အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) - ကျွန်မ နောက်ဆို အစ်ကို့နောက်ပဲ လိုက်တော့မယ်
စက်ရုံ ဒုတိယညွှန်ကြားရေးမှူး လီအား ရုတ်တရက် ဆုံတွေ့လိုက်ရသောအခါ ဟိုလီခွေ၏ ရင်အစုံမှာ ထိတ်ခနဲ ဖြစ်သွားရလေသည်။ အကြောင်းမူကား ဒုတိယညွှန်ကြားရေးမှူး လီ၏ ဇနီးဘက်မှ မောင်တော်စပ်သူ ကျိုးချီမှာ ထောက်ပံ့ရေး ဌာန၏ ဒုတိယဌာနခွဲမှူး ဖြစ်နေရုံ သာမက ဌာနခွဲမှူးအဟောင်း အနားယူမည့် အချိန်တွင် ကျိုးချီသည် သူ၏ အဓိက ပြိုင်ဘက်ကြီး ဖြစ်လာမည့် သူမို့ပင်တည်း။
သို့ဖြစ်ရာ ဟိုလီခွေသည် အဖြစ်မှန်ကို ဖုံးကွယ်ကာ ဟန်လုပ် ပြုံးရယ်ရင်း ဆိုလိုက်သည်။
“ဪ... ဘာမှ မဟုတ်ပါဘူး။ ဒီလအတွက် ပစ္စည်းထောက်ပံ့ရေး အစီအစဉ်ကို စက်ရုံ ညွှန်ကြားရေးမှူး ယန်ဆီ လက်မှတ် လာထိုးခိုင်းတာပါ။ သူက အခုလောလောဆယ် မအားသေးဘူးဆိုလို့ ဒီမှာပဲ ထားခဲ့လိုက်တာ။ ဒါနဲ့ ဒုတိယညွှန်ကြားရေးမှူး လီ… အခုထိ အိမ်မပြန်ဘဲ ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ”
ဒုတိယညွှန်ကြားရေးမှူး လီကလည်း တစ်စုံတစ်ရာ သံသယ မဝင်ဘဲ ခေါင်းညိတ်ပြကာ တုံ့ပြန်လေသည်။
“ဪ... ဒါဆိုလည်း ပြန်တော့မယ်ကွာ”
ဟိုလီခွေလည်း စကားကို ရှည်ရှည်ဝေးဝေး ဆက်မပြောဝံ့တော့ဘဲ အမြန်နှုတ်ဆက်ကာ အောက်ထပ်ရှိ မိမိ ရုံးခန်းဆီသို့ ကမန်းကတန်း ပြန်ဆင်းလာခဲ့တော့သည်။
အချိန်အတော်အတန်ကြာ စောင့်ဆိုင်းနေခဲ့ရသော ယန်ချုံးသည် ဟိုလီခွေ၏ မျက်နှာအမူအရာကို မြင်လိုက်သည်နှင့် မိမိကိစ္စ အဆင်ပြေ ချောမွေ့သွားပြီ ဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။ သို့တိုင်အောင် စိုးရိမ်ပူပန်နေသည့် ဟန်ပန်ဖြင့် မေးလိုက်သေးသည်။
“အစ်ကိုဟို... အဆင်ပြေရဲ့လားဟင်။ အဆင်မပြေရင်လည်း ထားလိုက်ပါ၊ အတင်းကြီး မလုပ်ပါနဲ့”
ဟိုလီခွေ့က ကျေနပ် ဂုဏ်ယူစွာဖြင့် ပြောလေသည်။
“အဆင်ပြေရဲ့လား ဟုတ်လား။ ‘လား’ ဆိုတဲ့ စကားလုံးကို ဖယ်ပြီးသာ ပြောစမ်းပါ။ မင်းကို ပြောလိုက်မယ် ဒီကိစ္စ အောင်မြင်သွားပြီကွ။ စက်ရုံမှူး ယန်က သဘောတူလိုက်ပြီ။ မင်းကို အဝယ်တော် ဌာနမှာ အလုပ်ပေးရုံတင် မကဘူး။ မင်း မိန်းမကိုပါ စက်ရုံထဲ သွင်းပေးဖို့ သဘောတူလိုက်တယ်။ အဲဒါတောင် စာရင်းအင်းဌာနမှာနော်။ နောက်ဆို မင်းတို့လင်မယား နှစ်ယောက်စလုံး အရာရှိ ခံစားခွင့်တွေ ရတော့မှာ။ ဘယ်လိုလဲ... အစ်ကို စီစဉ်ပေးတာ မဆိုးဘူးမလား”
“အဆင်ပြေပါတယ်။ ပြေရုံတင်မကဘူး... အရမ်းကို အဆင်ပြေလွန်းပါတယ်”
ယန်ချုံးသည် ကိစ္စ အဆင်ပြေသွားမည်ဟု ခန့်မှန်းထားပြီးပြီ ဖြစ်သော်ငြား ဇနီးဖြစ်သူ ယွီရှို့အတွက်ပါ ရုံးခန်းအလုပ် တစ်ခု ရရှိလိမ့်မည် ဟုကား မျှော်လင့် မထားခဲ့ပေ။ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရန် မလိုဘဲ ခံစားခွင့်များလည်း ကောင်းမွန်လှသဖြင့် ယန်ချုံး၏ မျှော်မှန်းချက်ထက် များစွာ သာလွန်သွားခဲ့လေသည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် ဟိုလီခွေ၏ လက်ကို ဆုပ်ကိုင်လျက် ကျေးဇူးတင် စကားဆိုသည်။
“အစ်ကိုရာ... ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံးရဲ့ အလုပ်ကို ဒီလောက် အဆင်ပြေအောင် စီစဉ်ပေးတာ။ နောက်ဆို အစ်ကိုက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ပါပဲ”
ဟိုလီခွေက ဝင့်ကြွားသောဟန်ဖြင့် ဆိုလေသည်။
“ညီလေးရာ... ဒါက အစပဲ ရှိသေးတာပါ။ နောက်ဆို မင်း သံမဏိစက်ရုံထဲ ရောက်ရင် သေသေချာချာသာလုပ်… ငါတို့အတွက် တောဝက်သား ကောင်းကောင်းလေးတွေသာ ရှာပေး။ နောက်ဆို မင်းအတွက် ကောင်းစားမဲ့ နေ့တွေ လာဦးမှာပါ”
ယန်ချုံးသည် စောစောက ပြင်ဆင်ထားသော ယွမ် ၃၀၀ ကို ကမ်းပေးလိုက်ရင်း ဆိုသည်။
“အစ်ကို... ဒါက အလုပ်နေရာအတွက် ပိုက်ဆံပါ”
ဟိုလီခွေက ခေါင်းကို တရစပ် ခါယမ်းကာ ငွေများကို အတင်း ပြန်တွန်းထုတ်ရင်း ပြောသည်။
“မလိုပါဘူးကွာ ဒီတစ်ခေါက် မင်းတို့နှစ်ယောက်စလုံးရဲ့ အလုပ်က စက်ရုံမှူး ယန် ကိုယ်တိုင် အထူးခွင့်ပြုပေးလိုက်တာ။ ငါရဲ့ အလုပ်နေရာ ခွဲတမ်းကို သုံးစရာ မလိုလိုက်ဘူး။ ဒါကြောင့် ပိုက်ဆံပေးစရာ မလိုဘူး”
ယန်ချုံးက ငွေများကို အတင်း ထိုးထည့်ပေးရင်း ဇွတ်ဆိုလေသည်။
“အစ်ကိုဟို... အလုပ်နေရာအတွက် ပိုက်ဆံ မလိုဘူးဆိုရင်တောင် ဒါက အစ်ကို ကူညီပေးလို့ ရလာတာပဲလေ။ ဒီပိုက်ဆံလေးက ကျွန်တော်ရဲ့ စေတနာမို့လို့ အစ်ကို မဖြစ်ဖြစ်အောင် သိမ်းထားပေးပါ”
ဟိုလီခွေလည်း မတတ်နိုင်တော့သည့် အဆုံး ပြောသည်။
“မင်းကတော့လေ... အရမ်း အားနာတတ်တာပဲ။ ပိုက်ဆံကတော့ ငါ လုံးဝ မယူနိုင်ဘူး။ ဒီလိုလုပ်... နောက်ဆို ယုန်တွေ ဘာတွေ ရရင် ငါ့ကို ပိုပြီး သတိရပေးရင် ရပါပြီကွာ”
“ဒါကတော့ သေချာပေါက်ပေါ့ အစ်ကိုရာ။ ကောင်းပါပြီ... ဒါဆိုလည်း ကျွန်တော် အစ်ကို့ကို ကျေးဇူးတင်ပါတယ်”
ယန်ချုံးကလည်း အခြေအနေအရ ကြည့်ရှောင်လိုက်ပြီး ကျန်သော ငွေများကို ပြန်သိမ်းလိုက်သည်။ ဤခေတ်ကာလတွင် လူသားတို့၏ စိတ်သန္တာန်မှာ ရိုးသားဖြူစင်ကြဆဲ ဖြစ်ရာ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ငွေအမြောက်အမြား ပေးအပ်ခြင်းက တစ်ဖက်လူအား စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း သူ နားလည်ထားပေသည်။
ကိစ္စဝိစ္စ အဝဝ ပြီးစီး၍ စစ်ဟဲ့ယွမ် ခြံဝင်းဆီသို့ ပြန်ရောက်သောအခါ ည ၈ နာရီ၊ ၉ နာရီခန့်ပင် ရှိနေချေပြီ။
ဆောင်းရာသီ၏ သဘာဝအရ နေ့တာတို၍ ညစောစော မှောင်တတ်သည့် အလျောက် လူအများစုမှာလည်း အိပ်ရာဝင် စောကြလေသည်။ အိမ်ရာဝင်းအတွင်းရှိ နေထိုင်သူများသည် ညစာ စားသောက်ပြီးသည်နှင့် စောင်ခြုံထဲဝင်ကာ မီးငြိမ်း၍ အိပ်စက်လေ့ရှိကြသည်။ ဤသည်မှာလည်း အပြစ်ဆိုဖွယ်ရာ မဟုတ်ပေ။ ဝမ်းဝအောင် မစားရသည့် တိုင်အောင် အချိန်ကြာမြင့်စွာ နိုးကြားနေပါက ဆာလောင်မှုဒဏ်ကို ပိုမို ခံစားရမည် မဟုတ်ပါလော။
အရှေ့ဘက် ဝင်းတစ်ခုလုံး မှောင်မိုက် တိတ်ဆိတ်နေပြီး အိမ်ထောင်စု နှစ်စု၊ သုံးစု ခန့်ထံမှ ရေနံဆီ မီးခွက်လေးများသာ လင်းလက်နေဆဲ ရှိသည်။ ထိုသူတို့မှာ ရပ်ကွက်အတွက် စက္ကူသေတ္တာ ကပ်ပေးရန် အချိန် လုနေကြခြင်းပင်။ စက္ကူသေတ္တာ တစ်လုံး ကပ်ပါက ဝင်ငွေ အနည်းငယ်သာ ရရှိသော်ငြား နိုင်ငံပိုင် စက်ရုံဆိုသည်မှာ လူတိုင်း ဝင်ခွင့်ရနိုင်သော နေရာ မဟုတ်လေရာ အိမ်ထောင်စုအတွက် ဝင်ငွေတိုးစေမည့် မည်သည့် အလုပ်မျိုးကိုမဆို ကြိုးပမ်းလုပ်ကိုင် ကြရခြင်းသည်ပင် မဆိုးလှဟု ဆိုရပေမည်။
အလယ်ဝင်းထဲတွင်မူ မီးရောင် မှိန်မှိန်လေး တစ်ခွက်သာ လင်းကျန်နေတော့ရာ ယွီရှို့ တစ်ယောက် ခင်ပွန်းသည် အပြန်ကို စောင့်မျှော်နေခြင်း ပင်တည်း။
တံခါးဝမှ ဝင်လာသော ယန်ချုံးကို မြင်လိုက်ရသည့် အခါမှသာ စိုးရိမ်ပူပန်နေသော ယွီရှို့ တစ်ယောက် သက်ပြင်းချနိုင်တော့သည်။
“အစ်ကို... တော်သေးတာပေါ့ ပြန်လာနိုင်လို့။ ဒီနေ့ ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ”
သူမက ဆိုရင်း မီးဖိုချောင်ထဲသို့ ကမန်းကတန်း ဝင်ကာ ထမင်းနှင့် ဟင်းများကို နွှေး၍ ပြင်ဆင်ပေးလေသည်။
“ဘာမှမဖြစ်ပါဘူး။ ဒီနေ့ အမဲလိုက်လို့ ပစ္စည်း တော်တော်များများ ရတာနဲ့ ရောင်းရတာ အချိန်နည်းနည်း ကြာသွားလို့ပါ။ ယန်ရှောင်ကျွမ်းကော... အိပ်သွားပြီလား”
ယန်ချုံးက မေးရင်း ယွီရှို့ ပြင်ဆင်ပေးထားသော ပန်းကန်ခွက်ယောက်များကို ကြည့်လိုက်ရာ လူနှစ်ယောက်စာ ဖြစ်နေသည်အား သတိပြုမိသွားသည်။
“ဘယ်လိုဖြစ်လို့လဲ ရှို့အာ... မင်းလည်း ထမင်း မစားရသေးဘူးလား။ ငါ ပြောထားတယ်မလား... ထမင်းစားချိန်ရောက်ရင် ကိုယ့်ဘာသာ အရင်စားနှင့်ပါ။ ငါ့ကို စောင့်စရာ မလိုပါဘူးဆိုတာ”
ယွီရှို့က ထမင်းခူးပေးရင်း ဆိုလေသည်။
“ဘယ်ဖြစ်မလဲ ညီမ ယောက်ျားတောင် ပြန်မလာသေးတာ... ညီမ တစ်ယောက်တည်း ဘယ်လိုလုပ် အရင် စားရက်မှာလဲ။ ယောက်ျားဖြစ်သူ ပြန်မလာတာကို မစောင့်ဘဲ ကိုယ့်ဘာသာ အရင်စားတဲ့ မိန်းမ ဘယ်မှာ ရှိလို့လဲ။ ရှောင်ကျွမ်းက ငယ်သေးတော့ သူ့ကိုပဲ အရင်ကျွေးလိုက်တယ်”
ထိုစဉ် ဘေးနားရှိ စားပွဲပေါ်တွင် မှောက်လျက် ငိုက်မြည်းနေသော ယန်ရှောင်ကျွမ်းမှာ စကားသံများကြောင့် နိုးလာကာ ထထိုင်ရင်း… မိန်းကလေးက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ဆိုလေသည်။
“အစ်ကိုကြီး... ပြန်လာပြီလား။ ညီမလေးလည်း အစ်ကိုကြီးကို စောင့်မလို့ပါပဲ။ ဒါပေမဲ့ ဒီမှာ ထိုင်နေရင်း ငိုက်ပြီး အိပ်ပျော်သွားတယ်”
“ရပါတယ် အိပ်တော့... ကုတင်ပေါ် သွားအိပ်ချေ။ နောက်ဆိုရင် မင်းတို့အားလုံး မှတ်ထား… ငါ ပြန်လာတာ နောက်ကျရင် စားစရာရှိတာ စား၊ အိပ်စရာရှိတာ အိပ်၊ ငါ့ကို စောင့်စရာ မလိုဘူး”
ထို့နောက် ယန်ချုံးက ယွီရှို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ရှို့အာ... ထိုင်ဦး။ မင်းကို ပြောစရာ သတင်းကောင်း ရှိတယ်”
ယွီရှို့နှင့် ယန်ရှောင်ကျွမ်းတို့မှာ သူ၏ ပီတီဖြာနေသော မျက်နှာကို ကြည့်ကာ မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။ ယန်ချုံးထံမှ စကားဆုံးသွားသောအခါ သူတို့နှစ်ဦးစလုံး အတိုင်းမသိ ဝမ်းသာအားရ ဖြစ်ကာ မယုံနိုင်လောက်အောင်ပင် အံ့ဩသွားကြလေသည်။
“အစ်ကို... အစ်ကိုပြောတာ ညီမတို့ နှစ်ယောက်စလုံး နောက်ဆို နိုင်ငံပိုင် စက်ရုံက အလုပ်သမားတွေ ဖြစ်တော့မယ် ဟုတ်လား”
“ဟုတ်တယ် အစ်ကိုကြီး… မရီးကလည်း တကယ်ကြီး နိုင်ငံပိုင် စက်ရုံမှာ အလုပ်ဆင်းရတော့မှာလား”
ယန်ချုံးက ပြုံးလျက် ခေါင်းညိတ်ပြကာ ဆိုလေသည်။
“သေချာပေါက် အစစ်ပေါ့။ ဌာနခွဲမှူးဟို ပြောပြချက်အရ စက်ရုံညွှန်ကြားရေးမှူး ကိုယ်တိုင် အထူးခွင့်ပြုပေးလိုက်တာတဲ့။ မနက်ဖြန်ကျရင် ငါတို့နှစ်ယောက် စက်ရုံကို သွားပြီး အလုပ်သတင်းပို့လို့ ရပြီ”
ယွီရှို့ တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ ဘာပြောရမှန်းပင် မသိတော့ချေ။ လွန်ခဲ့သော ရက်ပိုင်းကမှ အိုးမဲ့အိမ်မဲ့ဖြစ်ကာ လမ်းဘေးတွင် လေလွင့်ရင်း သူတစ်ပါး အနိုင်ကျင့်ခံနေရသည့် သူတောင်းစားမလေး တစ်ဦး ဘဝမှ ယခုအခါ လူတိုင်း အားကျရသည့် နိုင်ငံပိုင် စက်ရုံ၏ အလုပ်သမား တစ်ဦး ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ ဤအရာအားလုံးသည် သူမ၏ ကံကြမ္မာထဲမှ ခင်ပွန်းဖြစ်သူ ယန်ချုံးနှင့် ဆုံတွေ့ခွင့် ရရှိခဲ့သောကြောင့်သာ ဖြစ်ပေသည်။
ယန်ရှောင်ကျွမ်းကလည်း ဝမ်းသာပီတိ ဖြစ်ကာ အားကျသည့် ဟန်ဖြင့် ပြောသည်။
“မရီးရေ... တကယ် အားကျတယ်။ နောက်ဆို နိုင်ငံပိုင် စက်ရုံက အလုပ်သမား ဖြစ်ပြီဆိုတော့ ဒီဝင်းထဲက လူတွေ ဘယ်သူက မရီးကို ထပ်ပြီး အထင်သေးရဲတော့မလဲ ကြည့်ကြသေးတာပေါ့”
ဤအိမ်ရာဝင်း အတွင်းသို့ ရောက်ရှိလာသည်မှာ တစ်ရက်သာ ရှိသေးသော်ငြား ယန်ရှောင်ကျွမ်းသည် ဝင်းအတွင်းရှိ လူတို့၏ လူမှုရေး အဆင်မပြေမှု၊ အေးစက်မှုများကို ခံစားသိရှိနေပြီ ဖြစ်သည်။ သူမ၏ အစ်ကိုကြီးနှင့် မရီးသည် ဤဝင်းထဲတွင် နေထိုင်ရသည်မှာ ချောမွေ့လွယ်ကူမည် မဟုတ်ကြောင်း သူတို့အား အထင်သေးကာ မျက်စိထဲက ဆူးတစ်ချောင်းသဖွယ် သဘောထားသူ အများအပြား ရှိနေကြောင်း သူမ ကောင်းစွာ ရိပ်စားမိထားလေသည်။
ယွီရှို့က ခေါင်းညိတ်ပြလိုက်သည်။ ယန်ရှောင်ကျွမ်း ပြောသည်မှာ မှန်ပေသည်။ ယခုအခါ သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံး နိုင်ငံပိုင် စက်ရုံ၏ အလုပ်သမားများ ဖြစ်သွားကြပြီမို့လို့ နောင်တစ်ခေတ်တွင် မိမိတို့အား မည်သူကများ အထင်သေးဝံ့မည်နည်း။
ယန်ချုံးကလည်း ပြုံး၍ ပြောသည်။
“ရှောင်ကျွမ်း... မရီးကို အားကျမနေပါနဲ့။ အခု မင်း အသက်က ငယ်သေးလို့ပါ။ အစ်ကို ကတိပေးတယ်... မင်း အသက်ပြည့်တဲ့ တစ်နေ့ကျရင် အစ်ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မင်းကိုပါ စက်ရုံသွင်းပြီး အလုပ်သမား ဖြစ်စေရမယ်”
“တကယ်ကြီးလား... အစ်ကိုကြီး။ ညီမလေးလည်း နောက်ဆို အလုပ်သမား ဖြစ်နိုင်တယ်ပေါ့”
ကြားလိုက်ရသော စကားကြောင့် ယန်ရှောင်ကျွမ်းမှာ ရင်ခုန် စိတ်လှုပ်ရှားသွားကာ မိမိနားကိုပင် မိမိ မယုံကြည်နိုင်အောင် ဖြစ်သွားရှာသည်။
ယန်ချုံးက ခေါင်းညိတ်လျက် ဆက်ပြောလေသည်။
“ဟုတ်တယ်... အဲဒီအချိန်ကျရင် အစ်ကို ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုပါ အလုပ်သမား ဖြစ်အောင် စီစဉ်ပေးမယ်။ နောက်ဆို မင်း ကိုယ့်ဘာသာ ပိုက်ဆံရှာပြီး ကိုယ့်ကိုကိုယ် ကျွေးမွေးနိုင်ရုံတင် မကဘူး။ မြို့ပေါ်မှာပါ အိမ်ထောင်ဖက်ရှာပြီး အိမ်ထောင်ပြုနိုင်မယ်”
ယန်ရှောင်ကျွမ်း တစ်ယောက် ရှက်သွေးဖြန်းသွားကာ ဆိုလိုက်ပါတော့သည်။
“အစ်ကိုကြီးကလည်း... ဘာတွေ ပြောနေတာလဲ။ ညီမလေး အိမ်ထောင်ဖက် မရှာပါဘူး။ ညီမလေး နောက်ဆို အစ်ကိုကြီးနဲ့ မရီးနောက်ကိုပဲ လိုက်တော့မယ်။ အိမ်ထောင်မပြုဘူး”