အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) - ဇနီးသည်ကိုပါ ကုန်ထမ်းရန် ခေါ်သွားလေသလော
ယန်ချုံး ယူဆောင်လာသော သတင်းကောင်းကြောင့် ယွီရှို့ မှာ အတိုင်းမသိ စိတ်လှုပ်ရှားကာ ညစာကိုပင် ကောင်းစွာ မစားနိုင်ခဲ့ချေ။ ညစာကို မနည်းမျိုချ အပြီးတွင်မူ ပန်းကန်ဆေးရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ပန်းကန်ခွက်ယောက် အပေါင်းကို ရေဇလုံ အတွင်းသို့ ပစ်စိမ်ထားခဲ့ကာ ယန်ချုံးအား အိပ်ခန်းတွင်းသို့ အတင်း ဆွဲခေါ်သွားလေတော့သည်။
“ပန်းကန်တွေ မဆေးရသေးဘူး...”
ယန်ချုံးက ပြောလိုက်ရုံသာ ရှိသေးသော်လည်း သူ၏ နှုတ်ခမ်းအစုံမှာ ချက်ချင်းပင် ပိတ်ဆို့ခြင်း ခံလိုက်ရလေ၏။
ထိုညတစ်ညလုံး အိမ်ရှေ့ခန်း၌ အိပ်ရသော ယန်ရှောင်ကျွမ်း မှာမူ ခေါင်းကို စောင်ထဲတွင်သာ နစ်ထားခဲ့ရပြီး အပြင်သို့ပင် မပြူထွက်ရဲခဲ့ရှာပေ။
နောက်တစ်နေ့ နံနက် မိုးလင်းသောအခါမှသာလျှင် သူမသည် စောင်ပုံအောက်မှ ခေါင်းကို သတိတကြီးဖြင့် ပြူထွက်ကြည့်လေသည်။ မျက်ကွင်းများ ညိုမည်းလျက်ရှိကာ အိပ်ခန်းတွင်းမှ မည်သည့်အသံမျှ မကြားရတော့မှသာ သက်ပြင်းချ နိုင်တော့ပြီး နံနက်စာ ချက်ပြုတ်ရန် အိပ်ရာမှ ထလာခဲ့တော့သည်။
ထို့နောက်မှ ထလာသူမှာ ယန်ချုံးပင် ဖြစ်၏။ ညဉ့်ဦးယံမှ စ၍ တစ်ညလုံး အလုပ်ရှုပ်နေခဲ့ရသော်ငြားလည်း သူ၏ သန်စွမ်းကြံ့ခိုင်လှသော ခန္ဓာကိုယ်ကြောင့် စောစီးစွာပင် နိုးထနိုင်သေးသည်။
ယွီရှို့မှာမူ အလွန်ပင် သနားဖွယ် ကောင်းလှပေသည်။ မိမိဘာသာ “စစ်ပွဲ” ကို စတင်ခဲ့သူ ဖြစ်သော်လည်း ယန်ချုံး၏ ပြိုင်ဘက် မဟုတ်ကြောင်းမှာကား ထင်ရှားလှ၏။ တစ်ညလုံး အပြင်းအထန် တိုက်ခိုက်ခံရပြီးသည့်နောက် သူမ၏ တစ်ကိုယ်လုံးမှာ ပျော့ခွေ နာကျင်နေကာ ကုတင်အထက်တွင် လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ လဲလျောင်းနေရလေသည်။ နံနက်စာ စားချိန်ရောက်မှသာ မနည်းအားတင်း၍ ထလာနိုင်ခဲ့သော်လည်း သူမ၏ မျက်နှာအထက်ရှိ နီမြန်းနေမှုများက ညက မည်သို့သော အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသည်ကို ကြည့်လိုက်ရုံမျှဖြင့် သိသာပေါ်လွင်စေသည်။
“အဆင်ပြေရဲ့လား။ အဆင်မပြေရင် ဆက်အိပ်လိုက်လေ”
ယန်ချုံးက မေးမြန်းလိုက်သည်။
ထိုအခါ ယွီရှို့မှာ မျက်နှာ ရဲတက်သွားပြီး သူ့ကို မျက်စောင်းထိုးကာ ဆိုလေသည်။
“မအိပ်တော့ဘူး ရှင်ပဲ ပြောတယ်မလား။ ဒီနေ့ စက်ရုံကို သွားပြီး အလုပ်ဝင် သတင်းပို့ရမယ်ဆို”
“တစ်ရက် နောက်ကျမှ သွားလည်း ကိစ္စမရှိပါဘူး”
ယန်ချုံးကထိုသို့ ပြောလိုက်သော်လည်း ယွီရှို့ကမူ ငြင်းဆန်လိုက်သည်။
“သွားတာပဲ ကောင်းပါတယ်။ မနည်း စက်ရုံထဲ ဝင်ခွင့်ရထားတာ မသွားဘဲ နေလို့ တခြားလူက နေရာလုသွားရင် ဘယ်လိုလုပ်မလဲ”
ယွီရှို့က အခိုင်အမာဆိုနေသောကြောင့် ယန်ချုံးက ခေါင်းညိတ်ပြလျက် ပြန်ပြောလိုက်သည်။
“ကောင်းပြီ… ဒါဆိုလည်း သွားကြတာပေါ့”
ထိုသို့ ပြောဆိုနေစဉ် မျက်နှာချင်းဆိုင်၌ ရှိနေသော ယန်ရှောင်ကျွမ်းအား အံ့အားသင့်စွာ မော့ကြည့်မိကာ စိတ်တွင်း၌ အနည်းငယ် ထူးဆန်းနေမိသည်။ ပုံမှန်အားဖြင့် ဤယန်ရှောင်ကျွမ်းသည် စကားအလွန် ပြောဆိုတတ်သူ ဖြစ်သည်။ ထမင်းစားလျှင်လည်း ပါးစပ်ကလေး တစာစာဖြင့် မနားတမ်း ပြောဆိုတတ်သော်လည်း ယနေ့ နံနက်တွင်မူ အဘယ်ကြောင့် ဤမျှ တိတ်ဆိတ်နေရပါသနည်း။ မျက်နှာမှာလည်း အနည်းငယ် နီမြန်းနေပြီး ခေါင်းကိုသာ အမြဲငုံ့ထားကာ သူနှင့် ယွီရှို့တို့ နှစ်ဦးစလုံးအား မကြည့်ရဲသကဲ့သို့ ဖြစ်နေလေ၏။
ထိုခဏတွင် ယွီရှို့က စားပွဲအောက်မှ သူ၏ ခြေထောက်ကို အမြန်လှမ်း နင်းလိုက်ပြီး သူ၏ နားအနီးသို့ ကပ်ကာ လေသံတိုးတိုးဖြင့် ကပ်ပြောလိုက်သည်။
“မကြည့်နဲ့တော့… အားလုံး ရှင်လုပ်လို့ ဖြစ်ရတာ”
ယန်ချုံးမှာ အနည်းငယ် ကြောင်အသွားပြီး စိတ်ထဲမှ ကြိတ်တွေးနေမိတော့သည်။
‘ငါ ဘာလုပ်လို့လဲ။ ဘာလို့ ငါ့အပြစ် ပြန်ဖြစ်သွားရတာလဲ’
နံနက်စာ စားသောက်နေစဉ် အပြင်ဘက်မှ စည်ကားသော အသံများကို စတင် ကြားလိုက်ရ၏။ ယင်းမှာ အလုပ်ဆင်းကြမည့် အလုပ်သမားများ နံနက်စာ စားသောက်ပြီးနောက် အတူတကွ အလုပ်သွားရန် ပြင်ဆင်နေကြခြင်းပင် ဖြစ်ပေသည်။
မျက်နှာချင်းဆိုင် အိမ်မှ ယီကျုံးဟိုင် အပြင်သို့ ထွက်လာသည်နှင့် နောက်ဖေးဝင်းအတွင်းမှ လာသော လျိုဟိုင်ကျုံး နှင့် ဆုံမိလေသည်။
“အို... လောင်ယီ စားပြီးပြီလား”
ယီကျုံးဟိုင်က ခေါင်းညိတ်ပြလျက် ပြန်ဖြေသည်။
“စားပြီးပြီ။ အချဉ်လေးနဲ့ ဆန်ပြုတ် တစ်ပန်းကန် သောက်ပြီး ဂျုံကြမ်း ပေါက်စီ တစ်လုံး စားခဲ့တယ်”
လျိုဟိုင်ကျုံးကလည်း ခေါင်းညိတ်ကာ ဆိုလေသည်။
“ကျွန်တော်လည်း အတူတူပါပဲ။ မတတ်နိုင်ဘူးလေ ဒီခေတ်ကြီးထဲမှာ ဆန်ပြုတ်လေး သောက် ဂျုံကြမ်း ပေါက်စီလေး စားပြီး ဗိုက်ဖြည့်နိုင်တာကိုပဲ တော်တော် ဟုတ်နေပြီ။ ဟိုနေ့စား အလုပ်သမားတွေ၊ ကုန်ထမ်းသမားတွေလို လူမျိုးကျတော့ ဆန်ပြုတ်သောက်ဖို့၊ ဂျုံကြမ်း ပေါက်စီ စားဖို့ နေရာတောင် ရှိတာ မဟုတ်ဘူး”
ထိုသို့ ပြောဆိုနေစဉ် သူ၏ မျက်လုံးအစုံက ယန်ချုံး၏ အိမ်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ကာ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
“ဒါနဲ့ လောင်ယီ… မနေ့က အဲဒီကောင်လေး ဘယ်လိုလုပ်ပြီး ငါတို့ သံမဏိစက်ရုံရဲ့ မော်တော်ကားကို စီးလာနိုင်ရတာလဲ။ ကျွန်တော် တစ်ညလုံး စဉ်းစားတာတောင် အဖြေရှာ မရဘူး”
ဤကိစ္စအတွက် လျိုဟိုင်ကျုံး တစ်ဦးတည်းသာ အဖြေရှာမရ ဖြစ်နေသည် မဟုတ်ပေ။ ယီကျုံးဟိုင်မှာမူ ပို၍ပင် အဖြေရှာမရ ဖြစ်နေတော့သည်။ မနေ့ညက ကုတင်ထက်တွင် တစ်ညလုံး ဟိုဘက်ဒီဘက် လူးလှိမ့်ကာ စဉ်းစားနေခဲ့သည်မှာလည်း ဤကိစ္စပင် ဖြစ်၏။ သူသည် သံမဏိစက်ရုံတွင် လုပ်သက် တစ်ဝက်စာခန့် အလုပ်လုပ်ကိုင်လာခဲ့သည်တိုင် ကားတစ်ခါမျှ မစီးဖူးခဲ့ချေ။ သို့ပါလျက် ဤနေ့စား ကုန်ထမ်းသမား ကောင်လေးက မည်သို့မည်ပုံ စီးနိုင်ခဲ့သနည်း။
သို့သော်လည်း အဖြေသိသူကား ရှိနေပေသည်။ ယီကျုံးဟိုင် စကားပြန် မပြောရသေးခင်မှာတင် သူတို့၏ အနောက်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ဒုတိယအကြီးအကဲ မသိဘူး မလား။ မနေ့ညက ယန်ချုံးက ငါတို့ သံမဏိစက်ရုံ စားဖိုဆောင်အတွက် ဝက် ဝဝကြီး နှစ်ကောင် သယ်လာပေးတာ”
ထိုအခါ လူနှစ်ဦးစလုံး ကြောင်အသွားပြီး လှည့်ကြည့်လိုက်ကြရာ ဆံပင်စုတ်ဖွားဖြင့် သူတို့အနောက်တွင် ရပ်နေသော ရှာကျူး ကို တွေ့လိုက်ရ၏။ သူ၏ မှေးကျနေသော မျက်လုံးအစုံကို ကြည့်ရုံမျှဖြင့် မနေ့ညက ကောင်းစွာ မအိပ်စက်ထားရကြောင်း အထင်အရှား ပေါ်လွင်နေပေသည်။
လျိုဟိုင်ကျုံးက အမြန် မေးလိုက်သည်။
“ရှာကျူး… မင်း ဘာပြောလိုက်တာလဲ။ အဲဒီ ယန်မျိုးနွယ်ကောင်က ငါတို့စက်ရုံ စားဖိုဆောင်ကို ဝက်သယ်လာပေးတယ် ဟုတ်လား။ ငါတို့ကို နောက်နေတာလား။ ဒီခေတ်ထဲမှာ ဝက် ဝဝကြီးတွေကို ဘယ်သူမဆို ရနိုင်လို့လား။ မင်းက စားဖိုဆောင်က ထမင်းချက်သမားပဲ ပြောစမ်းပါဦး။ ငါတို့စက်ရုံ ဝက်သားကောင်းကောင်း မစားရတာ ဘယ်လောက်ကြာပြီလဲ”
ယီကျုံးဟိုင်ကလည်း နှာခေါင်းရှုံ့ကာ ဝင်ရောက်ပြောဆိုလေသည်။
“ဟုတ်တယ် ရှာကျူး… မင်း နောက်စရာမရှိ ရှာကြံနောက်နေပြန်ပါပြီ။ ငါတို့စက်ရုံက ထောက်ပံ့ရေးနဲ့ ပစ္စည်းဝယ်ယူရေးအဖွဲ့တွေ စက်ရုံမှူးယန်ဆီမှာ တစ်နေ့ကုန် အဆဲခံနေရတာတောင် ဝက်သားမရနိုင်တာကို သူက ရနိုင်ပါ့မလား။ ဒါ့အပြင် သူက ကုန်ထမ်းသမား တစ်ယောက်ပဲ။ နိုင်ငံပိုင် စက်ရုံရဲ့ တံခါးကြီး ဘယ်ဘက်မှာ ရှိမှန်းရော သိလို့လား”
ရှာကျူးက သမ်းဝေလျက် ရှင်းပြလေသည်။
“အဘကြီး နှစ်ယောက်ရာ... ခင်ဗျားတို့ မယုံဘူးဆိုတာ ကျွန်တော် သိသားပဲ။ အစက ကျွန်တော်လည်း မယုံဘူး။ ဒါပေမဲ့ ပစ္စည်းဝယ်ယူရေး ဌာနမှူး လျိုလောင်ပန် နဲ့အတူ သူ ဝက်ကြီးတွေကို သယ်လာတာကို ကျွန်တော့်မျက်စိနဲ့ အပ်ကျမတ်ကျ မြင်ခဲ့တာ။ ဒါနဲ့ အဲဒါက တောဝက်ကြီး နှစ်ကောင်တောင်နော်… အဆီတွေနဲ့ တော်တော် ဝတာ ပေါင် ငါးရာခြောက်ဆယ်ကျော် ရှိတယ်။ မယုံရင် စက်ရုံကျမှ မေးကြည့်လိုက်။ တခြားလူ မသိရင်တောင် လုံခြုံရေးဌာနက လူတွေကတော့ ဝက်ကြီးတွေ သယ်လာတာကို မျက်မြင်ကိုယ်တွေ့ပဲ”
ထိုအခါ ယီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးတို့ နှစ်ဦးစလုံး ဆွံ့အသွားကြပြီး တစ်ဦးကို တစ်ဦး သံသယစိတ်များဖြင့် စိုက်ကြည့်မိကြရာ သူတို့၏ မျက်လုံးအစုံတွင် မယုံကြည်နိုင်လောက်အောင် အံ့သြမှင်တက် နေမှုများကို အထင်အရှား မြင်တွေ့လိုက်ရပေသည်။
ရှာကျူးကတော့ ဆက်လက်၍ ပြောနေဆဲ ဖြစ်သည်။
“ဒါနဲ့ မယုံရင်လည်း နေ့လယ် ထမင်းစားချိန်ကျရင် အကုန် ယုံသွားလိမ့်မယ်။ ဒါရိုက်တာဝမ်က ပြောတယ်… စက်ရုံမှူးယန်က ဒီနေ့ နေ့လယ်ကျရင် ဝက်သား ကြာဆံ ဟင်းစုံ ချက်ကျွေးမယ်တဲ့။ အဲဒါကြောင့် ကျွန်တော့်ကို ညသန်းခေါင်အထိ ဝက်ပေါ်ဖို့ အဲဒီမှာ ထားခဲ့တာ။ အဲဒီဝက်ကြီး နှစ်ကောင်ကို မနည်း သန့်ရှင်းရေး လုပ်လိုက်ရတယ်”
ထိုသို့ ပြောဆိုနေဆဲမှာပင် ယန်ချုံးနှင့် ယွီရှို့တို့ နှစ်ဦးသည် အိမ်အတွင်းမှ ထွက်လာကြပြီး ရယ်မော စကားပြောဆိုလျက် သူတို့၏ ရှေ့မှ ဖြတ်လျှောက်သွားကြလေသည်။ သူတို့အုပ်စုအား တစ်ချက်မျှပင် နှုတ်ဆက်ခြင်း မပြုဘဲ ကျော်လွန်သွားကြခြင်း ဖြစ်၏။
လျိုဟိုင်ကျုံးက ယီကျုံးဟိုင်ကို ကြည့်ကာ ဆိုလေသည်။
“လောင်ယီ... တွေ့လား။ အဲဒီကောင်က အခုကတည်းက မင်းကို မျက်စိထဲ မထည့်တော့ဘူး။ ငါတို့ရှေ့က ဖြတ်သွားတာတောင် မင်းကို တစ်ခွန်းမှ မမေးဘူး”
ထိုစကားကြောင့် ယီကျုံးဟိုင်၏ မျက်နှာမှာ ပုပ်သိုးသွားပြီး တုံ့ပြန်လိုက်လေသည်။
“ဟွန်း... ကုန်ထမ်းသမား တစ်ယောက်ပဲ အဆုံးအမမှ မရှိတာ။ သူ့ကို ဂရုစိုက်နေဖို့ လိုမလား။ အဲဒီဝက် နှစ်ကောင်က လျိုလောင်ပန်က သူ့ကို ဝိုင်းမပေးဖို့ ခေါ်သွားတာ နေမှာပါ။ မင်းက တကယ်ကြီး သူ ရှာလာတာလို့ ထင်နေတာလား။ သူ့မှာ အဲဒီလို အရည်အချင်း ရှိလို့လား”
ရှာကျူးမှာ တစ်စုံတစ်ရာ ထပ်မံပြောဆို လိုသေးသော်လည်း ယီကျုံးဟိုင်၏ မသာမယာဖြစ်နေသော မျက်နှာ အမူအရာကို ကြည့်ကာ အလိုက်သိစွာပင် ပါးစပ်ပိတ်ထားလိုက်တော့သည်။
လျိုဟိုင်ကျုံးကလည်း “ဟဲဟဲ” ဟု ရယ်မောလိုက်ကာ မည်သို့မျှ ဆက်မပြောတော့ချေ။ အပေါ်ယံအားဖြင့် သူသည် ယီကျုံးဟိုင်၏ ဘက်မှ ရပ်တည်ပေးနေသကဲ့သို့ ရှိသော်လည်း လက်တွေ့တွင်မူ ယီကျုံးဟိုင် အရှက်ကွဲရသည်ကိုသာ ကြည့်မြင်လိုခြင်း ဖြစ်သည်။ သူသည် ခြံဝင်းအတွင်းရှိ ဒုတိယအကြီးအကဲ ဖြစ်လင့်ကစား အမြဲတမ်းလိုလို ယီကျုံးဟိုင်၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရရုံသာမက ဤခြံဝင်းအတွင်း၌ အမြဲတစေ ယီကျုံးဟိုင် ပြောသမျှသာ အရာရောက်နေသဖြင့် ဒုတိယအကြီးအကဲဖြစ်သူ သူ့အနေဖြင့် လုံးဝ ကျေနပ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုသူ သုံးဦးသည် ဆက်လက်၍ စကားမဆိုကြတော့ဘဲ စက်ရုံသို့ အလုပ်ဆင်းရန် အတူတကွ ထွက်လာခဲ့ကြသည်။ လမ်းခရီးတွင် ကျားတုန်းရွှီပါ ထပ်မံ လိုက်ပါလာသောကြောင့် လေးဦးသား အတူတကွ ဖြစ်သွားကြလေသည်။
“ဆရာ... အဲဒီ ယန်မျိုးနွယ်ကောင်က ကုန်သွားထမ်းရမှာ မဟုတ်ဘူးလား။ ဒီနေ့ ဘာလို့ ဇနီးသည်ကိုပါ ခေါ်လာရတာလဲ”
ကျားတုန်းရွှီက သူတို့၏ အရှေ့မှ လျှောက်သွားသော ယန်ချုံးအား လှမ်းကြည့်လျက် မေးမြန်းလိုက်သည်။
ယီကျုံးဟိုင်က နှာခေါင်းရှုံ့လိုက်ကာ ဖြေသည်။
“တစ်ယောက်တည်း ကုန်ထမ်းလို့ ရတဲ့ ပိုက်ဆံက သုံးလို့ မလောက်လို့ ဇနီးကိုပါ ခေါ်ပြီး တူတူထမ်းခိုင်းတာ နေမှာပေါ့”
ထိုအခါ ကျားတုန်းရွှီက ဖျတ်ခနဲ ရယ်မောလိုက်ပြီး ကဲ့ရဲ့လေ၏။
“ယောက်ျားကြီးတန်မဲ့ ဇနီးကိုတောင် မကျွေးနိုင်ဘဲ ဇနီးကိုပါ ကုန်တူတူ ထမ်းခိုင်းရတယ်လို့ အရှက်မရှိ လိုက်တာ”
ယီကျုံးဟိုင်ကလည်း ပြုံးလျက် ဆိုလေသည်။
“သူက ကုန်ထမ်းသမား တစ်ယောက်ပဲ တစ်နပ်စားပြီး တစ်နပ်ငတ်နေတာ။ ငါတို့လို နိုင်ငံပိုင် စက်ရုံမှာ အလုပ်လုပ်ပြီး သံမဏိ ထမင်းပန်းကန်ကို ကိုင်ထားရင်း စားဝတ်နေရေး မပူရတဲ့ သူတွေနဲ့ ဘယ်တူမလဲ။ သူ ယုန်သားတွေ၊ တောကြက်တွေ စားနေတာကို မကြည့်နဲ့… အလုပ်မရှိတဲ့ အခါကျရင် ဂျုံပြောင်းမုန့်တောင် စားရမှာ မဟုတ်ဘူး။ ဇနီးတစ်ယောက် ကောက်ရလာရင်ရော ဘာထူးမှာလဲ။ သူ့ကိုပဲ လိုက်ပြီး ဗိုက်ဆာခံ၊ ကုန်လိုက် ထမ်းပေးရမှာပဲ မဟုတ်လား”
ကျားတုန်းရွှီက တဟဲဟဲ ရယ်ကာ ထောက်ခံပြောဆိုသည်။
“ဟုတ်ပ ဆရာပြောတာ မှန်လိုက်တာ။ သူက တစ်သက်လုံး ကုန်ထမ်းဖို့ပဲ တန်တဲ့ကောင်… ဘယ်တော့မှ ငါတို့ နိုင်ငံပိုင် စက်ရုံက အလုပ်သမားတွေကို မမှီနိုင်ပါဘူး”
ရှာကျူးမှာ သူ့အား ကြည့်ကာ စိတ်တွင်း၌ ကြိတ်၍ တွေးနေမိလေသည်။
‘သူများ ကုန်ထမ်းတာ ဘာဖြစ်လဲ။ ကုန်ထမ်းလို့ ပိုက်ဆံ သိပ်မရရင်တောင် ဇနီးသည်ကို ရိုက်တာ မတွေ့ဖူးဘူး။ သူများက ဇနီးကို သိပ်ချစ်တာ။ အင်း... ချင်ကျဲရဲ့ ကံကြမ္မာက တကယ် မကောင်းရှာဘူး’
ထိုသို့ တွေးတောနေဆဲမှာပင် ကျားတုန်းရွှီက ရုတ်တရက် သံသယဖြစ်စွာဖြင့် လှမ်း၍ ပြောလိုက်လေသည်။
“ဟင်... ဆရာ အဲဒီ ယန်မျိုးနွယ်ကောင်က ဘူတာရုံဘက်ကို မသွားဘဲ ဘာလို့ ငါတို့နဲ့ လမ်းအတူတူ အမြဲ လျှောက်နေရတာလဲ”