အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) - တစ်ရက်ဝင်ငွေက ဌာနမှူးတစ်ယောက်ရဲ့ သုံးလစာ လစာနဲ့ ညီမျှနေခြင်း
လျိုလောင်ပန်နှင့် လျိုတယုံးတို့သည် တစ်ဦးကို တစ်ဦး လှမ်းကြည့်လိုက်ကြရင်း အံ့အားသင့်လွန်း သဖြင့် မျက်လုံးအစုံ ပြူးကျယ် သွားကြသည်။ ခေတ္တမျှ မှင်သက် သွားပြီးနောက် နှစ်ဦးသား ပြိုင်တူ ရေရွတ်လိုက်မိကြ၏။
“ဟား... အကြီးကြီး ပါလားကွာ”
ထို့နောက် သူတို့သည် အနောက်ဘက်တွင် ရပ်နေသော ယန်ချုံးထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းအစုံ၌ လေးစားအားကျရိပ်များနှင့် အတူ မယုံကြည်နိုင်ခြင်းများ အထင်းသား လွှမ်းမိုးနေတော့သည်။
ယင်းနောက်တွင်မူ သူတို့သုံးဦးသည် တောဝက်ကြီးများကို စက်ရုံသို့ သယ်ဆောင်လာခဲ့ပြီး စားသောက်ဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့ကြသည်။
စားသောက်ဆောင် တာဝန်ခံ ဝမ်ဟိုင်ပေါ်မှာ အိမ်မပြန်သေးဘဲ ရှိနေသည်။ သူတစ်ဦးတည်းတင် မဟုတ်ဘဲ စားဖိုမှူးအချို့လည်း ပြန်မသွားကြသေးဘဲ လျိုလောင်ပန်တို့ အဖွဲ့ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ သူတို့ အထဲတွင် ရှာကျူးလည်း ပါဝင်သည်။ ကားဆိုက်ရောက်လာချိန်အထိ ဝမ်ဟိုင်ပေါ်မှာ နှုတ်ခမ်း တပြင်ပြင်ဖြင့် မြည်တွန် တောက်တီးနေဆဲ ဖြစ်သည်။
“ဟွန်း... ဒီလူကတော့ လေလုံးထွားလွန်းတယ်။ ဝက်ဆူကြီး သယ်လာခဲ့မယ်တဲ့လေ။ ငါတို့ သံမဏိစက်ရုံက ဝက်သားနဲ့ ဝေးနေတာ ဘယ်နှရက်တောင် ရှိသွားပြီလဲ”
“ဒါပေါ့… အခုခေတ်မှာ ပြောင်းဖူးမုန့်တောင် ဝအောင် မစားရတဲ့ ဟာကို ဝက်သား စားချင်သေးတယ်ဆိုတော့ အိပ်မက် မက်နေတာပဲ ဖြစ်ရမယ်”
ရှာကျူးသည်လည်း စိတ်မရှည် ဖြစ်နေမိသည်။ သူသည် အိမ်သို့ ထမင်းချိုင့် မသယ်သွားနိုင်ခဲ့သည်မှာ ရက်အတော်အတန်ကြာပြီဖြစ်ရာ ချင်ဟွိုင်ရူကို စကား အဖတ်လုပ်ရန် ဆင်ခြေဆင်လက်ပင် ရှာမရ ဖြစ်နေတော့သည်။ ဒီနေ့မှသာ ပိုလျှံသည့် ဟင်းအချို့ကို မနည်း ထည့်လာနိုင်ခဲ့သော်လည်း ဝမ်ဟိုင်ပေါ်က ဝက်သားချိန်ရန် စောင့်ဆိုင်း ခိုင်းထားသဖြင့် တစ်နာရီ နီးပါးခန့် အချိန်ကုန်သွားရသည်။
အစ်မချင်တော့ စောင့်ရင်း စိတ်လောနေရှာတော့မှာပဲ...
ရှာကျူး၏ မျက်စိထဲတွင် မျက်ရည် တစမ်းစမ်းဖြင့် ငိုယိုနေတတ်သော ချင်ဟွိုင်ရူ၏ ပုံရိပ်က လွင့်ပျံလာသဖြင့် နေအိမ်သို့သာ အမြန်ဆုံး ပြန်ချင်စိတ် ပြင်းပြနေမိတော့၏။
ထိုစဉ် အပြင်ဘက်မှ မော်တော်ကား အင်ဂျင်သံ ဟိန်းခနဲ ထွက်ပေါ်လာပြီးနောက် တပည့်ဖြစ်သူ မာဟွာက အခန်းထဲသို့ သုတ်သုတ်ပြာပြာ ပြေးဝင်လာလေသည်။
“တာဝန်ခံ... ဆရာ... မြန်မြန် ထွက်ကြည့်ဦး။ ကား ရောက်လာပြီ”
“ရောက်လာပြီလား”
ဝမ်ဟိုင်ပေါ်က ထိုင်နေရာမှ ဖြည်းညင်းစွာ ထရပ်လိုက်ရင်း ဆိုသည်။
“လာလည်း အလကားပါပဲကွာ။ ကားအလွတ်ကြီး ပြန်လာတာပဲ နေမှာပေါ့။ အလွန်ဆုံး ပြောင်းဖူးမှုန့် နည်းနည်း ပါလာရင်တောင် ကံကောင်းလှပြီ”
သူတို့နှစ်ဦး အပြင်သို့ ထွက်လာချိန်တွင် ကားတစ်စီးသည် စားသောက်ဆောင် တံခါးဝရှေ့၌ ဆိုက်ရပ်သွားသည်ကို အတိအကျ မြင်လိုက်ရသည်။ ထို့နောက် ကားတံခါး ပွင့်ဟသွားပြီး လျိုလောင်ပန်သည် စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ခုန်ဆင်းလာကာ ဝမ်ဟိုင်ပေါ်ကို မြင်သည်နှင့် လှမ်းအော်လိုက်တော့သည်။
“ဝမ်ဟိုင်ပေါ်... ခင်ဗျားလူတွေ ဘယ်ရောက်ကုန်လဲ။ ကြောင်ကြည့် မနေနဲ့… မြန်မြန် လာချကြဦးလေ”
ဝမ်ဟိုင်ပေါ်က ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။
“နေပါဦး ဌာနမှူးလျိုရဲ့… ခင်ဗျား ဘယ်ကနေ ပြောင်းဖူးမှုန့်တွေ တောင်းလာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ”
“ပြောင်းဖူးမှုန့် ဟုတ်လား”
လျိုလောင်ပန် မျက်လုံးပြူးသွားပြီး အော်ပြောလိုက်သည်။
“အဘိုးကြီးဟိုက ဘာ သယ်လာလဲဆိုတာ ခင်ဗျားကို မပြောဘူးလား။ ငါ သယ်လာတာ ဝက်ကွ။ ဝက်သား”
“ဟား... ဘယ်သူ့ကို လာလိမ်နေတာလဲ။ ဝက်သားတဲ့လား... ဌာနမှူးလျို... ခင်ဗျားကိုယ် ခင်ဗျား ပြန်တွက်ကြည့်ပါဦး။ ကျွန်တော်တို့ စားသောက်ဆောင်အတွက် ဝက်သား မဝယ်ပေးနိုင်တာ ဘယ်လောက်တောင် ကြာလှပြီလဲ”
ဝမ်ဟိုင်ပေါ်က လျိုလောင်ပန်ကို ရယ်မောကာ နောက်ပြောင်လိုက်၏။
“ဟုတ်ပ ဌာနမှူးလျိုရယ်… ကျွန်တော် တွက်ကြည့်ပြီးပြီ။ အနည်းဆုံး သုံးလလောက် ရှိသွားပြီ။ ကျွန်တော်တို့ ဝက်သား ပုံစံတောင် မမြင်ဖူးတော့ဘူး။ စက်ရုံမှူးယန် ဧည့်သည်တွေကို ဧည့်ခံတုန်းကတောင် ဂေါ်ဖီထုပ်နဲ့ မုန်လာဥတွေချည်းပဲ ကျွေးတာလေ”
ရှာကျူးကလည်း ရယ်မောလျက် ဝင်ပြောလေသည်။
လျိုလောင်ပန်က တစ်စုံတစ်ရာ ပြန်မပြောရသေးမှီမှာပင် ယန်ချုံးသည် ကားပေါ်မှ ဆင်းသက်လာခဲ့သည်။ ထိုသည်ကို မြင်လိုက်ရသော ရှာကျူးမှာ ဆွံ့အမှင်သက် သွားရလေသည်။
“ယန်ချုံး... မင်းက ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”
ယန်ချုံးက ပြုံးရုံသာ ပြုံးပြပြီး ဘာမျှ မပြောရသေးခင်မှာတင် လျိုလောင်ပန်က ဖြတ်ပြောလိုက်သည်။
“ဟေ့... ရှာကျူး မင်းက ယန်ချုံးကို သိတယ်ဆိုတော့ ပိုကောင်းတာပေါ့။ ဒီနေ့ ငါတို့ ရလာတဲ့ ဝက်သားတွေက ယန်ချုံး ကူညီပြီး ရှာပေးထားတာကွ”
“မနောက်ပါနဲ့… သူကများ ဝက်သား ရှာပေးရတယ်လို့။ သူကိုယ်တိုင်ရော ဝက်သား စားရရဲ့လားလို့ သူ့ကိုပဲ ပြန်မေးကြည့်လိုက်ဦး”
ရှာကျူးက မယုံကြည်သည့် ဟန်ဖြင့် ဆိုသည်။ သို့သော် သူ၏ စကားပင် မဆုံးသေးခင် စိတ်မြန်လက်မြန် ရှိသော တပည့်ဖြစ်သူ မာဟွာက ကားအနောက်ဘက်သို့ ပြေးသွားကာ နောက်ခန်းထဲသို့ လှမ်းကြည့်လိုက်ပြီးနောက် လန့်ပြီး အော်လိုက်လေတော့သည်။
“ဆရာ... တာဝန်ခံ... ဝက်သားတွေ၊ တကယ် ဝက်သားတွေ။ ဝက်ဆူကြီး နှစ်ကောင်တောင်”
တကယ်ပဲ ဝက်သားတွေလား... အဲဒါတောင် ဝက်ဆူကြီး နှစ်ကောင်တောင်လား...
ဝမ်ဟိုင်ပေါ်နှင့် ရှာကျူးတို့ နှစ်ဦးသား ဆွံ့အသွား ကြပြီးနောက် ပြိုင်တူပင် ခြေလှမ်း ကျဲကြီးများဖြင့် သုတ်သုတ်ပြာပြာ ပြေးသွားကြတော့သည်။
ထို့နောက် ကားနောက်ခန်းကို ကိုင်လျက် အံ့ဩမှင်သက်စွာ ငေးကြည့်နေမိကြတော့သည်။ အတော်အတန်ကြာမှ ဝမ်ဟိုင်ပေါ်က ရှာကျူးကို ယောင်ယောင်နနဖြင့် လှမ်းပြောလိုက်သည်။
“ရှာကျူး... ငါ့ကို တစ်ချက်လောက် လာဆိတ်စမ်းပါဦး။ ငါ အိပ်မက် မက်နေတာလား သိချင်လို့”
ရှာကျူးက သူ့ကို လှည့်ကြည့်ရင်း ပြန်ပြောလိုက်သည်။
“တာဝန်ခံ... ဆိတ်ဖို့ မလိုတော့ဘူး။ ကျွန်တော် အခုနတင် ကိုယ့်ကိုကိုယ် ဆိတ်ကြည့်ပြီးပြီ။ နာတယ်… တကယ်ကို နာတာ။ ဒါ အိပ်မက် မဟုတ်ဘူး… ကျွန်တော်တို့ တကယ်ပဲ ဝက်သားတွေ ရပြီ။ ဒီလောက်ကြီးတဲ့ အကောင်ဆိုရင် အလေးချိန် ကျင်း လေးငါးရာ လောက်တော့ အသာလေး ရှိမှာ”
ထိုအခါမှ လျိုလောင်ပန်သည် အလွန်တရာ ကျေနပ်သွားကာ ဂုဏ်ယူဝင့်ကြွားသော ခြေလှမ်းများဖြင့် လျောက်လှမ်းလာခဲ့သည်။
“ဝမ်ဟိုင်ပေါ်... မင်းပဲ ပြောစမ်းပါဦး။ ငါ မင်းအတွက် သယ်လာပေးတာ ပြောင်းဖူးမှုန့်လား… ဝက်သားလား”
ဝမ်ဟိုင်ပေါ်က ရှက်ကိုးရှက်ကန်း ပြုံးလျက် လက်မ ထောက်ပြလိုက်ရင်း ပြောလေသည်။
“ဌာနမှူးလျိုရယ်... ခင်ဗျားက တကယ် တော်ပါတယ်။ ကျွန်တော့်လို လူမျိုးကို စိတ်ထဲ မထားပါနဲ့တော့”
“ဌာနမှူးလျို... ဒီလို ကျပ်တည်းတဲ့ ခေတ်ကြီးထဲမှာ ဒီလောက်ကြီးတဲ့ ဝက်ဆူကြီး နှစ်ကောင်ကို ခင်ဗျား ရှာလာနိုင်တယ်ဆိုတော့ ကျွန်တော် ဘယ်သူ့ကိုမှ မလေးစားရင်တောင် ခင်ဗျားကိုတော့ လုံးဝ လေးစားသွားပြီ”
လျိုလောင်ပန်က တဟားဟား တဟဲဟဲ ရယ်မောလိုက်ပြီး ဆိုသည်။
“လေးစားရင် ပြီးတာပါပဲ။ ဒါနဲ့ ဘာရပ်ကြည့်နေတာလဲ။ လူတွေခေါ်ပြီး ဝက်တွေကိုချ။ အလေးချိန်ဖို့ မြန်မြန် လုပ်ကြဦးလေ။ ဝက်ဖိုးလည်း ရှင်းမပေးရသေးဘူး မဟုတ်လား”
ဝမ်ဟိုင်ပေါ်က အိပ်မက်မှ နိုးထလာသည့်နှယ် ခေါင်းတဆတ်ဆတ် ညိတ်ပြီး အော်လိုက်လေသည်။
“ဟုတ်သားပဲ... ဝက်ချမယ်၊ အလေးချိန်မယ်။ ရှာကျူး... ဘာရပ်ငေးနေတာလဲ။ ငါတို့လူတွေကို အမြန်သွားခေါ်ပြီး ဝက်ချဖို့၊ အလေးချိန်ဖို့ ပြင်ကြဟေ့”
ထိုခဏ၌ပင် စားသောက်ဆောင်ကြီး တစ်ခုလုံးသည် ပျော်ရွှင်မှု ပင်လယ်ပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အခုနကတင် အချိန်ပို ဆင်းရသဖြင့် မဲ့ရွဲ့နေကြသော စားဖိုမှူးများသည် ချက်ချင်းပင် စိတ်အားထက်သန် လာကြပြီး ကားအနီးသို့ ဝိုင်းအုံလာကာ အားသွန်ခွန်စိုက်ဖြင့် တောဝက်ကြီး နှစ်ကောင်ကို ကားပေါ်မှ ချ၍ အလေးချိန် ချိန် ကြလေတော့သည်။
“ဘုရားရေ... ၅၆၃ ကျင်းတောင်လား။ ဒီဝက် နှစ်ကောင်က တကယ်ကို ဆူဖြိုးတာပဲ”
ရှာကျူးက သွားရည်ကျမတတ် ငေးမောရင်း ပြောလိုက်ခြင်းဖြစ်သည်။ တောဝက်ကြီးများသည် တကယ်ကို ဆူဖြိုးလှပေသည်။ ဤခေတ်ကာလ၌ လူသားများပင် စားစရာ ငတ်မွတ်နေကြရာ တောရိုင်း တိရစ္ဆာန်များဆိုလျှင် အရိုးနှင့် အရေသာ ကျန်တော့သည်အထိ ချို့တဲ့ ငတ်မွတ်နေကြရသည်။ ထို့ကြောင့် ကျင်း ၅၀၀၊ ၆၀၀ နီးပါး အလေးချိန်ရှိသော ဤကဲ့သို့သော တောဝက်ကြီး နှစ်ကောင်ကို တွေ့ရှိရန်မှာ အလွန်တရာ ရှားပါးလှပေသည်။
လျိုလောင်ပန်သည် ၅၆၃ ကျင်းရှိသော ဝက်သားဝယ်ယူခွင့် ဘောက်ချာကို ချက်ချင်းပင် ရေးဆွဲ ဖြတ်တောက်လိုက်ပြီး သူနှင့် ဝမ်ဟိုင်ပေါ်တို့ နှစ်ဦးသား လက်မှတ် ရေးထိုးကာ ယန်ချုံးထံသို့ ကမ်းပေးလိုက်သည်။
“ညီလေး... သွားစို့။ ဘဏ္ဍာရေးဌာနမှာ ပိုက်ဆံ သွားထုတ်ရအောင်”
ထိုအခါမှ ရှာကျူးသည် ယန်ချုံးကို သတိပြုမိသွားပြီး အံ့ဩတကြီးဖြင့် လှမ်းမေးလိုက်လေသည်။
“ယန်ချုံး... ဒီတောဝက်ကြီး နှစ်ကောင်စလုံးကို မင်း တကယ်ပဲ ရှာလာနိုင်ခဲ့တာလား”
ယန်ချုံးက ပြုံးလျက် ဆိုလိုက်သည်။
“အစ်ကိုကျူး... နောက်မှ တွေ့ကြတာပေါ့”
ထို့နောက် လျိုလောင်ပန်၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလျက် ဘဏ္ဍာရေးဌာနသို့ ထွက်ခွာသွားခဲ့သည်။
ဘဏ္ဍာရေး ဌာနဘက်၌မူ ကိစ္စ အဝဝက အလွန်ပင် ချောမွေ့လွယ်ကူ သွားခဲ့ပြီ ဖြစ်သည်။ ဝယ်ယူရေး ဌာနမှူးနှင့် စားသောက်ဆောင် တာဝန်ခံတို့၏ လက်မှတ်ပါရှိသော ဘောက်ချာ ရှိနေသဖြင့် အလေးချိန် ကျင်း အရေအတွက်အတိုင်း တွက်ချက်ကာ ငွေကြေး ထုတ်ပေးလိုက်ရုံမျှသာ ဖြစ်သည်။
ဤခေတ်ကာလတွင် ဝက်သားဈေးမှာ တစ်ကျင်းလျှင် ၇ မောင် ၈ ပြား၊ ၀.၇၈ ယွမ် ဖြစ်သော်လည်း တစ်ကောင်လုံး အရှင်ဈေးမှာမူ အနည်းငယ် လျော့နည်းပေသည်။ အကြောင်းမူကား ဝက်မွေးနှင့် ကလီစာ အစရှိသည့် အညစ်အကြေးများကို ဖယ်ရှားရမည် ဖြစ်သောကြောင့်တည်း။ တစ်ကောင်လုံး ဈေးမှာ တစ်ကျင်းလျှင် ၅ မောင် ၆ ပြား၊ ၀.၅၆ ယွမ် ဖြစ်ရာ ၅၆၃ ကျင်း အတွက်ဆိုလျှင် စုစုပေါင်း ၃၁၅ ယွမ် ၂ မောင် ၈ ပြား၊ ၃၁၅.၂၈ ယွမ် ရရှိမည် ဖြစ်သည်။ တန်ဖိုးကြီး ၁၀ ယွမ်တန် အမည်းရောင် ငွေစက္ကူ အုပ်လိုက်ကြီးကို အိတ်ကပ်ထဲသို့ ထည့်သွင်းလိုက်ချိန်တွင် လျိုလောင်ပန် ပင်လျှင် အနည်းငယ် မနာလို ဖြစ်သွားရရှာသည်။
သူကဲ့သို့သော ဝယ်ယူရေးဌာနမှူး တစ်ဦး၏ တစ်လစာ လစာငွေမှာပင် ၁၁၀ ယွမ်သာ ရှိသည်။ ကုန်ထုတ်ရေး လုပ်ငန်းခွင် ရှေ့တန်းမှ အလုပ်သမားကြီး ဖြစ်သူ ‘ယီကျုံးဟိုင်’ ကဲ့သို့သော အလုပ်သမားများ အကြား အမြင့်ဆုံးအဆင့်… အဆင့် ရှစ် ဝါရင့် ဖိတ္တာသမား ဆိုလျှင်ပင် တစ်လလျှင် လစာ ၉၉ ယွမ်သာ ရရှိလေသည်။
သို့ရာတွင် ယခုအခါ ယန်ချုံး ရောင်းချလိုက်သည့် တစ်ရက်တာ ဝက်သားဖိုးငွေမှာ သူကဲ့သို့သော ဌာနမှူး တစ်ဦး၏ သုံးလစာ ဝင်ငွေနှင့် အကြုံးဝင် ညီမျှနေတော့သည်။
“ညီလေးရာ... မင်းဆီမှာ ဒီလို အရည်အချင်းမျိုး ရှိနေမှတော့ နောင်ကို စားဝတ်နေရေးအတွက် ပူစရာ မလိုတော့ဘူး။ ငါ့မှာသာ မင်းလို အရည်အချင်းရှိရင် ဘာဌာနမှူးမှ သွားလုပ် မနေတော့ဘူး။ စက်ရုံမှူး ရာထူးနဲ့ လဲပေးမယ် ဆိုရင်တောင် လဲမှာ မဟုတ်ဘူးကွ”
ဘဏ္ဍာရေးဌာန တံခါးဝမှ အထွက်တွင် လျိုလောင်ပန်က အားကျရိပ်သန်းသော လေသံဖြင့် ဆိုလိုက်ခြင်း ဖြစ်သည်။ ယန်ချုံးက ရယ်မောရင်း ပြန်ပြောလိုက်လေသည်။
“ဌာနမှူးလျိုရယ်... ခင်ဗျားကတော့ နောက်နေပြန်ပါပြီ။ ဒီလို တောဝက်လိုက်ပစ်တယ် ဆိုတာက အသက်ကို ဖက်နဲ့ထုပ်ပြီး ငွေနဲ့ သွားလဲရတာ။ ခင်ဗျားလို ဌာနမှူးကြီး ရုံးခန်းထဲ ထိုင်လုပ်ရတဲ့ အလုပ်လောက် ဘယ်သက်သာပါ့မလဲ။ ပြီးတော့ ဒါက ကံတရား အပေါ်မှာလည်း အများကြီး မူတည်သေးတယ်။ နှစ်ဝက်လောက် ကြာတာတောင် တောဝက် တစ်ကောင် ရချင်မှ ရတတ်တာ။ ဘာပဲဖြစ်ဖြစ် ပုံမှန်ဝင်ငွေ ရနေတဲ့ ခင်ဗျားရဲ့ အစိုးရအလုပ် သံပန်းကန်လုံး လောက်တော့ ဘယ်ခိုင်မာပါ့မလဲ”
လျိုလောင်ပန်က ဆိုသည်။
“အင်း... အဲဒါလည်း ဟုတ်တာပါပဲလေ။ ငါက စလိုက်တာပါ။ ဒါပေမဲ့ ညီလေး... မင်းက ဒီတောဝက်ကြီး နှစ်ကောင်ကိုတောင် ပစ်နိုင်ခဲ့ပြီဆိုတော့ နောက်လည်း တတိယ တစ်ကောင်၊ စတုတ္ထ တစ်ကောင် ဆက်ရနိုင်သေးတာပဲ။ ငါ ကြိုပြောထားမယ်နော်… အဲဒီကျရင် ငါ့ကို သတိရဦး။ တခြားလူတွေကို သွားမရောင်းလိုက်နဲ့ဦးနော်”
ယန်ချုံးက ခေါင်းညိတ်ပြလျက် ကတိပေးလိုက်လေသည်။
“ဌာနမှူးလျို... စိတ်ချပါ။ နောက်ပိုင်း တောဝက် ထပ်ရလာရင် သေချာပေါက် ခင်ဗျားဆီပဲ လာခဲ့ပါ့မယ်”