← Chapters

အခန်း ၄၇၄

Vol. 41 Ch. 474

အခန်း ၄၇၄

Vol. 41 Ch. 474

အခန်း (၄၇၄) ကောင်လေး၏ ဆန္ဒ

"ဧည့်သည်တော်... ဧည့်သည်တော်... ဒီကို ပထမဆုံးအကြိမ် လာတာမလား။ မျက်နှာသစ်လေးမို့လို့ပါ။ ဘာများ ကစားချင်ပါသလဲ"

ဖျော်ဖြေရေး ရပ်ကွက်အတွင်း၌ တစ်စုံတစ်ယောက်က ရဲချီယန် ရောက်ရှိလာသည်ကို သတိပြုမိသွားလေ၏။

သူက အပြေးအလွှား ရောက်ရှိလာပြီး ရဲချီယန်၏ ဝတ်စားဆင်ယင်မှုကို အထက်အောက် စေ့စေ့စပ်စပ် အကဲခတ်လိုက်ကာ မျက်နှာပေါ်တွင် မြှောက်ပင့်လိုပြီး လောဘကြီးလှသော အပြုံးတစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။

သူ၏ပုံစံမှာ ဆူဖြိုးနေသော သိုးတစ်ကောင်ကို တွေ့လိုက်ရသည့် သားသတ်သမားတစ်ဦးနှင့် တထေရာတည်းပင်။

"မင်းက ဘယ်သူလဲ"

"အို... ကျွန်တော်က ဒီဖျော်ဖြေရေး ရပ်ကွက်ရဲ့ မန်နေဂျာပါ။ သခင်ကြီးရဲ့ ခန့်ညားထည်ဝါလှတဲ့ အထက်တန်းလွှာ အရှိန်အဝါကို ကြည့်ရတာ အထက်တန်းလွှာ လမ်းမက သခင်တစ်ပါး ဖြစ်ရမယ်"

"မျက်နှာသစ်ဖြစ်နေတာကို ထောက်ရင် ဖျော်ဖြေရေး ရပ်ကွက်ကို လာရောက်ကစားတာ ရှားပုံရတယ်။ ကျွန်တော် နည်းနည်းလောက် မိတ်ဆက်ပေးပါရစေ"

ထိုအသွင်ယူခြင်း ပစ္စည်းကြောင့် မန်နေဂျာက ရဲချီယန်အား အိမ်စေမလေးကို ခေါ်ဆောင်ကာ လမ်းလျှောက်ထွက်လာသည့် သွေးစုပ်ဖုတ်ကောင် အထက်တန်းလွှာတစ်ဦးဟု လုံးဝ အထင်မှားသွားခဲ့လေ၏။

သူက ရဲချီယန်ကို ဖျော်ဖြေရေး ရပ်ကွက်အတွင်းသို့ ဦးဆောင်ခေါ်သွားသည်။ အတွင်းဘက်ရှိ မြင်ကွင်းမှာ အပြင်ဘက်မှ မြင်ရသည်ထက်ပင် ပို၍ ရွံရှာဖွယ် ကောင်းနေချေပြီ။

"ဒီဘက်ကို ကြည့်ပါဦး။ ဒါက သွေးစုပ်ဖုတ်ကောင် မျိုးနွယ်စုတွေအတွက် အထူး ဖန်တီးထားတဲ့ သွေးရေချိုးကန်ပါ"

"ဟိုဘက်မှာကတော့ ကျွန်တွေကို ထိန်းချုပ်ရေး ကိရိယာတွေကတစ်ဆင့် အတင်းအကျပ် တိုက်ခိုက်ခိုင်းပြီး လောင်းကစားလုပ်ကြတဲ့ တိုက်ခိုက်ရေး ကွင်းပြင်ပါပဲ"

"ကျွန်တော်တို့ဆီမှာ လတ်ဆတ်တဲ့ သွေးအိတ်တွေလည်း ရှိပါသေးတယ်။ အထက်တန်းလွှာ လမ်းမက သွေးအိတ်တွေလောက် အဆင့်မမြင့်ပေမယ့် သူတို့မှာလည်း ထူးခြားတဲ့ အရသာလေး ရှိတယ်ဗျ"

မန်နေဂျာက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အဆက်မပြတ် မိတ်ဆက်ပြသနေလေ၏။

ရဲချီယန်၏ မျက်နှာပေါ်မှ အလွန် တည်ငြိမ်ပြီး ဂရုမစိုက်သည့် အမူအရာကို သတိပြုမိသည့်တိုင် ထိုသွေးစုပ်ဖုတ်ကောင် အထက်တန်းလွှာက သူတို့၏ ဖျော်ဖြေမှုပုံစံကို အထင်သေးနေခြင်းသာ ဖြစ်မည်ဟု တွေးထင်ထားခဲ့သည်။

"သူ့ကို ပြေးခိုင်းလိုက်... ပြေးခိုင်းလိုက်။ ဟားဟားဟား... ဖြည်းဖြည်းချင်း လိုက်ဖမ်းပြီး အသေသတ်ကြမယ်"

အဝေးမှ ထွက်ပေါ်လာသော အသံကြောင့် ရဲချီယန်၏ ခြေလှမ်းများ ရပ်တန့်သွားကာ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်လေ၏။

လည်ပတ်နှင့် သံကြိုးခလောက်များကို ဝတ်ဆင်ထားပြီး ကြမ်းတမ်းသော လျှော်တေအဝတ်ကိုသာ ဆင်မြန်းထားသည့် ကောင်လေးတစ်ယောက်က ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် စီးကျနေလျက် မကောင်းဆိုးဝါးများကြားတွင် ယိမ်းထိုးပြေးလွှားနေသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ အနောက်ဘက်တွင်မူ လူ-ဝံပုလွေ အနည်းငယ်က လျှာများထွက်ကျနေလျက် ထိုကောင်လေးကို လိုက်လံ ဖမ်းဆီးနေကြ၏။ မှီသွားသောအခါ ရှေ့သို့ ထပ်မံ တွန်းပို့ကြပြန်သည်။ သူတို့က ဤကောင်လေးအား ခွေးများ လိုက်လံဆော့ကစားနေသည့် ဘောလုံးလေးတစ်လုံးသဖွယ် လုံးဝ ဆက်ဆံနေကြခြင်းပင်။

တိုက်ဆိုင်မှုတစ်ခုလား သို့မဟုတ် မဟုတ်ဘူးလားဆိုသည်ကိုမူ မသိနိုင်ချေ။ ကောင်လေးက ခလုတ်တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ လဲကျသွားသော နေရာမှာ ရဲချီယန်နှင့် သိပ်မဝေးလှချေ။

"ချီး... ဒီခွေးပေါက်စတွေ။ ဟေ့ကောင်တွေ... မင်းတို့ ဘောလုံးကစားချင်ရင် လူရှင်းတဲ့နေရာ သွားကစားကြ။ ငါ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးကို လာပြီး အနှောင့်အယှက် မပေးကြနဲ့"

မန်နေဂျာက မျက်မှောင်ကြုတ်လိုက်ပြီး ကြာပွတ်တစ်ချောင်းကို ထုတ်ယူကာ ကောင်လေးရှိရာဘက်သို့ ရိုက်ချလိုက်လေ၏။

"လူသား... ထွက်သွားစမ်း။ ဒီဘက်ကို ပြေးမလာနဲ့"

ကြာပွတ်ကြီး ကျဆင်းလာသည်။ ကောင်လေးက အလိုအလျောက်ပင် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်သော်လည်း သူ တွေးထင်ထားသော နာကျင်မှုက ပေါ်ထွက်မလာခဲ့ချေ။

အသက်ဝင်မှု ကင်းမဲ့နေသော မျက်လုံးများကို ဖွင့်ကာ အရှေ့ဘက်သို့ လွတ်ဟာစွာ ငေးကြည့်လိုက်မိ၏။

မန်နေဂျာမှာ လက်ထဲရှိ ကြာပွတ်နှင့်အတူ တစ်စုံတစ်ရာသော စွမ်းအား၏ [လွှမ်းမိုးဖိနှိပ်ခြင်း] ကို ခံလိုက်ရပေသည်။

ဖြန်း... စူးရှသော အသံနှင့်အတူ ရှည်လျားသော ကြာပွတ်ကြီးက ပြန်လည် ရိုက်ခတ်လာပြီး မန်နေဂျာ၏ မျက်နှာပေါ်သို့ ကျရောက်သွားလေတော့သည်။

"အား..." သွေးများ စီးကျလာပြီး ဤအော်ဟစ်သံက ပတ်ဝန်းကျင်မှ အကြည့်များစွာကို ဆွဲဆောင်သွားခဲ့သည်။

"ဟားဟား... မင်းက အရူးလား။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလုပ် ပြန်ရိုက်နေရတာလဲ"

"ကျွတ်ကျွတ်... အနံ့ခံကြည့်ရုံနဲ့ ငါ သိနိုင်တယ်။ မင်း ဒီရက်ပိုင်း အရည်အသွေးကောင်းတဲ့ သွေးအိတ်တွေ အများကြီး စားထားတာ ဖြစ်ရမယ်။ ဒီအနံ့က တော်တော်လေး မွှေးပျံ့နေတာပဲ"

"ဟေ့... မင်း အဆင်ပြေရဲ့လား။ သွားနားချင်သလား"

မန်နေဂျာမှာ မြေပြင်ပေါ်သို့ ခွေကျသွားလေ၏။ သူက ပတ်ဝန်းကျင်မှ စကားသံများကို လုံးဝ မကြားတော့ဘဲ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရဲချီယန်ကိုသာ ငေးကြည့်နေမိသည်။

"ငါ... ခုနက ငါ..."

[လွှမ်းမိုးဖိနှိပ်ခြင်း — — ]

လွန်ခဲ့သော ခဏလေးကပင် သူ၏ ရင်ထဲ၌ ငြင်းဆန်၍မရနိုင်သော အမိန့်တစ်ခုကို လက်ခံရရှိခဲ့လေ၏။

[ကြာပွတ်ကို ပြန်ရုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ရိုက်ချလိုက်စမ်း]

သူ၏ သခင်ကို မြင်တွေ့လိုက်ရသည်။ ရှေ့မှောက်ရှိ ဤချောမောခန့်ညားသော သွေးစုပ်ဖုတ်ကောင် သခင်လေးမှာ ထိုခဏလေးအတွင်း၌ သူ၏ သခင်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။

"ငါ... ခင်ဗျား... ခင်ဗျားက"

ရဲချီယန်က မန်နေဂျာ၏ အကြည့်ကို ဂရုမစိုက်ခဲ့ချေ။ ကောင်လေးထံသို့ တည့်မတ်စွာ လျှောက်သွားလိုက်ပြီး ကိုယ်ပေါ်ရှိ အကိုက်ခံရသည့် ဒဏ်ရာများနှင့် သွေးခဲများကို ကြည့်ကာ မေးမြန်းလိုက်သည်။ "မင်းမှာ ပိုက်ဆံရှိလား"

ကောင်လေးက သစ်တုံးတစ်တုံးပမာ ခေါင်းမော့လာ၏။ သူက သေလုမျောပါး ဖြစ်နေချေပြီ။

"သခင်ကြီး... ကျွန်တော်တို့ဆီမှာ ပိုက်ဆံရှိပါတယ်" လူ-ဝံပုလွေ အနည်းငယ်က တိုးဝှေ့ရောက်လာပြီး ထာဝရ ညဉ့်ယံ မြို့တော်၏ ငွေကြေးအချို့ကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလာကြသည်။ သို့သော် ရဲချီယန်က လက်ခံမယူခဲ့ချေ။ ကောင်လေးကိုသာ ဆက်လက် ကြည့်ရှုနေလိုက်သည်။

"ဒီသံကြိုးခလောက်တွေက မဆိုးဘူးပဲ"

လူ-ဝံပုလွေများက အချင်းချင်း ရှုပ်ထွေးစွာ ကြည့်လိုက်ကြသော်လည်း တစ်ဖက်လူက သူတို့ကို ပြောနေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်နေဆဲပင်။

"အို... သခင်ကြီး သဘောကျတယ်ဆိုရင် ကျွန်တော်တို့ အခုချက်ချင်း သော့ဖွင့်ပြီး ဆက်သပါ့မယ်"

လည်ပတ်နှင့် သံကြိုးခလောက်များကို လူ-ဝံပုလွေများက ဖြုတ်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလာကြလေ၏။ ထိုအခါ ကောင်လေး၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု နောက်ဆုံးတော့ ပြန်လည် တောက်ပလာခဲ့သည်။

"ဆန္ဒတစ်ခု တောင်းလိုက်ပါ"

[လွှမ်းမိုးဖိနှိပ်ခြင်း — — ]

ကောင်လေး၏ အသိစိတ်မှာ ဤလွှမ်းမိုးဖိနှိပ်ခြင်း၏ ထိန်းချုပ်မှုအောက်တွင် အနည်းငယ် ပြန်လည် နိုးကြားလာခဲ့ပေ၏။

"ဆန္ဒတဲ့လား။ အာ... သခင်ကြီး။ ကျွန်... ကျွန်တော်တို့ ရထားမောင်းနှင်သူ ဖြစ်လာနိုင်မလား" လူ-ဝံပုလွေ အနည်းငယ်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်ကြသည်။

ရှေ့မှောက်ရှိ ဤရှင်းပြ၍မရနိုင်လောက်အောင် နွေးထွေးနေသော သွေးစုပ်ဖုတ်ကောင်ကြီးက သူ့ကို ပြောနေခြင်းဖြစ်ကြောင်း ကောင်လေးတစ်ယောက်သာလျှင် သိရှိလေ၏။

"ကျွန်တော်..."

"ပါးစပ်ပိတ်ထားစမ်း... ငါတို့ သခင်ကြီးကို စကားပြောနေတာ မကြားဘူးလား" လူ-ဝံပုလွေက ၎င်း၏ လက်သည်းများကို ဝှေ့ယမ်းလိုက်သော်လည်း မန်နေဂျာကဲ့သို့ပင် လေထဲ၌ ရပ်တန့်သွားလေတော့သည်။

[နတ်ဆိုး ကတ်ပြား · လွှမ်းမိုးဖိနှိပ်ခြင်း]

သူတို့သည်လည်း မန်နေဂျာကဲ့သို့ပင် အတင်းအကျပ် ထိန်းချုပ်ခံလိုက်ရချေပြီ။ ကောင်လေး၏ မျက်လုံးများထဲမှ သွေးရောင် မျက်ရည်တစ်ပေါက် ကျဆင်းလာသည်။

"ဆန္ဒ... ကျွန်တော်... သေချင်တယ်... ပြီးတော့... သူတို့နဲ့အတူ... အသေခံ... သွားမယ်..."

သူ ဆက်လက်၍ အသက်မရှင်နိုင်တော့ပေ။ ရဲချီယန်၏ [လွှမ်းမိုးဖိနှိပ်ခြင်း] ဖြင့် ကြီးစိုးခံလိုက်ရသောကြောင့် ထွက်ပေါ်လာသည့် လူသားတစ်ဦး၏ ဤရဲစွမ်းသတ္တိ၌ နောက်ဆုံး ဆန္ဒတစ်ခု ရှိနေခဲ့သည်။ ထိုမကောင်းဆိုးဝါးများကို အတူတကွ သေမင်းဆီသို့ ဆွဲခေါ်သွားရန်ပင်။

ဘေးနားရှိ မန်နေဂျာမှာ အမူအရာ ပြောင်းလဲသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ရဲချီယန်က ကိုယ်ရေးအချက်အလက်ကို ဖုံးကွယ်ထားသော ပစ္စည်းကို ဖယ်ရှားလိုက်သည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။ သွေးစုပ်ဖုတ်ကောင်များကို စွဲဆောင်နိုင်သည့် အစွမ်းထက် လူသားတစ်ဦး၏ သွေးအရှိန်အဝါများ ကိုယ်ပေါ်မှ ဖြာထွက်နေသည်ကို ခံစားလိုက်ရသည်။

"ဒီအရောင်းအဝယ်ကို ငါ လက်ခံတယ်" ရဲချီယန်က ထိုသို့ ပြောလိုက်လေ၏။

"ကျီးစားမယ့်ကောင်... ဒါ လူသားတစ်ယောက်ပဲ။ သူ့ကို သတ်... သူ့ကို စားကြ" ဖျော်ဖြေရေး ရပ်ကွက် တစ်ခုလုံးရှိ မကောင်းဆိုးဝါးများ အုံကြွလာကြတော့သည်။ အစွမ်းထက် လူသားတစ်ဦး၏ ရနံ့က မကောင်းဆိုးဝါးများ အားလုံးကို ဆွဲဆောင်နိုင်ရန် လုံလောက်နေပေ၏။ ဒါပေမဲ့... ဘာဖြစ်သေးလဲ။

ရဲချီယန်က လက်တစ်ဖက်ကို မြှောက်ကာ လက်ချောင်းများဖြင့် ကောင်းကင်သို့ ညွှန်ပြလိုက်သည်။

"ဂါး..." စက်ယန္တရား မောင်းနှင်သံကြီးက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားလေ၏။ အမှောင်ရောင် ရွှေရောင် အလင်းစက် အမြောက်အမြားက နေရာတစ်ခုတည်း၌ အဆက်မပြတ် စုစည်းလာကြသည်။ လေဟာနယ်ကြီးမှာ မီးခိုးရောင်နှင့် အဖြူရောင်အဖြစ် ပြောင်းလဲသွားချေပြီ။

[မော်ဂျူး · သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း]

[အမဲလိုက် စက်ယန္တရားနဂါး]

[အကန့်အသတ်ကျော်လွန် မုဒ်]

ကမ္ဘာကြီးမှာ မီးခိုးရောင်နှင့် အဖြူရောင်အဖြစ် ပြောင်းလဲသွားတော့သည်။

မြို့တော်တစ်ခု၏ နယ်မြေတစ်ခုမျှဖြင့် [အမဲလိုက် စက်ယန္တရားနဂါး] ၏ [အကန့်အသတ်ကျော်လွန် မုဒ်] သုံးစွဲမှုကို ဖြည့်ဆည်းပေးနိုင်ရန် မလုံလောက်သင့်ပေ။ သို့သော်... ဤနေရာတွင် မြို့တော်တစ်ခုတည်း ရှိနေခြင်း မဟုတ်ချေ။ အလောင်းများ ရှိနေသည်။ သေဆုံးခြင်းများ ရှိနေသည်။ ရေတွက်၍မရနိုင်သော လူများစွာ၏ နာကြည်းချက်များ၊ နာကျင်မှုများနှင့် ဝမ်းနည်းပူဆွေးမှုများ ရှိနေပေ၏။

အလောင်းများ၊ သွေးများနှင့် နာကျင်မှုများ... [ဤအရာအားလုံး] က [သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း] ၏ အမှောင်ရောင် ရွှေရောင် အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး [အမဲလိုက် စက်ယန္တရားနဂါး] ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကာ ၎င်းအတွက် အကန့်အသတ်ကို ကျော်လွန်ဖွင့်လှစ်ပေးလိုက်လေတော့သည်။

ဤဖျော်ဖြေရေး ရပ်ကွက်၏ အထက်ကောင်းကင်ယံ၌ ဧရာမ အမှောင်ရောင် ရွှေရောင် နဂါးကြီး ပေါ်ထွက်လာသောအခါ။ ရဲချီယန်နှင့် လီဆက်တို့၏ ပုံရိပ်များ နဂါးကြီး၏ ဦးခေါင်းထက်၌ ပေါ်ထွက်လာသောအခါ။ သူက ကတ်ပြားတစ်ကတ်နှင့် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်လေ၏။

ဘယ်ဘက်လက်တွင် [ဘုရားစူး ကတ်ပြား · V · တရားသူကြီး]။ ညာဘက်လက်တွင် [သန့်စင်သော မြေစွဲကျောက်တုံး]။ ထိုနှစ်ခုလုံးက လက်ဝါးအထက်၌ လွင့်မျောနေပြီး ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် ပဲ့တင်ထပ်နေကြပေသည်။

ကတ်ပြား မျက်နှာပြင်ပေါ်ရှိ တိမ်းစောင်းနေသော ချိန်ခွင်က ၎င်း၏ သင့်လျော်သော နေရာသို့ ပြန်လည် ရောက်ရှိသွားသည်။ တရားစီရင်ခြင်း၏ တောက်ပသော အလင်းရောင်က ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေ၏။ [တရားစီရင်ခြင်း] ကို ကိုယ်စားပြုသော သံတူနှင့် ကောက်ကွေ့နေသော ချိန်ခွင်တို့က တစ်ခုနှင့်တစ်ခု ထပ်တူကျသွားတော့သည်။

ရဲချီယန်က စနစ်အတွင်း ဖော်ပြထားသော တရားသူကြီး၏ မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုခဲ့ချေ။ သို့သော် အဆုံးစွန်ထိ ဖြူစင်လှသော ဤတရားစီရင်ခြင်း အလင်းရောင်က [သန့်စင်သော မြေစွဲကျောက်တုံး] မှ အလင်းရောင်နှင့် ပေါင်းစပ်သွားလေ၏။

[တရားစီရင်ခြင်း × သန့်စင်ခြင်း]

သန့်စင်ခြင်းကို သယ်ဆောင်သူအဖြစ်။ တရားစီရင်ခြင်းကို စွမ်းအားအဖြစ်။

ကောင်းကင်ယံထက်တွင် အမှောင်ရောင် ရွှေရောင်နှင့် ဖြူစင်သော အရောင်တို့ ရောယှက်နေသည့် [အလင်းမျက်နှာပြင်] တစ်ခု ပေါ်ထွက်လာသည်။ ထိုအပေါ်တွင်။ စာသားအနည်းငယ်သာ ပေါ်လာခဲ့လေ၏။

[အပြစ်ရှိသည်]

All Chapters