← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

အပိုင်း ၃၄၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

သို့သော် နှစ်ဖက် အင်အားမှာ အလွန် ကွာဟလွန်းသဖြင့် အာရှီ မိသားစုက နုလန် ဘုရင့်နိုင်ငံထံမှ အကူအညီ တောင်းခံခဲ့ပြီး ကျိ မိသားစုကို သစ္စာခံမည်ဟု ကတိပြုခဲ့သည်။

နုလန် ဘုရင့်နိုင်ငံက အခြေအနေကို ချိန်ဆပြီးနောက် အာရှီ မိသားစုကို လက်ခံရန် ဆုံးဖြတ်ခဲ့ပြီး တပ်ဖွဲ့ နှစ်ဖွဲ့ စေလွှတ်ကာ ရိုရန်မြို့ကို ကယ်တင်ပြီး ညသစ်ခွ မြို့စားနယ်မြေ၏ မြို့တော်ကို တိုက်ခိုက်ခဲ့သည်။

ညသစ်ခွ မြို့စားနယ်မြေ မြို့တော်ကို တိုက်ခိုက်သည့် တပ်ဖွဲ့ကို ထူလင်းထော် က ကွပ်ကဲခဲ့၏။

ရိုရန်မြို့ကို ကယ်တင်သည့် တပ်ဖွဲ့ကိုမူ ဆိုလွန်၏ ဖခင် မြို့စားကြီး ဆိုလုံ က ကွပ်ကဲခဲ့သည်။

ထိုစစ်ပွဲတွင် နုလန် ဘုရင့်နိုင်ငံနှင့် အာရှီ မိသားစုတို့ အပြည့်အဝ အောင်ပွဲခံခဲ့ကာ ရိုရန်မြို့ကို ကယ်တင်နိုင်ရုံသာမက ထိုအခွင့်အရေးကို အသုံးချ၍ နယ်မြေများကိုပါ နှစ်ဆ တိုးချဲ့နိုင်ခဲ့သည်။

ထိုအချိန်က မြို့စားကြီး ဆိုလုံနှင့် ရိုရန် မြို့စားမင်း အာရှီမို တို့ လပေါင်းများစွာ အတူ တိုက်ပွဲဝင်ခဲ့ပြီး နက်ရှိုင်းသော ခင်မင်မှု ရရှိခဲ့ကြသည်။

ဆိုနင်ပင်းနှင့် အာရှီလော့ တို့၏ စေ့စပ်မှုမှာလည်း ထိုအချိန်က သတ်မှတ်ခဲ့ကြခြင်းပင်။

အာရှီလော့မှာ ရိုရန်မြို့၏ အမွေဆက်ခံသူဖြစ်ပြီး အသက် ဆယ်နှစ် အရွယ်တွင် မိစ္ဆာကျွန်းသို့ သွားရောက်ကာ မှော်ပညာ လေ့လာခဲ့သည်။ အသက် နှစ်ဆယ် အရွယ်တွင် ရိုရန်မြို့သို့ ပြန်လာပြီး ဆိုနင်ပင်းနှင့် လက်ထပ်ခဲ့၏။

သို့သော် လက်ထပ်ပြီး တစ်လပင် မပြည့်သေးခင် ဆိုနင်ပင်းက ရိုရန်မြို့မှ ထွက်ခွာပြီး အိမ်ပြန်လာခဲ့သည်။

“သူက ပုံမှန် မဟုတ်ဘူး... မိစ္ဆာ တစ်ကောင်ပဲ...”

ဆိုနင်ပင်း ကြောက်ရွံ့စွာ ဆိုလိုက်သည်။

“ငါတို့ မင်္ဂလာပွဲ ပြီးတော့ မင်္ဂလာဦးည အခမ်းအနား လုပ်ဖို့ ပြင်ဆင်နေတာ... ဒါပေမဲ့ မင်္ဂလာခန်းထဲမှာ တခြား မိန်းမ အများကြီးနဲ့ ယောက်ျား အချို့ ရှိနေတာကို ငါ တွေ့လိုက်ရတယ်...”

“သူက အဲ့ဒီ ယောက်ျား၊ မိန်းမတွေ အကုန်လုံး ငါတို့နဲ့အတူ မင်္ဂလာဦးည အခမ်းအနားမှာ ပါဝင်ရမယ်လို့ ပြောတယ်... ငါလည်း သူ့ပါးကို ရိုက်ချလိုက်ပြီး လမ်းခွဲခဲ့တာပဲ”

ဆိုလွန် မှင်သက်သွား၏။

ထိုစကားများအရ ပုံမှန် မဟုတ်တာထက်တောင် ပိုနေသည်မဟုတ်ပါလော။

“အဲ့ဒါတင် မကဘူး... သူက ငါ့ကို ဇနီးသည် အိမ်ပြန်လည်တဲ့ အခမ်းအနားအတွက် အိမ်ကို ပြန်ခေါ်လာပေးရင် မြို့တော် ကျစ်တူး ကို ဖြတ်သွားရမယ်တဲ့... “

“နောက်ပြီး မင်းသား ကျိလီ ရဲ့ ဇနီးက အရမ်း လှတယ်လို့ သူ ကြားထားလို့ သူနဲ့ ကျိလီ နှစ်ရက်လောက် ဇနီးချင်း လဲဆော့ဖို့ သဘောတူခိုင်းတယ်”

ဆိုနင်ပင်း တုန်ယီမှုများအကြားမှအံကြိတ်ကာ ဆက်ပြောသည်။

“သူ အဲ့ဒီ တောင်းဆိုချက်ကို ပြောတုန်းက အရမ်းကို သဘာဝကျကျနဲ့ နည်းနည်းလေးမှ မရှက်ဘဲ ထမင်းစား ရေသောက်သလိုမျိုး ပြောနေတာ”

ဆိုလွန်တစ်ယောက် သူကြားသမျှအရာ အားလုံးကို မယုံကြည်နိုင်အောင် ဖြစ်နေမိ၏။

ဤအမျိုးသားမှာ ပုံမှန် မဟုတ်ရုံသာမက မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။ ထိုကဲ့သို့ဖြစ်လာရန် မိစ္ဆာကျွန်းမှ မည်သည့်အရာများသင်ယူခဲ့ပါသနည်း။

ပင်လယ်ပြင်ပေါ်ရှိ ထိုခမ်းနားကြီးကျယ်သော ရေတပ်ကြီးကို အာရှီလော့ ခေါ်ဆောင်လာကြောင်း သတိရသွားသဖြင့် ဆိုလွန် မနေနိုင်ဘဲ မေးလိုက်သည်။

“ရိုရန်မြို့က အနောက်ဘက်မှာ ရှိပြီး မြင်းစီးသူရဲတွေရဲ့ ဘုရင်လေ... သူ့မှာ ရေတပ် ဘယ်က ရလာတာလဲ”

ဆိုနင်ပင်း ချက်ချင်းပြန်ဖြေလိုက်သည်။

“သူက ပင်လယ်ပြင် ကျွန်းသခင် တစ်ယောက်ရဲ့ သမီးကို သိမ်းပိုက်နိုင်ခဲ့လို့ သူမရဲ့ ရေတပ်ကို ရသွားတာလေ”

ဆိုလွန်က ယန်နိုင်အာကို သိမ်းပိုက်နိုင်ခဲ့သဖြင့် ငွေရောင်ဝံပုလွေ စစ်တပ်ကို ရရှိခဲ့သည်။

ဤကောင်စုတ်က ပင်လယ်ပြင် ကျွန်းသခင် တစ်ယောက်ရဲ့ သမီးကို သိမ်းပိုက်နိုင်ခဲ့သဖြင့် လျှို့ဝှက်ဆန်းကြယ်ကျွန်း ရေတပ်ကို ရရှိခဲ့သည်။

ထိုကောင်စုတ်၏ ကြီးပွားရေး နည်းလမ်းက ဆိုလွန်နှင့် တကယ်ကို ဆင်တူနေလေပြီ။ ထို့ကြောင့် ဆိုလွန်က သူ့ကို အထူးတလည် ရွံရှာနေခြင်း ဖြစ်မည်။ ထို့အပြင် ဤရွံရှာမှုမှာ မွေးရာပါ ဖြစ်ပြီး လုံးဝ ညှိနှိုင်း၍ မရနိုင်ချေ။

“မောင်လေး... ငါ သေရရင်တောင် မင်းအနားကနေ ထွက်မသွားဘူး... မင်းကို တစ်သက်လုံး စောင့်ရှောက်ပေးမယ်”

ဆိုနင်ပင်းက ပြတ်သားစွာ ပြောလိုက်၏။

“စိတ်ချပါ... ဘယ်သူမှ အစ်မကို ကျွန်တော့်အနားကနေ ခေါ်သွားလို့ မရစေရဘူး”

ဆိုလွန်လည်း ဆိုနင်ပင်း၏ မျက်နှာကို ကိုင်ကာ ပြတ်သားစွာ ကတိစကားဆိုလိုက်သည်။

……

ရဲတိုက် ခန်းမဆောင်သို့ ပြန်ရောက်သောအခါ ဆိုလွန် တိုက်ရိုက် ကြေညာလိုက်၏။

“အာရှီလော့... ဒီနေရာက ခင်ဗျားကို ကြိုဆိုမှာ မဟုတ်ဘူး... အခု ထွက်သွားတော့”

အာရှီလော့ အံ့ဩသွားကာ ပြောလိုက်သည်။

“မင်းက ငါ့ကို နှင်ထုတ်နေတာလား... ငါက ဆိုနင်ပင်းရဲ့ ခင်ပွန်းလေ... ဒီနေရာရဲ့ သခင်တစ်ဝက်လို့ဆိုရမယ်”

ဆိုလွန် ပြန်ချေပလိုက်၏။

“ငါ့အစ်မက ခင်ဗျားနဲ့ ကွာရှင်းပြီးပြီ... ခင်ဗျားရဲ့ ဇနီး မဟုတ်တော့ဘူး”

အာရှီလော့ ခေတ္တမျှကြောင်အသွားပြီးမှ ဆက်ပြောလာသည်။

“ငါတို့ ရိုရန်မြို့မှာ ကွာရှင်းတယ်ဆိုတာ မရှိဘူး... သူ အသက်ရှင်နေသရွေ့ ငါ့လူပဲ... သေသွားရင်တောင် ငါ့တစ္ဆေပဲ... ဒါကြောင့် ဒီနေ့ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ခေါ်သွားရမယ်... “

“ဒီမှာ မင်းကို သုံးရက်လောက် စောင့်နေရတဲ့ အဓိက အကြောင်းရင်းက မင်း ထျန်းရွှေမြို့ကနေ အသက်ရှင်လျက် ပြန်လာနိုင်မလား ဆိုတာကို ကြည့်ချင်လို့ပဲ”

ထိုအချိနန်တွင် ဆိုလွန်၏အနောက်ဘက် လှေကားပေါ်မှဆင်းလာနေသော ဆိုနင်ပင်းက အေးစက်စွာ ဝင်ပြောလိုက်၏။

“အာရှီလော့... ရှင် ကျွန်မကို ခေါ်သွားလို့ မရဘူး... ရှင် ခေါ်သွားနိုင်တာက ကျွန်မရဲ့ အလောင်းပဲ ဖြစ်လိမ့်မယ်”

အာရှီလော့ ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါးပင်ပြန်ပြောလိုက်သည်။

“အလောင်းလည်း ရပါတယ်”

ဤစကားကြောင့် ဆိုလွန်၏ အကြည့်များ အေးစက်သွားပြီး လက်ဝှေ့ယမ်း အမိန့်ပေးလိုက်၏။

“သတ်”

ချက်ချင်းပင် ရဲ့ကျင်းယွီ၊ ဆိုဖေးယန်နှင့် စစ်သည် အားလုံး သူတို့၏ အဖိုးတန်ဓားများကို ဆွဲထုတ်လိုက်ကြသည်။

အာရှီလော့၏ အနောက်မှ ဓားကောက် စစ်သည်များလည်း လျှပ်စီးလက်သည့်အလား လက်နက်များကို ဆွဲထုတ်လိုက်ကြလေပြီ။

ဆိုလွန် ဒေါသတကြီး ပြောလိုက်သည်။

“မိန်းမစိုးကောင်းနင်ရှီ... ခင်ဗျားက ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား”

ကောင်းနင်ရှီ ဆိုသည်မှာ မြို့စားကြီး ကျိထင်က ဆိုနင်ပင်းကို ကယ်တင်ပြီး ကွေ့ချင်းရှောင်းကို ဖမ်းဆီးရန် ကျောက်စရစ်ကျွန်း၌ ချန်ထားခဲ့သည့် မိန်းမစိုး ဖြစ်သည်။

ဆိုလွန်၏ စကား အဆုံး၌ ချက်ချင်းပင် အရိပ်အချို့ ရောက်လာ၏။ ကောင်းနင်ရှီ ဦးဆောင်သည့် မိန်းမစိုး လေးဦးပင်။

ကောင်းနင်ရှီမှာ ဆံပင်များ အားလုံး ဖြူဖွေးနေပြီး နူးညံ့သောမျက်နှာသွင်ပြင် နှင့် ပါးစပ်ထောင့်အထိရှည်လျားကျဆင်းနေသောမျက်ခုံးမွေးများရှိသူ ဖြစ်ကာ လက်ထဲ၌ လက်ကိုင်တပ်ထားသော ဗုဒ္ဓပန်းပွား လက်နက်ကို ကိုင်ဆောင်ထားသည်။

သူသည် အသက် ခြောက်ဆယ် ကျော်နေပြီဖြစ်ပြီး သိုင်းပညာ အလွန် မြင့်မားကာ ကျိနင်၏ ဘေးမှ လီကျူး ထက်ပင် သာလွန်နေသေးသည်။ ကျောက်စရစ်ကျွန်း၏ သိုင်းပညာ အမြင့်မားဆုံး သူတစ်ဦးပင်။

သို့သော် ကောင်းနင်ရှီ ရောက်လာပြီးနောက် ဝင်ရောက် တိုက်ခိုက်ခြင်း မပြုဘဲ မလှုပ်မယှက် ဆက်၍ရပ်နေသည်။

ဆိုလွန် အေးစက်သောလေသံဖြင့်မေးလိုက်၏။

“မိန်းမစိုး ကောင်း... ဘာလို့ ဝင်မတိုက်တာလဲ”

ထိုအချိန်တွင် အာရှီလော့ ဝင်ပြောလာလေပြီ။

“သူတို့ ဝင်တိုက်မှာ မဟုတ်ဘူး... အဲ့ဒီအစား ငါ့ကို ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက်လိုတောင် ဆက်ဆံကြရလိမ့်မယ်”

“ဘာလို့လဲဆိုတော့ ကျိထင် ရဲ့ အနောက်က လူက ငါ့အကူအညီကို လိုအပ်နေလို့ပဲ... လူတိုင်း သိတဲ့အတိုင်း အခု လောကကြီးက မြေပိုင်ရှင်တွေနဲ့ အထက်တန်းလွှာတွေ အကုန်လုံးက ကျိလီ ဘက်မှာ ရပ်တည်နေကြတယ်လေ... “

“ငါ့ရဲ့ ရိုရန်မြို့က လောကမှာ အကြီးဆုံး မြေပိုင်ရှင်ဖြစ်တာကြောင့် မင်းသမီး ကျိယန် ဘက်ကနေ ငါ့ရဲ့ အထောက်အပံ့ကို ရချင်နေတာ သဘာဝကျပါတယ်”

ထို့နောက် အာရှီလော့ အမျိုးသမီးတစ်ဦးကို ပွတ်သပ်ကာ ဆက်၍ပြောလာသည်။

“ငါ့မျက်လုံးထဲမှာတော့ အလှတရားဆိုတာ တရားမျှတမှုပဲ... မင်းသမီး ကျိယန်က အရမ်း လှတယ်... ဒါကြောင့် ငါ သူ့ဘက်မှာ ရပ်တည်ပေးချင်တယ်... “

“ဒါပေမဲ့ ငါက သေးငယ်တဲ့ တောင်းဆိုချက် တစ်ခုလေးပဲ တောင်းခဲ့တာပါ... ဆိုနင်ပင်းကို ငါ့ရဲ့ ရိုရန်မြို့ဆီ ပြန်ခေါ်သွားချင်တယ်လို့... အဲ့ဒါကို ကျိထင် က သဘောတူလိုက်လို့ ငါ ဒီကို ရောက်လာတာပေါ့”

ထိုစကားကြောင့် ဆိုလွန်၏ မျက်နှာ အရောင် လုံးဝ ပြောင်းလဲသွားတော့၏။

သူ၏ရင်တွင်း၌ အပြင်းအထန် ဒေါသထွက်သွားလေပြီ။ ကျိထင်က ဆိုနင်ပင်းကို အာရှီလော့ထံ ပေးအပ်ရန် သဘောတူပိုင်ခွင့် အဘယ်မှာ ရှိသနည်း။

အာရှီလော့ ဆက်ပြောသည်။

“မင်းက မြေပိုင်ရှင် တစ်ယောက်... ငါလည်း မြေပိုင်ရှင် တစ်ယောက်ပဲ... ဒါပေမဲ့ ငါ့မှာ ပြည်သူ သန်းချီနဲ့ တပ်ဖွဲ့ဝင် သိန်းချီ ရှိသလို လောကမှာ အကောင်းဆုံး မြင်းစီးသူရဲတွေလည်း ရှိတယ်... “

“ငါ ပိုင်ဆိုင်ထားတဲ့ အင်အားက မင်းထက် ဆယ်ဆလောက် များတယ်... အဲ့ဒီတော့ ပြဿနာက လာပြီ... ငါတို့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ်ဆိုရင် ဘုရင်မင်းမြတ်နဲ့ မင်းသမီး ကျိယန်က ဘယ်သူ့ကို ရွေးမယ် ထင်လဲ... ဘယ်သူ့ကို စွန့်လွှတ်မလဲ”

ဆိုလွန် မိန်းမစိုး ကောင်းနင်ရှီကို ကြည့်ကာ ပြောလိုက်၏။

“မိန်းမစိုး ကောင်း... ခင်ဗျားက မြို့စားကြီး ကျိထင် ကို ကိုယ်စားပြုနေတာဆိုတော့ အခု ရွေးချယ်မှု တစ်ခု လုပ်ရမယ်... တကယ်လို့ ငါ့ကို ရွေးရင် ချက်ချင်း ဝင်တိုက်ပြီး အာရှီလော့ကို ဖမ်း... “

“အဲ့လိုမှ မဟုတ်ရင် ငါနဲ့ ကျိထင်ရဲ့ မဟာမိတ် စာချုပ် ပျက်ပြယ်သွားပြီလို့ ငါ သတ်မှတ်မယ်”

အာရှီလော့ ပခုံးတွန့်ကာ ပြောလိုက်သည်။

“ပျော်စရာပဲ... စိတ်ဝင်စားစရာပဲ... ငါက လောင်းကစား လုပ်ရတာ အကြိုက်ဆုံးပဲ... အဲ့ဒါဆို မိန်းမစိုး ကောင်း ကိုပဲ ရွေးခိုင်းရအောင်...”

“ငါနဲ့ မဟာမိတ် ဖွဲ့မလား... ဒါမှမဟုတ် ဆိုလွန်နဲ့ မဟာမိတ် ဖွဲ့မလားဆိုတာ... ပြီးတော့ ဒီကနေ့ ဆိုနင်ပင်းကို ငါ သေချာပေါက် ခေါ်သွားမယ်... အသေဖြစ်ဖြစ် ၊ အရှင်ဖြစ်ဖြစ်”

ဆိုလွန်နှင့် အာရှီလော့တို့နှစ်ယောက်လုံး ကောင်းနင်ရှီကို စိုက်ကြည့်လာကာ သူ၏ နောက်ဆုံး ရွေးချယ်မှုကို စောင့်ဆိုင်းနေကြ၏။

ကောင်းနင်ရှီ၏ မျက်နှာပေါ်တွင် အရေးအကြောင်း တစ်ခုမျှ မရှိခဲ့သော်လည်း ယခုအချိန်၌ သူ၏မျက်နှာတစ်ခုလုံး တွန့်လိမ်သွားပြီး ဆိုလွန်ကို ပြောလိုက်သည်။

“တောင်းပန်ပါတယ် မြို့စားမင်း ဆိုလွန်... ကျွန်တော်မျိုး တကယ်ပဲ ရွေးချယ်လို့ မရပါဘူး”

ဆိုလွန်၏ မျက်နှာ ရေခဲတမျှ အေးစက်သွားသည်။

“ခင်ဗျား ရွေးချယ်လို့ မရဘူး ဆိုတာက ရွေးချယ်ပြီးသွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ”

ဤအချိန်၌ သူ၏ စိတ်ထဲတွင် ဒေါသပင် မထွက်နိုင်တော့ဘဲ အေးစက် မှိုင်းညို့သွားလေပြီ။

ထို့နောက် သူ တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။

“ဆိုဖေးယန်... ကျွန်းပေါ်က တပ်ဖွဲ့တွေ အကုန်လုံးကို အမိန့်ပေးပြီး မြို့စားကြီး ကျိထင်ရဲ့ လူတွေ အကုန်လုံးကို မောင်းထုတ်လိုက်...”

ကောင်းနင်ရှီ အေးစက်သောအသံဖြင့် မေးလိုက်သည်။

“မြို့စားမင်း ဆိုလွန်... မင်းက ဘုရင်မင်းမြတ်ကို သစ္စာဖောက်ချင်နေတာလား”

ဆိုလွန် အေးစက်ခက်ထန်စွာပြန်ဖြေလိုက်၏။

“ငါကလေ... ဘယ်တုန်းကမှ စိတ်ရှည်တဲ့သူ မဟုတ်ဘူး... စာအုပ်လှန်တာထက်တောင် ပိုမြန်သေးတယ်”

ကောင်းနင်ရှီ သတိပေးလိုက်သည်။

“ငါသာ မင်းနေရာမှာဆိုရင်.. ဒီလိုနောင်တရမယ့် စကားမျိုးကို ဘယ်တော့မှ အလွယ်တကူ ပြောထွက်မှာ မဟုတ်ဘူး”

ထို့နောက် သူ စာတစ်စောင်ကို ထုတ်ယူကာ ဆိုလွန်ထံကမ်းပေးလိုက်သည်။

“မြို့စားမင်း ဆိုလွန်... ဒါက ငါ့သခင် မြို့စားကြီး ကျိထင်ဆီက စာပဲ... နောက်ဆုံး အခြေအနေမှ မင်းကို ပြဖို့ သူ မှာထားတာ”

ဆိုလွန် စာကို ဖွင့်ဖတ်လိုက်သောအခါ ကျိထင်၏ စာမှာ ယခင်ကထက် ပိုမို ပြင်းထန်နေကြောင်း တွေ့လိုက်ရသည်။

“ဆိုလွန်... မင်း ဒီစာကို မြင်ရပြီဆိုရင် အရမ်း မိုက်မဲတဲ့ စကားတစ်ခုခုကို ပြောမိလို့ပဲ ဖြစ်ရမယ်... ပထမတစ်ကြိမ်ကိုတော့ ငါ ခွင့်လွှတ်ပေးနိုင်ပေမဲ့ ဒုတိယအကြိမ် ဆိုတာတော့ လုံးဝ ရှိလာမှာ မဟုတ်ဘူး”

“မှန်တယ်... ဆိုနင်ပင်းကို အာရှီလော့ဆီ ပြန်ပေးဖို့က ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ... ဒါက အမိန့်တစ်ခုဖြစ်ပြီး မင်း နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သေချာပေါက် နာခံရမယ်”

“အာရှီလော့က ဘာပဲဖြစ်ဖြစ် ဆိုနင်ပင်းရဲ့ ခင်ပွန်းလေ... သူက ဘယ်လို ယောက်ျားမျိုးပဲ ဖြစ်နေပါစေ ဆိုနင်ပင်းက သူ့ဆီကို ပြန်သွားရမှာပဲ”

“ဘုရင်မင်းမြတ်က အာရှီလော့ကို လိုအပ်သလို အာရှီ မိသားစုကိုလည်း လိုအပ်တယ်”

“မင်းနဲ့ အာရှီလော့ကတော့ နိုင်ငံတော်ရဲ့ ညာလက်ရုံးတွေ ဖြစ်လာလိမ့်မယ်... ဘုရင်မင်းမြတ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ အခက်အခဲတွေကို မျှဝေခံစားဖို့ မင်းတို့နှစ်ယောက် သစ္စာရှိရှိ လက်တွဲ လုပ်ဆောင်ရမယ်”

“ဆိုနင်ပင်းကို အာရှီလော့ဆီ ထည့်ပေးလိုက်ဖို့က အမိန့်ပဲ”

“တကယ်လို့ မင်းက ငြင်းဆန်ခဲ့ရင် ဘုရင့်အမိန့်ကို ဖီဆန်တာ ဖြစ်သွားလိမ့်မယ်... မင်းရဲ့ အလွန်အမင်း မိုက်မဲမှုကို ပြသလိုက်တာဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုး အားလုံးကို မင်းကိုယ်တိုင် ခံစားရလိမ့်မယ်”

အလွန်ဝဖြိုးနေသော မြို့စားကြီး ကျိထင်၏ လက်ရေးမှာ အင်မတန်မှ လှပနေကြောင်း ဆိုလွန် အံ့ဩစွာ တွေ့ရှိလိုက်ရသည်။

……

အပိုင်း ၃၄၀ ပြီး။

All Chapters