အခန်း ၃၇
Vol. 4 Ch. 37
အခန်း (၃၇) - မွေးမြူရေးလုပ်ငန်း စတင်ခြင်း
ယီကျုံးဟိုင်သည် ယနေ့ တစ်နေ့ခင်းလုံး စိတ်ထဲဝယ် တစ်မျိုးတစ်ဖုံ မတင်မကျ ခံစားနေရသည်။ ယန်ချုံးသည် သူ၏ ဇနီးကို ခေါ်ဆောင်ကာ ဘူတာရုံ၌ အထုပ်အပိုး သွားရောက်ထမ်းပိုး မည်ဟု ဆိုခဲ့သည် မဟုတ်လော။ သို့သော် လမ်းခွဲ၍ မသွားဘဲ မိမိတို့၏ ရှေ့မှနေ၍ အဘယ်ကြောင့် တောက်လျှောက် လျှောက်လှမ်းနေရသနည်း။
ထိုသံသယစိတ်သည် သံမဏိစက်ရုံ၏ တံခါးဝသို့ ရောက်ရှိသည်အထိ စွဲထင်နေခဲ့၏။ ထိုစဉ် ယန်ချုံးသည် ယွီရှို့ကို ခေါ်ဆောင်လျက် စက်ရုံဝင်း ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားသည်အား တွေ့မြင်လိုက်ရလေသည်။
ကျားတုန်းရွှီက မျက်လုံး အဝိုင်းသားဖြင့် မေးမြန်းလိုက်၏။
“ဆရာ... ဒီကောင်က တကယ်ပဲ ကျွန်တော်တို့ စက်ရုံထဲ ဝင်ချင်နေတာလား။ ဘာတွေ ဖြစ်နေတာလဲဟင်”
ယီကျုံးဟိုင်လည်း ထူးဆန်းအံ့ဩ သွားသော်လည်း အရေးတယူ မရှိဟန်ဖြင့် အထင်သေးသော လေသံဖြင့် တုံ့ပြန်ပြောဆို လိုက်သည်။
“ဟွန်း... သံမဏိစက်ရုံကို ဝင်ချင်တဲ့ သူတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ ဝင်ခွင့်ရဖို့ လိုတယ်လေ။ နိုင်ငံပိုင် စက်ရုံရဲ့ တံခါးကြီးက ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာမှ မဟုတ်တာ”
မျှော်လင့်ထားသည့် အတိုင်းပင် မကြာမြင့်မှီ အချိန်၌ လုံခြုံရေးဌာနမှ ဝန်ထမ်းများက ယန်ချုံးနှင့် ယွီရှို့ နှစ်ဦးစလုံးကို တားဆီးလိုက်ကြလေသည်။
“ဘယ်လိုလဲ... ငါပြောသားပဲ။ ငါတို့ သံမဏိစက်ရုံရဲ့ တံခါးကြီးက ဘယ်ကမှန်း မသိတဲ့ အညတရတွေ ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာမဟုတ်ဘူး”
ယီကျုံးဟိုင်က ကျားတုန်းရွှီအား လှောင်ပြောင်သရော်သော လေသံဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်ပြီးနောက် ယန်ချုံးတို့ ဇနီးမောင်နှံအနီးမှ တစ်ချက်မျှပင် လှည့်မကြည့်ဘဲ တမင်သက်သက် ဖြတ်သန်း လျှောက်လှမ်းသွားခဲ့၏။
ကျားတုန်းရွှီ၏ မျက်နှာပြင်ထက်တွင်လည်း အထင်သေး ဂုဏ်ဆာမှုများ ပြည့်နှက်နေလေသည်။
ရှာကျူးကမူ ရှေ့သို့ တိုးကပ်သွားကာ လှမ်း၍ မေးမြန်းလိုက်၏။
“ချုံးဇီ... ဘာလဲ။ စက်ရုံကို ကိစ္စရှိလို့ လာတာလား”
ယန်ချုံး ပြန်လည် မဖြေကြားမှီ ခေါင်းမော့ကြည့်လိုက်ရာ အဝေးမှ စက်ဘီး စီးနင်းလာသော ဟိုလီခွေကို လှမ်း၍ မြင်တွေ့လိုက်ရသဖြင့် ရှာကျူးအား အားနာဟန်ဖြင့် ဆိုလိုက်သည်။
“ကျူးဇီ... ငါ လူတစ်ယောက် လာရှာတာ။ နောက်မှ အေးဆေး ပြောကြတာပေါ့ကွာ”
ပြောပြောဆိုဆိုဖြင့် လက်မောင်းကို မြှောက်ကာ လက်ဝှေ့ယမ်းပြလျက် လှမ်း၍ အော်ခေါ်လိုက်လေသည်။
“ဌာနမှူးဟို...”
ဟိုလီခွေသည် မိမိအား လှမ်းခေါ်သော အသံကို ကြားသိရသဖြင့် ခေါင်းမော့ကြည့်ကာ စက်ဘီးကို အရှိန်မြှင့် နင်းလျက် ယန်ချုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး စက်ဘီးပေါ်မှ ဆင်းလိုက်၏။
“ယန်ချုံး... ရောက်ပြီလား”
ထို့နောက် ယွီရှို့အား လှည့်လည် ကြည့်ရှုရင်း မျက်ဝန်းအစုံ တောက်ပသွားကာ ချီးကျူးလေသည်။
“ဒါ ညီမလေး မဟုတ်လား။ မင်းကတော့ တကယ့်ကို ကံကောင်းတာပဲ။ ဒီလောက် လှတဲ့ မိန်းမကို ရထားတာ”
ယွီရှို့မှာ မျက်နှာအလှလေး နီမြန်းသွားကာ ပျာပျာသလဲ နှုတ်ဆက်လိုက်၏။
“မင်္ဂလာပါ ဌာနမှူးဟို”
ဟိုလီခွေက ဦးခေါင်းညိတ်ပြ ပြီးနောက် လုံခြုံရေးဝန်ထမ်းအား လှမ်း၍ ဆိုလိုက်သည်။
“လောင်ကျောက်... ဒီနှစ်ယောက်က စက်ရုံကို အသစ်ဝင်မဲ့ ဝန်ထမ်း အသစ်တွေပဲ။ ဒီနေ့ ဝန်ထမ်း အလုပ်ဝင်ဖို့ ကိစ္စတွေ လာလုပ်တာ ငါနဲ့အတူ အထဲကို ပေးဝင်လိုက်ပါဦး”
လုံခြုံရေးဝန်ထမ်းသည် ဟိုလီခွေအား ရင်းနှီးသိကျွမ်းသူ ဖြစ်သဖြင့် ငြင်းဆန်ခြင်း မပြုဘဲ ပျာပျာသလဲ ပြန်လည် ပြောကြားလိုက်၏။
“ရပါတယ် ကျွန်တော်တို့က မသိလို့ပါ။ ဌာနမှူးဟို ကိုယ်တိုင် အာမခံရင်တော့ သေချာပေါက် ဝင်လို့ရတာပေါ့”
ထို့နောက်တွင် ဟိုလီခွေသည် ယန်ချုံးနှင့် ယွီရှို့တို့ ဇနီးမောင်နှံကို ခေါ်ဆောင်လျက် စက်ရုံအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။ ယန်ချုံးသည် ထုံအအဖြင့် ငေးကြောင်ရပ်တန့် ကျန်ရစ်သော ရှာကျူးအား လက်ဝှေ့ယမ်းပြရန် မမေ့မလျော့ဘဲ လှမ်း၍ အော်ပြောလိုက်၏။
“အစ်ကိုကျူး... ငါ အရင်ဝင်နှင့်ပြီနော်။ နောက်မှ ပြန်တွေ့မယ်”
ထိုစဉ် ရှေ့နား၌ ရှိနေကြသော ယီကျုံးဟိုင်၊ လျိုဟိုင်ကျုံးနှင့် ကျားတုန်းရွှီ သုံးဦးစလုံးမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ရှာကျူးကို အဆောတလျင် လှမ်းခေါ်ကာ မေးမြန်းကြတော့၏။
“ကျူးဇီ... ဘာဖြစ်တာလဲ။ သူက ဟိုလီခွေကို ဘယ်လိုလုပ် သိနေတာလဲ။ လုံခြုံရေးတွေကကော ဘာလို့ ပေးဝင်လိုက်တာလဲ”
ရှာကျူးသည်လည်း အံ့ဩ မယုံကြည်နိုင်သော မျက်နှာဘေး အမူအရာဖြင့် ပြန်လည် ပြောဆိုလိုက်သည်။
“စောစောက ဟိုလီခွေ ပြောတာ ကြားလိုက်တာတော့... သူတို့နှစ်ယောက်စလုံးက စက်ရုံကို အသစ်ဝင်မဲ့ ဝန်ထမ်းတွေတဲ့။ အလုပ်ဝင်ဖို့ ကိစ္စတွေ လာလုပ်တာလို့ ပြောတယ်”
ထိုစကားကြောင့် သုံးဦးစလုံး မျက်လုံး အဝိုင်းသား ဖြစ်သွားကြပြီး နားထဲ ကြားလိုက်ရသည်ကို မည်သူမျှ မယုံကြည်နိုင်ကြချေ။ လျိုဟိုင်ကျုံးက အရင်ဦးစွာ ဖွင့်ဟပြောဆိုလိုက်၏။
“ရှာကျူး... မင်း ဘာပြောလိုက်တယ်။ ယန်ချုံးက သံမဏိစက်ရုံမှာ ဝန်ထမ်း လာလုပ်မလို့လား။ ဒါ ဖြစ်နိုင်ပါ့မလားကွာ”
ကျားတုန်းရွှီကလည်း ထောက်ခံသော အားဖြင့် ဆိုလာ၏။
“ဟုတ်ပါ့... ဒီသံမဏိစက်ရုံက ဘယ်သူမဆို ဝန်ထမ်းလုပ်ချင်တိုင်း လုပ်လို့ရတဲ့ နေရာမို့လို့လား။ တတိယဦးလေးတောင် ယန်ကျဲချန်ရဲ့ အလုပ်အတွက် ဘယ်လောက်တောင် လိုက်ပြေးလွှားနေရလဲ။ အခုထိ မရသေးဘူး။ ဒီယန်ချုံးက ဘယ်လိုလုပ် ဝင်နိုင်မှာလဲ”
ယီကျုံးဟိုင်ကလည်း ဝင်ရောက်၍ ဆိုလေသည်။
“သူများဆီက ကိုယ်တိုင် ဝန်ထမ်းနေရာကို ဝယ်တယ်ဆိုရင်တောင် ငါတို့စက်ရုံရဲ့ ဝန်ထမ်းနေရာ တစ်ခုက အနည်းဆုံး ယွမ် ၅၀၀ လောက် ပေးရတာ။ ဒါတောင် သူတို့က ရောင်းချင်မှ ရောင်းတာနော်။ သူလို အထုပ်အပိုးထမ်းတဲ့ ကောင်က တစ်ရက်မှ ၁ ယွမ်တောင် မရှာနိုင်တာကို ယွမ် ၅၀၀ ဘယ်ကနေ ထုတ်ပေးနိုင်မှာလဲ”
ကျားတုန်းရွှီက လျင်မြန်စွာ ဖြည့်စွက်ပြင်ဆင် ပေးလိုက်၏။
“၅၀၀ မဟုတ်ဘူး။ ၁၀၀၀... ရှာကျူးပြောတာက သူတို့ လင်မယား နှစ်ယောက်လုံး စက်ရုံထဲ ဝင်မှာဆို။ တစ်ယောက်ကို ၅၀၀ ဆိုရင် နှစ်ယောက်ဆို ယွမ် ၁၀၀၀ လေ။ ဒီယန်မျိုးရိုးက သူတို့လင်မယား နှစ်ယောက်လုံးကို ရောင်းရင်တောင် ဒီယွမ် ၁၀၀၀ ကို ရှာနိုင်မှာ မဟုတ်ဘူး”
ယီကျုံးဟိုင်ကလည်း ထပ်လောင်း၍ စိန်ခေါ်စကား ဆိုလိုက်လေသည်။
“ဟုတ်တယ်... ကျူးဇီ မင်း နားကြား မှားတာ သေချာတယ်။ ဒီကောင်သာ စက်ရုံမှာ ဝန်ထမ်း လာလုပ်နိုင်ရင် ငါ ယီကျုံးဟိုင် ခေါင်းနဲ့ အောက်စိုက်ပြီး လမ်းလျှောက်ပြမယ်”
ရှာကျူးမှာ ဦးခေါင်းကို ကုတ်ခြစ်ရင်း ရေရွတ်ရှာ၏။
“ငါတော့ နားကြား မမှားပါဘူး။ ဟိုလီခွေက လုံခြုံရေးတွေကို အဲဒီလိုပဲ ပြောသွားတာပဲဟာ။ ငါ့နားပဲ လေးသွားလို့လားတော့ မသိဘူး”
အခြားတစ်ဖက်တွင်မူ ဟိုလီခွေသည် ယန်ချုံးကို ခေါ်ဆောင်လျက် ဝန်ထမ်းရေးရာ ဌာနသို့ ရောက်ရှိလာခဲ့၏။ မူလကပင် ယမန်နေ့ ညကတည်းက စက်ရုံမှူးယန်က ဝန်ထမ်းရေးရာ ဌာနမှူး ကျူးလီချွမ်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ကာ ယန်ချုံး အလုပ်ဝင်မည့် ကိစ္စရပ်အား မှာကြားထားပြီး ဖြစ်လေသည်။
ထို့ကြောင့် ကိစ္စအဝဝသည် အလွန်တရာ ချောမွေ့လွယ်ကူ သွားခဲ့ပြီး ယန်ချုံးသည် ဝယ်ယူရေး ဌာနသို့ ဝင်ခွင့်ရရှိကာ ယွီရှို့ကိုမူ စာရင်းအင်း ဌာနမှ တာဝန်ရှိသူများက တိုက်ရိုက် လာရောက် ခေါ်ဆောင်သွားကြလေသည်။ သူတို့က သူမအား ဌာနအတွင်းသို့ ခေါ်ဆောင်သွားပြီး ဌာနမှူးက မိတ်ဆက်ပေးလိုက်သည့်အခါ စာရင်းအင်း ဌာနရှိ အမျိုးသား လုပ်ဖော်ကိုင်ဖက်အချို့မှာ မျက်လုံး အဝိုင်းသား ဖြစ်သွားကြကာ တိုးတိုးတိတ်တိတ် ရေရွတ်မိကြတော့၏။
“ဒီကောင်မလေးက တကယ့်ကို လှတာပဲ။ ငါတို့ စာရင်းအင်း ဌာနကို ဒီလို အလှပဂေးလေး တစ်ယောက် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ နောက်ဆို အလုပ်လုပ်ရတာ တက်ကြွတော့မှာပဲ”
“ဟုတ်ပါ့... ဒီကောင်မလေးက အသံလွှင့်ခန်းက စက်ရုံအလှပဂေးကြီး ယွီ ထက်တောင် ပိုလှသေးတယ်။ နောက်ဆို စက်ရုံ အလှပဂေးဘွဲ့က ပိုင်ရှင်ပြောင်းတော့မယ် ထင်တယ်”
ယန်ချုံး ဝယ်ယူရေးဌာနသို့ ရောက်ရှိလာသောအခါ ဌာနမှူး လျိုလောင်ပန်က သူ့အား လုပ်ဖော်ကိုင်ဖက် အသစ်များနှင့် မိတ်ဆက်ပေးပြီးနောက် အလုပ်တာဝန်ကို တိုက်ရိုက် ချမှတ်ပေးလေသည်။
“ယန်ချုံး... နောက်ဆို မင်းရဲ့ တာဝန်က တောထဲ တောင်ထဲ သွားပြီး ငါတို့အတွက် အမဲလိုက်ပေးရမယ်။ တောဝက်တွေ၊ တောယုန်တွေကို ဖမ်းပေးရမယ်။ တခြားအလုပ်တွေကို မင်း ဂရုစိုက်စရာ မလိုဘူး။ အလုပ်ချိန်ကလည်း စိတ်ကြိုက်ပဲ။ မနက်ခင်း လာပြီး နာမည်စာရင်း ပေးရုံပဲ။ ညနေပိုင်း စောစောပြန်ရောက်ရင် ဖမ်းမိလာတာတွေကို ထမင်းစားဆောင်ကို အပ်။ နောက်ကျသွားရင်တော့ နောက်ရက်မှ အပ်ပေါ့”
ဤသည်မှာ အမှန်တကယ်ပင် ကောင်းမွန်လှပေ၏။ အလုပ်ချိန်မှာ စိတ်ကြိုက် ပြောင်းလွယ်ပြင်လွယ် ရှိသဖြင့် ယန်ချုံး အလွန်တရာ သဘောကျနှစ်ခြိုက် သွားမိသည်။
ယင်းနောက် လျိုလောင်ပန်က အလုပ်ဝင်ခွင့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးပြီးနောက် ဝန်ထမ်း ကတ်ပြား၊ ဝန်ထမ်း ယူနီဖောင်းနှင့် ကူပွန်လက်မှတ် အချို့ကို ထုတ်ပေးခဲ့၏။ ဤခေတ်ကာလတွင် ပစ္စည်းဥစ္စာ အလွန်ရှားပါးလှသဖြင့် အရာခပ်သိမ်းနီးပါးကို ကူပွန်လက်မှတ်များဖြင့်သာ လဲလှယ်ဝယ်ယူရပြီး ဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်းခွင်မှ ဤကူပွန်များကို ထုတ်ယူခွင့် ရရှိကြခြင်း ဖြစ်ပေသည်။
နောက်ဆုံး၌ လျိုလောင်ပန်က သူ့အတွက် အသစ်စက်စက် စက်ဘီး တစ်စီးကိုပါ အထူးတလည် ထုတ်ပေးခဲ့လေသည်။ ထိုအရာမှာ ဝယ်ယူရေး ဝန်ထမ်းများအတွက် ပေးအပ်သော အထူးခံစားခွင့် တစ်ရပ်ဖြစ်ပြီး အပြင်သို့ မကြာခဏ သွားလာရသဖြင့် လူတိုင်းကို စက်ဘီး တစ်စီးစီ ပံ့ပိုးပေးထားခြင်း ဖြစ်၏။
“ကဲ... မင်း လုပ်စရာရှိတာ သွားလုပ်တော့။ မှတ်ထားနော် အသားရဖို့ကိုပဲ အာရုံစိုက်… ကျန်တဲ့ ကိစ္စတွေက အေးဆေးပဲ”
လျိုလောင်ပန်က နောက်ဆုံးတွင် မှာကြားလိုက်၏။
ယန်ချုံးက ခေါင်းညိတ်ပြလျက် လျိုလောင်ပန်၏ နားအနီးသို့ တိုးတိုးလေး ကပ်၍ ပြောဆိုလိုက်သည်။
“ဌာနမှူး... ကျွန်တော်က တောင်ထဲသွားရမှာ ဆိုတော့ စက်ဘီးက သုံးဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော့်မိန်းမကို ပေးစီးလို့ ရမလား”
လျိုလောင်ပန်က စဉ်းစားတွေးတောခြင်းပင် မပြုဘဲ ခွင့်ပြုလိုက်၏။
“ရတာပေါ့… မင်းကို ထုတ်ပေးထားတာဆိုတော့ မင်းပိုင်တာပဲလေ။ ဘယ်သူ့ကို ပေးစီးစီး ရတယ်။ မပျောက်စေနဲ့ပေါ့။ စီးလို့ ပျက်စီးသွားရင်တော့ ကိုယ့်ဘာသာကိုယ် ပြင်ရမယ်နော်”
“ဟုတ်ကဲ့ပါ ဌာနမှူး… ကျွန်တော် သိပါပြီ။ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်”
ယန်ချုံးသည် ပြောပြောဆိုဆိုဖြင့် အပြင်သို့ ထွက်ခွာလာကာ စက်ဘီးကို စစ်ဟဲ့ယွမ် ခြံဝင်းအိမ်ရာသို့ ပြန်လည် စီးနင်းသွားပြီး ယန်ရှောင်ကျွမ်း ထံသို့ အပ်နှံလျက် အဆောတလျင် ပြန်လည်ထွက်ခွာ လာခဲ့၏။
ဘတ်စ်ကားပေါ်တွင် ထိုင်လျက် လိုက်ပါလာစဉ်အတွင်း သူသည် စိတ်အစဉ်၌ ရင်းနှီးကျွမ်းဝင် နေသော အသံတစ်ခုကို ကြားသိလိုက်ရလေသည်။
“တိန်… ပိုင်ရှင်သည် သံမဏိစက်ရုံ ခွဲထွက် ဇာတ်လမ်းလိုင်း ကို စတင်စေခဲ့ပြီ ဖြစ်၍ ဆုလာဘ်အဖြစ် မွေးမြူရေးနယ်မြေ ချဲ့ထွင်ခွင့်နှင့် တိရစ္ဆာန်အစာ အမြောက်အမြားကို ပေးအပ်လိုက်ပါသည်...”
‘သံမဏိစက်ရုံ ခွဲထွက် လုပ်ငန်းလား။ မွေးမြူရေး နယ်မြေနဲ့ တိရစ္ဆာန် အစာတွေပါလား’
ယန်ချုံးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်လွန်းသဖြင့် အဘယ် အရပ်မျက်နှာသို့ ဦးတည်ရမည်ကိုပင် မသိရှိတော့ချေ။ ဤစနစ်သည် ပုံမှန်အားဖြင့် မည်သည့် လှုပ်ရှားမှုမျှ မရှိသော်လည်း ဆုလာဘ်များ ချီးမြှင့်ပြီ ဆိုလျှင်မူ မိုးကြိုးမုန်တိုင်း ဆင်ယင်သကဲ့သို့ အလုံးအရင်းနှင့် ပေးသနားတတ်ပေသည်။
သူသည် စနစ်ထဲရှိ ကိုယ်ပိုင် နေရာလွတ် နယ်မြေ အတွင်းသို့ အလျင်အမြန် ဝင်ရောက်ကြည့်ရှု လိုက်ရာ နယ်မြေမှာ အမှန်တကယ်ပင် အလွန်တရာ ကျယ်ပြန့်လာပြီး စားကျက်မြေ မွေးမြူရေးခြံ တစ်ခုပါ တိုးပွားလာသည်ကို မြင်တွေ့ရလေသည်။ အစောပိုင်းက သူ ထည့်သွင်းထားခဲ့သော တောဝက်ပေါက်လေး အနည်းငယ်မှာ စားကျက်မြေအတွင်း၌ ဟိုဟိုဒီဒီ ပြေးလွှားဆော့ကစား နေကြပြီး အလွန်ပင် တက်ကြွဖျတ်လတ်လျက် ရှိနေကြတော့သည်။