အခန်း ၃၃၁
Vol. 34 Ch. 331
အပိုင်း ၃၃၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ထိုမြင်ကွင်းကို ထူလင်းတိ မြင်သောအခါ အသံမာမာဖြင့် မေးလိုက်သည်။
“ရန်သူ့ လေးစစ်သည်ကို ဘာလို့ ဖိနှိပ်မထားတာလဲ”
နဂါးလေးကိုင်စစ်သည်တစ်ဦးက ပြန်ဖြေသည်။
“သခင်မလေး... တစ်ဖက်က နတ်အဆင့် မြှားပစ်ပါရမီရှင်ပါ... သူက ခံစားချက်နဲ့ ပစ်ခတ်နေတာမို့ ချိန်ရွယ်ဖို့ လုံးဝ မလိုသလို စိတ်ဝိညာဉ်စွမ်းအားလည်း အများကြီး မလိုဘူး... ကျွန်တော်တို့ သူ့ကို ဖိနှိပ်ဖို့ အရမ်းခက်နေပါတယ်”
ထူလင်းတိ ထပ်မေးလိုက်သည်။
“သူ့ရဲ့ လေးပစ်အဆင့်က ဘယ်လောက်လဲ”
နဂါးလေးစစ်သည်က ခန့်မှန်းလိုက်၏။
“သူ့မြှားရဲ့ အမြန်နှုန်းနဲ့ ခွန်အားကို ကြည့်ရတာ အလယ်အလတ်အဆင့် လေးစစ်သည် ဖြစ်လောက်တယ်”
ထူလင်းတိ ဒေါသတကြီး အော်ဟစ်လိုက်၏။
“နဂါးလေးစစ်သည် သုံးယောက်ကတောင် အလယ်အလတ်အဆင့် လေးစစ်သည်ကို မဖိနှိပ်နိုင်ဘူးလား”
အမှန်တရားမှာ ထိုအတိုင်းပင်။ နတ်အဆင့် မြှားပစ်ပါရမီရှင်ဆိုသည်မှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိ၏။
များပြားလှသော ဆီပူအိုးများ လွင့်စဉ်ကုန်ပြီး ဒိုင်းလွှားများနှင့် မြို့တက်လှေကားများပေါ်သို့ ဖိတ်စင်ကုန်သည်။ ထို့နောက် မီးမြှားများ ကျဆင်းလာပြီး ချက်ချင်းပင် ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။
ဧရာမ ဒိုင်းလွှားကြီးများ လောင်ကျွမ်းသွားသလို မြို့တက်လှေကားများလည်း လောင်ကျွမ်းကုန်၏။
မြို့ရိုးတစ်ခုလုံးမီးတောက်များ ဟုန်းဟုန်းတောက် လောင်ကျွမ်းလာလေပြီ။
မီးတောက်များကြား၌ ဒိုင်းလွှားများကို မထားသည့် စစ်သည်များမှာ နောက်ဆုံး၌ တောင့်မခံနိုင်တော့ဘဲ အနည်းငယ် ယိမ်းယိုင်သွားကြ၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ထိုအချိန်တွင် ကြောက်မက်ဖွယ် ဧရာမ ကျောက်တုံးကြီးများက ပြင်းထန်စွာ ကျဆင်းလာရာ ဒိုင်းလွှားများကို အမြင့်သို့ မထားသည့် စစ်သည်များမှာ နောက်ဆုံး၌ တောင့်မခံနိုင်တော့ဘဲ မီတာအနည်းငယ် မြင့်သော လှေကားပေါ်မှ ပြုတ်ကျသွားကြတော့သည်။
ထို့နောက်။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
မရေမတွက်နိုင်သော မြှားများ ထပ်မံ ပစ်ခတ်လား ဧရာမ ကျောက်တုံးကြီးများနှင့် သစ်တုံးများ ပြင်းထန်စွာ ကျဆင်းလာကာ ပူလောင်လှသည့် ဆီများလည်း လောင်းချခံရသည်။
စူးရှသည့် အော်ဟစ်သံများ လေထဲတွင် ပဲ့တင်ထပ်နေသည်။
ခဏအကြာ၌ ထို မြို့တက်လှေကားပေါ်ရှိ စစ်သည်အားလုံး အသေဆိုးဖြင့် သေဆုံးသွားကြကုန်ပြီ။
မီးလောင်သေဆုံးသူ၊ ပိကျသေဆုံးသူ၊ ပြုတ်ကျသေဆုံးသူ အမျိုးမျိုး ရှိနေကြ၏။
မြို့တက်လှေကား တစ်ခုစီပေါ်ရှိ စစ်သည်အားလုံးမှာ အရှေ့ဆုံးမှ ဒိုင်းစစ်သည်တော်၏ ကာကွယ်ပေးမှုကိုသာ အပြည့်အဝ အားကိုးနေရသည်။ ထိုသူ လဲကျသွားသည်နှင့် တစ်ပြိုင်နက် ထိုမြို့တက်လှေကားပေါ်ရှိ လူအားလုံး သေချာပေါက် သေဆုံးမည်သာ။
ဒိုမီနို အတုံးလေးများ ပြိုကျသွားသည့်အလား ပထမဆုံး ဒိုင်းစစ်သည်တော် လဲကျသွားပြီးနောက် ဒုတိယလူ၊ တတိယလူ၊ စတုတ္ထလူ၊ ပဉ္စမလူ...။
ဒိုင်းစစ်သည်တော်များ လဲကျသွားကာ မြို့တက်လှေကားများ ဖျက်ဆီးခံလိုက်ရပြီး နေရာအနှံ့၌ လူ ရာပေါင်းများစွာ သေဆုံးသွားသည်ကို ယန်ယန် မျှော်လင့်ချက်မဲ့စွာ ကြည့်နေရသည်။
သို့သော် သူ၏ မျက်လုံးထောင့်များက အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်း မရှိချေ။
ထိုသည်မှာ မြို့သိမ်းတိုက်ပွဲပင်။ လူ့အသက်များကို ပုံအော တိုက်ခိုက်ရခြင်းဖြစ်ပြီး လုံးဝ လှည့်ကွက် မရှိပေ။ မည်သူက သေခြင်းတရားကို မကြောက်ရွံ့ဘဲ တိုက်ခိုက်နိုင်မည်နည်း၊ ထိုသူက အနိုင်ရမည်သာ။
ယန်ယန် အမိန့်ပေးလိုက်သည်။
“ဒုတိယလှိုင်း... တက်ကြ”
သူ အမိန့်ပေးလိုက်သည်နှင့် ဒုတိယအသုတ်မှ ခွန်အား အခြေပြုစစ်သည်တော် ရာချီက နေရာအနှံ့ရှိ မြှားမိုးများကို အန်တုလျက် ဧရာမ မြို့တက်လှေကားကြီးများကို မကာ ပြေးဝင်သွားကြပြန်သည်။
ကောင်းကင်ကြီးကိုပင် တုန်လှုပ်သွားစေမည့် စစ်စည်တော်သံများက ယခင်အတိုင်း နားကွဲမတတ် ဆူညံနေဆဲပင်။
……
ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တစ်ခုလုံး သားသတ်ရုံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။
သန်းခေါင်ယံအချိန်မှ မိုးလင်းသည်အထိ။ ထို့နောက် နေထွက်လာပြီး မွန်းတည့်ချိန်အထိ တိုက်ခိုက်ခဲ့ကြ၏။
နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။
စစ်မြေပြင် တစ်ခုလုံး၌ မြှားမိုးမည်မျှ ပစ်ခတ်ခဲ့မှန်း မသိတော့ချေ။ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ အပြင်ဘက် မြေပြင်တွင် လက်မတိုင်း၌ မြှားများ စိုက်ဝင်နေ၏။
ယန်ယန်တစ်ယောက် လှေကားမပြီး မြို့ကို တိုက်ခိုက်ရန် အကြိမ်မည်မျှ အမိန့်ပေးခဲ့မှန်း မသိတော့ပေ။ ခွန်အား အခြေပြုစစ်သည်တော်များ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားကြကာ မြို့တက်လှေကားများ တစ်ခုပြီးတစ်ခု ထောင်မတ်သွားခဲ့သည်။
ဒိုင်းစစ်သည်တော်များ တောင့်မခံနိုင်ဘဲ လဲကျသွားပြီးနောက် မြို့တက်လှေကား တစ်ခုလုံးရှိ လူအားလုံး အပြည့်အဝ သေဆုံးသွားကြ၏။
မြို့ရိုးအောက်ရှိ အလောင်းများ ပို၍ ပို၍ များပြားလာသည်။
ရာချီ၊ ထောင်ချီ၊ နှစ်ထောင်၊ သုံးထောင်...။
နောက်ဆုံး၌ နေရာအနှံ့တွင် အလောင်းများသာ ပြည့်နှက်နေတော့သည်။
ယန်ယန်၏ တပ်ဖွဲ့မှာ ထို မီတာနှစ်ဆယ်မြင့်သော မြို့ရိုးများပေါ်သို့ မည်သူမျှတက်ရောက်နိုင်ခြင်း မရှိသေးချေ။
ယခုနောက်ဆုံးလှိုင်း မြို့သိမ်းတပ်ဖွဲ့သည်လည်း ယခင်အတိုင်းပင် ဖြစ်သွားသည်ကို မြင်သောအခါ ယန်ယန်၏ မျက်နှာ အေးစက်သွားပြီး ကျယ်လောင်စွာဖြင့် ထပ်မံအမိန့်ပေးလိုက်သည်။
“နောက်တစ်လှိုင်း... တက်ကြ”
တပ်မှူး တွမ် တုန်ရီသောအသံဖြင့် လျှောက်တင်လာ၏။
“သခင်ကြီး... နောက်တစ်လှိုင်း မရှိတော့ပါဘူး... ဒိုင်းစစ်သည်တော် အားလုံးနီးပါး တိုက်ပွဲမှာ ကျဆုံးသွားပါပြီ... ဧရာမ ခွန်အား အခြေပြုစစ်သည်တော်တွေလည်း အနည်းငယ်ပဲ ကျန်ပါတော့တယ်”
ယန်ယန်၏ မျက်လုံးထောင့်များ တုန်ရီသွားလေပြီ။
“ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိလဲ”
“ငါးထောင်ပါ... ကျွန်တော်တို့က အထက်မြက်ဆုံး တပ်ဖွဲ့ ဖြစ်ပေမဲ့ ထိခိုက်သေဆုံးမှု သုံးဆယ်ရာခိုင်နှုန်း ကျော်သွားလို့ အခု ပြိုကွဲလုနီးပါးဖြစ်နေပါပြီ... ကျွန်တော်တို့က လွင်ပြင်တိုက်ပွဲ ကြေးစားစစ်သည်တွေပါ... မြို့သိမ်းတိုက်ပွဲမှာ အားနည်းပါတယ်”
ယန်ယန် ပြန်ချေပလိုက်သည်။
“ဘယ်အရာမှ အားနည်းတယ်ဆိုတာ မရှိဘူး... မြို့သိမ်းတိုက်ပွဲဆိုတာ လူ့အသက်တွေကို ပုံပြီး တိုက်ရတာပဲ”
တပ်မှူး တွမ် ရှင်းပြသည်။
“ဒါပေမဲ့... ကျွန်တော်တို့ လူအင်အားက ရန်သူလောက် မများဘူးလေ... အခု ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ထဲက ရန်သူတွေရဲ့ ထိခိုက်သေဆုံးမှုက အရမ်း နည်းပါသေးတယ်”
ယန်ယန် တိတ်ဆိတ်သွား၏။
တပ်မှူး တွမ် အကြံပြုလိုက်သည်။
“ဆုတ်ခွာကြရအောင်... နောက်ထပ် နာရီအနည်းငယ် ကြာရင် သခင် ဆိုလွန်ရဲ့ တပ်ဖွဲ့ ရောက်လာတော့မှာပါ... အဲ့ဒီအချိန်ကျမှ ထပ်ပြီး တိုက်ခိုက်ကြတာပေါ့”
ယန်ယန် မျက်လုံးများ မှိတ်လိုက်၏။
“မဖြစ်ဘူး... အခု ဆုတ်ခွာလိုက်ရင် အရင်က ပေးဆပ်ခဲ့တာတွေ အကုန် အလကား ဖြစ်သွားလိမ့်မယ်... အရာအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်... အခုက သတ္တိနဲ့ စိတ်ဓာတ်ကို အားကိုးပြီး တိုက်ရမယ့် အချိန်ပဲ”
တပ်မှူး တွမ် စောဒကတက်သည်။
“ဒါပေမဲ့... ကျွန်တော်တို့ဆီမှာ လူမရှိတော့ဘူးလေ... ညီအစ်ကိုတွေကို သေချာ ကြည့်ပါဦး... လူတွေ အများကြီး သေသွားလို့ စိတ်ဓာတ်တွေလည်း ကျကုန်ကြပြီ”
ယန်ယန် ပတ်ဝန်းကျင်ရှိ စစ်သည်များကို ကြည့်လိုက်သောအခါ လူတိုင်း၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုများ စတင် ဖြစ်ပေါ်နေသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရ၏။
နာရီပေါင်းများစွာကြာသည့် တိုက်ပွဲမှာ သားသတ်ရုံကြီး တစ်ခုနှင့် တူညီနေသည်။ မည်မျှများပြားသော စစ်သည်များကို စေလွှတ်စေကာမူ အားလုံး သေဆုံးသွားကြသည်သာ။
မည်သူမှ မြို့ရိုးပေါ်သို့ ချောမွေ့စွာ မတက်နိုင်ခဲ့ချေ။
ကျန်ရှိနေသည့် တပ်ဖွဲ့ တစ်သောင်းကျော်မှာ အမှန်တကယ် ပြိုကွဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေလေပြီ။
မည်သည့် တပ်ဖွဲ့မဆို ထိခိုက်သေဆုံးမှု သုံးဆယ်ရာခိုင်နှုန်း ကျော်သွားပါက နောက်ဆက်တွဲ ရလဒ်မှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ အနည်းငယ် တွန်းတိုက်ခံရရုံဖြင့် ကြီးမားသည့် ပြိုကွဲမှုကြီး ဖြစ်ပေါ်သွားနိုင်သည်။
……
သို့သော် ထိုအချိန်၌ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ထဲတွင်မူ ယမန်နေ့က စိတ်ဓာတ်ကျဆင်းမှုများ လုံးဝ ပျောက်ကွယ်သွားပြီး အထူးတလည် တက်ကြွနေကြ၏။
အဘယ်ကြောင့်ဆိုသော် ရန်သူများ၏ တစ်လှိုင်းပြီးတစ်လှိုင်း တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့သောကြောင့်ပင်။
လင်ဟိုင် တပ်ဖွဲ့နှင့် မဟူရာ တပ်ဖွဲ့မှ စစ်မှန်သော လက်ရွေးစင်များက ယန်ယန်တပ်ဖွဲ့၏ တိုက်ခိုက်မှုများကို အကြိမ်မည်မျှ တွန်းလှန်ခဲ့မှန်းပင် မသိတော့ချေ။
ယခုအခါ ယန်ယန်တပ်ဖွဲ့၏ အခြေအနေမှာ လုံးဝ ကျဆင်းနေပြီး အသစ်တစ်ဖန် တိုက်ခိုက်ရန်အတွက် စုစည်း၍ပင် မရနိုင်တော့ပေ။
ထိုတိုက်ပွဲက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။ ယန်ယန်၏ ပထမဆုံး တိုက်ခိုက်မှုလှိုင်းမှာ အလွန် အံ့မခန်းဖြစ်ခဲ့ပြီး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ပေါ်သို့ တက်ရောက်နိုင်လုနီးပါး ဖြစ်ခဲ့သည်။
ကျိနင်ပင် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် ကျဆုံးသွားတော့မည်ဟု ထင်မှတ်ခဲ့ရ၏။
သို့သော် ထင်မှတ်မထားဘဲ ယန်ယန်၏ ပထမဆုံး တိုက်ခိုက်မှုလှိုင်းကသာ ထိပ်ဆုံးသို့ တစ်ကြိမ် ချဉ်းကပ်နိုင်ခဲ့သည်။ နောက်ပိုင်း တိုက်ခိုက်မှုများ၌ ဆယ့်ငါးမီတာခန့်အထိပင် မတက်နိုင်တော့ဘဲ ရန်သူ့တပ်သားအားလုံး ထိခိုက်သေဆုံးသွားခဲ့ကြသည်။
ကျိနင် မေးလိုက်သည်။
“ငါတို့ရဲ့ ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိလဲ”
နူအာတန် ပြန်ဖြေ၏။
“တစ်ထောင်တောင် မပြည့်ပါဘူး”
ကျိနင် ထပ်မေးလိုက်သည်။
“ယန်ယန် တပ်ဖွဲ့ရဲ့ ထိခိုက်သေဆုံးမှုကရော”
နူအာတန် ပြန်ဖြေလိုက်၏။
“ငါးထောင်ကျော်ပါတယ်... ထိခိုက်သေဆုံးမှု သုံးဆယ်ရာခိုင်နှုန်း ကျော်သွားလို့ ဒီတိုက်ပွဲကို ဆက်တိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး... ရန်သူတွေ ဆုတ်ခွာချင်နေလောက်ပြီ”
ကျိနင် လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
“ကြည့်ရတာ ကြေးစားစစ်သည်တွေက မြို့သိမ်းတိုက်ပွဲမှာ တကယ် အားနည်းတာပဲ... ယန်ယန် ဆုတ်ခွာတာနဲ့ တစ်ပြိုင်နက် လက်ရွေးစင် အားလုံးကို လွှတ်ပြီး လိုက်လံ တိုက်ခိုက်ခိုင်းမယ်... အဲ့ဒီအချိန်ကျရင် ယန်ယန် သေချာပေါက် အမြစ်ပြတ်သွားလိမ့်မယ်”
နူအာတန် စိတ်လှုပ်ရှားစွာ ထောက်ခံလိုက်၏။
“ယန်ယန်ရဲ့ အဓိက တပ်မကြီး ပြိုကွဲသွားရင် ဆိုလွန်ရဲ့ လူထောင်ဂဏန်းလောက်က ဘာအရေးပါတဲ့ ကိစ္စမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး... သူတို့ ရှုံးနိမ့်ပြီး အမြစ်ပြတ်သွားဖို့ သေချာသွားပါပြီ”
လူလေးယောက်လုံး၏ မျက်နှာများပေါ်၌ စိတ်လှုပ်ရှားဖွယ် အပြုံးများ ပေါ်လာကြ၏။
အောင်ပွဲက သူတို့ အရှေ့၌ ရှိနေလေပြီ။
……
တပ်မှူး တွမ် တောင်းဆိုလိုက်သည်။
“ဆုတ်ခွာပါတော့ သခင်... ကျွန်တော် အနောက်ကနေ ကာကွယ်ပေးပါ့မယ်”
ယန်ယန် ခေါင်းရမ်းလိုက်၏။
“မဖြစ်ဘူး... ဆုတ်ခွာလိုက်တာနဲ့ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်... ပြီးတော့ ဒီလို စိတ်ဓာတ်ကျနေချိန်မှာ ရန်သူက အခွင့်ကောင်းယူပြီး လိုက်လံ တိုက်ခိုက်လာရင် ငါတို့ အမြစ်ပြတ်သွားနိုင်တယ်”
တပ်မှူး တွမ် ရှင်းပြသည်။
“ဒါပေမဲ့... ကျွန်တော်တို့ အသစ်တစ်ဖန် ပြန်တိုက်ဖို့ စုစည်းလို့ မရတော့ဘူးလေ... ဒိုင်းစစ်သည်တော် အားလုံး တိုက်ပွဲမှာ ကျဆုံးသွားပါပြီ... ရန်သူက နည်းနည်းလေး တွန်းတိုက်လိုက်တာနဲ့တင် ငါတို့ရဲ့ တပ်ဖွဲ့တွေ သေချာပေါက် ပြိုကွဲသွားလိမ့်မယ်”
ယန်ယန်၏ မျက်လုံးထောင့်များ အပြင်းအထန် လှုပ်ခတ်သွားသည်။
သူ ဦးဆောင်နေသည့် ကြေးစားစစ်သည်များမှာ မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံ များများစားစား မရှိကြသည်မှာ အမှန်ပင်။ အစစ်အမှန် မြို့သိမ်းတိုက်ပွဲက စိတ်ကူးထဲကထက်ပင် ပိုမို အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းလှ၏။
မြို့သိမ်းတိုက်ပွဲများ၌ စစ်သည်အင်အား နှစ်ဆ သုံးဆခန့် အသုံးပြုရသည်မှာ အံ့ဩစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသည်မှာ အလောင်းများကို အပြည့်အဝ ပုံအောပြီး တိုက်ခိုက်ရခြင်းကြောင့်ပင်။
သို့သော် ယန်ယန်၏ စစ်သည်အင်အားမှာ တစ်သောင်းခွဲသာ ရှိပြီး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှ တစ်သောင်းကိုးထောင်ထက်ပင် နည်းပါးနေသည်။
ယခုအခါ ထိခိုက်သေဆုံးမှု ငါးထောင်ခန့် ရှိနေပြီး ထို အသားနှင့် သွေး စားသုံးမှုမှာ တစ်ဝက်သို့ ရောက်ရှိနေလေပြီ။ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို သိမ်းပိုက်လိုပါက အနည်းဆုံး လူနှစ်သောင်းခန့် လိုအပ်ပြီး လူထောင်ပေါင်းများစွာ သေဆုံးရဦးမည် ဖြစ်သည်။
သို့သော် သူ၏ လက်ထဲ၌ ပြေးဝင်တိုက်ခိုက်မည့် စစ်သည်များ မရှိတော့ချေ။
ယန်ယန် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“မအောင်မြင်ရင် အသေခံမယ်... အခု ဆုတ်ခွာလိုက်ရင် သေချာပေါက် ရှုံးနိမ့်မှာပဲ”
တပ်မှူး တွမ် စောဒကတက်သည်။
“ဒါပေမဲ့... ကျွန်တော်တို့မှာ ပြေးဝင်တိုက်ခိုက်မယ့် စစ်သည်မှ မရှိတော့တာ... ဒိုင်းစစ်သည်တော်တွေလည်း မရှိတော့ဘူး”
ယန်ယန်က ဧရာမ ဒိုင်းလွှားကြီး တစ်ခုကို ကောက်ယူကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။
“လူတစ်ရာတပ်မှူး၊ လူတစ်ထောင်တပ်မှူးတွေ အပါအဝင်... အလယ်အလတ် စစ်သည်၊ အဆင့်မြင့်စစ်သည် အားလုံး တန်းစီကြ”
ချက်ချင်းပင် လူတစ်ရာခန့် တပ်ဖွဲ့ထဲမှ ထွက်လာကြသည်။ ထိုလူများမှာ ငွေရောင်ဝံပုလွေ တပ်မတော်၏ အရာရှိအားလုံးဖြစ်ပြီး အားလုံးမှာ အဆင့်မြင့်စစ်သည်များပင်။
အပိုင်း ၃၃၁ ပြီး။