဖောက်မည့် လက်ဝါးရာတစ်ခု ပေါ်လာတော့သည်။

ထိုမြင်ကွင်းကား ဆံဖြူအဘိုးအိုကို ထပ်မံ မင်သက်သွားစေ၏။ သူသည် တစ်ခဏတာပင် ကြောင်ရီသွားသည်။ သို့သော် မကြာခင်တွင် ပို၍ သတ်ဖြတ်လိုစိတ် သူ့ထံကနေ ထွက်ပေါ်လာ၏။

စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုနိုင်ဖို့ တစ်ယောက်ယောက်အတွက် ခက်ခဲလွန်းလှ၏။ သို့သော် စစ်စိတ်ဝိညာဉ်လက်ဝါးချက်နှစ်ခုကြား တိုက်ပွဲက ပို၍ပင် ရှားပါးသေး၏။

သို့သော် အခုချိန်၌ ခုနစ်ရောင်စုံနယ်မြေအတွင်းတွင် စစ်စိတ်ဝိညာဉ်လက်ဝါးနှစ်ခု ပေါ်လာကာ သေခြင်းရှင်ခြင်းတိုက်ပွဲကို စတင်လေပြီ။

မည်သူက ပိုအားကောင်းလည်း၊ အားနည်းလည်း မည်သူမျှ မသိပေ။ သို့သော် စစ်စိတ်ဝိညာဉ်လက်ဝါးနှစ်ခု ပေါ်လာသည်နှင့် ခုနစ်ရောင်စုံနယ်မြေမှာ ပျက်စီးတော့မလို ဖြစ်လာ၏။ မြေပြင်သည် အက်ကွဲ၍ ကြီးမားသည့်အက်ရာကြီး ပေါ်လာပြီး နယ်မြေကို ထက်ဝက်ပိုင်း ပစ်၏။ ထိုအက်ကြောင်း ညာဘက်ရှိ ဝမ်လင်း၏ လက်ဝါးချက်နှင့် ဘယ်ဘက်ရှိ အဘိုးအို၏လက်ဝါးချက်တို့သည် ထိပ်တိုက်တွေ့လေပြီ။

ထိုလက်ဝါးရာနှစ်ခုက အဆုံးစွန်အမြန်နှုန်းဖြင့် နီးကပ်လာကြ၏။

***

All Chapters