← Chapters

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း ၃၃၄

Vol. 34 Ch. 334

အပိုင်း ၃၃၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ကောင်းကင်ဝံပုလွေ ရဲတိုက်၏ အစည်းအဝေးခန်းမအတွင်း။

ကျိနင်၊ ထူလင်းတိ၊ နူအာတန်နှင့် ကွေ့ချင်းကျုံးတို့မှာ မျက်နှာများ ဖြူရော်ကာ အတွေးများစွာဖြင့် တိတ်ဆိတ် ငြိမ်သက်နေကြသည်။

ရှုံးနိမ့်မှုက မြန်ဆန်လွန်းလှ၏။

လွန်ခဲ့သည့် နှစ်နာရီခန့်က သူတို့ အနိုင်ရရန် အလွန် နီးစပ်ခဲ့ကြပြီး ယန်ယန်တပ်ဖွဲ့၏ နောက်ဆုံး တိုက်ခိုက်မှုလှိုင်းကို အနိုင်ယူနိုင်လုနီးပါး ဖြစ်ခဲ့ကြသည်။

ယန်ယန် ဆုတ်ခွာသွားသည်နှင့် တစ်ပြိုင်နက် လက်ရွေးစင် အားလုံးက ချက်ချင်း လိုက်လံ သတ်ဖြတ်ကာ ယန်ယန်၏ တပ်ဖွဲ့ကို အမြစ်ပြတ် သုတ်သင်ပစ်ရန်သာ ကျန်ရစ်တော့၏။

သို့သော် ထင်မှတ်မထားဘဲ ယန်ယန်က အဆင့်မြင့်စစ်သည် အရာရှိ တစ်ရာကျော်ကို ဦးဆောင်၍ ကိုယ်တိုင် ရှေ့ဆုံးမှ ပြေးဝင်တိုက်ခိုက်ခဲ့သဖြင့် မြို့ရိုးပေါ်သို့ရောက်ရှိလာကာ အတားအဆီးမဲ့ဖြစ်သွားသည်။

ထို့နောက်တွင်တော့ စစ်ပွဲမှာ ချက်ချင်း ပြောင်းပြန်လှန်သွားရသည်။

ကျိနင် မျှော်လင့်ချက်ပျောက်နေသောလေသံဖြင့် မေးလိုက်သည်။

“တကယ်လို့ ဆိုလွန်သာ အချိန်မီ ပြန်မရောက်လာခဲ့ရင် ငါတို့ ရှုံးမှာလား”

ထူလင်းတိ အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ရှုံးမှာပဲ...အခုအခြေအနေထက် မြန်မြန်မရှုံးနိမ့်ရုံလောက်ဆိုပေမဲ့ အချိန် နည်းနည်းလောက် ပိုဆွဲထားနိုင်တာပဲရှိမယ်”

ကွေ့ချင်းကျုံး ဝင်ပြောလိုက်သည်။

“ယန်ယန်တပ်ဖွဲ့ရဲ့ နောက်ဆုံး မြို့သိမ်းတိုက်ပွဲကို တွန်းလှန်အပြီးမှာ ငါတို့ရဲ့ စစ်သည်တွေလည်း ပင်ပန်းနွမ်းနယ်နေပြီး စိတ်ဓာတ်တွေ ကျဆင်းနေခဲ့တယ်... “

“ဒါပေမဲ့ ယန်ယန် ငွေရောင်ဝံပုလွေ စစ်တပ်က အရာရှိတွေကို ဦးဆောင်ပြီး မြို့ရိုးထိပ်ဆုံးကို တက်လာတဲ့အချိန်မှာတော့ ငါတို့ရဲ့ တပ်ဖွဲ့ စိတ်ဓာတ်တွေ လုံးဝ ပြိုကွဲသွားခဲ့ပြီ... အနီးကပ် တိုက်ပွဲ ဆင်နွှဲတဲ့ နေရာမှာ ငွေရောင်ဝံပုလွေ စစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ငါတို့ထက် အများကြီး သာလွန်လွန်းနေတာကြောင့်ပဲ”

မဟူရာ တပ်ဖွဲ့ဖြစ်စေ၊ လင်ဟိုင် တပ်ဖွဲ့ဖြစ်စေ လက်ရွေးစင်စစ်သည်များ ဖြစ်ကြသော်လည်း အစစ်အမှန် စစ်မြေပြင်သို့ မရောက်ဖူးကြချေ။ သူတို့မှာ ငွေရောင်ဝံပုလွေ စစ်တပ်မှ လက်အောက်ခံ ကြေးစားစစ်သည်များကဲ့သို့ နေ့စဉ်ရက်ဆက် သေမင်းနှင့် အသက်လု တိုက်ခိုက်နေရသူများ မဟုတ်ပေ။

ထူလင်းတိ မေးလိုက်၏။

“အဲ့ဒီတော့... ငါတို့ ဘာဆက်လုပ်ကြမလဲ”

ကျိနင် ထူလင်းတိကို ကြည့်ကာ ဖြေလိုက်သည်။

“ငါခေါ်လာတဲ့ သိုင်းပညာရှင်က ရဲတိုက် အနောက်ဘက်က ချောက်ကမ်းပါးကို စ တက်နေပြီ... သူ ထိပ်ကို ရောက်သွားရင် ကြိုးတချို့ ချပေးလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ငါတို့ အားလုံး ကြိုးတွေကို ဆွဲကိုင်ပြီး ချောက်ကမ်းပါးပေါ် တက်ပြေးကြမယ်”

နူအာတန် ဒူးနှစ်ဖက်စလုံး ထောက်ချပြီး အလျင်အမြန်ဖားယားလိုက်သည်။

“မင်းသမီးရဲ့ အမြော်အမြင်ရှိမှုက ချီးကျူးထိုက်ပါပေတယ်”

…

ထိုအချိန်၌။

ရဲတိုက် အနောက်ဘက်ရှိ ကီလိုမီတာဆယ်ဂဏန်းခန့် မြင့်မားသော မတ်စောက်သည့် ချောက်ကမ်းပါးကြီး၏ ထောင့်ချိုး နေရာတစ်ခုတွင် အရိပ်အချို့က အဆက်မပြတ် အထက်သို့ တက်နေကြသည်။

သူတို့၏ ခန္ဓာကိုယ်၌ ထူထဲသော ကြိုးများကို လွယ်ထားကြပြီး ရဲတိုက်ထဲရှိ အရေးကြီး ပုဂ္ဂိုလ်များအတွက် လွတ်မြောက်ရာ လမ်းကြောင်းကို ဖန်တီးပေးနေကြ၏။

......

ဆိုလွန် သေတ္တာများကိုကြည့်နေရင်းမှ ရုတ်တရက်မေးလိုက်သည်။

“နိုင်အာ တစ်ယောက်တည်း သွားတာ လုံလောက်ရဲ့လား”

“အပေါ်စီးက နေရာယူထားတာပဲ... ဘာမလုံလောက်စရာ ရှိလို့လဲ”

ယန်ယန်မှ စိုးရိမ်ပူပန်မှုမရှိဘဲ အေးစက်စွာ ဝင်ပြောလိုက်သည်။

သူ့သမီးအပေါ်၌ ယုံကြည်ချက်အပြည့်အဝရှိနေသောကြောင့်ပင်။

ရဲ့ကျင်းယွီ သေတ္တာကို ဖွင့်လိုက်သောအခါ အထဲ၌ သစ်သားသေတ္တာ အသေးလေး အချို့ကို တွေ့လိုက်ရသည်။ ထိုသစ်သားသေတ္တာများထဲမှ တစ်လုံးကို ဖွင့်လိုက်သောအခါ အထဲ၌ မြှားတစ်စင်း လဲလျောင်းနေ၏။

မြှား၏ ထိပ်ဖူးမှာ သလင်းကျောက် ပုလင်းပုံစံရှိပြီး အထဲ၌ အနီရောင် အရည်များ ပြည့်နှက်နေသည်။

ယန်ယန် နားမလည်စွာဖြင့်မေးလိုက်၏။

“အဲ့ဒါ ဘာလဲ”

ဆိုလွန် မြားစီမှအကြည့်မခွာဘဲပြန်ဖြေသည်။

“အဆိပ်တစ်မျိုးပဲ... ရွှေဒင်္ဂါး ၁၉ ပြား တန်တယ်”

ယန်ယန် လေးကြိုးကို ဆွဲကာ ရဲတိုက်၏ အပေါက်လေး တစ်ပေါက်ကို ချိန်ရွယ်လိုက်၏။

“ရွှီး...”

အလွယ်တကူပင် ထို အဆိပ်ပုလင်း မြှားက အပေါက်လေးထဲသို့ ဖြတ်သန်းသွားပြီး ရဲတိုက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ထို့နောက် ဆိုလွန်လည်း ပါဝင် ပစ်ခတ်လိုက်ရာ သေတ္တာအချို့မှ စုစုပေါင်း မြှား တစ်ရာကျော်ခန့် ရဲတိုက်ထဲသို့ ဝင်ရောက်သွား၏။

တပ်မှူး တွမ် စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။

“အဆိပ်လား... ဒီအဆိပ်က အထဲက လူထောင်ချီအတွက်တော့ အချည်းနှီး ကြိုးစားမှု ဖြစ်မနေဘူးလား”

ဆိုလွန် နားလည်ရခက်စွာပြုံးလိုက်၏။

“ငါတို့ စောင့်ကြည့်ကြတာပေါ့”

……

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် ရဲတိုက်မှာ အလွန် ကြီးမားကျယ်ဝန်းသော်လည်း လူထောင်ချီ ဝင်ရောက်သွားပြီးနောက် ပြည့်နှက်လုနီးပါးဖြစ်သွားသည်။

လူအများစုဆိုလျှင် ထိုင်စရာ နေရာတစ်ခုသာ ရရှိကြတော့၏။

ထိုအချိန်တွင် ဆိုလွန်၏ အဆိပ်ပုလင်း မြှားများ ဝင်ရောက်လာရာ လူအားလုံးလန့်ဖြန့်သွားကြသည်။

သို့သော် ထိုမြှားများက ကြီးမားသည့် အန္တရာယ် မရှိကြောင်း တွေ့ရှိလိုက်ရသည်။ မြှားဦးမှ သလင်းကျောက် ပုလင်းလေး ကွဲသွားပြီးနောက် အထဲမှ တောက်ပသော အနီရောင် အရည်များက မီးခိုးငွေ့ ထူထူများအဖြစ် အငွေ့ပျံသွားသော်လည်း အလွန် မွှေးကြိုင်နေသည်။

“အရမ်း တိတ်ဆိတ်နေတယ်... ဘာမှ မဖြစ်ဘူး... ဘာမှ မဖြစ်ဘူး...”

သို့သော် ထိုအချိန်တွင် အဆိပ်မှ အာနိသင်ပြလာ၏။

ထူးခြားသော အမွှေးနံ့ကို ရှူရှိုက်မိပြီးနောက် ရဲတိုက်ထဲရှိလူအားလုံးမှာ တစ်ကိုယ်လုံးရှိ သွေးကြောများ ပွင့်ထွက်သွားကာ အဆုံးမဲ့ ရူးသွပ်မှုများနှင့် ဒေါသတရားများ ပြည့်နှက်လာသည်။

ထိုပြင်းထန်သော အဆိပ်ကို အများဆုံး ရှူရှိုက်မိသူများဆိုလျှင် မျက်လုံးများ နီရဲလာပြီး သားရဲစိတ်များ ထူထပ်လာကာ အသိဉာဏ်များ ဆုံးရှုံးသွားကြတော့သည်။

“ဝေါင်း...”

စစ်သည်တစ်ယောက် ရုတ်တရက် မတ်တတ်ရပ်ကာ ဓားကြီးကို ဆွဲထုတ်ပြီး မြင်မြင်သမျှကို အစွမ်းကုန် သတ်ဖြတ်ရန် ကြိုးစားလာသည်။

ထို့နောက် ဒုတိယလူ၊ တတိယလူ၊ စတုတ္ထလူ...။

ချက်ချင်းပင် ကျပ်သိပ်နေသည့် အခန်းထဲ၌ စစ်သည်အုပ်စုတစ်ခုလုံး အချင်းချင်း သတ်ဖြတ်ကြလေပြီ။

……

လီကျူး အစည်းအဝေးခန်းမထဲသို့ အလောတကြီး ဝင်ရောက်လာကာ သတင်းပို့လိုက်သည်။

“မင်းသမီး... အောက်ထပ်က စစ်သည်တွေ ပုန်ကန်နေကြပြီ... မြန်မြန် ထွက်ပြေးပါ... မြန်မြန် ထွက်ပြေးပါ”

“ရွှီး... ရွှီး... ရွှီး...”

တစ်ချိန်တည်းမှာပင် အဆိပ်ပုလင်း မြှား သုံးစင်းက အစည်းအဝေးခန်းမ၏ ပြတင်းပေါက်ကို ဖောက်ထွင်း ဝင်ရောက်လာ၏။ သလင်းကျောက် ပုလင်းလေးများ ကွဲထွက်သွားကာ ပန်းရောင် မီးခိုးငွေ့များ လွင့်ပျံလာသည်။

ထူလင်းတိ ထူးဆန်းသော ရနံ့ကို ရှူရှိုက်မိပြီးနောက် မတ်တပ်ထရပ်ကာ ရေရွတ်လိုက်သည်။

“ဒါ... ဒါက ကာမဆန္ဒကို နိုးဆွပေးတဲ့ ဆေးပဲ”

ဆိုလွန်က ရဲတိုက်ထဲသို့ စုစုပေါင်း မြှားအစင်း နှစ်ရာခန့် ပစ်ခတ်ခဲ့ရာ တစ်ဝက်မှာ လူများကို အပြင်းအထန် ဒေါသထွက် ရူးသွပ်စေသည့် ဆေးများဖြစ်ပြီး ကျန်တစ်ဝက်မှာ လူများ၏ သားရဲစိတ်များကို နိုးဆွပေးသည့် ကာမဆန္ဒ နိုးဆွဆေးများ ဖြစ်သည်။

မူလက ဤမြှားများ၏ သေစေနိုင်စွမ်းမှာ မကြီးမားလှသော်လည်း လေဝင်လေထွက် မရှိ၊ ကျပ်သိပိနေသည့် ရဲတိုက်ထဲတွင်မူ မတူညီတော့ချေ။

ထိုဆေးများ၏ သေစေနိုင်စွမ်းမှာ ဆယ်ဆခန့် အပြည့်အဝ မြင့်တက်သွားလေပြီ။

စစ်သည် ထောင်ချီ အပြင်းအထန် ရူးသွပ်သွားပါက နောက်ဆက်တွဲ ရလဒ်မှာ လုံးဝ တွေးကြည့်ဝံ့စရာပင် မရှိတော့ကြောင်း ကျိနင် တွေးမိလိုက်သည်။

သိထားရမည်မှာ ရဲတိုက်တစ်ခုလုံး၌ ထူလင်းတိနှင့် သူမအပါအဝင် အစေခံမလေးများ အားလုံးပေါင်းလိုက်ပါက အမျိုးသမီး ဆယ်ယောက်ပင် မပြည့်ချေ။

ကျိနင် ချက်ချင်းထရပ်ကာ အမိန့်ပေးလိုက်၏။

“သွားမယ်... ချောက်ကမ်းပါးကနေ ထွက်ပြေးကြမယ်”

ထို့နောက် အစည်းအဝေးခန်းမထဲရှိ အဆင့်မြင့် အရာရှိအားလုံးက ခန်းမ၏ နောက်ပေါက်ကို ဖွင့်ကာ ချောက်ကမ်းပါးနှင့် နီးကပ်သည့် ခေါင်မိုးပြန့်ပေါ်သို့ ပြေးသွားကြသည်။

အစောပိုင်းက စေလွှတ်ထားသည့် ချောက်ကမ်းပါး တက်သူများ အနေဖြင့် ထိပ်ဆုံးသို့ အမြန်ဆုံး ရောက်ရှိပြီး ကြိုးများ ချပေးလာရန်ကိုသာ မျှော်လင့်နိုင်တော့၏။

…

ခေါင်မိုးပြန့်ပေါ်ရောက်သောအခါ။

“ရွှီး...”

ကီလိုမီတာဆယ်ချီခန့် မြင့်မားသော ချောက်ကမ်းပါးပေါ်မှ ဧရာမ ကြိုးကြီးတစ်ချောင်း ကျဆင်းလာသည်။

လီကျူး အလျင်စလိုပြောလိုက်၏။

“သခင်မလေး ထူလင်း... မင်းသမီးရဲ့ အနောက်ကနေ အရင် တက်သွားပါ”

သူက နန်းတွင်း မိန်းမစိုးတစ်ဦး ဖြစ်သော်လည်း ယောက်ျားတစ်ယောက် ဖြစ်နေဆဲမို့ ကျိနင်က ယောက်ျားတစ်ယောက်၏ ထိတွေ့မှုကို လိုလားမည် မဟုတ်ချေ။

ထူလင်းတိ ခေါင်းညိတ်လိုက်ပြီးနောက် သိုင်းပညာ အားနည်းသည့် ကျိနင်ကို ပွေ့ချီကာ ကြိုးကို ဆွဲကိုင်လျက် ချောက်ကမ်းပါးတစ်လျှောက် အထက်သို့ လျင်မြန်စွာ တက်သွားသည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

လူတစ်ယောက်ကို ပွေ့ချီထားရသော်လည်း ထူလင်းတိ၏ အမြန်နှုန်းမှာ လျင်မြန်လှသဖြင့် မိနစ်အနည်းငယ်အတွင်းပင် ကီလိုမီတာဆယ်ဂဏန်းခန့် မြင့်မားသော ချောက်ကမ်းပါး ထိပ်သို့ ရောက်ရှိသွား၏။

နောက်ဆုံးတော့ လွတ်မြောက်သွားလေပြီ။

သို့သော် ထိုအချိန်၌ ပြိုင်ဘက်ကင်းလောက်အောင် လှပသည့် မျက်နှာတစ်ခုကို သူမတို့ မြင်တွေ့လိုက်ရသည်။

နိုင်အာတစ်ယောက် သူမ၏ ဆန်းကြယ်နဂါးရွှေ ဓားကို ဆုပ်ကိုင်ထားရင်းမှ ပြုံးပြ နှုတ်ဆက်လိုက်သည်။

“မင်းသမီး ကျိနင်... သခင်မလေး ထူလင်းတိ... မတွေ့ရတာ ကြာပြီနော်”

ကျိနင်နှင့် ထူလင်းတိတို့ နှစ်ယောက်လုံး ချက်ချင်းပင် တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သွားကြတော့သည်။

…

ဤအချိန်၌ ချောက်ကမ်းပါးထိပ်တွင် အလောင်းအချို့ ပြန့်ကျဲနေသည်။ ထိုသူများအားလုံးမှာ ကျိနင်ခေါ်ဆောင်လာသည့် သိုင်းပညာရှင်များပင်။

နဂါးလေးစစ်သည် နှစ်ဦးနှင့် ကျန်ရှိနေသည့် အဆင့်မြင့်စစ်သည်များ အားလုံး နိုင်အာ၏ ဓားအောက်တွင် အသေဆိုးဖြင့် သေဆုံးသွားကြသည်။ သူမ၏ သိုင်းပညာက မည်သည့်အဆင့်အထိ ရောက်ရှိနေပြီနည်း။

ကျိနင်နှင့် ထူလင်းတိတို့မှာ ဆိုလွန်၏ ဝိုင်းရံမှုအောက်မှ အနိုင်နိုင် ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ယခုအခါ နိုင်အာ၏ လက်ထဲသို့ ကျရောက်သွားလေပြီ။

ဤသည်မှာ ကျိနင်အနေဖြင့် နိုင်အာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ လောက၌ ပြိုင်ဘက်ကင်းလောက်အောင် လှပလွန်းလှပြီး လူတို့၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်သည့် အလှတရားမျိုးဖြစ်ကာ ကွေ့ချင်းရှောင်း တစ်ယောက်သာလျှင် ယှဉ်ပြိုင်နိုင်စွမ်းရှိပေမည်။

သို့သော် ကွေ့ချင်းရှောင်း၏ အလှတရားက ထင်ပေါ်ကျော်ကြားလွန်းပြီး လူများကို ပေါ့ပျက်ပျက်နိုင်သည့် ခံစားချက်မျိုး ပေးစွမ်း၏။ ယခု နိုင်အာ၏ အလှတရားကမူ ရေခဲတမျှ အေးစက်မှုကို ဆောင်ကြဉ်းနေပြီး မည်သူမှ မစော်ကားဝံ့အောင် ဖိအားပေးထားသည်။

အလွန်လှပကာ မြင့်မြတ်စင်ကြယ်သော အသွင်အပြင်ရှိပြီး သိုင်းပညာလည်း မြင့်မားသည့်အပြင် အချစ်ရေးတွင်လည်း တစ်သီးတသန့် ဆန်လွန်းလှသည့် မိန်းကလေးမျိုးပင်။ ထို့ကြောင့် မင်းသမီး ကျိနင်ပင် မနာလိုဖြစ်မိသွား၏။

ဆိုလွန်က မည်ကဲ့သို့ ကံကောင်းမှုမျိုးရှိနေ၍ ဤကဲ့သို့ မိန်းမချောလေး၏ မျက်နှာသာပေးမှုကို ရရှိခဲ့သနည်း။

ကျိနင် စကားစလိုက်သည်။

“ဆိုလွန်က နင့်အတွက် မထိုက်တန်ပါဘူး”

နိုင်အာက သူမ၏စကားကို ဂရုမစိုက်ဘဲ အေးစက်စွာ စိုက်ကြည့်လာသည်။ ထိုစဉ်က ဆိုလွန်သည် သူမကို စွန့်ပစ်ကာ ကျိနင်နောက်သို့ လိုက်ခဲ့ဖူးသဖြင့် နိုင်အာ၏ စိတ်ထဲ၌ အချစ်ပြိုင်ဘက်တစ်ဦးအလား ခံစားနေရသည်။

ကျိနင် ဆက်ပြောလာသည်။

“နိုင်အာ... ဆိုလွန်က နင့်ရဲ့ ခံစားချက်တွေကို ကစားခဲ့သလို ဒုတိယအကြိမ်လည်း ထပ်ကစားဦးမှာ... နင်က အရမ်းကို အသုံးမကျတာပဲ... သူ့ရဲ့ လက်ခုပ်ထဲက ရေလို အသုံးချခံနေရတာတောင် မသိဘဲ... နင့်အဖေကိုပါ ဆွဲထည့်ချင်နေတာလား”

နိုင်အာ ယခင်အတိုင်း စကားတစ်ခွန်းမှ မပြောဘဲ သူမကို အေးစက်စွာ စိုက်ကြည့်နေဆဲပင်။

ကျိနင် ထပ်မေးလိုက်သည်။

“ဆိုလွန် တကယ်ချစ်တဲ့ မိန်းမက ဘယ်သူလဲဆိုတာ နင် သိလား”

“နင်လား”

“မဟုတ်ဘူး... သဘာဝကျကျပဲ ငါ မဟုတ်ဘူး... သူ တကယ်ချစ်တဲ့ မိန်းမက တစ်ယောက်ပဲ ရှိတယ်... အဲ့ဒါ သူ့အစ်မ ဆိုနင်ပင်းပဲ... သူက သူ့ရဲ့ သွေးသားအရင်း အစ်မနဲ့ ဖောက်ပြန်နေတာ... အဲ့ဒါက ကောလာဟလ သက်သက် မဟုတ်ဘူး”

“ဖြန်း...”

ကျိနင် စကားပင် ဆုံးအောင် မပြောရသေးခင် သူမ၏ ပါးပြင်ပေါ်သို့ ရိုက်ချက်တစ်ချက် ကျရောက်လာ၏။

နိုင်အာ ကျိနင်ကို လျှပ်စီးလက်သည့်အလား လျင်မြန်စွာ ရိုက်ချလိုက်ပြီးနောက် ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်သွားသည်။

ကျိနင် လှောင်ပြုံးပြုံးလိုက်သည်။

“ဟားဟားဟား... ငါ အမှန်တွေ ပြောလိုက်လို့ ဒေါသထွက်သွားတာလား”

“ဖြန်း... ဖြန်း... ဖြန်း...”

နိုင်အာ ရှေ့သို့တိုးလာပြီး ဘယ်ပြန်ညာပြန် အချက်ပေါင်းများစွာ ဆက်တိုက် ရိုက်ချတော့၏။

ချက်ချင်းပင် ကျိနင်၏ နားနှစ်ဖက်စလုံး အူထွက်သွားပြီး မျက်နှာတစ်ခုလုံး ပူထူကာ အာရုံခံနိုင်စွမ်းများ ပျောက်ဆုံးသွားသည်။ မူလက ကျက်သရေရှိလှသည့် ပြိုင်ဘက်ကင်း မျက်နှာလေးမှာ ရောင်ရမ်း နီရဲသွားလေပြီ။

နိုင်အာ အေးစက်စွာ သတိပေးလိုက်သည်။

“ထပ်ပြောကြည့်... နင် တစ်ခွန်းပြောရင် ငါ ဆယ်ချက် ရိုက်မယ်”

ကျိနင် ထပ်မပြောရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် နိုင်အာက ရိုက်မည်ဆိုလျှင် တကယ်ရိုက်မည် ဖြစ်သောကြောင့်ပင်။

သူမက သူမချစ်ရသည့် ယောက်ျားကိုပင် ထိုးကြိတ်ရဲသေးသည် မဟုတ်ပါလော။ အခြားသူဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

အပိုင်း ၃၃၄ ပြီး။

All Chapters