အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း(248)
ယင်ရိလျိုအနေဖြင့် တိုက်ခိုက်ရန်အတွက် ထပ်မံစောင့်ဆိုင်းနေ၍ မရတော့ကြောင်းကို သိလိုက်လေ၏။
ဤဆင့်ကဲပြောင်းလဲသူများ၏ တိုက်ခိုက်မှုများက သန္ဓေပြောင်း တောဝက်ကြီး၏ အာရုံကို လွှဲပေးထားသောကြောင့် သူမအတွက် များစွာ အထောက်အကူ ဖြစ်စေသည်။
သူမက သေနတ်ကို ကိုင်ထားချိန်တိုင်းတွင် ယုံကြည်ချက် မရှိဘဲဖြစ်နေခဲ့တတ်သော်လည်း ဤအခိုက်အတန့်တွင်တော့ အလွန် တည်ငြိမ်နေလေ၏။
သူမက လက်ဖဝါးဖြင့် မှန်ပြောင်းပေါ်ရှိ မြူများကို သုတ်လိုက်ပြီးနောက် မျက်လုံးတစ်ဖက်ဖြင့် သန္ဓေပြောင်း တောဝက်ကြီးကို ပိုင်နိုင်စွာ ချိန်ရွယ်လိုက်လေသည်။
သန္ဓေပြောင်း သားရဲကြီးက သွေးများနှင့် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော်လည်း ၎င်းတို့က သူ့အတွက် ပြင်းထန်သော ဒဏ်ရာများမဟုတ်ကြောင်း ထင်ရှားနေပေ၏။
ယင်ရိလျို၏ အကဲခတ်မှုအရ ဤတောဝက်ကြီး၏ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ကျောပြင်ရှိ အရေခွံများက အလွန်ထူထဲလွန်းပြီး သူ၏ ခြေလက်များကလည်း တိုက်ခိုက်ရန်အတွက် အလွန် တိုတောင်းလွန်းသည်။
သူမ အသက်ကို အောင့်ထားပြီး လုံးဝကို မလှုပ်ရှားတော့ပေ။
ကျောက်ခဲများနှင့် အပျက်အစီးများက သူမ၏ ခေါင်းနှင့် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော်လည်း သူမကတော့ ရုပ်တုတစ်ခုကဲ့သို့ အိမ်ခေါင်မိုးတစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်နေကာ လုံးဝကို မလှုပ်မယှက် ရှိနေခဲ့၏။
သူမ၏ အကြည့်က အရှေ့မှသန္ဓေပြောင်း တောဝက်ကြီး၏ အပေါ်တွင်သာ စွဲမြဲနေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။
သေစေလောက်သော ထိုးနှက်ချက်တစ်ခုကို ပေးနိုင်မည့် အခွင့်အရေးကိုရှာဖွေရန်ပင် ဖြစ်၏။
ဝေဟင်ရှိ ဆင့်ကဲပြောင်းလဲသူများ၏ တိုက်ခိုက်မှုက တဖြည်းဖြည်း အားနည်းလာသည်ကို မြင်သည့်အချိန်တွင် သန္ဓေပြောင်း တောဝက်ကြီးက နောက်ဆုံးတွင် အရှေ့သို့ တိုးလာခဲ့တော့သည်။
ထိုအခိုက်တွင် အနီရောင် အသီးတစ်လုံးက သူ့၏ မျက်လုံးကို ထိမှန်သွားပြီးနောက် ပေါက်ကွဲသွားကာ တိုက်စားရည်များက သူ့၏ မျက်လုံးကို လောင်ကျွမ်းစေခဲ့၏။
တောဝက်ကြီးက ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ နောက်ခြေနှစ်ဖက်ဖြင့် ကြမ်းတမ်းစွာ ကန်ကျောက်လျက် မြို့၏ အကာအရံများထဲသို့ ပြေးဝင်လာခဲ့လေသည်။
ဧရာမငှက်ကြီး၏ အပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများမှာလည်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်၏။
အနီရောင် အသီးများကို ပစ်ပေါက်နေသော အပင်ဆင့်ကဲကြောင်းလဲသူပါသည့် အမျိုးသမီးမှာ ဖြူဖျော့နေပြီး သူမ၏ ပါးပြင်ပေါ်တွင် စိမ်းဖန့်ဖန့် သွေးကြောလေးများ ပေါ်လာခဲ့သည်။
“တကယ်ပဲ အသုံးမဝင်တော့ဘူး၊ ငါတို့ သူတို့ကို ဆက်ပြီးတော့ တားမထားနိုင်တော့ဘူး”
သူမ စကားပြောပြီးသည်နှင့် သူတို့၏အောက်ခြေမှ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
သူတို့၏ အောက်ဘက်ရှိ တစ်စုံတစ်ခုက ပေါက်ကွဲသွားသကဲ့သို့ပင်။
ထူထပ်သော မီးခိုးများနှင့် အဖြူရောင်မြူများက ရောယှက်သွားသောကြောင့် မည်သည့်အရာက ပေါက်ကွဲသွားသည်ကို မမြင်နိုင်တော့ပေ။
ဤမထင်မှတ်ထားသော အခြေအနေကြောင့် လူတိုင်းက ထိတ်လန့်သွားကြသော်လည်း ဧရာမငှက်ကြီးက အောက်သို့ ဆင်းမလာရဲသေးပါချေ။
အကယ်၍ အလွန် နီးကပ်သွားပါက သန္ဓေပြောင်း တောဝက်ကြီး၏ ဒဏ်ကို ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ခဏတာမျှ မည်သည့်အရာများဖြစ်ပျက်နေသည်ကို မည်သူကမျှ မမြင်နိုင်ခဲ့ကြတော့ပေ။
ခြောက်စက္ကန့်ပင် မပြည့်မီ၊ သူတို့၏ အံ့အားသင့်သည့်အသံများပင် မဆုံးသေးခင်မှာပင် သူတို့၏ အရှေ့တွင် ဟိန်းဟောက်နေသော သန္ဓေပြောင်း တောဝက်ကြီး၏ မျက်နှာပေါ်၌ ဧရာမ မီးပွင့်ကြီးတစ်ခုက ရုတ်တရက် ပေါက်ကွဲသွားပြီးနောက် အသားစများနှင့် သွေးများက နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။
“ဘာတွေ ဖြစ်နေတာလဲ!”
“ဘာဖြစ်သွားတာလဲ”
ဤရုတ်တရက် အပြောင်းအလဲကို မည်သူကမှ မတုံ့ပြန်နိုင်ကြသေးပေ။
သူတို့က အောက်ဘက်မှ ထွက်ပေါ်လာသော မီးခိုးလုံးကြီးများကို ငေးကြည့်နေကြမိသည်။
ဆင့်ကဲပြောင်းလဲသူ တစ်ဦးက တိဗက်ဘာသာဖြင့် မယုံနိုင်စွာ အော်ဟစ်လိုက်လေ၏။
“အဲဒီအကောင်ကြီးက ပေါက်ကွဲသွားတာလား၊ ငါမြင်လိုက်တာ မမှားဘူးမလား”
သူ၏အမြင်အာရုံက မမှားခဲ့ပါချေ။
သန္ဓေပြောင်း တောဝက်ကြီး၏ မျက်နှာက ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်၏။
ပြင်းထန်သော ပေါက်ကွဲစေတတ်သည့် အမြောက်ဆန်ကြီး တစ်ခုက သူ့၏ ဟိန်းဟောက်နေသော ပါးစပ်ထဲသို့ တည့်တည့် ထိမှန်သွားပြီး အထဲဘက်ရှိ နူးညံ့သော အသားများထဲတွင် ပေါက်ကွဲသွားစေကာ သူ၏ ဦးခေါင်းတစ်ခုလုံးနီးပါးကို ကြေမွသွားစေခဲ့၏။
ဤသတ္တဝါကြီးကို ကျည်ဆန်တစ်ခုနှင်် ထိမှန်သွားခြင်းပင်ဖြစ်သော်လည်း ထိုကျည်ဆန်ကတော့ သူတို့ ပစ်လိုက်ခြင်း မဟုတ်ခဲ့ပေ။
အကြောင်းမှာ သူတို့တွင် ထိုကဲ့သို့သော လက်နက်မျိုး မရှိသကဲ့သို့၊ ထိုအကွာအဝေးမှနေ၍ သန္ဓေပြောင်း တောဝက်ကြီး၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကိုလည်း ထူထပ်သော မြူများကြား၌ ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရလျှင် တစ်စုံတစ်ယောက်က မုဆိုးတစ်ယောက်ကဲ့သို့ တိတ်တဆိတ် ချောင်းမြောင်းနေခဲ့ပြီး သားကောင်ကို သေစေလောက်သော ထိုးနှက်ချက်ကို ပေးရန်အတွက် စောင့်ဆိုင်းနေခဲ့ခြင်းပင်။
ဤအကြောင်းကို သဘောပေါက်သွားချိန်တွင် ဆင့်ကဲပြောင်းလဲသူတိုင်းက လွင့်စင်နေသော မြူများရှိရာအရပ်သို့ ကြည့်လိုက်ကြပြီး ထိုလျှို့ဝှက်ဆန်းပြားသော ပုံရိပ်ကို ရှာဖွေရန်အတွက် ကြိုးစားကြတော့၏။
ထိုအချိန်တွင် သန္ဓေပြောင်း တောဝက်ကြီးမှာတော့ မျက်နှာက မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင် မီးလောင်ကျွမ်းနေပြီး အသက်ကို ပြင်းထန်စွာ ရှူနေခဲ့လေ၏။
ခဏကြာပြီးနောက် ပျက်စီးနေသော အပျက်အစီးများကြားတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ကျရောက်သွားပြီး မည်သူကမှ မလှုပ်ရှားရဲကြတော့ပေ။
ယင်ရိလျို၏ ကျောပြင်တစ်ခုလုံးကလည်း ချွေးများဖြင့် စိုရွှဲနေခဲ့လေပြီ။
အကယ်၍ သာမန်သန္ဓေပြောင်းသားရဲတစ်ကောင်သာဆိုလျှင် သူမအနေဖြင့် ဤမျှအထိ ဒုက္ခခံနေမည်မဟုတ်ပေ။
သို့သော် ဤတောဝက်ကြီး၏ ခြေဖဝါးအောက်တွင် အပိုင်းပိုင်းကြေမွသွားရသည့် သာမန်လူပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေခဲ့ပြီဖြစ်သည်။
အကယ်၍ သူမကသာ မတားဆီးခဲ့ပါက နောက်ထပ်လူပေါင်းများစွာ သေဆုံးရပေဦးမည်။
ဆိုရလျှင် သူမသည်လည်း တစ်ချက်တည်းနှင့် အောင်မြင်လိမ့်မည်ဟု အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။
သန္ဓေပြောင်းသားရဲကြီးက သူ၏အားနည်းချက်ဖြစ်သော ပါးစပ်နှင့် လည်ချောင်းကို ဖော်ထုတ်လျက် မေးရိုးကြီးများကို ဟိန်းဟောက်ဖွင့်ဟလိုက်မည့်အချိန်ကို သူမက စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
အခွင့်အရေး ရောက်ရှိပြီဟု သိလိုက်သည်နှင့် သူမက တုံ့ဆိုင်းမှုမရှိဘဲ စိတ်ဓာတ်ခိုင်မာစွာဖြင့် မောင်းခလုတ်ကို ဆွဲညှစ်လိုက်၏။
နောက်တစ်စက္ကန့်တွင် ဧရာမပေါက်ကွဲသံကြီးနှင့်အတူ ထွက်ပေါ်လာသော မီးခိုးလုံးကြီးများက သူမ၏ မြင်ကွင်းကို ဖုံးလွှမ်းသွားခဲ့လေသည်။
ဟိန်းဟောက်သံကြီးက ရုတ်တရက် ရပ်တန့်သွားသည်ကို ကြားလိုက်လေ၏။
သူမက အောင်မြင်သွားခဲ့လေပြီ။
ပါးစပ်၏ အတွင်းပိုင်းဆိုသည်မှာ သန္ဓေပြောင်းသားရဲများအတွက် နူးညံ့ပြီး အားနည်းသော နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
ထို့အပြင် ဤစနိုက်ပါရိုင်ဖယ်က ဆက်သွယ်ရေးယာဉ်များနှင့် ရဟတ်ယာဉ်ငယ်များကိုပင် ပေါက်ကွဲစေနိုင်စွမ်းရှိ၍
၎င်း၏စွမ်းအားက မည်မျှကြီးမားမည်ကို ခန့်မှန်းကြည့်နိုင်၏။
ယင်ရိလျိုက သူတစ်ပါး၏ သတိထားမိခြင်းကို မခံချင်ခဲ့ပေ။
ထို့ကြောင့်ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ပြီးနောက်တွင် သူမက ချက်ချင်း ထရပ်လိုက်ပြီး စနိုက်ပါရိုင်ဖယ်ကို နေရာလွတ်ထဲသို့ ထည့်ပြီး တစ်ဖက်ရှိ အိမ်ခေါင်မိုးပေါ်သို့ ခုန်ကူးပြေးလွှားသွားတော့၏။
ဝေဟင်ထက်တွင် ရှိနေသော မျက်စိလျှင်သည့် ဆင့်ကဲပြောင်းလဲသူတစ်ဦးက ထူထပ်သောမြူများကြားမှ သွယ်လျသောပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည့်အတွက် ယင်ရိလျို၏နောက်ကျောကို လက်ညှိုးထိုးပြီး ချက်ချင်းပြောလိုက်လေ၏။
“အဲဒီလူပဲ!”
“အဲဒါကို ခဏထားလိုက်ဦး၊ အရင်ဆုံး ဒီကောင်ကို အပြတ်ရှင်းကြရအောင်!”
ဤအချိန်တွင် သန္ဓေပြောင်းတောဝက်ကြီးက ပြင်းထန်စွာ ဒဏ်ရာရနေပြီဖြစ်၍ ဝိုင်းဝန်း၍ တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်၏။
ခုခံနိုင်စွမ်းမရှိတော့ဟု ထင်မှတ်ထားခဲ့သော ဆင့်ကဲပြောင်းလဲသူများက ရုတ်တရက် စိတ်လှုပ်ရှားလာကြပြီး သူတို့၏ စိတ်ဓာတ်များကလည်း တက်ကြွလာခဲ့၏။
ဧရာမငှက်ကြီးများက ကောင်းကင်ယံတွင် ဝဲပျံရင်း အော်ဟစ်နေကြသည်။
ဒဏ်ရာများဖြင့်ပြည့်နေသော သန္ဓေပြောင်းတောဝက်ကြီးက ယခင်ကကဲ့သို့ အနိုင်မရနိုင်သော သားရဲကြီးမဟုတ်တော့ပေ။
၎င်း၏ သွေးချင်းချင်းနီနေသော ဒဏ်ရာများကို အမျိုးမျိုးသော စွမ်းအားများ၊ နည်းလမ်းများဖြင့် အထပ်ထပ်အခါခါ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံနေရသည်။
သားရဲကြီး၏ ဟိန်းဟောက်သံများကို မကြားရတော့ပေ။
ယင်ရိလျို သူမ၏မျက်နှာမှ မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီးနောက် ချွေးစိုနေသော ပါးပြင်ကို သုတ်လျက် အိမ်ခေါင်မိုးနိမ့်လေးများပေါ်မှ ပြေးလွှားနေခဲ့၏။
သူမအနေဖြင့် ခေတ္တမျှ တည်းခိုခဲ့သော ဟိုတယ်အနီးမှ ဖြတ်သွားချိန်တွင် ခြံထဲသို့ အမှတ်မထင် လှမ်းကြည့်မိသည်။
ထိုခြံက ဗလာဖြစ်နေလေပြီ။ မြူများကြားတွင် သန္ဓေပြောင်းသွားခဲ့သော တိဗက်လူငယ်လေးက မည်သို့ရှိနေမည်နည်း။
သို့သော် ယခုအချိန်တွင် သူမ အလေးအနက် စဉ်းစားရမည့်အရာက တခြားသူများအတွက်မဟုတ်ဘဲ သူ့မကိုယ်တိုင်အတွက်သာ ဖြစ်သည်။
ဤမြူထုက ထူးဆန်းစွာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၍ နောက်ဆက်တွဲအနေဖြင့် မည်သို့သော ထူးခြားသည့် အပြောင်းအလဲများကို ဖြစ်ပေါ်လာဦးမည်ကို မည်သူကမှမသိနိုင်ပေ။
ပြည်မကြီးသို့ အလျင်အမြန် ပြန်နိုင်ရန်က ခက်ခဲပုံရသည်။
ယင်ရိလျို သက်ပြင်းချလိုက်ပြီး မြူထုထဲသို့ ပိုမို၍ နက်ရှိုင်းစွာ တိုးဝင်သွားလေ၏။
လော့ကျားခရိုင်က မကြီးမားလွန်းပါချေ။ မြို့တွင်းအခြေအနေက အတော်လေးကောင်းမွန်သော်လည်း မြို့ပြင်ကတော့ လုံးဝကိုခြားနားသော အနေအထား ဖြစ်နေသည်။
သန္ဓေပြောင်းတောဝက်ကြီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများက တောအုပ်ထဲတွင် အကောင်မည်မျှ ပုန်းအောင်းနေဦးမည်ကို မည်သူကမှ မသိနိုင်ပေ။
အရှေ့မှမြင်ကွင်းက မရှင်းလင်းသည့် ကိစ္စတစ်ခုတည်းနှင့်တင် ယင်ရိလျိုအတွက် အခက်အခဲများစွာကို ဖြစ်စေခဲ့သည်။
သေသေချာချာ စဉ်းစားပြီးနောက်တွင် သူမက လော့ကျားခရိုင်တွင် နှစ်ရက်၊ သုံးရက်ခန့် ဆက်နေရန်အတွက် ဆုံးဖြတ်လိုက်လေ၏။
ယခင်က မြူထုကျရောက်ခဲ့သော အတွေ့အကြုံများအရ မြူထုက အနည်းဆုံး တစ်ရက်၊ နှစ်ရက်မှ အများဆုံး တစ်ပတ်အတွင်း လုံးဝ ကင်းစင်သွားလိမ့်မည်။
ဤအချိန်တွင် မြို့ထဲရှိ တိဗက်လူမျိုးများကို ဆင့်ကဲပြောင်းလဲသူများက ဦးဆောင်ကာ အခြေစိုက်စခန်း၏ အလုံခြုံဆုံးနေရာသို့ ရွှေ့ပြောင်းပေးထားကြ၏။
မြို့တံခါး၏ အပြင်ဘက်မှ တိတ်ဆိတ်မှုက အထဲဘက်သို့ပြန်လည်စိမ့်ဝင်လာချိန်မှသာ လူတိုင်းလည်း တဖြည်းဖြည်း သတိပြန်ဝင်လာကြ၏။
“အာချင်းတို့ရဲ့အဖွဲ့က အဲဒီသန္ဓေပြောင်းသားရဲကို မောင်းထုတ်လိုက်ပြီလား”
“ငါတို့ အခု ပြန်လို့ရပြီလား”
သန္ဓေပြောင်းသားရဲကြီးကို အပြတ်ရှင်းလင်းပြီးပြီဖြစ်ကြောင်းကို အတည်ပြုပြီးနောက်တွင် ဘေးကင်းရာဇုန်ရှိ တိဗက်လူမျိုးများက မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာကြသည်။
ပျက်စီးသွားသော မြို့တံခါးများနှင့် အဆောက်အအုံများကို အမြန်ဆုံး ပြုပြင်ရန် လိုအပ်၏။
လက်ရှိ ပျက်စီးနေသော အခြေအနေဖြစ်ဆိုပါက မည်သည့်ဘေးအန္တရာယ်ကိုမှ တောင့်ခံနိုင်မည် မဟုတ်ပေ။
*