အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) - ဒီတစ်သက်တော့ သူ သံမဏိစက်ရုံ တံခါးဝကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး
ဟိုလီခွေက စကားမဆုံးမှီမှာပင် လက်က ဖုန်းခွက်ကို အလျင်စလို ကောက်ကိုင်လိုက်လေသည်။
“ဟယ်လို... လောင်လျိုလား။ သတင်းကောင်းဟေ့… မင်းအတွက် ဝက်နှစ်ကောင်တော့ အပိုင်ရှာထားပေးပြီ...”7
“တကယ်ပြောနေတာကွ မင်းကို နောက်နေဖို့ အချိန် မအားဘူး။ မြန်မြန်သာ လူစီစဉ်ပြီး ကားနဲ့ လာတင်လှည့်...”
“စားသောက်ဆောင်လား။ မင်းတို့ ဌာနမှူးကိုပါ ပြောလိုက်ဦး။ ခဏနေ ရုံးဆင်းချိန်ကျရင် အလုပ်သမား နည်းနည်းလောက်ကို ချက်ချင်း မပြန်သေးဖို့ စီစဉ်ခိုင်းထားလိုက်။ တော်ကြာ ပစ္စည်းကောင်းတွေ ရောက်လာရင် ပေါင်ချိန်ရအောင်လို့...”
“ငွေစာရင်းဌာနလား။ ခဏနေရင် ဝယ်ယူရေးဌာနက ဝက်နှစ်ကောင် သယ်လာလိမ့်မယ်။ မင်းတို့ ခဏလောက် စောင့်ပေးလို့ ရမလား။ ရောက်လာရင် သူများအတွက် ဝက်သားဖိုး ရှင်းပေးရအောင်လို့လေ။ ဟုတ်တယ်... ဝက်သား မမှားဘူး။ မနက်ဖြန်ကျရင် အားလုံး ဝက်သား စားရတော့မယ်။ ဝက်ဆူကြီး နှစ်ကောင်တောင်ကွ...”
ဖုန်းပြော၍ပင် မဆုံးသေး။ ဝယ်ယူရေးဌာနမှူး လျိုလောင်ပန်က အခန်းတံခါးကို အလောတကြီး တွန်းဖွင့်လျက် ဝင်လာလေ၏။
“ဟိုလီခွေ… မင်းပြောတာ တကယ်လား။ ငါ့ကို လာနောက်နေတာတော့ မဟုတ်ပါဘူးနော်။ တကယ် ဝက်သား ရှိတာလား”
ဟိုလီခွေက ဖုန်းခွက်ကို ချလိုက်ရင်း ဟားတိုက် ရယ်မောလိုက်သည်။
“တကယ်ပေါ့။ ကျုပ်က ခင်ဗျားကို နောက်ပြောင်နေဖို့ အားနေတယ် ထင်နေလား။ တောဝက်ကြီး နှစ်ကောင်။ ဒီက ညီလေးက အမဲလိုက်ရင်း ရလာတာ။ သူပြောပုံအရဆို ပေါင်လေးငါးရာလောက် တောင်ရှိတယ်တဲ့”
ထိုအခါ လျိုလောင်ပန်က ယန်ချုံးဘက်သို့ လှည့်ကာ စိတ်လှုပ်ရှားမှု အပြည့်နှင့် စူးစမ်း ကြည့်လိုက်သည်။
“တကယ်လား။ ညီလေး... မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ဘူးမလား”
ယန်ချုံးက ပြုံးရွှင်စွာ ခေါင်းညိတ် ပြလိုက်၏။
“တကယ်ပါ မယုံရင် ကျွန်တော်နဲ့လိုက်ခဲ့ပြီး ဝက်တွေကို ကိုယ်တိုင် သွားကြည့်လိုက်ရင် သိမှာပေါ့”
“သွားမယ်... သွားရမှာပေါ့”
လျိုလောင်ပန်က စိတ်လှုပ်ရှားစွာ ခေါင်းတညိတ်ညိတ် လုပ်ရင်း ယန်ချုံး၏ လက်ကို ဆုပ်ကိုင်လှုပ်ရမ်း လိုက်သည်။
“ညီလေးရာ... ဒါသာ တကယ်ဆိုရင်တော့ မင်းက ငါ့ကို အကူအညီကြီး ပေးလိုက်တာပဲ။ မင်းမှ မသိတာ... ဒီက လူတွေ ဝက်သား အရသာ ဘယ်လိုနေမှန်းတောင် မေ့နေကြတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ။ အခု ဝက်ဆူကြီး နှစ်ကောင်သာ ပါလာရင် အလုပ်သမားတွေ ပျော်လွန်းလို့ မြူးတူးသွားကြမှာ အသေအချာပဲ”
ထိုသို့ ပြောဆိုပြီးနောက် လျိုလောင်ပန်က ယန်ချုံးကို သံသယ မျက်လုံးဖြင့် မဝံ့မရဲ ကြည့်လာပြန်၏။
“ဒါနဲ့ ညီလေး... ဒီတောဝက်ကြီး နှစ်ကောင်စလုံးကို မင်းတစ်ယောက်တည်း ပစ်ဖမ်းခဲ့တာလား။ တောဝက်တွေက အရမ်း ကြမ်းတယ်လို့ ကြားဖူးတယ်။ လူတော်တော်များများလည်း သူတို့ကြောင့် ဒဏ်ရာ ရဖူးကြတယ်လေ”
ဟိုလီခွေကပါ ယန်ချုံးကို မသင်္ကာသည့် အကြည့်ဖြင့် ဝင်ရောက် အကဲခတ်လေသည်။
မှန်ပေသည်။ တောဝက် ဆိုသည်မှာ အိမ်မွေးဝက်နှင့် လားလားမျှ မသက်ဆိုင်ဘဲ အလွန်ရက်စက် ကြမ်းကြုတ်လှသော သတ္တဝါမျိုးဖြစ်သည်။ ကိုယ်လုံးကိုယ်ထည် ကြီးမားသည့်အပြင် ပါးစပ်တွင်လည်း အစွယ်များရှိရာ လူကို အစွယ်ဖြင့် ခွေ့လိုက်ပါက သွေးထွက်သံယို အပေါက်ကြီး နှစ်ပေါက် ဖြစ်သွားနိုင်သည်။ နှစ်စဉ် နှစ်တိုင်း တောဝက်ကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရသည့် မုဆိုးများမှာလည်း ဒုနဲ့ ဒေးပင်။ သို့သော် ဤလူငယ်လေးက သူတစ်ယောက်တည်း တောဝက် နှစ်ကောင်ကို ပစ်ဖမ်း နိုင်ခဲ့သည်ဟု ဆိုလာသောအခါ မည်သူမဆို သံသယ ဖြစ်သွားစေရန် လုံလောက်နေပေသည်။
ယန်ချုံးက ခပ်ဟဟ ပြုံးပြီး ရှင်းပြလိုက်သည်။
“ဌာနမှူးကြီး နှစ်ယောက်စလုံး ကျွန်တော့်ကို ငယ်တယ်ဆိုပြီး အထင်မသေးပါနဲ့။ ကျွန်တော်က ငယ်ငယ်ကတည်းက အဘိုးနဲ့အတူ တောင်ပေါ်တက်ပြီး အမဲလိုက်ခဲ့တာပါ။ တောဝက် ပစ်တယ်ဆိုတာ တခြားလူတွေ အတွက် ခက်ခဲပေမဲ့ ကျွန်တော့်အတွက်ကတော့ တကယ့်ကို အသေးအဖွဲ ကိစ္စလေးပါ”
“တကယ်လား...”
သူတို့နှစ်ယောက်မှာ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေကြဆဲပင်။ သို့သော် ယခုကဲ့သို့သော အခြေအနေမျိုးတွင် မရှိဘူးဟု ငြင်းပယ်ရခြင်းထက် ရှိသည်ဟုသာ ယုံကြည်လိုက်ခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။ ထိုစဉ် အောက်ထပ်မှ ကားဟွန်းတီးသံ နှစ်ချက် ဆင့်၍ ထွက်ပေါ်လာရာ လျိုလောင်ပန်က အလျင်စလိုဖြင့် လှမ်းပြောလိုက်သည်။
“ကားလာပြီ ငါတို့ မြန်မြန်သွားရအောင်။ ဝက်ကို စောစော သွားသယ်ကြတာပေါ့”
ဟိုလီခွေက နှုတ်ဆက် ကျန်ရစ်ခဲ့သည်။
“ခင်ဗျားတို့ နှစ်ယောက်ပဲ သွားကြတော့။ ကျုပ် ဒီကပဲ စောင့်နေလိုက်မယ်”
ထို့ကြောင့် သူတို့နှစ်ယောက်သား အောက်ထပ်သို့ အလောတကြီး ပြေးဆင်း သွားကြလေသည်။ အောက်ထပ်တွင်ကား ကုန်တင်ကား တစ်စီးက အသင့်စောင့်ဆိုင်း နေလေပြီ ဖြစ်သည်။ ထိုကားမှာ စောစောက လျိုလောင်ပန် ဖုန်းလက်ခံရရှိပြီးနောက် သူ၏ ဝယ်ယူရေးဌာနမှ ဝန်ထမ်းတစ်ဦးကို သယ်ယူပို့ဆောင်ရေး အဖွဲ့ထံ အမြန်လွှတ်၍ တောင်းခိုင်းထားသော ကားပင်ဖြစ်သည်။
“လောင်ပန်... ငါတို့ ဝက်သား သွားသယ်ရမယ်ဆိုတာ တကယ်လား။ ငါတို့ ဝက်သား မစားရတာ လနဲ့ ချီနေပြီလေ။ ဒါနဲ့ ဝက်သား ပေါင်အနည်းငယ်လောက် သယ်ဖို့အတွက် ဒီကားကြီး တစ်စီးလုံး သုံးဖို့ လိုလို့လား”
ယာဉ်မောင်းဖြစ်သူ၏ အမည်မှာ လျိုတယုံးဖြစ်ပြီး လျိုလောင်ပန်နှင့် ဆွေမျိုးနီးစပ် တော်စပ်သူဖြစ်သဖြင့် တွေ့တွေ့ချင်း ပွင့်ပွင့်လင်းလင်းပင် လှမ်းအော် မေးလိုက်ခြင်းဖြစ်သည်။ လျိုလောင်ပန် ကိုယ်တိုင်လည်း သေချာရေရာစွာ မသိသေးသဖြင့် ခပ်အေးအေးသာ ပြန်ဖြေလိုက်ပြီး ယန်ချုံးကို ကားပေါ်တက်ရန် အမြန်ခေါ်လိုက်လေသည်။
“လို မလို ဆိုတာကတော့ အချိန်တန်ရင် သိရမှာပေါ့ကွာ”
လျိုတယုံးမှာ ခေါင်းတခါခါဖြင့် ပွစိပွစိ ရေရွတ်နေသော်လည်း ကားကိုမူ စက်ရုံဂိတ်ပေါက်မှ မောင်းထွက်သွားလေတော့သည်။
…………………………………..
ယခုအချိန်သည် ရုံးဆင်းချိန်ရောက်နေပြီ ဖြစ်ရာ အလုပ်သမားများသည် အုပ်စုလိုက် စက်ရုံထဲမှ ထွက်လာကာ အိမ်ပြန်ရန် ပြင်ဆင်နေကြသည်။ ထိုအထဲတွင် စစ်ဟဲ့ယွမ် ခြံဝင်းထဲမှ လူအချို့လည်း ပါဝင်လေသည်။ ယီကျုံးဟိုင်၊ လျိုဟိုင်ကျုံးနှင့် ကျားတုန်းရွှီတို့ သုံးယောက်သည် အတူတကွ လမ်းလျှောက်ရင်း စကား တပြောပြောဖြင့် ထွက်လာကြ၏။
စက်ရုံဂိတ်ပေါက်သို့ ရောက်သည်နှင့် အနောက်မှ ကားဟွန်းတီးသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် သုံးယောက်သား အမြန်လမ်းဖယ် ပေးလိုက်ကြသည်။
“ဟင်...”
လျိုဟိုင်ကျုံးက ကားပေါ်သို့ မတော်တဆ လှမ်းကြည့်လိုက်မိရာ ရုတ်တရက် အံ့သြသွားပြီး ရေရွတ်လိုက်သည်။
“လောင်ယီ... အဲဒီလူက ငါတို့ ခြံဝင်းထဲက ယန်မျိုးနွယ် ကောင်လေးနဲ့ တော်တော်တူပါလား”
ယီကျုံးဟိုင်က အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ရင်း ပြောသည်။
“လောင်လျို... မင်းက အသက် ၄၀ ကျော်ပဲ ရှိသေးတယ် မျက်စိ မှုန်နေပြီလား။ ဒါ ဘယ်နေရာလဲ... သံမဏိစက်ရုံလေ။ အထုပ်ထမ်းတဲ့ လမ်းဘေး ဂျလေဘီ တစ်ယောက်က ဒီနေရာကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ”
လျိုဟိုင်ကျုံးက အလောတကြီး ကားကို လက်ညှိုးထိုးပြကာ ဆိုလိုက်သည်။
“မင်း မယုံရင် ကြည့်လိုက်လေ။ တကယ်ပဲ ယန်ချုံး အဲဒီကောင်လေး... ကားပေါ်မှာ ထိုင်နေတာကွ”
ကျားတုန်းရွှီက အမြန်ခေါင်းမော့ ကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးပြူးသွားပြီး အံ့ဩတကြီးဖြင့် ဝင်ပြောလေသည်။
“ဆရာ... ဦးလေးနှစ် ပြောတာ မမှားဘူး။ ကားပေါ်မှာ ထိုင်နေတာ တကယ်ပဲ ယန်ချုံး အဲဒီ ငနဲလေးနဲ့ တူတယ်”
“ဒါ မဖြစ်နိုင်ဘူး။ လမ်းသရဲ တစ်ယောက်က နိုင်ငံပိုင် စက်ရုံ တံခါးဝကို ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ။ ပြီးတော့ ကားပါ စီးနေသေးတယ်ဆိုတော့ ဒါ ဟာသ လုပ်နေတာပဲ မဟုတ်လား”
ယီကျုံးဟိုင်ကမူ လုံးဝ မယုံကြည်ပေ။ ကျားတုန်းရွှီ တစ်ခုခု ထပ်ပြောမည် ပြုစဉ်မှာပင် ကားက အဝေးသို့ ထွက်ခွာသွားလေပြီ။ ထို့ကြောင့် သူက သံသယ အပြည့်ဖြင့် လျိုဟိုင်ကျုံးအား မေးလိုက်သည်။
“ဦးလေးနှစ်... အခုနက မြင်လိုက်တာ ယန်မျိူးနွယ် ကောင်လေးလို့ ကျွန်တော်လည်း ထင်တယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးများ မျက်စိ မှားသွားကြတာလား”
လျိုဟိုင်ကျုံးက ခေါင်းယမ်းလိုက်ပြီး ပြောသည်။
“မဖြစ်နိုင်ဘူး။ ငါ အကြိမ်ကြိမ် သေချာ ကြည့်ပြီးပြီ။ အဲဒါ သူ အစစ်ပဲ။ လုံးဝ မမှားနိုင်ဘူး”
“ဒါပေမဲ့ သူလို လမ်းဘေး ဂျလေဘီ တစ်ယောက်က သံမဏိစက်ရုံမှာ ဘာလုပ်နေတာလဲ။ နိုင်ငံပိုင် စက်ရုံရဲ့ တံခါးဆိုတာ လမ်းဘေးက လူတွေ ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာမှ မဟုတ်တာ။ ကားဆိုတာရော သူထိုင်ချင်တိုင်း ထိုင်လို့ရတဲ့ အရာတဲ့လား”
ကျားတုန်းရွှီက တုံ့ဆိုင်းဆိုင်းဖြင့် ရေရွတ်လိုက်သည်။
“ဟုတ်ပါရဲ့ကွာ ငါ ဒီသံမဏိစက်ရုံမှာ အလုပ်လုပ်လာတာ နှစ်ပေါင်း ဆယ်နှစ်၊ နှစ် နှစ်ဆယ် ရှိပြီ။ စက်ရုံက ကားကို တစ်ခါမှ မစီးဖူးဘူး။ သူလို လမ်းသရဲက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဖြစ်နိုင်တာ တစ်ခုကတော့...”
လျိုဟိုင်ကျုံးက တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ပြောလိုက်သည်။
“လောင်ယီ... ဒီကောင်လေးများ သံမဏိစက်ရုံထဲ အလုပ်ဝင်သွားပြီလား မသိဘူးနော်”
ယီကျုံးဟိုင်က နှာခေါင်းထဲမှ အထင်သေးသည့် အသံဖြင့် ချက်ချင်း နှာမှုတ်လိုက်လေ၏။
“ဟွန်း... လောင်လျို မင်းကတော့ လျှောက်ပြောနေတော့တာပဲ။ နိုင်ငံပိုင် စက်ရုံအလုပ်ဆိုတာ လူတိုင်း လွယ်လွယ်ကူကူ လုပ်ခွင့်ရတယ်လို့ ထင်နေတာလား။ အထုပ်ထမ်းတဲ့ လမ်းဘေး ဂျလေဘီ တစ်ယောက်အနေနဲ့ ဒီတစ်သက်တော့ ဒီလို ခိုင်မာတဲ့ အလုပ်မျိုး ရဖို့ မစဉ်းစားနဲ့”
ကျားတုန်းရွှီက အမြန်ထောက်ခံလိုက်သည်။
“ဟုတ်တယ်... ဆရာပြောတာ မှန်တယ်။ သူလိုကောင်က အလုပ်သမား ဖြစ်ချင်သေးတယ် ဆိုတော့ ဝေးပါသေးတယ်”
လျိုဟိုင်ကျုံးကလည်း ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံလေသည်။
“ဒါလည်း ဟုတ်တာပါပဲလေ။ လောင်ယန်တောင် သူ့သား အကြီးကောင် စက်ရုံမှာ အလုပ်ရဖို့အတွက် အဆက်အသွယ်တွေ ဘယ်လောက်တောင် ရှာခဲ့ရလဲ။ အခုထိ မအောင်မြင်သေးဘူးလေ။ အဖေ အမေ မရှိတဲ့ လမ်းဘေး ဂျလေဘီ တစ်ယောက် အိမ်မှာ ပိုက်ဆံ တစ်ပြားမှ မရှိဘဲနဲ့ သံမဏိစက်ရုံထဲကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ”
ထို့သို့ပြောရင်း ပါးစပ်မှ ထပ်မံရေရွတ် လိုက်သေးသည်။
“ငါများ တကယ်ပဲ အမြင်မှားသွားတာလား”
……………………………………
သူတို့သုံးယောက် လမ်းလျှောက်ရင်း အတင်းတုတ် နေကြချိန်တွင် ကားပေါ်၌ ထိုင်နေသော ယန်ချုံးမှာမူ ဘေးရှိ လျိုလောင်ပန်နှင့် စကားလက်ဆုံ ကျနေသဖြင့် ထိုသူသုံးယောက်ကို လုံးဝ သတိမထားမိခဲ့ပေ။ သေချာသည်ကတော့ သူ မြင်လိုက်ရလျှင်ပင် အရေးစိုက်မည် မဟုတ်ချေ။
ကားသည် သံမဏိစက်ရုံမှ ထွက်ခွာလာပြီးနောက် ယန်ချုံး၏ လမ်းညွှန်မှုဖြင့် မြို့ထဲတွင် ကွေ့ပတ် မောင်းနှင်ကာ မကြာမီ လူသူကင်းမဲ့သော တိတ်ဆိတ်သည့် နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။
ယန်ချုံးက ကားဆရာ လျိုတယုံးကို ကားရပ်ခိုင်းလိုက် ပြီးနောက် လျိုလောင်ပန် ဘက်လှည့်ကာ တောင်းဆိုလိုက်သည်။
“ဌာနမှူးလျို... အားနာပေမဲ့ ခင်ဗျားနဲ့ ကားဆရာကြီး ခဏလောက် ရှောင်ပေးထားလို့ ရမလား။ ခင်ဗျားလည်း သိတဲ့အတိုင်း ဒီပစ္စည်းတွေက လျှို့ဝှက်ထားရမှာ မို့လို့ပါ”
လျိုလောင်ပန် တခဏမျှ ကြောင်အ သွားသော်လည်း အမြန်ခေါင်းညိတ် လိုက်လေသည်။
“ရတယ်လေ ငါ နားလည်ပါတယ်။ ဒါပေမယ့် ဝက်ဆူကြီး နှစ်ကောင်ကို မင်းတစ်ယောက်တည်း လုပ်နိုင်ပါ့မလား။ ငါတို့ ကူညီပေးဖို့ လိုမလား”
ယန်ချုံးက ခေါင်းခါ ပြလိုက်ရင်း ဆိုသည်။
“မလိုပါဘူး ဌာနမှူးလျို... ခင်ဗျားတို့ ဟိုဘက်မှာ ခဏလောက် စောင့်နေရင် ရပါပြီ”
လျိုလောင်ပန်လည်း ထိုသို့ တောင်းဆိုလာသဖြင့် ဘာမှ ဆက်မပြောတော့ဘဲ လျိုတယုံးနှင့် အတူ ကားပေါ်မှ ဆင်းကာ ခပ်လှမ်းလှမ်းသို့ ထွက်သွားပေးလိုက်သည်။
သူတို့ ထွက်သွားသည်ကို သေချာအောင် ကြည့်ပြီးသည်နှင့် ယန်ချုံးသည် သူ၏ ကိုယ်ပိုင် နေရာလွတ်ထဲမှ ဝက်ဆူကြီး နှစ်ကောင်ကို ချက်ချင်း ထုတ်ကာ ကားနောက်ခန်းထဲသို့ နေရာချလိုက်လေသည်။
ထို့နောက် ဆေးလိပ် တစ်လိပ်ကို ဇိမ်ကျကျ ဖွာလိုက်ပြီးမှ လျိုလောင်ပန်တို့ ရှိရာဘက်သို့ လျှောက်သွားကာ လှမ်းခေါ်လိုက်သည်။
“ဌာနမှူးလျို... ရပြီ”
“ရပြီလား”
လျိုလောင်ပန်က လျိုတယုံးကို လှမ်းကြည့်လိုက်ပြီးနောက် နှစ်ယောက်သား သံသယစိတ် အပြည့်ဖြင့် ကားအနီးသို့ ပြန်လည် လျှောက်လာကြသည်။ ကားနောက်ခန်းထဲသို့ လှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ယောက်စလုံး အံ့သြမှင်တက်သွားကာ မျက်လုံးများ ပြူးကျယ် သွားကြတော့သတည်း။