← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) - ခင်ဗျား အကူတစ်ယောက်လောက် ရှာထားတာ ပိုကောင်းမယ်

ချန်ရွှယ်ရူက ဆိုလိုက်သည်။

“လူကိုယ်တိုင် မလာနိုင်လည်း ကိစ္စမရှိပါဘူး။ သူ့ အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာ အချိုးအစားလေး ပြောပြရင်ကို ရပါပြီ”

ထို့နောက် ယန်ချုံးကို ဆိုင်အတွင်းသို့ ခပ်သုတ်သုတ် ဖိတ်ခေါ်လိုက်ကာ သွက်လက်စွာ မေးမြန်းလိုက်လေသည်။

“ကဲ... ပြောပါဦး နင့်ညီမလေးက အသက်ဘယ်လောက်လဲ။ အရပ်ကကော ဘယ်လောက်ရှိလဲ။ ပိန်သလား၊ ဝသလား”

“ကျွန်တော့်ညီမလေးက ၁၅ နှစ်၊ ၁၆ နှစ်လောက်တော့ ရှိပြီ။ အရပ်က ကျွန်တော့်ထက် ခေါင်းတစ်လုံးစာလောက် ပုတယ်။ ကိုယ်လုံးကိုယ်ပေါက်ကတော့ တော်တော်လေး ပိန်ပိန်ပါးပါးပါပဲ။ သိတဲ့အတိုင်းပဲလေ... ကျေးလက်မှာက စားစရာ သောက်စရာ ရှားတော့ အာဟာရမှ သိပ်မပြည့်ဝတာ”

ယန်ချုံးက စကားဆိုရင်း ပြတင်းမှ တစ်ဆင့် လမ်းမဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ထို့နောက် ဖြတ်လျှောက်သွားသော မိန်းမငယ်လေး တစ်ဦးအား လက်ညှိုးထိုးပြကာ မှတ်ချက်ပြုလိုက်သည်။

“အင်း... အဲဒီကောင်မလေးရဲ့ ကိုယ်လုံးလောက်တော့ ရှိမယ်”

ချန်ရွှယ်ရူသည် သူ ညွှန်ပြရာသို့ လှမ်းကြည့်ပြီးနောက် ခေါင်း တညိတ်ညိတ်ဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ ရလောက်ပါတယ်။ ချုပ်ပေးလို့ရတယ်”

ထို့နောက် စိတ်ထဲမှ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ကာ ဆိုပြန်သည်။

“ဒါဆိုရင်တော့ ပိတ် စကူပွန်က ၁ ကျန့် ၃ ချီ၊ ၁၃ တောင် လောက်တော့ လိုလိမ့်မယ်”

ထိုအခါ ယန်ချုံး၏ မျက်ခုံး အစုံက တွန့်ချိုးသွားလေသည်။

ယန်ချုံး၏ အမူအရာကို ချက်ချင်းပင် အကဲခတ်မိသွားသော ချန်ရွှယ်ရူက လှမ်းမေးလိုက်သည်။

“ဘာဖြစ်လို့လဲ။ ပိတ်စ ကူပွန် မလောက်လို့လား”

ယန်ချုံးက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

“ဟုတ်တယ် မလောက်ဘူး ဖြစ်နေတယ်။ ကျွန်တော့်မှာက ၇ ချီစာပဲ ရှိတော့တာ။ အဲဒါ...”

ချန်ရွှယ်ရူက စကားကို ဖြတ်ကာ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ရပါတယ် ၇ ချီဆိုလည်း ၇ ချီပေါ့။ အခုနက နင်သာ တံခါးချပ်ကြီးကို ဝင်မဖမ်းပေးရင် ငါတော့ ဒုက္ခရောက်ပြီလေ။ နင့်ကျေးဇူးကြောင့် ဘေးကင်းသွားတာပဲ။ ဒီလောက် ပိတ်စ ကူပွန်လေး လျှော့ပေးရတာ ကိစ္စမရှိပါဘူး”

ထိုအခါမှ ယန်ချုံးလည်း သက်ပြင်းချနိုင်သွားကာ ဆိုလိုက်သည်။

“ဒါဆိုရင်တော့ ဆိုင်ရှင်အစ်မကို ကျေးဇူးတင်ရမှာပဲ။ ဒီလိုလုပ်လေ... ပိတ်စ ကူပွန် လျှော့ပေးတဲ့အတွက် ပိုက်ဆံကိုတော့ ပိုပြီး ယူလိုက်ပါ”

ချန်ရွှယ်ရူသည် သူမ၏ ဗာဒံစေ့ပုံ မျက်လုံးဝိုင်းကြီးများဖြင့် ယန်ချုံးကို စောင်းငဲ့ကြည့်လိုက်ကာ ချစ်စဖွယ် မျက်စောင်းလေး ထိုးလိုက်လေသည်။

“အို... ပိုယူစရာလား။ နင်က ငါ့ကို ဘယ်လိုလူ အောက်မေ့နေတာလဲ။ ပိုက်ဆံပဲ သိပြီး သံယောဇဉ်ကို မငဲ့ကွက်တတ်တဲ့သူလို့ ထင်နေတာလား”

‘ငါက တံခါးချပ်လေး ကူဖမ်းပေးရုံပဲလေ။ ဘယ်လိုလုပ်ပြီး သံယောဇဉ်တွေအထိ ရောက်သွားရတာလဲ’

ယန်ချုံး၏ စိတ်ထဲက ကြိတ်၍ တွေးတောမိလိုက်သော်လည်း နှုတ်မှ အပြင်သို့ ဖွင့်ဟ မလာခဲ့ပေ။ သူက ပြုံးရုံသာ ပြုံးလိုက်ပြီး ဆိုသည်။

“ဒါဆိုလည်း ကျေးဇူးပါပဲ ဆိုင်ရှင်ရွှယ်ရူ”

“ကဲပါ... အားနာ မနေပါနဲ့တော့။ လာ... ပိတ်စ ရွေးကြမယ်။ ငါ့ဆီကို အရောင်တောက်တောက် ပန်းပွင့် ဒီဇိုင်းအသစ်တွေ အခုလေးတင် ရောက်ထားတာ။ ကောင်မလေးတွေ ဝတ်ဖို့တော့ ကွက်တိပဲ။ ဘယ်ဟာကြိုက်လဲ ကြည့်ကြည့်ဦး”

စကားပြောပြောဆိုဆိုဖြင့် ချန်ရွှယ်ရူသည် ကောင်တာအတွင်းသို့ ဝင်သွားကာ ပိတ်စ နှစ်လိပ်ကို ဆွဲထုတ်လာပြီး ယန်ချုံးအား ရွေးချယ်စေသည်။ သူမက ပိတ်စကို ဖြန့်ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံတိုင်းထွာပြရင်း ပြုံးရွှင်စွာ မေးလိုက်လေသည်။

“ကြည့်ပါဦး... အစ်မသာ ဒီပန်းပွင့် ဒီဇိုင်းလေးနဲ့ဆိုရင် လှလောက်ရဲ့လား”

ချန်ရွှယ်ရူသည် နဂိုကပင် ဖြူဝင်းလှပသော အသားအရေကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ တောက်ပသော ပိတ်စ အရောင်နှင့် တွဲဖက်လိုက်သောအခါ ပို၍ပင် ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းနေတော့သည်။ ထို့ကြောင့် ယန်ချုံးက ခေါင်းညိတ်ထောက်ခံပြီး ချီးကျူးစကား ဆိုလိုက်သည်။

“လှပါတယ်။ ဆိုင်ရှင်ရွှယ်ရူက အရင်းခံကိုက လှနေတော့ ဘာဝတ်ဝတ် ကြည့်ကောင်းနေတာပါပဲ”

ချန်ရွှယ်ရူက တခိခိ ရယ်မောလိုက်ရင်း ဆိုသည်။

“နင်က စကားလည်း တတ်တယ်။ မိန်းမတွေကိုလည်း သဘောကျအောင် ပြောတတ်သားပဲ။ ဒါကြောင့်လည်း ဒီလောက်လှတဲ့ မိန်းမချောလေးကို ရထားတာကိုး”

ထို့နောက် စပ်စုချင်စိတ်ဖြင့် စကားဆက်လိုက်သည်။

“ဒါနဲ့... နင်က မိန်းမနဲ့ ညီမလေးအတွက်ပဲ အင်္ကျီချုပ်ပြီး ကိုယ့်အတွက်ကျတော့ ဘာလို့ တစ်စုံမှ မချုပ်ရတာလဲ”

“ကျွန်တော်က ယောက်ျားလေးပဲလေ။ အဆင်ပြေတာ ကောက်ဝတ်လိုက်ရုံပါပဲ။ အင်္ကျီအသစ် ချုပ်နေစရာ မလိုပါဘူး။ ပြီးတော့ စက်ရုံက ထုတ်ပေးတဲ့ ယူနီဖောင်းလည်း ရှိသေးတယ်လေ”

ယန်ချုံးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ထိုစကားကြောင့် ချန်ရွှယ်ရူ၏ မျက်လုံးများ အရောင်လက်သွားကာ ဆက်တိုက် မေးလေတော့သည်။

“အာ... ဒါဆို နင်က ဘယ်စက်ရုံကလဲ။ နိုင်ငံပိုင် စက်ရုံလား။ အလုပ်က ဘာလုပ်တာလဲ”

ယန်ချုံးက သူ၏ အလုပ်ကတ်ပြားလေးကို ထုတ်ပြလိုက်ရာ ချန်ရွှယ်ရူက ချက်ချင်းပင် လှမ်းဆွဲယူ ကြည့်လိုက်ပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။

“သံမဏိစက်ရုံ... ဟုတ်လား။ တကယ်ကြီး နိုင်ငံပိုင် စက်ရုံပဲ။ ဟာ... ပစ္စည်းဝယ်ယူရေး အရာရှိတဲ့လား။ မပြောရဘူး... ပြီးခဲ့တဲ့ အကြိမ် နင့်ကို တွေ့ကတည်းက တခြားလူတွေနဲ့ မတူဘဲ ထူးခြားနေတယ်လို့ ထင်နေတာ။ အရာရှိကိုး...”

ယန်ချုံး၏ စိတ်ထဲတွင်တော့ သရော်ချင်စိတ်ဖြင့် ကျိတ်တွေးလိုက်မိသည်။

‘ကျွန်တော် ပြီးခဲ့တဲ့ အကြိမ် ဆိုင်ကို လာတုန်းက သံမဏိစက်ရုံထဲတောင် ခြေချခွင့် မရသေးပါဘူး။ ဘယ်လိုလုပ် တခြားလူနဲ့ မတူဘဲ ထူးခြားနေရမှာလဲ’

“နင့်နာမည်က ယန်ချုံးကိုး။ ဒီနှစ်မှ ၂၁ နှစ်ပဲ ရှိသေးတာလား။ ငါ့ထက် ၃ နှစ်တောင် ငယ်တာပဲ။ စကားပုံတောင် ရှိတယ်လေ... မိန်းမက ၃ နှစ်ကြီးရင်...”

ချန်ရွှယ်ရူက စကားဆက်လိုက်သည်။

ယန်ချုံးက အလုပ်ကတ်ပြားကို အမြန်ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက် သိပ်ပြီး တောက်ပြောင်လွန်းခြင်း မရှိဘဲ သူ၏ ညီမလေး ယန်ရှောင်ကျွမ်း သေချာပေါက် နှစ်သက်နိုင်မည့် အရောင်ကိုသာ ရွေးချယ်ကာ စကားဖြတ်လိုက်လေသည်။

“ဆိုင်ရှင်ရွှယ်ရူ... ဒီ ဒီဇိုင်းပဲ ယူတော့မယ်။ စုစုပေါင်း ဘယ်လောက်ကျလဲသာ တွက်ပေးပါတော့… ပိုက်ဆံ ရှင်းခဲ့မယ်”

ချန်ရွှယ်ရူ၏ မျက်နှာတွင် အနည်းငယ် စိတ်ပျက်သွားဟန် ပေါ်လွင်သွားသော်လည်း ဆက်မပြောတော့ဘဲ ကျသင့်ငွေကို တွက်ချက်ပေးလိုက်သည်။

“တခြားလူဆိုရင်တော့ ၁၂ ယွမ် ကျမှာ။ နင်ကတော့ ၁၀ ယွမ်ပဲ ပေးတော့”

ယန်ချုံးက ခေါင်း တညိတ်ညိတ်နှင့် လက်ခံလိုက်သော်လည်း သူ၏ အိတ်ထဲမှ ၇ ချီစာ ပိတ်စ ကူပွန်နှင့် တကွ ငွေ ၁၂ ယွမ် တိတိကိုပါ ထုတ်၍ ကောင်တာပေါ်သို့ တင်ပေးလိုက်သည်။

“ဆိုင်ရှင်ရွှယ်ရူ... ကူပွန်ကို လျှော့ယူပေးထား ပြီးပြီပဲ။ ပိုက်ဆံကိုတော့ ထပ်မလျှော့ပါနဲ့တော့”

ထိုအခါ ချန်ရွှယ်ရူက တခိခိ ရယ်မောလိုက်ရင်း မှတ်ချက်ပြုလေသည်။

“နင်လို ယောက်ျားမျိုး တစ်ခါမှကို မမြင်ဖူးပါဘူးဟယ်။ အလကားရမဲ့ အခွင့်အရေးကိုတောင် မယူဘူး”

ငွေရှင်းပြီးသွားသောအခါ ချန်ရွှယ်ရူက သူ့အား ဆိုင်အပြင်ဘက်အထိ လိုက်ပါပို့ဆောင် ပေးခဲ့သည်။ ယန်ချုံးမှာ ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ တစ်စုံတစ်ခုကို သတိရဟန်ဖြင့် နောက်သို့ ပြန်လှည့်လာခဲ့သည်။

“ဘာဖြစ်လို့လဲ။ တစ်ခုခု ကျန်ခဲ့လို့လား”

ချန်ရွှယ်ရူက စပ်စပ်စုစုဖြင့် မေးလိုက်သည်။

ယန်ချုံးက ဘာမှ ပြန်မပြော။ ဘေးနားတွင် ထောင်ထားသော တံခါးချပ်ကြီးကို မယူလိုက်ကာ တံခါးဘောင်ပေါက်အတွင်းသို့ အံကျဖြစ်အောင် တပ်ဆင်ပေးလိုက်သည်။ သူ၏ ခွန်အားမှာ သာမန်လူတို့ထက် အဆမတန် သာလွန်လွန်းလှရာ ချန်ရွှယ်ရူ တစ်ယောက် နေ့စဉ်နေ့တိုင်း မချိတင်ကဲ ရုန်းကန်ရသည့် လေးလံသော တံခါးချပ်ကြီးများမှာ သူ၏ လက်ထဲတွင်တော့ စက္ကူချပ်လေးများ ပမာ ပေါ့ပါး လွယ်ကူစွာဖြင့် နေရာတကျ ဖြစ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ချန်ရွှယ်ရူ၏ မျက်နှာထက်တွင် အံ့သြမှင်တက်ခြင်းများက အထင်းသား ပေါ်လွင်သွားရသည်။

“ဆိုင်ရှင်ရွှယ်ရူ... ဒီတံခါးချပ်တွေက အရမ်းလေးတယ်။ မိန်းမသား တစ်ယောက် လုပ်ရမဲ့ အလုပ်မျိုး မဟုတ်ဘူး။ ခင်ဗျား အကူတစ်ယောက်လောက် ရှာထားတာ ပိုကောင်းမယ်ထင်တယ်”

ယန်ချုံးက စေတနာဖြင့် အကြံပြုလိုက်သည်။

ချန်ရွှယ်ရူက သူ့အား စိုက်ကြည့်ရင်း မျက်စပစ်ကာ မေးလိုက်သည်။

“ဒါဆို... ငါ နင့်ကို ငှားရင်ကော ရမလား”

ယန်ချုံးက ထိုစကားကို ပြန်မဖြေဘဲ စကားလမ်းကြောင်း လွှဲပစ်လိုက်သည်။

“ကဲ... ဆိုင်ရှင်ရွှယ်ရူ ကျွန်တော် အမြန်သွားမှ ဖြစ်တော့မယ်။ မိန်းမက အိမ်မှာ စောင့်နေလောက်ပြီ။ ဒါနဲ့ အင်္ကျီကို ဘယ်နေ့လာယူရမလဲ”

“သန်ဘက်ခါပေါ့”

ချန်ရွှယ်ရူက ပြန်ဖြေသည်။

“ကောင်းပါပြီ သန်ဘက်ခါမှပဲ တွေ့ကြတာပေါ့”

ယန်ချုံးက လက်လှမ်းပြ နှုတ်ဆက်လိုက်ပြီးနောက် နောက်သို့ တစ်ချက်မျှ လှည့်မကြည့်တော့ဘဲ ခပ်သွက်သွက် ထွက်ခွာသွားလေတော့သည်။

တဖြည်းဖြည်း ဝေးကွာသွားသော သူ၏ ကျောပြင်ကို ငေးကြည့်ရင်း ချန်ရွှယ်ရူ တစ်ယောက် နှုတ်ခမ်းလေးစူကာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

‘ဟူး... လူကောင်းတွေနဲ့ကျမှ ငါ ဘာလို့ အမြဲ လွဲချော်နေရတာပါလိမ့်’

စစ်ဟဲ့ယွမ် လေးထောင့် ခြံဝင်းကြီးသို့ သူ ပြန်ရောက်သွားသောအခါ ဝင်းထဲရှိ ကလေး တသိုက်မှာ သူ၏ အိမ်ရှေ့၌ စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။ သူ စီးလာခဲ့သော အသစ်စက်စက် စက်ဘီးကြီးကို ဝိုင်းအုံ ကြည့်ရှုနေကြခြင်းပင် ဖြစ်သည်။

ဤဝင်းကြီးထဲတွင် စက်ဘီးဟူ၍ မရှိသည်တော့ မဟုတ်။ အရှေ့ဝင်းမှ စန်းတာ့ယဲ့ တတိယဦးလေးကြီးတွင် တစ်စီး ရှိသကဲ့သို့ အနောက်ဝင်းမှ ရွှီတာမောက်တွင်လည်း တစ်စီး ရှိသည်။

သို့သော် သူတို့၏ စက်ဘီးများမှာ အဟောင်းအနွမ်းများသာ ဖြစ်သည်။ အထူးသဖြင့် စန်းတာ့ယဲ့၏ စက်ဘီးဆိုလျှင် စက်ဘီးပြင်ဆိုင်မှ ဝယ်လာသည့် တစ်ပတ်ရစ် ပစ္စည်းဖြစ်ကာ ဟိုနားဒီနားမှ အပိုပစ္စည်းများကို ဖာထေးစပ်ဟပ် ထားခြင်းသာ ဖြစ်သည်။ ယန်ချုံး၏ စက်ဘီးကဲ့သို့ အသစ်စက်စက်ဖြစ်ကာ လူရိပ်ပင် ထင်ဟပ်လောက်အောင် ပြောင်လက်နေခြင်းမျိုး မဟုတ်ပေ။ မြင်ဖူးသမျှ လူတိုင်းမှာ ခြေစုံရပ်ငေးကာ အားကျမဆုံး ဖြစ်နေရတော့သည်။

ထိုအချိန်တွင် သူ၏ ဇနီး ယွီရှို့သည် စက်ဘီးဘေး၌ ရပ်လျက် အဝတ်စုတ် တစ်ထည်ဖြင့် နဂိုကတည်းက ပြောင်လက်နေသော စက်ဘီးကို ဖုန်တစ်စမှ မရှိစေရန် သေချာစွာ ပွတ်သပ်သုတ်သင် နေသည်။ သူမ၏ မျက်နှာအထက်တွင် ပျော်ရွှင် ကြည်နူးမှုများက လျှံကျနေ၏။ အလုပ်မှ ပြန်ရောက်ကတည်းက ညီမဖြစ်သူ ရှောင်ကျွမ်း ပြောပြ၍ ဤစက်ဘီးမှာ စက်ရုံမှ ယန်ချုံးအား ထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိထားပြီးပြီ ဖြစ်ရာ သူမ၏ စိတ်အစဉ်၌ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေရလေသည်။

ဝင်းထဲရှိ လူအားလုံးကလည်း ယန်ချုံးတို့ လင်မယား နှစ်ယောက်စလုံး သံမဏိစက်ရုံတွင် အလုပ်ရသွားသည့် သတင်းကို ကြားသိထားပြီးပြီ ဖြစ်သည်။ အလုပ်ဝင်သည့် ပထမဆုံးနေ့မှာပင် စက်ရုံက စက်ဘီးတစ်စီး ထုတ်ပေးလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ အားလုံးမှာ အားကျမဆုံး ဖြစ်ကုန်ကြသည်။ ယန်မိသားစုတော့ ကံပွင့်သွားလေပြီဟု တီးတိုးပြောဆို နေကြသည်။

ယခင်က ထမင်းပင် ဝဝလင်လင် မစားရဘဲ ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်နေခဲ့ရာမှ ယခုအခါ ဇနီးချော တစ်ယောက် ကောက်ရရုံမျှ သာမက လင်မယား နှစ်ယောက်စလုံး နိုင်ငံပိုင် စက်ရုံတွင် အမြဲတမ်း ဝန်ထမ်းများ ဖြစ်သွားကြပြီ မဟုတ်ပါလော။

ထိုမျှမက သားနားလှသော စက်ဘီး တစ်စီးပါ ထုတ်ပေးထားသေးရာ မည်သူကများ အားမကျဘဲ နေနိုင်ပါမည်နည်း။

သို့သော် ကျားမိသားစု၏ တုံ့ပြန်မှုကတော့ တစ်ခြားစီပင်။ ကျားကျန်းရှစ်သည် ထိုအသစ်စက်စက် စက်ဘီးကြီးကို မျက်လုံး နှစ်လုံးမှ မီးပွင့်မတတ် စိုက်ကြည့်နေမိသည်။ ထို့နောက် မြေကြီးပေါ်သို့ တံတွေး တစ်ချက် ခပ်ပြင်းပြင်း ထွေးချလိုက်ပြီး မကျေမချမ်း ရေရွတ်လေသည်။

“ဟွန်း... စက်ဘီး တစ်စီးလေးများ ဘာဆန်းတာမှတ်လို့”

ထို့နောက် ဒေါသတကြီးဖြင့် အိမ်ထဲသို့ ပြန်ဝင်သွားကာ ခုတင်ပေါ်တွင် ဆောင့်အောင့်ထိုင်ချ လိုက်သည်။ အတွေးများလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်နေတော့သည်။

“ဟွန်း... ဘာမို့လို့လဲ။ ငါတို့အိမ်က ယောက်ျားကြီးက သံမဏိစက်ရုံအတွက် အသက်ပေးသွားခဲ့ရတာ။ တုန်းရွှီလည်း စက်ရုံမှာ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ စက်ဘီး တစ်စီးတောင် အရိပ် မမြင်ဖူးဘူး။ သူလို မိဘမဲ့ အဆုံးအမ မရှိတဲ့ကောင်ကကျတော့ စက်ရုံထဲ ဝင်ဝင်ချင်း ဘာလို့ စက်ဘီးရရတာလဲ။ ပြီးတော့ သူက ဘာအစွမ်းရှိလို့ သံမဏိစက်ရုံထဲ ဝင်ခွင့်ရတာလဲ။ ဟိုသူတောင်းစားမလေး ကိုတောင် အလုပ်ထဲ ခေါ်သွင်းသွားသေးတယ်”

ထိုသို့ပြောရင်းနှင့် သူမ၏ စူးရှသော အကြည့်များက ချွေးမဖြစ်သူ ချင်ဟွိုင်ရူဆီသို့ ရောက်သွားကာ အပြစ်တင် ကြိမ်းမောင်းလေတော့သည်။

“ချင်ဟွိုင်ရူ... နင် သူတပါးတွေကိုလည်း ကြည့်စမ်းပါဦး။ ဟို သူတောင်းစားမလေးတောင် နိုင်ငံပိုင် စက်ရုံထဲဝင်ပြီး လစာရနေပြီ။ နင်ကျတော့ နေ့တိုင်း အလကား ထမင်းထိုင်စားပြီး ငါ့သား တုန်းရွှီကိုပါ ဒုက္ခပေးနေတယ်”

ချင်ဟွိုင်ရူ ခမျာ ဘာမှ ပြန်မပြောနိုင်ဘဲ ဆွံ့အလျက်သာ… ။

All Chapters