← Chapters

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း ၃၃၈

Vol. 34 Ch. 338

အပိုင်း ၃၃၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ယန်ယန် အရက်တစ်ကျိုက် ထပ်မံမော့သောက်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။

“မင်း ဒီလမ်းကို ရွေးချယ်ပြီး ဘုရင်မင်းမြတ်ရဲ့ လူယုံ ဖြစ်လာဖို့ ဆုံးဖြတ်လိုက်ပြီလား”

“ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး”

ယန်ယန် သတိပေးလိုက်သည်။

“မင်း သတိထားရမယ်... ဒါက တစ်နိုင်ငံလုံးက အထက်တန်းလွှာတွေ၊ မြေပိုင်ရှင်တွေ၊ ပြီးတော့ အရပ်သား လက်ရွေးစင်တွေ အကုန်လုံးနဲ့ ရန်သူ ဖြစ်ရမှာနော်”

ဆိုလွန် ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... တစ်လောကလုံးနဲ့ ရန်သူ ဖြစ်ရတာ သိပ်ပြီး ခံစားလို့ မကောင်းဘူး”

“မင်း အနိုင်ရသွားတယ်လို့ မထင်နဲ့ဦး... အစစ်အမှန် စစ်ပွဲက အခုမှ စတင်တာ... မင်းရဲ့ အင်အားနဲ့ သူတို့ကို ယှဉ်ရင် သမုဒ္ဒရာထဲက ရေတစ်စက်အဆင့်ပဲ ရှိသေးတယ်”

မည်သူက မပြောခဲ့သနည်း။ ဆိုလွန်၏ ရန်သူများ အားလုံး ပေါင်းလိုက်ပါက တပ်ဖွဲ့ဝင် တစ်သန်းကျော် ရှိနိုင်ပြီး နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြားလှသည့် ရွှေဒင်္ဂါးများနှင့် မိုင်တစ်သောင်းကျော် ကျယ်ဝန်းသည့် နယ်မြေများကိုပိုင်ဆိုင်ထားကြသည်။ ထိုအင်အားက ဆိုလွန်ထက် အဆပေါင်း ရာချီ ပိုများနေ၏။

ထျန်းရွှေမြို့ စစ်ပွဲကို အနိုင်ရခဲ့ခြင်းက အစပြုမှုလေး တစ်ခုသာ။ ယနေ့မှစ၍ ဤရေမြွေက မြစ်ကို အောင်မြင်စွာ ဖြတ်ကူးနိုင်သွားလေပြီ။

……

နောက်နေ့၌ ဆိုလွန်က တပ်ဖွဲ့ ငါးထောင်နှင့် အရေးကြီး သုံ့ပန်းများကို ဦးဆောင်ကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှ ထွက်ခွာပြီး ထျန်းရွှေမြို့ မြောက်ဘက်သို့ ချီတက်သွားသည်။

ထိုအချိန်၌ မရေမတွက်နိုင်သော ကင်းထောက်များက အမြန်ဆုံး စစ်မြင်းများကို စီးနင်းကာ အရပ်မျက်နှာ အသီးသီးသို့ ထွက်ခွာသွားကြ၏။

စာကလေးပျံ များစွာကလည်း ထျန်းရွှေမြို့မှ အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားသည်။

အချိန်တိုအတွင်းပင် ထျန်းရွှေမြို့၏ စစ်ပွဲရလဒ်က နုလန် ဘုရင့်နိုင်ငံ တစ်ခုလုံးသို့ အပြည့်အဝ ပျံ့နှံ့သွားတော့သည်။

နှစ်ရက် ကြာပြီးနောက် ဆိုလွန်က တပ်များကို ဦးဆောင်ကာ ထျန်းရွှေ မြို့တော်ထဲသို့ ဝင်ရောက်လာသည်။

သို့သော် သူက ထျန်းရွှေမြို့ထဲ၌ ကြာကြာမနေဘဲ ရဲ့ကျင်းယွီနှင့်အတူ အရှေ့ဘက်သို့ လျင်မြန်စွာ ထွက်ခွာသွားပြန်၏။

အရှေ့ဘက် ကမ်းရိုးတန်းသို့ ရောက်ရှိလာလျှင် ထိုနေရာ‌၌ စောစီးစွာကတည်းက စောင့်ဆိုင်းနေသည့် သင်္ဘောအချို့ ရှိနေသည်။ ဆိုလွန် သင်္ဘောပေါ်တက်ကာ ကျောက်စရစ်ကျွန်းဆီသို့ အရှိန်အဟုန် အပြည့်ဖြင့် ထွက်ခွာသွားသည်။

ထျန်းရွှေမြို့သည် သူ ပိုင်ဆိုင်သည့် အရာဖြစ်သလို အစ်မ ဆိုနင်ပင်း၏ ပိုင်ဆိုင်မှုလည်း ဖြစ်သည်။

ယခု ဆိုလွန်က ထျန်းရွှေမြို့ကို အပြည့်အဝ သိမ်းပိုက်လိုက်ပြီး ဆိုမျိုးနွယ်စု၏ အမွေအနှစ်များကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ရာ သူက အစ်မ ဆိုနင်ပင်းကို အရင်ဆုံး အသိပေးချင်နေသည်။ သူမကို ထျန်းရွှေမြို့ဖြစ်သည့် သူမ၏ အိမ်ဆီသို့ ပြန်လည် ခေါ်ဆောင်ရမည်။

သင်္ဘောပေါ်၌ အပျော်ရွှင်ဆုံးနှင့် အတက်ကြွဆုံး သူမှာ ရဲ့ကျင်းယွီပင်။ ဆိုနင်ပင်းကို အိမ်ပြန်ခေါ်နိုင်တော့မည်ဟု တွေးလိုက်တိုင်း သူမ မခံစားနိုင်လောက်အောင် ပျော်ရွှင်နေ၏။

ရဲ့ကျင်းယွီက ဆိုလွန်၏ မျက်နှာချင်းဆိုင်၌ ရပ်ကာ သူ၏ မျက်လုံးများကို ကြည့်၍ ပြောလိုက်သည်။

“သခင်... သခင်မလေးက သူ့အိမ်ကို ပြန်ချင်တဲ့ အိပ်မက်တွေ ရှိခဲ့တာ... နှစ်ဝက်တောင် မပြည့်ခင် သခင်က ထျန်းရွှေမြို့ကို တကယ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဆိုတော့ သူ ဘယ်လောက်တောင် ပျော်နေမလဲ မသိဘူး... “

“ကျေးဇူးတင်ပါတယ်... သခင် ပြန်လည်သိမ်းပိုက်ခဲ့တာက သခင်မလေးရဲ့ အိမ်တင် မကဘူး ကျွန်မရဲ့ အိမ်လည်း ပါပါတယ်”

ဆိုလွန် ခေါင်းညိတ်လိုက်၏။

“ထျန်းရွှေမြို့က ငါတို့ အားလုံးရဲ့ အိမ်ပဲ”

ရဲ့ကျင်းယွီ ဆက်ပြောသည်။

“ကျွန်မ သခင့်ကို ပထမဆုံး မြင်တုန်းက ဒီနေ့လို နေ့ရက်မျိုးရောက်လာလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး... လောကမှာ ဘာတစ်ခုမှ မရှိတဲ့ ဘဝကနေ ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်နိုင်တဲ့အထိ တစ်နှစ်တောင် မပြည့်ခဲ့ဘူးလေ... “

“သခင်က တကယ်ပဲ ကောင်းကင်က စေလွှတ်လိုက်တဲ့ နတ်ဘုရား တစ်ပါး ဖြစ်လောက်တယ်”

ဆိုလွန် ပြုံးလိုက်၏။

“မိစ္ဆာ လည်း ဖြစ်နိုင်တာပဲလေ”

ရဲ့ကျင်းယွီ ပြတ်သားစွာ ပြန်ချေပလိုက်သည်။

“မိစ္ဆာ ဆိုရင်တောင် ကျွန်မက ထာဝရ မိစ္ဆာမ အဖြစ် ပြောင်းလဲသွားမှာပါ”

ထို့နောက် ဆိုလွန်၏ နှုတ်ခမ်းပေါ်သို့ ရဲရင့် လျင်မြန်စွာဖြင့် နမ်းရှိုက်လိုက်၏။

……

ကျောက်စရစ်ကျွန်းနှင့် မိုင်ဒါဇင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိလာချိန်၌ ဆိုလွန်၏ မျက်နှာအရောင် ချက်ချင်း ပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ကျောက်စရစ်ကျွန်း ပင်လယ်ပြင်၌ ထူးဆန်းသည့် သင်္ဘောအချို့ ကျောက်ချထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သင်္ဘောများကို မြင်လိုက်ရသောကြောင့်ပင်။

ထိုသင်္ဘောအချို့ပေါ်၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သည် ထောင်ချီ ရှိနေ၏။

သို့သော် ကျောက်စရစ်ကျွန်း ရေတပ်မှာ ကီလိုမီတာ အနည်းငယ် အကွာအဝေးမှ ထိပ်တိုက် ရင်ဆိုင်နေပြီး တိုက်ပွဲ မဖြစ်ပွားသေးချေ။

ဆိုလွန် ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် ထျန်းရွှေမြို့ စစ်ပွဲသို့ သွားရောက်ရာတွင် သူက ကျောက်စရစ်ကျွန်းမှ လက်ရွေးစင် တစ်ထောင်ကို ခေါ်ဆောင်သွားခဲ့သဖြင့် ယခုအချိန်၌ ကျွန်းပေါ်ရှိ တပ်ဖွဲ့မှာ လူနှစ်ထောင်ပင် မပြည့်တော့သောကြောင့်ဖြစ်သည်။

ရုတ်တရက် ဧရာမ ရေတပ်ကြီးတစ်ခု ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထူးဆန်းသော ရေတပ်၏ စောင့်ကြည့်မှုအောက်တွင် ဆိုလွန်၏ သင်္ဘောက ကျောက်စရစ်ကျွန်းဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။

သူ ကျောက်စရစ်ကျွန်းပေါ်သို့ တက်လိုက်သည်နှင့် တပြိုင်နက် ကျွန်းပေါ်ရှိ တပ်ဖွဲ့က ချက်ချင်း ရှေ့သို့တိုးလာပြီး သူ့ကို အလယ်၌ထား၍ ကာကွယ်လိုက်ကြသည်။

ဆိုလွန် တင်းမာသောလေသံဖြင့်မေးလိုက်သည်။

“ဘာဖြစ်တာလဲ... ဒီရေတပ်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ... မိတ်ဆွေလား ၊ ရန်သူလား”

ယခုအချိန်၌ ကျွန်းပေါ်ရှိ အမြင့်ဆုံး အရာရှိမှာ ဆိုမျိုးနွယ်စု၏ အဆင့်မြင့်စစ်သည် ဆိုဖေးယန် ဖြစ်သည်။ သူသည်လည်း အဆင့်မြင့် လေးစစ်သည် တစ်ဦးပင်။

မိသားစုစစ်သည် ဆိုဖေးယန် ပြန်ဖြေလိုက်သည်။

“ရောက်လာတာက... သခင်မလေး ဆိုနင်ပင်းရဲ့ ခင်ပွန်းပါ... သူက သခင်မလေးကို လာခေါ်တာတဲ့”

ဆိုလွန်တစ်ယောက် အလွန် အံ့ဩသွားလေပြီ။

ဆိုနင်ပင်း၏ ခင်ပွန်းဖြစ်နေသလော။ ဘယ်ကပေါ်လာသည့် အကောင်ပါနည်း။

ဆိုလွန် အံ့ဩတကြီး မေးလိုက်၏။

“အစ်မကို လာခေါ်တာ... ဘယ်ကို ပြန်ခေါ်မှာလဲ”

“သဘာဝကျကျပဲ... သူ့ယောက်ျားအိမ်ဆီကိုပါ”

“ဒီလူ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ... အခု ဘယ်မှာလဲ”

“ရဲတိုက်ထဲမှာပါ... ရောက်နေတာ သုံးရက် ရှိပါပြီ”

ဆိုလွန် ဆားကွင်းများကို လျင်မြန်စွာ ဖြတ်သန်းကာ ကျောက်စရစ်ကျွန်း ရဲတိုက်ထဲသို့ ပြေးဝင်သွား၏။

ဆိုနင်ပင်း၏ ခင်ပွန်းနှင့် ပတ်သက်၍ ဆိုလွန်ယခင်က မေးမြန်းဖူးသော်လည်း သူမက ဘယ်သောအခါမှ ပြန်မဖြေခဲ့ချေ။ ထို့အပြင် ဆိုလွန်က သူမ ကွာရှင်းခဲ့သည်လား၊ ခင်ပွန်း သေဆုံးသွားသည်လား ဆိုသည်ကိုပင် မသိပေ။

ယခင်က ဆိုလွန်သည် အစ်မ၏ ယောက်ျားအိမ်က ဘယ်သောအခါမှ ပေါ်လာတော့မည် မဟုတ်ဟုပင် ထင်မှတ်ထားခဲ့သော်လည်း သူမ၏ ခင်ပွန်းဆိုသူက ရုတ်တရက် ရောက်လာပြီး သူမကိုပါ ပြန်ခေါ်သွားမည်ဟုဆိုလာသည်။

ဤလောက၌ မည်သူမှ ဆိုလွန်ထံမှ သူ၏ အစ်မကို ခေါ်ဆောင်သွား၍ မရချေ။

ထိုအမျိုးသားက ဘယ်လို ဇာတ်ကောင်မျိုးလဲ ဆိုတာ သူ ကိုယ်တိုင် သွားကြည့်ရပေမည်။

….

ကျောက်စရစ်ကျွန်း၏ ရိုးရှင်းသော ရဲတိုက်လေးမှာ အသစ်တစ်ဖန် ပြန်လည် မွမ်းမံထားသည့်အလား ဖြစ်နေပြီး ခြံဝင်းထဲ၌ ကော်ဇောနီများ ခင်းထားလေပြီ။

မြို့တံခါးဝသို့ ရောက်ရှိလာချိန်၌ တံခါးစောင့် စစ်သည်နှစ်ဦးကို တွေ့လိုက်ရ၏။

သို့သော် ထိုစစ်သည်နှစ်ဦးမှာ ဆိုလွန် မသိသည့်လူများဖြစ်ပြီး အရပ်အမောင်း အလွန် မြင့်မားကာ အနက်ရောင် ဆံပင်နှင့် အပြာရောင် မျက်လုံးများ ရှိကြသည်။ နုလန် ဘုရင့်နိုင်ငံမှ လူမျိုးများနှင့် မတူညီဘဲ တိုင်းတစ်ပါးမှ သွေးနှောများဖြစ်ကာ ကမ္ဘာမြေ၏ ပါရှားလူမျိုးများနှင့် များစွာ ဆင်တူနေသည်။

ဤလူများမှာ ဆိုမျိုးနွယ်စုမှ စစ်သည်များ မဟုတ်သလို မြို့စားကြီး ကျိထင်၏ စစ်သည်များလည်း မဟုတ်ကြောင်း ရှင်းလင်းနေသည်။

“ရပ်စမ်း”

ဆိုလွန် တံခါးဝသို့ပင် မရောက်သေးခင် ထို တိုင်းတစ်ပါး သွေးနှော စစ်သည်နှစ်ဦးက သူ့ကို တားဆီးလာသည်။

ဆိုလွန်တစ်ယောက် ဒေါသထွက်သွားလေပြီ။ ဤသည်မှာ သူ၏ နယ်မြေ၊ သူ၏ ရဲတိုက်ဖြစ်ပါလျက် အခြားသူ၏ စစ်သည်များက သူ့ကို တားဆီးနေပါသလော။

“သတ်လိုက်...”

ဆိုလွန် အေးစက်စွာ အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် အနောက်မှ ရဲ့ကျင်းယွီနှင့် ဆိုဖေးယန်တို့က ဓားများ ဆွဲထုတ်ကာ တိုင်းတစ်ပါး သွေးနှော စစ်သည်နှစ်ဦးဆီသို့ ပြေးဝင်သွားသည်။

ထိုစစ်သည်နှစ်ဦးကလည်း ဓားကောက်များဆွဲထုတ်လိုက်ပြီး သူတို့၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်လာသည်။

ထိုအချိန်၌။

“ဖြည်းဖြည်း... ဖြည်းဖြည်း...”

အမျိုးသားတစ်ဦး ရဲတိုက်ထဲမှထွက်လာကာ အပြုံးဖြင့် ပြောလိုက်ခြင်းပင်။

“ဆိုလွန်... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... ငါ့ရဲ့ စစ်သည်တွေက ဘာလို့ ဒီလောက်တောင် တင်းမာနေရတာလဲ... လူတိုင်းက ငါ့ကို လုပ်ကြံချင်နေတဲ့ ပုံစံမျိုးနဲ့ ကြည့်နေကြတယ်”

ဤလူမှာ ဆိုလွန်၏ ယောက်ဖ ဖြစ်ပြီး အာရှီလော့ ဟု ခေါ်၏။

ဆိုလွန် ဒဏ္ဍာရီလာ ယောက်ဖ ဆိုသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း ရင်တွင်း၌ ပထမဆုံး ခံစားလိုက်ရသည်မှာ အလွန်အမင်း ရွံရှာမုန်းတီးမှုပင်။

အဘယ်ကြောင့်ဆိုသော် သူ့ကို ကြည့်ရသည်မှာ ကြေးမုံပြင်ထဲမှ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နေရသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။ သူနှင့် ဆိုလွန်က အလွန် ဆင်တူလှ၏။

သဘာဝကျစွာပင် ဆိုလွန်၏ အသွင်အပြင်နှင့် အာရှီလော့၏ အသွင်အပြင်မှာ လုံးဝ ကွာခြားသော်လည်း အော်ရာအငွေ့အသက်နှင့် ပုံစံ အလွန် ဆင်တူနေသည်။

ထူလင်း မိသားစုသည် တိုင်းတစ်ပါးမှ လာရောက်သူများ ဖြစ်သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် နုလန် ဘုရင့်နိုင်ငံနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့ကာ တိုင်းတစ်ပါး သွေးနှောမှု တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

သို့သော် အာရှီ မိသားစုမှာမူ ရာခိုင်နှုန်းပြည့် တိုင်းတစ်ပါး သွေးနှောများသာ ဖြစ်ကြသည်။ ယခု ယောက်ဖဆိုသူ အာရှီလော့မှာ စံပြ တိုင်းတစ်ပါးမှ လူချောလေး တစ်ဦးပင်။

သူ့၌ နက်ရှိုင်းသော သုံးဖက်မြင် မျက်နှာသွင်ပြင်နှင့် နက်ပြာရောင် မျက်လုံးများ ရှိကာ အရပ်မှာ ၁.၉မီတာခန့်နှင့် သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ဖြူလျော်သော အသားအရေ ရှိသည်။

ကမ္ဘာမြေပေါ်တွင် ဆိုလွန် သတင်းတစ်ခု ဖတ်ခဲ့ဖူး၏။ ဆော်ဒီအာရေးဗီးယားမှ အမျိုးသားတစ်ဦးမှာ ချောမောလွန်းသဖြင့် ဆော်ဒီအာရေးဗီးယား ဘုရင့်နိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည် ဟူ၍ပင်။

သူ၏ရှေ့မှအာရှီလော့မှာ ပြည်ဝင်ခွင့် ပိတ်ပင်ခံရလောက်အောင် ဆွဲဆောင်မှုရှိသော လူချောလေးမျိုး ဖြစ်သည်။

တိုင်းတစ်ပါးမှ လူချောလေးများသည် အရှေ့တိုင်းသားများထက် အချို့သော အပိုင်းများတွင် အားသာချက်များ ရှိကြ၏။ ဥပမာအားဖြင့် သူတို့၏ သုံးဖက်မြင် မျက်နှာသွင်ပြင်နှင့် သူတို့၏ ယောင်္ကျားအင်္ဂါ ပိုမို ကြီးမားခြင်းတို့ပင်။

အာရှီလော့၏ ချောမောမှုမှာ ဆိုလွန်ထက် လုံးဝ မနိမ့်ကျချေ။ တိုင်းတစ်ပါး သွေးနှောမှုကြောင့် သူ့၌ ထူးခြားသော ဆွဲဆောင်မှု တစ်မျိုး ရှိနေ၏။

ထို့ကြောင့် ဆိုလွန် သူ့ကို ပထမဆုံးအကြိမ် မြင်လိုက်ရချိန်၌ ကြေးမုံပြင်ကို ကြည့်နေရသကဲ့သို့ ရွံရှာမုန်းတီးမှု ဖြစ်ပေါ်သွားရသည်။ ထိုအရာက သူကဲ့သို့လူမျိုးကို တိုင်းတစ်ပါး သွေးနှော ပုံစံဖြင့် မြင်နေရသကဲ့သို့ ခံစားချက်မျိုးဖြစ်သည်။

တူညီသော မျက်ခုံးများ၊ တူညီသော မထီမဲ့မြင်အကြည့်များနှင့် စည်းကမ်းမဲ့မှု၊ တူညီသော ယုတ်မာ ကောက်ကျစ်မှုနှင့် ရက်စက် ကြမ်းကြုတ်မှု။

ထို့အပြင် ဤအမျိုးသားမှာ လန်လင်းနှင့် ဆိုလွန်တို့ ပေါင်းစပ်ထားသကဲ့သို့ပင်။ သူ၏ ဆွဲဆောင်မှုရှိသော အကြည့်များက မိန်းမများကို မည်မျှ သိမ်းပိုက် ကစားခဲ့ဖူးကြောင်း အပြည့်အဝ ဖော်ပြနေပြီး ယခင်က လူယုတ်မာ ဆိုလွန်ထက်ပင် ပိုမို များပြားနေပေလိမ့်မည်။

“ဆိုလွန်... မင်းရဲ့ အစ်မကို အမြန် သွားခေါ်လိုက်... သူက ငါနဲ့ အတူ အိမ်ပြန်ရမှာ”

အာရှီလော့က ဆိုလွန်၏ ပခုံးကို ဖက်ကာ အလွန် ရင်းနှီးသည့်ပုံစံဖြင့် ပြောလိုက်သည်။ ဆိုလွန်၏ အကြည့်များက သူ၏ လက်ချောင်းများပေါ်သို့ ကျရောက်သွားပြီး ရွှေရောင် ဆံပင်ကောက်ကောက်လေး အချို့ ကပ်နေသည်ကို သတိထားမိလိုက်သည်။

ထို့နောက် အာရှီလော့က ဆိုလွန်၏ ပခုံးကို ဖက်လျက် ရဲတိုက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွား‌တော့သည်။

အပိုင်း ၃၃၈ ပြီး။

All Chapters