အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) - ဒီအလုပ်ကို ကျွန်တော့်ဇနီးကို ပေးချင်လို့ပါ
ယန်ချုံးသည် မိမိ ဖမ်းဆီးရမိထားသော သားကောင်များကို ရောင်းချရန်အတွက် စိတ်ချရသော ဈေးကွက် တစ်ခုကို ရှာဖွေနေဆဲဖြစ်ရာ လျိုလောင်ပန်၏ တောင်းဆိုချက်ကို မဆိုင်းမတွဘဲ လွယ်လင့်တကူ သဘောတူလိုက်လေသည်။ ထို့ထက်မက သူ၏ ရင်ထဲ၌ ပိုမို ကြီးမားသော အနာဂတ် အစီအစဉ်များ ရှိနေသေးသည်။ မကြာမီ ရက်ပိုင်းအတွင်း ယွီရှို့အား သံမဏိစက်ရုံ၌ အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်စေရန် ရည်ရွယ်ထားသဖြင့် သံမဏိစက်ရုံနှင့် ဆက်သွယ်ရမည့် လမ်းကြောင်းကို မိမိ၏ လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်မည့် နည်းလမ်းကို ကြံဆရမည်ဖြစ်သည်။
ယွီရှီု့သာမက ယန်ရှောင်ကျွမ်း သည်လည်း နောင်တစ်ချိန်တွင် ဤသံမဏိစက်ရုံကိုပင် အမှီပြုရမည် ဖြစ်သည်။ သို့ဖြစ်ရာ လျိုလောင်ပန်နှင့် လမ်းခွဲပြီးနောက် သူသည် အိမ်သို့ ချက်ချင်း မပြန်သေးဘဲ ဟိုလီခွေ၏ ရုံးခန်းရှိရာသို့ တိုက်ရိုက် ဦးတည်လျှောက်လှမ်းခဲ့တော့သည်။
ဟိုလီခွေသည်လည်း အိမ်သို့ မပြန်သေးဘဲ မိမိ၏ ရုံးခန်းထဲ၌ စောင့်ဆိုင်းနေခဲ့သည်။ အခုနက သတင်းကြားလိုက်ရချင်းတွင် သူသည် လျိုလောင်ပန်ထက်ပင် ပိုမိုစိတ်လှုပ်ရှား သွားပြီး စက်ရုံ ထမင်းစားဆောင်သို့ ကိုယ်တိုင်ကိုယ်ကျ ပြေးသွားကာ ဆူဖြိုး ထွားကျိုင်းလှသော တောဝက်ကြီး နှစ်ကောင်ကို မျက်မြင်ကိုယ်တွေ့ သွားရောက် ကြည့်ရှုခဲ့ပြီး ဖြစ်သည်။
ဟိုလီခွေ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ပြင်းထန်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထောက်ပံ့ရေး ဌာနခွဲ၏ ဒုတိယ ဌာနခွဲမှူး ရာထူးနေရာတွင် သောင်တင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ရာထူး တက်လှမ်းရန် အခွင့်အလမ်း ဟူ၍ အလျဉ်း မရှိခဲ့ပါပေ။ ဌာနခွဲမှူးချုပ်မှာလည်း မူလနေရာ၌ပင် နှစ်အတော်ကြာ ရပ်တန့်နေခဲ့သဖြင့် သူ့ကိုပါ ရာထူးတက်လမ်း မပွင့်အောင် ဖိနှိပ်ချုပ်ချယ် ထားသကဲ့သို့ ဖြစ်နေခဲ့ရသည်။
မကြာသေးမီကမှ ဌာနခွဲမှူးချုပ်သည် အငြိမ်းစားယူရမည့် သက်ပြည့်အရွယ်သို့ ရောက်ရှိလာပြီး မကြာမီ အနားယူတော့မည် ဖြစ်သော်လည်း ဤအချိန်အခါတွင် ပြိုင်ဘက်ကောင်း များစွာနှင့် ရင်ဆိုင်တိုး ရတော့မည် ဖြစ်သည်။ ဤအကြောင်း ကြောင်းကြောင့် ထိုလူအိုကြီးမှာ သောကဗျာပါဒ ကြီးမားလွန်းသဖြင့် ဆံပင်များပင် ဖြူဆွတ်တော့မည် ဖြစ်သည်။ မိမိ၌ လုပ်ငန်းသက်တမ်း ရင့်ကျက်မှုမှ လွဲ၍ တခြားသော အရည်အချင်း ကဏ္ဍများတွင် ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက အားနည်းချက် ရှိနေသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ဟိုလီခွေသည် ဗျာများနေပြီး မိမိ၏ ယှဉ်ပြိုင်မှုအတွက် အားသာချက်အချို့ ထပ်လောင်းနိုင်ရန်နှင့် ပြိုင်ဘက်များထဲမှ ထင်ပေါ်ကျော်ကြား လာစေရန် နည်းလမ်းမျိုးစုံ ရှာကြံနေကာ ခေါင်းပူလာသည်အထိ တွေးသော်လည်း မည်သည့် နည်းလမ်းမျှ မရှိဘဲ ဖြစ်နေသည်။
သို့သော် ယခုအခါ ယန်ချုံးက သူ့ထံသို့ ဆူဖြိုးသော တောဝက်ကြီး နှစ်ကောင်ကို ရုတ်တရက် ပို့ဆောင်ပေးလိုက်ခြင်းက သူ၏ ဝေဝါးနေသော ရှေ့ခရီးလမ်းအတွက် လမ်းပြမီးအိမ် တစ်ခုကို ရုတ်တရက် ထွန်းညှိပေးလိုက် သကဲ့သို့ ဖြစ်သွားသည်။
ထို့ကြောင့် ဟိုလီခွေသည် မိမိ၏ ရုံးခန်း၌ ထိုင်နေရင်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေကာ စီကရက် ညှပ်ထားသော လက်ချောင်း နှစ်ချောင်းမှာလည်း မရပ်မနား တုန်ရီနေသည်။ ကောင်းကင်ဘုံက သူ့အား ဌာနခွဲမှူးချုပ် ဖြစ်လာမည့် လမ်းခရီးအတွက် တံခါးတစ်ချပ် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။
ထိုအချိန်တွင် ယန်ချုံးသည် ဘဏ္ဍာရေး ဌာနခွဲမှ ထွက်လာပြီးနောက် သူ၏ ရုံးခန်းသို့ ရောက်လာသည်။ တံခါးဝသို့ ဝင်လာသည်နှင့် ဟိုလီခွေသည် အလျင်အမြန် ထရပ်လိုက်ပြီး မျက်နှာနီနီဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။
“ရှောင်ယန်… မင်း နောက်ဆုံးတော့ ရောက်လာပြီပဲကွာ။ ငါ ထမင်းစားဆောင်ဘက်ကို သွားကြည့်ပြီးပြီ။ တကယ့်ကို တော်တာပဲ။ အဲဒီ တောဝက်အဝကြီး နှစ်ကောင်က အသား ၅၀၀ ကျော် ကျင်း ပေါင် ၅၀၀ ကျော် တောင် ထွက်နိုင်တယ်ဟ။ ငါတို့ စက်ရုံက အလုပ်သမားတွေလည်း နောက်ဆုံးတော့ ဝက်သား ကောင်းကောင်း တစ်နပ် စားရတော့မှာပဲ”
ထိုသို့ ပြောဆိုရင်း သူသည် ကုလားထိုင် တစ်လုံးကို ကိုယ်တိုင်ကိုယ်ကျ ဆွဲယူ၍ ယန်ချုံးကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး စီးကရက် တစ်လိပ် ထုတ်ပေးရုံမျှ သာမက မီးခြစ်ကိုပါ ခြစ်၍ မီးညှိပေးခဲ့လေသည်။ ဤကဲ့သို့သော လောကဝတ် ပြုမှုကြောင့် ယန်ချုံးမှာ အနည်းငယ် အံ့အားသင့်သွားရပြီး အလေးအမြတ်ပြု ခံရသကဲ့သို့ ခံစားလိုက်ရသည်။
“ရှောင်ယန်… မင်းမှာ ဒီလောက် အရည်အချင်းရှိပြီး တောဝက်ကို တကယ် အမဲလိုက်နိုင်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး။ ပြီးတော့ ဒီလောက်တောင် အကြီးကြီးတွေကို...”
ဟိုလီခွေက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
ယန်ချုံးက စကား တစ်ခွန်းမျှ မဆိုရသေးမှီမှာပင် ဟိုလီခွေက အသံကို နှိမ့်ချကာ တိုးတိုးလေး မေးမြန်းလာပြန်သည်။
“ရှောင်ယန်… ငါ့ကို အမှန်အတိုင်း ပြောစမ်းပါဦး။ နောင်လည်း တောဝက်တွေ ထပ်ဖမ်းနိုင်ဦးမလား”
ယန်ချုံးက ခေတ္တမျှ စဉ်းစားဆင်ခြင် ပြီးနောက် ဆိုသည်။
“ဟိုဌာနခွဲမှူး...”
ဟိုလီခွေက ချက်ချင်းပင် ဖြတ်ပြောလေသည်။
“ဟိုဌာနခွဲမှူးလို့ မခေါ်ပါနဲ့ကွာ အစ်ကိုဟိုလို့ပဲ ခေါ်စမ်းပါ။ နောင်ကျရင် ငါတို့က ညီအစ်ကိုတွေပဲ ဥစ္စာ။ လူတွေ အရှေ့မှာသာ ဟိုဌာနခွဲမှူးလို့ ခေါ်ပြီး လူကွယ်ရာဆိုရင် အစ်ကိုဟိုလို့ ခေါ်ရင် ရပြီ”
ယန်ချုံးက ဆိုသည်။
“အစ်ကိုဟို… အမှန်အတိုင်း ပြောရရင်တော့ တောဝက်ကို အမဲလိုက်ရတာက ယုန်တွေ၊ တောကြက်တွေ ဖမ်းရသလိုမျိုး သေချာပေါက်ရတာတော့ မဟုတ်ဘူး။ အန္တရာယ်များတာကို ထားဦး။ တွေ့ဖို့ကိုတင် တော်တော်လေး ခက်တာ”
ဟိုလီခွေ၏ မျက်နှာထက်တွင် စိတ်ပျက်ရိပ် အနည်းငယ် ထင်ဟပ်လုနီးပါး ဖြစ်သွားစဉ်မှာပင် ယန်ချုံးက နောက်ထပ် စကားတစ်ခွန်းကို ထပ်မံဆိုလိုက် ပြန်သည်။
“ဒါပေမဲ့... တစ်လကို အများဆုံး နှစ်ကောင် ဒါမှမဟုတ် သုံးကောင်လောက်တော့ ရနိုင်ပါတယ်...”
ထိုစကားကြောင့် ဟိုလီခွေ၏ လက်ချောင်းများမှာ ဆတ်ခနဲ တုန်ရီသွားပြီး လက်ကြားမှ စီးကရက်သည် ကြမ်းပြင်ထက်သို့ လွတ်ကျသွားခဲ့ရတော့သည်။
“မင်းပြောတာ တကယ်လား... မင်း တစ်လကို တောဝက် နှစ်ကောင် ဒါမှမဟုတ် သုံးကောင်လောက် ဖမ်းနိုင်တယ်ပေါ့ ဟုတ်လား”
သူ၏ စိတ်လှုပ်ရှားလွန်းလှသော အသံမှာ သိသိသာသာပင် အက်ကွဲ ပြောင်းလဲသွားခဲ့သည်။
ယန်ချုံးက ခေါင်းကို အသာအယာ ညိတ်ပြလျက် ဆိုသည်။
“ကံကောင်းရင်တော့ နည်းနည်း ပိုရနိုင်တာပေါ့”
“ပိုတောင် ရနိုင်သေးတယ် ဟုတ်လား။ ဒါဆို... မင်း... သံမဏိစက်ရုံမှာ အလုပ်ဝင်လုပ်ချင်လား”
ဟိုလီခွေသည် ရင်ခုန်သံ မြန်ဆန်လွန်းသဖြင့် စကားလုံးများပင် ထစ်ငေါ့နေရှာသည်။
သူ့အနေဖြင့် မည်သို့မျှ စိတ်အေးနိုင်မည် မဟုတ်ပေ။ ယခုကဲ့သို့သော ခေတ်ကာလ အခြေအနေ၌ အရာရာ ခက်ခဲကျပ်တည်းနေပြီး လူတိုင်း ဗိုက်ဝအောင် စားသောက်နိုင်ရန်ပင် လွန်စွာ ရုန်းကန်နေရကြောင်း သူ ကောင်းစွာ သိရှိထားသည်။ သံမဏိစက်ရုံကဲ့သို့သော နိုင်ငံပိုင် စက်ရုံကြီးတွင်ပင် အလုပ်သမားများသည် ဇာမန့်မို ဂျုံကြမ်းမုန့် ကိုသာ အဓိက စားသုံးကြရပြီး ဘယ်နှလနေမှ ဝက်သား တစ်နပ် စားရမည်မှန်း မသိကြချေ။
သို့သော် ယခုအခါတွင် ယန်ချုံးက သူသည် တစ်လလျှင် အနည်းဆုံး တောဝက် နှစ်ကောင် သို့မဟုတ် သုံးကောင် ရရှိနိုင်သည်ဟု ဆိုနေသည်။ ကံကောင်းပါက ထိုထက်မက ပိုမို ရရှိနိုင်သေးသည် မဟုတ်ပါလား။
ဟိုလီခွေသည် လွန်စွာ စိတ်လှုပ်ရှားနေသဖြင့် ဘာပြောရမှန်း မသိတော့ဘဲ ထစ်ငေါ့နေသဖြင့် သူ၏ ရည်ရွယ်ချက်ကိုပင် ပြည့်စုံအောင် မပြောနိုင်တော့ပေ။ ယန်ချုံးက သူ့အား ဝေခွဲမရသော မျက်ဝန်းများဖြင့် ကြည့်ရှုရင်း ဆိုသည်။
“ဟိုဌာန... အစ်ကိုဟို ကျွန်တော် လာတာက အဲဒီ အလုပ်နေရာ ကိစ္စကို ပြောမလို့ပါ”
ထိုသို့ ပြောဆိုရင်း အိတ်ကပ်ထဲမှ ဘဏ္ဍာရေး ဌာနခွဲထံမှ ယခုနလေးတင် ထုတ်ယူလာသော ငွေရာဂဏန်းကို ထုတ်ယူကာ ထိုအထဲမှ ဆယ်ယွမ်တန် ငွေစက္ကူ အမည်းကြီး ၃၀ ကို သေချာစွာ ရေတွက်၍ ဟိုလီခွေ၏ ရှေ့မှောက်တွင် ချပေးလိုက်လေသည်။
“အစ်ကို… အရင်က ကျွန်တော်တို့ သဘောတူထားတဲ့ (အရှေ့မှာ ယွမ် ၅၀၀လို့ ရှေ့ထားတာ ဒီမှာ ၃၀၀ ဖြစ်သွားတယ်)၃၀၀ပါ။ အခု ကျွန်တော် ငွေပြည့်အောင် စုမိသွားပြီ”
ထိုအခါ ဟိုလီခွေက ဝမ်းပန်းတသာဖြင့် လက်ကို ခါယမ်းပြကာ ထိုငွေထုပ်ကို ပြန်လည် တွန်းပို့ပေးလိုက်ရင်း ပြောသည်။
“ညီလေး… အရင်က ပြောခဲ့တာတွေ အတည် မယူတော့ဘူးကွာ...”
ယန်ချုံးမှာ ဆွံ့အ မှင်သက်သွားရပြီး မျက်မှောင်ကျုံ့လျက် ဆတ်ခနဲ မတ်တတ်ထရပ်လိုက်ကာ ဆိုသည်။
“ဘာဖြစ်လို့လဲ ကျွန်တော်တို့ အသေအချာ သဘောတူထားကြတာလေ။ အစ်ကိုက အလုပ်နေရာကို နှစ်သစ်ကူးပြီးတဲ့အထိ ချန်ထားပေးမယ်ဆိုပြီး အခု နှစ်တောင် မကူးသေးဘူး တခြားလူကို ဘယ်လိုလုပ် ရောင်းလိုက်ရတာလဲ”
ထိုအချိန်ကျမှ ဟိုလီခွေသည် မိမိ၏ စကားလုံး အသုံးအနှုန်း မရှင်းလင်း၍ မှားယွင်းသွားကြောင်း သဘောပေါက်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းလျက် ယန်ချုံး၏ ပခုံးကို အလျင်အမြန် လှမ်းကိုင်လိုက်ရင်း ပြောလေသည်။
“ညီလေး… ငါပြောတာ အဆုံးထိ နားထောင်ပါဦးကွာ။ ငါ အဲဒီသဘောကို ပြောတာ မဟုတ်ပါဘူး။ ငါ အလုပ်နေရာကို တခြားလူကို လုံးဝ မရောင်းပါဘူး...”
ယန်ချုံးက သူ့အား သံသယစိတ်ဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
“ဒါဆို အစ်ကိုက ဘာကို ဆိုလိုတာလဲ”
ဟိုလီခွေက သူ့ကို ကုလားထိုင်ပေါ်တွင် ပြန်လည် ထိုင်ခိုင်းပြီးနောက် စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
“ညီလေး… ငါ့ ဆိုလိုရင်းက မင်းသာ သံမဏိစက်ရုံမှာ အလုပ်ဝင်လုပ်မယ်ဆိုရင် အဲဒီ သုံးရာကို ငါ လုံးဝ မယူတော့ဘူး။ အလုပ်နေရာကို မင်းကို တိုက်ရိုက် အလကား ပေးလိုက်မယ်လို့ ပြောတာ”
“ဒါ ဘယ်လိုလုပ် အားနာစရာကြီးလဲ အစ်ကိုရာ… ကျွန်တော် ဒီအတိုင်း အလကားတော့ အမြတ်မထုတ်ချင်ပါဘူး”
ယန်ချုံးက သက်ပြင်းချရင်း ပြောလိုက်သည်။
ဟိုလီခွေက ရှင်းပြလေသည်။
“ညီလေး… ဒါက မင်း အလကား အမြတ်ထုတ်တာ မဟုတ်ပါဘူးကွာ။ အစ်ကိုက မင်းကို အကူအညီ တစ်ခု တောင်းချင်လို့။ အမှန်အတိုင်း ပြောရရင် အခုလို ကုန်ပစ္စည်းတွေ ဒီလောက် ပြတ်လတ်နေတဲ့ အချိန်မှာ မင်းရဲ့ ဒီတောဝက်ကြီးတွေက ငါတို့ သံမဏိစက်ရုံအတွက် အလွန် အရေးကြီးတယ်။ ငါက မင်းကို သံမဏိစက်ရုံမှာ ဝယ်ယူရေးဝန်ထမ်း အဖြစ် အလုပ်ဝင်စေချင်တာ။ ထမင်းစားဆောင်အတွက် တောဝက်တွေကို သီးသန့် အမဲလိုက်ပေးဖို့ပေါ့။ မင်းပြောသလို တစ်လကို တောဝက် နှစ်ကောင်၊ သုံးကောင် သေချာပေါက် ရနိုင်မယ်ဆိုရင် စက်ရုံရဲ့ အခက်အခဲကြီးကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပြီး ငါလည်း စက်ရုံမှူးရှေ့မှာ မျက်နှာပွင့်တာပေါ့ကွာ။ ဒါဆိုရင် သုံးရာကို ဘာလုပ်ဖို့ လိုဦးမှာလဲ”
ဪ... အကြောင်းရင်းက ဤသို့ပါတကား။ ယန်ချုံးသည် ဟိုလီခွေ၏ ရည်ရွယ်ချက်ကို သဘောပေါက် နားလည်သွားသော်လည်း ချက်ချင်း လက်ခံခြင်း မပြုဘဲ ဝေခွဲမရ သကဲ့သို့ တုံ့ဆိုင်းစွာ ဆိုလိုက်သည်။
“အစ်ကို… အမှန်အတိုင်းပြောရရင် အစ်ကိုက ကျွန်တော့်ကို ဒီလို အခွင့်အရေးကောင်း ပေးတာကို ကျွန်တော် ငြင်းလိုက်ရင် လူကို မလေးစားရာ ကျရော့မယ်။ ဒါပေမဲ့...”
ထိုသို့ပြောရင်း ခေါင်းကို ကုတ်ကာ အခက်တွေ့နေသည့် ပုံစံမျိုး ပြုလုပ်လိုက်သည်။
ဟိုလီခွေသည် သူ၏ တွန့်ဆုတ်နေသော အမူအရာကို မြင်သောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အလျင်အမြန် မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ ညီလေးရဲ့… ဒီလောက် ကောင်းတဲ့ အလုပ်ကို တခြားလူတွေ တောင်းပန်တိုးလျှိုးလို့တောင် မရနိုင်တာကို မင်းက ဘာလို့ တွန့်ဆုတ်နေရတာလဲ။ အခုနတင် မင်းက ပိုက်ဆံပေးပြီး အလုပ်နေရာကို ဝယ်မယ်လို့ ပြောနေတာ မဟုတ်လား။ အခု ပိုက်ဆံ မယူတော့ဘူး ဆိုတာကို မင်းက ဘာလို့ မပျော်တာလဲ”
ယန်ချုံးက သက်ပြင်းချကာ ပြောလိုက်သည်။
“အစ်ကိုရာ… ပိုက်ဆံ မပေးရတဲ့ အလုပ်ကတော့ ဟုတ်တာပေါ့။ ကျွန်တော် မပျော်ဘဲ နေမလား။ ဒါပေမဲ့ ကျွန်တော့် အစီအစဉ်က ကျွန်တော့်ဇနီးကို စက်ရုံမှာ အလုပ်ဝင်စေချင်တာ။ ကျွန်တော်ကတော့ တောင်ပေါ်တက်ပြီး အမဲလိုက်နိုင်တယ်လေ။ ဒါဆိုရင် နှစ်ယောက်စလုံး လုပ်ငန်းတစ်ခုစီ ရှိပြီး ဝင်ငွေလည်း အသီးသီး ရှိသွားတာပေါ့ မဟုတ်ဘူးလား”
“ဒီလိုကိုး...”
ဤသို့ ကြားလိုက်ရသောအခါ ဟိုလီခွေ ခေတ္တမျှ အကျပ်ရိုက်သွားရသည်။ ယန်ချုံး ပြောသည်မှာလည်း အကျိုးအကြောင်း ခိုင်လုံလှပေသည်။ လင်မယား နှစ်ဦးစလုံး ငွေရှာနိုင်မည့် အခွင့်အလမ်း ရှိပါက ဇနီးဖြစ်သူ၏ အလုပ်ကိစ္စကို ဦးစွာ ဖြေရှင်းပေးချင်မည်မှာ လူ့သဘာဝပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူသည် အမဲလိုက်ရုံမျှဖြင့် ကောင်းမွန်သော ဝင်ငွေတစ်ခု ရရှိနိုင်သောကြောင့် ဇနီးဖြစ်သူ၏ အလုပ်ကို အရင် ဖြေရှင်းနိုင်လျှင် အားလုံး ပြည့်စုံသွားမည် ဖြစ်သည်။ သို့သော် ဤသို့ဆိုလျှင် မိမိဘက်ကမူ အကျိုးအမြတ် မရှိဘဲ အလကား အလုပ်ရှုပ်ရုံသာ ရှိတော့မည် မဟုတ်ပါလား။
“ညီလေး… မင်း အရင် စက်ရုံထဲ ဝင်လိုက်ပါလားကွာ။ အစ်ကို ဒီဘက်ကနေ ကူညီ ကြည့်ပေးထားမယ်။ နောက်ထပ် အလုပ်နေရာ ရလာရင် မင်းဇနီး ညီမလေးကို ပေးမယ်။ ဘယ်လိုလဲ”
ဟိုလီခွေက စမ်းသပ်ကြည့်သည့် အနေဖြင့် ပြောလိုက်သည်။
ယန်ချုံးက ခေါင်းခါပြကာ ဆိုသည်။
“အစ်ကို… ကျွန်တော့်ဘက်ကတော့ တကယ် မလောပါဘူး။ အဓိကက ကျွန်တော့်ဇနီးရဲ့ အလုပ်က ပိုခက်ခဲနေလို့ပါ”
ဟိုလီခွေမှာ စဉ်းစား မရသဖြင့် ခေါင်းကိုသာ ကုတ်မိတော့သည်။ ဤကိစ္စမှာ တကယ်ပင် ကိုင်တွယ်ရ ခက်ခဲလှပေသည်။ သူ၏ လက်ဝယ်တွင် လက်ရှိ၌ ဤအလုပ်နေရာ တစ်ခုတည်းသာ ရှိသည်။ အကယ်၍သာ အလုပ်နေရာ နှစ်ခု ရှိပါက ယန်ချုံးကို ဆွဲထားနိုင်ရန်အတွက် သူနှင့် သူ၏ ဇနီးကို အားလုံး ပေးအပ်ပစ်ရန် ဝန်လေးမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယန်ချုံးကို မိမိဘက်ပါအောင် ဆွဲထားနိုင်လျှင် သူ ဌာနခွဲမှူးချုပ် ရာထူးတက်ရန် မျှော်လင့်ချက်မှာ အဆမတန် မြင့်မားလာမည် ဖြစ်သောကြောင့် ဖြစ်၏။
သို့သော် အလုပ်နေရာက ထိုမျှလောက် မပေါများလှသည်မှာ အခက်။ ဘယ်လိုလုပ်ရပါ့မလဲ။ ဤမျှ ကောင်းမွန်လှသော အခွင့်အရေးကို မျက်စိရှေ့မှောက်တွင် အလကား လွတ်ထွက်သွားအောင် ကြည့်နေရတော့မည်လား။
ဟိုလီခွေ၏ စိတ်ထဲတွင် ရုတ်တရက် ရဲရင့်သော အတွေးတစ်ခု ပေါ်လာပြီး ဆိုလိုက်သည်။
“ညီလေး… မင်း ဒီမှာ ထိုင်ပြီး ရေနွေးကြမ်း သောက်ရင်း ခဏစောင့်ဦးကွာ။ ငါ သွားပြီး နည်းလမ်း တစ်ခုခု စဉ်းစားကြည့်လိုက်ဦးမယ်”