← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း(243)

တံခါး၏ အပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေသောလူ ရှိနေခဲ့သည်။

အိမ်ထဲမှ ဓားချင်းရိုက်ခတ်သံကို ကြားလိုက်ရသည့်အချိန်တွင်ပင် လုပ်ကြံသတ်ဖြတ်ခြင်းက ကျရှုံးသွားပြီဖြစ်ကြောင်းကို သိလိုက်ကြလေ၏။

သို့သော် သူ၏ အပေါင်းအသင်းဖြစ်သူက အပြန်အလှန်တိုက်ခိုက်မှု၏ နှစ်ကြိမ်မျှအပြီးတွင်ပင် ထိတ်လန့်တကြားဖြင့် အိမ်ထဲမှ ပြေးထွက်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

သူက ဒဏ်ရာရထားသော အဖော်ကို ထူပေးရင်း တုန်ရင်စွာဖြင့် ပြောလိုက်လေ၏။

“ဒါက နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာပါ၊ ယောင်ကျာ်းသားချင်းပဲလေ၊ ငါတို့ ဒါကို သေသေချာချာစကားပြောကြရအောင်!”

ထိုခဏတွင် ယင်ရိလျိုက အိမ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

သူမက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးကိုလည်း လုံခြုံစွာ ဖုံးအုပ်ထားကာ လက်ထဲတွင်တော့ သေးသွယ်ထက်ရှသော ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။

သူမ၏ မျက်လုံးများက ရေခဲများကဲ့သို့ အေးစက်နေလေသည်။

အကယ်၍ သူမသာ အခြေအနေကို သတိမထားခဲ့ဘဲ၊ ဤနေရာ၏ ထူးဆန်းမှုကိုလည်း မရိပ်မိခဲ့ပါက သက်တောင့်သက်သာ အနားယူနေမိပြီး သူတို့၏ ထောင်ချောက်ထဲသို့ အမှန်တကယ် ကျရောက်သွားနိုင်၏။

တံခါး၏ သော့ကို ခုတ်ဖြတ်ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ခုတင်ကို မှီလျက် မျက်လုံးမှိတ်ထားသော သူမလည်း လန့်နိုးသွားခဲ့၏။

သူမက ချက်ချင်းပင် ထရပ်လိုက်ပြီး အခန်း၏ မှောင်ရိပ်ကျသော ထောင့်တစ်ခုတွင် အလျင်အမြန်ပုန်းကွယ်လိုက်လေသည်။

ထို့နောက်တွင် အခန်းထဲသို့ ခိုးဝင်လာခဲ့သည့်သူက ခုတင်၏ ဘေးသို့ လျှောက်သွားပြီး သူမ၏ အိပ်ရာ၏ အလယ်တည့်တည့်သို့ ဓားတိုဖြင့် ထိုးချလိုက်သည်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။

သေစေနိုင်လောက်သော ထိုထိုးချက်၏ ထောင့်ချိုးနှင့် အားအင်က လုံးဝကို နားလည်မှုလွဲခြင်းမျိုး မဟုတ်နိုင်ပေ။

ဤသည်က ကြိုတင်ကြံစည်ထားသော လူသတ်မှုသာ ဖြစ်သည်။

ဤလုပ်ရပ်ကို လုပ်ဆောင်ခဲ့သူက ထိုနေ့မွန်းလွဲပိုင်းက သူမ၏ လှပသော မျက်လုံးများကို အလေးအနက်ဖြင့် ချီးကျူးခဲ့သော ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားသားပင် ဖြစ်နေခဲ့၏။

ယင်ရိလျိုက ဓားကိုကိုင်လျက် ထိုနှစ်ယောက်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားခဲ့သည်။

တရုတ်အမျိုးသားကတော့ အသက်ကိုချမ်းသာပေးရန်အတွက် တောင်းပန်နေလေ၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ ရင်ဘတ်ထဲမှ ထက်မြက်သော ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ပြီး သူမ၏ မျက်လုံးများကို ဖောက်ထုတ်ရန်အတွက် ပြင်းထန်စွာ ဝေ့ယမ်းလိုက်လေ၏။

သူမက ဓားမြှောင်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို အလျှင်အမြန်ငုံ့လိုက်သည်။

သူမကို တိုက်ခိုက်လာသူက ချက်ချင်းပင် လက်ဝါးဖြင့် ဖိနှိပ်ပြီး သူမ၏ လည်ပင်းနှင့် နှလုံးသားကို ထိုးရန် ကြိုးစားပြန်သည်။

သူမ၏ ဝတ်ရုံက လှုပ်ရှားမှုကြောင်း အနားများလွင့်သွားခဲ့သည်။ ခေါင်းနှင့် မျက်နှာကို ဖုံးအုပ်ထားသည့် ထိုအမျိုးသမီးက သူမ၏ ခန္ဓာကိုယ်၏ အပေါ်ပိုင်းကို ကွေးညွတ်လျက် အရှေ့မှ ထက်မြက်သော ဓားသွားကို ရှောင်တိမ်းလိုက်လေသည်။

ထိုဓားသွားက သူမနှင့် နှစ်စင်တီမီတာပင် မပြည့်သော အကွာအဝေးမှ ကပ်သွားခဲ့၏။

နောက်တစ်ခဏတွင် ယင်ရိလျိုက သူမ၏ အားရှိသမျှကို အသုံးပြု၍ ထိုအမျိုးသား၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်ထုတ်လိုက်လေ၏။ တရုတ်အမျိုးသားက အနောက်သို့လွင့်သွားတော့သည်။

ထိုအမျိုးသားက အလွန်ပြင်းထန်စွာ အကန်ခံလိုက်ရသောကြောင့် အနောက်ဘက်ရှိ နံရံနှင့် သွားရောက်ဆောင့်မိသွားတော့၏။

သူ၏ ကိုယ်တွင်းအင်္ဂါများက အလွန် နာကျင်နေပြီး အမြင်အာရုံများလည်းက ဝေဝါးလာခဲ့သည်။

သူက တစ်စုံတစ်ခုကို ပြောရန်အတွက် ကြိုးစားချိန်မှာပင် သွယ်လျသော ဓားတစ်လက်က သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး သူ့ကို နံရံ၌ တွဲလျက်သား ဖြစ်သွားစေ၏။

သူက နှစ်ချက်မျှ ရုန်းကန်ကြည့်ပြီးနောက် ယင်ရိလျိုက ဓားကို ပြန်နှုတ်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောကျသွားတော့သည်။

ဒဏ်ရာရထားသော လက်မောင်းကို ဆုပ်ကိုင်ထားသည့် ရွှေရောင်ဆံပင်နှင့် အမျိုးသားမှာတော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့၏။

သူ၏ ချောမောခန့်ညားသော မျက်နှာက ကြောက်လန့်မှုကြောင့် အလွန်ရယ်စရာဖြစ်နေခဲ့သည်။

သူက သူ၏ ရုပ်ရည်ကို အသုံးပြုကာ ယင်ရိလျို၏ စိတ်နှလုံးကို နူးညံ့လာစေရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် အဆက်မပြတ် တောင်းပန်နေခဲ့သည်။

သို့သော် ယင်ရိလျိုက ကရုဏာ မပြခဲ့ပေ။

တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ များပြားလွန်းသော အတွေ့အကြုံများကို ဖြတ်သန်းပြီးနောက်တွင် သူမ၏ စိတ်ဓာတ်က ကျောက်ဆောင်ကဲ့သို့ တဖြည်းဖြည်း မာကျောလာခဲ့ပြီ ဖြစ်သည်။

မျက်လုံးတစ်စုံကိုသာ ဖော်ထားသည့် ထိုအမျိုးသမီးက သူ့ကို လွှတ်ပေးမည့် အရိပ်အယောင် မရှိသည်ကို မြင်သည့်အချိန်တွင် ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားသားက အစွမ်းကုန် ခြိမ်းခြောက်အော်ဟစ်တော့၏။

သူတို့က တစ်စုံတစ်ရာသော ကြေးစားအဖွဲ့ဝင်များဖြစ်ကြောင်းနှင့် အကယ်၍ သူ့ကို သတ်လိုက်ပါက သူ၏ ခေါင်းဆောင်နှင့် အသင်းဖော်များက ယင်ရိလျိုကို မဖြစ်မနေ လိုက်လံရှာဖွေ၍ သတ်ဖြတ်လိမ့်မည်ဟု ပြောလေသည်။

သူက ဆဲဆိုနေချိန်မှာပင် တုံ့ဆိုင်းမှုမရှိသော ဓားရှည်တစ်ချောင်း သူ၏ လည်ချောင်းကို ပိတ်ဆို့လိုက်လေ၏။

သေးငယ်သော ဒဏ်ရာမှ သွေးများက ပန်းထွက်လာပြီးနောက် ရွှေရောင်ဆံပင်နှင့် အမျိုးသားသည်လည်း မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားတော့သည်။

ဤလူကောင်းကဲ့သို့ ထင်ရသော အမျိုးသားနှစ်ဦးမှာ အမှန်တကယ်ပင် ဤအခြေစိုက်စခန်းလေး၏ အဖွဲ့ဝင်များ ဖြစ်ကြ၏။

ကမ္ဘာပျက်ကပ် မတိုင်မီက သူတို့က အနီးအနားရှိ နိုင်ငံခြား ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများ ဖြစ်ကြသည်။

ကမ္ဘာပျက်ကပ် ဖြစ်ပြီးနောက်တွင်တော့ သူတို့၏ ကိုယ်ပိုင်နိုင်ငံသို့ ပြန်ရန်အတွက် အခွင့်အရေး မရှိတော့သောကြောင့် ဤနောက်ကျသော နိုင်ငံငယ်လေးတွင် ဗိုလ်ကျစိုးမိုးနေကြခြင်းဖြစ်လေ၏။

အပြင်လူများ ရောက်လာတိုင်း သူတို့က ချဉ်းကပ်ပြီး အန္တရာယ်မရှိသကဲ့သို့ ပြုမူကြသည်။

ထို့နောက် ထိုသူများကို သူတို့နှင့် ပူးပေါင်းထားသော အရက်ဆိုင်တွင် တည်းခိုရန်အတွက် လမ်းညွှန်ကြပြီး ညအချိန်တွင် အကွက်ချ၍ လုပ်ဆောင်ကြခြင်း ဖြစ်၏။

လူသတ်ပြီးနောက် လုယက်ထားသောအရာများကို ခွဲဝေယူကြရာတွင် ဝတုတ်သော ဆိုင်ရှင်အမျိုးသမီးက ပူးပေါင်းဆောင်ရွက်ခအဖြစ် (၁၀) ရာခိုင်နှုန်းကို ရရှိသည်။

ယင်ရိလျို၏ အမြင်တွင်တော့ ဤလူများ အားလုံးကပင် လူဆိုးများသာ ဖြစ်ကြသည်။

သူတို့က အခြေစိုက်စခန်းထဲသို့ တစ်ဦးတည်းဝင်လာသည့် ဆင့်ကဲပြောင်းလဲသူ ယင်ရိလျိုကို စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်၏။

ယင်ရိလျိုက လုံခြုံစွာ ဖုံးအုပ်ထားသော်လည်း သူမ၏ အလေ့အထ တချို့မှ သူမက အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းကို ဖော်ပြနေခဲ့သည်။

သူမက အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းကို သိလိုက်ရသည့်အချိန်တွင် ထိုနှစ်ယောက်က ဤစီးပွားရေးအခွင့်အလမ်းကို အလွယ်တကူ ရရှိနိုင်မည်ဟု ပို၍ပင် ယုံကြည်မှု ရှိသွားကြ၏။

ထို့အပြင် သူမက ပေါင်မုန့်ထုပ်ကိုပင် အလွယ်တကူ ထုတ်ပေးနိုင်သည်ကို မြင်သည့်အချိန်တွင် သူမက အမြတ်အစွန်းကို များစွာရနိုင်သော ပစ်မှတ်တစ်ခုဖြစ်ကြောင်း သူတို့ လုံးဝ ယုံကြည်သွားကြခြင်း ဖြစ်သည်။

အမျိုးသားနှစ်ဦးကို ရှင်းလင်းပြီးနောက်တွင် ယင်ရိလျိုက သူတို့ကို ဂရုမစိုက်တော့ပေ။ သူမတွက် ထုပ်ပိုးစရာ တခြားပစ္စည်းများလည်း မရှိသောကြောင့် အောက်ထပ်သို့ တိုက်ရိုက် ဆင်းလာခဲ့၏။

သူမ ဤနေရာတွင် ဆက်မနေနိုင်တော့ပေ။

ဤနှစ်ယောက်၏ အဖွဲ့အစည်းက ပြဿနာရှာရန်အတွက် ရောက်လာမည်လားဆိုသည်ကိုလည်း မည်သူကမှ မသိနိုင်သောကြောင့် သူမ အမြန်ဆုံး ထွက်ခွာရမည်။

အောက်ထပ်ရှိ ဝဖြိုးသော ဆိုင်ရှင်မကတော့ သူမ၏ ပါတနာနှစ်ဦးက ထိုအပြင်လူကို ရှင်းလင်းနိုင်ပါစေကြောင်းကို ဆုတောင်းကာ ဘားကောင်တာ၏ အောက်တွင် တုန်ရင်စွာဖြင့် ပုန်းနေခဲ့၏။

ထိုအခိုက်တွင် ရုတ်တရက် ဓားတစ်လက်က သူမ၏ ခေါင်းပေါ်ရှိ ဘားဗီရိုထဲသို့ စိုက်ဝင်လာခဲ့သည်။

ဆိုင်ရှင်အမျိုးသမီးက ခေါင်းကိုမော့ကြည့်လိုက်လျှင် ဓားကျိုးတစ်စက စားပွဲပေါ်မှ ဖောက်ထွက်လျက် သူမ၏ ခေါင်းတည့်တည့်တွင် ရှိနေသည်ကို တွေ့လိုက်ရ၏။

သူမ၏ ဦးရေပြားက ထုံကျင်သွားရပြီးနောက် အော်ဟစ်ကာ ဘား၏ နောက်မှ ပြေးထွက်လျက် အပြင်ဘက်သို့ ဦးတည်သွားတော့သည်။

သို့သော် သွယ်လျသော လက်တစ်စုံက ထိုအမျိုးသမီး၏ အဆီပြန်နေသော ဆံပင်များကို ဖမ်းဆွဲလိုက်ပြီး သူမ၏ ဝဖီးသော ခန္ဓာကိုယ်ကို နောက်သို့ ဆွဲယူလိုက်လေ၏။

ဆိုင်ရှင်မ၏ မျက်နှာက အထိန်းအကွပ်မရှိ တုန်ခါနေပြီး ကြောက်လန့်တကြားဖြင့် ငိုယိုနေလေသည်။

ထို့နောက် သူမ၏ အဝါရင့်ရောင် အဆီတစ်ထပ်ထပ် လက်များကို ပူးလျက် ခေါင်းညိတ်ပြီး အသက်ကို ချမ်းသာပေးရန်အတွက်ကို တောင်းပန်တော့သည်။

“ကျွန်မရဲ့ အလုပ်က တံခါးကို ဖွင့်ပေးရုံတင်ပါ၊ ဒါက ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး!”

ထိုအမျိုးသမီး တတွတ်တွတ် ပြောနေသည်ကို ယင်ရိလျို နားမလည်ပေ။

သို့သော် ဤအမျိုးသမီးက လူသတ်မှုတွင် တိုက်ရိုက်မပါဝင်သော်လည်း လူသတ်နိုင်ရန်အတွက် တံခါးကို ဖွင့်ပေးရသည့် အပေါင်းအပါတစ်ဦး ဖြစ်ကြောင်းကို ခန့်မှန်းမိလိုက်လေ၏။

အဆုံးတွင် သူမက လူသတ်မှု၏ အားပေးကူညီသူသာ ဖြစ်သည်။

ယင်ရိလျို၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များက လက်ခနဲ ဖြစ်သွား၏။

သူမက လက်ထဲတွင် ကိုင်ထားသော ဓားတိုက ကျိုးနေပြီဖြစ်ပြီး ဤသည်မှာ ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားသား၏ ဓားပင် ဖြစ်သည်။

လျင်မြန်သော လှုပ်ရှားမှုတစ်ခုနှင့်အတူ ထိုဓားကျိုးက ဝဖြိုးသောအမျိုးသမီး၏ ဦးရေပြားကို ထိရှသွားလေသည်။

ထို့နောက် သူမ၏ နောက်မှ နံရံထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး သူမ၏ ဦးရေပြားတစ်စကိုပါ လှီးဖြတ်သွားခဲ့၏။

အနည်းငယ် နာကျင်သွားမှုကြောင့် ဝတုတ်သောအမျိုးသမီးက လန့်ဖျန့်သွားရပြီး ထပ်မံ၍အော်ဟစ်လိာက်ကာ သူမ၏ အနောက်မှ နံရံကို မှီ၍ လျှောကျသွားတော့သည်။

ယင်ရိလျိုက ထရပ်လိုက်ပြီး ထိုမှောင်မည်းသော ဆိုင်ထဲမှ ထွက်ခွာခဲ့လေ၏။ သူမက အမှောင်ထုကို အကာအကွယ်ယူ၍ အခြေစိုက်စခန်း၏ အပြင်ဘက်သို့ ခိုးထွက်လာခဲ့၏။

ရုန်းရင်းဆန်ခတ်ဖြစ်မှုက အတော်လေး ကျယ်လောင်ခဲ့သောကြောင့် သူမက ထွက်ခွာသွားပြီး မကြာမီမှာပင် အခြေစိုက်စခန်းရှိလူများက လာရောက်၍ စစ်ဆေးကြသည်။

ထိုအချိန်တွင် ယင်ရိလျိုက ည၏အမှောင်ထု၏ အောက်တွင် အခြေစိုက်စခန်းထဲမှ ထွက်ခွာခဲ့လေပြီ။

သူမက အပြင်ဘက်ရှိ တောအုပ်ထူထပ်သောနေရာမှ သစ်ပင်ကြီးတစ်ပင်ကို မှီကာ အသက်ကို ပြင်းထန်စွာ ရှူနေခဲ့၏။

သူမက ထိုနေ့မွန်းလွဲပိုင်းက ဝယ်ယူခဲ့သော ဘင်္ဂလားဒေ့ရှ် မြေပုံကို ထုတ်လိုက်လေသည်။

ထို့နောက် သူမက ရောက်ရှိနေသည့် နေရာကို ရှာဖွေကာ တရုတ်ပြည်သို့ ပြန်ရန်အတွက် ဘူတန်နိုင်ငံကို ဖြတ်ကျော်ရမည့် အတိုဆုံးလမ်းကြောင်းကို ရှာဖွေခဲ့၏။

သူမ၏ အသင်းဖော်များနှင့် ကျင်းယန်က သူမ၏ ဘေးတွင် မရှိသည့်အတွက် ခံစားချက်ချင်း ကွာခြားလွန်းသည်။

သူမက လမ်းခရီးတစ်လျှောက်တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရရန်အတွက် ကံပါလာခဲ့လေပြီ။

လူတိုင်း၏ ကာကွယ်မှု မရှိတော့သည့်အတွက် သူမက ဤအရာအားလုံးကို သူမဘာသာ တစ်ယောက်တည်းသာ ရင်ဆိုင်၍ ကျော်ဖြတ်ရတော့မည်ပင်။

*

All Chapters