← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အခန်း (၃၄) - ဤလူရည်ချွန်ကို မဖြစ်မနေ ဖမ်းဆုပ်ထားရမည်

ဟိုလီခွေ တစ်ယောက် စကားဆုံးသည်နှင့် တစ်ပြိုင်နက် မိမိရုံးခန်း အတွင်းမှ ကမန်းကတန်း ထွက်ခွာလာခဲ့ပြီး တတိယထပ်သို့ တန်းတန်းမတ်မတ် တက်လာခဲ့လေသည်။

တတိယထပ်၏ အစွန်ဆုံး ရုံးခန်းဆီမှ လျှပ်စစ်မီးရောင် မှိန်ပျပျ လင်းလက်နေဆဲ ဖြစ်သည်ကို လှမ်းမြင်လိုက်ရသောအခါ သူ၏ ရင်တွင်း၌ သက်ပြင်းချ နိုင်သွားသော်ငြား အခြားတစ်ဖက်တွင်မူ ပို၍ပင် ရင်ခုန်လှုပ်ရှားလာခဲ့ရသည်။

“စက်ရုံမှူး ရုံးခန်း” ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲထားသည့် တံခါးဝအရှေ့သို့ ဆိုက်ရောက်သောအခါ သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်လေသည်။

“ဒေါက်... ဒေါက်...”

မကြာမီမှာပင် အခန်းတွင်းမှ တည်ငြိမ်ခန့်ညားသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဝင်ခဲ့ပါ”

ဟိုလီခွေသည် တံခါးရွက်ကို ဖြည်းညင်းသာယာစွာ တွန်းဖွင့်လိုက်သည်။ စက်ရုံမှူးယန်မှာ ရုံးစားပွဲကြီး၏ နောက်ကွယ်တွင် ထိုင်နေလျက် ရှေ့မှောက်ရှိ ထုတ်လုပ်မှု မှတ်တမ်း စာရွက်စာတမ်းများကို စိုက်ကြည့်ကာ မျက်မှောင်ကျုံ့လျက် အလိုမကျ ဖြစ်နေဟန် ရှိသည်။

မကြာသေးမီ ကာလများအတွင်း ထုတ်လုပ်မှု ပမာဏသည် တစ်နေ့တခြား ထိုးဆင်းလာခဲ့ပြီး အလုပ်သမားများ၏ လုပ်ငန်းခွင် စိတ်အားထက်သန်မှုမှာလည်း သိသိသာသာ လျော့ကျလာခဲ့သည်။ ဤသို့ ဖြစ်ရခြင်း၏ အဓိက တရားခံမှာ အခြားမဟုတ် ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကို ခံစားနေကြရခြင်း ကြောင့်ပင် ဖြစ်ပေသည်။ ယခုကာလတွင် တစ်နိုင်ငံလုံးအနှံ့ ကုန်ပစ္စည်း ရှားပါးပြတ်လပ်မှု ကပ်ဘေးနှင့် ရင်ဆိုင်နေရပြီး မည်သူတစ်ဦး တစ်ယောက်မျှ ဝဝလင်လင် မစားသောက်ကြရချေ။ သံမဏိစက်ရုံ ကဲ့သို့သော နိုင်ငံပိုင် စက်ရုံကြီးမျိုးပင်လျှင် အလုပ်သမား တစ်ဦးအတွက် တစ်နပ်ကို ပြောင်းဖူးဂျုံကြမ်း ရောနှောထားသော ဂျုံနှစ်လျန်ကိုသာ အခြေခံ စားနပ်ရိက္ခာအဖြစ် ထောက်ပံ့ပေးနိုင်စွမ်း ရှိရာ လူများ ငတ်မသေရုံ တမယ်သာ ထောက်ပံ့ပေးနိုင်တော့သည်။ သို့ဖြစ်ရာ အသားစားရဖို့ ဆိုသည်မှာ အိပ်မက်ထဲတွင်ပင် မက်ဝံ့စရာ မရှိလှပေ။ လူတိုင်းလူတိုင်းမှာ နေ့စဉ်နှင့်အမျှ ခါးပတ်ကို တင်းတင်းကျပ်ကျပ် စည်းနှောင်ထားကြရရာ အလုပ်လုပ်ရန်အတွက် ခွန်အားဗလ မည်သို့လျှင် ရှိနိုင်ပါတော့မည်နည်း။

စက်ရုံမှူးယန်သည် ဤအခြေအနေ အရပ်ရပ်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် စိတ်နှလုံးတွင်း၌ လေးလံပူဆွေး နေခဲ့ရသည်။ ထို့ကြောင့် ထောက်ပံ့ရေးနှင့် ဝယ်ယူရေး ဌာနကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံ ရှာဖွေကြရန် အပြင်းအထန် တိုက်တွန်းခဲ့ရသည်။ ဝယ်ယူရေး ဝန်ထမ်းများကို နေ့စဉ်ရက်ဆက် နယ်ဆင်း၍ ပစ္စည်းများ ဝယ်ယူရန် စေလွှတ်ခဲ့သော်ငြား ရလဒ်ကား မပြောပလောက်အောင်ပင် နည်းပါးလှသည်။ မည်သို့ပင် ဆိုစေကာမူ မြို့ကြီး ပြကြီးများတွင်ပင် ဝဝလင်လင် မစားကြရလျှင် တောနယ်များဘက်၌ ငတ်မွတ်မှုဒဏ်က ပို၍ပင် ဆိုးရွားနေမည် ဖြစ်ပြီး ငတ်မွတ်သေဆုံးရသည့် ဖြစ်စဉ်များက နေ့စဉ်နှင့်အမျှ ရှိနေတတ်သည် မဟုတ်ပါလော။

ဤပူပင်သောကများ ကြောင့်ပင် စက်ရုံမှူးယန်၏ ဆံပင်တို့မှာ ဖြူလုမတတ် ဖြစ်လာခဲ့ရလေပြီ။ လူဝင်လာသံကို ကြားလိုက်ရသဖြင့် စက်ရုံမှူးယန်က ခေါင်းမော့ကြည့်လိုက်သည်။

“ရှောင်ဟို… ကိစ္စရှိလို့လား”

ဟိုလီခွေသည် မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် စားပွဲရှေ့သို့ တိုးကပ်သွားကာ ဆိုလိုက်သည်။

“စက်ရုံမှူး... မနက်ဖြန်တော့ အားလုံး အသား စားရတော့မယ်။ ကျွန်တော် အခုလေးတင် ဝက် ဝဝကြီး နှစ်ကောင် ဝယ်လာခဲ့တယ်”

စက်ရုံမှူးယန်မှာ အံ့သြမှင်သက် သွားပြီးနောက် ဟိုလီခွေကို မျက်လုံးပြူးကာ ကြည့်လိုက်မိသည်။

“မင်း... ဘာပြောလိုက်တယ်”

ဟိုလီခွေက မိမိ၏ လှိုင်းထနေသော စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ရင်း ထပ်မံအတည်ပြု လိုက်သည်။

“စက်ရုံမှူးယန်… ကျွန်တော် ဝက် ဝဝကြီး နှစ်ကောင် ဝယ်လာခဲ့တယ်လို့ ပြောတာပါ။ အလေးချိန်က ကျင်း ငါးရာကျော်လောက်တောင် ရှိတယ်”

“တကယ်လား…”

စက်ရုံမှူးယန်မှာ နေရာမှ ဝုန်းကနဲ မတ်တတ်ရပ်လိုက်မိပြီး စိတ်လှုပ်ရှားမှုနှင့် သံသယတို့ ရောယှက်နေသော လေသံဖြင့် ဆက်မေးလိုက်သည်။

“တကယ်လား… မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်”

ဟိုလီခွေ၏ ရင်အစုံမှာလည်း အတိုင်းမသိ ခုန်လှုပ်နေခဲ့သည်။

“တကယ်ပါ။ ရာနှုန်းပြည့် သေချာပါတယ်။ စက်ရုံမှူး မယုံရင် စားသောက်ဆောင်ကို ဖုန်းဆက် မေးကြည့်လိုက်ပါ။ ဝမ်ဟိုင်ပေါ်တို့ ရှိနေသေးတယ်။ အခုချိန် ဝက်တောင် သတ်နေလောက်ပြီ။ အခုလေးတင်ပဲ ချိန်ခွင် ချိန်ပြီးသွားတာ”

စက်ရုံမှူးယန်က ဖုန်းခွက်ကို လှမ်းကိုင်ရန် ပြင်လိုက်သည်။ သို့သော် သူ၏ လက်နှင့် ဖုန်းခွက် မထိရသေးမှီမှာပင် ဖုန်းသံက ရုတ်တရက် မြည်ဟည်းလာခဲ့သည်။

“ဟယ်လို”

တယ်လီဖုန်း၏ အခြားတစ်ဖက်စွန်းဆီမှ ဝမ်ဟိုင်ပေါ်၏ စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေသော အသံ ထွက်ပေါ်လာလေသည်။

“စက်ရုံမှူးယန်… ကျွန်တော် စားသောက်ဆောင် တာဝန်ခံ ဝမ်ဟိုင်ပေါ်ပါ။ ဝယ်ယူရေး ဌာနက အခုလေးတင် ဝယ်လာတဲ့ ဝက် ဝဝကြီး နှစ်ကောင်ကို ဘယ်လိုလုပ်ရမလဲဆိုတာ လှမ်းမေးချင်လို့ပါ။ အကုန်လုံးကို သတ်ရမလား ဒါမှ မဟုတ် တစ်ကောင်ကို အရင်သတ်ရမလား”

စက်ရုံမှူးယန်၏ မျက်ဝန်းအစုံမှာ ချက်ချင်းဆိုသလို အရောင်တလက်လက် တောက်ကြွသွားခဲ့သည်။

“ဝက် ဝဝကြီး နှစ်ကောင်… သိပ်ကောင်းတာပေါ့... သိပ်ကောင်းတယ်။ သတ်လိုက်… အကုန်လုံးကို သတ်လိုက်။ မနက်ဖြန် ဝက်သားနဲ့ ခေါက်ဆွဲဖတ် ဟင်းရည်ကျိုပြီး အားလုံးကို အသားစားခွင့် ပေးလိုက်မယ်။ ဒါနဲ့ အသားက ဘယ်လောက်လောက် ထွက်မလဲ”

ဝမ်ဟိုင်ပေါ်က ဝမ်းသာလုံး ဆို့နေသော လေသံဖြင့် ပြန်ဖြေလေသည်။

“ဒီဝက် ဝဝကြီး နှစ်ကောင် ချိန်ခွင် ချိန်ကြည့်တော့ ၅၆၃ ကျင်း ရှိတယ်။ အနည်းဆုံး အသား ၄၀၀ ကျင်းလောက်တော့ ထွက်မှာပါ။ အဲဒါအပြင် ဝက်ခေါင်း၊ ကလီစာတွေလည်း ရှိသေးတော့ အားလုံး အသားကို အားရပါးရ စားရတော့မှာပါပဲ”

စက်ရုံမှူးယန်က ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ရင်း ပြောလေသည်။

“ကောင်းတယ် သိပ်ကောင်းတယ်။ ဒီလိုလုပ်... အခု ရာသီဥတုက အေးနေတော့ အသားက ချက်ချင်းကြီး ပုပ်သိုး မသွားနိုင်ပါဘူး။ နှစ်နပ်ခွဲပြီး ချက်လိုက်။ ဒီနှစ်ရက်အတွင်း လူတွေကို အသားကို အားရပါးရ စားခိုင်းလိုက်မယ်”

“ဟုတ်ကဲ့ပါ စက်ရုံမှူးယန်… အခုပဲ စက်ရုံမှူး ပြောတဲ့အတိုင်း စီစဉ်လိုက်ပါ့မယ်”

ဖုန်းချလိုက်ပြီးနောက် စက်ရုံမှူးယန်သည် အရှေ့တွင် ရပ်နေသော ဟိုလီခွေကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်သည်။

“ရှောင်ဟို မြန်မြန်ပြောစမ်း... ဒီဝက် ဝဝကြီး နှစ်ကောင်ကို မင်း ဘယ်က ရလာတာလဲ။ ဘယ်လမ်းကြောင်းကလဲ”

ဟိုလီခွေသည် အခြေအနေကို ပိုင်နိုင်စွာဖြင့် နှိမ့်ချဟန်ဆောင် လိုက်ရင်း ဆိုလေသည်။

“စက်ရုံမှူးယန်ရယ်... တကယ်တော့ ကျွန်တော် ကံကောင်းသွားလို့ပါ”

ထို့နောက်တွင်မူ ယန်ချုံးနှင့် သူ မည်သို့မည်ပုံ ရင်းနှီးကျွမ်းဝင်ခဲ့ရကြောင်းနှင့် ယန်ချုံးက ဝက် ဝဝကြီး နှစ်ကောင်ကို သူ၏ ရှေ့မှောက်သို့ မည်သို့ ဆောင်ကြဉ်းပေးခဲ့ကြောင်း အစရှိသည့် ဖြစ်စဉ်အရပ်ရပ်ကို အစီအရီ ရှင်းလင်းတင်ပြ လိုက်လေသည်။

စက်ရုံမှူးယန်မှာ ကြားနာရလေလေ မျက်ဝန်းအစုံ တောက်ပလာလေလေပင် ဖြစ်သည်။ အထူးသဖြင့် ဇာတ်သိမ်းပိုင်းတွင် ယန်ချုံးက တစ်လလျှင် တောဝက် အနည်းဆုံး နှစ်ကောင်မှ သုံးကောင်အထိ ရအောင် ပစ်ခတ်နိုင်စွမ်း ရှိသည်ဟူသော စကားကို ကြားလိုက်ရသောအခါ သူ၏ စိတ်အစဉ်မှာ ပို၍ပင် အလျင်စလို ဖြစ်သွားရကာ ဆက်လက် မေးခွန်းထုတ်လိုက်လေသည်။

“သူ တကယ်ပဲ အဲဒီလို ပြောတာလား။ တစ်လကို တောဝက် နှစ်ကောင်၊ သုံးကောင် အာမခံနိုင်တယ်တဲ့လား”

ဟိုလီခွေက ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်ရင်း ပြောသည်။

“သူ တကယ်ပဲ အဲဒီလို ပြောခဲ့တာပါ။ ပြီးတော့ သူ လေလုံးထွားနေတာ မဟုတ်ဘူးလို့လည်း ကျွန်တော် ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ သူက တကယ်ကို အဲဒီလို စွမ်းရည်ရှိတဲ့ ပုံပေါက်နေလို့ပါ”

စက်ရုံမှူးယန်က ထောက်ခံသည့် သဘောဖြင့် ခေါင်းညိတ်လိုက်ရင်း ဆိုလေသည်။

“မှန်တယ်။ ကျင်း ရာချီရှိတဲ့ တောဝက်ကို သာမန်လူတွေ ပစ်နိုင်တာမှ မဟုတ်တာ။ အကောင် နှစ်ကောင်ကိုတောင် ပစ်နိုင်တယ် ဆိုတော့ တစ်လကို အကောင် အနည်းငယ် ပစ်ဖို့ဆိုတာ သိပ်အခက်အခဲကြီး မဟုတ်တော့ဘူး။ ဒီလိုလူမျိုးက တကယ့် လူရည်ချွန်ပဲကွ”

ဟိုလီခွေသည် ဤစကားကိုပင် စောင့်မျှော်နေခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် အမြန်ပြောသည်။

“ဟုတ်ပါတယ် စက်ရုံမှူးယန်... ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်။ ဒီ ယန်ချုံးက တစ်လကို တောဝက် အကောင် အနည်းငယ် ပစ်နိုင်စွမ်း ရှိတယ်။ သူ့ကိုသာ ကျွန်တော်တို့ သံမဏိစက်ရုံထဲ အလုပ်သွင်းလိုက်ရင် ကျွန်တော်တို့ သံမဏိစက်ရုံ အနေနဲ့ လစဉ် အနည်းဆုံး ဝက် ဝဝကြီး နှစ်ကောင်၊ သုံးကောင် သေချာပေါက် ရပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား”

စက်ရုံမှူးယန်မှာ တခဏမျှ ကြောင်အ သွားပြီးနောက် သဘောပေါက်သွားဟန်ဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်လေသည်။

“မှန်တယ်။ မင်းရဲ့ အကြံအစည် မဆိုးဘူး။ ဒါနဲ့... မင်း သူ့ဆန္ဒကို မေးကြည့်ပြီးပြီလား။ သူက ငါတို့ သံမဏိစက်ရုံမှာ အလုပ်ဝင်ချင်ပါ့မလား။ အကယ်၍ ဝင်ချင်တယ်ဆိုရင် သူ့ကို ဝယ်ယူရေး ဝန်ထမ်းအဖြစ် ခန့်လိုက်မယ်။ စားသောက်ဆောင်အတွက် ဝက်သားရှာပေးဖို့ သီးသန့် တာဝန်ယူရမယ်။ အဲဒီအခါကျရင် သူရလာတဲ့ တောဝက်နဲ့ တခြား သားကောင်တွေ အကုန်လုံးကို ငါတို့ စားသောက်ဆောင်က အကုန် ဝယ်ယူမဲ့အပြင် သူက ဝယ်ယူရေး ဝန်ထမ်း လစာ တစ်ထပ်ကိုပါ အပိုရဦးမှာလေ”

ဟိုလီခွေက ရှင်းပြလိုက်သည်။

“စက်ရုံမှူးယန်… ပွင့်ပွင့်လင်းလင်း ပြောရရင်လေ စောစောက စက်ရုံမှူးဆီ မလာခင်က ကျွန်တော်လည်း သူ့ကို အဲဒီအတိုင်းပဲ ကမ်းလှမ်းခဲ့တာပါ”

“ဒါဆို သူက ဘယ်လိုပြောလဲ”

စက်ရုံမှူးယန်က သိချင်ဇောဖြင့် ကမန်းကတန်း ဆက်မေးလိုက်သည်။ ဟိုလီခွေသည် သက်ပြင်း တစ်ချက်ကို ခပ်လေးလေး ချလိုက်ရင်း ဆက်ပြောသည်။

“သူရဲ့ဆန္ဒကလေ... စက်ရုံမှူးယန် ကျွန်တော်က ဒီကိစ္စကို ဆုံးဖြတ်ပိုင်ခွင့် မရှိလို့ စက်ရုံမှူးကို လာတင်ပြရတာပါ”

“ပြောလေ...”

စက်ရုံမှူးယန်က အလျင်စလို တိုက်တွန်းလိုက်သည်။ ဟိုလီခွေသည် ယန်ချုံး ပြောဆိုခဲ့သော စကားလုံးများကို တစ်လုံးမကျန် ပြန်လည် ပြောပြလိုက်ပြီးနောက် ဆက်လက်၍လည်း ဆိုသည်။

“စက်ရုံမှူးယန်… သူက တကယ့် လူရည်ချွန်လို့ ကျွန်တော် တကယ် ခံစားရတယ်။ ပြီးတော့ ကျွန်တော်တို့ သံမဏိစက်ရုံ အတွက်ကလည်း ဒါက တကယ့်ကို အခွင့်အရေး တစ်ခုပဲ။ သူသာရှိရင် ကျွန်တော်တို့အားလုံး လစဉ်လတိုင်း အသားကို နောက်ထပ် အကြိမ် အနည်းငယ်လောက် ပိုစားရတော့မှာ။ အဲဒီအခါကျရင် အလုပ်သမားတွေရဲ့ အလုပ်လုပ်ချင်စိတ်က သေချာပေါက် အများကြီး တက်လာမှာပဲ။ ကျွန်တော်တို့စက်ရုံရဲ့ ထုတ်လုပ်မှုကလည်း သေချာပေါက် တက်လာမှာ။ နှမြောစရာ ကောင်းတာက...”

စက်ရုံမှူးယန်သည် အနည်းငယ် မျက်မှောင်ကျုံ့သွားခဲ့သည်။

“မင်းပြောတာ မှန်တယ်။ ငါတို့ ဒီလူရည်ချွန်ကို လက်လွတ်ခံလို့ မဖြစ်ဘူး။ ဒီအခွင့်အရေးကိုလည်း လက်လွတ်ခံလို့ မရဘူး။ သူက နှစ်ယောက်စလုံး ဝင်ငွေရှိချင်ပြီး သူ့မိန်းမ အလုပ်အကိုင်ရဖို့ကို အရင် အာမခံချက် လိုချင်တာ မဟုတ်လား။ ဒါဆိုလည်း သူတို့လင်မယား နှစ်ယောက်စလုံးရဲ့ အလုပ်ကိစ္စကို ငါတို့ တစ်ခါတည်း ဖြေရှင်းပေးလိုက်တာပေါ့။ သူက ငါတို့ ဝယ်ယူရေး ဌာနမှာ အလုပ်ဆင်းဖို့ ဆန္ဒရှိတယ်ဆိုရင် အမျိုးသမီး အလုပ်သမား နောက်တစ်ယောက်လောက် ထပ်ခေါ်လိုက်တော့ရော ဘာဖြစ်လဲ”

ဟိုလီခွေ အလိုရှိနေသည်မှာလည်း စက်ရုံမှူး၏ ဤစကားတစ်ခွန်းတည်းပင် ဖြစ်လေသည်။

“စက်ရုံမှူးယန်… ကျွန်တော်လည်း အဲဒီ သဘောပါပဲ။ ဒါပေမဲ့ ကျွန်တော့် လက်ထဲမှာက အလုပ်သမား ခေါ်ယူခွင့်က တစ်နေရာစာပဲရှိလို့ စက်ရုံမှူးဆီ လာခဲ့တာပါ။ စက်ရုံမှူးရဲ့ ဒီစကားကို ကြားရတော့ ကျွန်တော် စိတ်ချရပြီ။ ဒါဆိုလည်း ကျွန်တော် အခုပဲ သွားပြီး သူ့ကို ပြောလိုက်ပါ့မယ်။ ဒီတစ်ခါတော့ သူ သေချာပေါက် ကျေနပ်သွားမှာပါ”

ဟိုလီခွေ တစ်ယောက် ပြောပြောဆိုဆိုနှင့်ပင် အလျင်အမြန် ပြန်ထွက်ရန် ပြင်လိုက်စဉ် စက်ရုံမှူးယန်က ကမန်းကတန်း လှမ်းခေါ်လိုက်ကာ ထပ်မံ မှာကြားလိုက်လေသည်။

“မလောပါနဲ့ဦး ရှောင်ဟို။ နောက်ပြီးတော့ ဒီ ယန်ချုံးရဲ့ အလုပ်က ဝယ်ယူရေး ဌာနမှာ သတ်မှတ်လိုက်ပြီထား သူ့မိန်းမအတွက်ကျတော့ မင်း အမြင် ဘယ်ရာထူးက ပိုသင့်တော်မယ်ထင်လဲ”

ဟိုလီခွေက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“စက်ရုံမှူးယန်ရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ”

စက်ရုံမှူးယန်သည် တခဏမျှ စဉ်းစားချင့်ချိန် လိုက်ပြီးနောက် ပြောသည်။

“ယန်ချုံးက လူရည်ချွန်ပဲ။ သူ့မိသားစုဝင်ကိုလည်း ငါတို့ ကောင်းကောင်း စီစဉ်ပေးရမယ်။ ဒီလိုလုပ်... သူ့ကို စာရင်းအင်းဌာနမှာ အရင်ဆုံး နှစ်ရက်လောက် ထားကြည့်လိုက်။ သူ အဆင်ပြေ မပြေ ကြည့်တာပေါ့။ အဆင်မပြေဘူးဆိုရင် တခြား သင့်တော်မဲ့ နေရာကို စဉ်းစားကြတာပေါ့”

“စက်ရုံမှူးက အစစအရာရာ တွေးခေါ်နိုင်တာပဲ။ ဒါဆို ကျွန်တော် အခုပဲ ပြန်ပြီး သူ့ကို သွားပြောလိုက်ပါ့မယ်”

ဟိုလီခွေမှာ မိမိ၏ ရည်ရွယ်ချက် အထမြောက်သွားပြီ ဖြစ်သဖြင့် ဝမ်းသာအားရနှင့်ပင် စက်ရုံမှူးယန်၏ ရုံးခန်းအတွင်းမှ ထွက်ခွာလာခဲ့လေသည်။ သို့သော် အောက်ထပ်သို့ ဆင်းရန် ခြေလှမ်း ပြင်လိုက်စဉ်မှာပင် ဘေးဘက်ရှိ ရုံးခန်း တစ်ခန်း၏ တံခါးရွက်မှာ ပွင့်ဟလာပြီး စက်ရုံ ဒုတိယညွှန်ကြားရေးမှူးလီ တစ်ယောက် အခန်းတွင်းမှ ထွက်လာခဲ့သည်။ ဟိုလီခွေ တစ်ယောက် စက်ရုံမှူးယန်၏ ရုံးခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါ စက်ရုံ ဒုတိယညွှန်ကြားမှူးလီက သံသယ ပြည့်နှက်နေသော အကြည့်တို့ဖြင့် မေးသည်။

“ဟိုလီခွေ... ဘယ်လိုဖြစ်လို့ ဒီလောက် နောက်ကျတဲ့အထိ မပြန်သေးတာလဲ။ စက်ရုံမှူးယန်ဆီမှာ ကိစ္စရှိလို့လား”

All Chapters