← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) - မင်း ဘေးအိမ်သွားပြီး အသား သွားချေးချေ

ချင်ဟွိုင်ရူ ခမျာ ရင်ထဲ၌ အတော်လေး ခံပြင်းသွားရှာသည်။ သူမက စိတ်ထဲမှ ကြိတ်တွေးလိုက်မိသည်။

‘ဘာလို့ ငါ့အပြစ်ပဲ အမြဲ ဖြစ်နေရတာလဲ။ ဟိုသူတောင်းစားမလေးက နိုင်ငံပိုင် စက်ရုံထဲ ဝင်နိုင်သွားတာ ယန်ချုံးက အရည်အချင်းရှိလို့လေ။ ငါ ကျားတုန်းရွှီနဲ့ လက်ထပ်ထားတာ နှစ်တွေသာ ကြာလာတယ်။ အခုထိ အလကား ထိုင်စားနေရတဲ့ ဘဝကို ဘယ်သူ့သွား အပြစ်တင်ရမလဲ။ ရှင်တို့ မိသားစု အသုံးမကျတာကိုပဲ အပြစ်တင်ရမှာပေါ့’

သို့သော်ငြားလည်း ထိုစကားများကို နှုတ်မှ အပြင်ထုတ်ပြောရန် သူမ အလျဉ်း မဝံ့ရဲပေ။ အကယ်၍သာ ပြောထွက်လိုက်မိပါက အရိုက်ခံရမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။ ထို့ကြောင့် မကြားချင်ယောင်ဆောင်ကာ ဒေါသကို မျိုသိပ်လျက် ခေါင်းငုံ့၍သာ ကိုယ့်အလုပ်ကို ဆက်လုပ်နေလိုက်ရတော့သည်။

မကြာမီတွင်ပင် ကျားတုန်းရွှီ ပြန်ရောက်လာခဲ့သည်။ အိမ်ထဲမဝင်မှီ ကတည်းက စက်ဘီးကို မြင်တွေ့ခဲ့ရသဖြင့် သူ၏ မျက်နှာကြီးမှာ အိမ်ပေါက်ဝ၌ ကတည်းက မည်းမှောင်နေခဲ့လေပြီ။

စက်ရုံ၌ ရှိနေစဉ်ကတည်းက ယန်ချုံးတို့ ဇနီးမောင်နှံ နှစ်ဦးစလုံး သံမဏိစက်ရုံထဲသို့ အမှန်တကယ် ဝင်ရောက်သွားပြီဟူသော သတင်းကို ကြားလိုက်ရသဖြင့် သူ၏ ရင်ထဲ၌ မကျေမချမ်း ဖြစ်နေခဲ့သည်။ အစပိုင်းကမူ ထိုသူနှစ်ဦး အလုပ်ရုံထဲသို့ ရောက်လာပါက တစ်နည်းနည်းဖြင့် ဒုက္ခပေးမည်ဟု ကြံစည်ထားခဲ့သေးသည်။ မည်သို့ပင် ဆိုစေကာမူ သူသည် စက်ရုံထဲသို့ ဝင်ရောက်လာခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည့် အလုပ်သမားဟောင်း တစ်ဦး မဟုတ်ပါလော။ ထို့ပြင် သူ၏ ဆရာဖြစ်သူ ယီကျုံးဟိုင်မှာလည်း စက်ရုံ၌ ရှားရှားပါးပါး အဆင့် (၈) စက်ပြင် ဆရာတစ်ဦး ဖြစ်လေရာ ယခုမှ စက်ရုံထဲသို့ ဝင်ခါစ အလုပ်သမားသစ် တစ်ဦးကို ဖိနှိပ်ရန် ဆိုသည်မှာ လက်ဖျောက် တစ်ချက် တီးလိုက်သကဲ့သို့ လွယ်ကူလှသော ကိစ္စရပ်ပင် ဖြစ်သည်။

သို့သော် ထင်မှတ် မထားစွာပင် ထိုသူနှစ်ဦးစလုံးသည် အလုပ်ရုံထဲသို့ ရောက်မလာခဲ့ကြပေ။ ယန်ချုံးက ဝယ်ယူရေးဌာနသို့ ဝင်သွားခဲ့ပြီး ယွီရှို့ဆိုသည့် ထိုသူတောင်းစားမလေးမှာလည်း စာရင်းအင်းဌာနသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။ ဤသည်မှာ နောင်တစ်ချိန်တွင် အရာရှိအဆင့် အခွင့်အရေးများကိုပင် ရရှိသွားနိုင်သည့် အနေအထားဖြစ်သည်။

ထို့ကြောင့် ဆရာတပည့် နှစ်ဦးစလုံး၏ စိတ်အခြေအနေမှာ ချက်ချင်းဆိုသလို ဆိုးရွားသွားခဲ့ရသည်။ အထူးသဖြင့် မွန်းတည့်ချိန် ထမင်းစားဆောင်၌ အစားစားနေစဉ် ထိုနေ့က စားရသော ဝက်သား ပဲကြာဆံဟင်းမှာ အသစ်ဝင်လာသည့် ယန်ချုံးက မျက်နှာလုပ် အိတ်စိုက် ကျွေးမွေးထားခြင်း ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ထိုဝက်သားဟင်းမှာ စား၍ပင် မကောင်းတော့သလို ခံစားလိုက်ကြရသည်။ ယခု အိမ်ရာဝင်းထဲသို့ ပြန်ရောက်သည့် တိုင်အောင် စက်ရုံမှ ယန်ချုံးအား ထုတ်ပေးလိုက်သည့် စက်ဘီးကို မြင်လိုက်ရ ပြန်သောအခါ ဆရာတပည့် နှစ်ဦးစလုံး၏ ရင်ထဲ၌ ပို၍ပင် အောင့်သက်သက် ဖြစ်သွားရလေတော့သည်။

ချင်ဟွိုင်ရူမှာ ခင်ပွန်းဖြစ်သူ၏ မျက်နှာထားကို ကြည့်ကာ ဘာမှ မပြောရဲတော့ဘဲ ချက်ပြုတ်ထားသော ထမင်းဟင်းများကို အမြန်ချ ပေးလိုက်ရသည်။ ထို့နောက် ကျားတုန်းရွှီ၊ ကျားကျန်းရှစ်နှင့် ပန့်ကန့်တို့အတွက် ထမင်းခူးပေးလိုက်သည်။ ထို့နောက်မှ သူမသည် သမီးဖြစ်သူ ရှောင်တန်းကို ခေါ်၍ ထောင့်စွန်းတစ်ခုရှိ ခုံတန်းလျားလေးပေါ်၌ ဝင်ထိုင်ကာ သတိထားပြီး ထမင်းစားနေလိုက်သည်။

“ဟွန်း... ဘေးအိမ်က ကောင်စုတ်လေး ဘယ်လို လူကြီးပိုင်းနဲ့ သွားချိတ်မိလဲ မသိပါဘူး။ သံမဏိစက်ရုံထဲတောင် ဝင်လုပ်နိုင်တယ်ဆိုပဲ။ ကောင်းကင်ဘုံကလည်း တကယ် မျက်စိ မပါဘူး။ ဒီလိုလူမျိုးက နိုင်ငံပိုင် စက်ရုံထဲ ဝင်ဖို့ တန်လို့လား။ ဘူတာရုံနဲ့ ဆိပ်ကမ်းတွေမှာ အထမ်းသမားပဲ သွားလုပ်သင့်တာ”

ထမင်းစားရင်း ကျားကျန်းရှစ်က မကျေမချမ်း ကျိန်ဆဲလိုက်သည်။ ကျားတုန်းရွှီက သက်ပြင်း တစ်ချက်ချကာ ဝင်ပြောသည်။

“အမေက မသိလို့ပါ။ ဒီယန်ချုံးက မကြာသေးခင်က ဘာတွေ ပူးကပ်သွားလဲ မသိဘူး။ အမဲလိုက် အရမ်းတော်နေတယ်။ သူက တောဝက်ကြီး နှစ်ကောင်တောင် အမဲလိုက်ပြီး စက်ရုံကို သွားရောင်းလိုက်တာ။ စက်ရုံ ထမင်းစားဆောင်မှာက ဝက်သားပြတ်နေတာ ကြာပြီလေ။ စက်ရုံမှူး ယန်က သူ့ကို ရတနာတစ်ပါးလို သဘောထားနေတာ။ မဟုတ်ရင် ဘယ်လိုလုပ် စက်ရုံထဲ ဝင်လုပ်ခွင့်ပေးမလဲ”

“ဒါ ဘယ်လို ခေတ်ကြီးလဲ။ ဒီခေါင်းဆောင်တွေကလည်း တကယ့်ကို အသုံးမကျဘူး။ ယုန် တစ်ကောင် မိရုံလေးနဲ့ စက်ဘီး တစ်စီးတောင် ထုတ်ပေးတယ်တဲ့။ ငါ့သားက ဒီလောက် အရည်အချင်းရှိတာကိုတောင် စက်ဘီးထုတ်ပေးတာ မမြင်ဖူးဘူး။ ဒီခေါင်းဆောင်တွေ အားလုံး မျက်စိကန်းနေကြတာပဲ”

ကျားကျန်းရှစ်က ဒေါသတကြီး ပြောဆိုလေသည်။

ထိုစဉ် ပန့်ကန့်က လက်ထဲမှ တူကို ပစ်ချလိုက်ပြီး အော်ပြောလိုက်သည်။

“သား ဒီ ဝေါ့ဝေါ့ထို ပြောင်းဖူးမုန့်လည်း မစားချင်ဘူး။ မုန်လာဥလည်း မစားချင်ဘူး။ သား အသားစားချင်တယ်”

“အမယ်လေး မြေးလေးရယ်... အသားစားချင်ရင် မင်းအဖေ လစာထုတ်မှ သွားဝယ်ကျွေးမယ်လေကွယ်။ အခုက ဘယ်မှာ အသားရှိလို့လဲ”

ကျားကျန်းရှစ်က ချော့မော့ ပြောဆိုသည်။

“ဘေးအိမ်မှာ အသားရှိတယ်။ အခုနက သား မြင်လိုက်တယ်။ ဘေးအိမ်က ယန်အစ်ကိုကြီး ပြန်လာတုန်းက ပခုံးပေါ်မှာ အိတ်တစ်အိတ် ထမ်းလာတာ။ အထဲက ဟာက လှုပ်တောင် လှုပ်နေသေးတယ်။ ယုန် ဒါမှ မဟုတ် တောကြက် ဖြစ်ရမယ်။ သူတို့ ညကျရင် အသားစားမှာ သေချာတယ်”

ပန့်ကန့်က ပြောရင်း နှာခေါင်းကို နှစ်ချက်ခန့် ရှုံ့လိုက်ကာ ဆက်ပြောသည်။

“အဘွား နှာခေါင်း ရှုံ့ကြည့်လိုက်... အသားနံ့တွေ မွှေးနေတာပဲ။ ဘေးအိမ်က အသားချက်နေတာ သေချာတယ်”

ထို့နောက် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်ပြီး ခြေဆောင့်ကာ ပူဆာတော့သည်။

“သား အသားစားချင်တယ်... သား အသားစားချင်တယ်”

ကျားကျန်းရှစ်သည်လည်း အားရပါးရ အနံ့ခံကြည့်လိုက်ပြီး ပြောသည်။

“တကယ်ပဲဟ... ဒီယန်မျိုးရိုးက အသားစားပြန်ပြီ”

ပြောပြောဆိုဆို လက်ထဲမှ တူကို စားပွဲပေါ်သို့ ဘုန်းခနဲ ရိုက်ချကာ ငေါက်ငမ်းလိုက်သည်။

“ဒီလူ စိတ်ပုပ်လိုက်တာ။ သူများ ထမင်းစားချိန်ကျမှ အသားချက်ရသလား။ ပြီးတော့ ဒီလောက် မွှေးအောင် ချက်နေတာ သူတစ်ပါးကို ဘယ်လိုများ ထမင်းစားခိုင်းနေတာလဲ”

ကျားတုန်းရွှီက ချင်ဟွိုင်ရူကို လှမ်းကြည့်လိုက်သည်။ ချင်ဟွိုင်ရူမှာမူ တစ်စုံတစ်ခုကို ရိပ်မိပုံရကာ ခေါင်းကို လုံးဝ မဖော်တော့ဘဲ မုန်လာဥ ဟင်းကိုသာ ခပ်စားလိုက်… ဝေါ့ဝေါ့ထိုကို ကိုက်လိုက်နှင့် သူတို့ဘက်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ပေ။ ကျားကျန်းရှစ်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး လှမ်းဟောက်သည်။

“ချင်ဟွိုင်ရူ... နင့်နားတွေ ထိုင်းနေတာလား။ နင့်သား အသားစားချင်တယ်လို့ ပြောတာ မကြားဘူးလား။ နင်က အမေလုပ်နေပြီး ဘာလို့ နည်းလမ်း မရှာပေးတာလဲ”

ချင်ဟွိုင်ရူမှာ စိတ်ထဲမှ ‘ပြန်စပြန်ပြီ’ ဟု ညည်းတွားလိုက်မိပြီး ခေါင်းငုံ့လျက်ပင် တုံ့ပြန်လိုက်သည်။

“အသားစားချင်ရင်လည်း ကျွန်မမှာ ဘာနည်းလမ်းရှိမှာလဲ အမေရယ်။ တုန်းရွှီရဲ့ လစာက အမေတို့ နှစ်ယောက် လက်ထဲမှာလေ။ ကျွန်မ့လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိဘဲ ဘာနဲ့ သွားဝယ်ရမှာလဲ”

“ပိုက်ဆံ... ပိုက်ဆံ... ပိုက်ဆံ။ တစ်နေ့ခင်းလုံး ပိုက်ဆံပဲ သိတယ်။ ပိုက်ဆံရှိရင် တုန်းရွှီက အစောကြီးကတည်းက သွားဝယ်လာမှာပေါ့။ နင့်ကို နည်းလမ်း ရှာခိုင်းနေပါဦးမလား။ နင် ဘေးအိမ်သွားပြီး အသားနည်းနည်း သွားတောင်းလို့ မရဘူးလား။ ပန့်ကန့်လေး ဘယ်လောက် ဂျီကျနေလဲ နင်မမြင်ဘူးလား။ နင့်ကို ငါပြောလိုက်မယ်... ပန့်ကန့်က အခု ခန္ဓာကိုယ် ကြီးထွားရမဲ့ အရွယ်မို့လို့ အသားများများ စားရမယ်။ နင်သာ ငါ့မြေးလေးရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးအောင်လုပ်ရင် နင့်ကို ငါ လုံးဝ မညှာဘူးမှတ်”

ကျားကျန်းရှစ်က ကြိမ်းဝါးလေသည်။

ချင်ဟွိုင်ရူမှာ ခေါင်းမီးတောက်သွားကာ အသနားခံလိုက်သည်။

“အမေရယ်... အမေတို့နဲ့ သူတို့နဲ့ ရန်ဖြစ်ထားတာ အဲဒီလောက် အခြေအနေ ဆိုးနေတာကို ကျွန်မကို သူတို့ဆီ ဘယ်လို မျက်နှာနဲ့ သွားတောင်းခိုင်းရက်တာလဲ”

“ငါတို့ ရန်ဖြစ်တာက ငါတို့ ကိစ္စ… နင်က နင့်ဟာနင် သီးသန့်လေ။ နင်က သူတို့နဲ့ ရန်ဖြစ်ထားတာမှ မဟုတ်တာ။ ဘာလို့ သွားတောင်းလို့ မရရမှာလဲ”

ချင်ဟွိုင်ရူမှာ ပြောစရာ စကားပင် မဲ့သွားရတော့သည်။

‘ငါက ရှင်တို့နဲ့ မိသားစုတစ်ခုတည်း မဟုတ်လို့လား။ ရှင်တို့က သူတို့နဲ့ ရန်ဖြစ်ထားတာ သူတို့က ငါ့ကိုတွေ့ရင်ရော မျက်နှာကောင်းပြပါဦးမလား။ ငါက ဘယ်လို မျက်နှာအထူကြီးနဲ့ သူတို့ဆီက အသားသွား ချေးရမှာလဲ။ ဒါ့အပြင် အသားချေးတယ် ဆိုတာထက် အသားကို အလကားသွား တောင်းတယ်လို့ ပြောတာကမှ ပိုမှန်ဦးမယ်။ အမေတို့က သူများဆီကဟာ ဘယ်တုန်းကများ ပြန်ပေးဖူးလို့လဲ’

ချင်ဟွိုင်ရူ တစ်ယောက် ရင်ထဲ၌ ကြိတ်၍ မြည်တွန်တောက်တီး နေမိသည်။

ကျားကျန်းရှစ်က ချင်ဟွိုင်ရူ စကားမပြောသည်ကို မြင်သောအခါ ပို၍ စိတ်တိုလာကာ အော်ငေါက်လိုက်သည်။

“ချင်ဟွိုင်ရူ... ငါပြောတာ ကြားလား။ ပန့်ကန့် အသားစားချင်နေတယ်။ အခုချက်ချင်း ဘေးအိမ်သွားပြီး သွားချေးချေ… ဖင့်လေးဖင့်နွှဲ လုပ်နေတာ အရိုက်ခံချင်လို့လား”

ထိုသို့ပြောရင်း ကျားတုန်းရွှီကို မျက်ရိပ်ပြလိုက်ရာ ကျားတုန်းရွှီက မျက်နှာ အမူအရာ မပျက်သော်လည်း အင်္ကျီလက်ကို အပေါ်သို့ ပင့်တင်လိုက်သည်။ ဤအပြုအမူမှာ ချင်ဟွိုင်ရူကို ပြတ်ပြတ်သားသား သတိပေးလိုက်ခြင်းပင် ဖြစ်သည်။

‘မင်းသာ ဆက်မသွားရင် ငါ လက်ပါတော့မယ်’ ဟူသော သဘောပင်။

ချင်ဟွိုင်ရူ၏ မျက်နှာလေး အနည်းငယ် ပျက်ယွင်းသွားရသည်။ သူမသည် ဘာမျှ မတတ်နိုင်တော့သဖြင့် နေရာမှ မတ်တပ်ရပ်ကာ မီးဖိုချောင်ထဲမှ ပန်းကန်လုံး တစ်လုံးကို ယူ၍ စိတ်တင်းကာ အိမ်ပြင်သို့ ထွက်လာခဲ့ရတော့သည်။ သူမ ကျောခိုင်းထွက်သွားသည်နှင့် ကျားကျန်းရှစ်က ပန့်ကန့်ကို ချော့မော့ ပြောဆိုသံအား ကြားလိုက်ရသည်။

“ပန့်ကန့်လေး... လိမ္မာတယ်နော် ထတော့။ မင်းအမေက မင်းအတွက် အသားသွား တောင်းပေးနေပြီ။ ခဏနေရင် သားလေး အသားစားရတော့မယ်”

ပန့်ကန့်မှာလည်း ကြမ်းပြင်ပေါ်မှ ချက်ချင်းပင် ကုန်းရုန်းထရပ် လိုက်တော့သည်။

…………………………

ဘေးအိမ်တွင်မူ အမှန်တကယ်ပင် အသားကြော်နေခြင်း ဖြစ်ပေသည်။ ယန်ချုံး ကိုယ်တိုင် မီးဖိုချောင်ဝင်ကာ ငရုတ်သီးနှင့် ယုန်သားတုံးကြော်ကို အိုးကြီး တစ်လုံးအပြည့် ချက်ပြုတ်ထားသည်။ ဟင်းနံ့မှာ အလွန် မွှေးကြိုင်ပြီး စပ်ရှလွန်း လှသဖြင့် စားပွဲဝိုင်းရှိ လူသုံးဦးစလုံး၏ နှာခေါင်းဖျားတွင် ချွေးသီးချွေးပေါက်များ ကျနေသည့် တိုင်အောင် တူကို အောက်သို့ မချနိုင်အောင် ဖြစ်နေကြရသည်။

“အစ်ကို... စက်ရုံက အစ်ကို့အပေါ် တကယ် ကောင်းတာပဲနော်။ ညီမကိုပါ စက်ရုံထဲ ပေးဝင်ရုံတင် မကဘူး။ အစ်ကို့ကိုပါ ဒီလောက်ကောင်းတဲ့ စက်ဘီးကြီး ထုတ်ပေးသေးတယ်။ အိမ်ရာဝင်းထဲက လူတွေ အားလုံး မနာလိုဖြစ်နေကြတာ အစ်ကိုသိလား”

ယွီရှို့က စားရင်း သောက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ယန်ချုံးက ပြုံးလိုက်ပြီး ပြန်ပြောသည်။

“အဲဒီစက်ဘီးက ငါ သုံးစရာမှ မလိုတာ။ နောင်ကျရင် မင်းအတွက်ပဲ ထားလိုက်တော့။ မင်း စက်ဘီးစီးပြီး အလုပ်တက်ပေါ့”

ယွီရှို့ ကြားလိုက်ရသောအခါ မျက်လုံးအစုံ တောက်ပသွားပြီး အာမေဍိတ်သံ ထွက်သွားသည်။

“တကယ်လား”

ထို့နောက် ချက်ချင်းဆိုသလိုပင် ရှက်ကိုးရှက်ကန်းဖြင့် ရေရွတ်ရှာသည်။

“ဒါပေမဲ့ ညီမက မစီးတတ်ဘူးလေ”

ဤခေတ်ကာလတွင် စက်ဘီးဆိုသည်မှာ အင်မတန် ရှားပါးလှသော ပစ္စည်း တစ်ခုဖြစ်ရာ ယွီရှို့ အနေဖြင့် ယခင်က စက်ဘီးကို ခပ်လှမ်းလှမ်းမှသာ မြင်ဖူးသဖြင့် စက်ဘီး စီးသင်ရန်ဆိုသည်မှာ မည်သို့မျှ အခွင့်အရေး မရှိနိုင်ခဲ့ပေ။

“မစီးတတ်ရင် သင်လို့ရတာပေါ့။ ကိုယ့်ဆီမှာ စက်ဘီး ရှိနေမှတော့ မတတ်မှာကို ပူစရာ လိုသေးလို့လား”

ယန်ချုံးက ပြောရင်း ယန်ရှောင်ကျွမ်းဘက်သို့ လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။

“မင်းတစ်ယောက်တည်း မဟုတ်ဘူး ရှောင်ကျွမ်းပါ သင်ရမယ်။ ညီမလေးလည်း စက်ဘီးစီး သင်ထား… နောက်ကျရင် အလုပ်ရတဲ့အခါ စက်ဘီးစီးပြီး အလုပ်တက်ရအောင်”

“တကယ်လား”

ယန်ရှောင်ကျွမ်းနှင့် ယွီရှို့တို့ နှစ်ဦးစလုံး ကြားလိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားကာ မျက်လုံးများ တောက်ပလာပြီး သူတို့၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ် မထားနိုင်ကြတော့ပေ။

ထိုစဉ် တံခါးဝဆီမှ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ယန်ရှောင်ကျွမ်းက လက်ထဲမှ တူကို ချကာ တံခါးသွား ဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် သူမ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ရုတ်ချည်း ပျောက်ကွယ်သွားပြီး မျက်မှောင်ကျုံ့ကာ မေးလိုက်လေတော့သည်။

“နင် ဘာလာလုပ်တာလဲ”

All Chapters