အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း(246)
ပြည်မကြီးရှိ မြို့တော်ကြီးဘက်တွင်တော့ ခေတ္တမျှအထိ ထိတ်လန့်တကြား ဖြစ်သွားရပြီးနောက် အထက်လူကြီးများ၏ ညွှန်ကြားချက်ဖြင့် လူထုကိုစည်းရုံးခဲ့ကြ၏။
ခိုင်ခံ့၍မြင့်မားသော မြို့တံခါးများ၏ အပြင်ဘက်တွင် ပိုမို၍ တောင့်တင်းသော အကာအကွယ်အလွှာတစ်ခုက တဖြည်းဖြည်း မြင့်တက်လာပြီးနောက် အခြေစိုက်စခန်းတစ်ခုလုံးကို စက်ဝိုင်းခြမ်းပုံစံဖြင့် လွှမ်းခြုံလိုက်လေသည်။
အိဝန်းတစ်ခု၏ အပြင်ဘက်ခြံထဲတွင်တော့ ဧရာမ သန္ဓေပြောင်း အနက်ရောင်ဝံပုလွေတစ်ကောင်က နာကျင်စွာဖြင့် လူးလိမ့်နေခဲ့၏။
သူ၏ ကြွက်သားများနှင့် အရိုးများက ပွတ်တိုက်ကျယ်ပြန့်လာပြီး သူ့၏ ဦးနှောက်ကလည်း တစ်စုံတစ်ခုသော အားအင်ကြောင့် ဆွဲဖြဲခံနေရသကဲ့သို့ ခံစားနေရသည်။
စိုးရိမ်တကြီး ဖြစ်နေသော လူတချို့က သူ့ကို ဝန်းရံလျက် ကျောပြင်ကို ပွတ်သပ်ပြီး နှစ်သိမ့်ရန် ကြိုးစားနေကြ၏။
တစ်ချိန်က နွေးထွေးပြီး သာယာခဲ့သော ဤအိမ်ဝန်းကြီးမှာ လူကြီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ ထိုပျောက်ဆုံးသွားသည့်အတွက် ယခုအချိန်တွင် ခြောက်ကပ်ပြီး အထီးကျန်နေခဲ့လေသည်။
တောင်တန်းများ၏ နက်ရှိုင်းသော နေရာတွင် ရွှေနီရောင် အကြေးခွံများက ဖုံးလွှမ်းနေသည့် အမျိုးသားတစ်ဦးက ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ထိုင်နေ၏။
သူ၏ ခန္ဓာကိုယ်က ခြောက်သွေ့နေသော သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူ၏ ပတ်ဝန်းကျင်တွင် ကျိုးပဲ့နေသော သစ်ပင်ကြီးများနှင့် ဧရာမ သန္ဓေပြောင်း သားရဲကြီးတချို့က လဲလျောင်းနေခဲ့သည်။
သူ၏ မျက်လုံးများက လုံးလုံးလျားလျား ရွှေရောင်သို့ ပြောင်းလဲသွားပြီး အသက်မဲ့၍ မှောင်မှိုင်းနေခဲ့သည်။
သူ၏ နဖူးပေါ်ရှိ သွေးကြောများက ဖောင်းတက်နေပြီး အရေပြားအောက်မှ တစ်စုံတစ်ခုက ပေါက်ထွက်တော့မည့်အတိုင်း ထင်နေရသည်။
သူ၏ နောက်ဘက်မှ မြွေကဲ့သို့သော ရွှေရောင်အမြီးကြီးကတော့ မြေပြင်ကို အားပြင်းပြင်း ရိုက်ခတ်နေလေသည်။
သန္ဓေပြောင်း သားရဲကြီးတချို့ကဤထူးဆန်းသော သတ္တဝါ ဒုက္ခရောက်မည့်အချိန်ကို ချောင်းမြောင်း ကြည့်ရှုနေကြသည်။ ထိုအချိန်ကျမှသာ ဝိုင်းအုံ၍ ကိုက်ခဲစားသောက်ရန်အတွက် စောင့်ဆိုင်းနေကြလေ၏။
ကမ္ဘာတစ်ဝှမ်းလုံးတွင် ကုန်းမြေပေါ်၌ရော ပင်လယ်ထဲမှာပါ ဧရာမ အသွင်ပြောင်းလဲမှုကြီးတစ်ခု စတင်နေလေပြီ။
ယင်ရိလျိုတစ်ယောက် မြေအောက်မှ တရှရှ အသံတချို့ကို ကြားနေခဲးရ၏။
ဤသည်က အပင်များက အလွန် ထွားကျိုင်းလာသည့် အသံနှင့် တူနေသောကြောင့် သူမ၏ ဦးရေပြားများပင် ထုံကျင်လာခဲ့သည်။
အခြေစိုက်စခန်း၏ အပြင်ဘက်တွင်တော့ တောရိုင်းတိရစ္ဆာန်များ၏ နားကွဲမတတ် ဟိန်းဟောက်သံများကို ခပ်စိပ်စိပ် ကြားလာရသောကြောင့် တိဗက်လူမျိုးများမှာအလွန်ပင် ထိတ်လန့်တုန်လှုပ်နေကြလေ၏။
သူတို့က ထူထပ်သော မြူများမှလွဲ၍ မည်သည့်အရာကိုမှမမြင်နိုင်ပေ။
စိုးရိမ်ပူပန်မှု အငွေ့အသက်များက မြို့လေးထဲတွင် ပျံ့နှံ့နေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် ယင်ရိလျို၏ အမူအရာက တည်တင်းသွား၏။
ဧရာမသတ္တဝါကြီးတချို့က မြို့လေးထံသို့ ချဉ်းကပ်လာနေပြီး သူတို့၏ ပြေးလွှားလာမှုကြောင့် မြေပြင်ကပင် တုန်ခါနေသည်ကို သူမ ကြားလိုက်ရသည်။
ခြေလှမ်းတိုင်းကြောင့် သူတို့၏ ခြေဖဝါး၏ အောက်ဘက်ရှိ မြေပြင်က အနည်းငယ် တုန်ခါနေလေ၏။
လော့ကျားခရိုင်လေး၏ ထူထပ်သော မြူထုကြားတွင် အဝေးမှ သားရဲဟိန်းသံများက စတင်ထွက်ပေါ်လာခဲ့လေပြီ။
ယင်ရိလျိုအနေဖြင့် ဤဟိုတယ်လေးထဲတွင် ထိုင်ကာ သေဖို့စောင့်နေရန်အတွက် အစီအစဉ်မရှိပေ။
သူမ၏မြင်ကွင်းက သာမန်လူများထက် ပို၍ ကျယ်ပြန့်နေဆဲဖြစ်ပြီး ဆယ်မီတာ အကွာအဝေးအတွင်း ရှင်းလင်းစွာ မြင်နိုင်သေးသည်။
ထို့ကြောင့် မျက်စိကန်းသကဲ့သို့ ဖြစ်နေသော သာမန်လူများထက် များစွာ သာလွန်၏။
သူမက ထိုအသံလာရာကို ရှောင်တိမ်းရန်နှင့် ထိုဆူညံသံကို ဖြစ်ပေါ်စေသည့် သတ္တဝါ၏ တည်နေရာအတိအကျကို စူးစမ်းရန်အတွက်ကို ဆုံးဖြတ်လိုက်လေ၏။
ဤမျှလောက်အထိ ဆူညံမှုကို ဖြစ်စေနိုင်သည့်အတွက် အရွယ်အစား အတော်လေးကြီးသော သန္ဓေပြောင်း သားရဲများသာ ဖြစ်နိုင်သည်။
သူမက မြင်ဖူးသမျှ အကြီးဆုံး သန္ဓေပြောင်းသားရဲမှာ ချွမ်းရုံအခြေစိုက်စခန်းမှ အဆင့် (၅) သန္ဓေပြောင်း နွားလားကို ကာကွယ်ပေးထားသည့် သန္ဓေပြောင်း ဂေါ်ရီလာကြီးပင်။
ထိုဂေါ်ရီလာက လေးမီတာကျော် မြင့်မားပြီး တောင်ကုန်းလေးတစ်ခုကဲ့သို့ကြီးမားသည်။
ယခုအချိန်တွင် လော့ကျားခရိုင်သို့ အလျင်အမြန် ချဉ်းကပ်လာနေသော သန္ဓေပြောင်းသားရဲက ထိုထက်ပင် ပို၍ ကြီးမားလာပေလိမ့်မည်။
ဧရာမ သန္ဓေပြောင်း သားရဲများ ရုတ်တရက် ပေါ်ပေါက်လာခြင်းနှင့် မထင်မှတ်ဘဲ ကျရောက်လာသော ထူထပ်သည့် မြူထုကြားတွင် မည်သို့ ပတ်သက်မှုရှိသည်ကို သူမ မသိပေ။
သို့သော် ဤမြူထုက တချို့သော သတ္တဝါများကို တိတ်တဆိတ် ဆင့်ကဲပြောင်းလဲစေနေသည်မှာ သေချာပေ၏။
ယင်ရိလျို ဟိုတယ်ထဲမှ ထွက်ခွာတော့မည့်အချိန်တွင် အနောက်ဘက်ရှိ ဟိုတယ်ပိုင်ရှင် ဇနီးမောင်နှံ၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။
သူမ လှည့်ကြည့်လိုက်သည့်အချိန်တွင် သူမအပေါ်တွင် ရိုင်းစိုင်းခဲ့သော ထိုလူငယ်က အလွန်အမင်းနာကျင်နေရသကဲ့သို့ မြေပြင်ပေါ်တွင် ကွေးနေသည်ကို တွေ့လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးခိုးရောင် ရွှေရောင် အစင်းကြောင်းများက တဖြည်းဖြည်းပေါ်လာပြီး သူ၏ ကြွက်သားများကလည်း မရပ်မနား တုန်ခါနေခဲ့သည်။
သူက ယင်ရိလျို၏ စူးစမ်းသော အကြည့်ကို ခံစားမိသကဲ့သို့ ရုတ်တရက် ခေါင်းကို မော့လိုက်သည့်အတွက် သူမနှင့် မျက်လုံးချင်းဆုံသွားတော့သည်။
သူ၏ လက်ရှိအခြေအနေကို မြင်လိုက်ရချိန်တွင် ယင်ရိလျိုက အသက်ရှူမှားသွားခဲ့ရ၏။
သူမ၏ အရှေ့မှ လူငယ်၏ ပါးပြင်ပေါ်တွင် မီးခိုးရောင်သန်းနေသော ရွှေရောင်လိုင်းငယ်လေးများ ပေါ်နေသည်။
ထို့အပြင် သေချာစွာ ကြည့်လိုက်ပါက ၎င်းတို့မှည နူးညံ့သော အမွှေးအမျှင်လေးများသာ ဖြစ်နေကြောင်းကို တွေ့ရ၏။
သူက အံကို တင်းတင်းကြိတ်ထားပြီး သူ၏ ပါးကြွက်သားများကလည်း တုန်ခါနေသည်။
သူ၏ မျက်လုံးများထဲမှ အနီရောင် အဝိုင်းတို့က သွေးထွက်တော့မည့်အတိုင်းနီရဲနေကာ ယင်ရိလျိုကို ခက်ထန်စွာ စိုက်ကြည့်နေလေသည်။
ထိုအခိုက်အတန့်တွင် တစ်ချိန်က တက်ကြွခဲ့သော လူငယ်လေးက ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလာပြီး ရူးသွပ်မှု အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသောကြောင့် ယင်ရိလျိုကို ဝူဝေ့ရုန်နှင့် ဆင်တူသော ခံစားချက်မျိုးကို ပေးနေခဲ့သည်။
ထိုအချိန်တွင် သူ၏ အကြည့်က လူသားတစ်ယောက်၏ အကြည့်နှင့် မတူတော့ဘဲ တောရိုင်းသားရဲ တစ်ကောင်နှင့် ပို၍ တူနေလေသည်။
ယင်ရိလျိုက အနောက်သို့ နှစ်လှမ်းမျှ ဆုတ်လိုက်ပြီးနောက် အလွန်နိုးကြားစွာဖြင့် သူမ၏ ချီထူဓားကို ဆွဲထုတ်လိုက်လေသည်။
ဓားအိမ်ထဲမှ ထွက်လာသည့် ပြတ်သားသော အသံနှင့်အတူ သူမက ဓားရှည်ကို လက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။
ထို့နောက် ဓားဦးကို သူမ၏ အရှေ့မှ သားရဲကဲ့သို့ ဖြစ်နေသော အမျိုးသားထံသို့ တည့်တည့်ချိန်ရွယ်ထားလိုက်လေ၏။
အကယ်၍ သူသာ တစ်စုံတစ်ရာကို လှုပ်ရှားလာပါက သူမက ချက်ချင်း တိုက်ခိုက်လိမ့်မည်။
သူမက ဓားရှည်ဖြင့် သူတို့၏ သားကို ချိန်ရွယ်ထားသည်ကို မြင်သည့်အခိုက်တွင် သက်လတ်ပိုင်း ဇနီးမောင်နှံတို့က ထိတ်လန့်သွားကြ၏။
ဖော်ရွေသော ဆိုင်ရှင်မက ခေါင်းပေါင်းကို ဝတ်ထားလျက် တုန်ယင်နေသော တိဗက်လူငယ်လေးကို သူမ၏ ရင်ခွင်ထဲတွင်ထည့်ကာ ကာကွယ်ထားသည်။
တိဗက်ဝတ်ရုံကို ဝတ်ထားသော သက်လတ်ပိုင်း အမျိုးသားကတော့ သစ်သားတုတ်တစ်ချောင်းကို ကောက်ကိုင်လျက် သူ၏ ဇနီးနှင့် သား၏အရှေ့တွင် ရပ်လိုက်လေ၏။
သူက သူ၏ လက်ထဲမှ တုတ်ကို ဝှေ့ယမ်းလျက် ယင်ရိလျို နားမလည်သော ဘာသာစကားဖြင့် အော်ဟစ်နေသည်။
သူက မည်သည့် စွမ်းအားမှ မရှိသော သာမန်လူတစ်ယောက်သာ ဖြစ်သော်လည်း သူ၏ ဇနီးနှင့် သားသမီးတို့၏ အရှေ့တွင် ခိုင်မာစွာ ရပ်တည်နေဆဲပင်။
ယင်ရိလျို၏စိတ်ထဲတွင် အတော်လေး စိတ်ရှုပ်ထွေးသွားခဲ့သည်။
ဤဇနီးမောင်နှံနှစ်ဦးက သူတို့၏သားမှာ သူတို့၏သား မဟုတ်တော့ဘဲ အလွန်အန္တရာယ်များသော သတ္တဝါတစ်ကောင် ဖြစ်သွားသည့်အကြောင်းကို လုံးဝကို နားမလည်ကြပေ။
သူမကသာ အထင်မမှားပါက ဤတတိယအကြိမ်မြောက် မြူထုက ဤကမ္ဘာပျက်ကပ်ကြီး၏ နောက်ဆုံးအဆင့်အသွင်ပြောင်းလဲမှု ဖြစ်ပေလိမ့်မည်။
သို့သော် မူရင်းစာအုပ်ထဲတွင် ဤအကြောင်းကို ဖော်ပြထားခြင်း မရှိသောကြောင့် မြူထုပြီးနောက်တွင် ကမ္ဘာကြီးတွင် မည်သို့သော အပြောင်းအလဲများက ဖြစ်ပေါ်လာမည်ကို သူမ မသိရှိပေ။
သို့သော် သူမ၏ အရှေ့မှ တိဗက်လူငယ်၏ အပြောင်းအလဲများကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခုက ပေါ်လာခဲ့သည်။
ဝူဝေ့ရုန်၏ စမ်းသပ်မှုများနှင့် နှိုးဆွမှုများ မရှိဘဲနှင့်ပင် ဤမြူထုကြီးပြီးနောက်တွင် ဆင့်ကဲပြောင်းလဲလာသော မျိုးစိတ်သစ်များဖြစ်သော ကျရှုံးသူများက အမြောက်အမြား ပေါ်ထွက်လာတော့မည်။
သူမက တုံ့ဆိုင်းမနေတော့ဘဲ ချီထူ ဓားကို ဓားအိမ်ထဲသို့ တိတ်တဆိတ်ပြန်ထည့်လိုက်လေသည်။
မတိုင်မီကတော့ အကယ်၍ ထိုတိဗက်လူငယ်ကသာ သောင်းကျန်းလာပါက သူတို့ကို ကယ်တင်လိုသည့်စိတ်ဖြင့် သူမကိုယ်တိုင် သတ်ပစ်ရန်အတွက် ကြံစည်ခဲ့၏။
သို့သော် သားသမီးကို အလွန် ကာကွယ်လိုသော မိဘများ၏ အရှေ့တွင် ထိုသို့ပြုလုပ်ခြင်းက အလွန်ပင် ရက်စက်ရာ ကျပေလိမ့်မည်။
သူမက ဓားကို သိမ်းလိုက်ပြီး လှည့်ထွက်သွားချိန်တွင်မှသာ အားတင်းထားခဲ့သော သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးကလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။
ထိုတိဗက်လူငယ်က သူ့၏ ပတ်ဝန်းကျင်ရှိ ထူထပ်သော မြူထုကြီးက ဒြပ်ရှိလာသကဲ့သို့ ခံစားနေရလေ၏။ ၎င်းတို့က သူ၏ ခန္ဓာကိုယ်မှ ချွေးပေါက်တိုင်းထဲသို့ အတင်းအကျပ် တိုးဝင်ရန်အတွက် ကြိုးစားနေကြသည်။
သူက ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားနေရရုံသာမက စိတ်ပိုင်းဆိုင်ရာအရလည်း ကြမ်းတမ်းခက်ထန်လာပြီး အရှေ့တွင်ရှိသမျှ သက်ရှိမှန်သမျှကို အရှင်လတ်လတ် ဆွဲဖြဲပစ်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေ၏။
သူ၏ ရက်စက်လိုသော၊ သွေးဆာသော အတွေးများက ယခင်ကနှင့်မတူဘဲ အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။
ဤအရာအားလုံးက မြူထုကြောင့် ဖြစ်ကြောင်းကို သူ သိထား၏။
သူက နောက်ဆုံးတွင် ထိန်းချုပ်မှုက လွတ်သွားပြီး သူ့ကိုယ်သူ မထိန်းနိုင်သော မိစ္ဆာတစ်ကောင် ဖြစ်သွားကာ သူ၏ မိဘများကို တစ်စုံတစ်ခုကို လုပ်မိမည်ကို ကြောက်ရွံ့နေခဲ့သည်။
ထို့ကြောင့် မျက်နှာဖုံးကို စွပ်ထားသော လူက ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် သူ မကြောက်ရွံ့သည့်အပြင့် စိတ်အေးသွားသည့် ခံစားချက်မျိုးကိုသာ ခံစားခဲ့ရသည်။
သို့သော် ယင်ရိလျိုက လှည့်ထွက်သွားပြီးနောက်တွင် ထူထပ်သော မြူထုထဲတွင် ပျောက်ကွယ်သွားချိန်တွင်တော့ လူငယ်လေးက ခေတ္တမျှ ဟာတာတာ ဖြစ်သွားခဲ့၏။
ထို့နောက်တွင် သူက မခံမရပ်နိုင်သော နာကျင်မှုကို ခုခံရန်အတွက် သူ၏ ခွန်အားရှိသမျှကို စုစည်းလိုက်လေသည်။
ထိုအချိန်တွင် ယင်ရိလျိုကတော့ ထူထပ်သော မြူထုထဲ၌ အဆောက်အအုံများကို အမှီပြုလျက် ပြေးလွှားနေခဲ့၏။
သူမက အလွန်မြန်ဆန်စွာပြေးနေခြင်း ဖြစ်လေသည်။
သူမက ဆယ်မီတာ အကွာအဝေးအတွင်းမြင်နိုင်သောကြောင့် ဦးတည်ချက်မရှိ ပြေးလွှားနေသော လူများကို ရှောင်ကွင်းနိုင်ခဲ့၏။
သူမ သူတို့၏ အနီးမှ ဖြတ်သွားချိန်တွင် အထက်သို့ ခုန်တက်လိုက်ပြီး အိမ်နိမ့်လေးတစ်လုံး၏ အမိုး၏ အနားကို လှမ်းဆွဲပြီး ခေါင်မိုးပေါ်သို့ ဖျတ်ခနဲ တက်လိုက်လေသည်။
မြင့်သောနေရာတွင် ရပ်လိုက်သည့်အချိန်တွင်တော့ ပို၍ ဝေးဝေးသို့ မြင်နိုင်လာ၏။
သူမ အားစိုက်ကြည့်လိုက်ချိန်တွင် မြို့အခြေစိုက်စခန်း၏ အပြင်ဘက်၌ ဝေဝါးနေသော ဧရာမအရိပ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
*