အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း(242)
တစ်ဖက်မှအမျိုးသားနှစ်ဦးက ဆင့်ကဲပြောင်းလဲသူအဖွဲ့ တစ်ခုတည်းမှ ဖြစ်ပေ၏။
သူတို့က ယင်ရိလျိုကို သူတို့၏ အခြေစိုက်စခန်းတွင် လာရောက် နားရန်အတွက် နွေးထွေးစွာ ဖိတ်ခေါ်သော်လည်း ယင်ရိလျိုက ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့သည်။
အခြေစိုက်စခန်းတွင် တခြားမြို့မှ ရောက်လာသူများအတွက် သီးသန့် ဟိုတယ်တစ်ခုရှိသည်။ ထိုဟိုတယ်၏ပထမထပ်တွင်တော့ ဆူညံလွန်းသော ဘားတစ်ခုပင် ရှိနေလေ၏။
ဆိုင်ရှင်က အလွန်ဝသော အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ယင်ရိလျိုနှင့်စကားပြောဆိုဆက်ဆံရန်အတွက် လက်ဟန်ခြေဟန်ဖြင့်ပြနေသည်။
ရုတ်တရက် ပေါ်လာခဲ့သော တရုတ်အမျိုးသားကတော့ အပြုံးတစ်ခုနှင့်ရောက်လာပြီး သူတို့ကြားတွင် ဘာသာပြန်ပေးခဲ့၏။
ယင်ရိလျိုက ကြိုတင်၍ ပြင်ဆင်ထားသောကြောင့် သူမ၏ ဝတ်ရုံအိတ်ကပ်ထဲမှ လေစုပ်ထုတ်ထားသော ပေါင်မုန့်ခြောက်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ဆိုင်ရှင်ကြီး၏ မျက်လုံးများက တောက်ပသွားခဲ့ပြီး သူမ၏ အပြုံးကလည်း ပိုမို၍ စစ်မှန်သွားခဲ့၏။
သူမက သူမ၏ ဖောင်းကစ်ပြီး တိုတောင်းသော လက်ချောင်းများဖြင့် ယင်ရိလျိုကို (၁)ဟု ထောင်ပြလိုက်လေ၏။
ယင်ရိလျိုသည်လည်း ဤဖော်ပြချက်က ပေါင်မုန့်တစ်ထုပ်လျှင် ဟိုတယ်၌ တစ်ရက်တည်းခိုခွင့်ရမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်းကို နားလည်လိုက်လေသည်။
ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားပြီးနောက်ပိုင်းတွင် အစားအစာများ၏ဈေးနှုန်းများသည်လည်း အဆမတန် မြင့်တက်နေခဲ့သည်။
ဤပေါင်မုန့်ထုပ်ကလညား ရှားပါးလွန်းသော စားသောက်စရာဖြစ်ပေသည်။
သို့သော် သူမက ဤနေရာတွင် ကြာကြာနေထိုင်ရန်အတွက် အစီအစဉ်မရှိပေ။
ထို့ကြောင့် အငြင်းအခုန်မပြုလုပ်လိုတော့ဘဲ သဘောတူသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။
ပထမထပ်ရှိ ဘားကလည်း ဤဟိုတယ်၏ ဘေးထွက်လုပ်ငန်းတစ်ခု ဖြစ်၏။
ထိုနေရာတွင် လူများဖြင့် စည်ကားနေပြီး အများစုက ဆင့်ကဲပြောင်းလဲသူများ ဖြစ်ပုံရသည်။
ယင်ရိလျိုနှင့် သူမ၏အနောက်မှ အမျိုးသားနှစ်ဦး ဝင်လာသည့်အချိန်တွင် ဘားထဲရှိ လူများက သူမ နားမလည်သော ဘာသာစကားဖြင့် သူမ၏နောက်မှလူများကို နှုတ်ဆက်ကြ၏။
ဤအမျိုးသားနှစ်ဦးက ဤအခြေစိုက်စခန်းတွင် လူသိများထင်ရှားသူများဖြစ်ပုံရသည်။
“ထိုင်ပါဦး၊ ဒီက သောက်စရာတွေက အတော်လေး ဈေးချိုပါတယ်”
ထိုအမျိုးသားက အပြုံးတစ်ခုနှင့် ယင်ရိလျိုကို ဖိတ်ခေါ်ပြီးနောက် ဆိုင်ရှင်အမျိုးသမီးကို ဝိုင်သုံးခွက် ယူလာပေးရန်အတွက် လက်ရိပ်ပြလိုက်လေ၏။
“ကျေးဇူးတင်ပါတယ်”
ယင်ရိလျိုက ဟန်ဆောင်၍ ဖန်ခွက်ကို မြှောက်လိုက်ပြီး ဝိုင်ကို သူမ၏ နှုတ်ခမ်းနှင့် အသာ ထိလိုက်ရုံသာ ထိသည်။
သို့သော် ပြင်းထန်သောအနံ့ကြောင့် အသက်ရှူကျပ်သွားပြီး လည်ချောင်းထဲမှ ယားယံမှုကို အောင့်အည်းထားလိုက်ရ၏။
ဝိုင်ဟု ခေါ်ဆိုသော်လည်း ဤဖန်ခွက်ထဲတွင် ရှိနေသောအရည်က ရေရောထားသော စက်မှုသုံးအယ်လ်ကိုဟောနှင့် ပိုတူနေပြီး လုံးဝ သောက်၍မရနိုင်ပေ။
သို့သော် ဤနေရာရှိ လူများက ဤအရက်ကို အားရပါးရ သောက်နေကြသည်။
ထို့ပြင် သူတို့၏ မျက်နှာများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် နီရဲနေကြလေ၏။
“မင်း ဘယ်ကလာတာလဲ၊ ဒီတစ်ဝိုက်က ပင်လယ်တွေချည်းပဲ၊ ငါထင်တဲ့အတိုင်းဆိုရင် မင်း ဒီကို ရောက်တာက မကြာသေးဘူးမလား”
ထိုအမျိုးသားက သောက်နေရင်း မေးလိုက်လေ၏။
သူက ယင်ရိလျိုအပေါ်တွင် အတော်လေး စပ်စုချင်နေပုံရသည်။
“ကျွန်မက အသင်းဖော်တွေနဲ့ လူကွဲသွားလို့ပါ၊ သူတို့ကလည်း မကြာခင် ဒီကို ရောက်လာမှာ၊ ဒီနေရာက.. ”
ယင်ရိလျိုက သူမ၏ အချက်အလက်များကို အလွန် မဖော်ပြလိုပေ။
ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းအမှားများကိုသာ ပြောလိုက်လေ၏။
သူမဘက်မှ ဖြေဆိုချင်သည့်စိတ်မရှိကြောင်းကို မြင်လျှင် ထိုအမျိုးသားကလည်း မည်သည့်စကားကိုမှထပ်မပြောတော့ပေ။
“ဒီနေရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံလေ၊ ငါတို့အားလုံးကတော့ ဒီက မဟာမိတ်အဖွဲ့ဝင်တွေပေါ့”
ယင်ရိလျို၏ နှလုံးခုန်သံက တစ်ချက်မျှ ရပ်တန့်သွားရသည်။
သူမ၏ အင်္ကျီလက်အောက်တွင် ဝှက်ထားသော လက်များကလည်း တဖြည်းဖြည်း တင်းကြပ်စွာဆုပ်မိသွားခဲ့၏။
အကယ်၍ ထိုအမျိုးသား၏စကားသာ မှန်ကန်ပါက သူမအနေဖြင့် ယခုအချိန်တွင် မြို့တော်B နှင့် ကျော်ဖြတ်၍မရနိုင်သော အတားအဆီးကြီးတစ်ခုလောက် ခြားနားနေပြီဖြစ်ကာ တရုတ်ပြည်မှလည်း ထွက်ခွာခဲ့လေပြီ။
ဘင်္ဂလားပင်လယ်အော်၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတစ်လျှောက်က ယင်ရိလျိုက ယခုဆိုက်ရောက်ခဲ့သော နေရာဖြစ်၏။
ဤနေရာက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကမ်းရိုးတန်းရှိ ခေတ်နောက်ကျသည့် နိုင်ငံတစ်ခု ဖြစ်သည်။
ဤနေရာမှနေ၍ တရုတ်ပြည်မကြီးသို့ သွားရောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် နိုင်ငံနှစ်ခုကြားရှိ ဘူတန်နိုင်ငံကိုလည်း ဖြတ်ကျော်သွားရလိမ့်မည်။
ဤစိမ်းသက်လွန်းသော နေရာတွင် ယင်ရိလျိုက ဘာသာစကား အခက်အခဲနှင့်လည်း ရင်ဆိုင်နေရသောကြောင့် တရုတ်လူမျိုးနှင့် တွေ့ဆုံရခြင်းက သူမအတွက် ကံကောင်းမှုတစ်ခုဟု ပြောနိုင်ပေသည်။
သူမက ကိုယ့်ကိုယ်ကိုဖိအားပေး၍ ပြုံးလိုက်ပြီး သူမ၏ ဝမ်းနည်းမှုများကို သူငယ်ချင်းသစ်နှစ်ဦးရှေ့တွင် မပြသခဲ့ပေ။
“မင်းရဲ့ မျက်လုံးတွေက အတော်လှတာပဲ၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်းက ချောမောတဲ့ တရုတ်လေးဆိုတာကို သိသာတယ်”
ရွှေရောင်ဆံပင်နှင့် အပြာရောင် မျက်လုံးရှိသည့် နိုင်ငံခြားသားက ယင်ရိလျိုကို အင်္ဂလိပ်ဘာသာကိုသုံးကာ လေးနက်သော အမူအရာဖြင့် ချီးကျူးလိုက်လေ၏။
တစ်ဖက်လူက ယင်ရိလျို၏ မျက်လုံးများကိုသာ မြင်နိုင်သောကြောင့် သူမ၏ ရှက်ရွံ့နေသော အမူအရာကို မမြင်နိုင်သည့်အတွက် အခြေအနေက ခေတ္တမျှ အဆင်ပြေနေခဲ့သည်။
သူမ၏ အရှေ့မှ ရွှေရောင်ဆံပင်နှင့် အမျိုးသားက အသားဖြူဖွေးကာ၊ ပြာလွင်သော မျက်လုံးများရှိနေပြီး အမှန်တကယ်ပင် ခန့်ညားလွန်း၏။
သူ လူများကို ကြည့်သည့်အချိန်တွင် သူ၏ မျက်လုံးများမှာ အလွန်ပင် ဆွဲဆောင်မှုရှိနေခဲ့သည်။
ယခင်ကဆိုလျှင် ယင်ရိလျိုအနေဖြင့်ဤကဲ့သို့ ခန့်ညားသော အမျိုးသားတစ်ဦး၏ ချီးကျူးမှုကို ခံရပါက မျက်နှာနီရဲပြီး နှလုံးခုန် မြန်သွားပေလိမည်။
သို့သော် ကျင်းယန်၏ စကားတစ်လုံးမှ မပြောဘဲ ဆွဲဆောင်နိုင်မှုမျိုးကို ကြုံတွေ့ဖူးပြီးနောက်တွင် သူမ၏ အရှေ့မှ နိုင်ငံခြားသားက အပိုစကားများကိုပြောကာ ဟန်ဆောင်လွန်းနေသည်ဟုသာ ခံစားလိုက်ရ၏။
သောက်စားပြီးသည့်နောက်တွင် ယင်ရိလျိုက အမျိုးသားနှစ်ဦးနှင့် လမ်းခွဲရန်အတွက် ဆင်ခြေတစ်ခု ပေးလိုက်လေ၏။
သူမက အနီးအနားရှိ ဆိုင်တစ်ဆိုင်မှ ဒေသတွင်းမြေပုံတစ်ခုကို ငှားရမ်းခဲ့ပြီး သူမ ငှားရမ်းထားသော ဟိုတယ်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။
အခန်းက ကျဉ်းမြောင်းပြီး ရှုပ်ပွနေခဲ့၏။
အိပ်ရာခင်းပေါ်တွင် သိသာထင်ရှားသော အစွန်းအထင်းများ မရှိသော်လည်း အိပ်ရာ၏ မျက်နှာပြင်က ဖျော့တော့သော အဝါရောင် ချွေးကွက်များဖြင့် ဖုံးလွှမ်းနေသည်။
ထို့အပြင် အခန်းထဲတွင် မှိုနံ့များက နံနေပြီး အချိန်အတော်ကြာအောင် သန့်ရှင်းရေး မလုပ်ထားကြောင်းကို ပြသနေ၏။
ယင်ရိလျိုက သက်ပြင်းချပြီး ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပြီး ခဏအတွင်းပြန်လှည့်ထွက်လာခဲ့သည်။
အခန်းထဲတွင် ရေနှင့် လျှပ်စစ်မီး လုံးဝမရှိပေ။
ခုတင်တစ်ခုမှလွဲ၍ ပျက်စီးနေသော ထိုင်ခုံနှစ်လုံးသာ ရှိသည်။
သူမက တံခါးကို ပိတ်လိုက်သည့်အချိန်တွင် သော့ခလောက်ကို သူမ၏ လက်ချောင်းဖြင့် တို့ကြည့်လိုက်လေ၏။
သော့က သံချေးတက်နေ၍ ဝါနေပြီး တံခါးကို ဆွဲလိုက်သည့်အချိန်တွင် လှုပ်ခါနေသည်ကို သတိပြုမိလိုက်လေ၏။
ထို့ကြောင့် သူမက ပိုမိုသတိထားလိုက်ပြီး သူမ၏ ဓားကိုဖွစ်စေ၊ သူမ၏ နေရာလွတ်ထဲမှ အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ထုတ်မထားခဲ့ပေ။
ထိုအစား သူမ၏နဂို အဝတ်အစားများအတိုင်း ခုတင်၏ ခေါင်းရင်းကို မှီထိုင်ပြီး မျက်လုံးကို မှိတ်၍ အနားယူနေလိုက်လေသည်။
သူမက နောက်တစ်နေ့ မနက်စောစောတွင် ဤအခြေစိုက်စခန်းလေးမှ ထွက်ခွာရန်အတွက် ပြင်ဆင်ထားလေ၏။
ညဦးယံအချိန်သို့ ရောက်လာသည်နှင့်အမျှမြင့်မားသော အာရဇ်အပင်ကြီးများက အခြေစိုက်စခန်းတစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီး ကောင်းကင်ယံမှ လခြမ်းကွေးလေးကို လုံးဝ ဖုံးကွယ်သွားခဲ့၏။
ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး အလင်းရောင်နှင့် လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
ဟိုတယ်တစ်ခုလုံးက တိတ်ဆိတ်နေပြီး အသံတစ်သံကိုမျှ မကြားရသလောက်ငြိမ်သက်နေခဲ့သည်။
တံခါး၏ အပြင်ဘက်ရှိ လူတစ်ယောက်မှာ အချိန်အတော်ကြာအောင် သေသေချာချာ နားစွင့်နေပြီးနောက် သူ၏ အနောက်မှလူကို လက်ရိပ်ပြလိုက်လေသည်။
ထို့နောက် ရှည်လျားသော လက်သည်းတစ်ခုကို တံခါး၏ ကြားထဲသို့ ဂရုတစိုက် ထိုးထည့်လိုက်လေ၏။
ထို့နောက် ကွေးကောက်ပြီး ကွဲအက်နေသော လက်သည်းကို အသုံးပြု၍ တံခါး၏ နောက်ဘက်မှ လျော့ရဲနေသော သော့ကိုကလော်ဖွင့်လိုက်လေ၏။
တိတ်ဆိတ်မှုထဲတွင် အလွန်တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် တံခါးသော့က ပွင့်သွားခဲ့လေသည်။
အခန်းထဲတွင် မှောင်မည်းနေ၏။
အပြင်ဘက်မှ လူက ဖြည်းညှင်းစွာ ဝင်လာပြီး ခါးမှ ဓားမြှောင်ကို ဆွဲထုတ်ကာ အတွင်းဘက်တွင် စမ်းတဝါးဝါး ရှာဖွေတော့သည်။
ခုတင်၏ အပေါ်ရှိ အိပ်ရာခင်းက ပြန့်ကြဲနေပြီး အလယ်တွင် အဖုအထစ်များနှင့် တွန့်လိပ်မှုတချို့က ရှိနေသည်။
သွယ်လျသော လူတစ်ယောက်က အိပ်ပျော်နေသကဲ့သို့ပင်။
ဓားမြှောင်ကို ကိုင်ထားသော အမျိုးသားက သူ၏မျက်လုံးများကို အနည်းငယ် မှေးလိုက်လေသည်။
ထို့နောက် ရုတ်တရက် သူ၏လက်မောင်းကို မြှောက်ပြီး ခုတင်၏ အလယ်တည့်တည့်သို့ ဓားဖြင့် ထိုးချလိုက်လေ၏။
သို့သော် ဓားမြှောင်က စိုက်ဝင်သွားပြီးနောက် ခံစားချက်ကြောင့် သူ ချက်ချင်း သတိပြုမိသွားသည်။
သူ့လက်ထဲမှဓားက လူ၏ အသားထဲသို့ စိုက်ဝင်သွားသည့် ခံစားချက်မျိုး မရှိဘဲ ဂွမ်းထဲသို့ ထိုးသွင်းလိုက်ရသည့် နူးညံ့သော ခံစားချက်မျိုးသာ ရှိနေခဲ့သည်။
ခုတင်ပေါ်တွင် လူတစ်ယောက်မှ မရှိနေခဲ့ပေ။
သို့မဟုတ် ခုတင်ပေါ်တွင် ရှိနေသင့်သောသူက ကြိုတင်၍သတိထားမိပြီးသားဖြစ်သောကြောင့် ခုတင်ပေါ်တွင် အိပ်မနေတော့ခြင်းသာဖြစ်၏။
ထိုအမျိုးသားက ထိတ်လန့်သွားရပြီး သူ၏ဓားမြှောင်ကို ချက်ချင်းပင် ပြန်နှုတ်လိုက်ကာ အခန်းထဲမှ ထွက်ခွာသွားရန်အတွက် ကြိုးစားခဲ့သည်။
သို့သော် မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့သော ဘေးဘက် အမှောင်ထုထဲမှ ပြတ်သားသော ဓားသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
တစ်စုံတစ်ယောက်က ဓားကို ဆွဲထုတ်လိုက်ခြင်းပင် ။
သူက ပင်ကိုဗီဇအရ သူ၏ဓားမြှောင်ကို ကာကွယ်ရန်အတွက် မြှောက်လိုက်မိပြီး ထိုဓားမြှောင်က ရှည်လျားသော ဓားရှည်နှင့် ထိပ်တိုက် တိုးသွား၏။
လက်နက်နှစ်ခု၏ ထိခိုက်မိသည့်အသံက ည၏တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေ၏။
ထိုလုပ်ကြံသတ်ဖြတ်သူမှာ သူ၏လက်မောင်းတစ်ခုလုံးက တုန်ခါသွားသကဲ့သို့ ခံစားလိုက်လေသည်။
တစ်ဖက်မှဓားသမားက မယုံနိုင်လောက်အောင် အားအင်ကြီးမားလွန်းပြီး လက်နက်နှစ်ခုက အဆင့်အတန်းချင်းပင် မယှဉ်နိုင်ပေ။
သူ၏ ဓားတိုက တစ်ချက်တည်းဖြင့် ကြေမွသွားခဲ့လေ၏။
နောက်ထပ် တိုက်ခိုက်မှုက ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
ထို့နောက် အမှောင်ထုထဲတွင် သူ့ကို စားတော့မည့် သားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသော ထက်မြက်သည့် မျက်လုံးတစ်စုံကိုသာ သူ မြင်တွေ့လိုက်ရ၏။
လုပ်ကြံသူမှာ တိုက်ခိုက်မှုကို ခုခံရန်အတွက် အသည်းအသန် ကြိုးစားခဲ့သည်။
သူ၏ ဓားတိုက ဓားသမား၏လက်နက်နှင့် ဒုတိယအကြိမ် ထိခိုက်မိပြီးနောက်တွင် ကျိုးပြတ်သွားပြီး သူ၏ပုခုံးကို ဖြတ်ကာ သူ၏ အရှေ့မှ ကြမ်းပြင်ပေါ်သို့ စိုက်ဝင်သွားခဲ့လေသည်။
သူက ထပ်မံ၍ မဆိုင်းတွရဲတော့ဘဲ မြေပြင်ပေါ်တွင် လှိမ့်ကာ တံခါး၏ အပြင်ဘက်သို့ ပြေးထွက်သွားပြီးနောက် တစ်စုံတစ်ခုကို အော်ဟစ်ပြောဆိုရင်း ထွက်ပြေးသွားတော့၏။
*