အခန်း ၃၃၅
Vol. 34 Ch. 335
အပိုင်း ၃၃၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
“နိုင်အာ... ငါ့ကို သွားခွင့်ပြုပါ”
ကျိနင် မျက်နှာကို ကာကွယ်ထားရင်း နိုင်အာကို ကြည့်ကာ အလေးအနက် တောင်းဆိုလိုက်သည်။
“နင် ငါ့ကို ရိုက်ခဲ့ပေမဲ့ ငါ နင့်ကို နည်းနည်းလေးမှ မမုန်းဘူး... ငါ့ကို လွှတ်ပေးပါ”
“မဖြစ်နိုင်ဘူး”
“နင့်အတွက် ကောင်းဖို့... ပြီးတော့ ဆိုလွန်အတွက် ကောင်းဖို့ နင် ငါ့ကို လွှတ်ပေးသင့်တယ်”
“ဘာလို့လဲ”
“ဆိုလွန်က ငါ့ကို အမုန်းဆုံးပဲ... အရင်က တော်ဝင်အကယ်ဒမီမှာ သူ ငါ့ကို အရင်ဆုံး မတရားကျင့်ပြီးမှ သတ်ပစ်မယ်လို့ ကျိန်ဆိုခဲ့ဖူးတယ်... “
“အခု ငါ သူ့လက်ထဲ ရောက်သွားရင်တောင် ငါ့ကို သတ်လည်း မသတ်ရဲဘူး... အကြာကြီးလည်း ဖမ်းမထားနိုင်ဘူးလေ”
နိုင်အာ ခေါင်းညိတ်လိုက်၏။ ဤအချက်ကို သူမ ရှင်းလင်းစွာ သိထားသည်။
ကျိနင် ဆက်ပြောသည်။
“အဲ့ဒီတော့ ဆိုလွန် လုပ်နိုင်တာက ငါ့ကို အတင်းအဓမ္မ မတရားကျင့်ဖို့ပဲ ရှိတယ်... နင်က အပျိုစင် တစ်ယောက် ဖြစ်သလို နင်တို့ကြားမှာ ဘာပတ်သက်မှုမှ မရှိသေးဘူး... နင့်ယောက်ျားက တခြားမိန်းမ တစ်ယောက်ကို မတရားကျင့်တာ နင် ထိုင်ကြည့်နေနိုင်လို့လား”
နိုင်အာ မျက်မှောင်ကြုတ်သွားပြီး ခေါင်းရမ်းလိုက်၏။
“မကြည့်နိုင်ဘူး”
“အဲ့ဒါကြောင့် ငါ ဆိုလွန် လက်ထဲ ရောက်သွားရင် ဘာမှ အသုံးမဝင်တဲ့အပြင် ကြီးမားတဲ့ ပြဿနာတွေပဲ သယ်လာပေးလိမ့်မယ်...”
“ဒါပေမဲ့ ဆိုလွန်က နင့်ကို ဒီနေရာမှာ ငါ့ကို လာဖမ်းခိုင်းတာက တကယ်တော့ ငါ့ကို လွှတ်ပေးချင်တဲ့ အဓိပ္ပာယ်ပဲ... သူက ငါ့ကို သတ်လည်း မသတ်နိုင်သလို သူကိုယ်တိုင်လည်း လာမဖမ်းဘူးလေ... ဒါက နင့်လက်ကို ငှားပြီး ငါ့ကို လွှတ်ပေးခိုင်းတာကိုဆိုလိုတာပဲ”
ဘေးနားရှိ ထူလင်းတိ မနေနိုင်ဘဲ စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ ကျိနင်၏ အကြောင်းပြချက်မှာ တကယ်ကိုယုတ္တိကျနေသောကြောင့်ပင်။
နိုင်အာ ရုတ်တရက် ပြုံးလိုက်သည်။
“နင် ပြောတာ တော်တော်လေး အဓိပ္ပာယ်ရှိတယ်”
ကျိနင်၏ မျက်နှာထား အနည်းငယ် နူးညံ့သွား၏။
“နိုင်အာ... နင့်ရဲ့ အချစ်ပြိုင်ဘက်က ငါ မဟုတ်ဘဲ တခြားတစ်ယောက် ဆိုတာ နင် သိလား”
“ဘယ်သူလဲ”
“ကျိယန်”
ကျိနင် ရှင်းပြလာသည်။
“ဘုရင်မင်းမြတ်က နင့်ရဲ့ ဆိုလွန်ကို ကျိယန်ဘက် ရပ်တည်ဖို့ အတင်းအကျပ် ဖိအားပေးနေတာ... ဒါပေမဲ့ နိုင်ငံထဲက မြေပိုင်ရှင်တွေနဲ့ အထက်တန်းလွှာတွေ အကုန်လုံးက ငါ့အစ်ကို ကျိလီ ဘက်မှာ ရပ်တည်နေကြတယ်... ဒါကြောင့် ဆိုလွန်က တစ်လောကလုံးရဲ့ ရန်သူ ဖြစ်နေပြီ... “
“ဒါပေမဲ့ ငါနဲ့ ကျိယန်က မွေးရာပါ ရန်သူတွေလေ... နင် ဆိုလွန်ကို ကူညီသင့်တယ်... သူ တွင်းနက်ထဲ ကျမသွားအောင် တားဆီးသင့်တယ်”
ကျိနင်၏ လေသံမှာ ပို၍နူးညံ့လာ၏။
“နိုင်အာ... ငါ့ကို လွှတ်ပေးပါ... နင် ဘာတောင်းဆိုတောင်းဆို ငါ လိုက်လျောပါ့မယ်... ငါ့ကို ဖမ်းထားလို့ ဘာမှ အသုံးမဝင်တဲ့အပြင် ဆိုလွန်အတွက် ကြီးမားတဲ့ ဘေးဒုက္ခတွေပဲ ယူဆောင်လာပေးလိမ့်မယ်”
နိုင်အာ၏ ရေခဲတမျှ အေးစက်နေသော မျက်နှာလေးပေါ်တွင် ရုတ်တရက် အပြုံးတစ်ခု ပေါ်လာသည်။
“နင်က ဘယ်လိုလုပ် အသုံးမဝင်ရမှာလဲ... နင့်ကို သတ်လို့ မရပေမဲ့ ငါ့ခင်ပွန်းက အရမ်း ဉာဏ်ကောင်းတာ... နင့်ဆီကနေ အကျိုးအမြတ် အများကြီး ခြောက်လှန့် တောင်းယူနိုင်မယ့် နည်းလမ်းကို သေချာပေါက် ရှာတွေ့လိမ့်မယ်...”
“ဒါကြောင့် ခဏလောက် သုံ့ပန်းအဖြစ် စိတ်အေးအေးသာ နေလိုက်ပါ”
ကျိနင် အံ့ဩသွားပြီးနောက် သွေးအန်မတတ် ရူးသွပ်သွားကာ စူးရှသောအသံဖြင့် အော်ဟစ်လိုက်သည်။
“ယန်ရွှမ်း... နင်..ကောင်မစုတ်...”
“ဖြန်း...”
နိုင်အာ ရှေ့သို့တိုးလာပြီး ကျိနင်၏ ပါးစပ်ကို ဖြန်းခနဲ ရိုက်ချလိုက်၏။
ထို့နောက် နောက်ထပ် ရိုက်ချက်တစ်ချက် ကျရောက်သွားရာ မင်းသမီး ကျိနင် ချက်ချင်းပင် မြေပြင်ပေါ်သို့ ခွေကျ သတိလစ်သွားတော့သည်။
ထိုအချိန်၌ အောက်ဘက်မှ အသံကျယ်ကျယ်ဖြင့် မေးလိုက်သံ ထွက်ပေါ်လာသည်။
“မင်းသမီး... အဆင်ပြေရဲ့လား”
နိုင်အာ ထူလင်းတိကို တစ်ချက် ကြည့်လိုက်၏။
ထူလင်းတိမှာ ရွေးချယ်စရာ မရှိသဖြင့် အသံကျယ်ကျယ်ဖြင့် အော်ဖြေလိုက်ရသည်။
“အပေါ်မှာ အဆင်ပြေတယ်”
ထို့နောက် နိုင်အာက ထူလင်းတိကိုပါ ရိုက်ချလိုက်ရာ သတိလစ်သွားတော့သည်။
ထိုအချိန်၌ ချောက်ကမ်းပါးအောက်မှ ကြိုးတစ်လျှောက် ဒုတိယအသုတ်အဖြစ် လူသုံးယောက် တက်လာကြ၏။ ကွေ့ရှင်းဖူ၏ သား ကွေ့ချင်းကျုံး၊ ပုန်ကန်သူ စစ်သည် မြေပိုင်ရှင် နူအာတန်နှင့် ကျိနင်၏ ကိုယ်ရံတော် မိန်းမစိုး လီကျူးတို့ပင်။
လူသုံးယောက်လုံး ချောက်ကမ်းပါးထိပ်သို့ ရောက်ရှိလာချိန်၌ သတိလစ်နေသည့် ကျိနင်နှင့် ထူလင်းတိတို့အပြင် အေးစက်စက်မျက်နှာနှင့် နိုင်အာကိုပါ မြင်တွေ့လိုက်ရသည်။
“ရွှမ်း... ရွှမ်း... ရွှမ်း...”
ချက်ချင်းပင် လူသုံးယောက်လုံး အဖိုးတန်ဓားများကို ဆွဲထုတ်လိုက်ကြ၏။
“မိန်းမစိုးက ဒဏ်ရာရထားတယ်... ရှင်တို့ သုံးယောက်လုံးက ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
“ဒါပေမဲ့ ကျွန်မမှာ စိတ်ရှည်သည်းခံနိုင်စွမ်း သိပ်မရှိဘူး... လက်နက်ချပြီး ဒူးထောက် အညံ့ခံကြ”
နိုင်အာ အေးစက်စွာ ပြောလိုက်ကာ ဆန်းကြယ်နဂါးရွှေ ဓားကို ကျိနင်၏ လည်ပင်းပေါ်သို့ တင်လိုက်၏။
အနည်းငယ် ဖိချလိုက်ရုံဖြင့် ကျိနင် ချက်ချင်း အသက်ပျောက်သွားမည်သာ။
လီကျူး လက်ထဲရှိ ဓားကို ချက်ချင်း ပစ်ချလိုက်ပြီး မြေပြင်ပေါ်၌ ဒူးထောက်ကာ မလှုပ်မယှက် နေလိုက်သည်။ သူ့အတွက် သခင်မ ကျိနင်က အရာအားလုံးဖြစ်ရာ သူ လုံးဝ အန္တရာယ် အဖြစ်ခံ၍မရချေ။
ကွေ့ချင်းကျုံးနှင့် နူအာတန်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ရှေ့မှ ပြိုင်ဘက်ကင်းလောက်သည့်အလှတရားနှင့် မိန်းကလေးမှာ နိုင်အာ ဖြစ်လောက်ပြီး ကောလာဟလများအရ သူမ၏ သိုင်းပညာက အလွန် မြင့်မားသည်ဟု ဆိုကြသည်။
သို့သော် မိန်းမတစ်ယောက် ဖြစ်နေဆဲမို့ သိုင်းပညာက ဘယ်လောက်အထိ မြင့်မားနိုင်မှာလဲ။
ထို့အပြင် ကျိနင်နှင့် ထူလင်းတိတို့ အဖမ်းခံရလျှင် သေချာပေါက် သေမည် မဟုတ်သော်လည်း နူအာတန်မှာ ဆိုလွန် လက်ထဲ ရောက်သွားပါက သေချာပေါက် သေရမည်ဖြစ်ပြီး ကွေ့ချင်းကျုံးမှာလည်း မသေလျှင်တောင် အရေခွံ ခွာခံရပေလိမ့်မည်။
ထို့ကြောင့် သူတို့နှစ်ယောက်လုံး ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုချလိုက်ကြကာ နဂါးစွမ်းအင်များကို ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး လျှပ်စီးလက်သည့်အလား နိုင်အာဆီသို့ ပြေးဝင်သွားကြတော့သည်။
“ဒေါင်...”
နိုင်အာ ဓားဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် နူအာတန်နှင့် ကွေ့ချင်းကျုံးတို့၏ လက်ထဲရှိ အဖိုးတန်ဓားများ မျက်စိတစ်မှိတ်အတွင်း ထက်ပိုင်းပြတ်သွား၏။
“ရွှမ်း... ရွှမ်း... ရွှမ်း...”
နိုင်အာက မိုးသက်မုန်တိုင်းအလား အကြိမ် ရာပေါင်းများစွာ ဆက်တိုက် ထိုးစိုက်လိုက်ပြီးနောက် လျှပ်စီးလက်သည့်အလား နောက်သို့ ပြန်ဆုတ်သွားသည်။
နူအာတန်နှင့် ကွေ့ချင်းကျုံးတို့ တိုက်ခိုက်ရန်တိုးဝင်လာသည့်ဟန်ပန်အမူအရာဖြင့် နေရာ၌ မလှုပ်မယှက် ရပ်နေလေပြီ။
နောက်တစ်စက္ကန့်၌ သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များပေါ်တွင် မရေမတွက်နိုင်သော ပြတ်ရှရာများ ပေါ်လာပြီး သွေးများ ပန်းထွက်လာတော့သည်။
လူနှစ်ယောက်လုံး မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် လဲကျသွား၏။
နိုင်အာ လီကျူးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
“အောက်က လူတွေကို တက်လာဖို့ ပြောလိုက်”
မင်းသမီး ကျိနင် ဓားစာခံ ဖြစ်နေသရွေ့ လီကျူးကို မည်သည့်အရာမဆို လုပ်ခိုင်းနိုင်သည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းလျှင်တောင် ရပေ၏။
နိုင်အာ၏ စကားကို ကြားပြီးနောက် သူ ချက်ချင်းပင် ချောက်ကမ်းပါး အောက်သို့ ခေါင်းပြူကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
“တက်လာကြတော့”
ဤသည်မှာ ငါးဖမ်းနေသည့်အလားပင်။ နိုင်အာက ရန်သူ့ အရေးကြီး ပုဂ္ဂိုလ်များ အားလုံးကို ပိုက်ကွန် တစ်ချက်တည်းဖြင့် အပြည့်အဝ ဖမ်းဆီးလိုက်ခြင်းဖြစ်၏။
သူမ တစ်ယောက်တည်းဖြင့် လူဒါဇင်ပေါင်းများစွာ ဖမ်းဆီးနိုင်ခဲ့လေပြီ။
……
ထိုအချိန်၌။
ရဲတိုက်ထဲတွင် စစ်သည်အချင်းချင်း သတ်ဖြတ်နေကြကာ လူဆိုးများ သောင်းကျန်းနေသည့်အလား ဖြစ်နေသည်။
ဆိုလွန် ပစ်ခတ်လိုက်သည့် အဆိပ်ပုလင်း မြှားများ ပေါက်ကွဲသွားပြီးနောက် အများဆုံး လူအနည်းငယ်ကိုသာ အပြင်းအထန် ဒေါသထွက် ရူးသွပ်စေနိုင်မည် ဖြစ်၏။
သို့သော် ထိုမျှများပြားသည့် လူများက အလုံပိတ် နေရာတစ်ခုထဲ၌ ပြည့်ကျပ်နေပြီး အုပ်စုသုံးစု ကွဲနေကြသလို ရှုံးနိမ့်ပြီးနောက် ဝိုင်းရံခံထားရသဖြင့် မျှော်လင့်ချက်မဲ့သည့်စိတ် အခြေအနေတွင် ကျရောက်နေကြသည်။
ထို့ကြောင့် ဤအချိန်၌ ရဲတိုက်မှာ ဧရာမ ယမ်းပုံကြီးတစ်ခုအလား ဖြစ်နေပြီး မီးခြစ်ဆံ တစ်ချောင်းမျှဖြင့် ကြီးမားသည့် ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်စေနိုင်လေသည်။
ဆိုလွန် ပစ်ခတ်လိုက်သည့် အဆိပ်မြှား အစင်း နှစ်ရာမှာ မီးခြစ်ဆံထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှပြီး ဧရာမ မီးတောက်ကြီးတစ်ခုနှင့် တူညီနေ၏။
အဆိပ်မိသွားသူများမှာ အသိစိတ်များ ဆုံးရှုံးသွားကြပြီး အပြင်းအထန် ဒေါသထွက် ရူးသွပ်လာကြကာ အနည်းငယ် လှုံ့ဆော်ခံရသည်နှင့် ဓားဆွဲထုတ်၍ ရူးသွပ်စွာ ခုတ်ပိုင်းကြတော့သည်။
အစပိုင်းတွင် ဘေးပတ်ဝန်းကျင်ရှိ လူများက အဆိပ်မိသူများကို ဝိုင်းဝန်း သတ်ဖြတ်ကြသော်လည်း နောက်ပိုင်း၌ ပရမ်းပတာ တိုက်ပွဲကြီးအဖြစ် ပြောင်းလဲသွားကာ အချင်းချင်း ရူးသွပ်စွာ သတ်ဖြတ်ကုန်ကြလေပြီ။
ထိုကဲ့သို့ အလွန်အမင်း ပရမ်းပတာ ဖြစ်နေချိန်၌ လူ့အသက်များမှာ မြက်ပင်များပမာ အချည်းနှီး ဖြစ်နေ၏။ အချိန်တိုလေးအတွင်းမှာပင် ရဲတိုက်အတွင်း သွေးချောင်းစီးသွားတော့သည်။
နောက်ဆုံး၌ ထျန်းရွှေမြို့ ပုန်ကန်သူတပ်၊ လင်ဟိုင် တပ်ဖွဲ့နှင့် မဟူရာ တပ်ဖွဲ့တို့ သုံးဖွဲ့ကြား ပုန်ကန် အုံကြွမှုကြီးအဖြစ် တိုက်ရိုက် ပြောင်းလဲသွား၏။
သို့သော် ထိုအချိန်၌ ရဲတိုက် အပြင်ဘက်မှ ဆိုလွန်၏ အသံ ထွက်ပေါ်လာသည်။
“ထျန်းရွှေမြို့ နယ်မြေက ပုန်ကန်သူ တပ်သားတွေ အားလုံး နားထောင်ကြ... မင်းတို့က ငါ့ ဆိုမျိုးနွယ်စုရဲ့ လက်အောက်ခံတွေဖြစ်ပြီး နူအာတန်နဲ့ အခြားသူတွေရဲ့ လှည့်စားမှုကြောင့် ပုန်ကန်ခဲ့ကြတာပဲ... ဒါကြောင့်တံခါးဖွင့်ပြီး လက်နက်ချ အညံ့ခံရင် အသက်ချမ်းသာပေးမယ်”
“လက်နက်ချပြီးရင် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို စစ်ဆေးပြီး ဆက်လက် စစ်မှုထမ်းခွင့် ပြုမယ်... ထျန်းရွှေ မြို့စောင့်တပ်ထဲ ဖြည့်တင်းပေးပြီး တစ်လကို လစာ ငွေဒင်္ဂါး ၅ ပြား ရအုန်းမယ်... စစ်ဆေးမှု မအောင်မြင်တဲ့ သူတွေကိုတော့ အိမ်ပြန်ပြီး လယ်လုပ်ခွင့် ပေးမယ်”
ထိုကတိစကားများကြောင့် ရဲတိုက်ထဲ၌ ပွက်လောရိုက်သွားပြီး ထျန်းရွှေမြို့ နယ်မြေမှ ပုန်ကန်သူ တပ်သား အားလုံး အလွန်အမင်း ဝမ်းသာသွားကြသည်။
သေချာပေါက် သေရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခု အသက်ရှင်ခွင့် ရရုံသာမက မြို့စောင့်တပ်ထဲသို့ပင် ဝင်ရောက်နိုင်ခြေ ရှိနေပြီ။ သို့သော် ဆိုလွန်က သူတို့ကို လှည့်စားကာ လက်နက်ချခိုင်းပြီးမှ သတ်ဖြတ်မည်လော ဆိုသည်ကိုမူ သူတို့ မသိကြချေ။
ထိုအချိန်တွင် အပြင်ဘက်မှ အခြားအသံများ ထပ်မံထွက်ပေါ်လာ၏။ ရဲတိုက်အတွင်းရှိပုန်ကန်သူစစ်သည်များအားလုံး ထိုအသံများကို အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
“ထျန်းရွှေမြို့ နယ်မြေထဲက ပုန်ကန်သူ ညီအစ်ကိုတို့... ငါက လက်ငါးချောင်းကျွန်းက လီရူကျွင်း ပါ... “
“သခင် ဆိုလွန်က ငါတို့ကို အပြစ်လွှတ်ပေးရုံတင် မကဘူး ငါ့ကို ထျန်းရွှေ မြို့စောင့်တပ်ထဲကိုပါ ရာထူးတိုးပေးခဲ့တယ်... အခု ငါ့လစာက တစ်လကို ငွေဒင်္ဂါး သုံးပြား ရနေပြီ... ခြောက်လ လေ့ကျင့်ပြီးလို့ စစ်ဆေးမှု အောင်မြင်ရင် တစ်လကို လစာ ငွေဒင်္ဂါး ငါးပြား ရမယ်”
“ပုန်ကန်သူ ညီအစ်ကိုတို့... ငါက မေပယ်ရွက်မြို့က ကျောက်ထျဲကျူး ပါ... မြေပိုင်ရှင်တွေရဲ့ လှည့်စားမှုကြောင့် တစ်ခဏတာ မှားယွင်းပြီး ပုန်ကန်မိခဲ့တယ်... အခု မြို့စားမင်း ဆိုလွန်က ငါတို့ကို မသတ်တဲ့အပြင် ငါ့ကို ထျန်းရွှေ ပန်းဘဲဖိုမှာ အလုပ်ဝင်လုပ်ခိုင်းတယ်... တစ်လကို လစာ ငွေဒင်္ဂါး လေးပြား ရတယ်... နောက်ပိုင်း လက်နက်နဲ့ ချပ်ဝတ်တန်ဆာ လုပ်ပြီးတိုင်း ရာခိုင်နှုန်းနဲ့ အပိုဆု ရဦးမှာ”
အလားတူ အသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး အားလုံးမှာ ထျန်းရွှေ မြို့တော်၌ ကျန်ရစ်ခဲ့သည့် ပုန်ကန်သူ တပ်သားများပင်။
ရဲတိုက်ထဲရှိ ပုန်ကန်သူ တပ်သားအားလုံး ထိုလူများ၏အသံကိုကြားပြီးနောက် ချက်ချင်းမတည်မငြိမ်ဖြစ်လာကြသည်။ ထိုအချိန်တွင် လူအချို့ စတင်အော်ဟစ်လိုက်ကြ၏။
“ကျောက်ထျဲကျူး က ငါ့ရွာသားပဲ... သူက ပန်းဘဲဆရာလေ... သူ ဘယ်တော့မှ လိမ်မှာ မဟုတ်ဘူး”
ထို့နောက် ပို၍ များပြားသော ပုန်ကန်သူ တပ်သားများက မိမိတို့၏ ရွာသားများ၏ အသံများကို ထပ်မံကြားလိုက်ရသည်။
ကောင်းကင်ဝံပုလွေ ရဲတိုက်ထဲရှိ တပ်သား ရှစ်ထောင်ခန့်တွင် အများစုမှာ ထျန်းရွှေမြို့ ပုန်ကန်သူ တပ်သားများ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က သေရမည်ကို ကြောက်သဖြင့် အမြန်ဆုံး ထွက်ပြေးခဲ့ကြသောကြောင့်ပင်။
မဟူရာ တပ်ဖွဲ့မှာ ယန်ယန်၏ တပ်ဖွဲ့နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ စုစုပေါင်း လူလေးထောင်တွင် အသေအပျောက် အများဆုံး ဖြစ်ခဲ့ပြီး လူတစ်ထောင်ကျော်သာ ကျန်ရှိတော့သည်။
လင်ဟိုင် တပ်ဖွဲ့မှာ မူလက လူငါးထောင် ရှိသော်လည်း တစ်ဝက်ကျော် သေဆုံးသွားကာ လူနှစ်ထောင်ကျော်သာ ကျန်ရှိတော့၏။
အပိုင်း ၃၃၅ ပြီး။