အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း(244)
ယင်ရိလျို၏ ဘေးနားပတ်ဝန်းကျင်တွင် မှောင်မည်းနေသော တောအုပ်ကြီးက ဝန်းရံထားပြီး အမှောင်ထုကြောင့် ပို၍ပင် အန္တရာယ်များနေသကဲ့သို့ထင်ရသည်။
သူမက ညဘက်တွင် ခရီးမဆက်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အခြေစိုက်စခန်း၏ အနီးရှိ တောအုပ်ထဲတွင်သာ တစ်ညတာ အနားယူရန် စီစဉ်လိုက်လေသည်။
မနက်မိုးလင်းသည်နှင့် ခရီးစတင်ရန်အတွက် ရည်ရွယ်ထားခဲ့သည်။
ယင်ရိလျိုတစ်ယောက် သူမက ခရီးတစ်လျှောက်လုံး အသုံးမပြုခဲ့ရသော စောင်ကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်ပြီး အနောက်ဘက်ရှိ အာရဇ်ပင်ကို မှီလျက် အနားယူလိုက်လေ၏။
ညဉ့်နှင်းမြူများကြောင့် ပတ်ဝန်းကျင်၏ အပူချိန်က အနည်းငယ် အေးစက်နေခဲ့သည်။ သူမ ကိုယ်ကို ကျုံ့ထားရင်း ရုတ်တရက် အလွန်အမင်း အထီးကျန်မှုကို ခံစားလိုက်ရသည်။
*
နှစ်ရက်နှင့် သုံးည ကြာပြီးနောက် အရုဏ်တက်ချိန်တွင်တော့ ဧရာမငှက်ကြီးတစ်ကောင်က အဝေးမှ ပျံသန်းလာခဲ့၏။
ထိုငှက်ကြီး၏ ကျောပေါ်တွင် သွယ်လျသော အမျိုးသမီးတစ်ဦး ထိုင်နေလေသည်။
သူမ၏ ဝတ်ရုံက လေထဲတွင် တလွင့်လွင့်ဖြစ်နေပြီး ခါးတွင် ချိတ်ဆွဲထားသော ဓားရှည်ကလည်း အပြင်သို့ ပေါ်ထွက်နေခဲ့၏။
သူမက ကြေမွနေသော မြေပုံတစ်ခုကို လက်ထဲတွင် ကိုင်ထားခဲ့သည်။ ဧရာမငှက်ကြီးက ရွေ့လျားနေခဲ့ပြီးသူမ၏ သွယ်လျသော လက်ချောင်းလေးများက စာရွက်ကိုဖြန့်ကာ ရှေ့သို့ တိုးကြည့်နေ၏။
သူမ၏ တည်နေရာကို ပြသည့် အမှတ်အသားများက တဖြည်းဖြည်း အရှေ့သို့ ရောက်လာသည်ကို ကြည့်နေခဲ့လေ၏။ နောက်ဆုံးတွင်တော့ သူမ အလွန်မျှော်လင့်နေခဲ့သော တရုတ်နိုင်ငံ၏ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့လေပြီ။
သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ငှက်ကြီး၏ ကျောပေါ်တွင် တုန်ရင်စွာဖြင့် မတ်တပ်ရပ်လျက် အောက်ဘက်ရှိ စိမ်းလန်းစိုပြည်သော တောအုပ်ကြီးကို ငုံ့ကြည့်လိုက်လေ၏။
မြင်ကွင်းထဲ၌ သေးငယ်သော်လည်း ထူထပ်သော အဆောက်အအုံ အစုအဝေးတစ်ခု ရှိနေလေပြီ။ ဤသည်က အနီးနားရှိမြို့နယ်အခြေစိုက်စခန်း၏ ကင်းစခန်းဖြစ်ပုံရသည်။
မြေပုံအရ သိနိုင်သည်မှာ သူမ ရပ်နေသော နေရာက တရုတ်နိုင်ငံနှင့် ဘူတန်နိုင်ငံ၏ နယ်စပ်ဖြစ်သော တိဗက်ဒေသ ဖြစ်၏။
အနီးဆုံးမြို့က သူမ၏ မျက်လုံးထဲတွင် ထူးခြားစွာ သေးငယ်သည်ဟု ထင်ရသော လော့ကျားခရိုင်ပင် ဖြစ်သည်။
ဧရာမငှက်ကြီးက ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ပျံဆင်းလာပြီး မြို့နယ်အခြေစိုက်စခန်း၏ အစွန်အဖျားသို့ ဦးတည်ကာ နောက်ဆုံးတွင် မြို့အနီးရှိ တောအုပ်ထဲသို့ ငြင်သာစွာ ဆင်းသက်လိုက်လေ၏။
ဝတ်ရုံကို ဝတ်ထားသော အမျိုးသမီးက ငှက်ကြီး၏ကျောကို အမှီပြုလျက် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။
တရုတ်မြေပေါ်သို့ ခြေချလိုက်ရခြင်းက သူမကို လုံခြုံမှုပေးနိုင်ပြီး သူမ၏ စိုးရိမ်ပူပန်မှုများကလည်း သိသာစွာ လျော့ပါးသွားခဲ့၏။
သူမ၏ နောက်မှ ဧရာမငှက်ကြီးကတော့ သူ၏ ထက်မြက်သော နှုတ်သီးဖြင့် အတောင်ပံများကို ပြုပြင်နေခဲ့လေသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့သွားပြီး အညိုရောင် အစက်အပြောက်များပါသည့် အတောင်ပံတစ်စုံမှလွဲ၍ အသားညိုညိုနှင့် အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အမျိုးသမီးက သူမ၏
မျက်နှာဖုံးကို ဖယ်ရှားလိုက်လျှင် လှပသော မျက်နှာလေးတစ်ခုက ပေါ်ထွက်လာခဲ့၏။
သူမက ယင်ရိလျိုဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က သူမ ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာခဲ့ပြီး ဘူတန်သို့ ဦးတည်ခဲ့၏။
သူမအနေဖြင့် သန္ဓေပြောင်း သားရဲများစွာ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း အထိအခိုက်မရှိ လွတ်မြောက်လာခဲ့လေသည်။
ဘူတန်သို့ ဝင်ရောက်ပြီးနောက်တွင်တော့ သူမက သူမကို သယ်ဆောင်လာခဲ့ပေးသော ငှက်လူသားနှင့် တွေ့ဆုံရသောကြောင့် အလွန်ကံကောင်းခဲ့သည်ဟုဆိုနိုင်သည်။
ဤလူသားက သူ၏ ပျံသန်းနိုင်စွမ်းကို အသုံးပြု၍ လူနှင့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးကာ အခကြေးငွေရှာနေသူဖြစ်သည်။
သူက ယင်ရိလျိုကို ဘူတန်မှ တရုတ်နိုင်ငံသို့ ဆယ့်ငါးနာရီအတွင်းရောက်အောင် ပို့ဆောင်ပေးခဲ့သည်။
ယင်ရိလျိုအနေဖြင့် တစ်ဖက်လူအား အဝေးတွင်ရှိသော မြို့တော်B သို့ တိုက်ရိုက် ပို့ပေးစေချင်ခဲ့၏။
ဈေးနှုန်းက သူမအတွက် လုံးဝကို ပြဿနာမဟုတ်ပေ။
သို့သော် ထိုထူးဆန်းသော အမျိုးသားက လက်ရိပ်ခြေရိပ်များကို အပြင်းအထန်ပြကာ နယ်စပ်ဒေသအထိသာ အဝေးဆုံး ပို့ပေးနိုင်မည်ဖြစ်ကြောင်းပြောခဲ့လေ၏။ သူမတိဗက်၏ အခြေအနေကို အလွန်ပင် စိုးရိမ်ပူပန်နေပုံ ရသည်။
ဤငှက်လူသား၏ အမူအရာကို ကြည့်ခြင်းအားဖြင့် တိဗက်က အလွန်အန္တရာယ်များသော နေရာဖြစ်ကြောင်းကို ယင်ရိလျို ခန့်မှန်းမိလိုက်သည်။
သူမက ဘူတန်မှ ငှက်လူသားကို ဆက်နေရန်အတွက် အတင်းအကျပ် မတောင်းဆိုခဲ့ပေ။
တစ်ဖက်လူက သူမကို နယ်စပ်အခြေစိုက်စခန်း၏ အပြင်ဘက်တွင် ချပေးပြီးနောက်တွင် သူမက ဝတ်ရုံထဲမှ အစားအစာအိတ်ကြီးတစ်အိတ်ကို ထုတ်ပေးလိုက်သည်။ ဤသည်က ခရီးစရိတ်ပင်။
အကယ်၍ သူမသာ ခြေလျင်ခရီးနှင်ရမည်ဆိုပါက ဘူတန်မှ တိဗက်သို့ ရောက်ရန်အတွက် အနည်းဆုံး သုံးရက်ခန့် ထပ်မံကြာမြင့်ပေလိမည်။
ပင်လယ်ထဲရှိ သန္ဓေပြောင်းဝေလငါးကြီး၏ စကားများကို သူမ မမေ့ခဲ့ပေ။
သုံးရက်အတွင်းတွင် ဧရာမ ရေကြီးမှုကြီးတစ်ခုက ရောက်လာလိမ့်မည်။
ထိုသုံးရက်မြောက်သောနေ့က ယနေ့ပင် ဖြစ်သည်။
ဝေလငါးကြီးက ပြောဆိုခဲ့သော ရေကြီးမှုက မည်သည့်အရာဖြစ်ကြောင်းကို သူမ မသိသော်လည်း ယင်ရိလျိုက ထိုရေကြီးမှုက ပြီးဆုံးသွားသည်အထိ ဤမြို့လေးတွင် ခေတ္တလောက်အနားယူရန်အတွက် ဆုံးဖြတ်လိုက်လေ၏။
ထို့နောက်မှသာ တိဗက်ကို ဖြတ်ကျော်ပြီး ပြည်မကြီးသို့သွားကာ သူမ၏ အသင်းဖော်များနှင့် ကျင်းယန်ကို ရှာဖွေရလိမ့်မည်။
သူမက ကျင်းယန်အတွက်ကို စိုးရိမ်နေသကဲ့သို့ သူမ ပျောက်ဆုံးသွားခြင်းက မခန့်မှန်းနိုင်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာမည်ကိုလည်း ကြောက်ရွံ့ပူပန်နေရသည်။
အထူးသဖြင့် ကျင်းယန်က အလွန်ဝမ်းနည်းနေလိမ့်မည်။ သူမ ထိုအကြောင်းကို သိထားသောကြောင့် ပြည်မကြီးသို့ အမြန်ဆုံးပြန်ချင်နေခဲ့သည်။
ယင်ရိလျိုက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏ အရှေ့မှ မြို့လေးထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်ခဲ့၏။
တိဗက်တွင် ဤမျှလောက်အထိ ကြာရှည်စွာ နေထိုင်ရလိမ့်မည်ဟု သူမ လုံးဝကို ထင်မထားခဲ့ပေ။
လော့ကျားခရိုင်က တိဗက်၏ တောင်ဘက်အကျဆုံးအပိုင်း၊ တရုတ်နှင့် ဘူတန်၏ နယ်စပ်တွင်တည်ရှိသည်။
ဤသည်မှာ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သကဲ့သို့ မြစ်များက စီးဆင်းရာ နေရာလည်း ဖြစ်သည်။
မြောက်ဘက်သို့ ဆက်သွားပါက တစ်နိုင်ငံလုံးက နေရောင်ခြည်မြို့တော်ဟု သိကြသော အမိမြေ လာဆာမြို့ တည်ရှိလေ၏။
တိဗက်တွင် ပြည်မကြီးရှိ မြို့ပြအထပ်မြင့် အဆောက်အအုံများနှင့် မတူဘဲ ထူးခြားသော ဗိသုကာလက်ရာများ ရှိသည်။
ခြောက်ကပ်နေသော ကမ္ဘာပျက်ကပ်လွန်ကာလတွင်ပင် လူအများက မြို့များကြား၌ အေးဆေးစွာ လမ်းလျှောက်နေကြလေသည်။
ယင်ရိလျိုက ဤခြောက်ကပ်နေသော မြို့လေးထဲသို့ ခြေချလိုက်သည့်အချိန်တွင် ကမ္ဘာပျက်ကပ်ပြီးနောက်ပိုင်း ကြုံတွေ့ရလေ့ရှိသော မျှော်လင့်ချက်ကင်းမဲ့မှု သို့မဟုတ် ဝမ်းနည်းပူဆွေးမှုမျိုးကို သိပ်ပြီးမခံစားရပေ။
ညစ်ပတ်ပေရေနေသော တိဗက်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘွားအိုတစ်ဦးက တံခါးဝတွင် ဒူးထောက်လျက် ယင်ရိလျို နားမလည်သော တိဗက်ဘာသာဖြင့် ဂါထာမန္တန်များကို အဆက်မပြတ် ရွတ်ဖတ်နေ၏။
ယင်ရိ လျိုတစ်ယောက် သူမကို လက်ခံမည့် ဟိုတယ်တစ်ခုကို ရှာဖွေရန်အတွက် အတော်လေး ကြိုးစားလိုက်ရသည်။
ဟိုတယ်ပိုင်ရှင်များမှာ သဘောကောင်းသူများဟု ထင်ရသည့် သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးပင်ဖြစ်၏။
ဧည့်သည် ရောက်ရှိလာသည်ကို မြင်သည့်အချိန်တွင် သူတို့က အလွန်ပင် တက်ကြွလှိုက်လှဲစွာဖြင့် ဧည့်ခံလာကြသည်။
ယင်ရိလျိုက သူတို့ ပြောနေသော တိဗက်စကားကို နားမလည်နိုင်သောကြောင့် ခဏတာအတွင်း သူတို့သုံးဦးကြားတွင် ဆက်သွယ်မှုက အဆင်မပြေခဲ့ပေ။
ထိုအချိန်တွင် ရုတ်တရက် ဆိုင်ရှင်အမျိုးသားက အခန်းထဲမှ တစ်စုံတစ်ယောက်ကို လှမ်းခေါ်ရင်း နှစ်ချက်မျှ အော်ဟစ်လိုက်လေသည်။
ခဏအကြာတွင် အရပ်ရှည်ပြီး ပိန်သွယ်သော လူငယ်တစ်ဦးက ခေါင်းကို ကုတ်လျက် စိတ်မရှည်သော ပုံစံဖြင့် အိမ်ထဲမှ ထွက်လာ၏။
ထိုသူက ကြေးနီရောင် အသားအရေရှိသည်။ သူ့၏ဆံပင်များက အနည်းငယ်ရှည်ပြီးကောက်ကွေးကာ ခြေဗလာဖြင့် ဖြစ်လေ၏။
သူက လက်သီးနှစ်ဖက်ကို ဆုပ်လျက် ယင်ရိလျိုကို ကြည့်လိုက်လေ၏။
ထိုလူက အတော်လေး ငယ်ရွယ်ပုံရသောကြောင့် ဟိုတယ်ပိုင်ရှင်၏ သားဖြစ်ပေလိမ့်မည်။
သူက မျက်မှောင်ကြုတ်လျက် သူ၏ မိဘများကို တိဗက်ဘာသာဖြင့် စကားပြောပြီးနောက် ယင်ရိလျိုကို သတိထား၍ သံသယရှိသော အကြည့်ဖြင့် ကြည့်ကာ တရုတ်စကားသို့ ပြောင်းပြောလိုက်လေသည်။
“ဟိုတယ်ကို လာတာလား”
ယင်ရိလျိုက လက်နက်အပြည့်အစုံနှင့် လုံခြုံစွာ ဖုံးကွယ်ထားသောကြောင့် အေးစက်သော ဓားသမားတစ်ဦးနှင့် တူနေသည်။
ထိုလူငယ်၏ မေးခွန်းကို ကြားသည့်အချိန်တွင် သူမက ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။
ထို့နောက် အိတ်ထဲမှ ပလတ်စတစ်အိတ်လေးတစ်အိတ်ကို ထုတ်လိုက်သည်။ ဤအိတ်ထဲတွင် ရေနှင့် အသင့်စား ခေါက်ဆွဲခြောက်တစ်ထုပ် ပါဝင်လေ၏။
သယံဇာတများက ရှားပါးလွန်းသော ကမ္ဘာပျက်ကပ်လွန်ကာလ၊ အထူးသဖြင့် ဤကဲ့သို့ ဝေးလံသော တိဗက်မြို့လေးများတွင် ကမ္ဘာမပျက်မီက အာဟာရမရှိဟု သတ်မှတ်ခံခဲ့ရသော ခေါက်ဆွဲခြောက်က ယခုအချိန်တွင်တော့ ပျောက်ကွယ်လုနီးပါးပင် ဖြစ်နေသော ရှားပါးအစားအစာ ဖြစ်လာခဲ့၏။
သက်လတ်ပိုင်း ဇနီးမောင်နှံမှာ ထိုအစားအစာကို မြင်သည့်အချိန်တွင် ပို၍ပင် တက်ကြွစွာပြုံးလိုက်ကြပြီး တိဗက်စကားကို နားမလည်သော ဧည့်သည်ကို နှုတ်ဆက်ရန်အတွက် သူတို့၏သားကို အလျင်အမြန် ခိုင်းစေတော့သည်။
ထိုလူငယ်က ရုပ်ရည် အတော်လေး ချောမောလေ၏။
သို့သော် မြင်လိုက်ရုံနှင့်ပင် ခြေဖျားလက်ဖျားများ အေးစက်သွားစေလောက်အောင် အေးစက်ချောမောသော ရုပ်ရည်ရှိသည့် ကျင်းယန်နှင့်တော့ မတူပေ။
သူ၏ မျက်ခုံးနှင့် မျက်လုံးများက ရှည်လျားပြီး မြေခွေးတစ်ကောင်ကဲ့သို့ မျက်ခွံတစ်ထပ်တည်း ရှိ၏။
နှာတံက ဖြောင့်စင်းနေပြီး နှုတ်ခမ်းက ပါးလွှာသော်လည်း ကြေးနီရောင် အသားအရေကြောင့် ရိုင်းစိုင်းပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်ကို ပေးနေခဲ်သည်။
သို့သော် ယင်ရိလျိုက သူ့ကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
သူမ၏ အရှေ့မှ အမျိုးသားက သူမ၏ အပေါ်တွင် ရန်လိုနေပုံရပြီး ရာဇဝတ်သားတစ်ဦးကို စစ်ဆေးနေသကဲ့သို့ နိုးကြားသော အကြည့်ဖြင့်ကို အမြဲတစေ စောင့်ကြည့်နေသည်ဟုသာ ခံစားနေရလေသည်။
သူမက သိပ်ပြီးတွေးမနေတော့ဘဲ သူမက တည်းခိုရမည့်နေရာသို့ ထိုလူငယ်၏ အနောက်မှလိုက်သွားခဲ့၏။
ဟိုတယ်၏ အသုံးအဆောင်ပစ္စည်းများက ဘင်္ဂလားဒေ့ရှ်တွင် သူမက တည်းခိုခဲ့သော မှောင်ရိပ်ခိုနေရာထက် သိသိသာသာ ပိုကောင်းသည်။
အိပ်ရာများက သန့်ရှင်းသပ်ရပ်နေပြီး အခန်းထဲတွင်လည်း လတ်ဆတ်သော မြက်ခြောက်ရနံ့က သင်းပျံ့နေ၏။
ရေအရင်းအမြစ် ရှားပါးသော ပတ်ဝန်းကျင်မျိုးတွင်ပင် စင်္ကြံ၌ ဧည့်သည်များ သောက်သုံးရန်နှင့် သန့်စင်ရန်အတွက် ရေအပြည့်ထည့်ထားသော အင်တုံအရွယ် စဉ့်အိုးကြီးတစ်လုံး ရှိနေသည်။
ကမ္ဘာပျက်ကပ်ပြီးနောက်တွင် ရေနှင့် လျှပ်စစ်မီးများက ပြတ်တောက်သွားချိန်၌ တိဗက်ဒေသများ၊ အထူးသဖြင့် လော့ကျားခရိုင်ကဲ့သို့သော ဝေးလံသော မြို့ငယ်လေးများတွင် ရေအရင်းအမြစ်က အဓိက ပြဿနာကြီးတစ်ခု ဖြစ်လာခဲ့၏။
မြို့နယ်အခြေစိုက်စခန်း တစ်ခုလုံးတွင် ရေတွင်းနှစ်တွင်းသာ ရှိသည်။
တစ်တွင်းက ကမ္ဘာမပျက်မီကတည်းက ရှိခဲ့သော ရေအနည်းငယ်သာထွက်သည့် ရေတွင်းအဟောင်းဖြစ်၏။
တခြားတစ်တွင်းကတော့ မြို့ထဲရှိ သန်မာသော လူငယ်များက တူးဖော်ထားသည့် ရေတွင်းဖြစ်၏။
ဤရေတွင်းနှစ်တွင်းက အခြေစိုက်စခန်းတစ်ခုလုံး၏ အသက်သွေးကြော ရေအရင်းအမြစ်ပင် ဖြစ်သည်။
ထို့ကြောင့် အရင်းအမြစ်က ရှားပါးလွန်းသော အခြေစိုက်စခန်းလေးထဲသို့ ထူးဆန်းပြီး ကောင်းမွန်သော ဝတ်စုံကို ဝတ်ဆင်ထားကာ၊ ငွေကြေးကို ရက်ရောစွာ သုံးစွဲနိုင်ပြီး ရှားပါးသော အစားအစာနှင့် ရေသန့်ဘူးများကို အလွယ်တကူ ထုတ်ပေးနိုင်သည့် လူတစ်ယောက် ရုတ်တရက် ရောက်ရှိလာခြင်းက သံသယပွားစရာ ဖြစ်လာခဲ့၏။
*