← Chapters

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း ၃၃၃

Vol. 34 Ch. 333

အပိုင်း ၃၃၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ငွေရောင်ဝံပုလွေ စစ်တပ်မှ စစ်သည်များ မြို့ရိုးပေါ်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြသည်။ သူတို့က မဟူရာ တပ်ဖွဲ့နှင့် လင်ဟိုင် တပ်ဖွဲ့ကို ဖိနှိပ်လိုက်ကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ပေါ်ရှိ နေရာများကို တစ်လှမ်းချင်းစီ သိမ်းပိုက်လာကြ၏။

ထိုအချိန်၌ ဆိုလွန်က မြင်းစီးသူရဲ နှစ်ထောင်ကို ဦးဆောင်၍ အတားအဆီးမဲ့ အရှိန်အဟုန်ဖြင့် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ အနောက်ဘက် ခံစစ်မျဉ်းကို ဖျက်စီးဝင်ရောက်လာသည်ကို ယန်ယန် မြင်တွေ့လိုက်ရသည်။

ယန်ယန်၏ ရင်တွင်း၌ ကြီးမားသည့် သက်သာရာရမှုကြီး ဖြစ်ပေါ်သွား၏။ ဤကောင်စုတ်လေး နောက်ဆုံးတော့ ရောက်လာလေပြီ။

ထို့ပြင် မျှော်မှန်းထားသည်ထက် များစွာ ပို၍ မြန်ဆန်စွာ ရောက်လာခဲ့၏။

တပ်မှူး တွမ် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“ငါတို့ရဲ့ စစ်ကူတွေ ရောက်လာပြီ...လမ်းပိတ်နေတဲ့ ရန်သူမှန်သမျှကို သတ်... မြို့စားမင်း ဆိုလွန်နဲ့ သွားပေါင်းကြ”

ချက်ချင်းပင် ငွေရောင်ဝံပုလွေ စစ်တပ်တစ်ခုလုံး စိတ်ဓာတ်များ အလွန်အမင်း တက်ကြွသွားကြသည်။

သို့ဖြင့် လူအင်အား သုံးလေးထောင်ခန့်သာ ရှိသော်လည်း သူတို့ထက် နှစ်ဆများပြားသည့် မဟူရာ တပ်ဖွဲ့နှင့် လင်ဟိုင် တပ်ဖွဲ့ကို ဆုတ်ခွာသွားရသည်အထိ မီးကုန်ယမ်းကုန်စတင်သတ်ဖြတ်ကြတော့သည်။

အထူးသဖြင့် ယန်ယန်နှင့် အဆင့်မြင့်စစ်သည် တစ်ရာကျော်၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန် အံ့မခန်းဖြစ်ပြီး ရန်သူစစ်တပ်အတွင်းသို့ အပြည့်အဝ ကြိတ်ချေ ဝင်ရောက်သွားသည်။ အချိန်တိုလေးအတွင်းပင် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ မြို့ရိုးတစ်ခုလုံးကို သိမ်းပိုက်နိုင်လုနီးပါး ဖြစ်သွား၏။

ဆိုလွန်ဘက်မှ တိုက်ခိုက်မှုက ပို၍ပင် အံ့မခန်း ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ရင်ဆိုင်နေရသည်မှာ နူအာတန်နှင့် အခြား အဆင့်မြင့်စစ်သည် မြေပိုင်ရှင်များ၏ ပုန်ကန်သူတပ်သားများ ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ဓားပူဖြင့် ထောပတ်ကို လှီးဖြတ်ရသည့်အလား အလွယ်တကူ သတ်ဖြတ် လှည်းကျင်းကာ အနောက်ဘက်စစ်မျက်နှာမှ ဝင်ရောက်လာနေသည်။ ငွေရောင်ဝံပုလွေ တပ်မတော်နှင့် ဆိုလွန် ဦးဆောင်လာသည့် မြို့စောင့်တပ်တို့ ပို၍ နီးကပ်လာလေပြီ။

ဆိုလွန် ပိုမို မြန်ဆန်စွာဖြင့် နူအာတန်၏ ပုန်ကန်သူတပ်များကို တိုက်ရိုက် ဖိနှိပ်ကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ မြို့တံခါးအောက်သို့ အလျင်အမြန် ပြေးဝင်လာ၏။

ထိုအချိန်၌ မြို့တံခါးလမ်းကြောင်းတွင် ရန်သူ ရာကျော်ခန့် ရှိနေသေးသည်။

“ရွှမ်း... ရွှမ်း... ရွှမ်း...”

နိုင်အာ၏ လက်ထဲရှိ ဆန်းကြယ်နဂါးရွှေ ဓားမှာ သူမ ရောက်ရှိသွားသည့် နေရာတိုင်းမှ ရန်သူများကို မြက်ပင်များအလား ခုတ်ပိုင်းနေသည်။

မကြာမီ ဆိုလွန် တပ်များကို ဦးဆောင်ကာ မြို့တံခါး လမ်းကြောင်းကို အပြည့်အဝသိမ်းပိုက်လိုက်၏။

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၏ မြို့တံခါးမှာ တစ်ပေခန့် ထူထဲပြီး တံခါးအနောက်ဘက်၌ သံမဏိ တံခါးမင်းတုပ် အချို့ကို တပ်ဆင်ထားသည်။ တံခါးမင်းတုပ် တစ်ခုစီ၏ အချင်းမှာ လေးလက်မခွဲခန့် ရှိသည်။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် မြို့တံခါးကြီးကို ဧရာမ သစ်တုံးကြီးများဖြင့် တိုက်ခိုက်ဖွင့်ရန် လုံးဝ မဖြစ်နိုင်ချေ။ မြို့တံခါး၏ အခြားတစ်ဖက်၌ ငွေရောင်ဝံပုလွေ စစ်တပ်မှ စစ်သည် ထောင်ချီက မြို့တံခါးကို ရိုက်ချိုးနေကြဆဲပင်။

မြို့တက်လှေကားများကိုသာ အားကိုး၍ တက်ရောက်နေရသောကြောင့် တကယ်ကို နှေးကွေးလွန်းနေ၏။

နိုင်အာ ရှေ့သို့တိုးသွားပြီး နဂါးစွမ်းအင်များကို စုစည်းကာ ထိုတံခါးမင်းတုပ်များကို အပြင်းအထန် ခုတ်ချလိုက်သည်။

အံ့မခန်း ဆန်းကြယ်နဂါးရွှေ ဓား၏ အရှေ့၌ လေးလက်မခွဲခန့် အချင်းရှိသော ထိုတံခါးမင်းတုပ်များမှာ ပဲပြားများအလား အလွယ်တကူ ပြတ်တောက်သွားတော့သည်။

ထိုမြင်ကွင်းကို ဆိုလွန် စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။

“နိုင်အာ... နောက်ဆုံးတစ်ချက် ကိုယ့်ကို ခုတ်ခွင့်ပေးပါ”

နိုင်အာ ဆန်းကြယ်နဂါးရွှေ ဓားကို ဆိုလွန်အား ကမ်းပေးလိုက်သည်။

ဆိုလွန် ဓားကို လှမ်းယူပြီးနောက် နောက်ဆုံး သံမဏိ တံခါးမင်းတုပ်ကို အပြင်းအထန် ခုတ်ချလိုက်၏။

သို့သော် လက်မဝက်ခန့်သာ ဝင်သွားပြီး ထိုနေရာ၌ပင် ဓားညပ်သွားရာ အလွန် အနေရခက်သွားသည်။

ဤ ဆန်းကြယ်နဂါးရွှေ ဓားမှာ သံမဏိကို ရွှံ့စေးများအလား ခုတ်ဖြတ်နိုင်စွမ်း ရှိသော်လည်း ပေါ့ပါးလွန်းသည်။ ထို့အပြင် ဆိုလွန်၏ နဂါးစွမ်းအင်မှာ အားနည်းလွန်းသဖြင့် အချင်း လေးလက်မခွဲရှိသော သံမဏိတိုင်ကို ဖြတ်တောက်ရန် မဖြစ်နိုင်သေးချေ။

နိုင်အာ ဆန်းကြယ်နဂါးရွှေ ဓားကို ပြန်ယူကာ နဂါးစွမ်းအင်များကို စုစည်းပြီး တစ်ချက်တည်း ခုတ်ချလိုက်သည်။

ချက်ချင်းပင် နောက်ဆုံး တံခါးမင်းတုပ်မှာလည်း ပဲပြားအလား ပြတ်တောက်သွားတော့၏။

“ဝုန်း...”

ထို့နောက် ထူထဲသော မြို့တံခါးကြီး ပြင်းထန်စွာ ပွင့်ထွက်သွားလေပြီ။

အပြင်ဘက် ငွေရောင်ဝံပုလွေ စစ်တပ်မှ စစ်သည် ထောင်ချီမှာ ဒီရေလှိုင်းများအလား အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြတော့သည်။

……

ငွေရောင်ဝံပုလွေ စစ်တပ်နှင့် ထျန်းရွှေ မြို့စောင့်တပ်တို့ တရားဝင် ပူးပေါင်းမိသွားကြသည်။ လက်ရွေးစင် တစ်သောင်းနှစ်ထောင်မှာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ ပေါ်ထွက်လာ၏။

မဟူရာ တပ်ဖွဲ့၊ လင်ဟိုင် တပ်ဖွဲ့နှင့် အဆင့်မြင့် မြေပိုင်ရှင်များ၏ ပုန်ကန်သူတပ်များမှာ နေရောင်အောက်မှ နှင်းများ အရည်ပျော်သွားသည့်အလား လျင်မြန်စွာ ပျောက်ကွယ်နေကာ တစ်ယောက်ပြီးတစ်ယောက် တစ္ဆေများအဖြစ်သို့ ကျဆင်းသွားကြတော့သည်။

မိမိဘက်မှ တပ်ဖွဲ့များ အဆက်မပြတ် ဆုတ်ခွာ သေဆုံးနေရသည်ကို ကျိနင်တစ်ယောက် မြင်တွေ့နေရသည်။ ယခု လက်ရှိ မြင်ကွင်းများအားလုံးက အမြစ်ပြတ် ရှုံးနိမ့်ခြင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ ဖော်ပြနေ၏။

သူမ၏ အူထဲအသည်းထဲမှ လှိုက်တက်လာသော ဝမ်းနည်းကြေကွဲမှုကို ကျိနင်ခံစားလိုက်ရသည်။ စိတ်အခြေအနေမှာလည်း မျှော်လင့်ချက်မဲ့သွားကာ ထုံထိုင်းနေလေပြီ။

ထိုအချိန်တွင် နူအာတန် ရှေ့သို့တိုးလာပြီး လျှောက်တင်လိုက်သည်။

“မင်းသမီး... တပ်ဖွဲ့တွေကို ရဲတိုက်ထဲ ချက်ချင်း ဆုတ်ခွာဖို့ အမိန့်ပေးပါ... အဲ့ဒီလိုမှ မဟုတ်ရင် အမြစ်ပြတ် သုတ်သင်ခံရပါလိမ့်မယ်”

ကျိနင်၏ လှပသော မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

“တပ်ဖွဲ့အားလုံး ရဲတိုက်ထဲ ဆုတ်ခွာကြ”

ချက်ချင်းပင် အသက်ရှင်ကျန်ရစ်သည့် ကျိနင်၏ မဟာမိတ်တပ်များမှာ နောက်ဆုံး ခံတပ်ဆီသို့ စတင် ဆုတ်ခွာကြတော့သည်။

……

ကောင်းကင်ဝံပုလွေ ရဲတိုက်မှာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ တည်ရှိသည်။ ထျန်းရွှေ တောင်တန်း၏ ချောက်ကမ်းပါးဘေးတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အနောက်ဘက်၌ ရဲတိုက်၏ နံရံတစ်ခုသဖွယ် ကီလိုမီတာ ဆယ်ချီ မြင့်မားသော မတ်စောက်သည့် ချောက်ကမ်းပါးကြီးရှိနေသည်။

ရဲတိုက်တစ်ခုလုံးကို ဧရာမ ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် ခိုင်ခံ့လှသည်။ ထို့အပြင် ရဲတိုက်ထဲရှိ နေရာအနှံ့၌ မြှားပစ်ပေါက်များနှင့် လေးစစ်သည် နေရာများ ရှိနေသည်။

မင်းသမီး ကျိနင်၊ ထူလင်းတိ၊ နူအာတန်၊ ကွေ့ချင်းကျုံးနှင့် အခြားသူများက ထိုရဲတိုက်ထဲမှ တိုက်ပွဲကို ကွပ်ကဲနေကြခြင်း ဖြစ်သည်။

ယခုအခါ ထိုရဲတိုက်မှာ သူတို့၏ နောက်ဆုံး ခံစစ်နေရာ ဖြစ်လာလေပြီ။ အသက်ရှင်ကျန်ရစ်သည့် တပ်ဖွဲ့ဝင်များက ရဲတိုက်ထဲသို့ အစွမ်းကုန် ဆုတ်ခွာလာကြ၏။

ဆိုလွန်နှင့် ယန်ယန်၏ တပ်ဖွဲ့များက ဆုတ်ခွာသွားသောတပ်ဖွဲ့များနောက်သို့ အပြင်းအထန် လိုက်လံ သတ်ဖြတ်နေကြသည်။

နာရီဝက်ခန့် ကြာပြီးနောက်။

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တစ်ခုလုံး ဆိုလွန်၏ တပ်ဖွဲ့ လက်ထဲသို့ အပြည့်အဝ ကျရောက်သွားလေပြီ။

အသက်ရှင်ကျန်ရစ်သည့် ကျိနင် မဟာမိတ်တပ်ဖွဲ့မှ စစ်သည် ထောင်ချီမှာ ဧရာမ ကောင်းကင်ဝံပုလွေ ရဲတိုက်ကြီးထဲသို့ အပြည့်အဝ ဆုတ်ခွာသွားကြပြီး အလုံပိတ်ခံထားရသော သားရဲများအလား နောက်ဆုံး တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြသည်။

ရဲတိုက်၏ အနောက်ဘက်မှာ ကီလိုမီတာဆယ်ဂဏန်းခန့် မြင့်မားသော ချောက်ကမ်းပါးကြီး ဖြစ်သဖြင့် လွတ်မြောက်စရာ လမ်းစ မရှိချေ။

ရဲတိုက်၏ အရှေ့ဘက်ကိုမူ ဆိုလွန်၏ တပ်ဖွဲ့ဝင် တစ်သောင်းကျော်က ရေပက်မဝင်နိုင်အောင်ပင် အပြည့်အဝ ဝန်းရံထား၏။

……

ကောင်းကင်ဝံပုလွေ ရဲတိုက်၏ အရှေ့ဘက်၌ ဧရာမ လေ့ကျင့်ရေးကွင်းကြီး တစ်ခု ရှိပြီး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တပ်ဖွဲ့များ အားလုံး စုစည်းရာ နေရာဖြစ်သည်။

ဤအချိန်၌ ဆိုလွန်၏ တပ်ဖွဲ့ဝင် တစ်သောင်းကျော်က ထို လေ့ကျင့်ရေးကွင်းကြီးထဲတွင် စစ်ကြောင်းများ ပြင်ဆင်နေကြ၏။ လေးစစ်သည် ထောင်ချီနှင့် အစွမ်းထက် ဒူးလေးကြီး ရာချီက ရဲတိုက်၏ တစ်ခုတည်းသော ဧရာမ တံခါးကြီးနှင့် ရဲတိုက်၏ ခေါင်မိုးများ အားလုံးကို ချိန်ရွယ်ထားသည်။

ရဲတိုက်၏ တံခါးကြီးမှာ တင်းကျပ်စွာ ပိတ်ထားဆဲပင်။

ကျိနင်နှင့် အခြားသူများအပါအဝင် ရဲတိုက်ထဲရှိ ကျန်ရစ်သူ တပ်ဖွဲ့ဝင် ထောင်ချီက နောက်ဆုံး ခံစစ်ကို ပြင်ဆင်ထားကြပြီးဖြစ်သည်။

ယန်ယန် ရှေ့သို့တိုးလာပြီး ဧရာမ ရဲတိုက်ကြီးကို ကြည့်ကာ မေးလိုက်သည်။

“ဒီ လိပ်ခွံကြီးကို ဖောက်လို့ ရနိုင်မလား”

ဆိုလွန် ခေါင်းရမ်းလိုက်သည်။

“ဒီရဲတိုက်ရဲ့ နံရံက အပါးဆုံးနေရာတောင် နှစ်ပေကျော် အထူရှိတယ်... လောလောဆယ် ဖောက်နိုင်မယ့် လက်နက် မရှိသေးဘူး”

ခေတ်သစ်ကမ္ဘာမှ အမြောက်များဖြင့် ပစ်ခတ်မှသာ ရနိုင်မည်ဖြစ်ပြီး အချင်းကြီးမားသည့် အမြောက်ဆံများလည်း လိုအပ်ပေလိမ့်မည်။

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နှင့် လူရိုင်း ချောက်ကမ်းပါး ဆိုသည့် ဂိတ်နှစ်ခုစလုံး၌ ထိုကဲ့သို့ ဧရာမ ရဲတိုက်ကြီးများ ရှိနေ၏။ ဆိုမျိုးနွယ်စုက လူအင်အား သောင်းချီ အသုံးပြုကာ ထိုခံတပ် နှစ်ခုကို တည်ဆောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

ခံတပ် နှစ်ခု ပြီးစီးသွားပြီးနောက်ပိုင်း လူရိုင်းမျိုးနွယ်စုများက ထျန်းရွှေမြို့ကို အလွယ်တကူ ဝင်ရောက် လုယက်နိုင်မည့် နေ့ရက်များ ပျောက်ကွယ်သွားခဲ့သည်။

နှစ်ပေါင်း နှစ်ရာကျော်တိုင်အောင် ထိုခံတပ် နှစ်ခုစလုံး ရန်သူ့လက်သို့ တစ်ကြိမ်မျှ မကျရောက်ခဲ့ဖူးချေ။

အချုပ်အားဖြင့်ဆိုရသော် ယခုအကြိမ်မှာ နှစ်ပေါင်းရာချီအတွင်း ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် ခံတပ် ပထမဆုံးအကြိမ် ကျဆုံးသွားခြင်းပင်။ သဘာဝကျစွာပင် တည်ထောင်သူ ဆိုမျိုးဆက်မှ ဆိုလွန်၏ ကိုယ်ပိုင် တပ်ဖွဲ့ လက်ထဲသို့ ကျရောက်သွားခြင်းသာ။

ဆိုလွန် ဆက်ပြောလာသည်။

“ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ပဲဖြစ်ဖြစ်၊ လူရိုင်း ချောက်ကမ်းပါးပဲဖြစ်ဖြစ်... ငါ့ရဲ့ ဆိုမျိုးနွယ်စုက သွေးချွေးတွေ အများကြီး ရင်းနှီးတည်ဆောက်ထားတဲ့ ခံတပ်တွေမို့ ငါ့လက်ထက်မှာ မဖျက်ဆီးပစ်ချင်ဘူး”

ယန်ယန် နားလည်စွာဖြင့်ခေါင်းညိတ်လိုက်ကာ မေးခွန်းပြောင်းမေးလိုက်၏။

“ရဲတိုက်ထဲမှာ ရိက္ခာ ဘယ်လောက် ရှိလဲ”

ဆိုလွန် အနည်းငယ် စဉ်းစားပြီးမှ ပြန်ဖြေလာသည်။

“အများကြီးပဲ... လူထောင်ချီကို လနဲ့ချီပြီး စားဖို့ လုံလောက်တယ်... ပြီးတော့ မြေအောက်မှာ ရေတွင်း အချို့ ရှိနေလို့ ရေလည်း မပြတ်လပ်နိုင်ဘူး”

ယန်ယန် သက်ပြင်းချလိုက်သည်။

“မင်း မိသားစုရဲ့ ဘိုးဘွားတွေက တကယ်ကို ပြည့်စုံအောင် စဉ်းစားထားခဲ့တာပဲ... ဒါပေမဲ့ အခြေအနေက ဒီလိုဖြစ်နေတော့ ကျိနင်ရဲ့ မဟာမိတ်တပ်တွေက ဒီလိပ်ခွံ ရဲတိုက်ကြီးထဲမှာ ပုန်းနေရင် ငါတို့လည်း တကယ်ကို အကြံအိုက်သွားရပြီ”

ဘေးနားရှိ တပ်မှူး တွမ် ဝင်မေးလိုက်သည်။

“ဝင်တိုက်လို့ ရမလား”

ယန်ယန် ခေါင်းရမ်းလိုက်၏။

“ရဲတိုက်ထဲမှာ ဖြန့်ကျက်လို့ မရဘူး... ဝင်တိုက်တာနဲ့ တပြိုင်နက် ရန်သူ့ရဲ့ တင်းကျပ်တဲ့ ဝိုင်းရံမှုထဲကို ရောက်သွားလိမ့်မယ်”

ထိုသို့ဆိုလျှင် အလုံပိတ်ခံထားရသော သားရဲများ၏ တိုက်ပွဲ ဖြစ်သွားပေလိမ့်မည်။

ကျိနင်၏ တပ်ဖွဲ့ဝင် ထောင်ချီက ရဲတိုက်ထဲ၌ ပုန်းနေပြီး အပြင်သို့ မထွက်လာချေ။ ဆိုလွန်တို့ကလည်း အပြင်ဘက်မှ ဝင်တိုက်၍ မရနိုင်သဖြင့် ဝန်းရံထားကာ အတွင်းမှ ရိက္ခာများ ပြတ်တောက်သွားမည့် အချိန်ကိုသာ စောင့်နေရတော့မည်လော။

ဆိုလွန်၏ နှုတ်ခမ်းထောင့်များမှ အပြုံးမှာ ရက်စက်ယုတ်မာသည့် ပုံပေါက်သွားကာ ချက်ချင်း အမိန့်ပေးလိုက်သည်။

“ပစ္စည်းတွေ သယ်လာခဲ့”

အမိန့်သံကြားသည်နှင့် ဆိုလွန်၏ မိသားစုစစ်သည်များက သေတ္တာအချို့ကို သတိထားကာ သယ်ဆောင်လာကြသည်။

ထိုပစ္စည်းများမှာ သူ၏ကိုယ်ပိုင် ငွေကြေး အမြောက်အမြားကို အသုံးပြု၍ မှော်ဆရာများထံမှ ဝယ်ယူထားခြင်းဖြစ်သည်။

ယခု နောက်ဆုံး၌ ထိုပစ္စည်းများကို အသုံးပြုရတော့ပေမည်။

……

အပိုင်း ၃၃၃ ပြီး။

All Chapters