← Chapters

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း ၃၃၂

Vol. 34 Ch. 332

အပိုင်း ၃၃၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ယန်ယန်တစ်ယောက် သူ့ရှေ့မှစစ်သည်များကိုကြည့်ကာ အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီးနောက် ပြတ်သားကျယ်လောင်သောအသံဖြင့် အမိန့်ပေးလိုက်သည်။

“ခွန်အား အခြေပြုစစ်သည်တော် အားလုံး... ကျန်နေတဲ့ မြို့တက်လှေကားတွေ အကုန် သယ်လာခဲ့”

ချက်ချင်းပင် ကျန်ရှိနေသည့် ခွန်အား အခြေပြုစစ်သည်တော်များက မြို့တက်လှေကား ဒါဇင်ပေါင်းများစွာကို သယ်ဆောင်ကာ တန်းစီလိုက်ကြသည်။

ထိုသည်မှာ ယန်ယန်တပ်ဖွဲ့၏ နောက်ဆုံး မြို့သိမ်းအင်အားပင်။

ယန်ယန် အသံကျယ်ကျယ်ဖြင့် ဆက်၍အော်ဟစ်လိုက်သည်။

“ဒါက ငါတို့ရဲ့ နောက်ဆုံး အင်အားပဲ... ငါနဲ့ ငွေရောင်ဝံပုလွေ တပ်မတော်က အရာရှိအားလုံး ရှေ့ဆုံးကနေ ပြေးဝင်တိုက်ခိုက်မယ်... “

“ဒီကနေ့ မအောင်မြင်ရင် အသေခံမယ်...တိုက်ကြ... ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို သိမ်းပိုက်ကြ”

စစ်သေနာပတိနှင့် အလယ်အလတ်၊ အဆင့်မြင့် အရာရှိများ အားလုံး ရှေ့ဆုံးမှ ပြေးဝင်တိုက်ခိုက်မည်ဟု ကြားသောအခါ ကျဆင်းနေသည့် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာသည်။

စစ်သည်အားလုံး သွေးများ တစ်ဖန် ပြန်လည် ဆူပွက်လာကြကုန်၏။

“သတ်...”

ယန်ယန်သည် အဆင့်မြင့်စစ်သည် တစ်ရာကျော်၊ ခွန်အား အခြေပြုစစ်သည်တော် ရာချီနှင့် လက်ရွေးစင် ခြေလျင်တပ်သား ထောင်ချီကို ဦးဆောင်၍ နောက်ဆုံးအကြိမ် အပြင်းအထန် ပြေးဝင်တိုက်ခိုက်တော့သည်။

……

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ ယန်ယန် ထိုမျှအထိ စွန့်လွှတ်ရဲလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြသဖြင့် ရန်သူ့ဘက်မှလူအားလုံး အလွန် အံ့ဩသွားကြသည်။

“သူတို့ကို တားထား... သူတို့ကို တားထား”

“မြှားတွေ ပစ်... မြှားတွေ ပစ်”

“ကျောက်တုံးတွေနဲ့ ပေါက်... သစ်တုံးတွေနဲ့ လှိမ့်ချ”

“ဆီပူတွေ လောင်းချ... ဆီပူတွေ လောင်းချ”

နောက်ဆုံး စစ်စည်တော်သံ တစ်ဖန် ပြန်လည် ထွက်ပေါ်လာ၏။

ယန်ယန်နှင့် အဆင့်မြင့်စစ်သည် တစ်ရာတို့က ဧရာမ ဒိုင်းလွှားကြီးများကို မထားကာ အနောက်မှ စစ်သည်များကို ကာကွယ်ပေးလျက် မြို့တက်လှေကားတစ်လျှောက် ဧရာမ ကျောက်တုံးများ၊ မြှားမိုးများနှင့် ဆီပူများကို အန်တုပြီး အထက်သို့ အစွမ်းကုန် တွားသွားတက်လာကြသည်။

ထိုသည်မှာ နောက်ဆုံး တိုက်ခိုက်မှု အင်အားပင်။

ယန်ယန်တစ်ယောက် လည်ပင်းကွဲထွက်မတတ် အပြင်းအထန် ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ တစ်ကိုယ်လုံးမှာ မြို့တက်လှေကားပေါ်၌ ပျံသန်းနေသည့်အလား လျင်မြန်စွာ တက်လှမ်းသွားသည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

မိနစ်အနည်းငယ် ကြာပြီးနောက် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ပေါ်သို့ ရောက်ရှိသွားပြီး ဓားကြီးကို ဆွဲထုတ်ကာ ဟိန်းဟောက်လိုက်၏။

“ယား...”

ပထမဆုံးအကြိမ်အဖြစ် ယန်ယန်တပ်ဖွဲ့ မြို့ရိုးပေါ်သို့ တက်ရောက်နိုင်သွားလေပြီ။ ထိုလူမှာ သူ ကိုယ်တိုင် ဖြစ်နေသော်လည်း ပထမဆုံးအကြိမ်ပင်။

ယန်ယန် သူ၏ရှေ့ရှိရန်သူများကို ဓားဖြင့် အပြင်းအထန် ခုတ်ချလိုက်သည်။

ချက်ချင်းပင် သူ၏အရှေ့မှ မဟူရာ တပ်ဖွဲ့ဝင် အနည်းငယ်မှာ ထက်ပိုင်းပြတ် သေဆုံးသွားတော့သည်။

ယန်ယန်၏ ဖောက်ထွက်နိုင်မှုကြောင့် မြို့ရိုးပေါ်ရှိ ခံစစ်၌ ကွက်လပ်တစ်ခု ပေါ်လာသည်။ အနောက်မှ ငွေရောင်ဝံပုလွေ စစ်တပ်ကလည်း ဒီရေလှိုင်းများ ဝင်ရောက်လာသည့်အလား အရှိန်အဟုန်ဖြင့် တက်လာကြ၏။

“တားထား... တားထား... ယန်ယန်ကို သတ်”

ကျိနင်၏ မဟာမိတ်တပ်များထဲမှ မရေမတွက်နိုင်သော သိုင်းပညာရှင်များ ယန်ယန်ဆီသို့ အစွမ်းကုန် ပြေးဝင်လာကြသည်။

နဂါးလေးစစ်သည် သုံးဦးကလည်း မြှားများဖြင့် ရူးသွပ်စွာပစ်ခတ်လာ၏။

ယန်ယန်တစ်ယောက်တည်းဖြင့် လူရာချီပြီး ရင်ဆိုင်ရလေပြီ။

သူ၏ လက်ထဲရှိ ဓားကြီးနှင့် ဧရာမ ဒိုင်းလွှားကြီးက လူသတ် လက်နက်များအဖြစ် ပြောင်းလဲသွား၏။ ယန်ယန်တစ်ယောက် စစ်ပွဲ စက်ရုပ်ကြီး တစ်ရုပ်အဖြစ် ပြောင်းလဲသွားသည့်အလား သူရောက်ရှိသွားသည့် နေရာတိုင်းမှ ရန်သူ့စစ်သည်များအားလုံးကို ရက်စက်စွာသတ်ဖြတ်နေသည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ နဂါးစွမ်းအင်များကလည်း ရူးသွပ်စွာ ကုန်ခမ်းလာနေသည်။

မြို့ရိုးပေါ်သို့ ဒုတိယမြောက် တက်ရောက်လာသူမှာ တပ်မှူး တွမ်ပင်။

ထို့နောက် တတိယလူ၊ စတုတ္ထလူ၊ ပဉ္စမလူ...။

မြို့ရိုးပေါ်သို့ တက်ရောက်လာသည့် အဆင့်မြင့်စစ်သည်များ ပို၍ ပို၍ များပြားလာသလို သူတို့၏ အနောက်မှ ငွေရောင်ဝံပုလွေ စစ်တပ်ကလည်း မြို့တက်လှေကားများထိပ်ဆုံးပေါ်သို့ ရောက်ရှိလာကြသည်။

ငွေရောင်ဝံပုလွေ စစ်တပ်မှ သုံးထောင်ခန့် ရှိသော စစ်သည်များ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ပေါ်သို့ ရောက်ရှိလာလေပြီ။

နောက်ဆုံး၌ ငွေရောင်ဝံပုလွေ စစ်တပ်မှ စစ်သည်များ မြို့ရိုးပေါ်သို့ တက်ရောက်လာကာ ရန်သူများနှင့် အနီးကပ် တိုက်ပွဲ ဆင်နွှဲကြတော့သည်။

“တားထား... တားထား... သူတို့ကို သတ်”

မဝေးလှသော ရဲတိုက်ထဲမှ ကျိနင်တစ်ယောက် ထိုအရာအားလုံးကို မြင်တွေ့လိုက်ရသောအခါ အလွန် ထိတ်လန့်သွားပြီး အမိန့်များ တရစပ်ပေးလိုက်သည်။

ချက်ချင်းပင် မဟာမိတ်တပ် တစ်သောင်းကျော် ဝင်ရောက် တိုက်ခိုက်လာကြသည်။

တပ်ဖွဲ့နှစ်ခုမှာ မီတာရာဂဏန်းခန့်ရှိသော မြို့ရိုးပေါ်၌ ရူးသွပ်စွာ သတ်ဖြတ်နေကြ၏။

သို့သော် ထိုအချိန်၌ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ အနောက်ဘက်မှ ဖုန်တိမ်တိုက်ကြီးများ ကောင်းကင်ယံအထိ ထိုးတက်လာသည်။

အချိန်တိုလေးအတွင်းမှာပင် ဆိုလွန်က မြင်းစီးသူရဲ နှစ်ထောင်ကို ဦးဆောင်ကာ အားလုံး၏အမြင်အာရုံထဲသို့ ဝင်ရောက်လာ၏။

ကျိနင် မျက်နှာပျက်သွားပြီး အလွန်အံ့ဩစွာ ရေရွတ်လိုက်သည်။

“ဆိုလွန်က ညနေမှ ရောက်လာရမှာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရောက်လာတာလဲ”

……

ဆိုလွန် အဘယ်ကြောင့် ထိုမျှ မြန်မြန် ရောက်လာရသနည်း။ သဘာဝကျစွာပင် သူက ခြေလျင်တပ်သား သုံးထောင်ကို ချန်ထားခဲ့ပြီး မြင်းစီးသူရဲ နှစ်ထောင်ကို တိုက်ရိုက် ဦးဆောင်ကာ မြင်းများ၏ စွမ်းအားကို အပြည့်အဝ အသုံးချ၍ အမြန်ဆုံး ချီတက်လာခဲ့ခြင်းပင်။

ထို့ကြောင့် အချိန်များစွာ စော၍ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်သို့ ရောက်ရှိလာ၏။

ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်လျှင် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်နေကြပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ကောင်းကင်ယံအထိ ထိုးတက်နေသည်ကို မြင်တွေ့လိုက်ရသည်။

ဆိုလွန် ဓားကြီးကို ဆွဲထုတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ငါတို့ နောက်မကျသေးဘူး... ငါတို့ရဲ့ မဟာမိတ်တွေက သွေးထွက်သံယို တိုက်ပွဲဝင်နေကြပြီ... သတ်... မင်းတို့ရဲ့ ရွှေဒင်္ဂါးတွေကို ရိတ်သိမ်းကြ”

ချက်ချင်းပင် နိုင်အာ မြင်းပေါ်မှညင်သာစွာ ခုန်လိုက်ပြီး ခြင်္သေ့ကျားသားရဲပေါ်ရှိ ဆိုလွန်၏ အရှေ့တွင် ဝင်ထိုင်လိုက်သည်။

“သတ်...”

ဆိုလွန်နှင့် သားရဲကြီး ရှေ့ဆုံးမှ ပြေးထွက်သွားလျှင် အနောက်မှ မြင်းစီးသူရဲ နှစ်ထောင်က ဓားကြီးများကို ဝှေ့ယမ်း၍ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ဆီသို့ အပြင်းအထန် ချီတက်လိုက်ကြသည်။

ထိုအချိန်၌ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ အနောက်ဘက်ကို ကာကွယ်နေသူများမှာ နူအာတန်နှင့် အခြား မြေပိုင်ရှင်များ၏ ပုန်ကန်သူတပ်သားများဖြစ်သည်။ သူတို့တွင် စုစုပေါင်း လူအင်အားငါးထောင်ခန့် ရှိ၏။

သို့သော် ဆူးတပ်သစ်တုံးများနှင့် သစ်သား ခြံစည်းရိုးများ ရှိနေသော်လည်း ခြင်္သေ့ကျားသားရဲ၏ ခုန်ပျံမှု တစ်ချက်နှင့် နိုင်အာ၏ ဓားကြီးဖြင့် အပြင်းအထန် ခုတ်ချခြင်းကိုခံလိုက်ရ၏။

ချက်ချင်းပင် သစ်သား တံတိုင်းတစ်တန်း ပြိုကျသွားလေပြီ။

ထို့နောက် ခြင်္သေ့ကျားသားရဲက ဆိုလွန်နှင့် နိုင်အာကို သယ်ဆောင်ကာ သတ်ဖြတ်ရေး စက်ရုပ်ကြီး တစ်ရုပ်အဖြစ် ပြောင်းလဲသွားပြီး ရန်သူ့တပ်များကို ဖြတ်သန်းသွားသည်။

“ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...”

သွေးများ ပန်းထွက်လာပြီး မရေမတွက်နိုင်သော ခေါင်းများ ရူးသွပ်စွာ လွင့်ပျံကုန်၏။

ဆိုလွန်၏သွေးခင်းလမ်းနောက်မှ မြင်းစီးသူရဲ နှစ်ထောင်က အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

သူတို့အရှေ့ရှိ မြေပိုင်ရှင် ပုန်ကန်သူတပ် လေးထောင်၏ စစ်ကြောင်းများမှာ ငါးမိနစ်ခန့်သာ တောင့်ခံနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှု နှစ်ရာပင် မပြည့်ခင် အပြည့်အဝ ပြိုကွဲသွားကာ ရူးသွပ်စွာ အော်ဟစ် ထွက်ပြေးကုန်ကြသည်။

တပ်ဖွဲ့နှစ်ခုမှာ တကယ့်ကို ကွာခြားလှသည်။

ဆိုလွန်က မြင်းစီးသူရဲ နှစ်ထောင်ကို ဦးဆောင်ကာ ထက်မြက်သော ဓားတစ်လက်အလား ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ အနောက်ဘက်သို့ ရက်စက်စွာ ထိုးစိုက်ဝင်ရောက်လာလေပြီ။

ရဲတိုက်ထဲမှ မင်းသမီး ကျိနင် ထိုမြင်ကွင်းကို မြင်သောအခါ နှလုံးသားထဲ၌ အပြင်းအထန် နာကျင်သွားသည်။

သူမသည် အောင်ပွဲနှင့် တစ်လှမ်းသာ ကွာဝေးခဲ့သော်လည်း ယခုမူ အပြည့်အဝ ပြီးဆုံးသွားပြီဖြစ်သည်။

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တပ်ဖွဲ့၏ တရားဝင် နိဂုံးချုပ်ချိန် ရောက်ရှိလာနေပြီ။

မကြာခင် ကျိနင် မဟာမိတ်တပ်များ နိဂုံးချုပ်ရတော့မည်။

…

ငွေရောင်ဝံပုလွေ စစ်တပ်၏ တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းမှာ မဟူရာ တပ်ဖွဲ့နှင့် လင်ဟိုင် တပ်ဖွဲ့တို့ထက် များစွာ သာလွန်နေကြောင်း သက်သေပြလာလေပြီ။ သူတို့ကို မြို့ရိုးပေါ်သို့ တက်ခွင့်ပြုလိုက်သည်နှင့် တပြိုင်နက် မည်သူမှ တားဆီး၍ မရတော့ချေ။

အရင်ဆုံး တက်ရောက်လာသူများမှာ ယန်ယန်နှင့် အဆင့်မြင့်စစ်သည် တစ်ရာကျော် ဖြစ်ကြပြီး ရန်သူထောင်ပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုနှင့် နဂါးလေးသည် တော် သုံးဦး၏ ပစ်ခတ်မှုများကို ရင်ဆိုင်နေရသည်။

“ရွှီး... ရွှီး... ရွှီး...”

လူအုပ်ထဲ၌ ပုန်းကွယ်နေသော နဂါးလေးစစ်သည် သုံးဦးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး မြှားတစ်စင်း ပစ်ခတ်လိုက်တိုင်း ငွေရောင်ဝံပုလွေ တပ်မတော်မှ အဆင့်မြင့်စစ်သည် တစ်ဦး၏ အသက်ကို နုတ်ယူသွားသည်။

ထိုလူများမှာ ငွေရောင်ဝံပုလွေ တပ်မတော်၏ အမာခံ အင်အားစုများ ဖြစ်ကြသဖြင့် တစ်ယောက် သေဆုံးသွားလျှင်ပင် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်၏။

ယန်ယန် ဧရာမ ဒိုင်းလွှားကြီးကို မကာ ဧရာမ ကြိတ်စက်ကြီး တစ်လုံးအလား နဂါးလေးစစ်သည် သုံးဦးရှိရာသို့ အပြင်းအထန် တွန်းတိုက် ဝင်ရောက်သွားသည်။

ထိုအခါ နဂါးလေးစစ်သည် သုံးဦး အလွန်အံ့ဩသွားကြပြီး ချက်ချင်းပင် အင်အားအပြည့်အဝဖြင့် ယန်ယန်ကို ချိန်ရွယ် ပစ်ခတ်လိုက်ကြသည်။

သို့သော် သူတို့၏ မြှားများမှာ ယန်ယန်အတွက်တော့ လုံလောက်အောင် မမြန်ဆန်လှချေ။

ယန်ယန် ဒိုင်းလွှားဖြင့် ကာကွယ်ကာ အပြင်းအထန် တွန်းတိုက်ဝင်ရောက်သွားသဖြင့် နဂါးလေးသည်တော် သုံးဦးနှင့် ပို၍ ပို၍ နီးကပ်လာသည်။

မီတာနှစ်ဆယ်ခန့် အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် နဂါးလေးစစ်သည် သုံးဦးမှာ လူအုပ်ထဲ၌ ပုန်းကွယ်ကာ အလျင်အမြန် ထွက်ပြေးရန် ကြိုးစားကြတော့၏။ အဘယ်ကြောင့်ဆိုသော် နဂါးလေးစစ်သည်များ၏ အနီးကပ် တိုက်ခိုက်နိုင်စွမ်းမှာ အားနည်းသောကြောင့်ပင်။

ယန်ယန် အေးစက်စွာ ပြောလိုက်သည်။

“ထွက်ပြေးမလို့လား”

ထို့နောက် လျှပ်စီးလက်သည့်အလား လျင်မြန်စွာဖြင့် ထိုသုံးဦးဆီသို့ ပြေးဝင်သွားသည်။

“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”

ယန်ယန်၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်းပင် သူ၏လမ်းကြောင်းရှိလူပေါင်းများစွာ လွင့်စဉ်ကုန်သည်။

နဂါး လေးစစ်သည် သုံးဦးက ဘေးသို့ အစွမ်းကုန် ရှောင်တိမ်းကြသော်လည်း ပတ်ဝန်းကျင်၌ လူများ ပြည့်နှက်နေသည်။ သူတို့က စိတ်ဝိညာဉ်စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်ကာ အာရုံခံနိုင်စွမ်းကိုတိုးမြှင့်ပြီး ယန်ယန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ကြိုးစားကြ၏။

သို့သော် နောက်တစ်စက္ကန့်၌ ယန်ယန်က ဧရာမ ငှက်ကြီး တောင်ပံဖြန့်လိုက်သည့်အလား လေထဲသို့ ခုန်တက်လိုက်ကာ သူတို့ အနားသို့အတိအကျ ကျဆင်းလာသည်။

ယန်ယန် နဂါးလေးစစ်သည် တစ်ဦး၏ ခေါင်းကို ဖမ်းဆုပ်ကာ အပြင်းအထန် ညှစ်ချေလိုက်၏။

“ဖောင်း...”

ထူလင်းမိသားစုမှ နဂါးလေးစစ်သည်၏ ခေါင်းမှာ ဖရဲသီးတစ်လုံးအလား ပေါက်ကွဲထွက်သွားလေပြီ။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်သည့် နှစ်ယောက်မှာ အကြောက်လွန်သွားကာ အစွမ်းကုန် ထွက်ပြေးကြတော့သည်။

ယန်ယန် သူ၏ လက်ထဲရှိ ဧရာမ ဒိုင်းလွှားကြီးဖြင့် ပြင်းထန်စွာ ပစ်ပေါက်လိုက်၏။

“ဝှီး...”

ဧရာမ ဒိုင်းလွှားကြီးက တောင်တန်းကြီးတစ်ခုအလား ပြင်းထန်သောအရှိန်ဖြင့် ထွက်ပြေးနေသူနှစ်ဦးထံ တိုးဝင်သွားသည်။

နဂါး လေးစစ်သည်တစ်ဦးက အစွမ်းကုန် ရှောင်တိမ်းသော်လည်း မြန်ဆန်မှုမရှိလှချေ။ ထို့ကြောင့် ယန်ယန်၏ ဒိုင်းလွှားဖြင့် အပြင်းအထန် ရိုက်ချခံလိုက်ရကာ ချက်ချင်းပင် အသားပြားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အော်ဟစ်သံပင် မထွက်နိုင်ဘဲ အသေဆိုးဖြင့် သေဆုံးသွားလေပြီ။

နောက်ဆုံးကျန်ရှိနေသည့် နဂါးလေးသည်တော်မှာ လူအုပ်ထဲ၌ ပုန်းကွယ်လျက် ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေသည်။

ထိုနဂါးလေးသည်တော် မီတာအနည်းငယ်ခန့် အကွာအဝေးသို့ ရောက်ရှိသွားချိန်၌ ယန်ယန်က လိုက်မဖမ်းတော့ဘဲ နေရာတွင်ပင် နဂါးစွမ်းအင်များကို စုစည်းလိုက်သည်။

ထို့နောက် နောက်ဆုံး နဂါးလေးစစ်သည်၏ ကျောဘက်သို့ ချိန်ရွယ်၍ လက်သီးဖြင့် အပြင်းအထန် ထိုးချလိုက်သည်။

“ဝုန်း...”

လက်သီးအလင်းတန်းက လမ်းတစ်လျှောက်ရှိစစ်သည်များကိုဖြတ်ကျော်၍ ထွက်ပြေးနေသည့် နောက်ဆုံး နဂါးလေးသည်တော်ထံ ဟိန်းဟောက်တိုးဝင်သွားသည်။

ဤသို့ဖြင့် ထူလင်းတိ၏ နောက်ဆုံး နဂါးလေးစစ်သည်၏ ကျောဘက် နှလုံးနေရာမှာ ပြင်းထန်စွာ ချိုင့်ဝင်သွားပြီး အသေဆိုးဖြင့် သေဆုံးသွားတော့သည်။

နဂါးလေးစစ်သည် သုံးဦးလုံး အပြည့်အဝ သုတ်သင်ခံလိုက်ရလေပြီ။

အပိုင်း ၃၃၂ ပြီး။

All Chapters