နယ်မြေချိပ်ပိတ်ခြင်းအစီအရင်
Vol. 93 Ch. 1270
ကြယ်စုကြယ်ဝေးများ ပြည့်နှက်နေသည့် အဆုံးမဲ့ကြယ်အဖွဲ့အစည်းတစ်ခု။ ထိုကြယ်များမှာ လုံးဝငြိမ်သက်လျက် ရှိသည်။အသံဗလံအားလုံးက အမှောင်ထုအတွင်း နစ်မြုပ်နေသလား ထင်မှတ်ရသည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက ဤကြယ်စုကြယ်ဝေးများတည်ရှိရာ နေရာတွင် လူသူကင်းမဲ့သည့်ဂြိုဟ်တစ်လုံး ရှိနေသည်။ ၎င်းဂြိုဟ်မှာ သေဆုံးခြင်းအငွေ့အသက်တို့ဖြင့် ထွေးခြုံနေသည်။ ယင်းဂြိုဟ်ပေါ်၌ လူတစ်ယောက် ထိုင်လို့နေ၏။
ထိုသူ့ကို မြင်ရသူတိုင်းအဖို့ တုန်လှုပ်မိကြပေမည်။ သူတို့စိတ်မှာလည်း ဗလာကျင်းသွားနိုင်၏။
ထိုသူ၏ခန္ဓာကိုယ်က ဂြိုဟ်တော်တော်များများ၏ အရွယ်အစားလောက် ရှိနေပေသည်။
ထိုသူ့ထံမှ အချိန်ကာလ ဖြတ်သန်းမှု အမှတ်သညာ ထင်းပေါ်နေ၏။ သူက ကောင်းကင်နှင့်မြေကြီးတို့ဖြင့် အပြိုင် ရှည်ကြာလွန်းစွာ တည်ရှိခဲ့သူ အလား။
သည်လူသူကင်းမဲ့သောဂြိုဟ်ပေါ်တွင် ထိုင်နေရုံဖြင့် သူ့ခန္ဓာကိုယ်ကနေ ဖော်ပြနိုင်စွမ်းမဲ့သည့်အော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ယင်းအော်ရာက ကြယ်ကွင်းပြင်များအနှံ့ ခြုံလွှမ်းသွားရာ ဤနေရာရှိ သက်ရှိဖြစ်တည်မှုအားလုံး ကြောက်လန့်၍ တုန်လှုပ်ရလေသည်။
ဤနေရာကား အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတည်း။
အလုံးစုံကောင်းကင်ရှိ ကျင့်ကြံသူအားလုံးဟာ ကြောက်ရွှံမှု၏ ဖမ်းဆုပ်ခြင်း ခံထားရသည်။ ထိုစိတ်ဖိအားနှင့်ကြောက်လန့်မှုကို သူတို့ ရပ်တန့်ပစ်နိုင်စွမ်း မရှိကြပေ။
သားရဲများသည်လည်း ဤအော်ရာရှေ့တွင် လှုပ်ပင်မလှုပ်ဝံ့ကြချေ၊
ထိုသူက နတ်ဘုရားတစ်ပါးအလား။ သူ့မျက်ခုံးနှစ်ခုအကြားတွင် ကြယ်ရှစ်လုံး ရှိနေ၏။ ကြယ်လေးလုံးက လင်းလက်နေ၍ ကျန်သည့် ကြယ်လေးလုံးတို့မှာ ခြောက်သွေ့သည့်အလား နက်မှောင်လျက် ရှိသည်။ သို့ရာတွင် ယင်းတို့က ပျောက်ကွယ်နေခြင်းတော့ မဟုတ်ပါ။
သူက သည်ကြယ်ကွင်းပြင်၏အုပ်ချုပ်သူ၊ အသန်မာဆုံးသောသူ ဖြစ်နေသကဲ့သို့ပင်။ အချိန်အတန်ကြာပြီးနောက် သူ့သုန်မှုန်သောအမူအရာတွင် စိတ်ရှုပ်ထွေးမှု အစားထိုး ဝင်ရောက်လာ၏။
"မိုးကောင်းကင်ဘုံနယ်မြေမှာလည်း သူ့အော်ရာ မရှိဘူး။ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာလည်း မရှိဘူး။ လျှပ်စီးကောင်းကင်ဘုံနယ်မြေမှာလည်း မရှိပြန်ဘူး။ သူ ဘယ်နေရာ ရောက်နေတာလဲ..."
ထိုဧရာမလူကြီးက ခေါင်းမော့လာ၏။ ထို့နောက် သူက မြေကမ္ဘာအက်ကွဲစေလောက်သည့် ဟိန်းသံကို ထုတ်ဖော်သည်။
သူ ဟိန်းအော်နေစဥ် ပြင်းထန်သောတုန်ခါမှုများသည် ကြယ်များအကြား ပြန့်နှံ့သည်။ သူ့အောက်ရှိ လူသူကင်းမဲ့သည့်ဂြိုဟ်မှာလည်း စတင် ပျက်စီး၍ တုန်ခါလှိုင်း ဖြစ်ပေါ်ကာ ပြန့်လွင့်လေ၏။ သူ့ဘေးပတ်လည်ရှိ မူလစွမ်းအင်များမှာ တုန်လှုပ်ဖွယ် ပြောင်းလဲကုန်သည်။
ပျက်စီးနေသည့် ဂြိုဟ်က မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများကို ဖွင့်ဟသည်။ ယင်းအက်ကြောင်းများထဲမှ အေးစက်စက်လေများ တိုက်ခတ်လာသည်။ သို့ရာတွင် ထိုလေအေးများက ဤဧရာမလူကြီးအပေါ် မသက်ရောက်ပေ။ သူက ဆက်လက်၍ ဟိန်းသံပြု၏။
သူ့ဟိန်းသံက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတခွင် ပြန့်နှံ့ရာ သားရဲများစွာသည် သွေးမြူများအဖြစ်ပေါက်ကွဲကုန်သည်။ ကျင့်ကြံသူများစွာသည် သွေးအန်ရသည်။ သူတို့မှာ အပြင်းအထန်ဒဏ်ရာရရင်ရ မဟုတ်ရင် သေဆုံးခြင်းဖြင့် အဆုံးသပ်လေ၏။
မမြင်ရသောအသံလှိုင်းက ကျင့်ကြံခြင်းဂြိဟ်တစ်လုံးကို ထိမှန်ပါက ၎င်းဂြိုဟ်သည် တုန်ခါလေ၏။
ခဏအကြာတွင် ထိုဟိန်းအော်သံ အဆုံးသပ်သွားသည့်နောက် သူ့အောက်ရှိ ပျက်စီးနေသောဂြိုဟ်မှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
အနှီ တုန်လှုပ်ဖွယ်ဟိန်းသံပိုင်ရှင် ထာဆန်က မတ်တပ်ထရပ်ပြီး အကွာအဝေးတစ်ခုထံ လှမ်းလျှောက်သည်။
ကောင်းကင်ဘုံနယ်မြေလေးခုကြား အရံအတားများက သူ့အတွက် ဘာမှမဟုတ်ပေ။ လောကတွင် သူ့ကို ရပ်တန့်စေနိုင်သည့်အရာ မရှိသည့်အလား။
သူ့ခြေလှမ်းက မမြန်လွန်း၊သို့သော် ကြီးမားလွန်း၏။ ခြေတစ်လှမ်းဖြင့်ပင် သူက တိုင်း၍မရသောအကွာအဝေးသို့ ရောက်ရှိနိုင်၏။ သူ့ရှေ့တွင် မြူများပြည့်နှက်နေသော ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာ၏။ ၎င်းမှာ လေကောင်းကင်ဘုံနယ်မြေ (ဝါ) တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း ဖြစ်လေ၏။
ဝဲကတော့ထံ လှမ်းလျှောက်၍ ထာဆန်သည် အလုံးစုံကောင်းကင်ကနေ ပျောက်ကွယ်၍ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထဲ ခြေချသည်။
သူ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအတွင်း လှမ်းဝင်လိုက်သည်နှင့် အဆင့်ကိုးကလန်များမှ ကျင့်ကြံသူများသည် သူတို့အား တုန်လှုပ်စေသည့်အော်ရာတစ်ခုကို ခံစားမိသည်။
မြူများကြားရှိ သားရဲများပင် စတင်တုန်ယင်ကုန်၏။ သူတို့အားလုံး နောက်ဆုတ်ကုန်ကြသည်။ ဟင်းလင်းပြင်အက်ကြောင်းထဲမှ သားရဲလှိုင်းများလည်း တုန်လှုပ်၍ ကြောက်လန့်ကာ နောက်သို့ အရူးအမူး ပြန်ဆုတ်ကြသည်။
အံ့မခန်းနတ်ဘုရားအာရုံတစ်ခုက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် မုန်တိုင်းတစ်ခုကဲ့သို့ ပြန့်နှံ့လာ၏။
တစ်ချိန်တည်းမှာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ နတ်ဘုရားအာရုံများစွာလည်း ထိုးထွက်လာကြကာ ထာဆန်၏နတ်ဘုရားအာရုံဖြင့် ထိတိုက်မိကြသည်။
ငြိမ်သက်သည့် တိတ်တဆိတ်ဟိန်းသံ။ သို့သော် စိတ်ဝိညာဥ်ကို ထွင်းဖောက်နိုင်၏။ ယင်းအသံက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတခွင် ပြန့်နှံ့လေသည်။
ပုံမှန်နေ့တစ်နေ့သာဖြစ်ပါက ထာဆန်သည် မည်သူ့ကိုမျှ သတ်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ဤအခိုက်အတန့်၌ သူ့မျက်လုံးက ကျဥ်းမြောင်းသွား၏။ သူက ကောင်းကင်ဘုံနယ်မြေ (ဝါ) ကြယ်အဖွဲ့အစည်းလေးခုလုံးတွင် ရှာဖွေခဲ့ပြီး ဖြစ်သော်လည်း ဝမ်လင်း၏အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူက ဝမ်လင်း မသေသေးမှန်း သိနေ၏။ ထိုသို့မဟုတ်ပါက သူသည် အမွေအနှစ်ပျောက်ကွယ်သွားတာကို ခံစားမိပေလိမ့်မည်။
"ကြယ်အဖွဲ့အစည်းလေးခုလုံးမှာ သူ့အော်ရာ ရှိမနေဘူး။ ဒီတော့ ဖြစ်နိုင်တာ တစ်ခုပဲ ကျန်တော့တယ်..."
ထာဆန်က သူ့ညာခြေထောက်ကို စောင့်နင်းချလိုက်ရာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းသည် ချက်ခြင်း တုန်ခါသွားကာ လှိုင်းဂယက်များ ဟင်းလင်းပြင်အနှံ့သို့ ပြန်နှံ့ပြီး အက်ကြောင်းကြီးတစ်ခု ပေါ်လာတော့သည်။ သူ့ခန္ဓာကိုယ်က ဤအက်ကြောင်းအတွင်း နစ်မြုပ် ပျောက်ကွယ်သွားလေသည်။
သူ ပျောက်ကွယ်သွားပြီးနောက် နတ်ဘုရားအာရုံများ တုန်လှုပ်မှုဖြင့် ရောက်ရှိလာကာ ရှာဖွေစူးစမ်းကြ၏။ ထို့နောက် ၎င်းတို့သည် တုန်လှုပ်လျက်ဖြင့် ပြန်ထွက်ခွာကြသည်။ မွန်းစတားအိုကြီးအချို့ကလွဲ၍ မည်သူကမျှ တိမ်ပင်လယ်အတွင်း တုန်လှုပ်ဖွယ်ပြောင်းလဲမှု၏ နောက်ကွယ်မှ အကြောင်းရင်းအစစ်အမှန်ကို မသိကြပေ။
ကြယ်အဖွဲ့အစည်းလေးခု၏ အောက်ဘက်တွင် လေဟာနယ်နေရာ ရှိ၏။ သည်နေရာမှာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် တည်ရှိပေသည်။ သင်သည် ဤနေရာရှိ အစီအရင်ကို ချိုးဖျက်နိုင်ပါက ရှေးဟောင်းကြယ်အဖွဲ့အစည်း ( ဝါ) ပြင်ပနယ်မြေကို ဝင်ရောင်နိုင်ပေမည်။
ထာဆန်က လေဟာနယ်နေရာတွင် ပေါ်လာပြီး အကွာအဝေးတစ်ခုထံ ကြည့်သည်။ သူ့အမူအရာက ပို၍ သုန်မှုန်လာ၏။
"ရှေးဟောင်းကြယ်အဖွဲ့အစည်း..." ထာဆန်သည် ငြိမ်နေ၏။ သူ့မှတ်ဥာဏ်များက မပြည့်စုံသေးပေ။ သို့ရာတွင် သူ ရရှိခဲ့သည့် မှတ်ဥာဏ်များထဲ၌ ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် အစီအရင်အချို့ ရှိနေကြောင်းကိုမူ သူ သိထားသည်။ သူက ရှေးဟောင်းနတ်ဘုရားထူစီသည် ၎င်းနေရာက လာခဲ့သူဖြစ်မှန်း ခပ်ရေးရေး မှတ်မိသည်။ထိုစဥ်တုန်းကတော့ ဤနယ်မြေချိပ်ပိတ်ခြင်းအစီအရင် မတည်ရှိခဲ့သေးပါ။
သူ့အကြည့်က နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ဖြတ်၍ ပြင်ပနယ်မြေကို မြင်နေဟန် ရသည်။ သူက သူ့မှတ်ဥာဏ်များထဲ၌ ရင်းနှီးနေသော အိမ်ကို မြင်တွေ့ဟန် တူသည်။
သူက နေရာတိုင်းကို ရှာခဲ့၏။ သို့သော် ဝမ်လင်း၏အရိပ်အယောက်ကိုပင် မတွေ့ခဲ့ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဝမ်လင်းသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ရှိနေတာ ဖြစ်ပေတော့မည်။
"မင်းက ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ပုန်းနေရင်တောင် ဒီနတ်ဘုရားဟာ မင်းကို လာဝါးမြိုမယ်..."
ထာဆန်သည် သူ့ညာလက်သီးကို ဆုပ်၍ သူ့ဧရာမခန္ဓာကိုယ်ကြီးက ရှေ့သို့ တရကြမ်းတိုးဝင်လာတော့သည်။ လေဟာနယ်အတွင်း မရေမတွက်နိုင်သော လှိုင်းဂယက်များ ပေါ်လာတော့၏။ သိပ်မကြာခင်တွင် ဤလှိုင်းဂယက်များအောက်၌ ပင့်ကူအိမ်ကဲ့သို့ အစီအရင်ကြီး ဖြစ်ပေါ်သည်။
လေဟာနယ်ထဲ၌ ထိုအစီအရင်ပေါ်လာသည်နှင့် ထာဆန်၏ညာလက်သီးချက် ထိုးချလာ၏။ ၎င်းက အစစ်အမှန်တော်ဝင်ရှေးဟောင်းနတ်ဘုရား၏ လက်သီးချက် မည်၏။
လက်သီးချက် နီးကပ်၍ အစီအရင်နှင့် ထိတိုက်ချိန်တွင် ထာဆန်က ယင်းအစီအရင်ကို ကိုယ်တိုင်ကိုယ်ကျ ချိုးဖျက်ဖို့ တာဆူသည်။
သူ့လက်သီးချက် ကျရောက်သွားချိန် လေဟာနယ်တစ်ခုလုံး တုန်ခါလေ၏။ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ လှိုင်းများစွာ ပြန့်လွင့်သည်။ ထိုလှိုင်းများက လေဟာနယ်တခွင် ပြန့်နှံ့ ပျောက်ကွယ်သွားသည့်နောက် လေဟာနယ်တစ်ခုလုံး ကြီးစွာပြောင်းလဲလေသည်။
သည်နေရာက အနက်ရောင်လေဟာနယ် မဟုတ်တော့၊သို့သော် ချိပ်ပိတ်နယ်မြေတစ်ခုလုံးကို ခြုံလွှမ်းထားသည့် ဧရာမအစီအရင်ကြီး ပေတည်း။၎င်းနှင့် ယှဥ်ပါက ထာဆန်သည်ပင် သေးငယ်သွားရသည်။
ယင်းအစီအရင်ကြီး မည်မျှကြီးမားသည်ကို ဖော်ပြနိုင်ဖို့ရာ မဖြစ်နိုင်ပေ။ လူတစ်ယောက်က ဤအစီအရင်ကြီးထံကနေ ခုနစ်ရောင်စုံအလင်း ထုတ်လွှတ်နေသည်ကို ခပ်ရေးရေး မြင်နိုင်၏။
ထာဆန်၏လက်သီးချက် ကျရောက်ကာ မည်ဟိန်းသွားသော်လည်း ဤအစီအရင်ကြီးက တစ်စက်လေးပင် လှုပ်ခတ်မသွားပေ။ ထိုအစား ထာဆန်၏လက်သီးအပေါ် တန်ပြန်အားတစ်ခု ထိမှန်လာသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်၍ ထာဆန်ကဲ့သို့ သန်မာသူပင် နောက်ဆုတ်ရသည်။
ထာဆန်၏အမူအရာက ကြမ်းကြုတ်လာ၏။ သူက အစီအရင်ကို စူးရဲစွာ ကြည့်သည်။ တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး အနေဖြင့် သူသည် မာန်ရှိ၏။ ဂုဏ်ဝင့်၏။ ဤအစီအရင်က သူ့ကို တားဆီးဝံ့နေသည်။ သူက မာန်သွင်းကာ တရကြမ်း ထပ်တိုးဝင်လာသည်။ သူ့လက်သီးချက်များက ဥက္ကာပျံများအလား။ သူသည် ကိုယ်တိုင်ကိုယ်ကျ ဤအစီအရင်ကြီးနှင့် အပြင်းအထန် ရင်ဆိုင်တော့သည်။
အစီအရင်တစ်ခုလုံးသည် ဖြစ်တောင့်ဖြစ်ခဲ တုန်ခါသွား၏။ သို့သော် ပြိုလဲပျက်စီးမည့် အရိပ်အယောင် လုံးဝ မပြသေးပေ။ ထာဆန်မည်မျှတိုက်ခိုက်ပါစေ ၎င်းအစီအရင်က ပုံမပျက် ရှိနေဆဲပင်။ မည်သူမျှ ခြေတစ်လှမ်းပင် ဝင်ခွင့်မရဘဲ ရှိ၏။
ချိိပ်ပိတ်နယ်မြေအတွင်း အဖြစ်အပျက်က အစီအရင်ကို စောင့်ကြည့်နေသူများအား နိုးနိုးကြားကြား ဖြစ်သွားစေသည်။ သို့သော် သူတို့ ရောက်မလာခင်မှာပင် အစီအရင်စိတ်ဝိညာဥ်က သူ့ဟာသူ ထွက်ပေါ်လာပေပြီ။ အစီအရင်အတွင်း၌ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာ၏။
လျှပ်စီးကဲ့သို့ ငွေရောင်လင်းလက်မှုနှင့်အတူ လှံတစ်လက် ပေါ်လာ၏။ ထိုလှံက လျှပ်စီးများ ဖုံးအုပ်လျက် ထာဆန်ထံ တန်းတန်းမတ်မတ် ဝင်လာသည်။
ထိုအခိုက်အတန့်၌ ထာဆန်က လှည့်၍ သူ့ညာလက်ကို လှုပ်ရှားသည်။ ရှေးဟောင်းနတ်ဘုရား၏ အံ့မခန်းစွမ်းအားသည် မြင့်တက်လာကာ ၎င်းလှံနှင့် ထိပ်တိုက်တွေ့သည်။
လှံသည် ဘန်းခနဲပေါက်ကွဲ ပျက်စီး၏။ သို့သော် ယင်းလှံက ပျက်စီးသွားသော်လည်း ပိုအားကောင်းသည့်အော်ရာကို သယ်ဆောင်ပြီး ထာဆန်၏ညာလက်ကို တိုက်ရိုက်ထိုးစိုက်သည်။
ထိုကဲ့သို့ ထိုးစိုက်သွားသည်နှင့် ထာဆန်၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ ဝုန်းဒိုင်းကြဲ ဖြစ်ပေါ်၏။ ထာလျှပ်စီးများက ပိုက်ကွန်သဖွယ် ထာဆန်ကို တင်းကြပ်စွာ တုပ်နှောင်သည်။
သိပ်မကြာခင်တွင် နောက်ထပ်အလင်းတန်းတစ်ခု အစီအရင်အတွင်း၌ ဖြစ်ပေါ်လာ၏။ ၎င်းအပြာရောင်အလင်းတန်းက ဓါးတိုတစ်လက်အဖြစ် သိပ်သည်းလေ၏။ ၎င်းဓါးက ကြောက်မက်ဖွယ်ဓါးစွမ်းအင်ကို သယ်ဆောင်ကာ ထာဆန်ထံ တိုးဝင်လာပြန်သည်။
***